Monday, March 28, 2011

ခပ်ပါးပါးလေး ပြောကြည့်မယ်


(၁)
တန်ဇန်နှင့် အိကိဒိုဆိုတဲ့ ဘုန်းကြီးလေးနှစ်ပါး ခရီးအတူ သွားနေကြတယ်။ လမ်းတစ်လျှောက်မှာ ရွှံ့တွေဗွက်တွေ ထူလို့နေပါတယ်။ မိုးကလည်း သည်းကြီးမည်းကြီး ရွာနေတုန်းပဲ။ ချောင်းဆုံလေးနားရောက်တော့ ပိုးသား ကီမိုနိုဝတ်စုံလေးနဲ့ အလွန်ချစ်စရာကောင်းတဲ့ ကောင်မလေးကို တွေ့လိုက်ကြတယ်။ ရေတွေက ကြီးနေတော့ ကောင်မလေးက ချောင်းကို ဖြတ်မကူးရဲဘူး။ တန်ဇန်ဆိုတဲ့ ဘုန်းကြီးလေးက ရောက်ရောက်ချင်းမှာပဲ “ကောင်မလေး … လာ”ဆိုပြီး တစ်ဖက်ကမ်းကို ပွေ့ခေါ်သွားခဲ့တယ်။

အီကီဒိုဆိုတဲ့ ဘုန်းကြီးလေးက တော်တော် စိတ်ဆင်းရဲသွားတယ်။ ဒါပေမယ့် အဲဒီအကြောင်းကို ဘာမှ ဖွင့်မပြောခဲ့ဘူး။ သူတို့နေတဲ့ ကျောင်းကို ရောက်ပြီး ညအချိန်အထိပဲ။ စိတ်ထဲမှာ တအုံနွေးနွေး ဖြစ်နေခဲ့တယ်။ နောက်ဆုံးတော့ သူ မမြိုသိပ်နိုင်တော့လို့ “ဟေ့.. တန်ဇန်၊ မင်း နေ့ခင်းက ကောင်မလေးကို ပွေ့ပြီး တစ်ဖက်ကမ်းကို ပို့ပေးခဲ့တယ်။ ငါတို့ ဘုန်းကြီးတွေဆိုတာ မိန်းကလေးတွေကို ကိုင်လို့ မရဘူးလေကွာ၊ အထူးသဖြင့် မင်းပွေ့ခဲ့တဲ့ ငယ်ငယ်ချောချောလေးတွေကိုပေါ့။ ဒါ တအား အန္တရာယ်ကြီးတာ သိရဲ့သားနဲ့၊ မင်းဘာလို့ လုပ်ခဲ့တာလဲ”လို့ ပြောပစ်လိုက်ပါတယ်။

ဒီတော့ တန်ဇန်ဆိုတဲ့ ဘုန်းကြီးလေးက “အော် ….. ငါက ကောင်မလေးကို တစ်ဖက်ကမ်းကနေ ပွေ့ပြီး တစ်ဖက်ကမ်းမှာ ထားခဲ့ပြီလေကွာ၊ မင်းက ကောင်မလေးကို အခုထိ ပွေ့ထားတာကိုးကွ”လို့ ဆိုလိုက်ပါတယ်။

(၂)
တက္ကသိုလ်မှာ ဆရာကြီး နန္ဒာသိန်းဇံ သင်တန်း တက်ခဲ့စဉ်က မကြာခဏ ကြားရတတ်တဲ့ ဇာတ်လမ်းလေးပါ။ ဆရာကြီးက လူ့စိတ်အကြောင်း ပြောတိုင်းလိုလို ဒီဇာတ်လမ်းလေးကို ထည့်ပြောတတ်ပါတယ်။ ဇာတ်လမ်းလေးက တိုတိုလေးပေမယ့် အားပြိုင်မှုက အပြည့်၊ စဉ်းစားစရာ၊ အငြင်းပွားစရာတွေက အပြည့်ပါပဲ။ ယုတ္တိနည်း(logical)နဲ့ စဉ်းစားမလား၊ စိတ်ပညာ (Psychological) နည်းနဲ့ပဲ ပြောကြမလား။ ဒဿနိကဗေဒ(Philosophy)နည်းနဲ့ပဲ ဆိုကြမလား။ ဗုဒ္ဓ၀ိနည်းနဲ့အညီ ဆွေးနွေးကြမလား။ အများကြီးပါပဲ။

(၃)
ဒီပုံပြင်လေးကို ပြောပြပြီး တရုတ်ကျောင်းသူလေးတစ်ယောက်နဲ့ ကျောင်းသားသုံးယောက်ကို မေးဖြစ်တော့ သူတို့က တန်ဇန်းဘက်က အပြည့်အ၀ ရပ်တည်ပါတယ်။ 100% လုံးဝ မလျှော့ဘူးလို့ ဆိုပါတယ်။ သူတို့ပြောတဲ့အထဲမှာ စကားတစ်ခွန်းက မျက်လုံးပြူးစရာ ဖြစ်ခဲ့ရတယ်။ “တန်ဇန်ကို ရှုတ်ချဖို့ ကြိုးစားတဲ့ ဘယ်ဆင်ခြေကိုမှ အထင်မကြီးဘူး”ဆိုတဲ့ စကားပါပဲ။

(၄)
တစ်နေ့ ကျောင်းမှာ ပရိတ်ရေ ဖြန်းပေးနေတုန်း အီရန်ကမ္ဘာ့လှည့်ခရီးသွားတွေ ရောက်လာတယ်။ အဲဒီထဲက ဘာသာရေးတွေအကြောင်း ကျမ်းရေးနေတယ်ဆိုတဲ့ တက္ကသိုလ်ဆရာမတစ်ယောက် ပါလာတယ်။ ဖော်ဖော်ရွေရွေပါပဲ။ ထုံးစံအတိုင်း နိုင်ငံရေးအကြောင်း စရတာပေါ့။ အမာဒီနီဂျက်ကို ကြိုက်လားဆိုတော့ စက်ဆုပ်တယ်လို့ ဆိုပါတယ်။ “ငါမေးသမျှ အီရန်လူမျိုးတိုင်းက အမာဒီနီဂျက်ကို မကြိုက်ဘူး ပြောကြတယ်။ ဒီလိုဆို ဘာလို့ သူ့သက်တမ်းက ရှည်နေရသလဲ”ဆိုတော့ “မင်းတို့ နိုင်ငံကော မင်းတို့ အစိုးရကို ကြိုက်တဲ့သူ ဘယ်နှစ်ယောက်ရှိလို့ စစ်အစိုးရ သက်တမ်းရှည်နေတာလဲ”တဲ့။ ပြီးရော။

“မင်းကျမ်းက ဗုဒ္ဓဘာသာအကြောင်း ဘာတွေ ပါမှာလဲ”လို့ မေးဖြစ်တော့ “ဗုဒ္ဓဆိုတာ (၃၇)ပါးမြောက် နတ်တစ်ပါး ဖြစ်တဲ့အကြောင်း……….”စသဖြင့် ပြောနေပါတယ်။ “ဟေ့ နေပါအုံး …. မင်းပြောနေတာ မှားနေတယ်၊ မင်းပြောတဲ့ ၃၇-မင်းနတ်ဆိုတာ သိပ်အဆင့်အတန်းရှိတဲ့ နတ်တောင် မဟုတ်ဘူး၊ ဘယ်က သိရတာလဲ၊ ဘယ်ကအချက်အလက်တွေလဲ”လို့ မေးတော့ သူဖတ်တဲ့စာအုပ်တွေ အွန်လိုင်းကနေ ပို့ပေးမယ်လို့ ဆိုပါတယ်။ ပြောချင်တာက ဒါမဟုတ်ဘူး။

“ဒါနဲ့ မသိလို့ မေးချင်တယ်၊ မင်း မိန်းမရှိလား”တဲ့။ “ဟဟဟ… ဒို့က မိန်းကယူလို့ မရဘူး”…..အဖြေက ဒီလောက်နဲ့ မရပ်ဖြစ်ခဲ့ဘူး…..“မိန်းမဆို သူတို့အသားကိုတောင် ထိလို့ မရဘူး”လို့ ဆိုတော့ “ဒါဆိုရင် စောစောက မင်း ကောင်မလေးတွေကို ပရိတ်ကြိုးတွေ ချည်ပေးနေတာ သူတို့လက်ကို ကိုင်နေတာပဲ”တဲ့။

(၅)
အဲဒီစကားလေးကို အွန်လိုင်းကနေ သူငယ်ချင်းနဲ့ ပြောနေဖြစ်တယ်။ “ငါကွာ … အဲဒီစကားကို ဘာမှ မဖြေနိုင်ခဲ့ဘူး”လို့ဆိုတော့ “မင်းကလည်း ဘာခက်တာမှတ်လို့၊ သာယာတဲ့စိတ်မဖြစ်ရင် ဘာအပြစ်မှ မရှိဘူး”လို့ ဖြေလိုက်ပြီးတာပဲလို့ အကြံပေးပါတယ်။ သူငယ်ချင်း အကြံပေးသလို ဖြေဖို့ စိတ်ကူးရှိခဲ့ပါတယ်။ ဒါပေမယ့် “ချောလှနေတဲ့ ကောင်မလေး လက်ကို ကိုင်တာ မင်း နည်းနည်းကလေးမှ သာယာတဲ့စိတ်မဖြစ်ဘူးလား”လို့ မေးလာရင်…..ဆိုတဲ့အတွေးနဲ့ မဖြေဖြစ်ခဲ့ပါဘူး။ ငယ်ငယ်က စာသင်တိုက်က ဆရာတော် မိန့်ကြားခဲ့တဲ့စကားတစ်ခွန်းကလည်း ကြားယောင်လို့ပေါ့ “ထက်ထက်မိုးဦးက ပန် ပန် ပန်ဆိုပြီး ပြုံးပြနေတာကိုမှ မင်း ကြည့်မကောင်းဘူးဆို မင်း ဂန်ဒူးလားကွ”။

(၆)
ပီနန်းဆရာတော်ကြီး ပြောပြောနေတဲ့ အဖြစ်အပျက်တစ်ခု ရှိပါတယ်။ တစ်ခါက ဘုန်းကြီးတစ်ပါးက ၀ိနည်းအရာမှာ တော်တော်နာမည်ကြီးတယ်တဲ့။ ဦးဇင်းလေးတစ်ပါးကလည်း ၀ိနည်းကို အရမ်း တတ်ကျွမ်းချင်နေတာ။ နောက်ဆုံး ၀ိနည်းနာမည်ကြီးဘုန်းကြီးနေတဲ့နေရာကို သိသွားခဲ့တယ်။ တစ်နေ့တော့ ဦးဇင်းလေးဟာ ဘုန်းကြီးနေတဲ့ကျောင်းကို ရောက်လာခဲ့တယ်။ ရောက်ရောက်ချင်း ဘုန်းကြီးကို မတွေ့တော့ လိုက်ရှာတယ်။ နောက်ဆုံး ၀ိနည်းဘုန်းကြီးက သရက်ပင်ပေါ်မှာ ခါးတောင်းကျိုက်ပြီး သရက်သီးခူးနေတယ်တဲ့။ ဦးဇင်းလေးကို လှမ်းပြောလိုက်သေးတယ် “ဒီတောင်းပြည့်ရင် ဆင်းခဲ့မယ်ဟေ့”တဲ့။ ဦးဇင်းလေး စိတ်ညစ်သွားတယ်… (သရက်သီးခူးတာ ၀ိနည်းအရ အပြစ်ရှိတယ်။)။ သရက်ပင်ပေါ်က ဆင်းတော့ ဦးဇင်းလေးကို ရှင်းပြတယ်။ “ဦးဇင်းလေး…. ဦးဇင်းက ၀ိနည်းတတ်ချင်တာလား၊ ၀ိနည်းကျင့်ချင်တာလား။ ၀ိနည်းတတ်ချင်ရင် ကျုပ် သင်ပေးမယ်။ ၀ိနည်းကျင့်ချင်ရင် ကျုပ်ဆီမလာနဲ့”တဲ့။ ဦးဇင်းလေး သဘောကျသွားတယ်။

(၇)
မြန်မာနိုင်ငံက ၀ိပဿနာနာမည်ကြီး ဆရာတော်တစ်ပါး အနောက်နိုင်ငံတစ်ခုကို ရောက်သွားတယ်။ သူဟောဟောနေတာက ၀ိပဿနာ၊ အရာရာဟာ မမြဲဘူး။ ဆင်းရဲတယ်။ အစိုးမရဘူး။ ဘာကိုမှ တွယ်တာမနေနဲ့။ ဒီလိုပဲ အမြဲဟောတယ်။ သူ့ကြည့်ရတာ ကြည်ညိုဖို့ သိပ်ကောင်းတယ်။ အမြဲတမ်း သင်္ကန်းလေးကို သပ်သပ်ရပ်ရပ်ကလေး။ အပြောအဆိုက တကယ့်ကို တရားထူး ရထားသူတစ်ယောက်လို။ စကားပြောရင် အေးအေးကလေး၊ ယဉ်ယဉ်ကလေး။ ၀ိနည်းလည်း လေးစားတယ်တဲ့ (လူတွေ အဆို)။ သူက ပိုက်ဆံ မကိုင်ဘူးတဲ့။ စာအိတ်ကိုတော့ ထိတယ်။ (ဒီနေ့ခေတ်မှာ အရီရဆုံး ဟာသပြကွက်တွေပေါ့)။ အခု သူ မြန်မာမှာ ကျောင်းလုနေတယ်။ အမှု မပြီးသေးဘူး။ ဘာမှ မမြဲဘူးတရားကိုတော့ ဆက်လက်ဟောနေဆဲပဲ။ ကြည်ညိုဖွယ်အမူအရာလေးတွေတော့ လုပ်နေဆဲပဲ။ ဆိုလိုချင်တာက သူဟာ အမူအရာနဲ့အကျင့် တစ်ခြားစီပဲ။ တဖြည်းဖြည်းနဲ့ ဟန်ဆောင်ခြင်းဟာ လက်ရှိကျင့်သုံးနေတဲ့ ဗုဒ္ဓဘာသာ (အမြင်ဗုဒ္ဓဘာသာ၊ မြတ်စွာဘုရားရှင်ဟောတဲ့ ဗုဒ္ဓဘာသာမဟုတ်ဘူး)ရဲ့ အဓိက ကိစ္စတစ်ရပ်လို ဖြစ်နေတယ်။

(၈)
ဘုန်းကြီးလေးနှစ်ပါးကနေ စလာခဲ့တဲ့ ဇာတ်လမ်း အဆုံးသတ်ကြည့်ရအောင်။ စာဖတ်သူကော တန်ဇန်အမြင်နဲ့ အီကီဒိုအမြင် …. ဘယ်အမြင်ကို လက်ခံနိုင်မလဲ။ (ဆင်ခြေတွေ မထည့်ဘဲ သာမန် စဉ်းစားခြင်းပေါ့။ ဥပမာ … ကူညီမယ့်သူ ပေါ်လာမှာပါ၊ သူ မကူလည်း တစ်ယောက်ယောက်က ကူမှာပါ…စသဖြင့်ပေါ့။) အီကီဒိုကတော့ မြန်မာဘုန်းကြီး အများစုနဲ့ တူနေမယ်ထင်တယ်။ သူက စာအုပ်ထဲကအတိုင်း လျှောက်ပြောတတ်သူ။ တကယ်မကျင့်ဘဲ စာအုပ်ကြီးနဲ့ ဒုက္ခရောက်နေသူ။ တန်ဇန်ကတော့ ဗြဟ္မစိုရ်နဲ့ လူ့ကျင့်ဝတ်ကို လက်တွေ့ကျကျ ကျင့်သုံးသူ။

(၉)
ဒီအကြောင်းတွေကို ပြောတဲ့အခါ ဒီထက် ပိုမိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့တော့ လိုတာပေါ့။




Sunday, March 27, 2011

Middle Way

Joe the Middle Way Compress

Saturday, March 19, 2011

ကမ္ဘာကြီးက ရက်စက်တယ်တဲ့လား


အလွန်ပူနေသော တစ်ရက်က ဖြစ်ပါသည်။ အခန်းအပြင်ထွက်လို့ မနေနိုင်အောင် ပူသည်။ ခန်းစီးလိုက်ကာကို မကြည့်လိုက်တော့ ပြီးလုဆဲဆဲ ကျောင်းဆောင်သစ်ကြီးပေါ်တွင် အလုပ်လုပ်နေကြသူများကိုလည်း တွေ့နေရသည်။ ပူပြင်းလှသော နေရောင်အောက်တွင် ပင်ပင်ပန်းပန်း လုပ်နေကြတာကို တွေ့ရတော့ စိတ်ထဲမှာ မကောင်း။ သို့ရာတွင် သူတို့မှာ အပေါ်က နေရောင်နဲ့ ပင်ပန်းနေပေမယ့် ကိုယ့်မှာလည်း နေပူသာ မခံရတယ်၊ ဂုတ်ကြောတွေ၊ ခါးတွေလည်း ညောင်းကိုက်နေပါသည်။ လူတိုင်းလူတိုင်းမှာ အပူတွေ ဒုက္ခတွေ ရှိနေတတ်ကြတာပဲဟု ဖြည့်တွေးမိသည်။
ကွန်ပြူတာရှေ့တွင် တကုပ်ကုပ် အလုပ်ရှုပ်နေစဉ် ကျောင်းသားတစ်ယောက် ပြေးလာသည်။ “ဦးဇင်း ဂျပန်မှာ ဆူနာမီ ၀င်နေတယ်”ဟု အမောတကော ဆိုသည်။ ရင်ထဲမှာ ထင့်ခနဲ ဖြစ်သွားသည်။ အင်တာနက်ကနေ ဘီဘီစီ ၀က်ဘဆိုက်ကို ဖွင့်ကြည့်လိုက်သည်။ ထိတ်လန့်တုန်လှုပ်ဖွယ် လှိုင်းလုံးကြီးများက ဖူကူရှီးမားမြို့ကလေး တရကြမ်း ၀ါးမြိုနေသည်။ သင်္ဘောကြီးများပင် မြို့ထဲကို ဒလိမ့်ခေါက်ကွေး မျောပါနေသည်။ တံတားတွေ ပြိုသည်။ အိမ်တွေ ပျက်သည်။ လူတွေ သေသည်။ လူတွေ ငိုသည်။ သတင်းတွေ ကြည့်ရင်း ၀မ်းတွေ နည်းနေမိသည်။

သဘာဝဘေးအန္တရာယ်ကို မည်သူတွေ အန်တုနိုင်ပါမည်နည်း။ ယနေ့ခေတ်ကို သိပ္ပံပညာခေတ်ဟု လူတွေ တင်စားပြောဆိုနေကြသည်။ အမှန်တကယ် တင်စားလောက်အောင်ပဲ သိပ္ပံပညာတွေ ထွန်းကားသည်။ ပူပြင်းသည့်နေရောင်အောက်တွင် အေးအေးလူလူနေလို့ ရအောင် အဲယားကွန်းတွေ ထွင်သည်။ ချမ်းအေးလွန်းသည့် အအေးဓာတ်ကို အန်တုဖို့ ဟိတာ(အပူပေးစက်)တွေ ဖန်တီးသည်။ နေရာတကာ စက်ပစ္စည်းတွေ ထွင်ပြီး လူတွေကို ကူညီသည်။ အချို့နေရာများတွင် လူအစား စက်ရုပ်(ရိုဘော့)များကိုပင် တီထွင်ခိုင်းစားနေကြသည်ကို တွေ့နိုင်သည်။ 

ခရီးသွားလာရေး အဆင်ပြေဖို့အတွက် လေယာဉ်ကြီးတွေ ဖန်ဆင်းသည်။ သင်္ဘောကြီးတွေ ဖန်တီးသည်။ ဇိမ်ခံကားတွေ ထုတ်လုပ်သည်။ လျှပ်စစ်ပစ္စည်းမျိုးစုံကို ကမ္ဘာ့နေရာအနှံ့အပြားတွင် တွေ့နေရသည်။ ခေတ်ပေါ်အသုံးအဆောင်များဖြင့် လူသားသည် လှပခန့်ငြား တင့်တယ်လှသည်။ သိပ္ပံပညာက ဖန်ဆင်းပေးလိုက်သည့်အရာများဖြင့် လူသားများ ၀င့်ဝါလို့ မဆုံး၊ ဂုဏ်ယူလို့ မကုန်၊ ၂၁-ရာစုမှာ လူဖြစ်ရတာ နတ်ပြည်မှာ နတ်သားပဲ ဖြစ်နေရသလိုလို ပျော်နေကြပုံရသည်။

စက်မှုပစ္စည်းများကို ဘိန်းစွဲသလို စွဲနေသော လူသားများကြောင့် စက်မှုပစ္စည်းတွေ တစ်နေ့တစ်မျိုး မရိုးရအောင် ထုတ်သူက ထုတ်သည်။ ဖြန့်သူက ဖြန့်သည်။ တဖြည်းဖြည်းနှင့် လူသားသည် စက်မှုပစ္စည်းများ၏ ကျေးကျွန်ဖြစ်မှန်းမသိ ဖြစ်လာခဲ့သည်။ ၀ယ်လိုအားများလာသောကြောင့် စက်မှုပစ္စည်းများသည် တစ်နေ့တစ်ခြား အမျိုးမျိုး တိုးလာရသည်။ စက်မှုပစ္စည်းတွေ တိုးလာခြင်းသည် လူသားများအတွက် ကောင်းပါသည်။ သို့ရာတွင် စက်မှုပစ္စည်းတွေ တိုးလာလေလေ ကမ္ဘာကြီးမှာ အန္တရာယ်အတွင်းသို့ သက်ဆင်းနေလေလေ ဖြစ်နေသည်ကို လူသားများ သတိမမူနိုင် (သတိမူမိသော်လည်း အရေးမစိုက်နိုင်)ဖြစ်ခဲ့ကြသည်။

လူသားတို့ သုံးစွဲနေကြသော ကြွပ်ကြွပ်အိတ်များ၊ သိန်းသန်းချီနေသော ကားများမှ ထုတ်လွှတ်လိုက်သော လောင်စာဆီ အငွေ့များ၊ အဲယားကွန်းပေါင်းများစွာမှ ထုတ်လွှတ်လိုက်သော အပူငွေ့များ၊ လူတို့ စားကုန်သုံးကုန်များ ထုတ်လုပ်ပေးနေသော စက်ရုံပေါင်းများစွာမှ အခိုးအငွေ့များ…..ထိုအရာများသည် လူသားတို့အတွက် အဆင်ပြေကောင်းအဆင်ပြေနေနိုင်သော်လည်း ကမ္ဘာမြေကြီးကို စိတ်ပျက်စေပါလိမ့်မည်။ သို့ဖြစ်၍ ကမ္ဘာမြေကြီးက ပြန်လည် ဒဏ်ခတ်သည်။ သဘာဝဘေးအန္တရာယ်များမှာ ကမ္ဘာမြေကြီးက ဒဏ်ခတ်လိုက်ခြင်းပင် ဖြစ်သည်။

လူသားတို့သည် နေ့စဉ်နေ့တိုင်း အချိန်ရှိသရွေ့ ကမ္ဘာမြေကြီးနှင့် ကမ္ဘာ့လေထုကို နှိပ်စက်သည်။ ရက်ရက်စက်စက် ပြုမူသည်။ ကမ္ဘာမြေကြီး မကြိုက်သော အငွေ့များကို ထုတ်လွှတ်သည်။ ကမ္ဘာမြေကြီး ရွံရှာသော ကြွပ်ကြွပ်အိတ်များကို စည်းမဲ့ကမ်းမဲ့ စွန့်ပစ်သည်။ လူသားတို့ တီထွင်ဖန်တီးလိုက်သော စက်ပစ္စည်းများမှ ထုတ်လွှတ်သော အငွေ့များနှင့် နေ့စဉ်နေ့တိုင်း အသက်ရှူကြပ်စွာ ရပ်တည်နေရသည်။ အိုဇုန်းလွှာလည်း ပေါက်ပြဲနေပြီ။ ကမ္ဘာမြေကြီးအနေဖြင့် လူသားများကို အသိဉာဏ်ရှိအောင် နိမိတ်အမျိုးမျိုး ပြသည်။ အယ်လ်နီညို၊ လာနီညာနှင့် ရာသီဥတုများ ပြောင်းလဲဖြစ်ပေါ်ပေးခြင်းဖြင့် လူသားကို အသိဉာဏ်ရှိအောင် ပြောပြသည်။ သို့ရာတွင် လူသားက အသိဉာဏ်ကင်းမဲ့လျှက်ပင် ရှိလေသည်။ လူသားများ၏ ရက်စက်သော ဒဏ်ကို ကမ္ဘာမြေကြီးခမျာ ကြည်ရှည် သီးခံနိုင်စွမ်းမရှိ ဖြစ်လာခဲ့သည်။

အမှန်အားဖြင့် သဘာဝလောက ဤမြေကမ္ဘာသည် လူသားတို့အတွက် သူ့မှာရှိသမျှ အားအင်များဖြင့် ပြုစုစောင့်ရှောက်ထားသည်။ သို့ရာတွင် လူသားတို့ကား ကျေးဇူးတင်ရမှန်း မသိ။ ကမ္ဘာပေါ်တွင် နေထိုင်ပြီး ကမ္ဘာကြီးကို လျစ်လျူရှုသည်။ နှစ်ကာလပေါင်း ထောင်သောင်းချီပြီး လူသားတို့သည် ကမ္ဘာကြီးအပေါ်တွင် ရက်စက်ကြမ်းကြုတ်စွာ ပြုမူဆက်ဆံခဲ့ကြသည်။ လူသားများအတွက်ရော၊ ကမ္ဘာကြီးအတွက်ပါ အန္တရာယ်အလွန်များလှသော အနုမြူများကိုပင် သူ့ထက်ငါ ဦးအောင် သာအောင် တီထွင်ဖန်တီးကြသည်။ ကမ္ဘာကြီးက ပညာအမျိုးမျိုး ပြသည်။ ထိုအခါ လူသားက ငိုကြွေးမြည်တမ်းသည်။ “ရက်စက်လိုက်တာ ကမ္ဘာကြီးရယ်”ဟူ၍။ ထိုအသံကို ကမ္ဘာကြီးက ကြားသောအခါ “တော်တော် တရားမျှတတဲ့ လူတွေပဲ”ဟုပြောရင်း ဟားတိုက်ရယ်မောနေခဲ့လေသည်။

Monday, March 14, 2011

မြန်မာနိုင်ငံ ရယ်ရွှင်ဖွယ် ဂိုဏ်းကွဲများ



အားလုံးသိတဲ့အတိုင်း မြန်မာနိုင်ငံမှာ သံဃာ့ဂိုဏ်းခွဲတွေ အများကြီး ရှိပါတယ်။ ရွှေကျင်၊ သုဓမ္မာ၊ ဒွါရ၊ မူလဒွါရ၊ မဟာဒွါရ၊ အနောက်ချောင်းဒွါရ၊ စတုဘုမ္မိက၊ ဝေဠုဝန် … စသဖြင့်ပေါ့လေ။ ဂဏ၀ိမုတ် (ဂိုးဏ်းလွတ်ဂိုဏ်း)ဆိုတာက ပါသေးတယ်။ ရယ်ဖို့လည်း အတော်ကောင်းပါတယ်။ ဒွါရကလည်း ကြည့်လေ… မူလဒွါရ၊ မဟာဒွါရ၊ အနောက်ချောင်းဒွါရ ဆိုပြီး ထပ်ကွဲပြန်တယ်။ ရွှေကျင်မှာလည်း ရွှေကျင်၊ တောရရွှေကျင်ဆိုပြီး အယူစွဲသူက ရှိသေးတယ်။ နေရင်းထိုင်ရင်း ဘယ်ဂိုဏ်းမှ မပါချင်လို့ ကိုယ့်ဟာနဲ့ကိုယ် အသာနေတာတောင် သူ့အဖွဲ့ကို ဂဏ၀ိမုတ် (ဂိုဏ်းလွတ်ဂိုဏ်း)လို့ စာရင်းသွင်းလိုက်ပြန်တယ်။
ရွှေကျင်ဂိုဏ်း ကွဲတာဆိုရင် ဘာမှ ဟုတ်တဲ့ကိစ္စ မဟုတ်ဘူး။ ရှေးဆရာတော်ကြီး (အချို့)ဟာ ၀ိနည်းလေးစားတာတော့ ဟုတ်ပါတယ်။ အတ္တက အတော်ကြီးကြပါတယ်။ ရွှေကျင်ဂိုဏ်းကွဲတာဆိုရင် သဘောထားသေးသိမ်လို့ ဖြစ်ရတာပဲ။ မြတ်စွာဘုရားတောင် သံဃာညီညွတ်ရေး အားပေးသေးတာ။ အခုတော့ သံဃာချင်းတူတာကို ဟိုကျောင်းက ကိုယ်တော်ကတော့ ဘာ၊ ဒီကျောင်းက ကိုယ်တော်ကျတော့ ဘာနဲ့ သံဃာကို သံဃာလို့ မမြင်နိုင်ရှာကြပဲ ပုဂ္ဂိုလ်ကို သွားမြင်ကြတော့ ဂိုဏ်းတွေက မကွဲသင့်ဘဲ ကွဲကုန်ကြတယ်။ ဂိုဏ်းကွဲတော့ သူ့အုပ်စု၊ ကိုယ့်အုပ်စုနဲ့ ညီညွှတ်ရေး မဖြစ်တော့ဘူး။
ရွှေကျင်ဆရာတော်ဘုရားကြီးကြောင့် ရွှေကျင်ဂိုဏ်း၊ ရွှေကျင်အုပ်စု ဖြစ်သွားတာက အရေးမကြီးဘူးပဲ ထားလိုက်ပါအုံး။ နေရင်းထိုင်ရင်း သုဓမ္မာဇရပ်မှာ ညီညီညွတ်ညွတ် နေထိုင်တဲ့ သံဃာတွေက သုဓမ္မာဂိုဏ်းဖြစ်သွားရတယ်။ တကယ်တော့ သုဓမ္မာက ဂိုဏ်းမှ မဟုတ်တာ။ မြတ်စွာဘုရားရှင်ရဲ့သာသနာမှာ သံဃာအချင်းချင်း ညီညီညွတ်ညွတ်နဲ့ ဘာ(သီးသန့်) ထွင်လုံးမှ မပါဘဲ ရိုးရိုးသားသား နေထိုင်ကြတဲ့ သံဃာတွေပါ။ ရွှေကျင်ဂိုဏ်းဖြစ်တာနဲ့ ရွှေကျင်ဂိုဏ်းဝင်တွေကလွဲတဲ့ သံဃာတွေက နေရင်းထိုင်ရင်း သုဓမ္မာဂိုဏ်းဝင်တွေ ဖြစ်သွားခဲ့ရတယ်။ အမှန်က သမိုင်းကြောင်းပြန်ကြည့်ရင် သုဓမ္မာဆိုတာ ဘာဂိုဏ်းမှ မဟုတ်ပါဘူး။
နောက် ဒွါရဂိုဏ်းတဲ့။ သြကာသမှာ (ကျန်တဲ့အယူအဆ အသေးအမွှားလေးတွေလည်း ပါသေးတယ်ပေါ့လေ) ကျန်ဂိုဏ်းတွေက ကာယကံ၊ ၀စီကံ၊ မနောကံ လို့ ဆိုတာကို မသင့်လျှော်ဘူး။ ကာယဒွါရ၊ ၀စီဒွါရ၊ မနောဒွါရလို့ ဆိုမှ မှန်တယ်ဆိုတော့ ဒွါရဂိုဏ်းက တိုးလာရပြန်ရော။ အော် … ဒုက္ခ၊ ဒုက္ခ..လို့ တ..နေရပါတယ်။ ဒွါရဂိုဏ်းမှာလည်း မူလဒွါရ၊ မဟာဒွါရ၊ …. ကွဲပြန်ရော…။ အော် … ဘုရား… ဘုရား..လို့ တ..နေရပြန်ရော။ အုပ်စုတွေက ကွဲလည်း ကွဲနိုင်လွန်းတယ်။ အားမနာတမ်းဆိုရရင် ကင်းကောင်ပြောသလို “အဲဒါ မြန်မာကွ”လို့ ဆိုရမလိုပါပဲ။
အဖြစ်အပျက်လေးတစ်ခု ကြားဖူးတယ်။ အနောက်တိုင်းသား ဒကာတစ်ယောက်က မြန်မာနိုင်ငံ သာသနာအခြေအနေကို လေ့လာတယ်တဲ့။ လေ့လာတော့ ဂိုဏ်းကွဲတွေ အများကြီး ရှိနေတာကို သွားတွေ့တယ်။ ဒီဂိုဏ်းတွေအကြောင်းကို ဆရာတော်ကြီးတစ်ပါးပါးထံကို သွားမေးမှပဲဆိုပြီး စုံစမ်းတော့ ရွှေကျင်ဂိုဏ်းက ဆရာတော်ကြီးတစ်ပါးထံ ရောက်သွားတယ်တဲ့။
ဒကာ = အရှင်ဘုရား မြန်မာမှာ ဂိုဏ်းကွဲတွေ အများကြီး ရှိတယ်လို့ သိရပါတယ်။ အရှင်ဘုရားက ဘာဂိုဏ်းလဲ။
ဆရာတော် = ကျုပ်က ရွှေကျင်ဂိုဏ်းပါ။
ဒကာ = ရွှေကျင်ဂိုဏ်းမှာ ပိဋကတ် ဘယ်နှစ်ပုံရှိပါသလဲ။
ဆရာတော် = သုံးပုံပါ။
ဒကာ = အော် သုံးပုံပဲလား။ ဒါဆိုရင် အခြားဂိုဏ်းက ပိဋကတ်သုံးပုံနဲ့ ဘာကွာပါသလဲ။
ဆရာတော် = ဘာမှ မကွာပါဘူး။
ဒကာ = အော် … အံ့သြစရာပဲ။ ပိဋကတ်သုံးပုံဆိုတဲ့ ကျမ်းဂန်တူရဲ့သားနဲ့ ဂိုဏ်းကွဲလို့ ဆိုရသေးလား။
ဆရာတော် = အင်း … ဆိုရတာပေါ့။ ပိဋကတ်တူပေမယ့် ကျင့်တာက မတူဘူး။
ဒကာ = ထူးဆန်းလှချည်လား ဆရာတော်။ ပိဋကတ်သုံးပုံဆိုတဲ့ လမ်းညွှန်ချက် တူရဲ့သားနဲ့ ကျင့်တာက ဘယ်လိုများ ကွဲသွားရတာလဲ။
ဆရာတော် = ရွှေကျင်က စည်းကမ်းကြီးတယ်၊ မြတ်စွာဘုရား ပညတ်ခဲ့တဲ့ ၀ိနည်းတော်နဲ့အညီ နေထိုင်ကြပါတယ်။
ဒကာ = ရွှေကျင်က စည်းကမ်းကြီးတယ်ဆိုတော့ သုဓမ္မာနဲ့အခြားဂိုဏ်းတွေက အကျင့်ပျက်တယ်လို့ ဆိုချင်တာလား။ နောက်ပြီး အခြားဂိုဏ်းတွေက မြတ်စွာဘုရား ပညတ်ခဲ့တဲ့ ၀ိနည်းတွေကို ပယ်သလား။ ၀ိနည်းနဲ့အညီ မနေကြဘူးလား။
ဆရာတော် = အဲ့ဒီလိုလည်း ဟုတ်ပါဘူး။ ရွှေကျင်က အပြင်သွားရင် သင်္ကန်းရုံရတယ်။ ဆေးလိပ်မသောက်ဘူး။ ကွမ်းမစားဘူး။ …….။
ဒကာ = အော် .. ပိုထူးဆန်းသွားပြီ ဆရာတော်။ ဆရာတော် ပြောသလိုဆို သုဓမ္မာက အပြင်သွားရင် သင်္ကန်း မရုံရ၊ ဆေးလိပ်သောက်ရမယ်။ ကွမ်းစားရမယ်လို့ စည်းကမ်းပညတ်ထားလို့လား။ အဲဒီပညတ်တော် စည်းကမ်းတွေက ၀ိနယပိဋကတ်ကနေ ပယ်ထုတ်ထားလို့လား။
ဆရာတော် = စည်းကမ်းတော့ မပညတ်ထားပါဘူး။ သူတို့ ၀ိနည်းနဲ့ ကျုပ်တို့ ရွှေကျင်ဝိနည်းနဲ့လည်း အတူတူပါပဲ။
ဒကာ = အော် … ဒါဆိုရင် ရွှေကျင်နဲ့ သုဓမ္မာ အတူတူပဲပေါ့ ဆရာတော်။ လိုက်နာခြင်း၊ မလိုက်နာချင်းက ဂိုဏ်းနဲ့မှ မဆိုင်တာ။ ပုဂ္ဂလိက ကိစ္စပဲ။ ရွှေကျင်မှာ ကွမ်းစားသူမရှိဘူး၊ ဆေးလိပ်သောက်သူ မရှိဘူးလို့ ဆရာတော် အာမခံနိုင်ပါသလား။ သုဓမ္မာကိုယ်တော်တွေကရော အားလုံး ဆေးလိပ်နဲ့ကွမ်းကို စားကြပါသလား။ ဒီတော့ ရွှေကျင်နဲ့သုဓမ္မာ အတူတူပေါ့။
ဆရာတော် = တော် တော်… ဟေ့ကောင်တွေ၊ အဲဒီအဖြူကောင်ကို ဆွဲထုတ်သွားစမ်း။ ဘာတွေ လာမေးနေမှန်း မသိဘူး။ အေး ပြောလိုက်မယ်။ မတူဘူးကွ။ ဘယ်တော့မှ ရွှေကျင်နဲ့ သုဓမ္မာ ဘယ်တော့မှ မတူဘူး။ ဟင်းးးး (ဗလုံးဗထွေး ဒေါသတကြီးနဲ့ တစ်ပါးတည်း ရေရွတ်နေတော့တယ်)
ဒီအဖြစ်အပျက်လေးကို တွေ့မိတော့ အော် … မြန်မာတွေ မြန်မာတွေ ….. ကွဲရ ပြဲရတာ တော်တော် ၀ါသနာပါကြပါလားလို့။ သာသနာဘောင်က ဒီလို ကွဲနေမှတော့ အော် လူတွေ ကွဲတာ ဘာများ ဆန်းသေးလို့လည်း ….. ကွယ်။

Thursday, March 10, 2011

The young girl sentenced to death


The young girl in this video was sentenced to death by an ISLAMIC Court because she did not want to marry an old man the family arranged for her!  This is NOT Al Qaeda or the Taliban, but MUSLIMS following SHARIA LAW!

I am passing this on as I feel that everyone should see this. I cannot support a religion that espouses these ideals as law. Even if the majority of people following that religion are non violent and peace loving, by not speaking out, or trying to stop it, they are supporting this abysmal practice.
The Christian religions are no saints!!! but they stopped torturing people and condemning them to death in the name of their religion Centuries ago. It is time for the 'people of Islam' (the men, as women have no voice) to speak out to their leaders and stop this outrage!!! Murdering women because they don't want to do something! And the way they go about it it like animals, not a shred of compassion.
Ultimatley, it must be understood that religion and God are different. The Islamic religion is run by men saying this is what God told the phrophet to do! If you are Christan or Muslim you worship the same God. Do you really believe God said to Mohammed that it's ok to take a young woman, smash her face in, pull down her skirt, smash her brains out with a besser block while video recording her on your mobile phone????? 

Please keep sending this on!!!! Eventually it will start getting to the peaceful Muslims, especially the women, who have probably never even thought about it. Because it will be up to them to stop it, not us. 
 

From mail....

Wednesday, March 9, 2011

ပီနန်က ကလေးမလေးများနှင့် စကားစမြည်

မလေးရှားနိုင်ငံ၊ ပီနန်မြို့၊ မန်ဒရိန်းအထက်တန်းကျောင်းက ကျောင်းသူလေးတွေပါ။ သူတို့က ဓမ္မိကာရာမမြန်မာကျောင်းသမိုင်း၊ ဘုန်းကြီးဝတ်ကြခြင်းအကြောင်း၊ ဗုဒ္ဓဘာသာအကြောင်း ဆိုတဲ့ အချက်အလက်သုံးခုကို အခြေတည်ပြီး မေးခွန်းလေးတွေ မေးကြတယ်။ သူတို့လေးတွေက အသက် ၁၅-နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် သူတို့ သိတဲ့အသိက ဦးဇင်းတို့ မြန်မာတွေနဲ့စာရင် အတော်ကို သိနေကြတယ်လို့ သုံးသပ်မိတယ်။ အင်တာဗျူးကိုလည်း အင်တာဗျူးနဲ့တူအောင် မေးကြတယ်။ ဥပမာ ဘုန်းကြီးဝတ်တာ ငြိမ်းချမ်းမှုရချင်လို့လို့ ပြောလိုက်တော့ “ဒါဆိုရင် လူတွေက မငြိမ်းချမ်းနိုင်တော့ဘူးလား”တဲ့။ 

နောက်ပြီး ဓမ္မိကာရာမမြန်မာသမိုင်းကြောင်း ပြောတဲ့အခါ “ဒီမြန်မာကျောင်းကြီးက နှစ်ပေါင်း ၂၀၀-ကျော်နေပြီ”လို့ ပြောတော့ “အဲဒီအချိန်က မင်း ဘယ်ရောက်နေပါသလဲ”တဲ့။ ဦးဇင်းကလည်း “ငါက နတ်ပြည်မှာ”လို့ ပြောလိုက်တယ်။ နှစ်ပေါင်း ၂၀၀-ကျော်နေပြီပြောတော့ အထောက်အထား ရှိပါသလားလို့ ပြောပါသေးတယ်။ “ဟိုမှာ ကျောက်စာရှိတယ်၊ သွားကြည့်ကြစို့”ဆိုတော့ သူတို့ ကျောက်စာကို အသေအချာ ဖတ်ကြတယ်။ ပြီးတော့ သူတို့ မေးလိုက်တဲ့ မေးခွန်းအတွက် အဖြေမပေးနိုင်ခဲ့ဘူး။ “ဒီကျောက်စာကို ဘယ်ခုနှစ်က ဘယ်သူက ရေးတာလဲ”တဲ့။ “ငါ မသိဘူး”လို့ပဲ ဖြေလိုက်ပါတယ်။ တစ်ယောက်က လာသေးတယ်... “ဒီကျောက်စာကို လွန်ခဲ့တဲ့ ၁၀-နှစ်လောက်က ရေးတယ်ဆိုရင် သမိုင်းကြောင်း မှန်ကန်မှုကို ဘယ်သူက ဘယ်လို အကဲဖြတ်ပေးနိုင်မလဲ”တဲ့။ 

ကျောက်စာကို ဘယ်အချိန်က ရေးတယ်ဆိုတာ အရေးမကြီးပါဘူး။ မင်းတို့ သိချင်တာက ဒီကျောင်းကြီး ဒီနေရာမှာ နှစ်ပေါင်း ၂၀၀-ကတည်းက ရှိခဲ့တယ်ဆိုတာကို မင်းတို့ သက်သေလိုချင်တာ မဟုတ်လားလို့ မေးလိုက်မှ ဟုတ်တယ်လို့ ပြောကြပါတယ်။ “ဒါဆိုရင် မင်းတို့ ကွာလာလမ်ပူက ရှေးဟောင်းသမိုင်းပြတိုက်ကို သွား၊ အဲဒီမှာ ဒို့ကျောင်းနဲ့ ပတ်သက်တဲ့ ဓာတ်ပုံမှတ်တမ်းရှိတယ်၊ သွားကြည့်လို့ ပြောလိုက်တယ်”။ ဝေးလွန်းတယ် မသွားနိုင်ဘူး၊ အဲဒါကို ဓာတ်ပုံရိုက်ထားတာ မရှိဘူးလားဆိုတော့ ဓာတ်ပုံကို ရှာပြီး ပြလိုက်ရသေးတယ်။ ဓာတ်ပုံထဲမှာ ခရစ်နှစ် ၁၈၀၅-ခုနှစ်လို့ ရေးထားတာ ပြလိုက်မှ “အိုး...”တဲ့။ ကလေးမလေးတွေ တအံ့တသြ ဖြစ်သွားကြတယ်။ 

ဟိုပြောဒီပြောတွေကတော့ အများကြီးပဲ။ ပြောချင်တာက “ဒို့ နိုင်ငံက ဒို့ လူမျိုးတွေ ဒီလိုအနေအထားလေးတွေ ဖြစ်လာရင် ဘယ်လောက်ကောင်းမလဲ”ဆိုတဲ့ အတွေးလေးပါ။ အခုတော့ ၁၀-တန်းအောင် ဘွဲ့ရလို့မှ မြန်မာစာ မရေးတတ် (စာနဲ့တူအောင် ရေးတာ ပြောတာ၊ မြန်မာ ၁၀-ယောက် စာရေးတတ်လား လိုက်မေး၊ ရေးတတ်တဲ့သူ တစ်ယောက်လောက်တွေ့တယ်ဆိုရင်ကို အတော်ကံကောင်းလှပြီ)၊ အင်္ဂလိပ်စာဆို ဝေးရော။  ပညာရေးစနစ်က လူနေမှုစနစ်နဲ့ ပျော်ရွှင်ကျေနပ်ဖွယ်ဘ၀ကို အများကြီး ပြောင်းလဲပေးနိုင်ပါလားလို့ တွေးစရာလေးတွေ ရခဲ့ပါတယ်။



Tuesday, March 8, 2011

အိန္ဒိယက ထူးဆန်းတဲ့ ကလေးငယ်

အိန္ဒိယက ထူးဆန်းတဲ့ ကလေးငယ်ပါ။ အသက် ၈-နှစ် ခွဲစိတ်ကုသမှု မလုပ်ခင်အထိ သူ့ဘ၀က အတော့်ကို ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ သူ့သူငယ်ချင်းတွေအလယ်မှာ မျက်နှာငယ်ရတယ်။ သူ့ကို အော်တိုပက်စ်ကလေး (ရေဘ၀ဲကလေး)လို့ ခေါ်ကြတယ်။ 

တချို့က သူ့ကို ဘုရားသခင်ဝင်စားတယ်လို့ ဆိုတယ်။ တချို့က နတ်ဆိုးတစ်ကောင် သူ့ကိုယ်ထဲ ၀င်နေတယ်လို့ ပြောကြတယ်။ အခုတော့ သူ့ကို အောင်မြင်စွာ ခွဲစိတ်ကုသပြီးသွားလို့ ပုံမှန်ဘ၀တစ်ခုကို ဖြတ်သန်းနေနိုင်ပါပြီ။

ဓာတ်ပုံလေးတွေ ကြည့်ပြီး အတော်ထူးထူးဆန်းဆန်း ဖြစ်နေလို့ တင်ပေးလိုက်ပါတယ်။ ဒီလူငယ်လေးဘ၀ကို ကြည့်ပြီး ဘ၀တွေ ထူးခြားဆန်းကြယ်ပုံကို ဆင့်ပွားတွေးနေမိပါတယ်။

Ref: http://funguerilla.com/indian-boy-with-parasitic-twin-growing-out-of-his-chest/
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails