Friday, July 29, 2011

ဘုရား တ ခြင်း




(၁)
မြန်မာစကားတွင် “ဘုရား တ နေရတယ်၊ ဘုရား တ နေရတယ်”ဟု ပြောလေ့ရှိကြသည်။ အန္တရာယ်များ၊ အခက်အခဲများတွင် နေထိုင်ကျင်လည်ရသည်ကို ဆိုလိုခြင်း ဖြစ်သည်ဟု နားလည်ရသည်။ လူတိုင်းလူတိုင်း (ဘုရားချင်း မတူလျှင်သော်မှ) ဘုရား တ နေရသောနေ့ရက်များကို ကြုံတွေ့ဖူးပါလိမ့်မည်။ အမှန်အားဖြင့် ဘုရား တ နေခြင်းမှာ အန္တရာယ်ကြုံမှ အခက်အခဲများ တွေ့မှ တ ရခြင်း မဟုတ်ပါ။ သို့သော်လည်း သူသူကိုယ်ကိုယ် “ခလုတ်ထိမှ အမိ တ”ဆိုသလို “ဒုက္ခတွေ့မှ ဘုရား တ”ကြသည်က များလေသည်။

(၂)
ယခုအခါတွင် ပီနန်ကျောင်း၌ တရုတ်လူမျိုးမိဘများ မိမိတို့ သားငယ်သမီးငယ်များကို ကျောင်းသို့ ခေါ်လာနေကြသည်။ ပီနန်ကျောင်း၌ရှိသော အရှင်ဥပဂုတ္တရုပ်ပွားတော်တွင် ဥပဂုတ္တပွဲများ ပေးကြခြင်း ဖြစ်သည်။ မည်သည့်အချိန်က မည်သည့်အကြောင်းကြောင့် မသိ၊ ဥပဂုတ္တ ပွဲထိုးလျှင် စာမေးပွဲအောင်သည်ဟု ယုံကြည်ကြသည်။ စာမေးပွဲမဖြေခင်ကော ဖြေပြီးအချိန်မှာပါ ပီနန်ကျောင်း ဥပဂုတ္တရုပ်ပွားတော်တွင် ငှက်ပျောပွဲ၊ အုန်းပွဲများ ပြည့်နှက်နေတတ်လေသည်။ စာမေးပွဲမဖြေခင် ပွဲထိုးသည်မှာ ယုံကြည်မှုတိုးစေသည်ဟု အကြောင်းပြစရာရှိသော်လည်း စာမေးပွဲဖြေပြီးမှ ပွဲထိုးခြင်းမှာ အနည်းငယ် လွဲမှားနေသလားဟု တွေးထင်ရသည်။ အချို့ကျောင်းသားကျောင်းသူလေးများက “အရှင်ဘုရား … ပြီးခဲ့တဲ့စာမေးပွဲမှာ ကောင်းကောင်း မဖြေနိုင်ခဲ့ဘူး၊ အဲဒါရလဒ်ကောင်းအောင် ရွတ်ဖတ်ပေးပါ”ဟု ဆိုတတ်ကြသည်။ မည်သို့ဆိုစေ ဤသို့ပြုလုပ်ခြင်းမှာ အခက်အခဲ အကျပ်အတည်းကြားတွင် ဘုရား တ တတ်သော လူသား၏ အဇ္ဈတ္တကို လှစ်ဟပြနေခြင်းဟု ဆိုရပေလိမ့်မည်။

(၃)
တစ်ရက်က ခရစ်ယာန်တရုတ်ဒကာမကြီးနှင့် စကားပြောဖြစ်သည်။ ဘုရားဝတ်ပြုသူများနှင့် စည်ကားသော ပီနန်ကျောင်း အဓိကဘုရားဆောင်မှာ ဖြစ်သည်။ ခရစ်ယာန်ကျမ်းစာများနှင့် ပတ်သက်ပြီး ဆွေးနွေးဖြစ်သည်။ သမ္မာကျမ်းစာ၏ ကျမ်းဟောင်းကျမ်းသစ် ဆန့်ကျင်ဘက်ဖြစ်နေသည်များ (ဆန့်ကျင်သယောင်ဖြစ်နေသည်များ) အကြောင်း ဆွေးနွေးဖြစ်ကြသည်။ ပြောလိုသည်မှာ “ခရစ်ယာန်ပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာပဲဖြစ်ဖြစ် အတူတူပါပဲ၊ အခက်အခဲရှိရင် စိတ်ညစ်ရင် ဘုရားရှေ့လာပြီး ပြောပြ၊ ပြီးရင် ဘုရားကို ကုပေးဖို့ တောင်းဆိုကြတာပဲ မဟုတ်လား”ဟု ဗုဒ္ဓဘုရားရှင်ရှေ့ ၀တ်ပြုပူဇော်နေကြသော လူများကို လက်ညှိုးထိုးရင်း ပြောပြသည်။ ထိုအခါ “ငါကတော့ အဲ့ဒီလို ဘယ်တော့မှ မလုပ်ဘူး”ဟု ပြောသောအခါ သူ အံ့သြသွားသည်။ “တကယ်လား”ဟု အံ့သြတကြီး မေးသည်။ “ဟုတ်တယ်၊ ဗုဒ္ဓဘာသာအများစုဟာ ဒကာမကြီး ဘုရားထံမှာ တောင်းသလို တောင်းနေကြတာ မဟုတ်ဘူး၊ ထိုင်တော်မူနေတဲ့ ဗုဒ္ဓဘုရားကလည်း သူတို့ကို ဘာမှ ပေးမှာ မဟုတ်ဘူး၊ သူ ပေးနိုင်တာက ဥုံဖွဆိုပြီး ဖြစ်လာတဲ့ အကျိုးတရား မဟုတ်ဘူး၊ သူ ပေးနိုင်တာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀-ကျော်ကတည်းက ပေးပြီးသွားပြီ၊ ကြီးပွားချင်ရင် ဘယ်လိုလုပ်၊ ဆင်းရဲကို ကြောက်ရင် ဒါတွေ မလုပ်နဲ့၊ စိတ်ချမ်းသာချင်ရင် ဒီလိုနေ၊ စိတ်မဆင်းရဲချင်ရင် ဒီလို မနေနဲ့ … စသဖြင့် ညွှန်ကြားပြီးသား။ တစ်နေရာရာကနေပြီး သူက ဘာမှ ကူညီပေးမှာ မဟုတ်ဘူး”လို့ ရှင်းပြလိုက်သောအခါ သူ ထပ်ပြီး အံ့သြသွားပုံ ပေါ်နေသည်။ ထိုသို့ရှင်းပြလိုက်သောအခါ အံ့သြလွန်း၍ ထင်သည်။ ဘုရား တပြီး ပြန်သွားခဲ့လေသည်။

(၄)
တစ်ခါတစ်ရံတော့ ကိုယ်က တ ရသည်။ အီရန်က ခေါင်းမြီးခြုံ ဒကာမကြီး အုပ်စု ရောက်လာသည်။ မေးခွန်းမေးချင်လို့ပါဟု ဆိုသည်။ ပရိတ်ရေအိုးနှင့် ပရိတ်ကြိုးများကို လက်ညှိုးထိုးကာ “ဒီရေက ဘာလဲ၊ ဘာလို့ လုပ်တာလဲ၊ ဒီကြိုးကကော ဘာလုပ်တာလဲ”စသည်ဖြင့် မေးခွန်းများ မေးသည်။ ပရိတ်ရေ၊ ပရိတ်ကြိုးများဖြစ်ကြောင်း အန္တရာယ်ကင်းစေဖို့ လုပ်တာဖြစ်ကြောင်း၊ ပရိတ်ကြိုးလေးကို လက်မှာ ချည်ထားလျှင် အမြဲမပြတ် ရတနာသုံးပါးကို သတိရနေသဖြင့် စိတ်တည်ငြိမ်မှုနှင့် ယုံကြည်မှုရနိုင်ကြောင်း၊ တစ်နည်းအားဖြင့် ပရိတ်ကြိုးလေးကို ကြည့်လိုက်ခြင်းအားဖြင့် ရတနာသုံးပါးကို ကိုယ်စားပြုထားသော ကြိုးလေးက မကောင်းမှု မလုပ်ဖို့ သတိပေးနေသလိုဖြစ်ကြောင်း စသည်ဖြင့် ရှင်းပြလိုက်သည်။ စကားပြောခြင်းကို ဤတွင် ရပ်လိုက်ဖို့ ကောင်းပါသည်။ သို့ရာတွင် မရပ်လိုက်သဖြင့် ဘုရား တ ခဲ့ရသည်။ “မင်းတို့ ဗုဒ္ဓဘာသာရဲ့ အဓိက ဟောကြားချက်က  ဘာလဲ”ဟု ဆက်မေးပြန်သည်။ သစ္စာလေးပါးနှင့်ဘ၀လွတ်မြောက်ရာအကြောင်းတို့ကို ရှင်းပြသည်။ ထိုအထဲတွင် အနိစ္စသဘောတရားအကြောင်း ပါသွားသည်။ “Nothing last forever ဘယ်အရာမှ မမြဲဘူး”ဟူသော စကားကြားလိုက်သည်နှင့် ဒကာမတစ်ယောက် မျက်နှာ နီရဲသွားခဲ့သည်။ အနည်းငယ် ဒေါသဖြစ်နေဟန်ဖြင့် “မင်း ပြောစမ်း၊ ပြောစမ်း …. အဲဒီ မမြဲတဲ့အထဲမှာ ဘုရားသခင် ပါသလား”ဟု မေးသည်။ “ငါ ဘယ်ဘာသာကိုမှ ပုတ်ခတ်ချင်လို့ မဟုတ်ဘူး၊ မင်းတို့ မေးလို့ ငါဖြေရတာ၊ ငါ အမှန်အတိုင်း ဖြေမယ်၊ ဘယ်ပုဂ္ဂိုလ်၊ ဘယ်နတ်၊ ဘယ်ဘုရားမှ ထာဝရ မတည်ရှိဘူး”ဟုဆိုလိုက်သောအခါ ဗျစ်တောက်ဗျစ်တောက် (အီရန်စကားဖြစ်ဟန်တူသည်)ပြောပြီး “ငရဲသွားသွားမယ့်ကောင်တွေ”ဟုဆိုကာ ထွက်ခွါသွားခဲ့လေသည်။ “ဘုရား၊ ဘုရား”ဟု တ ကျန်ခဲ့ရသည်။

(၅)
ပီနန်ကျောင်းသည် ကမ္ဘာလှည့်ခရီးသည်များ နေ့စဉ်နှင့်အမျှ ၀င်ထွက်သွားလာနေကြသည်ဖြစ်ရာ ကမ္ဘာအနှံ့အပြားမှ ယဉ်ကျေးမှုပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ စိတ်နေစိတ်ထားပေါင်းစုံတို့ စုဝေးတတ်လေသည်။ ထိုခရီးသည်များတွင် ဥရောပ၊ အမေရိကမှ ခရီးသည်အများစုမှာ ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြ ရှိတတ်ကြသည်။ သူတို့သိလိုသည်များကို ပွင့်ပွင့်လင်းလင်း မေးကြဆွေးနွေးကြ လုပ်ဖြစ်သည်။ အရှေ့အလယ်ပိုင်းနိုင်ငံများဖြစ်သော အီရန်၊ အီရတ်၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗျ၊ ဂျော်ဒန် စသော နိုင်ငံများမှ လာသောခရီးသည်များက သုံးမျိုးသုံးစားလောက် ရှိမည်ဟု ခန့်မှန်းရသည်။ အချို့က ဘုရားဆောင်ထဲရောက်သည်နှင့် ဘယ်သူ့ကိုမှ အရေးလုပ်ဟန်မပြဘဲ ဗုဒ္ဓရုပ်ပွားတော်များနှင့် သံဃာများကို ခပ်တည်တည်နဲ့ ကြည့်သွားကြသည်။ အချို့က အလွန်ဖော်ရွေပွင့်လင်းပြီး ချစ်စရာကောင်းသည်။ အခြားအရှေ့အလယ်ပိုင်းနိုင်ငံများထက် အီရန်သူ၊ အီရန်သားများက များသောအားဖြင့် ပွင့်လင်းရိုးသားပြီး ချစ်စရာကောင်းသည်။ နောက်တစ်မျိုးမှာ မျက်လုံးအကြည့်ကအစ ရန်လိုဟန်ဖြစ်နေပြီး “မင်းတို့က အလ္လာဟ်အရှင်ဖန်ဆင်းထားတဲ့ လူလူချင်း ကိုးကွယ်တယ်၊ ထာဝရဘုရားရဲ့ ကူညီစောင့်မမှုကို မင်းတို့ ဘယ်လိုလုပ် ရနိုင်ပါ့မလဲ”ဟု ပြောဆိုတတ်ကြသည်။ “မင်းတို့ ဂေါတမဘုရားမှာ စွမ်းအားတွေရှိနေမယ်ဆိုတာတော့ ငါတို့ အထိုက်အလျောက် လက်ခံလို့ ရတယ်၊ မင်းတို့ သိထားရမှာက ဂေါတမဘုရားမှာရှိတဲ့ စွမ်းအားတွေက အလ္လာဟ်အရှင်မြတ်ပေးထားတာ၊ လူသားဆိုတာ ထာဝရဘုရားက ပေးထားတဲ့စွမ်းအင်လောက်သာ ပိုင်ဆိုင်နိုင်တယ်။ မင်းတို့ နားလည်ရဲ့လား”လို့ ဆရာကြီးလေသံဖြင့် ခါးထောက်ပြီး လာပြောသူများလည်း ရှိတတ်သည်။ ထိုသို့သောသူများနှင့်တွေ့လျှင် ဘုရားသာ တ နေခဲ့ရသည်။

(၆)
ဗုဒ္ဓဘာသာတို့ ဘုရား တ ခြင်းမှာ ဘုရားထံမှာ တစ်ခုခု ရလိုသဖြင့် တောင်းခြင်း၊ တခြင်း မဟုတ်ပေ။ မိမိတို့ဘ၀ တည်ငြိမ်အေးချမ်းရေး၊ တစ်နည်းအားဖြင့် လောကီ၊ လောကုတ္တရာ တိုးတက်ကြီးပွားရေးအတွက် နည်းပေးလမ်းပြ လုပ်ပေးတော်မူသော ဆရာအရှင်မြတ်စွာဘုရားကို အောက်မေ့တသ၊ အမှတ်ရခြင်းမျှသာ ဖြစ်လေသည်။ လောကီချမ်းသာများ ရဖို့အတွက် ဥုံဖွဆိုပြီး ရွှေ၊ ငွေများ လာပေးသော ဘုရားမဟုတ်။ ရွှေငွေများ တိုးတက်ကြီးပွားရေးအတွက် လုပ်နည်းလုပ်ဟန်များ ညွှန်ပြပေးသောဘုရားသာ ဖြစ်လေသည်။

ထမင်းငတ်နေသူတို့အတွက် ထမင်းများ ပေါင်မုန့်များ မိုးပေါ်က ပစ်ချပေးသော ဘုရားမဟုတ်၊ ထမင်းမငတ်အောင် မည်သို့နေရမည်၊ မည်သို့ကျင့်ရမည်ဟု လမ်းပြသော ဘုရားသာ ဖြစ်လေသည်။ သူ့ကို ယုံကြည်ရုံမျှနှင့် ဘ၀ထွက်မြောက်ရာလမ်းပေါ်သို့ မ တင်ပေးသော ဘုရားမဟုတ်။ ဘ၀ထွက်မြောက်ရာ အေးငြိမ်းရာသို့ လမ်းညွှန်ပေးသော ဘုရားသာလျှင် ဖြစ်လေသည်။ ဗုဒ္ဓဘုရားရှင်ကို ကယ်တင်ရှင်ဘုရားအဖြစ် လက်ခံလိုလျှင် ကိုယ့်ဘ၀၊ ကိုယ့်အဆင့်အတန်း မြင့်မားအောင် နည်းပေးခြင်း၊ အကြံပေးခြင်းများဖြင့်သာ ကယ်တင်သောဘုရားဖြစ်သည်၊ ဥုံဖွဆိုပြီး ကယ်တင်သောဘုရား မဟုတ်ဆိုသည်ကို နားလည်ထားရကြပေမည်။

စစ်မှန်သောဗုဒ္ဓဘာသာတစ်ယောက်ဆိုသည်မှာ ကိုယ့်ဦးနှောက်နှင့် ကိုယ့်ကြွက်သားများကို ယုံကြည်သူများ ဖြစ်ကြလေသည်။


Sunday, July 24, 2011

ချိုသော စကားနှင့် ခါးသီးသော ရင်ဘက်များ



(၁)
တစ်ခါက ဂျပန်နိုင်ငံမှာ ဘန်ကိုင်ဆိုတဲ့ ဘုန်းတော်ကြီးတစ်ပါး ရှိခဲ့ဖူးတယ်။ ဘုန်းတော်ကြီးနေတဲ့ ကျောင်းဘေးမှာ မျက်စိကန်းနေတဲ့ လူတစ်ယောက်လည်း နေထိုင်ပါတယ်။

ဘုန်းတော်ကြီး ပျံလွန်တော်မူသွားတဲ့နောက် အဆိုပါ မျက်စိကန်းနေသူက “ကျွန်ုပ်က မျက်စိကန်းနေတဲ့အတွက် လူတွေရဲ့ မျက်နှာတွေကို မမြင်ရဘူးပေါ့၊ ဒီတော့ ကျွန်ုပ်က လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တကို ပြောတဲ့စကားသံနဲ့ အကောင်းအဆိုး ဆုံးဖြတ်ရတာပေါ့လေ။ သာမန်အားဖြင့်တော့ လူတစ်ယောက်ဟာ အခြားသူတစ်ယောက်ယောက်ရဲ့ အောင်မြင်မှု ဒါမှမဟုတ် ပျော်ရွှင်မှုအတွက် ၀မ်းသာပါတယ်ဗျာလို့ ပြောလိုက်တဲ့အခါ သူ့စကားသံထဲမှာ မနာလိုတဲ့ စိတ်ကလေး နောက်ခံရှိနေတာကို ကျွန်ုပ် သတိပြုမိတယ်။

နောက်ပြီးတော့ လူတစ်ယောက်ဟာ အခြားသူတစ်ဦးဦး ကံကြမ္မာဆိုးတွေ ကြုံတွေ့လို့ ၀မ်းနည်းကြောင်းစကား ပြောတဲ့အခါမှာ သူ့အသံထဲမှာ ကျေနပ်မှု၊ ပီတိဖြစ်မှုတစ်ခုခု ပါနေတာကို ကျွန်ုပ် သတိပြုမိတယ်။

ဒါပေမယ့်ဗျာ … ကျွန်ုပ် အသံတွေကို သုံးသပ်တဲ့အတွေ့အကြုံအရ ဘုန်းတော်ကြီး ဘန်ကိုင်ရဲ့ အသံဟာ အမြဲတမ်းကို ရိုးသားမှုတွေနဲ့ ပြည့်နှက်နေတယ်။ သူဟာ ပျော်ရွှင်မှုကို ဖော်ပြခဲ့ရင် ကျွန်ုပ်အနေနဲ့ သူ့အသံထဲကနေ ပျော်နေတဲ့အသံကလွဲပြီး ဘာသံမှ မကြားရဘူး။ သူ ၀မ်းနည်းမှုကို ပြောနေပြီဆိုရင်လည်း ကျွန်ုပ်အနေနဲ့ တကယ့်ကို ၀မ်းနည်းနေတဲ့အသံကိုပဲ ကြားရတယ်”လို့ ပြောပြပါတယ်။

(၂)
ဇင်ဇာတ်လမ်းလေးထဲက မျက်စိမမြင်သူရဲ့ စကားလေးကို ဖတ်ပြီးတော့ မိမိတို့ နေ့စဉ်ဘ၀ စကားသံလေးတွေကို နားထဲမှာ ကြားယောင်မိပါတယ်။ စကားသံလေးတွေကတစ်ဆင့် ပြောသူရဲ့ အဇ္ဈတ္တတွေကိုလည်း ပြေးမြင်မိပါတယ်။

(၃)
အမေရိကန်က အီရတ်နိုင်ငံကို ၀င်တိုက်တဲ့အခါက လူတွေ အများကြီး သေကြေပျက်စီးကြရတယ်။ ကမ္ဘာတစ်ဝှမ်းမှာ “၀မ်းနည်းပါတယ်”လို့ ကမ္ဘာ့ခေါင်းဆောင်တွေ ပြောကြတယ်။ နောက်နားက လစ်ဗျားကို တိုက်ခိုက်တဲ့အခါကလည်း အပြစ်မဲ့ ပြည်သူတွေ သေကြတော့ “စိတ်မကောင်းပါဘူး”လို့ လူတွေ ပြောကြတယ်။ အစ္စရေးက လေကြောင်းကနေ ဂါဇာကမ်းမြောင်ဒေသကို တိုက်ခိုက်ဖျက်ဆီးတော့ “ရှုတ်ချပါတယ်”လို့ အော်ကြတယ်။

တစ်ပြိုင်နက်ထဲမှာပဲ “ဒီကုလားတွေ ဒီလိုလေးလည်း ဖြစ်ပေးအုံးမှ”ဆိုပြီး နိဂုံးသတ်လိုက်ကြတဲ့ အသံတွေလည်း ကြားရတယ်။

ဒီလိုပါပဲ …. နေ့စဉ်ဘ၀မှာ “စိတ်မကောင်းလိုက်တာကွာ” “ကိုယ်ချင်းစာပါတယ်ကွာ” “၀မ်းနည်းမိပါတယ်” … စတဲ့ စကားတွေနဲ့ အခြားသူတွေ ဒုက္ခ၊ သောက ဖြစ်နေချိန်မှာ ပြောတတ်ကြတယ်။ အခြားတစ်ဖက်မှာလည်း အခြားသူတွေ သုခတွေ၊ အောင်မြင်မှုတွေ ရလိုက်တဲ့အချိန်မှာ “မင်းအတွက် ဂုဏ်ယူပါတယ်ကွာ” “၀မ်းသာပါတယ်” “ကွန်ဂရက်ကျူလေးရှင်း” … စတဲ့ စကားတွေ ပြောတတ်ကြတယ်။

“ဒီစုံတွဲကတော့ လိုက်ဖက်ညီလိုက်တာ” “သူ စီးလာတဲ့ ကားကြီးက ကောင်းလိုက်တာ” “သူတို့ အဆင်ပြေနေတာ တွေ့ရတော့ ၀မ်းသာလိုက်တာ” “သူ စီးပွားပျက်သွားတာ စိတ်ကို မကောင်းဘူး” “သူတို့ အိမ်ထောင်ရေး အဆင်မပြေတာတွေ့ရတာ ၀မ်းနည်းမိတယ်” “ဒီကောင် အောင်မြင်သွားတော့ ကိုယ်လည်း အတော်ပျော်မိတယ်”

ဇင်ဇာတ်လမ်းထဲက မျက်စိမမြင်သူသာ ဆိုရင် အဆိုပါ အသံတွေရဲ့ မရိုးသားမှုကို ထုတ်ဖော်နေပါလိမ့်မယ်။ ဒီလိုပါပဲ … နေ့စဉ်ပြောနေကျစကားတွေထဲက အသံလေးတွေကို ဂရုတစိုက် ဝေဖန်ဆန်းစစ်ကြည့်ရင် အသံနဲ့ တကယ့်ရင်တွင်း ခံစားချက်ကို ကွဲကွဲပြားပြားကြီး မဟုတ်ရင်တောင် ရိပ်ဖမ်းသံဖမ်းတော့ နားလည်သဘောပေါက်မိမယ် ထင်ပါတယ်။

(၄)
နေ့စဉ် ပြဿနာပေါင်းများစွာရဲ့ မြစ်ဖျားခံရာကို သေချာကြည့်ရင် “အသံ”တွေများ ဖြစ်နေမလားလို့ ထင်မိပါတယ်။ လူတွေဟာ နေ့စဉ် စကားတွေ ပြောနေပေမယ့် ပြောလိုက်တဲ့ စကားနဲ့ သူတို့ရဲ့ ရင်တွင်းက အစစ်အမှန် ခံစားချက်၊ သဘောထားတွေဟာ များသောအားဖြင့်လို့ ဆိုရလောက်အောင် ကွဲပြားနေတတ်ကြတယ်။

ရှေ့မှာတော့ ကိုယ်ချင်းစာတရား လက်ကိုင်ထားသလိုလို ပြောပြီး သူ့ အဇ္ဈတ္တမှာ သူတစ်ပါးဒုက္ခအတွက် ကြည်နူးနေတဲ့ စိတ်တွေ ပြည့်နေတတ်ကြတယ်။ လူရှေ့မှာ မုဒိတာတရားနဲ့အညီ ၀မ်းမြောက်နေသလိုလိုနဲ့ သူ့ရင်ထဲမှာ မနာလိုမှုကြောင့် ဖြစ်ပေါ်တဲ့ အမုန်းတရားတွေ ပွားစီးနေတတ်ကြပြန်တယ်။ ဒီလိုနဲ့ လူတွေဟာ “ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး”ဆိုတဲ့ ဝေါဟာရကို ကမ္ဘာမြေအနှံ့ ပြန့်ပွားအောင် လုပ်ဖြစ်သွားကြတယ်။ (လုပ်ဖြစ်သွားကြတယ်လို့ ထင်ပါတယ်)။

(၅)
စာရေးသူတို့ လူ့လောကကလည်း ခက်တယ်လေ။ “မင်းကလည်းကွာ … စိတ်ထဲရှိတိုင်း ပြောလို့ ဖြစ်မလားကွ၊ ဒီလိုပဲ လူရှေ့တော့ ကြည့်ကောင်းအောင် ပြောရတာပေါ့”တဲ့။ ဒါကလည်း (ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ) ထောက်ခံလိုက်ရမယ့် စကားတစ်ခွန်း ဖြစ်နေပြန်တယ်လေ။ စာဖတ်သူကော ဘယ်လိုများ တွေးမိသလဲ။ စကားနဲ့ အစစ်အမှန် ခံစားချက်ကို ထပ်တူ ဖြစ်အောင် ကြိုးစားရမှာလား ဒါမှမဟုတ် ကြည့်ကောင်းအောင် (ဂျန်းတဲလ်မန်း - လူကြီးလူကောင်းဆန်ဆန်) ပြောရမှာလား။ သို့မဟုတ် စိတ်ထဲမပါဘဲ ကြည့်ကောင်းအောင် ပြောတတ်ရင် ဂျန်းတဲလ်မန်း - လူကြီးလူကောင်းဆန်တယ်လို့ ဆိုရသလား။ ဆိုနိုင်သလား။ အားလုံး ခက်ကုန်ကြပြီ ထင်ပါရဲ့။ တကယ့်ခံစားချက်အတိုင်း စကားအသံတွေ ဖြစ်နေကြရင် အကောင်းဆုံးပေါ့။

(၆)
နောက်ဆုံးတော့ မြတ်စွာဘုရား ဟောထားတဲ့ စကားခြောက်ခွန်းထဲက
-      မှန်လည်းမှန်၊ အကျိုးလည်းရှိ၊ လူကြားချင်
-      မှန်လည်းမှန်၊ အကျိုးလည်းရှိ၊ လူတော့ မကြားချင်
ဆိုတဲ့ မြတ်စွာဘုရား ပြောတတ်တဲ့ စကားနှစ်ခွန်းနဲ့ ချိန်ထိုးသုံးသပ်ပြီး ပြောနိုင်ကြရင်တော့ သဘာဝကျသွားမယ် ထင်ပါတယ်။

(၇)
စိတ်ထဲမှာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ “ကြည့်ကောင်းအောင်”ဆိုတဲ့ ဆင်ခြေလေးနဲ့ ဆက်လက်ပြီး စကားတွေ ဖောင်ဖွဲ့နေရအုံးမှာလား။ ဒါမှမဟုတ် အဲဒီလို ပြောနေရတဲ့ လောကကြီးကို စိတ်ကုန်ပစ်လိုက်ရမှာလား ….. ကဲ … ဘယ်လိုလဲ … 

ခါးသီးသော ရင်ဘက်များမှ ချိုသာသော စကားများသံများ .....

Tuesday, July 19, 2011

ဓမ္မိကာရာမမြန်မာကျောင်း၊ ၀ါဆိုပွဲအခမ်းအနား မှတ်တမ်းဓာတ်ပုံများ

မလေးရှားနိုင်ငံ၊ ပီနန်မြို့၊ ဓမ္မိကာရာမမြန်မာကျောင်းတွင် နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်သော ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင်လ၊ ၁၆-ရက်၊ စနေနေ့၊ ည ၈-နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။ ယခုနှစ် ပီနန်ကျောင်းတွင် ပီနန်ဆရာတော်ဘုရားကြီး အပါအ၀င် ၀ါဆိုသံဃာ ၅-ပါး ရှိပါသည်။ တာဝန်ခံဆရာတော် ဦးဝိစိတ္တ၊ ဦးဇောတိပါလ၊ ဦးအနိရုဒ္ဓါလင်္ကာရ၊ အမေရိကန်ရဟန်းတော် ဦးသောပါကနှင့် စာရေးသူတို့ ဖြစ်ပါသည်။

အခမ်းအနားကို ည ၈-နာရီတွင် စတင်ခဲ့ပါသည်။ ကျောင်းကော်မတီအဖွဲ့ အကျိုးတော်ဆောင် မစ္စတာယပ်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။ အခမ်းအနားကို ပီနန်ဆရာတော်ကြီး သင်ကြားလမ်းညွှန်ထားသည့်အတိုင်း ရတနာသုံးပါးကို ရှိခိုးပြီး စတင်ခဲ့သည်။ တာဝန်ခံဆရာတော် ဦးဝိစိတ္တထံမှ ငါးပါးသီလကို ခံယူပြီး ကျောင်းဝတ်ရွတ်စဉ်ကို ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ပြီးလျှင် စာရေးသူမှ ၀ါဆိုအဓိပ္ပာယ်၊ ၀ါဆိုသင်္ကန်းအကြောင်း၊ ၀ါဆိုသင်္ကန်းဆက်ကပ်သည့်ဓလေ့ဖြစ်ပေါ်လာပုံ စသည်တို့ကို ရှင်းလင်းဟောကြားခဲ့ရသည်။ ပြီးလျှင် သံဃာတော်များအား ၀ါဆိုသင်္ကန်းနှင့် အခြားလှူဖွယ်များကို လှူဒါန်းကြသည်။ မြန်မာအခမ်းအနားများနှင့် မတူသည်မှာ ကြွရောက်လာသော ပရိသတ်များက သံဃာတော်များအား ၀ါဆိုဖယောင်းတိုင်များ လှူဒါန်းကြခြင်း ဖြစ်သည်။ ၀ါဆိုဖယောင်းတိုင် လှူဒါန်းခြင်းဖြင့် အနန္တော အနန္တငါးပါးအပေါ် ပြစ်မှားခဲ့သည်များ ရှိခဲ့လျှင် ကျေပျောက်နိုင်သည်ဟု ယုံကြည်ကြသည်။

နောက်ဆုံးအနေဖြင့် သံဃာတော်များဦးဆောင်ပြီး ၀ါဆိုဖယောင်းတိုင်ကို ထွန်းညှိကာ ကျောင်းတိုက်စေတီကို လှည့်လှည်ပူဇော်ကြသည်မှာ ကြည်နူးစရာ ကောင်းလှပါသည်။ ည ၉-နာရီကျော်ခန့်တွင် ကော်မတီအဖွဲ့ဝင်များနှင့် စုပေါင်းဓာတ်ပုံရိုက်ပြီး ၀ါဆိုပွဲအခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြပါသည်။




























































နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails