Wednesday, September 7, 2011

လက်များ




(၁)
တန်ဘနယ်မှာရှိတဲ့ ကျောင်းလေးတစ်ကျောင်းမှာ မိုကုစံ ဟိကိ ဆိုတဲ့ ဘုန်းတော်ကြီးတစ်ပါး နေထိုင်ပါတယ်။ သူ့တပည့်တွေထဲက တစ်ယောက်က သူ့မိန်းမ ကပ်စေးနှဲတဲ့အကြောင်းကို ရင်ဖွင့်ပါတယ်။ တစ်နေ့မှာ မိုကုစံဟာ သူ့တပည့်မိန်းမဆီကို အလည်သွားလိုက်ပါတယ်။ တပည့်မိန်းမရဲ့ မျက်နှာရှေ့မှာ လက်သီးဆုပ်ပြလိုက်တယ်။ တပည့်မိန်းမက “ဒါ ဘာအဓိပ္ပာယ်လဲ”လို့ မေးပါတယ်။

“ငါ့လက်က ဒီလိုသာ အမြဲဆုပ်ထားမယ်ဆိုရင် (အမြဲတမ်း လက်သီးဆုပ်ရက်ကြီးဖြစ်နေမယ်ဆိုရင်) ဒါကို ဘယ်လို ပြောမလဲ”လို့ ပြန်မေးလိုက်တယ်။ “ဒီလိုသာ အမြဲတမ်းဆိုရင် လက်က ပုံပျက် (တစ်ခုခု ချွတ်ယွင်း) နေတယ်လို့ ဆိုရမှာပေါ့”

နောက်တစ်ခါ မိုကုစံဟာ လက်သီးဆုပ်ကို ပြန်ဖြန့်ပြလိုက်ပြီး တပည့်မိန်းမမျက်နှာရှေ့မှာ ပြလိုက်ပြန်ပါတယ်။ “ကဲ ဒီလိုသာ ငါ့လက်က အမြဲတမ်း ပြန့်နေမယ်ဆိုရင်ကော”လို့ မေးလိုက်ပါတယ်။ “ဒီလိုဆိုရင်လည်း မဟုတ်သေးဘူး၊ ဒါလည်း ပုံပျက်ခြင်း (ချွတ်ယွင်းခြင်း) တစ်မျိုးပဲ”လို့ ဖြေလိုက်ပါတယ်။

ထိုအခါ ဘုန်းတော်ကြီး မိုကုစံဟာ “အေး … ကောင်းတယ်။ ဒါကိုသာ မင်း သေသေချာချာ နားလည်ရင် မင်းဟာ အလွန်တော်တဲ့ အိမ်ရှင်မပဲ”လို့ ပြောလိုက်ပါတယ်။ ဘုန်းတော်ကြီး ပြန်သွားပြီးနောက်မှာ တပည့်မိန်းမဟာ သူ့ယောက်ျားကိုလည်း ကူညီ၊ ပေးကမ်းသင့်တာကို ပေးကမ်း၊ စုဆောင်းသင့်တာကို စုဆောင်းသူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

(၂)
အထက်ပါ ဇင်းဇာတ်လမ်းလေးကို ဖတ်ပြီး လူ့ဘ၀ရဲ့ လက်များ၊ ထိုလက်များ ပိုင်ဆိုင်သော လူများအကြောင်းကို စဉ်းစားမိပါတယ်။ မိမိလည်း လက်နှစ်ဖက်ပိုင်ဆိုင်သူဖြစ်ရာ မိမိရဲ့ လက်တွေကိုလည်း ဆုပ်လိုက်၊ ဖြည်လိုက် လုပ်ကြည့်နေမိပါတယ်။

(၃)
တစ်နေ့က အမျိုးသမီးတစ်ယောက် ရောက်လာတယ်။ သူက သူ့ယောက်ျားအကြောင်းကို ပြောတဲ့အခါ သူယောက်ျားက နားလည်ရခက်ကြောင်း၊ တစ်ခါတစ်ခါ စိတ်ကောင်းရှိသလို တွေ့ရပေမယ့် တစ်ခါတစ်ခါ အရမ်းစိတ်ပျက်မိတယ်လို့ ဆိုပါတယ်။ သူက ငြီးမယ့်သာ ငြီးနေတာ၊ သူတို့ အိမ်ထောင်ရေးက အလွန်သာယာတဲ့ အိမ်ထောင်ရေးတစ်ခုပါ။ သူပြောပြတဲ့စကားတွေကို နားထောင်ပြီး အထက်က ဇင်ဇာတ်လမ်းလေးနဲ့ စကားပြန်ပြောဖြစ်ခဲ့ပါတယ်။ တကယ်တော့ ထိုအမျိုးသမီးဟာ သူ့ယောက်ျားရဲ့ လက်သီးဆုပ်လိုက်၊ လက်ဝါးဖြန့်လိုက်ဖြစ်နေတာကို မမြင်မိလို့ စိတ်ပျက်မိတာ ဖြစ်ပါလိမ့်မယ်လို့ ဆွေးနွေးဖြစ်ပါတယ်။ အဲဒီတော့မှ သူလည်း စဉ်းစားသင့်တဲ့အရာပဲ၊ တပည့်တော် ပြန်လေ့လာကြည့်လိုက်အုံးမယ်ဆိုပြီး ပြန်သွားလေရဲ့။

(၄)
ဘ၀မှာ တစ်ခါတလေတော့လည်း အခါခပ်သိမ်း တသမတ်တည်း လုပ်ဆောင်ဖို့ဆိုတာ မလွယ်ပါဘူး။ တစ်ခါတစ်ခါမှာ တစ်သမတ်တည်း တည်ငြိမ်မှု (Stability) က အဖြေတစ်ခုဖြစ်နေတတ်ပေမယ့် တစ်ခါတစ်ခါမှာတော့ Revolution is Resolution ဆိုတဲ့အတိုင်း တော်လှန်ပြောင်းလဲပေးခြင်းကသာ အဖြေဖြစ်နေတတ်ပါတယ်။ အလုပ်အကိုင်တစ်ခုမှာပဲဖြစ်ဖြစ်၊ အတွေးအခေါ်တစ်ခုကို အိမ်ဖွဲ့ကြည့်တာပဲဖြစ်ဖြစ် အခြေအနေနဲ့အချိန်အခါအရ လုပ်ဆောင်ကြတာကပဲ ဘ၀မှာ ပိုမိုအဓိပ္ပာယ်ရှိလိမ့်မယ်လို့ ထင်ပါတယ်။
ဇင်ဇာတ်လမ်းလေးထဲမှာ အိမ်ရှင်မက ရလာတဲ့ ပစ္စည်းဥစ္စာကို ပေးဝေသင့်တဲ့အချိန်မှာ ပေးဝေပြီး သိမ်းဆည်းဆုပ်ကိုင်ထားသင့်တဲ့အချိန်မှာ သိမ်းဆည်းထားနိုင်ခဲ့တယ်။ တကယ်တော့ လောကမှာ ပစ္စည်းဥစ္စာမှ မဟုတ်ပါဘူး။ အတွေးအခေါ်တစ်ရပ်၊ လုပ်ဆောင်ချက်တစ်ခုကို လုပ်ဆောင်တဲ့အခါမှာလည်း တစ်ခါတစ်ရံ မြိုသိပ်သိမ်းဆည်းထားရပါတယ်။ တစ်ခါတစ်ရံမှာတော့ ဖွင့်ဟပြရပါတယ်။ သိမ်းဆည်းသင့်သလောက် မသိမ်းဆည်းရင် အန္တရာယ်ရှိသလို အသိမ်းဆည်း လွန်သွားရင်လည်း အန္တရာယ်ရှိပြန်ပါတယ်။ ပေးကမ်းသင့်သလောက် မပေးကမ်းရင်လည်း ကပ်စေးနှဲကော်တရာအနေနဲ့ ကျော်ကြားပြီး ဘ၀တက်လမ်းမှာ အန္တရာယ်ရှိပါတယ်။ ထို့အတူပဲ ပေးကမ်းသင့်တာထက်၊ ကိုယ့်ရှိတာထက် ပိုမိုပေးကမ်းရင်လည်း စည်းကမ်းမဲ့ ဖြစ်သွားတတ်ပြန်ပါတယ်။ ဒီတော့ အခြေအနေနဲ့အချိန်အခါအားလျော်စွာ လက်ကို ဆုပ်လိုက်၊ ဖြန့်လိုက်လုပ်မှသာ လောကမှာ အဆင်ပြေနိုင်ပါလိမ့်မယ်။

(၅)
အသက်အရွယ်အရ လောကကြီးထဲ တိုးဝင်လာရတဲ့အခါ ငယ်ငယ်ကလို လွတ်လွတ်လပ်လပ်၊ ရိုးရိုးရှင်းရှင်း ပြောဆိုလုပ်ကိုင်ဖို့ဆိုတာ အတော်ခက်လာတတ်ပါတယ်။ လုပ်ငန်းတွေ လုပ်လာပြီဆိုရင် ဘယ်အချိန်မှာ လက်သီးကို ဆုပ်ထားရမလဲ၊ ဘယ်အချိန်မှာ လက်ဝါးဖြန့်ထားရမလဲဆိုတာကို တိတိကျကျ ခန့်မှန်းတတ်မှသာ အောင်မြင်မှု ရနိုင်ပါလိမ့်မယ်။

2 comments:

Maung Hlaing said...

အရှင်ဘုရား အလွန်တန်ဖိုးရှိပြီး လိုက်နာကျင့်သုံးသင့်တဲ့  ပုံပြင်လေးနဲ့  ဆုံးမစာဖြစ်လို့  အရှင်ဘုရားကို ကျေးဇူးအထူးတင်ပါတယ် နောက်လည်း ရေးပေးပါဦး ဘုရား၊ တပည့်တော် အမြဲ လာဖတ်ပါတယ် ဘုရား ၊ အရှင်ဘုရား ကျမ်းမာပါစေ။

နန်း ရှင် said...

တပည့်တော်လဲ ဘယ်အချိန်ဖြန့်ရမလဲ ဘယ်အချိန်ဆုပ်ရ
မလဲဆိုတာကို သိအောင်ကြိုးစားနေပါပြီဘုရား။

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails