Tuesday, July 5, 2011

ဟာသထဲက ဘဝ



(၁)
တစ်ခါက အဖြစ်အပျက်လေး တစ်ခု ရှိခဲ့တယ်။ ညီအစ်ကိုဘုန်းကြီးနှစ်ပါး နေထိုင်တဲ့ ကျောင်းလေးတစ်ကျောင်း ရှိခဲ့ဖူးတယ်။ ကျောင်းလေးမှာ စည်းကမ်းတစ်ခု ထားထားတယ်။ အဆိုပါ စည်းကမ်းကတော့ “ဒီကျောင်းမှာ တည်းခိုချင်လျှင် ဒီကျောင်းမှာနေသော ပုဂ္ဂိုလ်နှင့် ဗုဒ္ဓဘာသာဆိုင်ရာ ငြင်းခုံပွဲတစ်ခု ပြုလုပ်မယ်၊ အနိုင်ရလျှင် တည်းခိုနိုင်တယ်။ အနိုင်မရလျှင် လုံးဝတည်းခိုခွင့် မရှိ”ဟူ၍ ဖြစ်ပါတယ်။ အစ်ကိုဖြစ်သူက စာပေကျမ်းဂန် တတ်မြောက်တယ်။ နေ့စဉ်နေ့တိုင်း စာပေတွေ ပို့ချပေးနေတယ်။ ညီဖြစ်သူကတော့ ပညာမတတ်ဘူး၊ ဉာဏ်ထိုင်းမှိုင်းတယ်။ နောက်ပြီး မျက်လုံးကလည်း တစ်ဖက်တည်းရှိတယ်။

ဘုန်းကြီးတစ်ပါးဟာ နေရာအတည်တကျ မနေထိုင်ဘဲ ခရီးလှည့်လည်သွားနေရင်း အဆိုပါ ကျောင်းလေးကို ရောက်လာခဲ့တယ်။ ထုံးစံအတိုင်း (ကျောင်းစည်းကမ်းအတိုင်း) ထူးမြတ်တဲ့ မြတ်ဗုဒ္ဓတရားတော်များနဲ့ ပတ်သက်တဲ့ စကားပြောဆိုပွဲတစ်ခု ပြုလုပ်ဖို့ စီစဉ်ကြတယ်။ အဲဒီနေ့မှာ အစ်ကိုဖြစ်သူက စာသင်နေရတာနဲ့ အလွန့်ကို ပင်ပန်းနေခဲ့တယ်။ ဒါကြောင့် ညီဖြစ်သူကို သူနေရာမှာနေပြီး “သွား ညီရေ၊ ဟို ဧည့်သည်နဲ့ ဆွေးနွေးငြင်းခုံပွဲလေး အေးအေးဆေးဆေး သွားလုပ်လိုက်”လို့ စေခိုင်းခဲ့တယ်။

ဒီလိုနဲ့ ခရီးသွားရဟန်းတော်နဲ့ ညီဖြစ်သူတို့ဟာ ခန်းမဆောင်ထဲဝင်ပြီး ဆွေးနွေးပွဲ စတင်ဖို့ ထိုင်လိုက်ကြတယ်။ ဆွေးနွေးပွဲက ခဏလေးနဲ့ ပြီးသွားတယ်။ ခရီးသွားရဟန်းတော်ဟာ ခန်းမဆောင်ထဲမှ ထွက်ပြီး အစ်ကိုဖြစ်သူဆီ သွားကာ “အရှင့်ရဲ့ ညီတော်မောင်ဟာ အလွန်အင်မတန် အံ့သြဖို့ကောင်းပါတယ်၊ ကျွန်ုပ် သူ့ကို အရှုံးပေးလိုက်ရတယ်”လို့ ပြောလိုက်ပါတယ်။

အစ်ကိုဘုန်းကြီး အံ့သြသွားတယ်။ ဒါနဲ့ “ဘယ်လို ဘယ်လို … ကျုပ်ညီက ခင်ဗျားကို နိုင်တယ်၊ ပြောပါအုံးဗျာ၊ ဘယ်လိုလုပ်ပြီးများ နိုင်သွားခဲ့တာလဲ”လို့ မေးလိုက်ပါတယ်။ “ဟုတ်ပါပြီ … ကျွန်ုပ် အရှင့်ကို ရှင်းပြမယ်၊ ဒီလိုပါ၊

ကျွန်ုပ်က ပထမဆုံး လက်တစ်ချောင်း ထောင်ပြလိုက်တယ်၊ အလုံးစုံကို သိမြင်တော်မူတဲ့ သဗ္ဗညုဘုရားရှင်ကို ရည်ညွှန်းပြီးတော့ပေါ့၊

အဲဒီအခါ အရှင့်ညီတော်မောင်က လက်နှစ်ချောင်း ထောင်ပြတယ်၊ မြတ်စွာဘုရားနဲ့ ဘုရားရှင်ရဲ့တရားတော်ကို ရည်ညွှန်းလိုက်တာပေါ့လေ။

နောက်ပြီး ကျွန်ုပ်က လက်သုံးချောင်း ထောင်ပြလိုက်တယ်။ ဘုရား၊ တရားနဲ့ သံဃာကို ရည်ညွှန်းတာပေါ့။
ဒီအခါ အရှင့်ညီတော်မောင်က လက်သီးဆုပ်ပြီး ကျွန်ုပ်ရဲ့ မျက်နှာတည့်တည့်မှာ လှုပ်ရမ်းပြတယ်။ ဒါက ဒီဘုရား၊ တရားနဲ့ သံဃာဆိုတာဟာ အမှန်တရားကို သိမြင်သဘောပေါက်မှုတစ်ခုကနေ ဆင်းသက်လာတာလို့ ရည်ညွှန်းလိုက်တာပေါ့၊

ဒါကြောင့် ဒီပွဲမှာ အရှင့်ညီတော်မောင် နိုင်သွားတာ၊ ဒီတော့ ကျွန်ုပ် ဒီမှာ တည်းခွင့်မရှိတော့ဘူး၊ သွားခွင့်ပြုပါ”လို့ ရှင်းပြပြီး ခရီးသွားရဟန်းတော်ဟာ ထွက်ခွါသွားခဲ့လေတယ်။

ခရီးသွားရဟန်းတော် ထွက်ခွါသွားပြီးနောက်မှာ ညီဘုန်းကြီးဟာ အစ်ကိုရဲ့အခန်းထဲကို ပြေးဝင်လာပြီး “ဟိုငနဲ ဘယ်ရောက်သွားပြီလဲ”လို့ အမောတကောနဲ့ မေးပါတယ်။ ထိုအခါ အစ်ကိုဖြစ်သူက “ညီရေ … မင်း လာရှင်းပြမနေနဲ့၊ ဒီပွဲမှာ မင်းနိုင်တာ ငါနားလည်ပါပြီ”လို့ ပြောလိုက်တယ်။

“ဘာ .. ဘာပြောတယ်၊ ကျုပ် ဘာကိုမှ မနိုင်ဘူး၊ ဘယ်သူ့ကိုမှလည်း မနိုင်ဘူး၊ ဘယ်မှာလဲ အဲဒီကိုယ်တော်၊ ရိုက်ခွဲပစ်မယ်”လို့ အော်ဟစ်နေခဲ့ပါတယ်။ “နေပါအုံး၊ ဘယ်လို ဖြစ်နေတာလဲ၊ မင်းတို့ ဆွေးနွေးတဲ့ အကြောင်းအရာကို ငါ့ကို ရှင်းပြစမ်း”လို့ အစ်ကိုဖြစ်သူက မေးလိုက်ပါတယ်။
“ဘာဖြစ်ရမလဲ အစ်ကိုရာ၊

အဲဒီကိုယ်တော်က ကျုပ်ကို မြင်လိုက်တာနဲ့တစ်ပြိုင်နက် လက်တစ်ချောင်း ထောင်ပြတယ်။ ဒါဟာ ကျုပ်မှာ မျက်လုံးတစ်လုံးတည်းရှိတာကို နှိမ်ချပြီး စော်ကားလိုက်တာပဲ။

ဒါပေမယ့် ကျုပ်က “အော် သူက ဧည့်သည်၊ ငါက အိမ်ရှင်၊ ငါ ယဉ်ယဉ်ကျေးကျေးပဲ ဆက်ဆံသင့်ပါတယ်လေ”လို့ တွေးပြီး ဘာမှ ပြန်မပြောဘဲ လက်နှစ်ချောင်း ထောင်ပြလိုက်ပါတယ်။ ကျုပ်ထောင်ပြတဲ့ လက်ညှိုးနှစ်ချောင်း အဓိပ္ပာယ်က “ဟုတ်ပါတယ်ဗျာ၊ ကျုပ်မှာ မျက်လုံးတစ်လုံးတည်းရှိပေမယ့် ခင်ဗျားမှာတော့ မျက်လုံးနှစ်လုံး အပြည့်အစုံရှိတဲ့အတွက် ၀မ်းသာပါတယ်”လို့ ဆိုလိုတာပါ။

ကျုပ်က ဒီလောက် ယဉ်ယဉ်ကျေးကျေး ပြုမှုလိုက်တာကို ဒီကိုယ်တော်အစုတ်ပလုတ်က ပိုဆိုးလာတယ်။ ဘယ်နှယ့် ကျုပ်ကို လက်သုံးချောင်း ထက်ထောင်ပြတယ်ဗျာ၊ ဒါက “ဒို့ ဒီမှာ နှစ်ယောက်ထိုင်နေပေမယ့် စုစုပေါင်း မျက်လုံးက သုံးလုံးတည်ရှိတယ်နော်”လို့ ကျုပ်ကို လှောင်လိုက်တာပဲဗျ။
ဒါနဲ့ အစ်ကိုရာ ကျုပ်လည်း စိတ်မထိန်းနိုင်တော့တာနဲ့ လက်သီးဆုပ်ပြီး ဆွဲထိုးဖို့ ထလိုက်တာလေ၊ သူလည်း ပြေးသွားတော့တာပဲ။ ကျုပ်တို့ ဆွေးနွေးပွဲက ဒီလိုနဲ့ ပြီးသွားခဲ့တယ်”လို့ ရှင်းပြလိုက်ပါတယ်။

(၂)
ဒီဇင်ဇာတ်လမ်းလေးကို ဖတ်ပြီးတော့ ဟာသလေးတစ်ပုဒ်ကို သွားသတိရမိပါတယ်။ ရှေးအခါက ဘုရင်ကြီးတစ်ပါးဟာ ရေကန်ကြီးတစ်ခုထဲမှာ မိချောင်းတွေ အများကြီး မွေးမြူထားသတဲ့။ တစ်နေ့ ရေကန်ကြီးအလယ်မှာ ဖောင်တော်ကို ကျောက်ချရပ်နားပြီး “ဤဖောင်တော်သို့ ရောက်အောင် မိကျောင်းများကို တိုက်ခိုက်ပြီး လာနိုင်သူကို ဆုတော်လာဘ်တော်များ မြောက်များစွာ ပေးတော်မူမယ်”လို့ ကြေညာစေပါတယ်။ ပရိသတ်တွေကတော့ တဖြည်းဖြည်း အရမ်းများလာတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူရဲကောင်းကို ကြည့်ချင်လို့ပေါ့။ ဒါပေမယ့် ပွဲကြည့်မယ့်သူသာ ရှိတာ။ ဘယ်သူမှ မိကျောင်းကန်ထဲက ဘုရင်ကြီးဖောင်ကို မသွားရဲကြဘူး။

ဘုရင်ကြီးကလည်း “ဒီတိုင်းပြည်မှာ ရဲစွမ်းသတ္တိရှိသူ တစ်ယောက်မှ မရှိကြတော့ဘူးလား”လို့ မေးနေပါပြီ။ ထိုအချိန်မှာ အမျိုးသားတစ်ယောက် ရေကန်ထဲကို ဗွမ်းခနဲ ခုန်ချသွားတာကို တွေ့လိုက်ကြရတယ်။ ဘုရင်ကြီး၊ မှူးမတ်တွေနဲ့ ပရိသတ်တွေကလည်း လက်ခုပ်သံတွေ တဖြောင်းဖြောင်းနဲ့ သြဘာပေးသံတွေ ဆူညံသွားခဲ့ပါတယ်။ ထိုသူ ရေကန်ထဲကျသွားတာနဲ့ မိကျောင်းတွေကလည်း တ၀ုန်းဝုန်း လိုက်လံသတ်ဖြတ်ကြတယ်။ ကြည့်ရသူများက ရင်သပ်ရှုမောပါပဲ။ ဒီလိုနဲ့ ဘုရင်ကြီးထံကို ရောက်သွားတယ်။ ဘုရင်ကြီးကလည်း ဆုတော်လာဘ်တော် မြောက်များစွာ ပေးသနားတော်မူပါတယ်။ စစ်သူကြီးရာထူးပါ တစ်ခါတည်း အပ်နှင်းလိုက်ပါတယ်။

ထိုအချိန် အမတ်ကြီးတစ်ဦးက ဆူညံနေသော ပရိသတ်ကို ခဏတိတ်စေပြီး “သူရဲကောင်းကြီးအနေနဲ့ ပရိသတ်ကို ဘာများပြောချင်ပါသေးသလဲ”လို့ မေးလိုက်ပါတယ်။ ထိုအခါ သူရဲကောင်းဆိုသူ ပြောလိုက်တဲ့စကားကတော့ ….
“ဘယ် ခွေးမသား …. ငါ့ကို ကန်ထဲ တွန်းချလိုက်တာလဲကွ”

(၃)
ငယ်ငယ်က စာသင်တိုက်မှာ ဦးဇင်းတစ်ပါးရှိခဲ့ဖူးတယ်။ သူက ပရိသတ်ထဲမှာဆိုရင် ရှက်ကိုးရှက်ကန်းနဲ့။ စကားတောင် ကောင်းကောင်း မပြောရဲရှာဘူး။ တရားဟောဖို့ဆိုရင် ဝေးရော။ တစ်နေ့ တောအရပ်ဒေသတစ်ခုကို ဆရာဖြစ်သူနဲ့အတူ သွားကြတယ်။ အဲဒီအရပ်က လူတွေအများကြီးရှိတဲ့ တရားပွဲတစ်ခုမှာ ပရိတ်ရွတ်ဖို့အတွက် မိုက်ကရိုဖုန်းကို သုံးလုံးစီစဉ်ထားတယ်။ အဲဒီရှက်တတ်တဲ့ ကိုယ်တော်လေးကလည်း မိုက်ကရိုဖုန်းရှေ့မှာပေါ့။ ဆရာဖြစ်သူက သီလပေးတယ်။ သီလပေးပြီးမှာ အဆိုပါ ရှက်တတ်တဲ့ကိုယ်တော်လေးကို လက်ညှိုးထိုးပြီး သူဟာ တရားဟောအလွန်ကောင်းကြောင်း ချီးမွမ်းပြီး အခု သူ့တရားကို ဒကာတို့ နာခွင့်ရတာ ကံကောင်းကြောင်း ပြောကြားပြီး ထွက်ခွါသွားခဲ့တယ်။

စောစောက ရှက်တတ်တဲ့ကိုယ်တော်လေးဟာ ဇောချွေးတွေ ပြန်လာတယ်။ ဒါပေမယ့် မထူးတော့ပြီမို့ ရသမျှ တတ်သမျှလေးတွေကို တုန်တုန်ယင်ယင်နဲ့ ဟောပါတော့တယ်။ တဖြည်းဖြည်းနဲ့ ယုံကြည်ချက်တွေ ရလာပြီး အသံက ငြိမ်လာတယ်။ ထိုတရားပွဲ နောက်ပိုင်းမှာ ရှက်တတ်လွန်းတဲ့ကိုယ်တော်လေးဟာ ပရိသတ်ဘယ်လောက်များများ ကြောက်ရွံ့ခြင်းမရှိ ဟောရဲပြောရဲ သွားခဲ့ပါတယ်။

(၄)
အထက်က အဖြစ်အပျက်လေးတွေကို စာဖတ်သူ ဘယ်လိုများ ယူဆမိသလဲ။ ရယ်ရွှင်စရာလေးအနေနဲ့ပဲ ထင်မြင်မိသလား သို့မဟုတ် လူတွေရဲ့ဘ၀တွေမှာ အမှန်အကန် ဖြစ်နေတတ်တဲ့သဘောတွေပဲလို့များ တွေးမိကြသလား။

(၅)
တကယ်တော့ စာရေးသူတို့ လူ့ဘ၀ကြီးမှာ ဇင်ဇာတ်လမ်းလေးထဲက အဖြစ်တွေ အများကြီး ရှိပါတယ်။ မျက်စိတစ်လုံးသာရှိတဲ့ ညီဘုန်းကြီးလို နေရာမျိုးမှာလည်း မထင်မှတ်ဘဲ အောင်ပွဲရသွားတတ်တာပဲ။ တကယ်တော့ ညီဖြစ်သူဟာ သူ့ရည်ရွယ်ချက်နဲ့သူ လျှောက်လုပ်လိုက်တာပဲ။ အခြားတစ်ဖက်မှာ ဧည့်သည်ဘုန်းကြီးလို နေရာမျိုးမှာလည်း ရောက်နေတတ်တာပဲ။ ကိုယ်က တော်ပြီ၊ တတ်ပြီဆိုပြီး ကိုယ့်ယူဆချက်နဲ့ကိုယ် ကျေနပ်နေပြီး အခြေအနေမှန်ကို သုံးသပ်ဖို့ မေ့လျော့သွားတတ်တာတွေ ရှိဖူးကြမှာပါ။ ကိုယ်တွေးတာ မှန်လှပြီဆိုပြီး ကျောခိုင်းထွက်ခွါသွားလိုက်တာ နောက်မှာ ကိုယ်ထင်ခဲ့သမျှတွေက အဖြစ်မှန်နဲ့ တစ်ခြားစီပဲ။ မိကျောင်းကန်ထဲကူးသွားတဲ့သူအဖြစ်ကလည်း တစ်မျိုးပဲ။ သူ့ကို သူရဲကောင်းကြီးလို့ ထင်ထားလိုက်တာ။ နောက်မှ သူများက တွန်းချလို့ ကိုယ်လွတ်ရုန်းခဲ့ရတာ။

ဘာရယ်လို့ မဟုတ်ပါဘူး။ ပြုံးစရာလေးလည်း ဖြစ်အောင်၊ ဘေးကအမြင်နဲ့ လက်တွေ့အခြေအနေကို နှိုင်းယှဉ်သုံးသပ်နိုင်အောင်၊ ဟာသထဲမှာလည်း ထုတ်ယူစရာအတွေးစလေးတွေ ရှိတယ်ဆိုတာရယ်ကို မီးမောင်းထိုးကြည့်ချင်လို့ ရေးလိုက်ရပါတယ်။

1 comment:

သစ်ထူးအိမ် said...

အရမ်းကောင်းလိုက်တာဘုရား
သင်ခန်းစာတွေယူသင့်ပါတယ်
စာဖတ်ရတာ ရင်ထဲထိရောက်ပါတယ်
တပည့်တော် အရှင်ဘုရားရဲ့ စာတွေကို
ပြန်လည် မျှဝေခွင့်ပြုပါ
မျှဝေတဲ့အခါ ဝန်ခံစာပါ
ရေးပါမယ် အရှင်ကုသလသာမိ (ပျော်ဘွယ်)
လို့  ပါထည့်ရေးပေးပါမယ်
ဘုရား
ခွင့်ပြုမယ်ဆိုရင် တပည့်တော် Email ကDilay01@gmail.com ကို အကြောင်းကြာပေးပါ ဘုရား

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails