Friday, June 10, 2011

အမေ့ စေတနာ



(၁)
ရှိုဂန်ဆရာကြီးတစ်ဦးဖြစ်တဲ့ ဂျိယွန်ဟာ တိုကုဂ၀ခေတ်မှာ ကျော်ကြားတဲ့ သက္ကတပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ သူ ငယ်စဉ်က သူ့ရဲ့ ညီအစ်ကိုကျောင်းသားတွေကို စာပေ ပို့ချပေးလေ့ရှိပါတယ်။ သူ့ အမေက ဒီသတင်းကို ကြားတော့ သူ့သားဆီကို စာတစ်စောင် ရေးလိုက်ပါတယ်။
“သားရေ … မင်းဟာ ဘုရားရှင်ရဲ့ တပည့်သာဝကတစ်ယောက် ဖြစ်ပြီလို့ အမေတော့ မထင်ဘူး။ ဘာလို့လဲဆိုတော့ မင်းဟာ အခြားသူတွေအတွက် လမ်းလျှောက်အဘိဓာန်ကြီး ဖြစ်ချင်နေတာကိုး။ သားရေ မှတ်ထားကွဲ့။ ဘွဲ့ဒီဂရီတွေ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ သတင်းအချက်အလက်တွေနောက်ကို လိုက်နေလို့ကတော့ ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး။ ဒီတော့ အမေကတော့ ဒီစာသင်တဲ့အလုပ်ကြီးကို ရပ်လိုက်စေချင်တယ်။ တောတောင်ထဲက ကျောင်းသေးသေးလေးထဲမှာ အေးအေးဆေးဆေး သွားနေပါ။ တရားအားထုတ်တာကိုပဲ မြုပ်နှံပြီး အလုပ်လုပ်ပါ။ ဒါမှသာ သားဟာ စစ်မှန်တဲ့ အသိဉာဏ်ကို ရဖို့ ရှိမပေါ့ကွယ်”
(၂)
ဇင်ပုံပြင်လေးထဲက အမေ့စာကို ဖတ်ရတော့ နယ်က အမေ့ကို လွမ်းမိတယ်။ အမေ့ကို လွမ်းမိတယ်ဆိုပေမယ့် ကိုယ့်အမေနဲ့တော့ သိပ်မတူလှဘူး။ ကိုယ့်အမေက ငယ်ငယ်က ကိုရင်ဝတ်တာကို မကြိုက်ဘူး။ နည်းအမျိုးမျိုးနဲ့ တားမြစ်တယ်။ သူ့စိတ်ထဲမှာ “ငါ့သားသာ အတန်းစာတွေ ဆက်တက်မယ်ဆိုရင် ပညာတတ်ကြီးဖြစ်ပြီး အားကိုးရမယ့် သားတစ်ယောက်ဖြစ်မယ်”လို့ပဲ တွေးနေခဲ့တယ်။ ဆရာမတွေကလည်း ဒီလိုပဲ အမေ့ကို ပြောပြကြတော့ ဆရာတွေ၊ ဆရာမတွေ အားလုံးက ကိုရင်ဆက်မ၀တ်ဖို့ ဖြောင်းဖျကြတယ်။ ဘယ်လိုပြောပြော တားမရခဲ့ဘူး။
သင်္ကန်းဝတ်ပြီး အရွယ်ရလာတဲ့အခါ စာသင်တိုက်တွေမှာ စာတွေ လိုက်သင်ခဲ့တယ်။ တောင်ငူ၊ အုတ်တွင်း၊ ရန်ကုန် စာသင်တိုက်တွေ စုံလို့ပဲ။ နောက်ပြီး ကမ္ဘာအေးက သာသနာ့တက္ကသိုလ်မှာ ၆-နှစ်တာ စာသင်ခဲ့တယ်။ ဒီလို စာသင်ခဲ့တဲ့ ၁၀-စုနှစ်တာ ကာလတွေမှာ အမေ မကြာခဏ ပါးနေတဲ့ စကားကတော့ “ငါ့သား အမေ့ဆီ ဘယ်တော့ ပြန်လာမလဲ”ဆိုတဲ့ စကားပါပဲ။
ရွှေဝါရောင်အရေးအခင်းဖြစ်လို့ သားတစ်ယောက် ပြည်ပကို မထင်ထားတဲ့အချိန်မှာ ထွက်ခွါခဲ့ရတယ်။ သီရိလင်္ကာမှာ ၂-နှစ်ကျော် အချိန်ကြာခဲ့တယ်။ ဒီကြားထဲ ဖုန်းဆက်လိုက်တိုင်း အမေပြောတဲ့ စကားတစ်ခွန်းက “ငါ့သား အမေ့ဆီ ဘယ်တော့ ပြန်လာမလဲ”ဆိုတဲ့ စကားပါပဲ။
သီရိလင်္ကာမှာ စာသင်မှုပြီးလို့ အခု မလေးရှားကို ရောက်နေတဲ့ အချိန်မှာလည်း အမေ့က “ဒီ ဗဟုသုတတွေက ယူလို့ မပြီးသေးဘူးလား။ အမေ့ဆီ ပြန်မလာတော့ဘူးလား”ဆိုတဲ့ စကားကိုပဲ အမေက ပြောပြနေတော့တယ်။
အမေရေ … အမေ့သားက အခုချိန်ထိ (အမေ့ကို လွမ်းနေပေမယ့်) အမေ့ဆီ ပြန်ရောက်ဖို့ စိတ်မကူးနိုင်သေးဘူး။
အမေက ပြောပြောနေတတ်သေးတယ်။ “ငါ့သား တရားတွေ ဟောပြီး နာမည်ကြီးဆရာတော်ကြီးဖြစ်အောင် မလုပ်နိုင်ဘူးလား”တဲ့။ အမေကျေနပ်အောင် ဖြစ်အောင် လုပ်မှာပေါ့လို့ ပြောလိုက်ရပေမယ့် အမေ့သားက နာမည်ကြီးတာတွေကို အထင်မကြီးတတ်ဘူး၊ ဘ၀တူတွေကို ချစ်ခင်ပြီး လုပ်ချင်တာ လျှောက်လုပ်နေချင်တာလို့တော့ မပြောရက်ခဲ့ဘူး။
(၃)
ဇင်ပုံပြင်ထဲက အမေကတော့ ဘယ်လို အမေမျိုးလဲလို့ မေးရလောက်အောင် ထူးဆန်းနေတယ်။ သူ့သားကို သူ့အနားနေဖို့လည်း မပြောဘူး။ နာမည်ကြီး ပုဂ္ဂိုလ်ကြီးဖြစ်အောင်လည်း တွန်းအားမပေးဘူး။ သူ့သားကို တကယ့်အမှန်တရားကို သိမြင်အောင်လုပ်ဖို့ တိုက်တွန်းတယ်။ အာဂအမေလို့ ချီးကျူးရမယ် ထင်ပါတယ်။
(၄)
ဘယ်လိုပဲဖြစ်ဖြစ် အမေတစ်ယောက်ရဲ့ စေတနာတွေကတော့ သူ့နည်းသူ့ဟန်နဲ့ တန်ဖိုးကြီးလှပါတယ်လို့တော့ ယုံကြည်မိပါတယ်။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails