Friday, July 29, 2011

ဘုရား တ ခြင်း




(၁)
မြန်မာစကားတွင် “ဘုရား တ နေရတယ်၊ ဘုရား တ နေရတယ်”ဟု ပြောလေ့ရှိကြသည်။ အန္တရာယ်များ၊ အခက်အခဲများတွင် နေထိုင်ကျင်လည်ရသည်ကို ဆိုလိုခြင်း ဖြစ်သည်ဟု နားလည်ရသည်။ လူတိုင်းလူတိုင်း (ဘုရားချင်း မတူလျှင်သော်မှ) ဘုရား တ နေရသောနေ့ရက်များကို ကြုံတွေ့ဖူးပါလိမ့်မည်။ အမှန်အားဖြင့် ဘုရား တ နေခြင်းမှာ အန္တရာယ်ကြုံမှ အခက်အခဲများ တွေ့မှ တ ရခြင်း မဟုတ်ပါ။ သို့သော်လည်း သူသူကိုယ်ကိုယ် “ခလုတ်ထိမှ အမိ တ”ဆိုသလို “ဒုက္ခတွေ့မှ ဘုရား တ”ကြသည်က များလေသည်။

(၂)
ယခုအခါတွင် ပီနန်ကျောင်း၌ တရုတ်လူမျိုးမိဘများ မိမိတို့ သားငယ်သမီးငယ်များကို ကျောင်းသို့ ခေါ်လာနေကြသည်။ ပီနန်ကျောင်း၌ရှိသော အရှင်ဥပဂုတ္တရုပ်ပွားတော်တွင် ဥပဂုတ္တပွဲများ ပေးကြခြင်း ဖြစ်သည်။ မည်သည့်အချိန်က မည်သည့်အကြောင်းကြောင့် မသိ၊ ဥပဂုတ္တ ပွဲထိုးလျှင် စာမေးပွဲအောင်သည်ဟု ယုံကြည်ကြသည်။ စာမေးပွဲမဖြေခင်ကော ဖြေပြီးအချိန်မှာပါ ပီနန်ကျောင်း ဥပဂုတ္တရုပ်ပွားတော်တွင် ငှက်ပျောပွဲ၊ အုန်းပွဲများ ပြည့်နှက်နေတတ်လေသည်။ စာမေးပွဲမဖြေခင် ပွဲထိုးသည်မှာ ယုံကြည်မှုတိုးစေသည်ဟု အကြောင်းပြစရာရှိသော်လည်း စာမေးပွဲဖြေပြီးမှ ပွဲထိုးခြင်းမှာ အနည်းငယ် လွဲမှားနေသလားဟု တွေးထင်ရသည်။ အချို့ကျောင်းသားကျောင်းသူလေးများက “အရှင်ဘုရား … ပြီးခဲ့တဲ့စာမေးပွဲမှာ ကောင်းကောင်း မဖြေနိုင်ခဲ့ဘူး၊ အဲဒါရလဒ်ကောင်းအောင် ရွတ်ဖတ်ပေးပါ”ဟု ဆိုတတ်ကြသည်။ မည်သို့ဆိုစေ ဤသို့ပြုလုပ်ခြင်းမှာ အခက်အခဲ အကျပ်အတည်းကြားတွင် ဘုရား တ တတ်သော လူသား၏ အဇ္ဈတ္တကို လှစ်ဟပြနေခြင်းဟု ဆိုရပေလိမ့်မည်။

(၃)
တစ်ရက်က ခရစ်ယာန်တရုတ်ဒကာမကြီးနှင့် စကားပြောဖြစ်သည်။ ဘုရားဝတ်ပြုသူများနှင့် စည်ကားသော ပီနန်ကျောင်း အဓိကဘုရားဆောင်မှာ ဖြစ်သည်။ ခရစ်ယာန်ကျမ်းစာများနှင့် ပတ်သက်ပြီး ဆွေးနွေးဖြစ်သည်။ သမ္မာကျမ်းစာ၏ ကျမ်းဟောင်းကျမ်းသစ် ဆန့်ကျင်ဘက်ဖြစ်နေသည်များ (ဆန့်ကျင်သယောင်ဖြစ်နေသည်များ) အကြောင်း ဆွေးနွေးဖြစ်ကြသည်။ ပြောလိုသည်မှာ “ခရစ်ယာန်ပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာပဲဖြစ်ဖြစ် အတူတူပါပဲ၊ အခက်အခဲရှိရင် စိတ်ညစ်ရင် ဘုရားရှေ့လာပြီး ပြောပြ၊ ပြီးရင် ဘုရားကို ကုပေးဖို့ တောင်းဆိုကြတာပဲ မဟုတ်လား”ဟု ဗုဒ္ဓဘုရားရှင်ရှေ့ ၀တ်ပြုပူဇော်နေကြသော လူများကို လက်ညှိုးထိုးရင်း ပြောပြသည်။ ထိုအခါ “ငါကတော့ အဲ့ဒီလို ဘယ်တော့မှ မလုပ်ဘူး”ဟု ပြောသောအခါ သူ အံ့သြသွားသည်။ “တကယ်လား”ဟု အံ့သြတကြီး မေးသည်။ “ဟုတ်တယ်၊ ဗုဒ္ဓဘာသာအများစုဟာ ဒကာမကြီး ဘုရားထံမှာ တောင်းသလို တောင်းနေကြတာ မဟုတ်ဘူး၊ ထိုင်တော်မူနေတဲ့ ဗုဒ္ဓဘုရားကလည်း သူတို့ကို ဘာမှ ပေးမှာ မဟုတ်ဘူး၊ သူ ပေးနိုင်တာက ဥုံဖွဆိုပြီး ဖြစ်လာတဲ့ အကျိုးတရား မဟုတ်ဘူး၊ သူ ပေးနိုင်တာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀-ကျော်ကတည်းက ပေးပြီးသွားပြီ၊ ကြီးပွားချင်ရင် ဘယ်လိုလုပ်၊ ဆင်းရဲကို ကြောက်ရင် ဒါတွေ မလုပ်နဲ့၊ စိတ်ချမ်းသာချင်ရင် ဒီလိုနေ၊ စိတ်မဆင်းရဲချင်ရင် ဒီလို မနေနဲ့ … စသဖြင့် ညွှန်ကြားပြီးသား။ တစ်နေရာရာကနေပြီး သူက ဘာမှ ကူညီပေးမှာ မဟုတ်ဘူး”လို့ ရှင်းပြလိုက်သောအခါ သူ ထပ်ပြီး အံ့သြသွားပုံ ပေါ်နေသည်။ ထိုသို့ရှင်းပြလိုက်သောအခါ အံ့သြလွန်း၍ ထင်သည်။ ဘုရား တပြီး ပြန်သွားခဲ့လေသည်။

(၄)
တစ်ခါတစ်ရံတော့ ကိုယ်က တ ရသည်။ အီရန်က ခေါင်းမြီးခြုံ ဒကာမကြီး အုပ်စု ရောက်လာသည်။ မေးခွန်းမေးချင်လို့ပါဟု ဆိုသည်။ ပရိတ်ရေအိုးနှင့် ပရိတ်ကြိုးများကို လက်ညှိုးထိုးကာ “ဒီရေက ဘာလဲ၊ ဘာလို့ လုပ်တာလဲ၊ ဒီကြိုးကကော ဘာလုပ်တာလဲ”စသည်ဖြင့် မေးခွန်းများ မေးသည်။ ပရိတ်ရေ၊ ပရိတ်ကြိုးများဖြစ်ကြောင်း အန္တရာယ်ကင်းစေဖို့ လုပ်တာဖြစ်ကြောင်း၊ ပရိတ်ကြိုးလေးကို လက်မှာ ချည်ထားလျှင် အမြဲမပြတ် ရတနာသုံးပါးကို သတိရနေသဖြင့် စိတ်တည်ငြိမ်မှုနှင့် ယုံကြည်မှုရနိုင်ကြောင်း၊ တစ်နည်းအားဖြင့် ပရိတ်ကြိုးလေးကို ကြည့်လိုက်ခြင်းအားဖြင့် ရတနာသုံးပါးကို ကိုယ်စားပြုထားသော ကြိုးလေးက မကောင်းမှု မလုပ်ဖို့ သတိပေးနေသလိုဖြစ်ကြောင်း စသည်ဖြင့် ရှင်းပြလိုက်သည်။ စကားပြောခြင်းကို ဤတွင် ရပ်လိုက်ဖို့ ကောင်းပါသည်။ သို့ရာတွင် မရပ်လိုက်သဖြင့် ဘုရား တ ခဲ့ရသည်။ “မင်းတို့ ဗုဒ္ဓဘာသာရဲ့ အဓိက ဟောကြားချက်က  ဘာလဲ”ဟု ဆက်မေးပြန်သည်။ သစ္စာလေးပါးနှင့်ဘ၀လွတ်မြောက်ရာအကြောင်းတို့ကို ရှင်းပြသည်။ ထိုအထဲတွင် အနိစ္စသဘောတရားအကြောင်း ပါသွားသည်။ “Nothing last forever ဘယ်အရာမှ မမြဲဘူး”ဟူသော စကားကြားလိုက်သည်နှင့် ဒကာမတစ်ယောက် မျက်နှာ နီရဲသွားခဲ့သည်။ အနည်းငယ် ဒေါသဖြစ်နေဟန်ဖြင့် “မင်း ပြောစမ်း၊ ပြောစမ်း …. အဲဒီ မမြဲတဲ့အထဲမှာ ဘုရားသခင် ပါသလား”ဟု မေးသည်။ “ငါ ဘယ်ဘာသာကိုမှ ပုတ်ခတ်ချင်လို့ မဟုတ်ဘူး၊ မင်းတို့ မေးလို့ ငါဖြေရတာ၊ ငါ အမှန်အတိုင်း ဖြေမယ်၊ ဘယ်ပုဂ္ဂိုလ်၊ ဘယ်နတ်၊ ဘယ်ဘုရားမှ ထာဝရ မတည်ရှိဘူး”ဟုဆိုလိုက်သောအခါ ဗျစ်တောက်ဗျစ်တောက် (အီရန်စကားဖြစ်ဟန်တူသည်)ပြောပြီး “ငရဲသွားသွားမယ့်ကောင်တွေ”ဟုဆိုကာ ထွက်ခွါသွားခဲ့လေသည်။ “ဘုရား၊ ဘုရား”ဟု တ ကျန်ခဲ့ရသည်။

(၅)
ပီနန်ကျောင်းသည် ကမ္ဘာလှည့်ခရီးသည်များ နေ့စဉ်နှင့်အမျှ ၀င်ထွက်သွားလာနေကြသည်ဖြစ်ရာ ကမ္ဘာအနှံ့အပြားမှ ယဉ်ကျေးမှုပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ စိတ်နေစိတ်ထားပေါင်းစုံတို့ စုဝေးတတ်လေသည်။ ထိုခရီးသည်များတွင် ဥရောပ၊ အမေရိကမှ ခရီးသည်အများစုမှာ ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြ ရှိတတ်ကြသည်။ သူတို့သိလိုသည်များကို ပွင့်ပွင့်လင်းလင်း မေးကြဆွေးနွေးကြ လုပ်ဖြစ်သည်။ အရှေ့အလယ်ပိုင်းနိုင်ငံများဖြစ်သော အီရန်၊ အီရတ်၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗျ၊ ဂျော်ဒန် စသော နိုင်ငံများမှ လာသောခရီးသည်များက သုံးမျိုးသုံးစားလောက် ရှိမည်ဟု ခန့်မှန်းရသည်။ အချို့က ဘုရားဆောင်ထဲရောက်သည်နှင့် ဘယ်သူ့ကိုမှ အရေးလုပ်ဟန်မပြဘဲ ဗုဒ္ဓရုပ်ပွားတော်များနှင့် သံဃာများကို ခပ်တည်တည်နဲ့ ကြည့်သွားကြသည်။ အချို့က အလွန်ဖော်ရွေပွင့်လင်းပြီး ချစ်စရာကောင်းသည်။ အခြားအရှေ့အလယ်ပိုင်းနိုင်ငံများထက် အီရန်သူ၊ အီရန်သားများက များသောအားဖြင့် ပွင့်လင်းရိုးသားပြီး ချစ်စရာကောင်းသည်။ နောက်တစ်မျိုးမှာ မျက်လုံးအကြည့်ကအစ ရန်လိုဟန်ဖြစ်နေပြီး “မင်းတို့က အလ္လာဟ်အရှင်ဖန်ဆင်းထားတဲ့ လူလူချင်း ကိုးကွယ်တယ်၊ ထာဝရဘုရားရဲ့ ကူညီစောင့်မမှုကို မင်းတို့ ဘယ်လိုလုပ် ရနိုင်ပါ့မလဲ”ဟု ပြောဆိုတတ်ကြသည်။ “မင်းတို့ ဂေါတမဘုရားမှာ စွမ်းအားတွေရှိနေမယ်ဆိုတာတော့ ငါတို့ အထိုက်အလျောက် လက်ခံလို့ ရတယ်၊ မင်းတို့ သိထားရမှာက ဂေါတမဘုရားမှာရှိတဲ့ စွမ်းအားတွေက အလ္လာဟ်အရှင်မြတ်ပေးထားတာ၊ လူသားဆိုတာ ထာဝရဘုရားက ပေးထားတဲ့စွမ်းအင်လောက်သာ ပိုင်ဆိုင်နိုင်တယ်။ မင်းတို့ နားလည်ရဲ့လား”လို့ ဆရာကြီးလေသံဖြင့် ခါးထောက်ပြီး လာပြောသူများလည်း ရှိတတ်သည်။ ထိုသို့သောသူများနှင့်တွေ့လျှင် ဘုရားသာ တ နေခဲ့ရသည်။

(၆)
ဗုဒ္ဓဘာသာတို့ ဘုရား တ ခြင်းမှာ ဘုရားထံမှာ တစ်ခုခု ရလိုသဖြင့် တောင်းခြင်း၊ တခြင်း မဟုတ်ပေ။ မိမိတို့ဘ၀ တည်ငြိမ်အေးချမ်းရေး၊ တစ်နည်းအားဖြင့် လောကီ၊ လောကုတ္တရာ တိုးတက်ကြီးပွားရေးအတွက် နည်းပေးလမ်းပြ လုပ်ပေးတော်မူသော ဆရာအရှင်မြတ်စွာဘုရားကို အောက်မေ့တသ၊ အမှတ်ရခြင်းမျှသာ ဖြစ်လေသည်။ လောကီချမ်းသာများ ရဖို့အတွက် ဥုံဖွဆိုပြီး ရွှေ၊ ငွေများ လာပေးသော ဘုရားမဟုတ်။ ရွှေငွေများ တိုးတက်ကြီးပွားရေးအတွက် လုပ်နည်းလုပ်ဟန်များ ညွှန်ပြပေးသောဘုရားသာ ဖြစ်လေသည်။

ထမင်းငတ်နေသူတို့အတွက် ထမင်းများ ပေါင်မုန့်များ မိုးပေါ်က ပစ်ချပေးသော ဘုရားမဟုတ်၊ ထမင်းမငတ်အောင် မည်သို့နေရမည်၊ မည်သို့ကျင့်ရမည်ဟု လမ်းပြသော ဘုရားသာ ဖြစ်လေသည်။ သူ့ကို ယုံကြည်ရုံမျှနှင့် ဘ၀ထွက်မြောက်ရာလမ်းပေါ်သို့ မ တင်ပေးသော ဘုရားမဟုတ်။ ဘ၀ထွက်မြောက်ရာ အေးငြိမ်းရာသို့ လမ်းညွှန်ပေးသော ဘုရားသာလျှင် ဖြစ်လေသည်။ ဗုဒ္ဓဘုရားရှင်ကို ကယ်တင်ရှင်ဘုရားအဖြစ် လက်ခံလိုလျှင် ကိုယ့်ဘ၀၊ ကိုယ့်အဆင့်အတန်း မြင့်မားအောင် နည်းပေးခြင်း၊ အကြံပေးခြင်းများဖြင့်သာ ကယ်တင်သောဘုရားဖြစ်သည်၊ ဥုံဖွဆိုပြီး ကယ်တင်သောဘုရား မဟုတ်ဆိုသည်ကို နားလည်ထားရကြပေမည်။

စစ်မှန်သောဗုဒ္ဓဘာသာတစ်ယောက်ဆိုသည်မှာ ကိုယ့်ဦးနှောက်နှင့် ကိုယ့်ကြွက်သားများကို ယုံကြည်သူများ ဖြစ်ကြလေသည်။


2 comments:

မိုးယံ said...

ကောင်းလိုက်တဲ့ ပို့စ် ဘုရားအဆူဆူနဲ့ လွဲ။ ဗုဒ္ဓကိုယ်တော်တိုင်မှ ချွတ်မရသည့် တိတ္ထိများကတော့ သံဃာဖြစ်စေ သူ့အယူအဆ မတူသူကို ဖြစ်စေ “ ငရဲ သွားမယ့်ကောင်တွေ” လို့ ရွတ်ဆိုနေဦးမှာပါ။ သူတို့ရဲ့ မမြင်ရတဲ့ (မရှိတဲ့ ) ဘုရားက သင်ကြားပေးထားတာပဲလေ။

kotwo said...

ဦးဇင်းဘုရား..KL ကိုလာဖြစ်မယ်ဆိုရင် တပည့်တော်ဆီ message ပို့ ပေးပါလား။ တပည့်တော် ကဦးဇင်းရဲ့ ပရိတ်သတ်ပါ။တပည့်တော်လည်း penang ဘက်ရောက်ဖြစ်ရင်တော့ ဦးဇင်းဆီ ၀င်ကန်တော့ချင်ပါတယ်....010 2899239

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails