Monday, September 26, 2011

လေပြေလေညှင်းက ရင်ခုန်သံကို နားလည်ပါတယ်



(၁)
“စုဘုတိ”ဆိုတာ မြတ်စွာဘုရားရှင်ရဲ့ တပည့်ရဟန်းတစ်ပါး ဖြစ်ပါတယ်။ သူဟာ ပြုသူနဲ့အပြုခံတို့ရဲ့ ဆက်သွယ်မှုကြားမှာ ခြွင်းချက်အနေနဲ့ တစ်ခုမှ မရှိတဲ့အမြင် သို့မဟုတ် လေဟာနယ်သဘောကို နားလည်သဘောပေါက်နိုင်စွမ်းရှိပါတယ်။ တစ်နေ့မှာ စုဘုတိဟာ သစ်ပင်တစ်ပင်အောက်မှာ ဘာမှမရှိတဲ့လေဟာနယ်သဘောကို စိတ်ထဲမှာ ဆင်ခြင်ရင်း ထိုင်နေခဲ့ပါတယ်။ ထိုအခါမှာ သစ်ပင်ပေါ်က ပန်းပွင့်လေးတွေ ကြွေကျလာခဲ့တယ်။ သစ်ပင်စောင့်နတ်က “ဘာမှမရှိတဲ့လေဟာနယ်သဘောတရားကို ဟောကြားတဲ့အတွက် သင့်ကို ကောင်းချီးပေးကြတာပါ”လို့ ဆိုပါတယ်။ ထိုအခါ စုဘုတိက “ငါ ဘာမှ မဟောရသေးပါဘူး”လို့ ပြောလိုက်တယ်။ “ဟုတ်ပါတယ်၊ သင်ကလည်း ဘာမှ မဟောပါဘူး၊ ကျွန်ုပ်တို့ကလည်း ဘာမှ မကြားမိပါဘူး၊ ဒါဟာ တကယ့် လေဟာနယ်သဘောပဲပေါ့”လို့ နတ်တွေက ပြန်ပြောလိုက်တယ်။ သစ်ပင်ပေါ်က ပန်းပွင့်လေးတွေဟာ စုဘုတိပေါ်ကို မိုးရွာသလို ရွာချနေခဲ့ပါတော့တယ်။

(၂)
တစ်နှစ်က မြန်မာပြည်ကို ပြန်တော့ သူငယ်ချင်းဆီမှာ ကပ်နေခဲ့တယ်။ သူက ဒီနေ့ စာပေလောကမှာ တဖြည်းဖြည်းချင်း နာမည်တက်လာနေတဲ့ စာရေးဆရာ၊ ကဗျာဆရာ။ ကိုယ်က စာရေးဆရာတွေ၊ ကဗျာဆရာတွေကို ချစ်တတ်တော့ သူ့ဆီမှာ နေရတာ သဘောကျတယ်။ မိုးလင်းတာနဲ့ လက်ဘက်ရည်ဆိုင် သွားမယ်။ လက်ဘက်ရည်ဆိုင်သွား အတူသွားဖို့ဆိုတာလည်း စကားတွေ အများကြီး မပြောပါဘူး။ သွားကြမယ်ဆိုတဲ့ စကားတစ်ခွန်းလောက်သာ ပြောဖြစ်တာပါ။ လက်ဘက်ရည်ဆိုင်မှာ စူပါပလိမ်းကော်ဖီတစ်ခွက်မှာမယ်။ သူက ပေါ့ဆိမ့်ကိုပဲ အမြဲသောက်တယ်။ ပြီးရင် လက်ဘက်ရည်ခွက်ကို အားမနာဘဲ လမ်းမကြီးကို ငေးမယ်။ နှစ်ယောက်အတူထိုင်ပေမယ့် တစ်ယောက်တည်းထိုင်နေရသလား အောက်မေ့ရအောင် တိတ်ဆိတ်နေတယ်။ သူလည်း သူ့အတွေးနဲ့သူ၊ ကိုယ်လည်း ကိုယ့်အတွေးနဲ့ကိုယ်။ ဘာလောကွက်မှ မရှိတဲ့ ကမ္ဘာ့အပြင်က ကမ္ဘာလေးတစ်ခုအလား ထင်မှားရတယ်။ သူဘာစကားမှ မပြောပေမယ့် သူ့စိတ်ထဲမှာ လမ်းပေါ်က သွားနေတဲ့ လူတွေရဲ့ စိတ်တွေကို လိုက်ဖမ်းနေမယ်။ လမ်းပေါ်က သွားနေသူတွေရဲ့ဘ၀အကြောင်းကို တွေးနေမယ်။ လမ်းပေါ်က လူတွေရဲ့ ဘ၀ကနေ လမ်းပေါ်က လူတွေနေတဲ့နေရာအကြောင်းကိုပါ ဆက်တွေးမယ်။ နောက်ပြီး လမ်းပေါ်ကလူတွေကနေ ကိုယ်ဖင်ခုထိုင်ထားရာ မြန်မာ့မြေကျဉ်းကျဉ်းလေးအကြောင်းလည်း ဖြစ်ချင်ဖြစ်နေမယ်။ နောက်ဆုံးမှာ သူဟာ အနာဂတ်မဲ့နေတဲ့ လမ်းကလေးတွေအတွက် ရင်နာမယ်။ ဒီလိုနဲ့ သူဟာ အခန်းရောက်တာနဲ့ ကဗျာတစ်ပုဒ်ကို ကောက်ရေးလိမ့်မယ်။

ပြောချင်တာက သူနဲ့ကိုယ်နဲ့ကြား ဘာစကားမှ မပြောပေမယ့် သူထိုင်နေကတည်းက သူ့အာရုံတွေကို သိနေပြီ။ သူ့ရင်ထဲက ပေါက်ကွဲသံစဉ်တွေကို ကိုယ် ကြားမိပြီ။ ကိုယ်က တိတ်တိတ်လေး ပန်းပွင့်တွေ ခြွေချပေးနေရုံပေါ့။

(၃)
ဇင်ဇာတ်လမ်းလေးက ဘာပြောသလဲ။ ဇင်ဘုန်းကြီးက သစ်ပင်အောက်မှာ မရှိတရားကို စိတ်ထဲမှာ ဆင်ခြင်နေတယ်။ နတ်က တရားက ကောင်းလွန်းလို့ ပန်းပွင့်တွေ ခြွေချပေးတယ်။ ဘာမှ မဟောရသေးဘူးပြောတော့ “အဲဒီလို ဘာမှ မဟောဘဲနေတာကိုက အလွန်တရာ ကောင်းမြတ်တဲ့တရားပါ”တဲ့။ ဒီလိုပါပဲ။ တစ်ခါတစ်ရံမှာ ဘာမှ မပြောဘဲ ငြိမ်နေတာက ပြဿနာတွေကို အေးချမ်းသွားစေတယ်။ ပိုပြီးတော့ ဣနြေ္ဒရတယ်။

(၄)
ငြိမ်သက်တည်ကြည်ခြင်းရဲ့ စွမ်းပကားက ဆူဝေနေတဲ့ နှလုံးသားတွေကို အသံမဲ့စေတယ်။ သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။ သူ့ဆရာသမားဟာ စကားနည်းတယ်။ တော်ရုံတန်ရုံ စကားပြောခဲတယ်။ ပြဿနာတစ်ခုခုဖြစ်လို့ သူ့ဆရာရှေ့ ရောက်သွားကြတယ်။ တစ်ခါတလေတော့ ပြေလည်အောင် ပြောပြပေးတယ်။ တစ်ခါတလေတော့ ပြောသမျှစကားတွေကို နားထောင်ပြီး ပြုံးပြုံးလေးပဲ ကြည့်နေတတ်တယ်တဲ့။ အဲဒီလို ပြုံးပြုံးလေး ငြိမ်ငြိမ်လေး တစ်ယောက်ပြီးတစ်ယောက် လိုက်ကြည့်ပြီး “ကဲ … အေးအေးဆေးဆေး ပြန်ကြတော့”လို့ တစ်ခွန်းပဲ ပြောလိုက်တယ်တဲ့။ ဒီလိုနည်းနဲ့ ပြေလည်သွားကြ၊ ချစ်ခင်သွားကြတဲ့ အဖြစ်တွေ အများကြီးပဲတဲ့။

(၅)
တစ်နေ့က ဇင်ဇာတ်လေးဖတ်ပြီး အခန်းပြင်ထွက်လိုက်တော့ အနောက်တိုင်းသားတွေ ရွှေစေတီကျောင်းတော်ကြီးရှေ့ မြတ်ခင်းပြင်မှာ ကျောင်းကြီး ငေးနေကြတာ တွေ့ရတယ်။ သူတို့မျက်နှာမှာ ကျေနပ်မှု၊ အံ့သြမှု၊ ၀မ်းသာမှုတွေ ပြည့်နေပုံပေါ်တယ်။ “အော် ကျောင်းကြီးက သူ့ရဲ့ တည်ကြည်ခန့်ငြားမှုနဲ့ အနောက်တိုင်းသားတွေကို စကားပြောနေဟန်တူတယ်”လို့ စိတ်ထဲမှာ တွေးမိပါတယ်။

(၆)
စာဖတ်သူတွေလည်း တွေ့ကြုံခံစားဖူးကြမယ်ထင်တယ်။ စိတ်ထဲ အေးချမ်းတည်ကြည်နေချိန်မှာ လေပြေလေညှင်းလေးတွေက တိုက်ခတ်လာတတ်ပြီး ရင်ထဲမှာ ဗလောင်ဆူ ပြာယာခတ်နေချိန်မှာတော့ လောကက မုန်တိုင်းထန်နေတတ်တာကိုပေါ့။ ဇင်ဇာတ်လမ်းလေးကနေ ရလိုက်တာကတော့ “ကိုယ်ကိုယ်တိုင် အေးချမ်းတည်ကြည်နေပါ။ ပန်းပွင့်လေးတွေ မိုးလို ရွာလာလိမ့်မယ်”။

(၇)
လေပြေလေညှင်းက ရင်ခုန်သံကို နားလည်ပါတယ်။

Tuesday, September 20, 2011

ရိုးရှင်းမှုမှာ ဂုဏ်သတ္တိအပြည့်ရှိတယ်



(၁)
မေဂျီခေတ်ရဲ့ ကြီးကျယ်တဲ့ ဇင်မာစတာတစ်ပါးဖြစ်တဲ့ ကိုင်ချူးဟာ တိုဖုကုကျောင်းထိုင်ဘုန်းကြီး ဖြစ်တယ်။ ကျိုတိုမြို့မှာတော့ အဓိက ကျောင်းတော်ကြီးပေါ့။ တစ်နေ့မှာ ကျိုတိုမြို့ အုပ်ချုပ်ရေးမှူးဟာ ပထမဆုံးအကြိမ် သူ့ကို ဆင့်ခေါ် (ပင့်)ပါတယ်။ ကိုင်ချူးရဲ့တပည့်က အုပ်ချုပ်ရေးမှူးရဲ့ ပင့်စာရွက်ကို ဖတ်ပါတယ်။ ပင့်စာရွက် အောက်ဆုံးမှာ --

ပုံ/
ကိတဂါကိ
ကျိုတိုမြို့ အုပ်ချုပ်ရေးမှူး 

- လို့ ရေးထားတယ်။ ကိုင်ချူးဟာ အဲဒီအသံ ကြားတာနဲ့ “ဒီကောင်နဲ့ ငါနဲ့ ဘာကိစ္စမှ ပြောစရာမရှိဘူး၊ သွား .. ဒီကောင်ကို ဒီကနေ ထွက်သွားလို့ သွားပြောလိုက်”လို့ မာန်လွှတ်လိုက်တယ်။ တပည့်လုပ်သူက ပင့်စာရွက်လေးကို ယူပြီး အုပ်ချုပ်ရေးမှူးကို တောင်းပန်လိုက်တယ်။

“မဟုတ်ဘူး၊ ဒါ ငါ့ အမှားပဲ”လို့ ပြောပြီး ပင့်စာရွက်ပေါ်က “ကျိုတိုမြို့ အုပ်ချုပ်ရေးမှူး”ဆိုတဲ့ စာလုံးကို ဘောပင်နဲ့ ဖျက်လိုက်တယ်။ ပြီးမှ “သင့်ဆရာကို ထပ်ပြီး သွားပင့်ချေ”လို့ ပြောလိုက်တယ်။ ဒီအခါကျမှ ကိုင်ချူးက ပင့်စာရွက်ကို ကြည့်လိုက်တယ်။ (“အုပ်ချုပ်ရေးမှူးဆိုတဲ့ ဂုဏ်ပုဒ်ပြ၊ ရားထူးအာဏာပြ စာလုံးမပါတော့ဘူး)။ “အော် ကိတဂါကိ လားဟ၊ သူ့ကို ခေါ်လိုက်၊ ငါတွေ့ချင်တယ်”လို့ ရုတ်တရက် ထပြောလိုက်ပါတော့တယ်။

(၂)
အထက်ပါ ဇင်ဇာတ်လမ်းလေးကို ဖတ်ပြီး သဘောကျမိပါတယ်။ မိမိတို့ ပတ်ဝန်းကျင်မှာလည်း အဆောင်အယောင်တွေ၊ ဟိတ်ကြီးဟန်ကြီးတွေကို သဘောမကျသူတွေ အများကြီး တွေ့ဖူးပါတယ်။ ဇင်ဇာတ်လမ်းထဲမှာ ဇင်ဘုန်းကြီးဟာ နာမည်နောက်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးဆိုတဲ့ ရာထူးပြပုဒ်ပါတဲ့အခါမှာ လက်မခံခဲ့ဘူး။ ရာထူးပြပုဒ်ကို ဖြုတ်လိုက်မှ တွေ့ဖို့ လက်ခံတယ်။ အချို့က ရာထူးရှိသူ၊ အာဏာရှိသူတွေဆိုရင် အငန်းမရ တွေ့ချင်ကြတယ်။ သူတို့နဲ့ ရင်းနှီးရဖို့ အမျိုးမျိုး ကြိုးစားကြတယ်။ အချို့ကတော့ ရာထူးရှိရင်၊ အာဏာရှိရင် (ရာထူးအာဏာကြီး တ၀င့်ဝင့်လုပ်နေရင်) အဲ့ဒီလိုလူမျိုးကို မတွေ့ချင်ကြဘူး။

(၃)
တစ်ခါတစ်ရံ ဒကာဒကာမတွေ ကျောင်းကို ရောက်လာတတ်ကြတယ်။ ကျောင်းမှာ တည်းခိုဖို့ လာလျှောက်ကြတယ်။ ပီနန်ကျောင်းဆိုတာ တည်းခိုဖို့က ဧည့်သည်လည်း မများဘူး။ အခန်းလွတ်လည်းရှိတယ်ဆိုရင် တည်းခိုခွင့်ရဖို့က သေချာသလောက်ရှိပါတယ်။ ဒါပေမယ့် အချို့က တပည့်တော်က မြန်မာနိုင်ငံမှာ ဘာရာထူးရှိတာ၊ ဘယ်အကောင်ကြီးတွေနဲ့ သိတယ်။ ဘယ်လို လုပ်ပိုင်ခွင့်တွေ ရှိတာ။ ဘယ်လို ချမ်းသာတာ။ သူ့ကိုယ်သူ ခေသူမဟုတ်ကြောင်းတွေ အရမ်းပြောပြီး လက်ခံအောင် ပြောကြတယ်။ တစ်ခါတစ်ခါ စကားပြောပုံ ပုံမကျလို့ လက်မခံလိုက်တာတွေ ဖြစ်သွားတာတွေ ရှိပါတယ်။ အချို့ကတော့ ရိုးရိုးသားသားနဲ့ ကျောင်းမှာ တည်းချင်လို့ ဘာအပိုအလိုမှ မပြောဘဲ လျှောက်ထားတော့ အခန်းလွတ်လည်း ရှိနေရင် လက်ခံလိုက်တာ များပါတယ်။

(၄)
ရာထူးလေး၊ ငွေကြေးလေး၊ ပိုင်ဆိုင်မှုလေးတွေ ကြွားလိုက်ရရင် လူတွေ လက်ခံလိမ့်မယ်၊ အထင်ကြီးကြလိမ့်မယ်လို့ ထင်သူတွေရှိတယ်။ အမှားတော့လည်း မဆိုသာပါဘူး။ များသောအားဖြင့် လူတွေကလည်း ရာထူး၊ အာဏာနဲ့ ငွေရှိသူတွေကို ပိုပြီး မျက်နှာသာပေးတတ်ကြတယ်မလား။ ဒါပေမယ့် အဲဒီလို ဂုဏ်ဖော်စကားတွေ၊ ကြွားလုံးတွေဟာ ရိုးသားမှုကို မြတ်နိုးသူတွေအတွက် နားခါးစရာတွေ ဖြစ်နေတတ်တာကိုတော့ သတိပြုသင့်ပါတယ်။

အကြွားကောင်းကောင်းနဲ့ ဘယ်လို ချမ်းသာတာ၊ ဘယ်လောက်ချမ်းသာတယ်စတာတွေကို ပြောသူက ပြော။ သူ့အပြောကို အထင်ကြီးလို့ ၀ိုင်းနားထောင်သူက ထောင်နဲ့ တစ်ခါတစ်ရံ ကျောင်းမှာ တွေ့တတ်ပါတယ်။ လူတွေကလည်း ဒါမျိုးဆို သိပ်အထင်ကြီးတတ်ကြတယ်။ ဦးဇင်းကတော့ ဒီလို လူမျိုးဆို ရှောင်တတ်ပါတယ်။

ပိုဆိုးတာက အချို့က မိမိမှာရှိတဲ့ ရာထူး၊ အာဏာ၊ ငွေကြေးကို ကြွားပြီး လိုချင်တာ၊ ဖြစ်ချင်တာကို ရအောင်လုပ်တယ်။ အချို့ကတော့ မိမိမှာ ဘာမှ မရှိတဲ့ ရာထူး၊ အာဏာ၊ ငွေကြေးကို အရှိလုပ်ပြီး လိမ်ညာတတ်ကြတယ်။

(၅)
လူတိုင်းလူတိုင်းဟာ ကိုယ်ရည်ရွယ်ရာ ပန်းတိုင်ကို နည်းအမျိုးမျိုးနဲ့ တက်လှမ်းနေကြသူတွေချည်းပါပဲ။ ဒီလို တက်လှမ်းတဲ့နေရာမှာ ရိုးရိုးသားသား မှန်မှန်ကန်ကန် နည်းလမ်းမျိုးကို အသုံးပြုမှသာ ကိုယ်မျှော်လင့်တဲ့ ပျော်ရွှင်ဖွယ်အိပ်မက်ကို ရရှိနိုင်ပါလိမ့်မယ်။ အရှိကိုအရှိအတိုင်း ဖော်ပြနေတဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာရှိနေဖို့ သိပ်ကို လိုအပ်ပါတယ်။ တစ်ခါတစ်ရံ အမှန်အတိုင်းပြောလို့ လူအထင်ကြီးမခံရတာတွေ ရှိနိုင်ပါလိမ့်မယ်။

ဒါပေမယ့် …..
ရိုးသားမှုက အရှိန်တက်လာရင် ဂုဏ်သတင်းက အလိုလို အပြေးရောက်လာပါလိမ့်မယ်။ အဲဒီလိုလေး ယုံကြည်နေမိပါတယ်။

Wednesday, September 7, 2011

လက်များ




(၁)
တန်ဘနယ်မှာရှိတဲ့ ကျောင်းလေးတစ်ကျောင်းမှာ မိုကုစံ ဟိကိ ဆိုတဲ့ ဘုန်းတော်ကြီးတစ်ပါး နေထိုင်ပါတယ်။ သူ့တပည့်တွေထဲက တစ်ယောက်က သူ့မိန်းမ ကပ်စေးနှဲတဲ့အကြောင်းကို ရင်ဖွင့်ပါတယ်။ တစ်နေ့မှာ မိုကုစံဟာ သူ့တပည့်မိန်းမဆီကို အလည်သွားလိုက်ပါတယ်။ တပည့်မိန်းမရဲ့ မျက်နှာရှေ့မှာ လက်သီးဆုပ်ပြလိုက်တယ်။ တပည့်မိန်းမက “ဒါ ဘာအဓိပ္ပာယ်လဲ”လို့ မေးပါတယ်။

“ငါ့လက်က ဒီလိုသာ အမြဲဆုပ်ထားမယ်ဆိုရင် (အမြဲတမ်း လက်သီးဆုပ်ရက်ကြီးဖြစ်နေမယ်ဆိုရင်) ဒါကို ဘယ်လို ပြောမလဲ”လို့ ပြန်မေးလိုက်တယ်။ “ဒီလိုသာ အမြဲတမ်းဆိုရင် လက်က ပုံပျက် (တစ်ခုခု ချွတ်ယွင်း) နေတယ်လို့ ဆိုရမှာပေါ့”

နောက်တစ်ခါ မိုကုစံဟာ လက်သီးဆုပ်ကို ပြန်ဖြန့်ပြလိုက်ပြီး တပည့်မိန်းမမျက်နှာရှေ့မှာ ပြလိုက်ပြန်ပါတယ်။ “ကဲ ဒီလိုသာ ငါ့လက်က အမြဲတမ်း ပြန့်နေမယ်ဆိုရင်ကော”လို့ မေးလိုက်ပါတယ်။ “ဒီလိုဆိုရင်လည်း မဟုတ်သေးဘူး၊ ဒါလည်း ပုံပျက်ခြင်း (ချွတ်ယွင်းခြင်း) တစ်မျိုးပဲ”လို့ ဖြေလိုက်ပါတယ်။

ထိုအခါ ဘုန်းတော်ကြီး မိုကုစံဟာ “အေး … ကောင်းတယ်။ ဒါကိုသာ မင်း သေသေချာချာ နားလည်ရင် မင်းဟာ အလွန်တော်တဲ့ အိမ်ရှင်မပဲ”လို့ ပြောလိုက်ပါတယ်။ ဘုန်းတော်ကြီး ပြန်သွားပြီးနောက်မှာ တပည့်မိန်းမဟာ သူ့ယောက်ျားကိုလည်း ကူညီ၊ ပေးကမ်းသင့်တာကို ပေးကမ်း၊ စုဆောင်းသင့်တာကို စုဆောင်းသူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

(၂)
အထက်ပါ ဇင်းဇာတ်လမ်းလေးကို ဖတ်ပြီး လူ့ဘ၀ရဲ့ လက်များ၊ ထိုလက်များ ပိုင်ဆိုင်သော လူများအကြောင်းကို စဉ်းစားမိပါတယ်။ မိမိလည်း လက်နှစ်ဖက်ပိုင်ဆိုင်သူဖြစ်ရာ မိမိရဲ့ လက်တွေကိုလည်း ဆုပ်လိုက်၊ ဖြည်လိုက် လုပ်ကြည့်နေမိပါတယ်။

(၃)
တစ်နေ့က အမျိုးသမီးတစ်ယောက် ရောက်လာတယ်။ သူက သူ့ယောက်ျားအကြောင်းကို ပြောတဲ့အခါ သူယောက်ျားက နားလည်ရခက်ကြောင်း၊ တစ်ခါတစ်ခါ စိတ်ကောင်းရှိသလို တွေ့ရပေမယ့် တစ်ခါတစ်ခါ အရမ်းစိတ်ပျက်မိတယ်လို့ ဆိုပါတယ်။ သူက ငြီးမယ့်သာ ငြီးနေတာ၊ သူတို့ အိမ်ထောင်ရေးက အလွန်သာယာတဲ့ အိမ်ထောင်ရေးတစ်ခုပါ။ သူပြောပြတဲ့စကားတွေကို နားထောင်ပြီး အထက်က ဇင်ဇာတ်လမ်းလေးနဲ့ စကားပြန်ပြောဖြစ်ခဲ့ပါတယ်။ တကယ်တော့ ထိုအမျိုးသမီးဟာ သူ့ယောက်ျားရဲ့ လက်သီးဆုပ်လိုက်၊ လက်ဝါးဖြန့်လိုက်ဖြစ်နေတာကို မမြင်မိလို့ စိတ်ပျက်မိတာ ဖြစ်ပါလိမ့်မယ်လို့ ဆွေးနွေးဖြစ်ပါတယ်။ အဲဒီတော့မှ သူလည်း စဉ်းစားသင့်တဲ့အရာပဲ၊ တပည့်တော် ပြန်လေ့လာကြည့်လိုက်အုံးမယ်ဆိုပြီး ပြန်သွားလေရဲ့။

(၄)
ဘ၀မှာ တစ်ခါတလေတော့လည်း အခါခပ်သိမ်း တသမတ်တည်း လုပ်ဆောင်ဖို့ဆိုတာ မလွယ်ပါဘူး။ တစ်ခါတစ်ခါမှာ တစ်သမတ်တည်း တည်ငြိမ်မှု (Stability) က အဖြေတစ်ခုဖြစ်နေတတ်ပေမယ့် တစ်ခါတစ်ခါမှာတော့ Revolution is Resolution ဆိုတဲ့အတိုင်း တော်လှန်ပြောင်းလဲပေးခြင်းကသာ အဖြေဖြစ်နေတတ်ပါတယ်။ အလုပ်အကိုင်တစ်ခုမှာပဲဖြစ်ဖြစ်၊ အတွေးအခေါ်တစ်ခုကို အိမ်ဖွဲ့ကြည့်တာပဲဖြစ်ဖြစ် အခြေအနေနဲ့အချိန်အခါအရ လုပ်ဆောင်ကြတာကပဲ ဘ၀မှာ ပိုမိုအဓိပ္ပာယ်ရှိလိမ့်မယ်လို့ ထင်ပါတယ်။
ဇင်ဇာတ်လမ်းလေးထဲမှာ အိမ်ရှင်မက ရလာတဲ့ ပစ္စည်းဥစ္စာကို ပေးဝေသင့်တဲ့အချိန်မှာ ပေးဝေပြီး သိမ်းဆည်းဆုပ်ကိုင်ထားသင့်တဲ့အချိန်မှာ သိမ်းဆည်းထားနိုင်ခဲ့တယ်။ တကယ်တော့ လောကမှာ ပစ္စည်းဥစ္စာမှ မဟုတ်ပါဘူး။ အတွေးအခေါ်တစ်ရပ်၊ လုပ်ဆောင်ချက်တစ်ခုကို လုပ်ဆောင်တဲ့အခါမှာလည်း တစ်ခါတစ်ရံ မြိုသိပ်သိမ်းဆည်းထားရပါတယ်။ တစ်ခါတစ်ရံမှာတော့ ဖွင့်ဟပြရပါတယ်။ သိမ်းဆည်းသင့်သလောက် မသိမ်းဆည်းရင် အန္တရာယ်ရှိသလို အသိမ်းဆည်း လွန်သွားရင်လည်း အန္တရာယ်ရှိပြန်ပါတယ်။ ပေးကမ်းသင့်သလောက် မပေးကမ်းရင်လည်း ကပ်စေးနှဲကော်တရာအနေနဲ့ ကျော်ကြားပြီး ဘ၀တက်လမ်းမှာ အန္တရာယ်ရှိပါတယ်။ ထို့အတူပဲ ပေးကမ်းသင့်တာထက်၊ ကိုယ့်ရှိတာထက် ပိုမိုပေးကမ်းရင်လည်း စည်းကမ်းမဲ့ ဖြစ်သွားတတ်ပြန်ပါတယ်။ ဒီတော့ အခြေအနေနဲ့အချိန်အခါအားလျော်စွာ လက်ကို ဆုပ်လိုက်၊ ဖြန့်လိုက်လုပ်မှသာ လောကမှာ အဆင်ပြေနိုင်ပါလိမ့်မယ်။

(၅)
အသက်အရွယ်အရ လောကကြီးထဲ တိုးဝင်လာရတဲ့အခါ ငယ်ငယ်ကလို လွတ်လွတ်လပ်လပ်၊ ရိုးရိုးရှင်းရှင်း ပြောဆိုလုပ်ကိုင်ဖို့ဆိုတာ အတော်ခက်လာတတ်ပါတယ်။ လုပ်ငန်းတွေ လုပ်လာပြီဆိုရင် ဘယ်အချိန်မှာ လက်သီးကို ဆုပ်ထားရမလဲ၊ ဘယ်အချိန်မှာ လက်ဝါးဖြန့်ထားရမလဲဆိုတာကို တိတိကျကျ ခန့်မှန်းတတ်မှသာ အောင်မြင်မှု ရနိုင်ပါလိမ့်မယ်။

Monday, September 5, 2011

ငရဲပြည်သို့ အလည်ခရီး




ထူးထူးဆန်းဆန်းတွေ စိတ်ဝင်စားတဲ့ လူတစ်စုဟာ ပီနန်ကျွန်းမှာ ကျင်းပတဲ့ “ငရဲပြည်သို့ အလည်သွားခြင်း” ခရီးစဉ်မှာ ပါဝင်ခဲ့ကြပါတယ်။ ငရဲပြည်အနှံ့ လျှောက်လည်ကြရမယ့် ဒီခရီးစဉ်ကို ဦးဆောင်သူကတော့ ဇီဘိုင် ဂွမ်ရင် ဓမ္မစင်တာ (Tze Bei Guan Yin Dhamma Centre) က ဆရာတော် ကက် အန်း စိန် (Kek Eng Seng) ဖြစ်ပါတယ်။ ဒီဆရာတော်က ငရဲပြည်အထပ်ထပ်နဲ့ နတ်ပြည်ဗြဟ္မာပြည်အနှံ့ လျှောက်လည်နိုင်စွမ်းရှိတယ်လို့ အတိအလင်း ကြေငြာထားတဲ့ ဆရာတော်တစ်ပါး ဖြစ်ပါတယ်။ ဆရာတော် မလေးရှားကို ရောက်လာတာနဲ့ လူတွေကို ဘ၀တစ်ပါးကို သွားလည်နိုင်အောင် လုပ်ပေးမယ်လို့ ပြောပါတယ်။

အံ့သြစရာပါပဲ။ မလေးရှားနိုင်ငံ အနှံ့အပြားက လူပေါင်း ၂၀၀-ကျော်လောက်ဟာ ဒီထူးခြားတဲ့ သာမန်မဟုတ်တဲ့ ငရဲပြည်ခရီးစဉ်မှာ လိုက်ပါလိုကြောင်း စာရင်းပေးသွင်းကြပါတယ်။ အမြင်အာရုံမကောင်းသူများနဲ့ အချို့ မွေးနေ့ရှင်များကိုတော့ ဆရာတော်က စာရင်းကနေ ပယ်ဖျက်ပါတယ်။ နောက်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများကိုလည်း ငရဲပြည်ခရီးစဉ်မှာ လိုက်ပါခွင့်မပြုပါဘူး။ နောက်ဆုံးမှာ ငရဲပြည်ကို လိုက်ပါခွင့်ပြုသူ ဦးရေ အမျိုးသားအမျိုးသမီး ၅၀-သာ ကျန်ပါတယ်။ ငရဲပြည် ခရီးသွားတွေထဲမှာ တရုတ်လူမျိုးများ နေ့စဉ်သတင်းစာနဲ့ နေ့စဉ်ချီလီသတင်းစာတို့မှ သတင်းထောက် ၁၂-ယောက်ခန့်ပါဝင်ခဲ့ပါတယ်။

ကြာသပတေးနေ့နဲ့ သောကြာနေ့ (သြဂုတ် ၃၁-ရက်နေ့နဲ့ စက်တင်ဘာ ၁-ရက်နေ့)တွေမှာ မိုးက တစ်နေကုန် သည်းကြီးမဲကြီး ရွာပါတယ်။ ဒါပေမယ့် စနေနေ့ကျတော့ မိုးက လုံးဝ မရွာတော့ပါဘူး။ စနေနေ့က ငရဲပြည် အလည်သွားမယ့်နေ့ပေါ့။ ဆရာတော် ကက်က “ကျုပ် ကွမ်ရင်နတ်ကို ကျုပ်တို့ ငရဲပြည်ခရီးစဉ်ရှိလို့ မိုးရပ်ပေးပါလို့ တောင်းဆိုတဲ့အတွက် မိုးရပ်သွားတာ”လို့ ပြောပါတယ်။ ညကျတော့ ငရဲသွားမယ့်ခရီးသည်အားလုံးဟာ အဖြူရောင်ရှပ်အကျီ င်္ကိုယ်စီဝတ်ကြရပါတယ်။ အဖြူရောင်ဝတ်ရတာကတော့ ဖြူစင်မှုနဲ့ ရိုးသားမှုကို ကိုယ်စားပြုတဲ့သဘောပါပဲ။ ပီနန်ကျွန်း၊ ပဒန်းဘရောင်းနယ်မြေမှာ စတင်စုရုံးကြပါတယ်။ ဘုရားရှိခိုးခြင်းနဲ့ အခြားလုပ်သင့်လုပ်ထိုက်သော ဘာသာရေးအစဉ်အလာတွေ အားလုံးပြီးတဲ့အခါ ည ၁၀း၁၅ မိနစ်မှာ ငရဲပြည်ခရီးစဉ်ကို စတင်ထွက်ခွါခဲ့ကြပါတယ်။ 
ကျွန်တော်တို့ မျက်လုံးတွေကို ဆရာတော်က ကံကြမ္မာစာရွက် သို့မဟုတ် အစွမ်းရှိတဲ့ စာရွက်နဲ့ ဖုံးအုပ်လိုက်ပါတယ်။ ပြီးတော့ အပေါ်ကနေ အ၀ါရောင်အ၀တ်စနဲ့ ချည်နှောင်လိုက်ပါတယ်။ နောက်ဆုံး မီးတွေအားလုံးကို ပိတ်ပြီး အမှောင်ချလိုက်ပါတယ်။ ထိုအချိန်မှာ ဆရာတော် ကက်က ဘုရားစာတွေ စတင်ရွတ်ဖတ်ပါတယ်။ ဆရာတော် စ ရွတ်လိုက်တာနဲ့ ကျွန်တော့်ခေါင်းက အင်မတန် ပူလောင်လာတာကို သတိပြုမိပါတယ်။ ဘယ်လိုလဲဆိုတော့ ပူပြင်းတဲ့ စမ်းချောင်းလေးက ကျွန်တော့်ခန္ဓာကိုယ်ထဲကနေ အထက်ကို ဖောက်ထွက်တော့မယ့်အတိုင်းပါပဲ။ (နောက်ပိုင်းမှာ ဆရာတော်က ဒီလို ဖြစ်တာဟာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကြောင်း၊ အမှန်တော့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ၀ိညာဏ်က အပြင်ကို ကြိုးစားထွက်နေလို့ ဒီလို ခံစားနေရတာဖြစ်ကြောင်း ရှင်းပြပါတယ်။) ဒီလိုဖြစ်တာဟာ ၃-ကြိမ်၊ ၄-ကြိမ်လောက် ဖြစ်ပါတယ်။ ဒါပေမယ့် ခဏချင်းအတွင်းမှာ ပျောက်သွားတာချည်းပါပဲ။

ကျွန်တော် ကြိုးစားပြီး စိတ်ကို ထိန်းပါတယ်။ ဒါပေမယ့် ခပ်လှမ်းလှမ်းမှာရှိတဲ့ တရုတ်ရိုးရာပြဇာတ်ပွဲက အသံတွေရယ်၊ ပွဲကြည့်ပရိသတ်အသံတွေရယ်ကြောင့် ကျွန်တော့်စိတ်တွေ ပျံ့လွင့်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ငရဲပြည်ခရီးစဉ်ကို အရှုံးမပေးခဲ့ပါဘူး။

ငရဲခရီးစဉ် စတင်ပြီးနောက် ၄၅-မိနစ်လောက်မှာ ကျွန်တော် အလင်းရောင်တွေ စမြင်ရပါတယ်။ ကျွန်တော် အဲဒီအလင်းရောင်တွေနောက်ကို ဆက်လိုက်သွားပါတယ်။ မကြာခင်မှာပဲ အမှောင်ထုကြီးထဲ ပြန်ရောက်သွားပြန်ပါတယ်။ နောက်ပြီး အ၀ိုင်းအ၀ိုင်းတွေက ကျွန်တော့်ဆီကို တည့်တည့်မတ်မတ် ပြေးလာနေကြပါတယ်။ ဘယ်လိုပုံစံလဲဆိုတော့ သိပ္ပံဇာတ်ကားတွေထဲက အာကာသယဉ်ကြီးတွေ ကမ္ဘာပတ်လမ်းကြောင်းထဲ ပြေးလွှားနေကြသလိုပါပဲ။ (ဆရာတော်က ရှင်းပြတယ်။ ဒါဟာ ငရဲပြည်ခရီး လမ်းခုလတ်မှာ တွေ့ရတတ်တဲ့ ရေအိုင်တွေကို ဖြတ်ကျော်နေရတာလို့ ဆိုပါတယ်)။ ဒါပေမယ့် ပြင်ပက ဆူဆူညံညံအသံတွေကြောင့် ငရဲပြည်သွားတဲ့ ခရီးစဉ်ကို အရှုံးပေးလိုက်ပါတယ်။ မကြာခင်မှာ ဆရာတော် ကက်က ခရီးသည်အားလုံးကို ငရဲပြည်ကနေ ပြန်လှည့်ဖို့ ခေါ်လိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ ငရဲပြည်ခရီးစဉ်ဟာ စုစုပေါင်း ၁-နာရီနဲ့ ၁၅-မိနစ်ခန့် ကြာမြင့်ခဲ့ပါတယ်။ 

ကံမကောင်းတာကတော့ ကျွန်တော်တို့ ငရဲပြည်သွား ခရီးသည် ၅၀-ထဲက ၁၂-လောက်ပဲ ငရဲတံခါးကြီးကို ဖောက်ခွဲပြီး ငရဲပြည်တွင်းကို ၀င်ခွင့်ရခဲ့တာပါပဲ။ ကျွန်တော်တို့ သတင်းသမားတွေထဲက မစ္စတာ ချိန်ကီချွမ်းတစ်ယောက်ပဲ ငရဲပြည်တွင်း ၀င်ခွင့်ရခဲ့ပါတယ်။ သူက “အရမ်းလှပတဲ့ ကောင်းကင်မှာ သက်တန့်ကြီးက တွဲလောင်းကြီးကျနေတာကို ကျွန်တော် မြင်ခဲ့ရတယ်။ နောက်ပြီးတော့ နတ်သားတစ်ယောက်က ကျွန်တော့်ကို သတ်သက်လွတ်စားဖို့ မှားကြားလိုက်တယ်”လို့ ဆိုပါတယ်။ နောက်ပြီး အမည်မဖော်လိုသူ အမျိုးသမီးတစ်ယောက်ကလည်း “ကျွန်မက ဈေးကြီးတစ်ခုကို တွေ့ပြီး အဲဒီမှာ လူတွေ အများကြီးကိုလည်း တွေ့ခဲ့တယ်”လို့ ဆိုပါတယ်။ သူပြောလို့ မပြီးခင်မှာ ဆရာတော်က “အဲဒီဈေးနာမည်က ဘာ ဂျီယာအို ဂျီ (Ba Jiao Jie) မဟုတ်လား”လို့ မေးတော့ သူမက “ဟုတ်ပါတယ်ဘုရား”လို့ ဖြေတာကို တွေ့ခဲ့ရပါတယ်။ “ဟုတ်ရမယ်လေ။ အဲဒီကို ဆရာတော်လည်း ရောက်ဖူးတယ်”လို့ ဆိုပါတယ်။ 

အခြားအမျိုးသမီးတစ်ယောက်ကလည်း ဆိုပါသေးတယ်။ သူလည်းပဲ ငရဲပြည်မှာ သူ့အမေကို တွေ့ခဲ့ကြောင်း၊ ဒါပေမယ့် အနီးကပ် တွေ့ခွင့်မရခဲ့ကြောင်း ပြောပါတယ်။ ကျွန်တော်တို့ရဲ့ ငရဲပြည်ခရီးစဉ်ကို ဘုရားရှိခိုးစာများ ရွတ်ဖတ်ခြင်း၊ ကံဆိုးမှုများကို ရှင်းလင်းခြင်းများ ပြုလုပ်ပြီး ဆရာတော် ကက်က အဆုံးသတ်ပေးခဲ့ပါတယ်။ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ (အားမရတဲ့) ကျွန်တော်တို့ သတင်းသမားမျက်နှာကို တွေ့မြင်လိုက်တဲ့ ဆရာတော် ကက်က စိတ်ပျက်မနေဖို့၊ နောက်နေ့ တနင်္လာနေ့မှာ တစ်ခေါက်ထပ်သွားနိုင်အောင် စီစဉ်ပေးမယ်လို့ ကတိပေးပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်လည်း စိတ်ပျက်လက်ပျက်နဲ့ပဲ ပြီးဆုံးသွားကြတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ခရီးသည်တွေဟာ အဘက်ဘက်က အရည်အချင်း မပြည့်မီကြလို့ ဖြစ်ပါတယ်။

မှတ်ချက် = ဟုတ်တာ မဟုတ်တာ၊ ယုံတာ မယုံတာ အပထား။ မလေးရှားက တရုတ်တွေရဲ့ ကြံကြံဖန်ဖန် ယုံကြည်မှုများကို ဗဟုသုတအဖြစ် မလေးရှားနိုင်ငံမှာ အထင်ကရ သတင်းစာကြီးဖြစ်တဲ့ THE STAR သတင်းစာကြီးမှာ ပါတဲ့ ဆောင်းပါးကို ဘာသာပြန်တင်ပေးလိုက်တာပါ။ 


နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails