Sunday, July 24, 2011

ချိုသော စကားနှင့် ခါးသီးသော ရင်ဘက်များ



(၁)
တစ်ခါက ဂျပန်နိုင်ငံမှာ ဘန်ကိုင်ဆိုတဲ့ ဘုန်းတော်ကြီးတစ်ပါး ရှိခဲ့ဖူးတယ်။ ဘုန်းတော်ကြီးနေတဲ့ ကျောင်းဘေးမှာ မျက်စိကန်းနေတဲ့ လူတစ်ယောက်လည်း နေထိုင်ပါတယ်။

ဘုန်းတော်ကြီး ပျံလွန်တော်မူသွားတဲ့နောက် အဆိုပါ မျက်စိကန်းနေသူက “ကျွန်ုပ်က မျက်စိကန်းနေတဲ့အတွက် လူတွေရဲ့ မျက်နှာတွေကို မမြင်ရဘူးပေါ့၊ ဒီတော့ ကျွန်ုပ်က လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တကို ပြောတဲ့စကားသံနဲ့ အကောင်းအဆိုး ဆုံးဖြတ်ရတာပေါ့လေ။ သာမန်အားဖြင့်တော့ လူတစ်ယောက်ဟာ အခြားသူတစ်ယောက်ယောက်ရဲ့ အောင်မြင်မှု ဒါမှမဟုတ် ပျော်ရွှင်မှုအတွက် ၀မ်းသာပါတယ်ဗျာလို့ ပြောလိုက်တဲ့အခါ သူ့စကားသံထဲမှာ မနာလိုတဲ့ စိတ်ကလေး နောက်ခံရှိနေတာကို ကျွန်ုပ် သတိပြုမိတယ်။

နောက်ပြီးတော့ လူတစ်ယောက်ဟာ အခြားသူတစ်ဦးဦး ကံကြမ္မာဆိုးတွေ ကြုံတွေ့လို့ ၀မ်းနည်းကြောင်းစကား ပြောတဲ့အခါမှာ သူ့အသံထဲမှာ ကျေနပ်မှု၊ ပီတိဖြစ်မှုတစ်ခုခု ပါနေတာကို ကျွန်ုပ် သတိပြုမိတယ်။

ဒါပေမယ့်ဗျာ … ကျွန်ုပ် အသံတွေကို သုံးသပ်တဲ့အတွေ့အကြုံအရ ဘုန်းတော်ကြီး ဘန်ကိုင်ရဲ့ အသံဟာ အမြဲတမ်းကို ရိုးသားမှုတွေနဲ့ ပြည့်နှက်နေတယ်။ သူဟာ ပျော်ရွှင်မှုကို ဖော်ပြခဲ့ရင် ကျွန်ုပ်အနေနဲ့ သူ့အသံထဲကနေ ပျော်နေတဲ့အသံကလွဲပြီး ဘာသံမှ မကြားရဘူး။ သူ ၀မ်းနည်းမှုကို ပြောနေပြီဆိုရင်လည်း ကျွန်ုပ်အနေနဲ့ တကယ့်ကို ၀မ်းနည်းနေတဲ့အသံကိုပဲ ကြားရတယ်”လို့ ပြောပြပါတယ်။

(၂)
ဇင်ဇာတ်လမ်းလေးထဲက မျက်စိမမြင်သူရဲ့ စကားလေးကို ဖတ်ပြီးတော့ မိမိတို့ နေ့စဉ်ဘ၀ စကားသံလေးတွေကို နားထဲမှာ ကြားယောင်မိပါတယ်။ စကားသံလေးတွေကတစ်ဆင့် ပြောသူရဲ့ အဇ္ဈတ္တတွေကိုလည်း ပြေးမြင်မိပါတယ်။

(၃)
အမေရိကန်က အီရတ်နိုင်ငံကို ၀င်တိုက်တဲ့အခါက လူတွေ အများကြီး သေကြေပျက်စီးကြရတယ်။ ကမ္ဘာတစ်ဝှမ်းမှာ “၀မ်းနည်းပါတယ်”လို့ ကမ္ဘာ့ခေါင်းဆောင်တွေ ပြောကြတယ်။ နောက်နားက လစ်ဗျားကို တိုက်ခိုက်တဲ့အခါကလည်း အပြစ်မဲ့ ပြည်သူတွေ သေကြတော့ “စိတ်မကောင်းပါဘူး”လို့ လူတွေ ပြောကြတယ်။ အစ္စရေးက လေကြောင်းကနေ ဂါဇာကမ်းမြောင်ဒေသကို တိုက်ခိုက်ဖျက်ဆီးတော့ “ရှုတ်ချပါတယ်”လို့ အော်ကြတယ်။

တစ်ပြိုင်နက်ထဲမှာပဲ “ဒီကုလားတွေ ဒီလိုလေးလည်း ဖြစ်ပေးအုံးမှ”ဆိုပြီး နိဂုံးသတ်လိုက်ကြတဲ့ အသံတွေလည်း ကြားရတယ်။

ဒီလိုပါပဲ …. နေ့စဉ်ဘ၀မှာ “စိတ်မကောင်းလိုက်တာကွာ” “ကိုယ်ချင်းစာပါတယ်ကွာ” “၀မ်းနည်းမိပါတယ်” … စတဲ့ စကားတွေနဲ့ အခြားသူတွေ ဒုက္ခ၊ သောက ဖြစ်နေချိန်မှာ ပြောတတ်ကြတယ်။ အခြားတစ်ဖက်မှာလည်း အခြားသူတွေ သုခတွေ၊ အောင်မြင်မှုတွေ ရလိုက်တဲ့အချိန်မှာ “မင်းအတွက် ဂုဏ်ယူပါတယ်ကွာ” “၀မ်းသာပါတယ်” “ကွန်ဂရက်ကျူလေးရှင်း” … စတဲ့ စကားတွေ ပြောတတ်ကြတယ်။

“ဒီစုံတွဲကတော့ လိုက်ဖက်ညီလိုက်တာ” “သူ စီးလာတဲ့ ကားကြီးက ကောင်းလိုက်တာ” “သူတို့ အဆင်ပြေနေတာ တွေ့ရတော့ ၀မ်းသာလိုက်တာ” “သူ စီးပွားပျက်သွားတာ စိတ်ကို မကောင်းဘူး” “သူတို့ အိမ်ထောင်ရေး အဆင်မပြေတာတွေ့ရတာ ၀မ်းနည်းမိတယ်” “ဒီကောင် အောင်မြင်သွားတော့ ကိုယ်လည်း အတော်ပျော်မိတယ်”

ဇင်ဇာတ်လမ်းထဲက မျက်စိမမြင်သူသာ ဆိုရင် အဆိုပါ အသံတွေရဲ့ မရိုးသားမှုကို ထုတ်ဖော်နေပါလိမ့်မယ်။ ဒီလိုပါပဲ … နေ့စဉ်ပြောနေကျစကားတွေထဲက အသံလေးတွေကို ဂရုတစိုက် ဝေဖန်ဆန်းစစ်ကြည့်ရင် အသံနဲ့ တကယ့်ရင်တွင်း ခံစားချက်ကို ကွဲကွဲပြားပြားကြီး မဟုတ်ရင်တောင် ရိပ်ဖမ်းသံဖမ်းတော့ နားလည်သဘောပေါက်မိမယ် ထင်ပါတယ်။

(၄)
နေ့စဉ် ပြဿနာပေါင်းများစွာရဲ့ မြစ်ဖျားခံရာကို သေချာကြည့်ရင် “အသံ”တွေများ ဖြစ်နေမလားလို့ ထင်မိပါတယ်။ လူတွေဟာ နေ့စဉ် စကားတွေ ပြောနေပေမယ့် ပြောလိုက်တဲ့ စကားနဲ့ သူတို့ရဲ့ ရင်တွင်းက အစစ်အမှန် ခံစားချက်၊ သဘောထားတွေဟာ များသောအားဖြင့်လို့ ဆိုရလောက်အောင် ကွဲပြားနေတတ်ကြတယ်။

ရှေ့မှာတော့ ကိုယ်ချင်းစာတရား လက်ကိုင်ထားသလိုလို ပြောပြီး သူ့ အဇ္ဈတ္တမှာ သူတစ်ပါးဒုက္ခအတွက် ကြည်နူးနေတဲ့ စိတ်တွေ ပြည့်နေတတ်ကြတယ်။ လူရှေ့မှာ မုဒိတာတရားနဲ့အညီ ၀မ်းမြောက်နေသလိုလိုနဲ့ သူ့ရင်ထဲမှာ မနာလိုမှုကြောင့် ဖြစ်ပေါ်တဲ့ အမုန်းတရားတွေ ပွားစီးနေတတ်ကြပြန်တယ်။ ဒီလိုနဲ့ လူတွေဟာ “ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး”ဆိုတဲ့ ဝေါဟာရကို ကမ္ဘာမြေအနှံ့ ပြန့်ပွားအောင် လုပ်ဖြစ်သွားကြတယ်။ (လုပ်ဖြစ်သွားကြတယ်လို့ ထင်ပါတယ်)။

(၅)
စာရေးသူတို့ လူ့လောကကလည်း ခက်တယ်လေ။ “မင်းကလည်းကွာ … စိတ်ထဲရှိတိုင်း ပြောလို့ ဖြစ်မလားကွ၊ ဒီလိုပဲ လူရှေ့တော့ ကြည့်ကောင်းအောင် ပြောရတာပေါ့”တဲ့။ ဒါကလည်း (ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ) ထောက်ခံလိုက်ရမယ့် စကားတစ်ခွန်း ဖြစ်နေပြန်တယ်လေ။ စာဖတ်သူကော ဘယ်လိုများ တွေးမိသလဲ။ စကားနဲ့ အစစ်အမှန် ခံစားချက်ကို ထပ်တူ ဖြစ်အောင် ကြိုးစားရမှာလား ဒါမှမဟုတ် ကြည့်ကောင်းအောင် (ဂျန်းတဲလ်မန်း - လူကြီးလူကောင်းဆန်ဆန်) ပြောရမှာလား။ သို့မဟုတ် စိတ်ထဲမပါဘဲ ကြည့်ကောင်းအောင် ပြောတတ်ရင် ဂျန်းတဲလ်မန်း - လူကြီးလူကောင်းဆန်တယ်လို့ ဆိုရသလား။ ဆိုနိုင်သလား။ အားလုံး ခက်ကုန်ကြပြီ ထင်ပါရဲ့။ တကယ့်ခံစားချက်အတိုင်း စကားအသံတွေ ဖြစ်နေကြရင် အကောင်းဆုံးပေါ့။

(၆)
နောက်ဆုံးတော့ မြတ်စွာဘုရား ဟောထားတဲ့ စကားခြောက်ခွန်းထဲက
-      မှန်လည်းမှန်၊ အကျိုးလည်းရှိ၊ လူကြားချင်
-      မှန်လည်းမှန်၊ အကျိုးလည်းရှိ၊ လူတော့ မကြားချင်
ဆိုတဲ့ မြတ်စွာဘုရား ပြောတတ်တဲ့ စကားနှစ်ခွန်းနဲ့ ချိန်ထိုးသုံးသပ်ပြီး ပြောနိုင်ကြရင်တော့ သဘာဝကျသွားမယ် ထင်ပါတယ်။

(၇)
စိတ်ထဲမှာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ “ကြည့်ကောင်းအောင်”ဆိုတဲ့ ဆင်ခြေလေးနဲ့ ဆက်လက်ပြီး စကားတွေ ဖောင်ဖွဲ့နေရအုံးမှာလား။ ဒါမှမဟုတ် အဲဒီလို ပြောနေရတဲ့ လောကကြီးကို စိတ်ကုန်ပစ်လိုက်ရမှာလား ….. ကဲ … ဘယ်လိုလဲ … 

ခါးသီးသော ရင်ဘက်များမှ ချိုသာသော စကားများသံများ .....

1 comment:

သဒ္ဓါလှိုင်း said...

မြတ်စွာဘုရားဟောထားတဲ့ စကားခြောက်ခွန်းထဲက
မှန်လည်းမှန်၊ အကျိုးလည်းရှိ၊ လူကြားချင်
မှန်လည်းမှန်၊ အကျိုးလည်းရှိ၊ လူတော့မကြားချင် ဆိုတဲ့စကားနှစ်ခွန်းနဲ့ ချိန်ပြီးပြောဆိုနိုင်အောင် ကြိုးစားနေပါတယ်ဘုရား။
ကိုယ့်ရဲ့စိတ်ထဲကခံစားချက်အစစ်အမှန်အတိုင်း ထုတ်ပြောလိုက်တဲ့စကားနဲ့စိတ်ခံစားချက် ထပ်တူညီအောင်လည်းပြောဆိုနေထိုင်ပါတယ်ဘုရား။
ရိုသေလေးစားလျက်
သဒ္ဓါ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails