Saturday, October 8, 2011

ရဟန်းတော်များ၏ အမွေအနှစ် (၅)



ဘာသာရေးအခြေခံသော အမျိုးသားရေးဝါဒနှင့် နိုင်ငံ့ယဉ်ကျေးမှု

ရဟန်းသံဃာများနှင့် လူပုဂ္ဂိုလ်အားလုံး (ပြည်သူတစ်ရပ်လုံး) ဘာသာရေး၊ အမျိုးသားရေးတက်ကြွမှုများသည် ဒုတုဂါမုနိ (ဒုဋ္ဌဂါမဏိ)မင်းလက်ထက်တွင် အကြီးအကျယ် မြင့်တက်ခဲ့သည်။ ဘီစီ -ရာစုအလယ်ပိုင်းတွင် အေဠာရခေါ်သော ချိုလဘုရင်သည် အနုရာဓပုရမြို့ကို သိမ်းပိုက်ခဲ့သည်။ သီရိလင်္ကာလူမျိုးများ လွတ်လပ်ခွင့် ဆုံးရှုံးခဲ့ကြရသည်။ ဗုဒ္ဓဘာသာတိုးတက်မှု တုန့်ဆိုင်းခဲ့ရပြီး တိုင်းပြည်မှာလည်း ဒုက္ခမျိုးစုံ ခံခဲ့ရသည်။

ဘာသာနှင့်နိုင်ငံကို နိုင်ငံခြားဖိနှိပ်ချုပ်ချယ်မှုမှ လွတ်မြောက်ရန်အတွက် ကြီးကျယ်မြင့်မြတ်သော ဒုတုဂါမုနိ (ဒုဋ္ဌဂါမဏိ)ကဲ့သို့သော နိုင်ငံ့သူရဲကောင်းများ၏ခေါင်းဆောင်မှုဖြင့် သီရိလင်္ကာတောင်ပိုင်းမှစတင်ပြီး တွန်းလှန်တိုက်ခိုက်ခဲ့ကြသည်။ ဒုဋ္ဌဂါမဏိမင်းသားလေးဟာ သူ့တိုင်းပြည်နောက်လိုက်များကိုသူဟာ ဘုရင်စည်းစိမ်ခံစားလို၍ တိုက်ပွဲဝင်ခြင်းမဟုတ်၊ ဗုဒ္ဓဘာသာကို ပြန်လည်အသက်သွင်းလိုသဖြင့်သာ တိုက်ပွဲဝင်ခြင်းဖြစ်ကြောင်းအတိအလင်း ကြေညာခဲ့သည်။ ရှေ့တန်းစစ်မြေပြင်သို့ ချီတက်သော တပ်ဖွဲ့ရှေ့ဆုံးတွင် သူက မြတ်စွာဘုရား၏ မြင့်မြတ်သော ဓာတ်တော်များ ထည့်သွင်းထားသည့် လှံကို ကိုင်ပြီး ချီတက်သည်။ သီရိလင်္ကာလူမျိုးများသည် ဗုဒ္ဓဘာသာလွတ်မြောက်ရေးတိုက်ပွဲသည် သီရိလင်္ကာနိုင်ငံ့လွတ်မြောက်ရေးပင် ဖြစ်ကြောင်း သဘောပေါက်ထားကြသည်။ ထို့ကြောင့် ဆင်းရဲသူများရော၊ ချမ်းသာသူများပါ ထိုတိုက်ပွဲသို့ ၀င်ရောက်ပါဝင်ဆင်နွှဲခဲ့ကြသည်။

ဗုဒ္ဓဘာသာနှင့် သီရိလင်္ကာနိုင်ငံလွတ်မြောက်ရေးအတွက် ဤကဲ့သို့ တိကျပြတ်သားသော စစ်ပွဲတွင် သီရိလင်္ကာနိုင်ငံ ဦးဆောင်မထေရ်ကြီးများအပါအ၀င် သံဃာတော်များသည် မိမိတို့၏ ကျောင်းတော်အခန်းကျဉ်းလေးများတွင် ကုတ်ကပ်ပြီး မနေခဲ့ပေ။ သံဃာတော်များသည် ပြည်သူတို့နှင့်အတူ ပူးပေါင်းပြီး ကြီးကျယ်သော နိုင်ငံတော်စီမံကိန်းကြီးတွင် အားတက်သရော ပါဝင်ကူညီပေးခဲ့ကြသည်။ ဤကဲ့သို့ နိုင်ငံအတွက် သေရေးရှင်ရေးတမျှ အရေးကြီးသောကာလတွင် မင်းသားဒုဋ္ဌဂါမဏိနှင့် ညီငယ်သဒ္ဓါတိဿတို့အကြားတွင် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်။  

ထိုအခါ ဤအငြင်းပွားမှုသည် အကျပ်အတည်းကျရောက်နေသော နိုင်ငံတော်အတွက် အန္တရာယ်ကြီးသည်ကို သိမြင်သဘောပေါက်သော အစ်ကိုကြီးဖြစ်သူ ဂေါဓဂတ္တတိဿမင်းသားသည် ညီတော်နှစ်ယောက်ကို ပြန်လည်သင့်မြတ်အောင် လုပ်ဆောင်ပေးခဲ့သည်။ ထိုအချိန်အခါက ရဟန္တာဖြစ်ခါနီးအဆင့်ရောက်နေသော ထေရပုတ္တဘယအမည်ရသော ရဟန်းတော်သည် နိုင်ငံ့အရေးနှင့် ဘာသာအရေးကြောင့် သင်္ကန်းချွတ်ပြီး စစ်တပ်ထဲဝင်ရောက်ခဲ့သည်။ ထိုရဟန်းကဲ့သို့ အခြားရဟန်းတော်များလည်း နိုင်ငံနှင့်ဗုဒ္ဓဘာသာအရေးကြောင့် လူထွက်ပြီး လွတ်မြောက်ရေးတိုက်ပွဲဝင်ခဲ့ကြမည်မှာ သံသယဖြစ်စရာ မလိုချေ။

မင်းသားဒုဋ္ဌဂါမဏိ၏ တိုက်တွန်းတောင်းပန်မှုအရ သံဃာ့အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားပြုသော ရဟန်းတော်ပေါင်းများစွာသည် စစ်တပ်နှင့်အတူ လိုက်ပါခဲ့ကြသည်။ မင်းသားဒုဋ္ဌဂါမဏိကရဟန်းတော်များကို ဖူးမြင်ရခြင်းဟာ ငါတို့အတွက် မင်္ဂလာလည်းရှိတယ်၊ ဘေးအန္တရာယ်များအတွက် အကာအကွယ်လည်း ဖြစ်တယ်ဟု ဆိုသည်။ သီရိလင်္ကာပြည်သူများသည် စစ်တပ်နှင့်အတူ ရဟန်းတော်များပါ ပူးပေါင်းပါဝင်လာသည့်အတွက် စစ်တပ်နှင့် ပိုပိုပြီး ပူးပေါင်းလာကြသည်။ ပိုပိုပြီးလည်း ထောက်ပံ့ခဲ့ကြသည်။ ရဟန်းတော်များပါ တိုက်ပွဲရင်ပြင်သို့ ပါဝင်ပေးသည့်အတွက် စစ်သားများသည် ပိုမိုအားတက်လာပြီး ခိုင်မာသော သန္နိဋ္ဌာန်များလည်း ချမှတ်ပြီး တိုက်ပွဲဝင်နိုင်ခဲ့သည်။

ထိုအချိန်အခါမှ စတင်ပြီး သီရိလင်္ကာနိုင်ငံတွင် မျိုးချစ်စိတ်ဓာတ်နှင့် ဘာသာရေးနိုးကြားမှုသည် ခွဲခြား၍ မရနိုင်လောက်အောင် တစ်သွေးတစ်သားတည်း ဆက်စပ်လာခဲ့ပါတော့သည်။ သို့ဖြစ်၍ ထိုစဉ်အခါက ဘာသာရေးမျိုးချစ်ဝါဒ (Religio-patriotism)သည် အတိုင်းအတာတစ်ခုထက်ကို ပိုမိုသွားခဲ့သည်။ (ဘောင်ကျော်သွားခဲ့သည်) အဘယ့်ကြောင့်ဆိုသော် ဘာသာနှင့်တိုင်းပြည် လွတ်မြောက်ဖို့ရန်အတွက် လူများအားသတ်ခြင်းသည်ပင် ဆိုးရွားယုတ်မာသော ရာဇ၀တ်မှုမဟုတ်ဟု ယူဆကြသည်အထိပင် ဖြစ်သည်။
စစ်ပွဲကြီး ပြီးဆုံးသွားသောအခါ မင်းသားဒုဋ္ဌဂါမဏိလည်း ဘုရင်ဒုဋ္ဌဂါမဏိ ဖြစ်လာခဲ့သည်။ တစ်နေ့သောအခါ စစ်ပွဲတွင် လူ့အသက်ပေါင်းများစွာ သတ်ဖြတ်ခဲ့သည်ကို ပြန်လည်စဉ်းစားမိပြီး နောင်တပူပန်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် ချက်ချင်းပင် ပိယဂူ (Piyahgu)ကျွန်းတွင် သီတင်းသုံးနေသော ရဟန္တာတို့၏ ကိုယ်စားလှယ်အနေဖြင့် ရဟန္တာရှစ်ပါးတို့သည် ဘုရင်ဒုဋ္ဌဂါမဏိထံသို့ ကြွရောက်ပြီး အောက်ပါအတိုင်း မိန့်ကြားခဲ့ရသည်။

ဘုရင်ဒုဋ္ဌဂါမဏိ ….. သင် ဒီလို လုပ်ခဲ့တဲ့အတွက် လူ့ပြည်နတ်ရွာ ကောင်းရာသုဂတိအတွက် အဟန့်အတား မဖြစ်ပါဘူး။ လူမဟုတ်သူများကိုသာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ဟာ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်တယ်။ ငါးပါးသီလကိုလည်း ဆောက်တည်ကျင့်သုံးတယ်။ မယုံကြည်သူများနှင့် မိစ္ဆာဝါဒသမားများဟာ တောရိုင်းတိရိစ္ဆာန်ထက် ပိုမိုလေးစားစရာ မရှိပါဘူး။ သင့်အနေနဲ့ကတော့ နည်းအမျိုးမျိုးနဲ့ ဗုဒ္ဓဘာသာကို ဂုဏ်ကျက်သရေရှိအောင် လုပ်ပေးသူဖြစ်တယ်။ ဒါကြောင့် သင့်စိတ်နှလုံးထဲမှာ ဘာမှ နောင်တရမနေပါနဲ့ … အရှင်မင်းမြတ်”

အထက်ပါပြောကြားချက်များသည် ရဟန္တာရှစ်ပါး၏ ပြောကြားချက်ဖြစ်ကြောင်း သီရိလင်္ကာနိုင်ငံ၏ ကြီးကျယ်သော ဂန္ထ၀င်ကျမ်းတစ်ဆူဖြစ်သော မဟာဝံသကျမ်းက ဆိုထားသည်။ သို့ပင်ဆိုငြားသော်လည်း အဆိုပါ ပြောကြားချက်များသည် ဗုဒ္ဓဘုရားရှင်၏ ဟောကြားချက်တရားတော်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါသည်။ 

ဘီစီ ၂-ရာစုတွင် အသက်ရှင်နေထိုင်ခဲ့သော ရဟန္တာများသည် ထိုကဲ့သို့ ပြောကြားသလား၊ မပြောကြားခဲ့သလားဆိုသည်ကို ငြင်းဆိုဖို့ သို့မဟုတ် အတည်ပြုဖို့အတွက် ယနေ့ခေတ်တွင် အခက်အခဲ ဖြစ်လျှက်ရှိသည်။ သို့ရာတွင် အေစီ ၅-ရာစုတွင် မဟာဝံသကျမ်းကို ရေးသားခဲ့သော စာရေးဆရာ မဟာနာမ်ထေရ်က ထိုကဲ့သို့ မှတ်တမ်းတင်ထားသည်ကိုကား သံသယဖြစ်စရာ မလိုပါချေ။ ထိုခေတ် အေစီ ၅-ရာစုက သာမန်ရဟန်းတော်များ၊ လူပုဂ္ဂိုလ်များအပါအ၀င် အဓိကတာဝန်ရှိသော မထေရ်ကြီးများသည် ထိုပြောကြားချက်ကို လက်ခံခဲ့ကြသည်ဟု ကောက်ချက်ချနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုကဲ့သို့ မှတ်တမ်းတင်ထားခြင်းကို အသိအမှတ်ပြုထားသောကြောင့် ဖြစ်ပါသည်။ (ပညာရှင်များအတွက် စဉ်းစားဖွယ် ရှုထောင့်များစွာ ရနိုင်သည်။ ဘာသာပြန်သူ)။

နိုင်ငံနှင့် ဘာသာအတွက် လွတ်မြောက်ရေးတိုက်ပွဲဝင်ခြင်း၊ မြှင့်တင်ပေးခြင်းစသော ဆောင်ရွက်ချက်များသည် ထိုခေတ် (အေစီ ၅-ရာစု)က ရဟန်းတော်များအပါအ၀င် သီရိလင်္ကာလူမျိုးများအတွက် အလွန်အရေးပါသော၊ မြင့်မြတ်သော ဆောင်ရွက်ချက်များအဖြစ် အသိအမှတ်ပြုထားပုံရသည်။ ရဟန္တာမထေရ်များသည်ပင် ထိုရည်ရွယ်ချက် (နိုင်ငံနှင့်ဘာသာအတွက် လွတ်မြောက်ရေးတိုက်ပွဲဝင်ခြင်း၊ မြှင့်တင်ပေးလိုခြင်း)ဖြင့် လူ့အသတ်များကို သတ်ဖြတ်ခြင်းသည် ကြီးမားသောအပြစ်မဖြစ်ဟူသော အတွေးအမြင်ကို လက်ခံခဲ့ကြသည်ဟု ယုံကြည်ရသည်။ ထိုခေတ်က ရဟန်းတော်များသည် ဘာသာရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းထက် တိုင်းပြည်အရေး ဆောင်ရွက်ခြင်းက ပိုမိုမြင့်မြတ်သည်ဟု သဘောထားခဲ့ကြသည်။

ဒုဋ္ဌဂါမဏိမင်း စိုးစံစဉ်အခါက ရဟန်းတော်များ နိုင်ငံတော်အရေးနှင့် ယဉ်ကျေးမှုရေးရာဌာနများတွင် ဦးဆောင်ကဏ္ဍမှ တာဝန်ယူဆောင်ရွက်ခဲ့သည်များကို အသေးစိတ်ဖော်ပြထားသော သမိုင်းအထောက်အထားများ များစွာရှိသည်။ လက်မှုပညာတွင် ထူးချွန်ထက်မြတ်သော ရဟန်းတော်များပင် ရှိခဲ့သည်။ အထပ် ၉-ထပ်ပါဝင်သော လောဟပါသာဒ ကျောင်းတော်ကြီးကို ဘုရင်ဒုဋ္ဌဂါမဏိ၏ တိုက်တွန်းတောင်းပန်မှုအရ ရဟန္တာများက ဒီဇိုင်းရေးဆွဲပေးခဲ့သည်ဟု မဟာဝံသကျမ်းတွင် ပြဆိုထားသည်။ ဓာတ်တော်မွေတော်များ ကိန်းဝပ်ရာ ရုဟန်ဗာလီပုထိုးတော်ကို ရဟန္တာ အရှင်ဣန္ဒဂုတ္တက စီမံဆောက်လုပ်ခဲ့သည်။ အဆောက်အအုံတစ်ခုလုံး ဆောက်လုပ်ရေးတွင် သူကိုယ်တိုင် ကြီးကြပ်ဆောက်လုပ်ခဲ့သည်။ ထို့အပြင် ရဟန်းတော်များသည် အုတ်များ၊ ဆုံများ၊ အုတ်ခွက်များဖြင့် ပန်းရံလုပ်ငန်းများတွင် လုပ်ဆောင်ပေးရသော အလုပ်ကြမ်းများကိုပင် လုပ်ဆောင်ခဲ့ကြကြောင်း တွေ့ရသည်။

ဒုဋ္ဌဂါမဏိမင်း လက်ထက်မှ စတင်ပြီး သီရိလင်္ကာရဟန်းတော်များသည် ဘာသာရေးနှင့် နိုင်ငံ့အရေးဆောင်ရွက်ချက်များအပေါ် စိတ်ဝင်စားမှုမှာ ပိုမိုတိုးပွားလာခဲ့ကြသည်။ ရဟန်းတော်များသည် ဘုရင်အဖြစ် ရွေးချယ်ခြင်း၊ ခန့်အပ်ခြင်းစသော အလွန်တရာ အရေးကြီးသော နိုင်ငံရေးဆောင်ရွက်ချက်များကိုပင် အဓိကအခန်းကဏ္ဍမှနေ၍ ဆောင်ရွက်ခဲ့ကြသည်။ သဒ္ဓါတိဿမင်း နတ်ရွာစံသောအခါ မင်းသားလဇ္ဇိတိဿသည် ဘုရင်ဖြစ်သင့်ဖြစ်ထိုက်သူတစ်ယောက် ဖြစ်သည်။ သို့ရာတွင် ရဟန်းတော်များသည် ထူပါရာမကျောင်းတော်တွင် စည်းဝေးပြီး အကြောင်းအချက်အလက်အချို့ကြောင့် လဇ္ဇိတိဿမင်းသားကို ဘုရင်အဖြစ် မရွေးချယ်ဘဲ အားလုံး၏သဘောတူညီချက်နှင့်အညီ ထုလ္လသနမင်းသားကို ဘုရင်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ 

ဝိဇယဗာဟုမင်း နတ်ရွာစံသောအခါ ရဟန်းတော်များသည် ၀ိဇယဗာဟုမင်း၏ ညီမတော်၊ သူမ၏ သားသုံးယောက်နှင့် ၀န်ကြီးများကို ခေါ်ပြီး ယုဝဗာဟုမင်းသားကို ဘုရင်အဖြစ် ရွေးချယ်ပေးခဲ့သည်။ ရာဇာဓိရာဇသီဟမင်း နတ်ရွာစံသောအခါ ၀န်ကြီးများနှင့် ရဟန်းတော်များက သီရိဝိကရမသီဟကို ထီးနန်းပေးအပ်ခဲ့ကြသည်။ ………

ဤသို့အားဖြင့် သီရိလင်္ကာနိုင်ငံသမိုင်းတွင် ရှေးအခါမှစပြီး လွန်ခဲ့သောနှစ်များအထိ ရဟန်းတော်များသည် များစွာသော မိမိတို့တာဝန်များကို ထမ်းဆောင်ကြသည့်အပြင် အခြားအရေးကြီးသော ဘုရင်ရွေးချယ်ရေး (နိုင်ငံ့ခေါင်းဆောင်ရွေးချယ်ရေး)စသော တာဝန်ကြီးများကို အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည်မှာ ထင်ရှားပါသည်။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails