Friday, April 29, 2011

ပုံပြင်တစ်ပုဒ်၊ ဘ၀တစ်ခု



(၁)

မြတ်စွာဘုရားရှင်သည် သုတ္တန်တစ်ခုတွင် ပုံပြင်လေးတစ်ပုဒ်ကို ပြောပြခဲ့ဖူးသည်။ (ထေရ၀ါဒတွင်တော့ ပါပုံမရ)။ 

တစ်ခါက ခရီးသွားတစ်ယောက်သည် လယ်ကွင်းပြင်တစ်ခုကို ဖြတ်ကျော်ခရီးသွားနေခဲ့သည်။ ထိုစဉ် ကျားတစ်ကောင်သည် ရုတ်တရက် သူ့နောက်ကနေ လိုက်သဖြင့် အမောတကော ပြေးနေခဲ့သည်။ ချောက်ကမ်းပါးတစ်ခုသို့ တိုင်လာခဲ့သည်။ ခရီးသွားသည် ချောက်ကမ်းပါးတွင် တွယ်ကပ်နေသော နွယ်ပင်စတစ်ခုကို ကောက်ဆွဲလိုက်ပြီး တွဲလောင်းချနေလိုက်သည်။ နွယ်စကို လက်ကလွှတ်ဖို့ ကြည့်လိုက်သောအခါ ချောက်ကမ်းပါးအောက်တွင်လည်း ကျားကြီးတစ်ကောင်က စားဖို့ပြင်နေတာကို တွေ့လိုက်ရသည်။ 

ခရီးသွားခမျာ အပေါ်သို့လည်း တက်မဖြစ်၊ အောက်လည်း ဆင်းမရ။ တွဲလောင်းသာနေနေရသည်။ ထိုစဉ် ကြွက်ဖြူတစ်ကောင်နှင့် ကြွက်မည်းတစ်ကောင်က သူကိုင်ထားသော နွယ်ကြိုးကို ကိုက်ဖြတ်နေကြသည်။ ထို့အပြင် သူကိုင်ထားသော နွယ်ကိုင်းဘေးတွင် အရသာအလွန်ထူးမည့်ပုံရှိသော စတော်ဘယ်ရီသီးလေးကို တွေ့လိုက်ရသည်။ စားချင်လွန်းအားကြီးသဖြင့် လက်တစ်ဖက်ဖြင့် နွယ်ကြိုးကို ကိုင်ပြီး အခြားလက်တစ်ဖက်ဖြင့် စတော်ဘယ်ရီသီးကို ခူးစားလိုက်ပြီး အာမေဋိတ်တစ်ချက် ပြုလိုက်သည်။
“အား အရသာရှိလိုက်တဲ့ အသီး”

(၂)

စာရေးဆရာကြီးများလည်း ရေးကြသည်။ တရားဟောသူများလည်း ဟောကြသည်။ ဆုံးမစကား ပြောသူများလည်း ပြောကြသည်။ ထို့ကြောင့် ထိုပုံပြင်လေးကို လူအတော်များများ ကြားဖူးကြသည်။ စာရေးသူလည်း ကြားဖူးနေတာ ကြာပါပြီ။ အထူးသဖြင့် ဆရာကြီး နန္ဒာသိန်းဇံက ထိုပုံပြင်လေးကို အထူးတလည် ပြောပြောပြတတ်သည်။ သို့ရာတွင် ပုံပြင်လေးက အနည်းငယ် ကွဲပြားသည်။ ဆရာကြီးပုံပြင်ထဲတွင် ချောက်ကမ်းပါး မဟုတ်၊ ရေတွင်းပျက်ကြီး ဖြစ်သည်။ ရေတွင်းပျက်ထဲတွင် မြွေနဂါးကြီးက စောင့်နေသည်။ ဤပုံပြင်ထဲကလို စတော်ဘယ်ရီသီးလည်း မဟုတ်၊ ပျားရည်စက်လေးဖြစ်သည်။ သို့ရာတွင် အနှစ်သာရနှင့် တင်စားချက်လေးများက အတူတူပင် ဖြစ်သည်။ ဆရာကြီးက ဘ၀ကို ဤပုံပြင်နှင့် တင်စားပြသည်။ နားထောင်ရတိုင်း နှစ်သက်မိကြသူ များသည်။

(၃)

လူတစ်ယောက်အနေဖြင့် ဘ၀တစ်ခု ရလာပြီဆိုလျှင် ကျားတစ်ကောင် နောက်ကနေ လိုက်လာနေသလို ရှိသည်။ ပြေးရလွှားရ ရုန်းရ ကန်ရသည်။ မွေးဖွားခြင်းသည်ပင် ကျားလိုက်ခံရသလို ဒုက္ခတစ်မျိုးပင် ဖြစ်လေသည်။ မွေးဖွားလာပြီဆိုလျှင် မှီတွယ်စရာတစ်ခုခုတော့ ရှာရသည်။ မှီတွယ်စရာအဖြစ် ဆုပ်ကိုင်လိုက်သည့်အခါတိုင်း မည်သည့်အရာမျှ စိတ်မချရ။ လူတို့၏ ဘ၀ရပ်တည်ချက်သည် ပုံပြင်ထဲက နွယ်ကြိုးလေးမျှသာ ဖြစ်နေတတ်လေသည်။ မတည်ငြိမ် စိတ်မချရသည့်အထဲ ကောင်းခြင်းနှင့်မကောင်းခြင်းဟူသော လုပ်ဆောင်ချက်များဖြင့် ဘ၀ရပ်တည်ချက်လေးက တစ်ဖြည်းဖြည်း မှုန်ဝါးဆွေးမြေ့လာနေရသည်။ ပုံပြင်ထဲက ကြွက်ဖြူနှင့် ကြွက်မဲက ကောင်းမှုနှင့်မကောင်းမှုကို ထင်ဟပ်ပြနေခြင်းဟု နားလည်မိသည်။ “ငါ့ဘ၀ ရပ်တည်ချက်က မခိုင်မြဲဘူး၊ စိတ်မချရဘူး”ဆိုပြီး ကိုယ့်ရပ်တည်ချက်လေးကို စွန့်လိုက်လျှင်လည်း သေခြင်းတရားက အရံသင့်စောင့်နေသည်။ “နောက်ပိုင်းဆိုတာ စိတ်မချရဘူး၊ အခု ရပ်တည်ချက်လေးမှာပဲ တွယ်ကပ်နေမယ်”ဆိုပြီး နွယ်ကြိုးကို ထာဝရ ဆုပ်ကိုင်ထား၍လည်း မရပြန်၊ ကောင်းမှုနှင့်မကောင်းမှုဆိုသော ကြွက်နှစ်ကောင်နှင့်တူသော ကံတရားက တစ်ဖြည်းဖြည်းနှင့် ဇီဝန်ခြွေနေပြန်သည်။ သို့ရာတွင် လူသားအနေဖြင့် စတော်ဘယ်ရီသီးလေးတော့ စားခွင့်ကြိုက်လိုက်သည်။

(၄)

စာဆက်မရေးဘဲ အခန်းပြင်ထွက်လိုက်သည်။ ပီနန်ကျွန်း နေက အတော်ပူလောင်သည်။ သို့ဖြင့် အခန်းထဲ ပြန်ဝင်ပြီး ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်ရင်း ပုံပြင်လေးကို ဘ၀ထဲ သွင်းကြည့်သည်။ အောက်က စောင့်နေသော ကျားကြီးကိုလည်း တွေ့လိုက်ရသည်။ ကိုက်ဘ၀ကို ကိုက်ဖြတ်နေသော ကြွက်ဖြူနှင့် ကြွက်မည်းနှစ်ကောင်ကိုလည်း တွေ့လိုက်ရသည်။ “အော် … သူတို့ကိုက်နေတာ ငါ့ဘ၀ကြိုးလေး တစ်ဝက်ကျိုးလုပါပေါ့လား”လို့ မြည်တမ်းမိလိုက်သည်။

“ပုံပြင်ထဲက စတော်ဘယ်ရီသီးလေးက ငါ့ဘ၀ထဲက ဘာလေးများ ဖြစ်နေမလဲ”ဟု တွေးကြည့်လိုက်သောအခါ အဖြေမရနိုင် ဖြစ်နေခဲ့သည်။ စတော်ဘယ်ရီသီးလေးလောက်သာ အရသာခံခွင့်ရှိနေတဲ့ ဘ၀တွေမှာ အဓိပ္ပာယ်များအတွက် ဘယ်လောက် တန်ဖိုးရှိနေမလဲဆိုတာလောက်တော့ အတွေးနယ်ချဲ့နေမိခဲ့လေသည်။

Wednesday, April 27, 2011

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails