Monday, February 28, 2011

ရိုးသားမှု၊ ပွင့်လင်းမှု


(၁)
ဂျပန်နိုင်ငံ၊ မေဂျီခေတ်၊ တိုကျိုမြို့မှာ ထင်ရှားကျော်ကြားတဲ့ ဆရာနှစ်ဦးရှိတယ်။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အကျင့်စရိုက်ချင်းတော့ မတူကြဘူး။ ရှင်ဂွန်းမြို့က အွန်ရှိုလို့ခေါ်တဲ့ ဆရာတစ်ဦးက မြတ်စွာဘုရားပညတ်ထားတဲ့ အကျင့်သီလတွေကို အပြည့်အ၀ လိုက်နာကျင့်သုံးတယ်။ အရက်၊ ဆေး…စတဲ့ မူးယဇ်စေတတ်တာတွေ မသုံးဘူး။ နေ့ခင်း ၁၁-နာရီကျော်ပြီဆိုရင် ဘာကိုမှ မစားတော့ဘူး။ အင်ပါယာတက္ကသိုလ် ပါမောက္ခတစ်ယောက်ဖြစ်တဲ့ တန်ဇန်းလို့ခေါ်တဲ့ အခြားဆရာကတော့ သီလဆို လုံးဝ ဂရုမစိုက်ဘူး။ စားချင်စိတ်ပေါက်လာရင် စားပစ်လိုက်တာပဲ။ အိပ်ချင်စိတ်ပေါက်လာလို့ကတော့ နေ့ခင်းကြောင်တောင်ကြီးလည်း အိပ်ပစ်လိုက်တာပဲ။ 

တစ်နေ့မှာ အွန်ရှိုဟာ တန်ဇန်းဆီကို သွားလည်တယ်။ အဲဒီအချိန်မှာ တန်ဇန်းက ၀ိုင်သောက်နေတယ်။ တကယ့်ဗုဒ္ဓဘာသာဆိုရင် ဒါမျိုးကို လျှာဖျားနဲ့တောင် တို့တာ မဟုတ်ဘူး။ တန်ဇန်းက အွန်ရှိုကို တွေ့တာနဲ့ “ဟလို ညီမောင်၊ တစ်ခွက်လောက် သောက်ပါအုံး”လို့ နှုတ်ဆက်လိုက်တယ်။ “ကျုပ်လုံးဝ မသောက်ဘူး”လို့ တည်တည်ကြည်ကြည်နဲ့ ပြန်ပြောလိုက်တယ်။ ဒီတော့ တန်ဇန်းက “ခင်များ မသောက်ဘူးဆိုရင် လူဘယ်ဟုတ်တော့မလဲ”လို့ ပြောလိုက်တယ်။ 

“ဟာ…. အရက်မသောက်တာနဲ့ ခင်ဗျားက ကျုပ်ကို လူမဟုတ်ဘူးလို့ ဆိုရသလား၊ ကျုပ်က လူ မဟုတ်ရင် ဘာလဲ”လို့ ဒေါသတကြီးနဲ့ ပြောလိုက်တယ်။ အဲဒီအခါ တန်ဇန်းက စကားတစ်လုံးတည်းနဲ့ ဖြေလိုက်တယ်။ “ခင်ဗျားဟာ လူမဟုတ်ဘူး၊ ဘုရားတစ်ဆူပဲ”။

(၂)
ဒီပုံပြင်လေးအကြောင်း ဆွေးနွေးဖြစ်တော့ သူငယ်ချင်းက “ဒါလေး ဖတ်ပြီးတော့ ဒို့ဆီက ဘုန်းကြီးနှစ်ပါးအကြောင်း သွားသတိရမိတယ်”လို့ ဆိုပြီး ဆက်ပြောပါတယ်။ သူတို့နယ်ဘက်မှာ ဘုန်းကြီးနှစ်ပါးရှိကြောင်း တစ်ပါးက ၀ိနည်းစည်းကမ်းကို အလွန်လိုက်နာတဲ့ ဆရာတော်ကြီးတစ်ပါး။ ဣနြေ္ဒလည်း အလွန်ကြီးတယ်။ သူ့ဆိုရင် တပည့်တွေ၊ ဒကာတွေက အလွန်ကြောက်ကြတယ်။ တစ်ပါးကတော့ စကားပြောတာ ပွင့်ပွင့်လင်းလင်းနဲ့ တည့်ဒိုးပြောတတ်တယ်။ ကွမ်းအလွန်စားတယ်။ ကွမ်းအစ်နဲ့ထွေးခံနဲ့ သွားလေရာ ယူသွားတယ်။ သူ့ထက် ကြီးတဲ့၊ ငယ်တဲ့ ဆရာတွေ လေးလေးစားစား ရိုရိုသေသေ ဆက်ဆံတယ်။ ဒကာဒကာမတွေအပေါ်မှာလည်း အလွန်ငဲ့ညှာတယ်။

ပထမဣနြေ္ဒကြီးတဲ့ ဘုန်းကြီးကို လူတွေကော၊ တပည့်တွေကော ဘယ်သူမှ မလေးစားကြဘူး။ ၀ိနည်းသာ လေးစားတာ၊ စိတ်ကောင်းမရှိဘူးလို့ ပြောကြပါတယ်။ မနာလို၊ ၀န်တိုစိတ်များတယ်။ ဂိုဏ်းဂဏခွဲခြားတယ်။ သူ့ဂိုဏ်းဝင် မဟုတ်ရင် ဘုန်းကြီးမဟုတ်ဘူးလို့ကို ထင်တာ။ အချို့(အချို့) ထေရ၀ါဒဘုန်းကြီးတွေလို နေမှာပေါ့။ ရွှေကျင်မှ ရွှေကျင်၊ ရွှေကျင်ဂိုဏ်းမှမဟုတ်ရင် ဘုန်းကြီးမဟုတ်တော့သလိုလို။ ဆွမ်းအတူမစားချင်တာနဲ့ အတူစကားမပြောချင်တာနဲ့။ တစ်ခါတစ်လေ တချို့(တချို့)ထေရ၀ါဒဘုန်းကြီးတွေက မဟာယာနဆိုရင် တစ်တန်းထဲ မထိုင်ချင်ရတာနဲ့။ ဆွမ်းတစ်ဝိုင်းတည်း မစားချင်ရတာနဲ့။ ကိုယ်က သူတို့ထက် ပိုကျင့်နေရင်လည်း ဟုတ်သေးတယ်။ အခုဟာက ဘာမှလည်း ထူးခြားပြီး ကျင့်တာမရှိဘဲနဲ့ ဟိတ်ဟန်ကြီး လုပ်နေကြတာ။ အချို့(အချို့)ထေရ၀ါဒဘုန်းကြီးတွေက မဟာယာနဆိုတာနဲ့ အထင်သေးချင်ကြတယ်။ တကယ်ဆိုရင် ထေရ၀ါဒထက်တောင် စည်းကမ်းကြီးတဲ့ မဟာယာနတွေရှိတယ်ဆိုတာ မသိကြဘူး။ အခု ဒီဘုန်းကြီးကလည်း အဲ့ဒီလိုပဲ နေတယ်။ အဲဒီတော့ သူ့ကို ဘယ်သူမှ မလေးစားကြဘူး။

နောက်တစ်ပါးကိုတော့ တစ်နယ်လုံးက လေးစားကြတယ်။ ကြည်ညိုကြတယ်။ ဒီနေရာမှာ ကိုယ်မြင်မိတာက ပထမဘုန်းကြီးရဲ့ ပွင့်လင်းတဲ့ ရိုးသားတဲ့ စိတ်ဓာတ်ကိုပဲ။ အစကတော့ စည်းကမ်းမရှိဘူးဆိုပြီး အထင်သေးမိမလို့။ နောက်ဆုံးစကားက သူ့စိတ်ဓာတ်ကို ထင်ဟပ်သွားခဲ့တယ်။

ပထမဘုန်းကြီးက သူ ကျင့်နိုင်လို့ ကျင့်တယ်။ ဒုတိယဘုန်းကြီးက မကျင့်နိုင်လို့ မကျင့်ဘူး၊ ဒါပေမယ့် ကျင့်တဲ့ပုဂ္ဂိုလ်ကို ချီးမွှမ်းတယ်။ အမွှမ်းတင်တယ်။ ကိုယ်မကျင့်နိုင်ဘူးဆိုပြီး ကျင့်တဲ့သူတွေကို အပြစ်မမြင်ဘူး။ “သင်က လူမှ မဟုတ်တာ၊ ဗုဒ္ဓ”တဲ့။

(၃)
“ကိုယ်လည်း သူ့ရဲ့ စိတ်ဓာတ်ကို အတော်လေးစားမိပါတယ်”လို့ စကားရင်း တစ်ယောက်က ထောက်ခံရင်း ပြောလိုက်တယ်။ လောကလူသားတွေအားလုံးရဲ့ နေ့စဉ်ဘ၀တွေမှာ ဒီတရားလေးက ဆိတ်သုဉ်းနေတယ်။ ကိုယ်တော့ မလုပ်နိုင်ဘူး။ လုပ်နိုင်သူက လုပ်လို့ အကျိုးရသွားတဲ့အခါ ချီးမွှမ်းဖို့ နေနေသာသာ အပြစ်ကို ရှာပြီး မကောင်းပြောတတ်ကြတယ်။ ကိုယ့်အပြစ်ကို ဖုံးကွယ်ထားတတ်ကြတယ်။ သူတို့က သူများအပြစ်ကို ပြောရင် ကိုယ့်အားနည်းချက်၊ ကိုယ့်အပြစ်တွေ ပျောက်ကွယ်နေလိမ့်မယ်လို့ ထင်နေတတ်ကြတယ်။ ဒါက မှားနေတဲ့ လူသားတွေရဲ့ အားနည်းချက်တစ်ခုပါပဲ။

ကိုယ့်အမြင်မှာတော့ အပြစ်လုပ်ခြင်း၊ မလုပ်ခြင်း၊ လုပ်နိုင်စွမ်းရှိခြင်း၊ မရှိခြင်း၊ လိုက်နာနိုင်ခြင်း၊ မလိုက်နာနိုင်ခြင်း….အဲဒီဘက်တွေအားလုံးကို သိပ်မကြည့်ချင်ဘူး။ လူတစ်ယောက်ဟာ လုပ်နိုင်တာရှိမယ်၊ မလုပ်နိုင်တာလည်း ရှိမယ်။ အစွမ်းအစရှိတဲ့နေရာ ရှိမယ်။ မရှိတဲ့နေရာ မရှိဘူး။ ဒါက ပြဿနာလို့ မထင်ဘူး။ ပြဿနာက အပြစ်ရှိတာကို မရှိသလို လုပ်ချင်တာ၊ လုပ်နိုင်စွမ်းမရှိဘဲနဲ့ ရှိသလို ဟန်ဆောင်တာ၊ မလိုက်နာနိုင်ဘဲနဲ့ လိုက်နာနိုင်သလို ဟန်လုပ်တာ….ခြုံပြောရရင် ရိုးသားမှုမရှိတာဟာ လောကရဲ့ အကြီးမားဆုံး ပြဿနာပဲ။

(၄)
 စကားဝိုင်းလေး ပြီးသွားတော့မှ သိမ်မွေ့အေးမြသော လေနုအေးလေးတွေ တိုက်ခတ်နေတာကို သတိပြုမိလိုက်ပါတယ်။ ကောင်းကင်ယံမှာ ကြယ်တစ်လုံးက ကြွေကျသွားတာ တွေ့လိုက်တယ်။

Wednesday, February 23, 2011

မွေးနေ့တဲ့ဗျာ...


ဘ၀မှာ အမှတ်တရလေးတွေ လူတိုင်း ရှိနေတတ်ကြတယ်။ ဦးဇင်းမှာလည်း အမှတ်တရလေးတွေ ရှိသပေါ့။ ၂-လပိုင်း၊ ၁၇-ရက်နေ့ဟာ ဦးဇင်းရဲ့ မွေးနေ့။ ဘယ်သောအခါကမှ မွေးနေ့ပွဲရယ်လို့ မလုပ်ခဲ့ဖူးဘူး။ ဘာအထိမ်းအမှတ် ညာအထိမ်းအမှတ်တွေ စိတ်က သိပ်မပါလှဘူး။ အားလည်း မကျခဲ့ဖူးဘူး။ ဒါပေမယ့် တစ်ခါတလေတော့ မွေးနေ့မှာ သူများတွေက အရမ်းတောင်းဆိုလို့ စာအုပ်လေးဘာလေး လက်ဆောင်ပေးခဲ့ဖူးတာတော့ ရှိပါတယ်။ နောက်ပြီး ရန်ကုန်က သားတစ်ယောက်လို ခင်နေတဲ့ ဆရာမတစ်ယောက်ကတော့ ရန်ကုန်မှာရှိစဉ်က နှစ်စဉ်မွေးနေ့ပွဲ လုပ်ပေးလေ့ရှိတယ်။ ဒါကလည်း သူ့သမီးနဲ့ မွေးနေ့ချင်း တူနေတော့ အတူတူ ရောလုပ်တဲ့သဘောပါပဲ။

ဆရာတော်ဦးဇောတိကရဲ့ အတွေးအခေါ်လေးတစ်ခုလည်း ဖတ်ဖူးတယ်။ မွေးနေ့ဆိုတာ သူ့အတွက် ဘာခံစားချက်မှ မဖြစ်စေတဲ့အကြောင်း၊ အခြားနေ့တွေလိုပဲ ကုန်လွန်စေလေ့ရှိကြောင်း Snow in the Summer ဆိုတဲ့စာအုပ်ထဲမှာ ဖတ်ဖူးတယ်။ အရမ်းသဘောကျခဲ့ပါတယ်။ တစ်ချို့နှစ်တွေမှာ ကိုယ့်မွေးနေ့ကို မေ့နေတတ်တယ်။ မွေးနေ့ကျော်သွားမှ ဦးဇင်းကို ခင်တဲ့သူတွေက Happy Birthday ဆိုမှ သတိရမိတာရှိတယ်။

မှတ်မှတ်ရရ မနှစ်ကဆိုရင် ဦးဇင်းမွေးနေ့ကို ၂-ရက်လောက်ကျော်မှ သတိရတယ်။ ဘာကြောင့် သတိရတာလဲဆိုတော့ Facebook မှာ ဒကာမတစ်ယောက်က မွေးနေ့ဆုတောင်း ပို့လိုက်တာကြောင့်ပါ။ သူများတွေတော့ မသိ။ ကိုယ့်ဟာကိုယ် ရယ်မောနေဖြစ်ခဲ့တယ်။

ဒီနှစ်တော့ Facebook လည်း သုံးနေတော့ ကိုယ့်မွေးနေ့ကို ရီမိုင်းလုပ်သူတွေ အတော်များလာတယ်။ ဒီတော့ မွေးနေ့ကို မမေ့ခဲ့ဘူး။ ဒါပေမယ့် မွေးနေ့ကို ခံစားလို့မရတဲ့စိတ်ကတော့ မပြောင်းလဲပါဘူး။ တစ်ခုတော့ရှိတယ်။ Happy Birthday လို့ Facebook မှာ သို့မဟုတ် တစ်နေရာရာမှာ စာလေးတွေ့လိုက်ရင် စိတ်ထဲမှာ ပျော်ရွှင်ကြည်နူးမိတာတော့ အမှန်ပဲ။ တစ်ချိန်ထဲမှာပဲ သူများတွေလို မွေးနေ့ပွဲလေးတစ်ခုခု လုပ်လိုက်ရရင် …. ဆိုတဲ့စိတ်ကလေးလည်း ဒီနှစ်မှာ ဖြစ်ပေါ်ခဲ့တယ်။

Happy Birthday လို့ Facebook မှာ ပို့ထားတာလေးတွေကို ကြည့်နေဆဲမှာ အခန်းကို လာလည်နေကျ တရုတ်ဒကာတစ်ယောက်နဲ့ ဒကာမတစ်ယောက် ရောက်လာတယ်။ “လွန်ခဲ့တဲ့ ၂-ရက်က ငါ့မွေးနေ့မို့လို့ မွေးနေ့ဆုတောင်းထားကြတာ”ဆိုတော့ “ဘာဖြစ်လို့ ဦးဇင်းမွေးနေ့ပွဲ မဖိတ်သလဲ”လို့ ပြောတယ်။ မဟုတ်ဘူး၊ ငါ မွေးနေ့ပွဲ လုပ်ကို မလုပ်တာလို့ ပြောဖြစ်တယ်။ ငါက မွေးနေ့ပွဲကို ငါ ချစ်တဲ့ သူငယ်ချင်းတွေနဲ့ အတူ လုပ်ချင်တာ။ သူတို့က အခု ငါ့အနားမှာ မရှိဘူး။ ဒါကြောင့် ငါ မွေးနေ့ပွဲ မလုပ်တာလို့ ပြောလိုက်တယ်။ ဒါက အမှန်ပြောရရင် အမှန်တော့ မဟုတ်ပါဘူး။ စကားဖြစ်အောင် လျှောက်ပြောလိုက်တာ။ “ဟုတ်လား ဒါဆို ဦးဇင်းကို မွေးနေ့လက်ဆောင်ပေးချင်တယ်”လို့ ပြောတယ်။ မလိုဘူး၊ ငါကပဲ ပေးချင်တယ်၊ မင်းတို့ မပေးပါနဲ့လို့ ပြောလိုက်တော့ မရပါဘူး။ တစ်ယောက်က အခန်းမွှေးတဲ့ ရေမွှေးဗူးလေး၊ တစ်ယောက် စတော်ဘယ်ရီမုန့်သေးသေးလေးတွေ နောက်နေ့မှာ လာပေးပါတယ်။ အခြားတရုတ်ဒကာမတွေလည်း သိတော့ ဖုန်းမက်ဆေ့တွေထဲမှာ Happy Birthday တွေနဲ့အတူ ဖုန်း Top up တွေပါ ရောက်လာတယ်။ သူတို့ထည့်ပေးတဲ့ ပိုက်ဆံက မများပါဘူး။ နည်းနည်းစီ ထည့်ပေးကြတာ။ ဒါပေမယ့် ပျော်မိပါတယ်။

ဒီနေ့တော့ မွေးနေ့အထိမ်းအမှတ်ဆိုပြီး ဂျပန်စားသောက်ဆိုင်တစ်ခုမှာ လိုက်ပြီး ဆွမ်းကပ်လို့ လိုက်စားခဲ့ရတယ်။ အတော်ထူးဆန်းတဲ့ ဆိုင်လေးပါ။ မြင်ကွင်းတွေကလည်း ထူးဆန်းပါတယ်။ စားသောက်ဆိုင်က ၂-ခြမ်းခွဲထားတယ်။ တစ်ခန်းက စားသောက်ဆိုင် သီးသန့်။ တစ်ခန်းက ညကျရင် အသောက်တွေ၊ အပျော်တွေလည်း ပါတယ်တဲ့။ နေ့ခင်းဆိုတော့ ဘာမှမရှိလို့ အခန်းတွေ အကုန်လိုက်ကြည့်ဖြစ်ပါတယ်။

ဆိုင်တစ်ခုလုံးကို ထိုင်ခုံ၊ စားပွဲ၊ နံရံ၊ လိုက်ကာ၊ အားလုံးကို ရှေးဟောင်းပစ္စည်းတွေလို လုပ်ထားတယ်။ ကြည့်ရတာ အသွင်အပြင်က ကြည်နူးစရာ၊ စိတ်ချမ်းသာစရာ၊ အေးချမ်းဖွယ် အပြင်အဆင်တွေ။ ဒီလို အေးချမ်းဖွယ်နေရာလေးမှာ ညချမ်းရောက်တာနဲ့ အပျော်အပါးတွေ စုံလာလိမ့်မယ်။ စိတ်ထဲမှာ တစ်မျိုးတစ်မည် ခံစားမိခဲ့တယ်။

စားသောက်ဆိုင် အ၀င်ဝမှာ မြတ်စွာဘုရား ရပ်တော်မူရုပ်တုတစ်ခု ထားတာကလည်း ဘက်နှစ်မျိုး ရှုမြင်လို့ ရတယ်။ တစ်မျိုးကတော့ ဒီလို မကောင်းတာတွေ၊ ကောင်းတာတွေ ရောထွေးဆူညံနေတဲ့အဆောက်အအုံ အ၀င်ဝမှာ ဒီလို ရုပ်တုကို ထားရှိတာ မြတ်စွာဘုရားကို မလေးစားရာ ကျတယ်။ နောက်အမြင်တစ်ခုကတော့ ဆိုင်အတွင်း ၀င်ဝင်ချင်းမှာ အေးချမ်းတဲ့ မြတ်စွာဘုရားရုပ်တုကို တွေ့လိုက်ရတော့ အေးချမ်းဖွယ်ဖြစ်တယ်။

အရင်က မစားဖူးတဲ့ ဂျပန်အစားအသောက်တွေ စားရလို့ ရပါ့မလားလို့ အနည်းငယ် ထင်ထားခဲ့ပေမယ့် မကြိုက်တဲ့ဟင်းကို မတွေ့ခဲ့ဘူး။ အသားအစိမ်းဆိုလည်း စားလို့ ကောင်းတာပဲ။ ငါးအစိမ်းလည်း စားလိုက်တာပဲ။ ဘေးက တရုတ်ဒကာနဲ့ဒကာမက အံ့သြနေတယ်။ အရင်က စားဖူးလားတဲ့။ မစားဖူးဘူးဆိုတော့ ပိုအံ့သြနေကြတယ်။ ထမင်းမပါ၊ ဟင်းတွေချည်းပဲ နေ့လည်စာ ပြီးခဲ့တယ်။

အဲဒီဆိုင်ကိုရောက်ဖို့ ပီနန်း၊ ကျောင်းကနေ ၁-နာရီကျော်ကျော်လောက် ကားနဲ့သွားရတယ်။ အပြန်မှာတော့ ကောင်းကောင်းအိပ်လိုက်လာမယ်လို့ စိတ်ကူးထားခဲ့ပေမယ့် အိပ်လို့မရခဲ့ဘူး။ သိတာမှ မကြာသေးတဲ့သူတွေက ကိုယ့်အတွက် မွေးနေ့အထိမ်းအမှတ်တွေ လုပ်ပေးတော့ စိတ်ထဲမှာ ဖော်မပြတတ်တဲ့ ပျော်ရွှင်မှုလေးတွေက လူးလားခေါက်တုန့် ဖြစ်နေခဲ့တယ်။

ခဏလောက်ကြာတော့ “ဦးဇင်း မအိပ်ဘူးလား၊ ဘာတွေးနေတာလဲ”လို့ တရုတ်ဒကာမက မေးမှ “ငါ ပျော်နေတယ်လို့ ပြောရင် မင်း ယုံမလား”လို့ ပြောလိုက်မိပါတယ်။




























Sunday, February 20, 2011

အစားမက်တဲ့ ဗုဒ္ဓ



ဓာတ်ပုံ http://ramkshrestha.wordpress.com/2010/12/04/the-greedy-buddha/

အင်္ဂလန်နိုင်ငံဆိုင်ရာ သီရိလင်္ကာသံရုံးက ထိုင်း၊ မြန်မာနှင့် နီပေါတို့ကဲ့သို့သော ဗုဒ္ဓဘာသာသံတမန်များကို ဖိတ်ခေါ်ပြီး မြတ်ဗုဒ္ဓရုပ်ပွားတော်များကို စီးပွားရေးအတွက် အသုံးချနေကြခြင်းနှင့် ပတ်သက်ပြီး သောကြာနေ့က ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာသံရုံးမှ ဒေါ်သီတာအောင်၊ ထိုင်းသံရုံးမှ ဘွန်းရောက်နှင့် နီပေါသံရုံးမှ ဘူဆဲလ်တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲ၏ အဓိကအကြောင်းအရာမှာ လန်ဒန်မြို့၊ ဖူဟမ်းအရပ်မှာရှိတဲ့ Greedy Buddha (အစားမက်သော ဗုဒ္ဓ) စားသောက်ဆိုင် ကိစ္စဖြစ်ပါတယ်။ ထိုစားသောက်ဆိုင်မှာ နီပေါအစားအသောက်များ ရောင်းချသော ဆိုင်ဖြစ်ပါတယ်။

အဆိုပါ အစည်းအဝေးတွင် တစ်ဦးချင်း၊ တစ်နိုင်ငံချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ အရေးယူလုပ်ဆောင်ကြဖို့ သဘောတူညီခဲ့ကြကြောင်း သီရိလင်္ကာသံမှူးက ပြောကြားခဲ့ပါတယ်။ သံတမန်များကလည်း စားသောက်ဆိုင်ပိုင်ရှင်တွေဟာ သူတို့ဆိုင်ရာ ဘာသာရေး၊ ယဉ်ကျေးမှုအဖွဲ့အစည်းများကို ကိုယ်နဲ့ဆက်စပ်ရာကိုသာ ဖော်ပြရေးသားဖို့ ပြောကြားခဲ့ကြပါတယ်။ နီပေါသံရုံးကလည်း ပြည်ပရောက်နေတဲ့ နီပေါပြည်သူများနှင့် ဘုန်းတော်ကြီးများကို ဗုဒ္ဓနာမည်ကို သုံးပြီး ဗုဒ္ဓဘာသာကို စော်ကားနှောက်ယှက်နေမှုများကို ဆန့်ကျင်ကန့်ကွက်ကြဖို့ ဆော်သြလိုက်ပါတယ်။ အခြားသံရုံးတာဝန်ခံများကိုလည်း အလားတူ ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံ သီရိလင်္ကာသံရုံးက ပေးပို့တဲ့သတင်း ဖြစ်ပါတယ်။

မူရင်း သတင်းကတော့ ဒီမှာ ပါ
အနောက်နိုင်ငံသားတွေ ယဉ်ကျေးတာတို့ ဘယ်ဘာသာတွေက ယဉ်ကျေးတာတို့ ဆိုတာ ဘယ်မှာလဲ။ ဒါတွေဟာ တစ်ဦးချင်းတွေ၊ အများနဲ့မဆိုင်ဘူးလို့ ဆိုရပေမယ့် ဗုဒ္ဓဘာသာတွေဟာ ခရစ်ယာန်တွေရဲ့ ခရစ်တော်နဲ့ ပတ်သက်တဲ့ စော်ကားမော်ကားလုပ်တဲ့ စားသောက်ဆိုင်အပါအ၀င် စီးပွားရေးဆိုင်ရာတွေမှာ ယေရှုနာမည်ကို အသုံးမပြုကြဘူး။ အခု ကမ္ဘာမှာ တွေ့နေရတာက ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓပုံတော်တွေကို ကမ္ဘာ့နေရာအနှံ့မှာ စော်ကားမော်ကား ပြုလုပ်နေကြတယ်။ ကဲ ……

Friday, February 18, 2011

၂၁၂၁ ပုံပြင်


စာဖတ်သူတွေ အပျင်းပြေအောင် ပုံပြင်လေးတစ်ပုဒ် ပြောပြဖို့ စိတ်ကူးမိတယ်။ ပုံပြင်ကို ဘယ်လို ခေါင်းစဉ်တပ်ရမယ်မှန်း မသိတာနဲ့ “ပုံပြင်”လို့ပဲ နာမည်ပေးလိုက်တယ်။ ပုံပြင်လေးက ဒီလိုပါ။

ဟိုးရှေးရှေးတုန်းက မြန်မာဆိုတဲ့နိုင်ငံတစ်ခု ရှိခဲ့ဖူးသတဲ့။ မြန်မာတွေဟာ အတော်ဆင်းရဲကြသတဲ့။ ဆင်းရဲတော့ အိမ်နီးနားချင်းဖြစ်တဲ့ ထိုင်းနိုင်ငံတို့၊ မလေးရှားတို့၊ စင်္ကာပူတို့ … စတဲ့နိုင်ငံတွေမှာ ဆင်းဆင်းရဲရဲနဲ့ အလုပ်သွားလုပ်ရှာကြရတာပေါ့ကွယ်။ သူတို့တွေဟာ ကံကောင်းတာနဲ့ ကံဆိုးတာ နှစ်မျိုး ရှိသတဲ့။ ကံကောင်းတာက သူတို့ ဆင်းဆင်းရဲရဲ နိုင်ငံခြားမှာ လုပ်ကိုင်နေရပေမယ့် ကျန်ခဲ့တဲ့ မြန်မာကလူတွေက နိုင်ငံခြားထွက် အလုပ်လုပ်သူဆိုပြီး အထင်ကြီးကြတာပါပဲတဲ့။ ကံဆိုးတာကတော့ နိုင်ငံခြားဆိုတာ တစ်သက်လုံးနေလို့ မရဆိုတော့ ပြန်လာတဲ့အခါ ဘာမှ မလုပ်တတ်မကိုင်တတ်ဖြစ်ကုန်ကြတာပဲပေါ့။ ဘာပဲဖြစ်ဖြစ် သူတို့တွေဟာ ကိုယ့်နေရပ်မှာ အဆင်မပြေတော့ ပြေတဲ့အရပ်ကို လာပြီး အလုပ်တွေ လုပ်နေခဲ့ကြရတယ်။

အဲ့ဒီလို အဆင်မပြေကြတဲ့အထဲမှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေဟာ နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း လုပ်ကြတယ်တဲ့။ အဲဒီခေတ်က နာမည်အကြီးဆုံးကတော့ ဒမိဠ ဆိုတဲ့ ဘုန်းကြီး ဖြစ်ပါတယ်တဲ့။ သူက စာကလည်း တတ်တယ်။ အပြောကလည်း ကောင်းတယ်။ မဟုတ်တာ၊ မမှန်တာ အကုန်ပြောတတ်တော့ မြန်မာနိုင်ငံမှာ ကြည်ညိုသူ အတော်ပေါသတဲ့။ သူက နိုင်ငံခြားကို လာ၊ လူပေါင်းဆံ့တဲ့သူတွေကို လိုက်ရှာ။ အဲဒီလိုလူတွေကို လိုက်ပေါင်း။ တရားပွဲတွေ ကျင်းပ။ မြန်မာလူမျိုးဆိုတာ အဲ့ဒီအခါက ဗုဒ္ဓဘာသာကို အသည်းစွဲ ကြည်ညိုထောက်ပံ့ကြတယ်တဲ့။ အဲဒီလိုဆိုတော့ မြန်မာလူမျိုးတွေရဲ့ သဒ္ဓါအားကောင်းမှုကို အသုံးချတာပေါ့ကွယ်။ ဒမိဠကို အားကျပြီး စားပေါက်စားလမ်း ထွင်တဲ့ဘုန်းကြီးတွေလည်း ပေါလာတာပေါ့ကွယ်။ ဒါကလည်း ဒို့ဘာသာ လွှမ်းမိုးဖို့ အခွင့်ကောင်းပေါ့ကွယ်။

အဲဒီခေတ်က ဗုဒ္ဓဘာသာဖြစ်တဲ့ မြန်မာတွေဟာ အလုပ်တွေ အပျက်ခံ၊ ကျောင်းတွေ အပျက်ခံပြီး တရားတွေနာ၊ အလှူတွေလုပ်…စတာတွေနဲ့ အချိန်ကုန်ကြတယ်တဲ့။ စီးပွားရေးသမားကလည်း စီးပွားရေးတွေအပျက်ခံပြီး တရားတွေ နာ၊ တရားတွေ ထိုင်၊ ကျောင်းသားကလည်း ကျောင်းစာမကျက်၊ တရားတွေ ကျက်၊ တရားတွေ နာ။ ဘုန်းကြီး ဝေယျာဝစ္စတွေနဲ့ အချိန်ကုန်။ သူတို့ ဂေါတမဘုရားက လောကီလောကုတ်မျှအောင် အားထုတ်ကြိုးစားဖို့ ဟောထားပေမယ့် ဘုန်းကြီးတွေရဲ့ မြှောက်လုံးပင့်လုံးတွေနဲ့ မြန်မာတွေကလည်း အမြှောက်ကြိုက်၊ အကြွားသန်လူမျိုးဆိုတော့ လူတွေဟာ လောကီကို စိတ်မ၀င်စားဘဲ လောကုတ်ကိုပဲ စိတ်ဝင်စားလာတော့တာပေါ့ကွယ်။

အဲဒီခေတ်အခါက သနားစရာကောင်းတဲ့ မြန်မာတွေဟာ (တစ်နိုင်ငံလုံး အတိုင်းအတာနဲ့) စုတ်ပြတ်သတ်ပြီး စားဝတ်နေရေးက အဆင်မပြေ၊ စာလည်း ကောင်းကောင်းမသင်ရ၊ လူ့အဆင့်အတန်းလည်း မမီ၊ ပိုက်ဆံကလည်း မွဲ၊ အခြေခံရုပ်ဝတ္ထုလေးတောင် မပြည့်စုံတဲ့ မြန်မာတွေဟာ စိတ်ဓာတ်တွေကလည်း ဘယ်မှာ လူဝင်ဆန့်တော့မလဲ။ ဒါပေမယ့် သူတို့ဟာ ဒီအခြေအနေဖြစ်နေပေမယ့် မြန်မာနိုင်ငံမှာ လူဖြစ်ရတာ ကံကောင်းတယ်လို့ သနားစဖွယ် ပြောနေခဲ့ကြသတဲ့ကွယ်။

ဒီတော့ မွဲနေတဲ့ မြန်မာတွေဟာ မွဲပြီးရင်း မွဲကြတယ်တဲ့။ မွဲတော့ ပညာသင်ခွင့်တွေ ဆုံးရှုံး၊ ပညာမတတ်တော့ စိတ်ဓာတ်တွေက အောက်တန်းကျ၊ စိတ်ဓာတ်တွေ အောက်တန်းကျတော့ မွဲ၊ …… ဒီလိုနဲ့ပဲ သံသရာ လည်လာလိုက်တာ။ နောက်ဆုံး ဗုဒ္ဓဘာသာလည်း မြန်မာနိုင်ငံက ကွယ်ပျောက်ခဲ့ရသတဲ့။ မြန်မာနိုင်ငံဆိုတာ အာဖဂန်တို့၊ ပါကစ္စတန်တို့၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတို့လို ဗုဒ္ဓဘာသာ အကြီးအကျယ် ထွန်းကားခဲ့ဖူးတာပေါ့။

“အမှန်တရားဆိုတာ ကြာကြာ ဖုံးကွယ်ထားလို့ မရ”ဆိုတဲ့ စကားလိုပေါ့၊ ဒို့ရဲ့ မြင့်မြတ်မှန်ကန်တဲ့ ဘုရားသခင်ရဲ့ တရားတော်တွေဟာ အခု ဗုဒ္ဓဘာသာအမှောင်ကို ထွင်းဖောက်ပြီး အလင်းရောင်အောက်မှာ ထွန်းတောက်ခဲ့ရတာပေါ့ကွယ်။ ဒို့ဘုရားသခင့်သာသနာ မြန်မာမှာ လွှမ်းအောင် ဘိုးဘွားတွေ ဘယ်လောက်အားထုတ်ခဲ့ရမလဲဆိုတာ အခု တွေ့နေရတဲ့ ရွှေတိဂုံပြတိုက်ကို ကြည့်ရင် သိမှာပေါ့။ အဲဒီခေတ်က ဗုဒ္ဓဘာသာတွေဟာ အဲဒီရွှေတိဂုံပြတိုက်ကြီးကို နေ့စဉ်လာပြီး ဦးတိုက်ကြသတဲ့။ သမိုင်းအချက်အလက်တွေအရ ဗုဒ္ဓဘာသာ အတော်ထွန်းကားခဲ့တယ်လို့ သိရတယ်။ အခု ရွှေတိဂုံရှေးဟောင်းပြတိုက်ကြီးဟာ အဲဒီခေတ်အခါက ဗုဒ္ဓ္ဓဘာသာကိုးကွယ်သူတွေနဲ့ နေ့စဉ်စည်ကားခဲ့တယ်တဲ့။ 

အာဖဂန်မှာ၊ ပါကစ္စတန်မှာ ဗုဒ္ဓဘာသာဝင်ဆိုတာ ရှာလို့ မရတော့သလိုမျိုး အခုတော့ မြန်မာမှာလည်း ဗုဒ္ဓဘာသာဝင်ဆိုတာ ရှာလို့ မရတော့ဘူးပေါ့ကွယ်။

ပုံပြင်လေးကတော့ ဒါပါပဲ။ ပုံပြင်လေး ပေါ်ပေါက်တဲ့ ခေတ်ကာလကို သမိုင်းပညာရှင်တွေက ခရစ်နှစ် ၂၁၂၁-ခုနှစ်လို့ မှတ်တမ်းပြုထားပါတယ်။ သမိုင်းဆိုတာ တစ်ယောက်အမြင် တစ်ယောက်မတူတော့ ဒီပုံပြင်လေးကို ၂၁၂၁ လူသားတွေထဲမှာ သဘောမကျသူတွေလည်း ရှိကောင်းရှိပါမယ်။ အမှန်ပြောတာ မကြိုက်တဲ့ လူမျိုးထဲမှာ မြန်မာက ထိပ်ဆုံးမှာ ပါသတဲ့ကွယ်ဆိုတဲ့ စကားလေး ပုံပြောသူက ထည့်မသွားခဲ့ဘူး။
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails