Sunday, October 2, 2011

ရဟန်းတော်များ၏ အမွေအနှစ် (၄)



သီရိလင်္ကာလူမျိုးတို့၏ အမျိုးသားဗုဒ္ဓဘာသာ 
သို့မဟုတ် 
သီရိလင်္ကာဗုဒ္ဓဘာသာ မိတ်ဆက်

သီရိလင်္ကာနိုင်ငံမှာ ဒေ၀ါနံ ပိယတိဿမင်း နန်းစံချိန် ဘီစီ ၃-ရာစုမှာ အိန္ဒိယနိုင်ငံ အင်ပါယာအသောကမင်းကြီး၏ သားတော် အရှင်မဟိန္ဒမထေရ်က သီရိလင်္ကာနိုင်ငံသို့ ကြွရောက်ပြီး ဗုဒ္ဓဘာသာကို သယ်ဆောင်ပေးခဲ့ပါသည်။ အရှင်မြတ်ဟာ ဗုဒ္ဓဘာသာတစ်ခုတည်းသာမက ဗုဒ္ဓကျမ်းစာများ၊ ထိုခေတ်အခါက အမြင့်ဆုံးအခြေအနေတွင် ရှိသည့် ဗုဒ္ဓဘာသာယဉ်ကျေးမှုများကိုပါ သယ်ဆောင်မိတ်ဆက်ပေးခဲ့သည်။ ထိုအခါက သီရိလင်္ကာနိုင်ငံမှာ အိန္ဒိယနှင့်နှိုင်းစာလျှင် အဖက်ဖက်က နိမ့်ကျသောနိုင်ငံတစ်ခု ဖြစ်သည်။ 

သီရိလင်္ကာလူမျိုးများသည် ဗုဒ္ဓဘာသာကို လက်ခံကျင့်သုံးပြီးနောက်မှသာ နိုင်ငံခြားတိုင်းပြည်များအတွင်း ထင်ရှားပြီး တိုင်းပြည်တစ်ခုအနေဖြင့် တိုးတက်ထွန်းကားလာနိုင်ခဲ့သည်။ သီရိလင်္ကာစာပေ၊ အနုပညာ၊ လက်မှုပညာ၊ ဗိသုကာပညာ၊ မြို့တည်ဆောက်မှုစနစ်၊ ပညာရေး၊ ကျန်းမာရေး၊ ကျန်းမာရေး၊ သန့်ရှင်းရေး၊ ကောင်းမွန်သော အကျင့်စာရိတ္တ၊ စီးပွားရေး၊ နိုင်ငံရေး စသည်တို့သည် အရှင်မဟိန္ဒမထေရ်နှင့်ရဟန်းသံဃာတော်များ၏ လမ်းညွှန်မှုအောက်တွင် တဖြည်းဖြည်းချင်း တိုးတက်ဖွံ့ဖြိုးလာခဲ့သည်။

အရှင်မဟိန္ဒ၏ စိတ်ကူးမှာ ဗုဒ္ဓဘာသာကို သီရိလင်္ကာနိုင်ငံ၏ နိုင်ငံတော်ဘာသာဖြစ်ဖို့၊ သီရိလင်္ကာနိုင်ငံသားတို့၏ အမွေအနှစ်တစ်ခု ဖြစ်လာစေဖို့၊ သီရိလင်္ကာမြေပေါ်မှာ ခိုင်ခိုင်မာမာနှင့် ထာဝရတည်ရှိစေဖို့ ဖြစ်သည်။ လွန်ခဲ့သော အတိတ်ကာလများက အနောက်နိုင်ငံများမှ ရောက်ရှိလာသော ခရစ်ယာန်သာသနာပြုက ဘာသာရေးကို အကြောင်းပြုပြီး ပိုင်ဆိုင်မှုနှင့် အာဏာများ ရရှိဖို့ အားထုတ်လာကြပါ၏။ သို့ရာတွင် အရှင်မဟိန္ဒကား ထိုကဲ့သို့ စိတ်ကူးမျိုး အနည်းငယ်မျှ မထားရှိခဲ့ပါ။ ထိုကဲ့သို့ သာသနာပြုများ ၀င်ရောက်လာခြင်းကိုလည်း စိုးရိမ်သောအတွေးမျိုးလည်း မထားရှိခဲ့ပါ။ 

ဒေ၀ါနံ ပိယတိဿမင်းကြီးကို ပြောပြခဲ့ဖူးပါသည်။ “ဒီမြေဒီရေမှာ မွေးဖွားလာတဲ့သူတွေက မြတ်စွာဘုရားရှင်၏ တရားတော်များကို ကျင့်သုံးလိုက်နာပြီး မိမိတို့၏ သားသမီးမြေးမြစ်များကိုလည်း သင်ပြ၊ သာသနာ့ဘောင်သွတ်သွင်း၊ တရားတော်များကို ကျင့်သုံးလိုက်နာစေလျှင် ဒီမြေဒီရေမှာ သာသနာအမြစ်တွယ်ပြီ။ သာသနာအမြစ်တွယ်လျှင် ဒီမြေဒီရေမှာ သာသနာဟာ လုံးဝမှေးမှိန်သွားစရာ အကြောင်းမရှိပါဘူး”။

အထက်ပါ ပုံစံမျိုးဖြင့် တိုင်းပြည်တစ်ခုမှာ ဗုဒ္ဓဘာသာကို တည်ထောင်သောကိစ္စမှာ ပါဠိစာပေမှာကား မတွေ့ရပေ။ (စာရေးသူ သိသလောက်တော့ ပါဠိစာပေမှာ ရှိပါသည်။ ၀ိနည်းအဋ္ဌကထာမှာ ဖြစ်သည်။ ၀ိနည်းအဋ္ဌကထာကို ဘုရားဟောပါဠိတော်အဖြစ် အသိအမှတ် မပြုသောကြောင့် ထိုကဲ့သို့ ရေးသလားဟု တွေးမိသည်။ ဘာသာပြန်သူ။) အရှင်မဟိန္ဒ၏ ဆန္ဒကား ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာဖြစ်ဖို့၊ သူရည်မှန်းတိုင်းလည်း ဖြစ်ခဲ့ပါသည်။ ဤသို့ဖြင့် သီရိလင်္ကာနိုင်ငံနှင့် ဗုဒ္ဓဘာသာသည် အချင်းချင်း ခွဲခြားလို့ မရနိုင်လောက်အောင် တစ်သားတည်း တစ်သွေးတည်း ဖြစ်လာခဲ့သည်။ 

ဗုဒ္ဓဘာသာကို စတင်မိတ်ဆက်ခဲ့သော ဘီစီ ၃-ရာစုမှ သီရိလင်္ကာလူမျိုးဘုရင်များ ကျဆုံးချိန် ၁၉-ရာစုအထိ နှစ်ပေါင်း ၂၂၀၀-အတွင်း သီရိလင်္ကာလူမျိုးတို့သည် ဗုဒ္ဓဘာသာကိုသာ ယုံကြည်ခဲ့ကြသည်။ တိုင်းပြည်ပလ္လင်ပေါ်တွင်လည်း ဗုဒ္ဓဘာသာမင်းများသာ နေရာရခဲ့သည်။ အခြားဘာသာအယူအဆရှိသူများ မည်သူမျှ မပါဝင်ခဲ့ပေ။ ဗုဒ္ဓဘာသာယုံကြည်မှုမှာ ၁၀-ရာစုတွင် အလွန့်အလွန် မြင့်တက်ခဲ့သည်။ ထိုအကြောင်းကို မဟိန္ဒမင်းလက်ထက် ကျောက်စာတွင် ဖော်ပြထားသည်။ ထိုကျောက်စာတွင် မင်းအဖြစ်ကို သာမာန်ဗုဒ္ဓဘာသာများပင် ရယူခွင့်မရှိ၊ ဘုရားလောင်းများသာ မင်းဖြစ်ခွင့်ရှိသည်။ မင်းအဖြစ်ကို မြတ်စွာဘုရားရှင်ထံမှ ဗျာဒိတ်ရယူခဲ့သည်ဟုပင် ဆိုထားသည်။

ထို့အပြင် အလားတူ ကျောက်စာတစ်ခုတွင် သီရိလင်္ကာဘုရင်များသည် ဗုဒ္ဓဘာသာကို ကာကွယ်ရန်အတွက် သံဃအဖွဲ့အစည်းထံမှ သူတို့ ရုံးစိုက်ရာ နန်းတော်ကို လက်ခံရယူရကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် သီရိလင်္ကာနိုင်ငံတွင် ဘုရင်တစ်ပါးဖြစ်ဖို့ရန်အတွက် သံဃာတော်များ၏ သဘောတူညီမှုကို ရယူရသည်မှာ ထင်ရှားသည်။ ၉-ရာစု နန်းတက်ပွဲတစ်ခုကို ဘုန်းကြီးကျောင်းတွင် သံဃာတော်များ၏ ရှေ့မှောက်၌ ဘာသာရေးအခမ်းအနားများနှင့်မခြား ကျင်းပသွားခဲ့ကြောင်း မဟာဝံသ၌ ဖော်ပြထားသည်။ 

နိဿကမလ္လဘုရင် ကျောက်စာများတွင် 
“သီရိလင်္ကာနိုင်ငံကို ဗုဒ္ဓဘာသာက ပိုင်ဆိုင်သည်၊ ထို့ကြောင့် ချိုလ (စောဠ)နှင့် ကေဠာရတိုင်းပြည်များ၏ ဗုဒ္ဓဘာသာမဟုတ်သူဘုရင်များအတွက် သီရိလင်္ကာနိုင်ငံ ထီးနန်းကို ပိုင်ဆိုင်ခွင့် မရှိ” 
ဟု ပြဆိုထားသည်။

ထိုဖော်ပြချက်ကို ၁၃-ရာစုတွင် ရေးသားခဲ့သော စာအုပ်တစ်အုပ်ဖြစ်သည့် ပူဇာဝလိယတွင် အောက်ပါအတိုင်း ထပ်မံရှင်းပြ ဖွင့်ဆိုထားသည်။
“သီရိလင်္ကာနိုင်ငံကို ဗုဒ္ဓဘုရားရှင်က ပိုင်ဆိုင်သည်။ ဘုရား၊ တရား၊ သံဃာဟူသော ရတနာသုံးပါးနှင့် ဖြည့်ဆီးထားသော ရတနာသိုက်ကြီးတစ်ခုနှင့်ပင် တူသည်။ ထို့ကြောင့် မှားယွင်းသောအယူရှိသူများ ဤကျွန်းတွင် နေထိုင်လျှင် ကြာရှည်စွာ တည်ရှိလိမ့်မည်မဟုတ်။ ရှေးအခါက ဤကျွန်းနိုင်ငံတွင် နေခဲ့သော ယက္ခလူမျိုးများ ကြာရှည်စွာ မတည်ရှိနိုင်ခဲ့။ အင်အားမမျှတသဖြင့် ဗုဒ္ဓဘာသာဝင်မဟုတ်သူများ တစ်ချိန်တစ်ခါက အုပ်ချုပ်ဖူးကောင်း အုပ်ချုပ်ဖူးလိမ့်မည်။ သို့ရာတွင် ထိုအုပ်ချုပ်သူများသည် သူတို့အဆက်အနွယ်ကို တည်ထောင်နိုင်ကြလိမ့်မည် မဟုတ်။ ဤသည်မှာ မြတ်စွာဘုရားရှင်၏ ထူးခြားသော စွမ်းရည်တစ်ရပ်ပင် ဖြစ်သည်။ သို့အတွက်ကြောင့် သီရိလင်္ကာကျွန်းသည် မှန်ကန်သောသမ္မာဒိဋ္ဌိအယူရှိသူ ရှင်ဘုရင်များအတွက်သာလျှင် အကျိုးစီးပွားဖြစ်ထွန်းသည်။ ထိုမှန်ကန်သောသမ္မာဒိဋ္ဌိအယူရှိသူ ဘုရင်မင်းဆက်များသည်သာ အစဉ်အဆက် တည်ရှိပြီး တိုးတက်ထွန်းကားပေလိမ့်မည်။”

ကန္ဒီမြို့ရှိ မာလ်ဝတ္တဆိုင်ရာ သံဃာတော်များမှ သီရိလင်္ကာနိုင်ငံဆိုင်ရာ ဒပ်ခ်ျအုပ်ချုပ်ရေးတာဝန်ခံထံသို့ ပေးပို့သော သီရိလင်္ကာနိုင်ငံ ဥပဒေကို ရှင်းပြထားသော စာတွင် 
“သီရိလင်္ကာနိုင်ငံဘုရင်တစ်ပါး (အုပ်ချုပ်သူ)အနေဖြင့် ပထမဆုံး လိုက်နာစောင့်ထိန်းရမည့် ဥပဒေတစ်ရပ်မှာ ဗုဒ္ဓဘာသာမှတစ်ပါး အခြားအယူဝါဒ ဘာသာတစ်ခုခုကို ယုံကြည်ကိုးကွယ်ခြင်း မပြုရ”
ဟု ဖော်ပြထားသည်။

သမိုင်းဆိုင်ရာ အထောက်အထားများက ဗုဒ္ဓဘာသာသည် သီရိလင်္ကာနိုင်ငံ ဘုရင်စနစ်၏ ဖွဲ့စည်းပုံဥပဒေတစ်ခုအနေဖြင့် တည်ရှိကြောင်း ထင်ရှားစွာ ဖော်ပြထားသည်။ ဗုဒ္ဓဘာသာကို ဆန့်ကျင်တိုက်ခိုက်ခြင်းသည် နိုင်ငံတော်ကို သစ္စာဖောက်မှုတစ်ခုအဖြစ် သဘောထားသည်။ ဓာတုသေနမင်းလက်ထက်မတိုင်ခင် သီရိလင်္ကာဘုရင်များကို ဆန့်ကျင်ပြီး တမီးလ်အုပ်ချုပ်ရေးကို ထောက်ပံ့ကူညီသော သီရိလင်္ကာခေါင်းဆောင်များရှိခဲ့သည်။ ထိုခေါင်းဆောင်များကို ဓာတုသေနမင်းက နိုင်ငံတော်နှင့်ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်မှုမပြုသူများဟု စွပ်စွဲခဲ့သည်။

မလ်ဝတ္တနယ်မြေရှိ သံဃာတော်များက ဒပ်ခ်ျအစိုးရထံ ပေးပို့သော စာတွင်
“သီရိလင်္ကာရှေးဟောင်း ဥပဒေအရ စေတီပုထိုး သို့မဟုတ် မြင့်မြတ်သော မဟာဗောဓိပင်ကို ထိခိုက်အောင် လုပ်လျှင်၊ ဖျက်ဆီးလျှင် မည်သူမဆို သေဒဏ်အပြစ်ပေးခံရမည်” 
ဟု ပါရှိသည်။

ထိုဥပဒေများကြောင့် တစ်ခါတစ်ခါ လက်နက်အားဖြင့် ကျူးကျော်ပြီး သီရိလင်္ကာနိုင်ငံ၏ ဘုရင်ဖြစ်လာတတ်သော တမီးလ်လူမျိုးဘုရင်များသည်ပင် ဗုဒ္ဓဘာသာဘုရင်များကဲ့သို့ အုပ်စိုးခဲ့ကြသည်ကို တွေ့ရသည်။ ထိုအချက်ကို ပြောနိုင်သော အခိုင်အမာ အထောက်အထား များစွာရှိပါသည်။ ထိုသို့ ဗုဒ္ဓဘာသာဘုရင်များလို အုပ်ချုပ်သော်လည်း ထိုဘုရင်များမှာ ဗုဒ္ဓဘာသာများ မဟုတ်ခဲ့ကြပါ။ သူတို့သည် နိုင်ငံရေးအခြေအနေအရ အဆင်ပြေချောမွေ့စေဖို့ ဗုဒ္ဓဘာသာလို ဟန်ဆောင်ထားသောဘုရင်များသာ ဖြစ်ကြသည်။ (ယနေ့ခေတ်တွင်လည်း များစွာသော အုပ်ချုပ်သူတို့သည် ထိုကဲ့သို့ တိုင်းပြည်ကို လှည့်ဖြားရန် ဗုဒ္ဓဘာသာအရေခြုံထားကြသည်ကို တွေ့ရသည်။ ဘာသာပြန်သူ) အေစီ ၅-ရာစုတွင် တမီးလ်ဘုရင် ခုဒ္ဒပရိန္ဒသည် သီရိလင်္ကာနိုင်ငံ ထီးနန်းကို စိုးစံခဲ့သည်။ ထိုဘုရင်သည် သူ့နာမည်ရှေ့တွင် “ဗုဒ္ဓဒါသ - ဘုရားကျွန်”ဟူသော ရှေ့ဆက်စကားလုံးကို ထည့်သွင်းအသုံးပြုခဲ့သည်။ ပြည်သူများက သူ့ကို ဗုဒ္ဓဘာသာဟု ထင်မြင်စေရန်ဖြစ်သည်။ ကန္ဒီခေတ်က တမီးလ်ဘုရင်များသည်လည်း ဗုဒ္ဓဘာသာကို လက်ခံပြီး ဗုဒ္ဓဘာသာလို နေထိုင်သွားခဲ့ကြောင်း ထင်ထင်ရှားရှား တွေ့နိုင်သည်။

သီရိလင်္ကာအစိုးရသည် အိန္ဒိယနိုင်ငံမှ ဆင့်ပွားရယူခဲ့သော မြင့်မြတ်သော မဟာဗောဓိပင်၊ သပိတ်တော်၊ အံတော်၊ ဆံတော် စသော ဓာတ်တော်မွေတော်များကဲ့သို့သော မြင့်မြတ်သောအရာများကို အစောင့်အရှောက်များထားရှိပြီး ကာကွယ်ထိန်းသိမ်းထားခဲ့ကြသည်။ ထို့အပြင် ရုဝဏ်ဝေလိ ပုထိုးတော် စသော သာသနာ့အဆောက်အအုံများကိုလည်း သီရိလင်္ကာနိုင်ငံတော်၏ ရတနာများသဖွယ် ထိန်းသိမ်းထားသည်။ မောဂ္ဂလာန်ဘုရင်လက်ထက် အိန္ဒိယနိုင်ငံမှ မြတ်စွာဘုရားရှင်၏ ဆံတော်ရောက်ရှိလာပြီးနောက်ပိုင်းတွင် အသိဂ္ဂါဟက ဟူသော နန်းတွင်းဂုဏ်ပြု အထူးတံဆိပ်တော်ကို ပြုလုပ်ပေးအပ်လေ့ရှိသည်။ သီရိလင်္ကာနိုင်ငံ၏ ထင်ရှားသော ပွဲတော်မှန်သမျှသည် ဘာသာရေးနှင့် ဆက်စပ်သည်ကသာ များလေသည်။

ဤသို့ဖြင့် သီရိလင်္ကာနိုင်ငံတွင် ဘာသာရေး၊ နိုင်ငံတော်အရေး စသည်တို့မှာ တစ်သွေးတည်းတစ်သားတည်း ညီညွတ်နေခဲ့သည့်အတွက် ရဟန်းတော်များသည် နိုင်ငံတော် ကာကွယ်ရေး၊ ပြည်သူများ လွတ်လပ်ရေးနှင့် လူမှုရေးကိစ္စများစွာတို့တွင် ဘက်ပေါင်းစုံမှ စတင်ပါဝင်လာခဲ့ကြသည်။

အခန်း (၁)
အခန်း (၂)
အခန်း (၂) အဆက်
အခန်း (၃)

ဆက်လက်ဖော်ပြပါမည် .... 

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails