Sunday, October 30, 2011

ခေါင်းစဉ်မရှိတဲ့ အရပ်



စာတွေ ရေးထုတ်လိုက်တော့မည်ဟု စိတ်ပိုင်းဖြတ်ပြီး ကီးဘုတ်ပေါ် လက်အစုံကို တင်ထားလိုက်သည်။ နှလုံးသားထဲက ပြောနေသောအသံများအတိုင်း လက်က လိုက်ရေးသည်။ တွန့်ဆုတ်နေသည်။ စိတ်ထဲမှာ စကားလုံးတွေ စီတန်းပြေးလွှားနေသလောက် အပြင်ကို ထွက်ဖို့ ခက်နေသည်။ ဘယ်အရာက ဘယ်လို တားဆီးထားသလဲဆိုတာကို စဉ်းစားကြည့်သောအခါ အဖြေကို တိတိပပ မရ။ အတွေးပေါင်းများစွာ၊ ရည်ရွယ်ချက်ပေါင်းများစွာ၊ ခံစားမှုပေါင်းများစွာ၊ များစွာသော တုန်ခါမှုများက ခေါင်းစဉ်ကို တည်ငြိမ်အောင် ပေးလို့မရ။

သက္ကရာဇ်တွေက ဆလိုက်မီးများလို တစ်ဖျက်ဖျက် ပြောင်းလဲနေသည်။ အမေနေ့ ဆောင်းပါး သို့မဟုတ် စာတစ်ပုဒ်ရေးမည်ဟု အားခဲထားသည်။ အမေနေ့ကို ကျော်သွားသည်။ သူများရေးတာတွေတောင် ဖတ်ချိန်မရလိုက်။ ဗုဒ္ဓနေ့တော့ ဆောင်းပါးတစ်ပုဒ်ရေးဖြစ်အောင် ရေးမည်ဟု အားတင်းရပြန်သည်။ ဗုဒ္ဓနေ့ကို ကျော်သွားပြန်သည်။ ရေးပြီးသားအဟောင်းလေးကို ပြန်တင်မည်ဟု အားခဲထားတာတောင် မတင်ဖြစ်။ ကုန်လွန်ပြေးလွှားနေသော သက္ကရာဇ်များကိုသာ ပြန်ငေးနေရသည်။

အမေ့ဆီ ဖုန်းဆက်မည်။ ညီမလေးဆီ ဖုန်းဆက်မည်။ ညီလေးဆီလည်း ဟိုဟာဒီဟာ အကြောင်းကြားမည်။ …မည် နှင့် အဆုံးသတ်ထားသော ၀ါကျများအားလုံး စိတ်ကူးထဲတွင်သာ ပျောက်ဆုံးကွယ်ပကုန်သည်။
ငယ်ငယ်ကတည်းက ကိုယ်လုပ်ချင်တာ၊ ကိုယ်ဖြစ်ချင်တာပဲ ကိုယ်လုပ်သည်။ အဖေ၊ အမေတို့နှင့် သဘောထား မတိုက်ဆိုင်။ ဆရာသမားများနှင့် ဘယ်သောအခါမှ မတည့်။ သူငယ်ချင်းများနှင့် သဘောထား မတိုက်ဆိုင်။ ထိုကဲ့သို့သော ဘ၀အဖုအထစ်လေးများတွင် သာယာမှန်းမသိ သာယာလာခဲ့သည်။ ငယ်ငယ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းအားကျ၊ ဟစ်တလာ၏ အားမာန်များကို အားကျ၊ မဟာသီယာမိုဟာမက်ကို သဘောကျ၊ ချေဂွေဗားရားကို လေးစား၊ ဒေါက်တာဇီဗားဂိုး၊ မသာထရီဇာ၊ ဂန္ဒီ၊ စတာလင်၊ သခင်သန်းထွန်း၊ လယ်တီ၊ အရှင်ဇနကာဘိဝံသ၊ အရှင်အာဒိစ္စ၊ ရှင်ဥက္ကဋ္ဌ…. မတူညီသော ဇာတ်ကောင်များကို တစ်ပြိုင်တည်း နှစ်ခြိုက်မိခြင်း၏ ရလဒ်တစ်ခု ဖြစ်ပုံရသည်။ သမိုင်းဖြစ်ရပ်များကို ခြေရာခံကြည့်လျှင် လူမုန်းခံရသောသူများ၏ အစွမ်းအစများ၊ ဖြစ်ရပ်မည်းများအတွင်းမှ နှလုံးသားဖြူဖြူများကို မြင်မိလာခဲ့သည်။

ခရူးယှက်သည် စတာလင်နောက်လိုက်ပုဂ္ဂိုလ်တစ်ဦးအဖြစ် ကျော်ကြားသည်။ တစ်ပြိုင်နက်တည်းမှာပင် ကွန်မြူနစ်ဆန့်ကျင်ရေးလှုပ်ရှားသူတစ်ဦး ဖြစ်လို့နေသည်။ ခဏတစ်ခုချင်းမှာ စိတ်နှစ်ခု ဖြစ်ခွင့်မရှိသော်လည်း သမိုင်းတစ်ခေတ်တည်းတွင် စိတ်ပေါင်းများစွာ ဖြစ်နိုင်သည်။ ဤအရာများကြောင့်ပင် လောကကြီးကို မတည်မြဲမှု အဆောက်အအုံတစ်ခုအဖြစ် ရှုမြင်လိုက်ကြပုံရသည်။ မိမိရင်တွင်းမှ ခံစားချက်အချင်းချင်း၊ ဆုံးဖြတ်ချက်အချင်းချင်း၊ ယုံကြည်ချက်အချင်းချင်း ဓားချင်းခုတ်သောအချိန်များကို သင်ကြုံဖူးပါသလား။ တစ်ခါတစ်ရံမှာ နှလုံးသားမှဖြစ်ပေါ်လာသော ချင်ခြင်း (ချဉ်ခြင်း)များသည် တကယ့်လက်တွေ့ဘ၀အတွက် ရယ်စရာတစ်ခုသဖွယ် ဖြစ်နေတတ်သည်။ တစ်ခါတစ်ရံ ဘ၀ကိုယ်တိုင်က ဆန္ဒများ၏ လှောင်ပြောင်ရယ်မောခြင်းကို ခံရသည်။

ကမ္ဘာ့နေရာအနှံ့အပြားမှ လွင့်ပျံလာသောအသံများတွင် တစ်ခုမှ အရသာခံလို့ မရ။ မိခင်နိုင်ငံမှ သတင်းများလည်း ဆီသည်မလက်သုပ်လို ခံစားနေရပြီ။ ဘာကိုမှ မဖတ်ချင်တော့။ လွန်ခဲ့သောနှစ်အနည်းငယ်က မျှော်လင့်ချက်များသည်ပင် အမှိုက်ပုံထဲ ရောက်လို့နေသည်။ အံ့သြထူးဆန်းစွာ မနေ့တစ်နေ့က အိပ်မက်များသည်ပင် မြောင်းထဲရောက်လို့ နေသည်။ ပြောင်းလဲနေသောအရာများ၏ အမြန်နှုန်းကို အမီလိုက်နိုင်ဖို့ ဘယ်လိုဆုတွေတောင်းရမလဲလို့ တစ်ချက်တစ်ချက် စဉ်းစားမိသည်။ ဘယ်လိုပဲစဉ်းစား စဉ်းစား အခန်းပြင်ဘက်မှာ မိုးတွေ ညို့နေတာကိုပဲ ငေးနေဖြစ်သည်။ မြက်ခင်းပြင်ပေါ်မှာ တွဲခိုနေသော မိုးရေစက်လေးများကိုပင် ငေးနေဖြစ်သည်။

တစ်ခါတစ်ရံ အနာဂတ်မဲ့လို့ ၀မ်းနည်းဖွယ်ဖြစ်နေတတ်သလို တစ်ရံတစ်ရံ ဦးတည်ရာမဲ့လွင့်မျောခြင်းမှ ငြိမ်သက်တည်ကြည်မှုကို ခံစားနေရတတ်သည်။ ဒီလိုပဲ ကီးဘုတ်ပေါ်လက်တင်လိုက်သည်နှင့် ဦးတည်ရာမဲ့စာတန်းလေးများ မိုးရေတွေလို သွန်းဖြိုးလာခဲ့ကြသည်။ ပြေးနေသောစိတ်ကို ပြေးနေသောအတိုင်း ထားလိုက်သဖြင့် ခေါင်းစဉ်မရှိတဲ့အရပ်မှာ အတွေ့အကြုံများစွာကို ခံစားလိုက်ရသည်။

မှတ်ချက် .... 
လွန်ခဲ့တဲ့ လအနည်းငယ်က ရေးခဲ့တဲ့ ဆောင်းပါးလေးတစ်ပုဒ် ဖြစ်ပါတယ်။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails