Friday, August 26, 2011

နည်းနည်းသောက်ရင်၊ များများသောက်ရင်



လွန်ခဲ့တဲ့အပတ်က ပီနန်ကျောင်းကို တရုတ်မိသားစုတစ်စု ရောက်လာတယ်။ ဒကာမကြီးက သူ့သားကို ရဟန်းဝတ်ပေးချင်လို့လို့ ဆိုပါတယ်။ ဘယ်နှရက်လောက် ၀တ်မှာလဲဆိုတော့ ၇-ရက်လို့ ဆိုပါတယ်။ ဘာကြောင့် ၀တ်ချင်တာလဲဆိုတော့ သူက အခုတလော ကံတွေ အရမ်းဆိုးနေတယ်။ ဘာလုပ်လုပ် မအောင်မြင်ဘူး။ အဖျက်တွေ ခဏခဏ ၀င်နေတယ်။ စားသောက်ဆိုင် ဖွင့်ထားတာ။ အခု ပိတ်လိုက်ရပြီ။ ကံကောင်းအောင်လို့ ၀တ်တာပါလို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ ၀တ်ချင်တယ်ဆိုတော့လည်း ၀တ်ပေးလိုက်ပါတယ်။ ၇-ရက်တာကာလအတွင်းမှာ တရားဘယ်လို ထိုင်ရတယ်၊ ဗုဒ္ဓဘာသာဆိုတာ ဘာလဲစတဲ့ သိသင့်သိထိုက်တာလေးတွေ အတော် သိသွားခဲ့ပါတယ်။
နောက်ဆုံးနေ့ လူထွက်တဲ့အခါမှာ သူ လူ့ဘ၀ကို ပြန်သွားရမှာ ၀မ်းနည်းမိကြောင်း၊ ရဟန်းဘ၀က အေးချမ်းကြောင်း ပြောပါတယ်။ ဒါနဲ့ သူက လူ့ဘ၀မှာ အဆင်ပြေစေမယ့်၊ ငြိမ်းချမ်းမယ့် မြတ်စွာဘုရားနည်းရှိရင် ပြောပြပါအုံးလို့ ဆိုပါတယ်။ ဒီတော့ မြတ်စွာဘုရားက ငါးပါးသီလကို လူ့သီလလို့ ဆိုထားကြောင်း၊ မိမိကိုယ်မှာ အ၀တ်ဗလာဖြစ်နေရင် ရှက်စရာ ဖြစ်ကြောင်း၊ ထို့အတူပဲ လူ့ဘ၀မှာ ငါးပါးသီလကို မထိန်းနိုင်ရင် ရှက်စရာဖြစ်ကြောင်း ရှင်းပြလိုက်ပါတယ်။
ဒီတော့ သူက စောဒက တက်ပါတယ်။ အရှင်ဘုရား တပည့်တော် လုပ်ငန်းမှာ အရက်က မသောက်လို့ကို မရဘူး။ အရက်မသောက်ရင် လူတော မတိုးသလို ဖြစ်မှာ သေချာတယ်။ ဒီတော့ နောက်ဆုံး သီလကိုတော့ တပည့်တော် လွန်ကျူးရပါလိမ့်မယ်လို့ ဆိုပါတယ်။ ဒါတင် မကသေးဘူး။ သူက ဆက်ပြောသေးတယ်။ ဒါပေမယ့် တပည့်တော် ပြောနိုင်တာက တပည့်တော်ဟာ အရက်သောက်ပေမယ့် လူမှန်းသူမှန်း မသိအောင်၊ မူးအောင် တစ်ခါမှ မသောက်ဖူးပါဘူး။ တပည့်တော် လုပ်ရမယ့် လုပ်ငန်းကိုလည်း ကောင်းကောင်း ဆက်လက်လုပ်နိုင်တယ်။ တွေ့ဆုံစကားပြောရမယ့် ဧည့်သည်လုပ်ငန်းရှင်တွေကိုလည်း ကောင်းကောင်း တွေ့ဆုံ စကားပြောနိုင်တယ်။ ဒီလိုဆိုရင် တပည့်တော်ကို ငါးပါးသီလ၊ အရက်သောက်ခြင်းသီလကို ချိုးဖျက်တယ်၊ ကျိုးပျက်ပြီလို့ ဆိုနိုင်ပါသလားဘုရားတဲ့။ ကဲ … ဘယ်လို ပြောရမလဲ။
မရဘူး၊ မင်းဘယ်လိုပဲ သောက်သောက်၊ အရက်စက်ကလေး ပါးစပ်ထဲဝင်သွားတာနဲ့ သုရာမေရယသိက္ခာပုဒ်ကြီး ကျူးလွန်လိုက်ပြီ၊ သုရာမေရယသိက္ခာပုဒ်လွန်ကျူးခြင်းရဲ့ အကျိုးတွေ မင်း အကုန်ခံစားရတော့မယ်လို့ ပြောလိုက်ရမလား။ သူ့ကိုတော့ အဲဒီလို မပြောလိုက်ပါဘူး။ ကိုယ်ပြောလဲ ထူးမှာမှ မဟုတ်တာ။ ရှောင်နိုင်ရင်တော့ အကောင်းဆုံးပေါ့၊ မူးအောင် လွန်အောင် မသောက်နဲ့လို့ပဲ ပြောဖြစ်လိုက်ပါတယ်။
အခု ဒကာလေးတစ်ယောက်ကလည်း မေးလာတယ်။ မူးအောင် မသောက်ရင် အပြစ်ကျူးလွန်ရာ ကျပါသလားတဲ့။ ဒါက မေးသင့်မေးထိုက်တဲ့ မေးခွန်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ယနေ့ လူ့လောကရဲ့ လူနေမှုဘ၀ပုံစံတွေ၊ ယဉ်ကျေးမှုတွေကလည်း ရှုပ်ထွေးပြန့်ပြောလာနေတယ် မဟုတ်လား။ စီးပွားရေး ပါတနာတွေ စုပေါင်းဧည့်ခံပွဲမှာ သူများတွေ မော့လို့ ကိုယ်က မမော့ရင် အဆင်မပြေနိုင်ဘူးဆိုတာကိုး။ ဒါကတော့ ဦးဇင်းလည်း မသိပါဘူး။ ဒါပေမယ့် ဦးဇင်းနဲ့ အလွန်ရင်းနှီးတဲ့ ဒကာလေးတစ်ယောက်ရှိတယ်။ သူလည်း အထိုက်အလျောက် အောင်မြင်တဲ့ စီးပွားရေးသမားပါပဲ။ သူကတော့ ဘယ်လို ဧည့်သည်တွေနဲ့ ဘယ်လို ပွဲတွေပဲ တက်တက် အရက်ကို လုံးဝလုံးဝ မသောက်ပါဘူးတဲ့။ ဒါမျိုးလည်း ရှိပေးအုံးမှပေါ့နော်။ ကဲ ဘာပဲပြောပြော မေးသူရှိတော့ အဖြေလည်း ရှိရတာပေါ့လေ။ ဒီတော့ သုရာမေရယအကြောင်း ပိဋကတ်တွေမှာ ဘယ်လို ပြောထားဟောထားသလဲ ကြည့်ရအောင်ပါ။
သုရာမေရယ- မူးယဇ်စေတတ်သော အရာများ၊ သေရည်အရက် အကြောင်း ဖွင့်ဆိုထားတာတွေက အများကြီးပဲ။ ဒီတော့ သုရာမေရယ ဆိုတာကို သောက်သူကို မူးယဇ်စေတတ်၊ ပုံမှန်အသိဉာဏ်များ ပျောက်ဆုံးတတ်သောအရာများ၊ အရက်၊ မူးယဇ်ဆေးဝါး စသည်တို့ ဖြစ်တယ်လို့ နားလည်ထားလိုက်ပေါ့။
အရက်သေစာ သောက်သုံးခြင်းကို ပါဠိတော်တွေမှာ “မူးယဇ်လာလျှင် အကုသိုလ် ဖြစ်တတ်သောကြောင့်၊ စဉ်းစားဆင်ခြင် သုံးသပ်တတ်သော အသိဉာဏ်ပညာကို အားနည်းစေတတ်သောကြောင့်၊ ပုံမှန်စိတ်ညစ်နွမ်းပြီး သူတစ်ပါးပြောတာကို ကောင်းကောင်းနားမလည်တတ်သောကြောင့် ….”စသဖြင့် ပြဆိုထားပါတယ်။ အထက်ပါ ဆိုးကျိုးတွေ မဖြစ်သေးဘူးဆိုရင် ….? ဒီလိုဆိုတော့ သုံးသပ်ကြည့်လို့ ရနိုင်တာပေါ့။
သုရာမေရယနဲ့ ပတ်သက်တဲ့ မှတ်ဖွယ်လေးတွေကို ဖတ်ကြည့်ပါအုံး။ သုရာမေရယအင်္ဂါ လေးပါးရှိတယ်။ (၁) မဇ္ဇဘာဝေါ- သေအရက် ကဇော်ဖြစ်ခြင်း (၂) ပါတုကမျစိတ္တံ- သောက်လိုစိတ် ရှိခြင်း (၃) ၀ါယမော သောက်ဖြစ်အောင် လုံ့လ ပြုခြင်း၊ (၄) အဇ္ဈောဟရဏံ- သောက်မျိုချခြင်း
အရက်အမျိုးအစားတွေလည်း အများကြီး ပြထားပါသေးတယ်။ အနှစ်ချုပ်ကတော့ ဆန်၊ သစ်သီးသစ်ရွက် စတာတွေကို ကျိုချက်ဖော်စပ်ထားတဲ့ အရက်တွေပါပဲ။ ဘာမှ မထူးပါဘူး။
အရက်သောက်ခြင်းရဲ့ ဆိုးကျိုးတွေကိုလည်း စီးပွားပျက်ခြင်း၊ လူအကြည်ညိုပျက်ခြင်း၊ ကိုယ့်စကား သူများ နားမထောင်ခြင်း(သြဇာမရှိခြင်း) စတာတွေပဲ ဖြစ်ပါတယ်။
နောက်ပြီး အရေးကြီးတဲ့ စကားလေးတစ်ခွန်းရှိတယ်။ “သုရာမေရယသင်္ခါတဿ မဇ္ဇဿ ဗီဇတော ပဋ္ဌာယ မဒဝသေန ကာယဒွါရပ္ပဝတ္တာ ပမာဒစေတနာ သုရာမေရယမဇ္ဇပမာဒဋ္ဌာနံ”တဲ့။ မူးပြီးတော့ ကိုယ်ကာယပိုင်းမှာပါ မူးတတ်မေ့တတ်တဲ့ စိတ်စေတနာကို သုရာမေရယသိက္ခာပုဒ် လွန်ကျူးတယ်လို့ ဆိုပါတယ်။ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတွေ နေရာများစွာမှာ ဒီ အရက်အကြောင်းကို ဖွင့်ဆိုထားပါတယ်။ လိုရင်း ချုပ်ကြည့်ရင်တော့ ဒီလောက်ပါပဲ (ဒီလောက်ပဲ ဖြစ်မယ် ထင်ပါတယ်။)
ဒီတော့ မိမိဘာသာ သုံးသပ်ကြည့်လို့ ရမယ် ထင်ပါတယ်။ တစ်ခုခုကို ဆုံးဖြတ်ပြောဆိုတဲ့ နေရာမှာ တစ်ခါတစ်ရံ အကျိုးကို ကြည့်ပြီး (ဆိုးကျိုးကို ကြည့်ပြီး) လုပ်သင့်မလုပ်သင့် ဆုံးဖြတ်ရတယ်။ တစ်ခါတစ်ရံမှာ အကြောင်းကို ကြည့်ပြီး လုပ်သင့်မလုပ်သင့် ဆုံးဖြတ်ရတယ်။
မူးယဇ်စေတတ်သော၊ မေ့လျော့စေတတ်သော ဆိုတဲ့ စကားကလည်း စဉ်းစားဖို့ ကောင်းပါတယ်။ မမူးရင်၊ မမေ့ရင် ဆိုပြီး ပြန်လှန်စဉ်းစားဖို့ပါ။ အရက်တစ်ခွက်သောက်ပြီး သာမန်လူတစ်ယောက်လို စဉ်းစားနိုင်၊ သုံးသပ်နိုင်တယ်ဆိုရင် … ဒီလိုလည်း စဉ်းစားကြည့်ဖို့ပါ။ ဒီလိုဆိုတော့ အရက်သောက်တိုင်း သုရာမေရယသိက္ခာပုဒ် မလွန်ကျူးဘူးလို့ ဆိုရမလိုပါပဲ။ ဒါပေမယ့် တရားတော်တွေမှာ ဒီလို ဆိုထားတာတွေ မရှိပါဘူး။ နည်းနည်းသောက်ရင် နည်းနည်းထူးခြားမှာပဲ။ ဒါဆိုရင် နည်းနည်း အကုသိုလ် ဖြစ်မှာပေါ့။ သိက္ခာပုဒ်ကလည်း လွန်ကျူးပြီးသား ဖြစ်သွားမှာပေါ့။ ဒါပေမယ့် သုရာမေရယသိက္ခာပုဒ် လွန်ကျူးရခြင်းကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတရားတွေတော့ ရချင်မှ ရမှာပေါ့။
ဆိုတော့ အရက်သောက်ပြီဆိုရင်တော့ သုရာမေရယသိက္ခာပုဒ်ကို ကျူးလွန်သွားပြီလို့ မှတ်လိုက်ပေါ့။ မမူးရင် အပြစ်မရှိဘူးလို့ ဆိုတာဟာ မမှန်ပါဘူး။ မမူးရင် သုရာရဲ့ ဆိုးကျိုးတွေ မဖြစ်နိုင်ဘူးလို့တော့ အတိုင်းအတာတစ်ခုအနေနဲ့ ဆိုလို့ ရနိုင်မယ် ထင်ပါတယ်။ ဒါပေမယ့် အရက်သောက်ရင် လူအထင်သေးမယ့်၊ ကဲ့ရဲ့ရှုံ့ချမယ့် ပတ်ဝန်းကျင်မှာဆိုရင်တော့ ဆိုးကျိုးတွေက ပိုများလာမယ် ထင်ပါတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားသုံးသပ်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails