Thursday, August 11, 2011

ဒေါက်တာအမ်ဘေဒကာ သို့မဟုတ် ဗုဒ္ဓရင်ခွင်သို့ ပြန်လာသူ

 


ဘီမရာအို ရာမ်ဂျိ အမ်ဘေဒကာဟာ တရားသူကြီး၊ နိုင်ငံရေးခေါင်းဆောင်၊ ဒဿနပညာရှင်၊ တက္ကိက၀ါဒီ၊ အရေးသွက်သော စာရေးဆရာ၊ စီးပွားရေးပညာရှင်၊ တော်လှန်ရေးသမားနှင့် အိန္ဒိယမှာ ဗုဒ္ဓဘာသာ ပြန်လည်တည်ဆောက်သူ စသော ဂုဏ်ထူးဝိသေသမျိုးစုံဖြင့် ကျော်ကြားလှပါတယ်။ သူဟာ အိန္ဒိယနိုင်ငံ ဥပဒေရေးဆွဲရေးအဖွဲ့ရဲ့ အဓိကပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ 
အိန္ဒိယမှာ ဆင်းရဲတဲ့ မဟာဆိုတဲ့ အမျိုးအနွယ်တစ်စု ရှိပါတယ်။ နောင်ပိုင်းမှာ မသတီစရာလို့ သက်မှတ်ခံရပြီး အများသူငှါ မထိကောင်းတဲ့ အနွယ်အဖြစ် သက်မှတ်ခံရပါတယ်။ ဒီလို အမျိုးအနွယ်မှာ သူ့ကို မွေးဖွားခဲ့ပါတယ်။ သူဟာ လူမူရေး ချိုးနှိမ်မှုတွေ၊ ဟိန္ဒူတွေရဲ့ အမျိုးလေးပါး(ဘုရင်၊ ပုဏ်ဏား၊ သူကြွယ်၊ သူဆင်းရဲ)စနစ်တွေကို သူ့ဘ၀တစ်လျှောက်လုံး တိုက်ခိုက်ဆန့်ကျင်လာခဲ့ပါတယ်။ သူဟာ အများသူငှါ မထိကောင်းတဲ့အနွယ်(လူမျိုး)များလို့ သက်မှတ်ခံထားရတဲ့ ဇာတ်နိမ့် သိန်းပေါင်းများစွာကို ဗုဒ္ဓဘာသာအဖြစ် ပြန်လည်သွတ်သွင်းပေးတဲ့နေရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ အိန္ဒိယသားမြောက်များစွာက သူ့ကို ဘုရားလောင်းအဖြစ် သတ်မှတ်ပြောဆိုကြပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ကတော့ တစ်ခါမှ သူ့ကိုသူ ဘုရားလောင်းလို့ မပြောခဲ့ပါဘူး။ 

“ဗီဇာတစ်ခုကို စောင့်နေခြင်း”လို့ အမည်ပေးထားတဲ့ သူ့ရဲ့ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ထဲမှာ ဇာတ်နိမ့်တစ်ယောက်ရဲ့ အတွေ့အကြုံတွေကို အသေးစိတ် ရေးပြထားပါတယ်။

“အိန္ဒိယသား ၁၂-ယောက်လောက်ရှိတယ်။ သူတို့က အန္တရာယ်ပြုမယ့်ပုံစံနဲ့ ကျွန်တော့်ရှေ့မှာ။ ဒုတ်တွေကိုင်ပြီး တန်းစီနေကြတယ်။ ကျွန်တော်ကတော့ ကြောက်ကြောက်လန့်လန့်၊ အသနားခံနေတဲ့ မျက်နှာပေးလေးနဲ့ပေါ့။ ဒါက လွန်ခဲ့တဲ့ ၁၈-နှစ်လောက်ကပေါ့။ ဒါပေမယ့် ကျွန်တော် ဒီမြင်ကွင်းကို ဖျောက်လို့ မရနိုင်ခဲ့ဘူး။ ကျွန်တော့်မျက်စိထဲမှာ ရှင်းရှင်းလင်းလင်းကြီးကို မြင်ယောင်နေဆဲပဲ။ ဒါကို မြင်ယောင်မိတိုင်း ကျွန်တော့်မျက်စိထဲမှာ ကြောက်ရွံ့မှုတွေနဲ့ ပြည့်နှက်နေဆဲပဲ။ ဒီအဖြစ်အပျက်လေးဟာ ကျွန်တော့ဘ၀မှာ အများသူငှါ မထိကောင်းတဲ့ ဇာတ်နိမ့်တစ်ယောက်ရဲ့ ပထမဆုံး အတွေ့အကြုံပါပဲ”

သူဟာ ၁၉၁၈-ခုနှစ်မှာ ဘောဂဗေဒ ဆစ်ဒန်ဟန်ကောလိပ် (Sydenham college)က နိုင်ငံရေးဘောဂဗေဒဌာနမှာ ပါမောက္ခရာထူးတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ ကျောင်းမှာ အတော်အောင်မြင်တဲ့ ပါမောက္ခတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ကျောင်းသားတွေနဲ့လည်း အတော်ကို အဆင်ပြေပါတယ်။ ဒါပေမယ့် အခြားပါမောက္ခတွေက သူတို့ အသုံးပြုတဲ့ သောက်ရေခွက်ကို အသုံးပြုဖို့ ပိတ်ပင်ခဲ့ပါတယ်။ သူဟာ ကိုယ်ပိုင်သောက်ရေခွက်ကိုသာ အသုံးပြုခဲ့ရတယ်။

ဗုဒ္ဓဘာသာသို့ ပြောင်းလာခြင်း

ပညာရှင်တစ်ယောက်အနေနဲ့ သူဟာ ပညာရပ်မျိုးစုံကို လေ့လာတယ်။ ဘာသာပေါင်းစုံနဲ့ ဒဿန(အတွေးအခေါ်)ပေါင်းစုံကို လေ့လာတယ်။ မက်စ်ဝါဒကိုလည်း လေ့လာတယ်။ နောက်ပိုင်းမှာ ဗုဒ္ဓဘာသာ ပိဋကတ်သုံးပုံကိုလည်း လေ့လာဖတ်ရှုတယ်။ သူဟာ မြတ်ဗုဒ္ဓရဲ့ ပိဋကတ်တွေမှာ နက်နက်နဲနဲ စိတ်ဝင်စားသွားခဲ့တယ်။ 

၁၉၃၅-ခုနှစ်၊ အောက်တိုဘာလ၊ ၁၃-ရက်နေ့မှာ ဒေါက်တာအမ်ဘေဒကာဟာ “ကျွန်တော်ဟာ ဟိန္ဒူတစ်ယောက်အနေနဲ့ မွေးဖွားလာတယ်။ ဒါပေမယ့် ကျွန်တော် ဟိန္ဒူတစ်ယောက်လို သေမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ရင်ထဲက စွမ်းအားတစ်ခုကြောင့်ပါ”လို့ ပြောကြားရင်း ဟိန္ဒူဘာသာကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း လူသိရှင်ကြား ကြေငြာခဲ့ပါတယ်။

ဆစ်ခ်ဘာသာ၊ အစ္စလာဟ်ဘာသာနဲ့ ခရစ်ယာန်ဘာသာတွေက ချက်ချင်းပဲ သူတို့ဘာသာထဲကို ၀င်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒေါက်တာအမ်ဘေဒကာနဲ့ သူ့နောက်လိုက်များစွာကို ငွေကြေးမြောက်မြားစွာနဲ့ ဘ၀အာမခံချက်တွေကို ကမ်းလှမ်းရင်း ဆွဲဆောင်စည်းရုံးကြပါတယ်။ ဘယ်လိုပဲ ကမ်းလှမ်းဆွဲဆောင်ပါစေ၊ ဒေါက်တာအမ်ဘေဒကာနဲ့ သူ့တပည့်တွေဟာ ကမ်းလှမ်းချက်အားလုံးကို လုံးဝငြင်းဆန် ပယ်ချခဲ့ကြပါတယ်။ ဒါဟာ သူတို့ရင်ထဲမှာ ယုံကြည်စွဲမြဲနေတဲ့ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကြောင့်ပဲ ဖြစ်ပါတယ်။ 

ဒေါက်တာအမ်ဘေဒကာရဲ့ ဗုဒ္ဓဘာသာအပေါ် အလွန်တရာ စိတ်ဝင်စားစေခဲ့တယ်လို့ ဆိုနိုင်တဲ့ အချက်တစ်ခုက အောက်ပါစကားရပ်တွေပဲ ဖြစ်ပါတယ်။

“မြတ်ဗုဒ္ဓမှာ အခြားပုဂ္ဂိုလ် (ဘာသာရေးခေါင်းဆောင်)တွေထက် သာလွန်နေတဲ့ ထူးခြားချက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ ကိုယ့်ကိုယ်ကိုယ် နှိမ်ချမှု(ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်မှု)ပါပဲ။ ယေရှုခရစ်ဟာ သူ့ကိုယ်သူ ဘုရားသားတော်လို့ အခိုင်အမာ ပြောကြားတယ်။ တမန်တော်မိုဟာမက်ဆိုရင်လည်း သူ့ထက် နည်းနည်းပိုပါတယ်။ သူဟာ ဘုရားသခင်က ကမ္ဘာမြေကြီးပေါ်ကို လွှတ်လိုက်တဲ့ တမန်တော်ဖြစ်ကြောင်း၊ သူဟာ နောက်ဆုံး တမန်တော်တစ်ပါးလည်းဖြစ်ကြောင်း ပြောကြားခဲ့တယ်။ ကရစ်ရှနားကတော့ ယေရှုနဲ့မိုဟာမက်ထက် ပိုကဲပြလိုက်ပါသေးတယ်။ သူက သူ့ကိုယ်သူ ဘုရားအားလုံးရဲ့ဘုရား (ပရမေရွှရ)ဖြစ်တယ်လို့ ဆိုပါတယ်။ မြတ်ဗုဒ္ဓဟာ သူ့ကိုယ်သူ မြင့်မြတ်သူတစ်ယောက်ဖြစ်ကြောင်း၊ ထိုထိုအီအီ (ဘုရားသားတွေ၊ ဘုရားကိုယ်စားလှယ်တွေ၊ တမန်တော်တွေ)တွေဖြစ်ကြောင်း တစ်ခုမှ ပိုင်စိုးပိုင်နင်း မပြောကြားခဲ့ပါဘူး။ သူ(မြတ်ဗုဒ္ဓ)ဟာ လူသားကနေ မွေးလာတယ်၊ လူတစ်ယောက်လို အသက်ရှင်နေထိုင်တယ်၊ သူ့တရားတော်တွေကိုလည်း လူသားတစ်ယောက်အနေနဲ့ပဲ ဟောကြားတယ်။ ယေရှု၊ မိုဟာမက်နဲ့ ကရစ်ရှနားတို့ဟာ သူတို့ကိုယ်သူတို့ ကယ်တင်ရှင်များအနေနဲ့ ကြွေးကြော်ခဲ့ကြတယ်။ မြတ်ဗုဒ္ဓကတော့ သူ့ကိုယ်သူ အသိဉာဏ်ပညာ မျှဝေသူတစ်ဦးအနေနဲ့ပဲ ပြောကြားခဲ့တယ်”

သူ ဘာကြောင့် ဗုဒ္ဓဘာသာကို ရွေးချယ်ခဲ့သလဲဆိုတာကို ခြေရာကောက်ကြည့်ရင် မနုဿဗေဒပညာရပ်ကို သူလေ့လာတဲ့နေရာမှာ တွေ့ရှိလာတဲ့ အချက်တွေကြောင့်လို့ ဆိုနိုင်မယ် ထင်ပါတယ်။ အမ်ဘေဒကာဟာ ထူးခြားပြီးအသိအမှတ်ပြုလိုက်တဲ့ အချက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ အိန္ဒိယမှာရှိတဲ့ အပယ်ခံ (သူတို့လို) မဟာလူမျိုးနွယ် ဇာတ်နိမ့်တွေဟာ ယခင်က ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ခဲ့ကြတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ပထမတော့ သူတို့ဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်လိမ့်မယ်။ နောက်ပိုင်းမှာ ဗုဒ္ဓဘာသာကျင့်စဉ်တွေကို အတင်းအဓမ္မ စွန့်လွှတ်ခိုင်းမယ်။ မစွန့်လွှတ်နိုင်ကြတဲ့အခါကျတော့ သူတို့ကို လူ့အဖွဲ့အစည်းအပြင်ဘက်ကို တွန်းပို့ခဲ့ကြမယ်။ တဖြည်းဖြည်း အပယ်ခံဘ၀နဲ့နေလာရင်း နောက်ပိုင်းမှာ မထိကောင်းတဲ့ ရွံရှာဖွယ်လူမျိုး ဇာတ်နိမ့်တွေအဖြစ် သက်မှတ်ခံခဲ့ကြရတယ်။ သူဟာ ဒီအကြောင်းတွေကို သုတေသနဆန်ဆန် ပြုစုပြီး စာအုပ်ရေးခဲ့တယ်။ စာအုပ်ထဲမှာ သုဒ္ဒ(သူဆင်းရဲမျိုး၊ ဇာတ်နိမ့်)တွေဟာ ဘယ်သူတွေလဲဆိုတာနဲ့ သူတို့ဟာ အများအနှိမ်ခံဘ၀ကို ဘယ်လို ရောက်လာခဲ့ကြသလဲဆိုတာတွေကို သုတေသနပြု ရေးသားထားပါတယ်။

၁၉၅၀-ခုနှစ်မှာ ဒေါက်တာအမ်ဘေဒကာဟာ အိန္ဒိယမှာ ဗုဒ္ဓဘာသာကို ပြန်လည်တည်ထောင်ပြုစုဖို့ ဆုံးဖြတ်ထားကြောင်း လူသိရှင်ကြား ကြေငြာမောင်းခတ်ခဲ့ပါတယ်။ သူဟာ သူ့ပို့ချချက်တွေ၊ ပြုစုရေးသားထားတွေနဲ့ သူ့တပည့်နောက်လိုက်တွေကို ဗုဒ္ဓကျမ်းစာများ ဂရုတစိုက် လေ့လာကြဖို့ သတိပေးညွှန်ကြားပါတယ်။ ဗုဒ္ဓမြတ်စွာရဲ့ ညွှန်ကြားချက်၊ နည်းလမ်းအားဖြင့်သာလျှင် လူမှုရေးသာတူညီမျှမှုကို ရနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၁၉၅၆-ခုနှစ်၊ မေလ၊ ၁၂-ရက်နေ့၊ လန်ဒန်မြို့၊ ဘီဘီစီအသံလွှင့်ဌာနမှာ “ဗုဒ္ဓဘာသာကို ကျွန်ုပ် ဘာကြောင့် ကြိုက်သလဲ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်။ သူ့ဟောပြောချက်ထဲမှာ

“ဗုဒ္ဓဘာသာကို ကျွန်ုပ် ဘာသာအားလုံးထက် ပိုနှစ်သက်တယ်။ ဘာကြောင့်လဲဆိုတော့ အခြားဘယ်ဘာသာကမှ မပေးနိုင်တဲ့ မူသုံးရပ်ကို ပေးနိုင်လို့ပါပဲ။ အခြားဘာသာတွေအားလုံးဟာ ထာဝရဘုရား၊ အနန္တ၀ိဉာဏ်နဲ့ သေပြီးနောက်ဘ၀အခြေအနေသုံးရပ်နဲ့ သူတို့ကိုယ်သူတို့ အနှောက်အယှက်ပေးနေကြပါတယ်။ ဗုဒ္ဓဘာသာက ပညာ(အယူသီးမှုနဲ့ သဘာဝလွန်ယုံကြည်မှုဝါဒနဲ့ လားလားမှမဆိုင်တဲ့ နားလည်သဘောပေါက်မှုပညာ)ကို သင်ပေးတယ်။ သနားကရုဏာတရားကို သင်ပေးတယ်။ လူသားအားလုံးဟာ တန်းတူညီမျှဖြစ်ကြောင်း (လူဟာ လူသာဖြစ်ကြောင်း) ပြောပြတယ်။ ကမ္ဘာမြေပြင်မှာ ဒီသုံးရပ် (ပညာ၊ ကရုဏာနဲ့ တန်းတူညီမျှဖြစ်မှု)သာ ဖြစ်ထွန်းလို့ကတော့ ကောင်းမွန်တဲ့၊ ပျော်ရွှင်တဲ့ဘ၀ကို ရရှိနိုင်ပါတယ်။ လူသားတွေ လိုအပ်နေတာလည်း ဒါပဲ မဟုတ်လား။ ဗုဒ္ဓဘာသာက ကမ်းလှမ်းလာတဲ့ ဒီသုံးရပ်က ကျွန်ုပ်ကို ကြည်နူးစေတယ်။ ကမ္ဘာကြီးကိုလည်း ဖျောင်းဖျပြောဆိုနေပါတယ်။ ဘယ်ထာဝရဘုရား၊ ဘယ်အနန္တ၀ိဉာဏ်တော်ကမှ ဥုံဖွဆိုပြီး ကမ္ဘာကြီးကို လာမကယ်တင်ဘူး”

“ဘာသာတရားလား၊ ဘာသာတရားဆိုတာ လူသားအတွက်ပဲ အသက်ရှင်တည်ရှိနေတာ ဖြစ်ရမယ်။ လူသားဟာ ဘာသာတရားအတွက် တည်ရှိနေတာမျိုး မဖြစ်ရဘူး။ လူမျိုးရေး ခွဲခြားဆက်ဆံမှု၊ အသားအရောင် ခွဲခြားမှု၊ လူအချင်းချင်း (အသိဉာဏ်ပညာ၊ အကျင့်သိက္ခာအားဖြင့် မဟုတ်ဘဲ၊ အမျိုးဇာတ်အားဖြင့်) နိမ့်ကျသူ၊ မြင့်မြတ်သူအဖြစ် ခွဲခြားမှု စတာတွေကို ထိထိရောက်ရောက် ဆန့်ကျင်ဟောပြောခဲ့သူ ဘာသာရေးခေါင်းဆောင်ဆိုတာ တစ်ဦးပဲ ရှိပါတယ်။ အဲဒါကတော့ မြတ်ဗုဒ္ဓပါပဲ”

ပါမောက္ခဒေါက်တာအမ်ဘေဒကာဟာ ၁၉၅၆-ခုနှစ်၊ အောက်တိုဘာလ၊ ၁၄-ရက်နေ့မှာ သူ့ရဲ့တပည့် ၅-သိန်း (၅၀၀၀၀၀)နဲ့အတူ ဗုဒ္ဓဘာသာအဖြစ် ခံယူခဲ့ကြပါတယ်။ လူဦးရေ ထူထပ်များပြားတဲ့ ခေတ်သစ်အိန္ဒိယမှာ သူ့နဲ့တပည့်များစွာ ဗုဒ္ဓဘာသာအဖြစ် ပြောင်းသွားကြတဲ့သတင်းဟာ အကြီးအကျယ် ကျော်ကြားခဲ့ပါတယ်။ ဒါဟာ ခေတ်သစ်အိန္ဒိယမှာ ဗုဒ္ဓတရားတော်တွေကို ပထမဆုံး အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ 

ပါမောက္ခဒေါက်တာအမ်ဘေဒကာရဲ့ ထူးကဲမြင့်မြတ်တဲ့ ဦးဆောင်မှုနဲ့အတူ မြတ်ဗုဒ္ဓတရားတော်တွေဟာ အိန္ဒိယမှာ ပြန်လည်အားကောင်းမောင်းသန် ဖြစ်လာခဲ့ပါတယ်။ အပယ်ခံဘ၀ရောက်ခဲ့ရတဲ့ လူသားပေါင်းမြောက်မြားစွာဟာ သူတို့ရဲ့ ပျောက်ဆုံးခဲ့တဲ့ ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆည်ရင်း အကြီးအကျယ် အောင်မြင်ခဲ့ကြပါတယ်။ နောက်ပိုင်း အိန္ဒိယနိုင်ငံ၊ နိုင်ငံရေးမှာပါ အင်အားကောင်းသော အစုအဖွဲ့ကြီး ဖြစ်လာခဲ့ပါတယ်။

“မြတ်ဗုဒ္ဓနှင့် သူ၏ ဓမ္မ (The Buddha and His Dhamma) ဆိုတဲ့ စာအုပ် အဆုံးသတ်ပြီး သုံးရက်အကြာ (၁၉၅၆-ခုနှစ်၊ ဒီဇင်ဘာလ၊ ၆-ရက်နေ့)မှာ ပါမောက္ခကြီး ဒေါက်တာအမ်ဘေဒကာ ကွယ်လွန်ခဲ့ပါတယ်။ နယူးဒေလီမြို့မှာရှိတဲ့ သူ့အိမ်မှာ အိပ်ပျော်နေရင်း ငြိမ်သက်အေးချမ်းစွာ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ပါတယ်။

ပါမောက္ခဒေါက်တာအမ်ဘေဒကာ၏ နောက်ဆုံးစကား

“ပညာသင်ပါ၊
တက်တက်ကြွကြွ တောင်းဆိုပါ၊
စည်းလုံးပါး၊
မိမိကိုယ်ကိုယ် ယုံကြည်ပါ၊
ငါတို့ဘက်မှာ တရားမျှတမှုဆိုတာ ရှိနေရင်
ရှုံးနိမ့်မယ့်တိုက်ပွဲဆိုတာကို ငါ မမြင်ဘူး၊
(တရားမျှတမှုဆိုတာ ရှိနေတော့)
တိုက်ပွဲဆိုတာ ငါ့အတွက် ပျော်စရာ၊
(တရားမျှတမှု) တိုက်ပွဲထဲမှာ
ငါ့စိတ်ငါ့နှလုံးသားဟာ စူးစိုက်နစ်မြုပ်လို့။
ဒီတိုက်ပွဲဟာ စည်းစိမ်အတွက်လည်း မဟုတ်ပေဘူး၊
အာဏာအတွက်လည်း မဟုတ်ဘူး၊
(တရားမျှတ) လွတ်လပ်ခြင်းအတွက်သက်သက်ရယ်ပါ။
ဒီတိုက်ပွဲဟာ
လူသားရဲ့ ပင်ကိုယ်အရည်အသွေးကို ပြန်လည်ရယူဖို့ အတွက်ပဲ။

Ref:
Voice of Buddhism (A publication of Buddhist Missionary Society, Malaysia)
Dr. Ambedkhar: Back to Buddhism
Unknow author

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails