Friday, August 26, 2011

နည်းနည်းသောက်ရင်၊ များများသောက်ရင်



လွန်ခဲ့တဲ့အပတ်က ပီနန်ကျောင်းကို တရုတ်မိသားစုတစ်စု ရောက်လာတယ်။ ဒကာမကြီးက သူ့သားကို ရဟန်းဝတ်ပေးချင်လို့လို့ ဆိုပါတယ်။ ဘယ်နှရက်လောက် ၀တ်မှာလဲဆိုတော့ ၇-ရက်လို့ ဆိုပါတယ်။ ဘာကြောင့် ၀တ်ချင်တာလဲဆိုတော့ သူက အခုတလော ကံတွေ အရမ်းဆိုးနေတယ်။ ဘာလုပ်လုပ် မအောင်မြင်ဘူး။ အဖျက်တွေ ခဏခဏ ၀င်နေတယ်။ စားသောက်ဆိုင် ဖွင့်ထားတာ။ အခု ပိတ်လိုက်ရပြီ။ ကံကောင်းအောင်လို့ ၀တ်တာပါလို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ ၀တ်ချင်တယ်ဆိုတော့လည်း ၀တ်ပေးလိုက်ပါတယ်။ ၇-ရက်တာကာလအတွင်းမှာ တရားဘယ်လို ထိုင်ရတယ်၊ ဗုဒ္ဓဘာသာဆိုတာ ဘာလဲစတဲ့ သိသင့်သိထိုက်တာလေးတွေ အတော် သိသွားခဲ့ပါတယ်။
နောက်ဆုံးနေ့ လူထွက်တဲ့အခါမှာ သူ လူ့ဘ၀ကို ပြန်သွားရမှာ ၀မ်းနည်းမိကြောင်း၊ ရဟန်းဘ၀က အေးချမ်းကြောင်း ပြောပါတယ်။ ဒါနဲ့ သူက လူ့ဘ၀မှာ အဆင်ပြေစေမယ့်၊ ငြိမ်းချမ်းမယ့် မြတ်စွာဘုရားနည်းရှိရင် ပြောပြပါအုံးလို့ ဆိုပါတယ်။ ဒီတော့ မြတ်စွာဘုရားက ငါးပါးသီလကို လူ့သီလလို့ ဆိုထားကြောင်း၊ မိမိကိုယ်မှာ အ၀တ်ဗလာဖြစ်နေရင် ရှက်စရာ ဖြစ်ကြောင်း၊ ထို့အတူပဲ လူ့ဘ၀မှာ ငါးပါးသီလကို မထိန်းနိုင်ရင် ရှက်စရာဖြစ်ကြောင်း ရှင်းပြလိုက်ပါတယ်။
ဒီတော့ သူက စောဒက တက်ပါတယ်။ အရှင်ဘုရား တပည့်တော် လုပ်ငန်းမှာ အရက်က မသောက်လို့ကို မရဘူး။ အရက်မသောက်ရင် လူတော မတိုးသလို ဖြစ်မှာ သေချာတယ်။ ဒီတော့ နောက်ဆုံး သီလကိုတော့ တပည့်တော် လွန်ကျူးရပါလိမ့်မယ်လို့ ဆိုပါတယ်။ ဒါတင် မကသေးဘူး။ သူက ဆက်ပြောသေးတယ်။ ဒါပေမယ့် တပည့်တော် ပြောနိုင်တာက တပည့်တော်ဟာ အရက်သောက်ပေမယ့် လူမှန်းသူမှန်း မသိအောင်၊ မူးအောင် တစ်ခါမှ မသောက်ဖူးပါဘူး။ တပည့်တော် လုပ်ရမယ့် လုပ်ငန်းကိုလည်း ကောင်းကောင်း ဆက်လက်လုပ်နိုင်တယ်။ တွေ့ဆုံစကားပြောရမယ့် ဧည့်သည်လုပ်ငန်းရှင်တွေကိုလည်း ကောင်းကောင်း တွေ့ဆုံ စကားပြောနိုင်တယ်။ ဒီလိုဆိုရင် တပည့်တော်ကို ငါးပါးသီလ၊ အရက်သောက်ခြင်းသီလကို ချိုးဖျက်တယ်၊ ကျိုးပျက်ပြီလို့ ဆိုနိုင်ပါသလားဘုရားတဲ့။ ကဲ … ဘယ်လို ပြောရမလဲ။
မရဘူး၊ မင်းဘယ်လိုပဲ သောက်သောက်၊ အရက်စက်ကလေး ပါးစပ်ထဲဝင်သွားတာနဲ့ သုရာမေရယသိက္ခာပုဒ်ကြီး ကျူးလွန်လိုက်ပြီ၊ သုရာမေရယသိက္ခာပုဒ်လွန်ကျူးခြင်းရဲ့ အကျိုးတွေ မင်း အကုန်ခံစားရတော့မယ်လို့ ပြောလိုက်ရမလား။ သူ့ကိုတော့ အဲဒီလို မပြောလိုက်ပါဘူး။ ကိုယ်ပြောလဲ ထူးမှာမှ မဟုတ်တာ။ ရှောင်နိုင်ရင်တော့ အကောင်းဆုံးပေါ့၊ မူးအောင် လွန်အောင် မသောက်နဲ့လို့ပဲ ပြောဖြစ်လိုက်ပါတယ်။
အခု ဒကာလေးတစ်ယောက်ကလည်း မေးလာတယ်။ မူးအောင် မသောက်ရင် အပြစ်ကျူးလွန်ရာ ကျပါသလားတဲ့။ ဒါက မေးသင့်မေးထိုက်တဲ့ မေးခွန်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ယနေ့ လူ့လောကရဲ့ လူနေမှုဘ၀ပုံစံတွေ၊ ယဉ်ကျေးမှုတွေကလည်း ရှုပ်ထွေးပြန့်ပြောလာနေတယ် မဟုတ်လား။ စီးပွားရေး ပါတနာတွေ စုပေါင်းဧည့်ခံပွဲမှာ သူများတွေ မော့လို့ ကိုယ်က မမော့ရင် အဆင်မပြေနိုင်ဘူးဆိုတာကိုး။ ဒါကတော့ ဦးဇင်းလည်း မသိပါဘူး။ ဒါပေမယ့် ဦးဇင်းနဲ့ အလွန်ရင်းနှီးတဲ့ ဒကာလေးတစ်ယောက်ရှိတယ်။ သူလည်း အထိုက်အလျောက် အောင်မြင်တဲ့ စီးပွားရေးသမားပါပဲ။ သူကတော့ ဘယ်လို ဧည့်သည်တွေနဲ့ ဘယ်လို ပွဲတွေပဲ တက်တက် အရက်ကို လုံးဝလုံးဝ မသောက်ပါဘူးတဲ့။ ဒါမျိုးလည်း ရှိပေးအုံးမှပေါ့နော်။ ကဲ ဘာပဲပြောပြော မေးသူရှိတော့ အဖြေလည်း ရှိရတာပေါ့လေ။ ဒီတော့ သုရာမေရယအကြောင်း ပိဋကတ်တွေမှာ ဘယ်လို ပြောထားဟောထားသလဲ ကြည့်ရအောင်ပါ။
သုရာမေရယ- မူးယဇ်စေတတ်သော အရာများ၊ သေရည်အရက် အကြောင်း ဖွင့်ဆိုထားတာတွေက အများကြီးပဲ။ ဒီတော့ သုရာမေရယ ဆိုတာကို သောက်သူကို မူးယဇ်စေတတ်၊ ပုံမှန်အသိဉာဏ်များ ပျောက်ဆုံးတတ်သောအရာများ၊ အရက်၊ မူးယဇ်ဆေးဝါး စသည်တို့ ဖြစ်တယ်လို့ နားလည်ထားလိုက်ပေါ့။
အရက်သေစာ သောက်သုံးခြင်းကို ပါဠိတော်တွေမှာ “မူးယဇ်လာလျှင် အကုသိုလ် ဖြစ်တတ်သောကြောင့်၊ စဉ်းစားဆင်ခြင် သုံးသပ်တတ်သော အသိဉာဏ်ပညာကို အားနည်းစေတတ်သောကြောင့်၊ ပုံမှန်စိတ်ညစ်နွမ်းပြီး သူတစ်ပါးပြောတာကို ကောင်းကောင်းနားမလည်တတ်သောကြောင့် ….”စသဖြင့် ပြဆိုထားပါတယ်။ အထက်ပါ ဆိုးကျိုးတွေ မဖြစ်သေးဘူးဆိုရင် ….? ဒီလိုဆိုတော့ သုံးသပ်ကြည့်လို့ ရနိုင်တာပေါ့။
သုရာမေရယနဲ့ ပတ်သက်တဲ့ မှတ်ဖွယ်လေးတွေကို ဖတ်ကြည့်ပါအုံး။ သုရာမေရယအင်္ဂါ လေးပါးရှိတယ်။ (၁) မဇ္ဇဘာဝေါ- သေအရက် ကဇော်ဖြစ်ခြင်း (၂) ပါတုကမျစိတ္တံ- သောက်လိုစိတ် ရှိခြင်း (၃) ၀ါယမော သောက်ဖြစ်အောင် လုံ့လ ပြုခြင်း၊ (၄) အဇ္ဈောဟရဏံ- သောက်မျိုချခြင်း
အရက်အမျိုးအစားတွေလည်း အများကြီး ပြထားပါသေးတယ်။ အနှစ်ချုပ်ကတော့ ဆန်၊ သစ်သီးသစ်ရွက် စတာတွေကို ကျိုချက်ဖော်စပ်ထားတဲ့ အရက်တွေပါပဲ။ ဘာမှ မထူးပါဘူး။
အရက်သောက်ခြင်းရဲ့ ဆိုးကျိုးတွေကိုလည်း စီးပွားပျက်ခြင်း၊ လူအကြည်ညိုပျက်ခြင်း၊ ကိုယ့်စကား သူများ နားမထောင်ခြင်း(သြဇာမရှိခြင်း) စတာတွေပဲ ဖြစ်ပါတယ်။
နောက်ပြီး အရေးကြီးတဲ့ စကားလေးတစ်ခွန်းရှိတယ်။ “သုရာမေရယသင်္ခါတဿ မဇ္ဇဿ ဗီဇတော ပဋ္ဌာယ မဒဝသေန ကာယဒွါရပ္ပဝတ္တာ ပမာဒစေတနာ သုရာမေရယမဇ္ဇပမာဒဋ္ဌာနံ”တဲ့။ မူးပြီးတော့ ကိုယ်ကာယပိုင်းမှာပါ မူးတတ်မေ့တတ်တဲ့ စိတ်စေတနာကို သုရာမေရယသိက္ခာပုဒ် လွန်ကျူးတယ်လို့ ဆိုပါတယ်။ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတွေ နေရာများစွာမှာ ဒီ အရက်အကြောင်းကို ဖွင့်ဆိုထားပါတယ်။ လိုရင်း ချုပ်ကြည့်ရင်တော့ ဒီလောက်ပါပဲ (ဒီလောက်ပဲ ဖြစ်မယ် ထင်ပါတယ်။)
ဒီတော့ မိမိဘာသာ သုံးသပ်ကြည့်လို့ ရမယ် ထင်ပါတယ်။ တစ်ခုခုကို ဆုံးဖြတ်ပြောဆိုတဲ့ နေရာမှာ တစ်ခါတစ်ရံ အကျိုးကို ကြည့်ပြီး (ဆိုးကျိုးကို ကြည့်ပြီး) လုပ်သင့်မလုပ်သင့် ဆုံးဖြတ်ရတယ်။ တစ်ခါတစ်ရံမှာ အကြောင်းကို ကြည့်ပြီး လုပ်သင့်မလုပ်သင့် ဆုံးဖြတ်ရတယ်။
မူးယဇ်စေတတ်သော၊ မေ့လျော့စေတတ်သော ဆိုတဲ့ စကားကလည်း စဉ်းစားဖို့ ကောင်းပါတယ်။ မမူးရင်၊ မမေ့ရင် ဆိုပြီး ပြန်လှန်စဉ်းစားဖို့ပါ။ အရက်တစ်ခွက်သောက်ပြီး သာမန်လူတစ်ယောက်လို စဉ်းစားနိုင်၊ သုံးသပ်နိုင်တယ်ဆိုရင် … ဒီလိုလည်း စဉ်းစားကြည့်ဖို့ပါ။ ဒီလိုဆိုတော့ အရက်သောက်တိုင်း သုရာမေရယသိက္ခာပုဒ် မလွန်ကျူးဘူးလို့ ဆိုရမလိုပါပဲ။ ဒါပေမယ့် တရားတော်တွေမှာ ဒီလို ဆိုထားတာတွေ မရှိပါဘူး။ နည်းနည်းသောက်ရင် နည်းနည်းထူးခြားမှာပဲ။ ဒါဆိုရင် နည်းနည်း အကုသိုလ် ဖြစ်မှာပေါ့။ သိက္ခာပုဒ်ကလည်း လွန်ကျူးပြီးသား ဖြစ်သွားမှာပေါ့။ ဒါပေမယ့် သုရာမေရယသိက္ခာပုဒ် လွန်ကျူးရခြင်းကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတရားတွေတော့ ရချင်မှ ရမှာပေါ့။
ဆိုတော့ အရက်သောက်ပြီဆိုရင်တော့ သုရာမေရယသိက္ခာပုဒ်ကို ကျူးလွန်သွားပြီလို့ မှတ်လိုက်ပေါ့။ မမူးရင် အပြစ်မရှိဘူးလို့ ဆိုတာဟာ မမှန်ပါဘူး။ မမူးရင် သုရာရဲ့ ဆိုးကျိုးတွေ မဖြစ်နိုင်ဘူးလို့တော့ အတိုင်းအတာတစ်ခုအနေနဲ့ ဆိုလို့ ရနိုင်မယ် ထင်ပါတယ်။ ဒါပေမယ့် အရက်သောက်ရင် လူအထင်သေးမယ့်၊ ကဲ့ရဲ့ရှုံ့ချမယ့် ပတ်ဝန်းကျင်မှာဆိုရင်တော့ ဆိုးကျိုးတွေက ပိုများလာမယ် ထင်ပါတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားသုံးသပ်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

Thursday, August 11, 2011

ဒေါက်တာအမ်ဘေဒကာ သို့မဟုတ် ဗုဒ္ဓရင်ခွင်သို့ ပြန်လာသူ

 


ဘီမရာအို ရာမ်ဂျိ အမ်ဘေဒကာဟာ တရားသူကြီး၊ နိုင်ငံရေးခေါင်းဆောင်၊ ဒဿနပညာရှင်၊ တက္ကိက၀ါဒီ၊ အရေးသွက်သော စာရေးဆရာ၊ စီးပွားရေးပညာရှင်၊ တော်လှန်ရေးသမားနှင့် အိန္ဒိယမှာ ဗုဒ္ဓဘာသာ ပြန်လည်တည်ဆောက်သူ စသော ဂုဏ်ထူးဝိသေသမျိုးစုံဖြင့် ကျော်ကြားလှပါတယ်။ သူဟာ အိန္ဒိယနိုင်ငံ ဥပဒေရေးဆွဲရေးအဖွဲ့ရဲ့ အဓိကပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ 
အိန္ဒိယမှာ ဆင်းရဲတဲ့ မဟာဆိုတဲ့ အမျိုးအနွယ်တစ်စု ရှိပါတယ်။ နောင်ပိုင်းမှာ မသတီစရာလို့ သက်မှတ်ခံရပြီး အများသူငှါ မထိကောင်းတဲ့ အနွယ်အဖြစ် သက်မှတ်ခံရပါတယ်။ ဒီလို အမျိုးအနွယ်မှာ သူ့ကို မွေးဖွားခဲ့ပါတယ်။ သူဟာ လူမူရေး ချိုးနှိမ်မှုတွေ၊ ဟိန္ဒူတွေရဲ့ အမျိုးလေးပါး(ဘုရင်၊ ပုဏ်ဏား၊ သူကြွယ်၊ သူဆင်းရဲ)စနစ်တွေကို သူ့ဘ၀တစ်လျှောက်လုံး တိုက်ခိုက်ဆန့်ကျင်လာခဲ့ပါတယ်။ သူဟာ အများသူငှါ မထိကောင်းတဲ့အနွယ်(လူမျိုး)များလို့ သက်မှတ်ခံထားရတဲ့ ဇာတ်နိမ့် သိန်းပေါင်းများစွာကို ဗုဒ္ဓဘာသာအဖြစ် ပြန်လည်သွတ်သွင်းပေးတဲ့နေရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ အိန္ဒိယသားမြောက်များစွာက သူ့ကို ဘုရားလောင်းအဖြစ် သတ်မှတ်ပြောဆိုကြပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ကတော့ တစ်ခါမှ သူ့ကိုသူ ဘုရားလောင်းလို့ မပြောခဲ့ပါဘူး။ 

“ဗီဇာတစ်ခုကို စောင့်နေခြင်း”လို့ အမည်ပေးထားတဲ့ သူ့ရဲ့ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ထဲမှာ ဇာတ်နိမ့်တစ်ယောက်ရဲ့ အတွေ့အကြုံတွေကို အသေးစိတ် ရေးပြထားပါတယ်။

“အိန္ဒိယသား ၁၂-ယောက်လောက်ရှိတယ်။ သူတို့က အန္တရာယ်ပြုမယ့်ပုံစံနဲ့ ကျွန်တော့်ရှေ့မှာ။ ဒုတ်တွေကိုင်ပြီး တန်းစီနေကြတယ်။ ကျွန်တော်ကတော့ ကြောက်ကြောက်လန့်လန့်၊ အသနားခံနေတဲ့ မျက်နှာပေးလေးနဲ့ပေါ့။ ဒါက လွန်ခဲ့တဲ့ ၁၈-နှစ်လောက်ကပေါ့။ ဒါပေမယ့် ကျွန်တော် ဒီမြင်ကွင်းကို ဖျောက်လို့ မရနိုင်ခဲ့ဘူး။ ကျွန်တော့်မျက်စိထဲမှာ ရှင်းရှင်းလင်းလင်းကြီးကို မြင်ယောင်နေဆဲပဲ။ ဒါကို မြင်ယောင်မိတိုင်း ကျွန်တော့်မျက်စိထဲမှာ ကြောက်ရွံ့မှုတွေနဲ့ ပြည့်နှက်နေဆဲပဲ။ ဒီအဖြစ်အပျက်လေးဟာ ကျွန်တော့ဘ၀မှာ အများသူငှါ မထိကောင်းတဲ့ ဇာတ်နိမ့်တစ်ယောက်ရဲ့ ပထမဆုံး အတွေ့အကြုံပါပဲ”

သူဟာ ၁၉၁၈-ခုနှစ်မှာ ဘောဂဗေဒ ဆစ်ဒန်ဟန်ကောလိပ် (Sydenham college)က နိုင်ငံရေးဘောဂဗေဒဌာနမှာ ပါမောက္ခရာထူးတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ ကျောင်းမှာ အတော်အောင်မြင်တဲ့ ပါမောက္ခတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ကျောင်းသားတွေနဲ့လည်း အတော်ကို အဆင်ပြေပါတယ်။ ဒါပေမယ့် အခြားပါမောက္ခတွေက သူတို့ အသုံးပြုတဲ့ သောက်ရေခွက်ကို အသုံးပြုဖို့ ပိတ်ပင်ခဲ့ပါတယ်။ သူဟာ ကိုယ်ပိုင်သောက်ရေခွက်ကိုသာ အသုံးပြုခဲ့ရတယ်။

ဗုဒ္ဓဘာသာသို့ ပြောင်းလာခြင်း

ပညာရှင်တစ်ယောက်အနေနဲ့ သူဟာ ပညာရပ်မျိုးစုံကို လေ့လာတယ်။ ဘာသာပေါင်းစုံနဲ့ ဒဿန(အတွေးအခေါ်)ပေါင်းစုံကို လေ့လာတယ်။ မက်စ်ဝါဒကိုလည်း လေ့လာတယ်။ နောက်ပိုင်းမှာ ဗုဒ္ဓဘာသာ ပိဋကတ်သုံးပုံကိုလည်း လေ့လာဖတ်ရှုတယ်။ သူဟာ မြတ်ဗုဒ္ဓရဲ့ ပိဋကတ်တွေမှာ နက်နက်နဲနဲ စိတ်ဝင်စားသွားခဲ့တယ်။ 

၁၉၃၅-ခုနှစ်၊ အောက်တိုဘာလ၊ ၁၃-ရက်နေ့မှာ ဒေါက်တာအမ်ဘေဒကာဟာ “ကျွန်တော်ဟာ ဟိန္ဒူတစ်ယောက်အနေနဲ့ မွေးဖွားလာတယ်။ ဒါပေမယ့် ကျွန်တော် ဟိန္ဒူတစ်ယောက်လို သေမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ရင်ထဲက စွမ်းအားတစ်ခုကြောင့်ပါ”လို့ ပြောကြားရင်း ဟိန္ဒူဘာသာကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း လူသိရှင်ကြား ကြေငြာခဲ့ပါတယ်။

ဆစ်ခ်ဘာသာ၊ အစ္စလာဟ်ဘာသာနဲ့ ခရစ်ယာန်ဘာသာတွေက ချက်ချင်းပဲ သူတို့ဘာသာထဲကို ၀င်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒေါက်တာအမ်ဘေဒကာနဲ့ သူ့နောက်လိုက်များစွာကို ငွေကြေးမြောက်မြားစွာနဲ့ ဘ၀အာမခံချက်တွေကို ကမ်းလှမ်းရင်း ဆွဲဆောင်စည်းရုံးကြပါတယ်။ ဘယ်လိုပဲ ကမ်းလှမ်းဆွဲဆောင်ပါစေ၊ ဒေါက်တာအမ်ဘေဒကာနဲ့ သူ့တပည့်တွေဟာ ကမ်းလှမ်းချက်အားလုံးကို လုံးဝငြင်းဆန် ပယ်ချခဲ့ကြပါတယ်။ ဒါဟာ သူတို့ရင်ထဲမှာ ယုံကြည်စွဲမြဲနေတဲ့ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကြောင့်ပဲ ဖြစ်ပါတယ်။ 

ဒေါက်တာအမ်ဘေဒကာရဲ့ ဗုဒ္ဓဘာသာအပေါ် အလွန်တရာ စိတ်ဝင်စားစေခဲ့တယ်လို့ ဆိုနိုင်တဲ့ အချက်တစ်ခုက အောက်ပါစကားရပ်တွေပဲ ဖြစ်ပါတယ်။

“မြတ်ဗုဒ္ဓမှာ အခြားပုဂ္ဂိုလ် (ဘာသာရေးခေါင်းဆောင်)တွေထက် သာလွန်နေတဲ့ ထူးခြားချက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ ကိုယ့်ကိုယ်ကိုယ် နှိမ်ချမှု(ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်မှု)ပါပဲ။ ယေရှုခရစ်ဟာ သူ့ကိုယ်သူ ဘုရားသားတော်လို့ အခိုင်အမာ ပြောကြားတယ်။ တမန်တော်မိုဟာမက်ဆိုရင်လည်း သူ့ထက် နည်းနည်းပိုပါတယ်။ သူဟာ ဘုရားသခင်က ကမ္ဘာမြေကြီးပေါ်ကို လွှတ်လိုက်တဲ့ တမန်တော်ဖြစ်ကြောင်း၊ သူဟာ နောက်ဆုံး တမန်တော်တစ်ပါးလည်းဖြစ်ကြောင်း ပြောကြားခဲ့တယ်။ ကရစ်ရှနားကတော့ ယေရှုနဲ့မိုဟာမက်ထက် ပိုကဲပြလိုက်ပါသေးတယ်။ သူက သူ့ကိုယ်သူ ဘုရားအားလုံးရဲ့ဘုရား (ပရမေရွှရ)ဖြစ်တယ်လို့ ဆိုပါတယ်။ မြတ်ဗုဒ္ဓဟာ သူ့ကိုယ်သူ မြင့်မြတ်သူတစ်ယောက်ဖြစ်ကြောင်း၊ ထိုထိုအီအီ (ဘုရားသားတွေ၊ ဘုရားကိုယ်စားလှယ်တွေ၊ တမန်တော်တွေ)တွေဖြစ်ကြောင်း တစ်ခုမှ ပိုင်စိုးပိုင်နင်း မပြောကြားခဲ့ပါဘူး။ သူ(မြတ်ဗုဒ္ဓ)ဟာ လူသားကနေ မွေးလာတယ်၊ လူတစ်ယောက်လို အသက်ရှင်နေထိုင်တယ်၊ သူ့တရားတော်တွေကိုလည်း လူသားတစ်ယောက်အနေနဲ့ပဲ ဟောကြားတယ်။ ယေရှု၊ မိုဟာမက်နဲ့ ကရစ်ရှနားတို့ဟာ သူတို့ကိုယ်သူတို့ ကယ်တင်ရှင်များအနေနဲ့ ကြွေးကြော်ခဲ့ကြတယ်။ မြတ်ဗုဒ္ဓကတော့ သူ့ကိုယ်သူ အသိဉာဏ်ပညာ မျှဝေသူတစ်ဦးအနေနဲ့ပဲ ပြောကြားခဲ့တယ်”

သူ ဘာကြောင့် ဗုဒ္ဓဘာသာကို ရွေးချယ်ခဲ့သလဲဆိုတာကို ခြေရာကောက်ကြည့်ရင် မနုဿဗေဒပညာရပ်ကို သူလေ့လာတဲ့နေရာမှာ တွေ့ရှိလာတဲ့ အချက်တွေကြောင့်လို့ ဆိုနိုင်မယ် ထင်ပါတယ်။ အမ်ဘေဒကာဟာ ထူးခြားပြီးအသိအမှတ်ပြုလိုက်တဲ့ အချက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ အိန္ဒိယမှာရှိတဲ့ အပယ်ခံ (သူတို့လို) မဟာလူမျိုးနွယ် ဇာတ်နိမ့်တွေဟာ ယခင်က ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ခဲ့ကြတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ပထမတော့ သူတို့ဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်လိမ့်မယ်။ နောက်ပိုင်းမှာ ဗုဒ္ဓဘာသာကျင့်စဉ်တွေကို အတင်းအဓမ္မ စွန့်လွှတ်ခိုင်းမယ်။ မစွန့်လွှတ်နိုင်ကြတဲ့အခါကျတော့ သူတို့ကို လူ့အဖွဲ့အစည်းအပြင်ဘက်ကို တွန်းပို့ခဲ့ကြမယ်။ တဖြည်းဖြည်း အပယ်ခံဘ၀နဲ့နေလာရင်း နောက်ပိုင်းမှာ မထိကောင်းတဲ့ ရွံရှာဖွယ်လူမျိုး ဇာတ်နိမ့်တွေအဖြစ် သက်မှတ်ခံခဲ့ကြရတယ်။ သူဟာ ဒီအကြောင်းတွေကို သုတေသနဆန်ဆန် ပြုစုပြီး စာအုပ်ရေးခဲ့တယ်။ စာအုပ်ထဲမှာ သုဒ္ဒ(သူဆင်းရဲမျိုး၊ ဇာတ်နိမ့်)တွေဟာ ဘယ်သူတွေလဲဆိုတာနဲ့ သူတို့ဟာ အများအနှိမ်ခံဘ၀ကို ဘယ်လို ရောက်လာခဲ့ကြသလဲဆိုတာတွေကို သုတေသနပြု ရေးသားထားပါတယ်။

၁၉၅၀-ခုနှစ်မှာ ဒေါက်တာအမ်ဘေဒကာဟာ အိန္ဒိယမှာ ဗုဒ္ဓဘာသာကို ပြန်လည်တည်ထောင်ပြုစုဖို့ ဆုံးဖြတ်ထားကြောင်း လူသိရှင်ကြား ကြေငြာမောင်းခတ်ခဲ့ပါတယ်။ သူဟာ သူ့ပို့ချချက်တွေ၊ ပြုစုရေးသားထားတွေနဲ့ သူ့တပည့်နောက်လိုက်တွေကို ဗုဒ္ဓကျမ်းစာများ ဂရုတစိုက် လေ့လာကြဖို့ သတိပေးညွှန်ကြားပါတယ်။ ဗုဒ္ဓမြတ်စွာရဲ့ ညွှန်ကြားချက်၊ နည်းလမ်းအားဖြင့်သာလျှင် လူမှုရေးသာတူညီမျှမှုကို ရနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၁၉၅၆-ခုနှစ်၊ မေလ၊ ၁၂-ရက်နေ့၊ လန်ဒန်မြို့၊ ဘီဘီစီအသံလွှင့်ဌာနမှာ “ဗုဒ္ဓဘာသာကို ကျွန်ုပ် ဘာကြောင့် ကြိုက်သလဲ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်။ သူ့ဟောပြောချက်ထဲမှာ

“ဗုဒ္ဓဘာသာကို ကျွန်ုပ် ဘာသာအားလုံးထက် ပိုနှစ်သက်တယ်။ ဘာကြောင့်လဲဆိုတော့ အခြားဘယ်ဘာသာကမှ မပေးနိုင်တဲ့ မူသုံးရပ်ကို ပေးနိုင်လို့ပါပဲ။ အခြားဘာသာတွေအားလုံးဟာ ထာဝရဘုရား၊ အနန္တ၀ိဉာဏ်နဲ့ သေပြီးနောက်ဘ၀အခြေအနေသုံးရပ်နဲ့ သူတို့ကိုယ်သူတို့ အနှောက်အယှက်ပေးနေကြပါတယ်။ ဗုဒ္ဓဘာသာက ပညာ(အယူသီးမှုနဲ့ သဘာဝလွန်ယုံကြည်မှုဝါဒနဲ့ လားလားမှမဆိုင်တဲ့ နားလည်သဘောပေါက်မှုပညာ)ကို သင်ပေးတယ်။ သနားကရုဏာတရားကို သင်ပေးတယ်။ လူသားအားလုံးဟာ တန်းတူညီမျှဖြစ်ကြောင်း (လူဟာ လူသာဖြစ်ကြောင်း) ပြောပြတယ်။ ကမ္ဘာမြေပြင်မှာ ဒီသုံးရပ် (ပညာ၊ ကရုဏာနဲ့ တန်းတူညီမျှဖြစ်မှု)သာ ဖြစ်ထွန်းလို့ကတော့ ကောင်းမွန်တဲ့၊ ပျော်ရွှင်တဲ့ဘ၀ကို ရရှိနိုင်ပါတယ်။ လူသားတွေ လိုအပ်နေတာလည်း ဒါပဲ မဟုတ်လား။ ဗုဒ္ဓဘာသာက ကမ်းလှမ်းလာတဲ့ ဒီသုံးရပ်က ကျွန်ုပ်ကို ကြည်နူးစေတယ်။ ကမ္ဘာကြီးကိုလည်း ဖျောင်းဖျပြောဆိုနေပါတယ်။ ဘယ်ထာဝရဘုရား၊ ဘယ်အနန္တ၀ိဉာဏ်တော်ကမှ ဥုံဖွဆိုပြီး ကမ္ဘာကြီးကို လာမကယ်တင်ဘူး”

“ဘာသာတရားလား၊ ဘာသာတရားဆိုတာ လူသားအတွက်ပဲ အသက်ရှင်တည်ရှိနေတာ ဖြစ်ရမယ်။ လူသားဟာ ဘာသာတရားအတွက် တည်ရှိနေတာမျိုး မဖြစ်ရဘူး။ လူမျိုးရေး ခွဲခြားဆက်ဆံမှု၊ အသားအရောင် ခွဲခြားမှု၊ လူအချင်းချင်း (အသိဉာဏ်ပညာ၊ အကျင့်သိက္ခာအားဖြင့် မဟုတ်ဘဲ၊ အမျိုးဇာတ်အားဖြင့်) နိမ့်ကျသူ၊ မြင့်မြတ်သူအဖြစ် ခွဲခြားမှု စတာတွေကို ထိထိရောက်ရောက် ဆန့်ကျင်ဟောပြောခဲ့သူ ဘာသာရေးခေါင်းဆောင်ဆိုတာ တစ်ဦးပဲ ရှိပါတယ်။ အဲဒါကတော့ မြတ်ဗုဒ္ဓပါပဲ”

ပါမောက္ခဒေါက်တာအမ်ဘေဒကာဟာ ၁၉၅၆-ခုနှစ်၊ အောက်တိုဘာလ၊ ၁၄-ရက်နေ့မှာ သူ့ရဲ့တပည့် ၅-သိန်း (၅၀၀၀၀၀)နဲ့အတူ ဗုဒ္ဓဘာသာအဖြစ် ခံယူခဲ့ကြပါတယ်။ လူဦးရေ ထူထပ်များပြားတဲ့ ခေတ်သစ်အိန္ဒိယမှာ သူ့နဲ့တပည့်များစွာ ဗုဒ္ဓဘာသာအဖြစ် ပြောင်းသွားကြတဲ့သတင်းဟာ အကြီးအကျယ် ကျော်ကြားခဲ့ပါတယ်။ ဒါဟာ ခေတ်သစ်အိန္ဒိယမှာ ဗုဒ္ဓတရားတော်တွေကို ပထမဆုံး အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ 

ပါမောက္ခဒေါက်တာအမ်ဘေဒကာရဲ့ ထူးကဲမြင့်မြတ်တဲ့ ဦးဆောင်မှုနဲ့အတူ မြတ်ဗုဒ္ဓတရားတော်တွေဟာ အိန္ဒိယမှာ ပြန်လည်အားကောင်းမောင်းသန် ဖြစ်လာခဲ့ပါတယ်။ အပယ်ခံဘ၀ရောက်ခဲ့ရတဲ့ လူသားပေါင်းမြောက်မြားစွာဟာ သူတို့ရဲ့ ပျောက်ဆုံးခဲ့တဲ့ ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆည်ရင်း အကြီးအကျယ် အောင်မြင်ခဲ့ကြပါတယ်။ နောက်ပိုင်း အိန္ဒိယနိုင်ငံ၊ နိုင်ငံရေးမှာပါ အင်အားကောင်းသော အစုအဖွဲ့ကြီး ဖြစ်လာခဲ့ပါတယ်။

“မြတ်ဗုဒ္ဓနှင့် သူ၏ ဓမ္မ (The Buddha and His Dhamma) ဆိုတဲ့ စာအုပ် အဆုံးသတ်ပြီး သုံးရက်အကြာ (၁၉၅၆-ခုနှစ်၊ ဒီဇင်ဘာလ၊ ၆-ရက်နေ့)မှာ ပါမောက္ခကြီး ဒေါက်တာအမ်ဘေဒကာ ကွယ်လွန်ခဲ့ပါတယ်။ နယူးဒေလီမြို့မှာရှိတဲ့ သူ့အိမ်မှာ အိပ်ပျော်နေရင်း ငြိမ်သက်အေးချမ်းစွာ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ပါတယ်။

ပါမောက္ခဒေါက်တာအမ်ဘေဒကာ၏ နောက်ဆုံးစကား

“ပညာသင်ပါ၊
တက်တက်ကြွကြွ တောင်းဆိုပါ၊
စည်းလုံးပါး၊
မိမိကိုယ်ကိုယ် ယုံကြည်ပါ၊
ငါတို့ဘက်မှာ တရားမျှတမှုဆိုတာ ရှိနေရင်
ရှုံးနိမ့်မယ့်တိုက်ပွဲဆိုတာကို ငါ မမြင်ဘူး၊
(တရားမျှတမှုဆိုတာ ရှိနေတော့)
တိုက်ပွဲဆိုတာ ငါ့အတွက် ပျော်စရာ၊
(တရားမျှတမှု) တိုက်ပွဲထဲမှာ
ငါ့စိတ်ငါ့နှလုံးသားဟာ စူးစိုက်နစ်မြုပ်လို့။
ဒီတိုက်ပွဲဟာ စည်းစိမ်အတွက်လည်း မဟုတ်ပေဘူး၊
အာဏာအတွက်လည်း မဟုတ်ဘူး၊
(တရားမျှတ) လွတ်လပ်ခြင်းအတွက်သက်သက်ရယ်ပါ။
ဒီတိုက်ပွဲဟာ
လူသားရဲ့ ပင်ကိုယ်အရည်အသွေးကို ပြန်လည်ရယူဖို့ အတွက်ပဲ။

Ref:
Voice of Buddhism (A publication of Buddhist Missionary Society, Malaysia)
Dr. Ambedkhar: Back to Buddhism
Unknow author

Sunday, August 7, 2011

ပြိတ္တာပွဲ


ဗုဒ္ဓဘာသာမြန်မာလူမျိုးများမှာ ရာသီအလိုက် ပွဲတော်များ အမျိုးမျိုးရှိပါတယ်။ ၀ါဆိုပွဲ၊ ကထိန်ပွဲ၊ မီးထွန်းပွဲ … စသောပွဲတော်များမှာ ဗုဒ္ဓဘာသာနိုင်ငံတိုင်းလိုလို တူညီသော ပုံစံဖြင့် ကျင်းပလေ့ရှိကြပါတယ်။ ဒီပြိတ္တာပွဲဆိုတာကတော့ အနည်းငယ် ထူးဆန်းနေပါတယ်။ ပီနန်မြို့မှာတော့ Hungry Ghost Festival ဆိုပြီး ကျင်းပကြပါတယ်။ စာရေးသူ မြန်မာမှာရှိစဉ်က တစ်ခါမှ ဒီပွဲတော်မျိုးရှိတယ်လို့ မကြားခဲ့ဖူးပါဘူး။ တကယ်တော့ ပြိတ္တာပွဲ ကျင်းပတဲ့ အယူအဆ ဓလေ့တွေဟာ တရုတ်လူမျိုးများရဲ့ ဘိုးဘွားများပူဇော်ကန်တော့ပွဲနဲ့ အနည်းငယ် ဆင်တူပါတယ်။ တရုတ်လူမျိုးများဟာ မိမိတို့ရဲ့ ဘိုးဘွားများ၊ မိဘများ သေလွန်သောအခါ တမလွန်ဘ၀ကနေ သားသမီးတွေကို စောင့်ရှောက်ကြမြဲ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ သားသမီးတွေကလည်း စောင့်ရှောက်ဖို့ တောင်းဆိုကြပါတယ်။ များသောအားဖြင့် ဗုဒ္ဓဘာသာလို့ ခံယူထားကြပေမယ့် ၃၁-ဘုံဆိုတာတောင် မသိတဲ့သူတွေက သိပ်များပါတယ်။

ဒီပွဲတော်ဟာ တရုတ်၊ မလေးရှားတို့က တရုတ်တွေသာမက ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့မှာလည်း ကျင်းပကြတယ်လို့ သိရပါတယ်။ သူတို့အလိုအရ ဒီလမှာ ငရဲတံခါးကြီး ဖွင့်တဲ့နေ့လို့ ဆိုပါတယ်။ ငရဲတံခါးကြီးဖွင့်လိုက်တဲ့အခါ ကံမကောင်းအကြောင်းမလှစွာဖြင့် ငရဲပြည်ရောက်သွားရသော ဘိုးဘွားမိဘဆွေမျိုးများ အပြင်သို့ ထွက်လာခွင့် ရကြတယ်လို့ ဆိုပါတယ်။ အပြင်ကို ထွက်လာပြီး မိမိတို့ သားသမီးဆွေမျိုးများရှိရာ လူ့ပြည်ကို ရောက်လာပြီး အစားအသောက်များ လာရောက်တောင်းကြတယ်လို့ ဆိုပါတယ်။ လူ့ပြည်မှာရှိတဲ့ သားသမီးဆွေမျိုးတွေက စားစရာများ၊ ၀တ်စရာများပေးခြင်း၊ ပိုက်ဆံများ(ပိုက်ဆံပုံစံ စာရွက်များ) မီးရှို့ပေးခြင်း စသည်တို့ လုပ်ပေးလျှင် ငရဲပြည်မှ ဆာဆာလောင်လောင်ဖြင့် ရောက်လာတဲ့ ဘိုးဘွားဆွေမျိုးများ မပူမပင်မကြောင့်မကြ နေနိုင်တယ်လို့ ယုံကြည်ကြပါတယ်။

ဗုဒ္ဓဘာသာအယူအဆနှင့် အလှမ်းကွာနေသော ထိုသို့သော ယဉ်ကျေးမှုများ ဘယ်ကဘယ်လို ၀င်ရောက်လာသလဲလို့ မေးစရာရှိပါတယ်။ တစ်ခါတစ်ရံမှာ သာသနာပြုတဲ့နေရာမှာ မှတ်သားသင့်သောအချက်တစ်ခု ရှိပါတယ်။ ရှိပြီးသားယဉ်ကျေးမှု သို့မဟုတ် ယုံကြည်မှုကို တိုက်ရိုက်အသွင်ပြောင်းပစ်ဖို့ ဆိုသည်မှာ အလွန်ခက်ပါတယ်။ ဒါကြောင့် တရုတ်လူမျိုးများရဲ့ ရှိပြီးသား ယဉ်ကျေးမှုလည်း မပျက်သုဉ်းရအောင် ဗုဒ္ဓအလိုကျလည်း ဖြစ်အောင် ပြိတ္တာပွဲဆိုတာကို ဆုတောင်းအမျှအတန်းပေးဝေပွဲအသွင် ပြောင်းလိုက်တယ်လို့ ထင်ပါတယ်။ ဒါဟာ ပီနန်ဆရာတော်ဘုရားကြီးရဲ့ မှတ်သားထိုက်တဲ့ သာသနာပြုစွမ်းရည်တစ်ခုလို့ ဆိုရင် မှားမယ်မထင်ပါ။ ပီနန်မြို့က ဆရာတော်ဘုရားကြီးရဲ့ တပည့်ဒကာဒကာမတွေဟာ ဒီလရောက်တိုင်း ဘုန်းကြီးကျောင်းများသို့ သွားရောက်ပြီး ကုသိုလ်ကောင်းမှုများ ပြုလုပ်ကာ အမျှအတန်းများ ပေးဝေကြပါတယ်။

ယနေ့ဆိုလျှင် ပီနန်ကျောင်းကြီးတစ်ဝန်းလုံး တရုတ်လူမျိုးများနှင့် ပြည့်နှက်နေပြီး ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြပါတယ်။ တရားများ နာယူကြပါတယ်။ ပြီးလျှင် ဆုတောင်းအမျှဝေကြပါတယ်။ ရှုပ်ထွေးတဲ့ ပြိတ္တာပွဲကနေ ဗုဒ္ဓ၀ါဒနဲ့အညီဖြစ်လာတဲ့ အမျှအတန်းပေးဝေပွဲလေး ဖြစ်လာခဲ့တယ်လို့ ဆိုရမှာပါ။











































Monday, August 1, 2011

Two Kinds of Puja

Joe Two Kinds of Puja Compress
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails