Wednesday, June 1, 2011

အာဖရိကရဟန်းတော် ဘိက္ခုဗုဒ္ဓရက္ခိတနှင့် တွေ့ဆုံခြင်း



အာဖရိကဆိုတာ ဗုဒ္ဓဘာသာနဲ့ အလွန်ကို မနီးစပ်တဲ့ အမည်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကတည်းက အာဖရိကရဟန်းတစ်ပါးဟာ အင်တာနက်စာမျက်နှာများပေါ်မှာ ပျံ့နှံ့နေခဲ့လို့ သူ့ကို အမှတ်ထင်ထင် တွေ့သိခဲ့ရပါတယ်။ သူ့အကြောင်းကို စိတ်ဝင်စားလို့ ၀က်ဘဆိုက်တွေကနေ လိုက်ကြည့်ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ သူ့အကြောင်းတစ်စိတ်တစ်ဒေသကို ဖော်ပြထားတဲ့ ဗွီဒီယိုဖိုင်လေးကိုပါ ကြည့်လိုက်ရတယ်။ စာရေးသူသာမက အဆိုပါ ဗွီဒီယိုလေးကို ကြည့်မိသူတိုင်း အံ့သြ၀မ်းသာ ဖြစ်ကြရတယ်။ စာရေးသူရဲ့ ဖေ့စဘွတ်မှာလည်း ထိုဗွီဒီယိုလေးကို မျှဝေဖြစ်ပါတယ်။


လွန်ခဲ့တဲ့ ၃-ပတ်လောက်က ပီနန်ကျွန်းက ၀ိသာခါက ယူဂန္ဓာနိုင်ငံက အာဖရိကရဟန်းတစ်ပါး ပီနန်ကျွန်းကို ကြွပြီး တရားဟောမယ်လို့ ပြောပါတယ်။ စိတ်ထဲမှာ သူနဲ့တွေ့ချင်စိတ်တွေက တဖွားဖွားဖြစ်ပေါ်လာခဲ့တယ်။ ဒါနဲ့ပဲ “၀ိသာခါရေ အဲဒီဘုန်းကြီးကို ငါနဲ့တွေ့ပေးလို့ ရမလား”လို့ မေးဖြစ်ခဲ့တော့ “အိုး …. ရတာပေါ့၊ ငါ စီစဉ်ပေးမယ်”လို့ ပြောပါတယ်။ နောက်သေချာမေးကြည့်တော့ သူက ပီနန်ကျွန်းက သီရိလင်္ကာကျောင်းမှာ တရားပွဲလုပ်အုံးမှာဆိုတော့ “ငါလည်း သူ့တရားပွဲ သွားချင်တယ်”လို့ဆိုတော့ သူကားနဲ့ လာကြိုမယ်လို့ ဆိုပါတယ်။


တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ(အာဖရိကကိုယ်တော်)တရားဟောမယ့်နေ့ဟာ ဓမ္မိကာရာမကျောင်း အပတ်စဉ်တရားပွဲနဲ့ တိုက်ဆိုင်နေပါတယ်။ ဒါနဲ့ စာရေးသူလည်း အတော်စိတ်ပျက်သွားတယ်။ သူ့တရားပွဲ ငါသွားခွင့် မကြုံတော့ဘူးပေါ့။ ဒီအကြောင်းကို ၀ိသာခါကို ဖုန်းဆက်အကြောင်းကြားတော့ “မပူနဲ့၊ ဦးဇင်းတို့ကျောင်းကို ခေါ်လာပြီး ဦးဇင်းနဲ့တွေ့ပေးမယ်”လို့ ပြောပါတယ်။


ဒီနေ့ ညနေ ၄-နာရီခွဲခန့်မှာ ယူဂန္ဓာက အာဖရိကရဟန်းတော် ဘိက္ခုဗုဒ္ဓရက္ခိတ ရောက်လာပါတယ်။ သူရောက်လာပြီး စကားပြောတော့ “ဒို့ ပီနန်ဆရာတော်ကြီးနဲ့ တွေ့ပေးလိုက်ရင် သူ့အတွက် ဗဟုသုတတွေ သာသနာပြု အတွေ့အကြုံတွေ ရသွားမှာပဲ”လို့ တွေးမိပြီး တာဝန်ခံဆရာတော် ဦးဝိစိတ္တကို လျှောက်ထားပြီး ဆရာတော်ကြီးနဲ့တွေ့ဖို့ စီစဉ်လိုက်ပါတယ်။


ဆရာတော်ကြီးနဲ့မတွေ့ခင် မြန်မာကျောင်းအတွင်း လိုက်လံပြသတဲ့အခါ သူ့ပါးစပ်က ကျန်တဲ့ စကားလုံးတွေ တိတ်ဆိတ်သွားသလားထင်ရအောင် စကားနှစ်လုံးခန့်ကိုပဲ တွင်တွင်ကြီး ပြောနေတော့တယ်။ “အံ့သြစရာကောင်းလိုက်တာ၊ အံ့သြစရာကောင်းလိုက်တာ (Amazing, wonderful)”ဆိုတဲ့ စကားကိုသာ ရေရွတ်နေတော့တယ်။


“တပည့်တော်ဟာ အရှင်တို့ ဆရာတော်နဲ့ မတွေ့ရသေးဘူး။ ဒါပေမယ့် အရှင်ဘုရားတို့ ဆရာတော် ပြုလုပ်ထားတဲ့အရာတွေနဲ့တင် တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံ၊ အတွေးအမြင်တွေ ရလိုက်ပြီ”လို့ ဆိုပါတယ်။


ဘာတွေလဲလို့ မေးကြည့်တဲ့အခါ “ထေရ၀ါဒကျောင်းဆိုပေမယ့် အားလုံးသော ဗုဒ္ဓဘာသာဂိုဏ်းများကို ကိုယ်စားပြုနိုင်အောင် အဆောက်အအုံများ စီမံဆောက်လုပ်ထားခြင်း၊ အဆောက်အအုံကို လူနဲ့ဘုရားဆင်တုတွေ နေလို့ ရအောင် လုပ်တယ်ဆိုပေမယ့် အရှင်တို့ ဆရာတော်က ဗုဒ္ဓဘာသာမဟုတ်တဲ့ ကမ္ဘာလှည့်ခရီးသွားများကိုပါ ဆွဲဆောင်နိုင်အောင် လုပ်ဆောင်ထားခြင်း”ဆိုတဲ့ နှစ်ချက်လို့ ဆိုပါတယ်။ ပြောပြီးတာနဲ့ သူလည်းပဲ နောက်နောင် အဆောက်အအုံဆောက်မယ်ဆိုရင် ဒီနည်းကို အသုံးပြုတော့မယ်လို့ ဆိုနေခဲ့ပါတယ်။


ပြီးတော့ ၅-နာရီလောက်မှာ ဆရာတော်ကြီးထံကို သွားကြပါတယ်။ ဆရာတော်ကြီးနဲ့ စကားတွေ အကြာကြီး ပြောကြပါတယ်။ အာဖရိကကိုယ်တော်ဟာ ခေါင်းတွေ တညိမ့်ညိမ့်နဲ့ သဘောတွေ ကျနေခဲ့တယ်။ ဘယ်နေရာ၊ ဘယ်ပုဂ္ဂိုလ်မှ ပြောမပြဖူးတဲ့ အတွေးအမြင်တွေကို သူရတယ်လို့ ဆိုပါတယ်။


“မင်း သာသနာပြုတာ အာဖရိက ဘယ်နှစ်ယောက် ဗုဒ္ဓဘာသာဖြစ်ပြီလဲ”လို့ မေးတဲ့အခါ ၁၄-၁၅ ယောက်လို့ ပြောတော့ ဆရာတော်ကြီး သာသနာပြုနည်းတွေကို အမိန့်ရှိပါတယ်။ သာသနာပြုတဲ့နေရာမှာ ၀ိပဿနာ၊ ၀ိပဿနာဆိုပြီး မင်းလျှောက်လုပ်နေရင် ဘယ်တော့မှ မအောင်မြင်ဘူး၊ အခြားပရဟိတအလုပ်တွေနဲ့ တွဲပြီး လုပ်ရတယ်။


သာသနာပြုတယ်ဆိုတာ စီးပွားရေးလုပ်သလိုပဲ၊ စီးပွားရေးလုပ်တယ်ဆိုတာ ကုန်ပစ္စည်းတစ်ခုကို တန်ရာတန်ကြေးနဲ့ အလဲအလှယ်လုပ်ကြတာ။ ကုန်ပစ္စည်းဆိုတာကလည်း ကိုယ်ကြိုက်မှ ကိုယ်ယူတာ၊ လူမကြိုက်တဲ့ ပစ္စည်းတစ်ခုကို ဘယ်သူက ၀ယ်မှာလဲ။


မင်းတို့ အာဖရိကမှာ စားစရာမရှိတဲ့သူတွေ ရှိတယ်။ ၀တ်စရာမရှိတဲ့သူတွေ ရှိတယ်။ သူတို့ကို မင်းက ၀ိပဿနာ သွားပေး။ အလကားပဲ။ ဘယ်သူက အဲဒီ ၀ိပဿနာကို စိတ်ဝင်စားမှာလဲ။ စားစရာ မရှိတဲ့သူတွေကို စားစရာ အရင်ပေး။ ပြီးမှ ၀ိပဿနာကို ပြော။ ၀တ်စရာမရှိသူကို ၀တ်စရာ အရင်ပေး။ ပြီးမှ တရားဟော။ ဒီလိုမှ သာသနာကြီးပွားမှာပေါ့။


ပြီးတော့ ဆရာတော်ကြီးက “မင်းက စားစရာမရှိသူတွေကို ၀ိပဿနာ သွားပြောနေတာလား”လို့ မေးတော့ “သဘောပေါက်ပါပြီ။ သဘောပေါက်ပါပြီ”ဆိုပြီး သဘောတွေ ကျနေခဲ့တယ်။


နောက်ပြီး ဆရာတော်ကြီးက အလုပ်လုပ်တဲ့နေရာမှာ မလျော့တဲ့ ဇွဲလုံ့လ ထားရှိဖို့၊ လမ်းခုလတ်မှာ ရပ်တန့်မပစ်ဖို့ မှာပါတယ်။ “ငါက ပျင်းတဲ့သူ၊ နှေးတဲ့သူဆို သဘောမကျဘူး”လို့ အမိန့်ရှိပါတယ်။ “မြန်မြန်လုပ်၊ ထိထိမိမိလုပ်၊ ပန်းတိုင်ထိ ရောက်အောင်သွား”။


အာဖရိကကိုယ်တော်က ဆရာတော် ဦးသီလာနန္ဒဟာ သူ့ဆရာဖြစ်တဲ့အကြောင်း ပြောပြတော့ “ဦးသီလာနန္ဒဆိုတာ ငါ့သူငယ်ချင်း၊ ငါက ပြည်ပသာသနာပြု ထွက်လာကတည်းက နောက်ကြောင်းကို ပြန်မလှည့်တော့ဘူး။ သူကတော့ သွားလိုက်ပြန်လိုက်နဲ့။ ဒါကြောင့် သူဟာ ပြည်ပသာသနာပြုမှာ မအောင်မြင်ဘူး။ အမေရိကက သူ့ကျောင်းတောင် ငါ ကူညီဆောက်ပေးခဲ့တာ”လို့ အမိန့်ရှိလိုက်တော့ အာဖရိကကိုယ်တော်ဟာ အတော်ကို သဘောကျသွားပုံပေါ်ပါတယ်။


ဆရာတော်ကြီးနဲ့ တစ်နာရီခန့် စကားပြောပြီးတော့ လမ်းမှာ တဖွဖွနဲ့ ဆရာတော်ကြီးနဲ့တွေ့ရတာ တန်ဖိုးရှိကြောင်း အဖိုးမဖြတ်နိုင်တဲ့ အတွေးအမြင်တွေ ရရှိခဲ့ကြောင်း ပြောကြားနေခဲ့ပါတယ်။ အခြားမြန်မာသံဃာများနဲ့ စကားအနည်းငယ်ပြောပြီး ၆-နာရီခွဲလောက်မှာ ပြန်ကြွသွားပါတယ်။


သူပြန်သွားတော့ “အာဖရိကနဲ့ ဗုဒ္ဓဘာသာ”ဆိုတဲ့ ခပ်စိမ်းစိမ်း ဝေါဟာရနှစ်ခုကို ခပ်ရေးရေးလေး တွဲစပ်မြင်ယောင်နေမိခဲ့ပါတယ်။




























2 comments:

ကျော်သုည said...

ဒီဆောင်းပါးလေးဖတ်မိတော့ တစ်ခါတုန်းက ဆရာဝန်တင်ရွှေရေးတဲ့ အဆိပ် ဆိုတဲ့ ၀တ်ထုစာအုပ်လေးကို သွားသတိရသလိုလို၊ မာသာထရီဇာကိုပဲ တမ်းတမိနေလိုလိုပါပဲလား....
http://www.ugandabuddhistcenter.org

မိုးယံ said...

သာဓု သာဓု သာဓု

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails