Sunday, June 19, 2011

အသံမဲ့ အသံ



(၁)

အသံမဲ့ မိုးကြိုးလို့ ခေါ်တဲ့ ကင်နင်ကျောင်းက ဆရာကြီး မိုကူရိုင်းထံမှာ တိုယိုလို့ ခေါ်တဲ့ အသက် ၁၂-နှစ်အရွယ်ရှိ အလုပ်အကြွေး တစ်ယောက်ရှိပါတယ်။ တိုယိုလေးဟာ သူ့ဆရာရဲ့ အခန်းကို စိတ်ပျံ့လွင့်တာတွေ ရပ်စေတဲ့ ကိုအန်များ သင်ကြားဖို့၊ စန်ဇင်နဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်များကို ရယူဖို့ တပည့်တွေ လာလာနေကြတာကို နေ့စဉ်နဲ့အမျှ တွေ့မြင်ရေပါတယ်။

တိုယိုလေးကလည်း ဒီလို စန်ဇင်ပညာကို သင်ချင်လာခဲ့ပါတယ်။ ဆရာကြီး မိုကုရိုင်းကတော့ “ငါ့တပည့် နေပါအုံး၊ မင်းက အရမ်းငယ်သေးတယ်”လို့ဆိုပြီး မသင်ပေးခဲ့ဘူး။ ဒါပေမယ့် တိုယိုလေးက အတင်းတောင်းဆိုတော့ နောက်ဆုံးမှာ သင်ပေးဖို့ သဘောတူခဲ့ရတယ်။ ညနေခင်း၊ သင့်တော်တဲ့အချိန်မှာ တိုယိုလေးဟာ စန်ဇင်သင်ပေးတဲ့ မိုကုရိုင်းရဲ့အခန်းတံခါးခုံလေးဆီကို အရောက်သွားခဲ့တယ်။ သူရောက်နေတာ သိဖို့ ခေါင်းလောင်းလေးကို ထိုးလိုက်တယ်။ တံခါးအပြင်မှာပဲ ရိုရိုသေသေ ဦးညွှတ်လိုက်တယ်။ ရိုသေစွာနဲ့ ဆရာကြီးရှေ့မှာ ငြိမ်ငြိမ်လေး ထိုင်နေခဲ့တယ်။

ထိုအခါ မိုကုရိုင်းက “လက်ခုပ်နှစ်ဖက် တီးလိုက်တဲ့အခါမှာ မင်း အဲဒီအသံကို ကြားရတယ်၊ အခု လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံကို ပြပါ”လို့ ပြောလိုက်တယ်။ တိုယိုလေးဟာ ဆရာကြီးကို အရိုအသေပေးပြီး ဒီပြဿနာကို စဉ်းစားဖြေရှင်းဖို့ သူ့အခန်း သူပြန်သွားခဲ့တယ်။ တိုယိုလေးနေတဲ့အခန်း ပြတင်းကနေ ကချေသည်မလေးရဲ့ သီချင်းသံသာသာလေးကို ကြားလိုက်တော့ ၀မ်းမြောက်ဝမ်းသာနဲ့ “အား … ငါ သိပြီ”လို့ ထအော်လိုက်တယ်။ နောက်ရက် ညနေခင်း ဆရာကြီးနဲ့တွေ့တော့ “လက်ခုပ်တစ်ဖက်တည်းတီးတဲ့အသံကို ငါ့ကို သရုပ်ဖော်ပြစမ်း”လို့ ခိုင်းလိုက်တယ်။ တိုယိုလေးက ကချေသည်မလေး ဆိုခဲ့တဲ့ သီချင်းကို တီးပြလိုက်ပါတယ်။

ထိုအခါ မိုကုရိုင်းက “အိုး.. အိုး .. မဟုတ်သေးဘူး၊ ဒါက လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံ မဟုတ်ဘူး၊ မင်း လုံးဝ သဘောမပေါက်သေးဘူး”လို့ ဆိုလိုက်ပါတယ်။ တိုယိုလေးဟာ ဒီသီချင်းသံက ငါ့ကို အနှောက်အယှက်တောင် ဖြစ်နေသလားလို့ တွေးပြီး သူ့နေတဲ့နေရာကို တိတ်ဆိတ်တဲ့နေရာကို ရွှေ့ပြောင်းလိုက်ပြီး တရားဆက်ထိုင်ပါတယ်။ ပြီးတော့ “လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံက ဘာများ ဖြစ်လေမလဲ”လို့ တွေးနေမိပါတယ်။ ဒီလိုနဲ့ ရေစက်လေးတွေ တစ်စက်စက် ကျနေတဲ့အသံကို ကြားပြီး “အော် .. ဟုတ်ပြီ၊ လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံက ဒါပဲ ဖြစ်လိမ့်မယ်”လို့ တွေးမိပြီး နောက်တစ်နေ့ သူ့ဆရာနဲ့တွေ့တဲ့အခါ “လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံဟာ ရေစက်ကျသံပါပဲ”လို့ ဖြေလိုက်ပါတယ်။

ထိုအခါ မိုကုရိုင်းက “ဘာတဲ့ … ဘာတဲ့ … ရေစက်ကျသံဟာ ရေစက်ကျသံပဲ ဖြစ်မှာပေါ့၊ ဘယ်လိုလုပ်ပြီး လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံ ဖြစ်မှာလဲ၊ သွား .. ထပ်ကြိုးစားလိုက်အုံး”လို့ ပြောလိုက်ပါတယ်။ တိုယိုလေးခမျာ လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံ ကြားရဖို့ တရားရှုမှတ်လည်း အချည်းနှီးပဲ ဖြစ်နေရပါတယ်။ နောက်ထပ် ဆက်ပြီး လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံဆိုတာ လေတိုးသံလို့ ပြောလည်း သူ့ဆရာက ငြင်းလွှတ်လိုက်ပြန်တယ်။ နောက်ထပ်တစ်ဖန် လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံဆိုတာ ဇီးကွက်အော်သံလို့ဆိုလည်း မဟုတ်ပြန်ဘူး။ ကျိုင်းကောင်အော်သံလို့ ဆိုတော့လည်း အပယ်ချခံရပြန်တယ်။

ဒီလိုနဲ့ တိုယိုလေးဟာ နောက်ထပ် ၁၀-ကြိမ်ထက်မနည်း သူ့ဆရာဆီကို အသံမျိုးစုံ ပြောဖြစ်ခဲ့တယ်။ တိုယိုလေး ပြောသမျှ အသံအားလုံးကို သူ့ဆရာက အမှားချည်းပဲ၊ မမှန်သေးဘူးလို့သာ ပြန်ဖြေတယ်။ နောက်ထပ် ၁-နှစ်နီးပါးမျှ တိုယိုလေးခမျာ လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံဆိုတာ ဘာဖြစ်ပါလိမ့်မလဲလို့ တွေးတောနေခဲ့ရတယ်။ နောက်ဆုံးမှာ တိုယိုလေးဟာ တရားကို တရစပ်ရှုမှတ်ပြီး အသံအားလုံးကို ဆင်ခြင်သုံးသပ်မိတယ်။ နောက်ပိုင်းမှာ “ငါဟာ ဘာအသံကိုမှ မယူတော့ဘူး”လို့ သုံးသပ်လိုက်မှ “အသံမဲ့ အသံကို ငါ ရပြီ”လို့ ကြွေးကြော်လိုက်ပြီး လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံကို သိမြင်သဘောပေါက်သွားပါတော့တယ်။

(၂)

ပြီးခဲ့တဲ့ နှစ်က “ဟိုပင်ညက လက်ခုပ်သံ”ဆိုပြီး ဆောင်းပါးလေးတစ်ပုဒ် ရေးခဲ့ဖူးတယ်။ ဟိုပင်မြို့ကို သွားလည်တုန်းက အကြောင်းလေးကို လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံနဲ့ ရောစပ်ပြီး ရေးခဲ့ဖူးပါတယ်။ ပုံပြင်လေး(ဇာတ်လမ်း)အစုံတော့ မပါပါဘူး။ အခုဆိုရင် ဇင်ဇာတ်လမ်းလေးတွေနဲ့ စာဖတ်သူတို့လည်း အတော်အတန် ရင်းနှီးနေလောက်ပါပြီ။ ဇင်ပုံပြင်ဇာတ်လမ်းလေးတွေရဲ့ ရသကိုလည်း အတော်အသင့် ခံစားမိလောက်ပြီလို့ ခံစားမိပါတယ်။

ဇင်ဇာတ်လမ်းတွေရဲ့ အနှစ်သာရက ဘာလဲလို့ မေးလာရင် စာဖတ်သူတို့ ဘယ်လို ဖြေမလဲ။ တစ်ယောက်တစ်မျိုးစီနဲ့ အမြင်အမျိုးမျိုး ပြောကြမှာ သေချာပါတယ်။ စာဖတ်သူတို့ လက်ခံနိုင်မလားတော့ မသိဘူး။ စာရေးသူရဲ့ အမြင်အရတော့ ဇင်ဇာတ်လမ်းလေးတွေရဲ့ အနှစ်သာရဟာ “အေးချမ်းတိတ်ဆိတ်မှုတွေနဲ့ ယှဉ်တွဲနေတဲ့ လွတ်လပ်မှု”ဖြစ်တယ်လို့ ဆိုချင်ပါတယ်။

(၃)

တစ်စုံတစ်ရာကို နက်နက်နဲနဲ၊ နက်နက်ရှိုင်းရှိုင်း ခံစားမိပြီဆိုရင် လူတိုင်းလူတိုင်းမှာ စကားလုံးတွေ ရှားပါးသွားတတ်ကြပါတယ်။ အေးချမ်းတည်ငြိမ်တဲ့ တရားဘက်ဆိုင်ရာ၊ အသိအမြင်၊ အတွေးအခေါ်ဆိုင်ရာ ခံစားချက်တွေမှ မဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာတရားကို လေးလေးနက်နက် ခံစားတတ်သူတွေတောင် သူတို့ ခံစားချက်တွေ လေးနက်လာပြီဆိုရင် သူတို့ ခံစားချက်ကို ဖော်ထုတ်ဖို့ စကားလုံးတွေ ပျောက်ဆုံးနေတတ်ပါတယ်။ ဒီလိုနဲ့ နားလည်ရခက်တဲ့ စာတွေ၊ ကဗျာတွေ ဖြစ်လာတတ်ကြတာပဲ မဟုတ်ပါလား။

(၄)

မိုးလင်းကနေ မိုးချုပ် အသံတွေ ကြားနေရပါတယ်။ သာယာနာပျော်ဖွယ်အသံတွေလည်း ဖြစ်ကောင်းဖြစ်မယ်။ စိတ်မချမ်းမြေ့စရာအသံတွေလည်း ဖြစ်ကောင်းဖြစ်မယ်။ မိမိနားထဲကို ၀င်လာတဲ့အသံတိုင်းကို မိမိစိတ်က “ဒီအသံကတော့ ဘယ်လို၊ ဟိုအသံကတော့ ဘယ်လို”ဆိုပြီးတော့လည်း မခွဲခြားဘဲ မနေတတ်ကြဘူး။ အဲဒီလို ကြားလိုက်ရတဲ့အသံတွေနဲ့ နေ့စဉ်ဘ၀ရဲ့ ကောင်းမြတ်ခြင်း၊ ဆိုးယုတ်ခြင်း (ကုသိုလ်၊ အကုသိုလ်)တွေကို အတွေးနဲ့သော်လည်းကောင်း၊ အပြောနဲ့သော်လည်းကောင်း၊ အလုပ်နဲ့သော်လည်းကောင်း ဖန်တီးလုပ်ဆောင်နေကြရတယ်။ ဒါက သက်ရှိတွေရဲ့ သွားမြဲလမ်းပါပဲ။

ကောင်းတဲ့အသံကို ကြားလိုက်တော့ မိမိနှလုံးသားထဲမှာ ကောင်းတဲ့အသံလေးက ပဲ့တင်ထပ်သွားလိုက်တယ်။ မကောင်းတဲ့အသံကို ကြားလိုက်တော့ မိမိရင်ထဲမှာ အပူမှိုင်းတွေရောနေတဲ့ အသံလေးက ၀ရုန်းသုန်းကား ဖြစ်သွားတယ်။

ကောင်းတဲ့အသံ၊ ဆိုးတဲ့အသံရယ်လို့ မခွဲခြားဘဲ ထားလိုက်တော့ ရင်ထဲနှလုံးသားထဲမှာ ဘာအသံလေး ဖြစ်သွားမလဲ။ (ပြောချင်တာက ဒါပဲ ဖြစ်မယ် ထင်ပါတယ်)။

မိမိတို့ထံကို ၀င်လာသော အသံများက လက်ခုပ်တစ်ဖက်၊ မိမိတို့ (အာရုံခံ)က လက်ခုပ်တစ်ဖက်၊ ထိုလက်နှစ်ဖက် ထိခတ်လိုက်ခြင်းကြောင့် ဖြစ်လာတဲ့ အာရုံခံစားမှုများက လက်ခုပ်သံများ ဖြစ်တယ်။

(၅)

အခု ဆောင်းပါးကို အဆုံးသတ်တော့မယ်ဆိုတော့ စာဖတ်သူက လက်တစ်ဖက်ကို လေထဲ အဆင်သင့်မြှောက်ထားလိုက်ပါ။ အသက်ကို ခပ်ပြင်းပြင်း ရှုရှိုက်လိုက်ပါ။ ပြီးရင် ဖြည်းဖြည်းငြိမ်ငြိမ်လေး လက်တစ်ဖက်တည်းနဲ့ လက်ခုပ်တီးကြည့်ပါ။ ထိုအသံကို ကြားလိုက်တာနဲ့ ရင်ထဲမှာ အေးငြိမ်းမှုတစ်ခု သို့မဟုတ် တစ်ခုထက်မနည်း သင်ခံစားမိပါလိမ့်မယ်။

အေးငြိမ်းမှုကို လေးလေးနက်နက် ခံစားဖို့ဆိုရင်တော့ ဒိထက်ပိုပြီး လေးလေးနက်နက် တိတ်တိတ်ဆိတ်ဆိတ် ကြိုးစားဖို့တော့ လိုတာပေါ့။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails