Dictionary/အဘိဓာန်

Blogspot Dictionary

Blogspot Dictionary

Wednesday, June 29, 2011

အဖြူထဲက အမည်း



(၁)
လယ်သမားတစ်ယောက်ဟာ တန်ဒိုင်းဘုန်းကြီးတစ်ပါးကို ကွယ်လွန်သွားတဲ့ သူ့မိန်းမအတွက် ရည်စူးပြီး သုတ္တန်အချို့ကို ရွတ်ဖတ်ပေးဖို့ တောင်းပန်ခဲ့တယ်။ သုတ္တန်ရွတ်ဖတ်လို့ ပြီးတဲ့အခါ လယ်သမားက “ဒီရွတ်ဖတ်လိုက်တဲ့ ကုသိုလ်အကျိုးကို ကျွန်ုပ်မိန်းမက ရတယ်လို့ အရှင် ယူဆပါသလား”လို့ မေးလိုက်ပါတယ်။ ထိုအခါ ဘုန်းကြီးက “သင့် မိန်းမတင် ဘယ်ကမလဲ၊ အားလုံးသော ဝေနေယျသတ္တ၀ါတွေဟာ ဒီသုတ္တန်ရွတ်ဖတ်လိုက်တဲ့အကျိုးကို ရကြပါတယ်”လို့ ဖြေလိုက်တယ်။

“အော် … အခုလို ကုသိုလ်အကျိုးကို သတ္တ၀ါအားလုံးကို ညီတူမျှတူ ခွဲဝေပေးလိုက်ရတော့ ကျွန်ုပ်မိန်းမရနိုင်မယ့် ကုသိုလ်ဝေစုက နည်းသွားမှာပေါ့၊ ဒီတော့ အရှင့်အနေနဲ့ ကျွန်ုပ်မိန်းမတစ်ယောက်အတွက်ပဲ သုတ္တန်ကို ရွတ်ဖတ်ပေးပါ”လို့ လယ်သမားက ပြောလိုက်တယ်။ ထိုအခါ ဘုန်းကြီးက ကုသိုလ်တစ်ခုပြုတဲ့အခါ ကုသိုလ်ကောင်းမှုအကျိုးကို သတ္တ၀ါအားလုံးကို မျှဝေပေးဖို့ဆိုတာ ဗုဒ္ဓဘာသာတွေရဲ့ ဆန္ဒဖြစ်ကြောင်း ရှင်းပြလိုက်တယ်။

ထိုအခါ လယ်သမားက ပြောပြန်တယ်။ “အော် … ဒီလိုလား၊ ဒါဆိုရင် ခြွင်းချက်အနေနဲ့ တစ်ယောက်ကိုတော့ ထားပေးပါ။ ကျွန်ုပ်ရဲ့ အိမ်နီးနားချင်းတစ်ယောက်ဟာ ကြမ်းလည်း ကြမ်းတမ်းတယ်၊ ကျွန်ုပ်အပေါ်လည်း ရက်စက်တယ်၊ ဒါကြောင့် သူတစ်ယောက်ကိုတော့ ချန်ထားပေးပါ၊ ကျန်တဲ့သတ္တ၀ါအားလုံးကိုတော့ မျှဝေပေးလို့ ရပါတယ်”လို့ ပြောလိုက်ပါတယ်။

(၂)
ဒီဇာတ်လမ်းလေးကို ဖတ်ကြည့်မိတော့ ပြုံးမိတယ်။ တစ်ဖက်ကလည်း အတွေးလေးတွေ ဆင့်ပွားနေမိတယ်။
ပြုံးမိတာက ကြံကြံဖန်ဖန် အမျှဝေတာကို အိမ်နီးနားချင်းတစ်ယောက်ကို ထားခဲ့ချင်တဲ့ လယ်သမားရဲ့ စိတ်ကူးကြောင့်ပါ။ တွေးမိတဲ့အကြောင်းကတော့ အများကြီးပေါ့။

(၃)
စာရေးသူတို့ ၀န်းကျင်တွေမှာလည်း တွေ့ဖူးကြမှာပါ။ “ငါ အားလုံးနဲ့ ချစ်ချစ်ခင်ခင် နေလို့ ရပါတယ်ကွာ၊ ဒီကောင့်ကိုတော့ ကြည့်လို့ကို မရဘူး”။ “တပည့်တော် ကျန်တဲ့လူအားလုံးကို ပြုံးပြုံးရွှင်ရွှင် ဆက်ဆံလို့ ရပါတယ်၊ သူ့ကိုတော့ ဘယ်လို ကြိုးစားကြိုးစား၊ မေတ္တာထားလို့ကို မရဘူး” … စသည်ဖြင့် ပြောဆိုကြတာကို လူတိုင်း ကြုံဖူးမှာပါ။ ကိုယ်တိုင်လည်း ပြောဖြစ်ဖူးကြမှာပါ။

(၄)
နောက်တစ်ချက်က ဇာတ်လမ်းလေးအဆုံးမှာ လယ်သမားကြီးရဲ့ မျက်နှာ၊ ဟန်ပန်အမူအရာနဲ့ စိတ်နေစိတ်ထားတွေက မျက်စိထဲ ကွင်းကွင်းကွက်ကွက် မြင်လာခဲ့တယ်။ သူက ရိုးသားပြီး အသိဉာဏ်နည်းရှာတယ်။ နေရာအတော်များများမှာ သူ့လို လူတွေ အများကြီး ကြုံဖူးကြမှာပါ။ သူတို့ဟာ ရိုးသားတယ်၊ ဖြူစင်တယ်၊ ချစ်စရာကောင်းတယ်၊ ဒါပေမယ့် အသိဉာဏ်အားနည်းတော့ သူ့အထက်မှာ ရှိတယ်လို့ သက်မှတ်ထားတဲ့ သူတွေ (ဘုန်းကြီးတို့၊ ဆရာတို့၊ ဆေးဆရာတို့)ပြောသမျှကို အကုန်ယုံတတ်တယ်။ မြန်မာနိုင်ငံက ရွာတွေမှာ အများဆုံး တွေ့ရတတ်တာပဲ။

(၅)
မြန်မာမှာ နာမည်ကြီး ဆရာကြီးတစ်ဦး ရှိခဲ့ဖူးတယ်။ သူ့ကိုယ်သူ နောက်ဆုံးပွင့်တဲ့ ဘုရားလို့ လိုက်ဟောနေခဲ့တာ။ နောက်လိုက် တပည့်တွေကလည်း အများကြီးပဲ။ သူ့တရားတွေထဲက တစ်ခု ပြောရရင် တရားအားထုတ်တယ်ဆိုတာ လောဘတဏှာကို ပယ်သတ်ရတာ၊ အတော်အတန် သူ့တရားနာ၊ အားထုတ်လို့ပြီးရင် အမျိုးသမီးတွေကို တစ်ဦးချင်း အခန်းပိတ်ပြီး တရားစစ်တယ်။ ဟိုနေရာ ဒီနေရာတွေကို ထိပြီးတော့ ဟိုစိတ်ဒီစိတ် ဖြစ်သေးလားလို့ မေးတယ်။ ဖြစ်သေးတယ်ဆိုရင် တဏှာ မကုန်သေးဘူးပေါ့။ ဒါက အမျိုးသမီးတွေကို တရားစစ်တာ၊ အမျိုးသားတွေကို တရားစစ်တာကတော့ တစ်မျိုး၊ မင်း တရားပေါက်ပြီလို့ ထင်နေလား။ ဒါဆိုရင် မင်း မိန်းမကို ရေစက်ချပြီး ငါ့ကို လှူကြည့်။ မင်းစိတ်ထဲမှာ ဘာသံယောဇဉ်မှ မရှိတော့ဘူးဆိုရင် မင်း တရားရပြီပဲလို့ ပြောတယ်။ ဆိုတော့ ယောဂီတွေကလည်း သူတို့ တရားရကြောင်း ပြချင်တာနဲ့ ဆရာကြီးကို မိန်းမတွေ လှူပစ်လိုက်ကြတယ်။

ဒါက တကယ်ရှိခဲ့တဲ့ အဖြစ်အပျက်ပါ။ သူ့ကို တရားစီရင်ဖို့အတွက် သက်ဆိုင်ရာတွေဟာ မနည်းကို ကြိုးစားခဲ့ကြရတယ်။ ဘာကြောင့်လဲဆိုတော့ သူ့တပည့်တွေ မြောက်များစွာဟာ သူ့ဘက်ကနေ လိုက်ထောက်ခံပေးခဲ့ကြလို့ ဖြစ်ပါတယ်။ အသိဉာဏ်ပညာနည်းတဲ့ ရလဒ်တွေလို့ ဆိုရမှာပါ။

(၆)
ဘာရယ်တော့ မဟုတ်ပါဘူး။ ဟာသဆန်ဆန် (လက်တွေ့လည်း ဆန်ပါတယ်) ဇင်ဇာတ်လမ်းလေးကို ဖတ်ပြီး ရလာတဲ့အတွေးအချို့ကို ကောက်ခြစ်ကြည့်တာပါ။ လယ်သမားကြီးရဲ့ ရိုးသားတဲ့ ပကတိရင်ထဲက လူသားတွေရဲ့ သဘာဝကို လှစ်ဟပြနေတာကတော့ ဇာတ်လမ်းလေးရဲ့ အလှပဆုံး အကွက်တစ်ခုလို့ ထင်ပါတယ်။ နောက်ဆုံးတော့လည်း “ဖြူစင်မှုထဲမှာ အမည်းစက်လေးတွေရှိနေတတ်တာဟာ လူ့သဘာဝပဲ”လို့ လက်ခံလိုက်ရတော့မလိုပါပဲ။

Monday, June 27, 2011

အမြင်ထဲက ဘ၀၊ ဘ၀ထဲက အမြင်



(ဆောင်းပါးက အဟောင်းပါ။ အခုတလော သူငယ်ချင်းတွေကို ပြောပြချင်နေတာ ဒီဆောင်းပါးထဲက စကားအချို့ဖြစ်ပါတယ်။ ဘ၀ထဲကအမြင်နဲ့ အမြင်ထဲက ဘ၀တွေကို ပိုင်းခြားပြီး နားလည်နိုင်ကြဖို့ အဝေးရောက် သူငယ်ချင်းတွေကို ပြောချင်တာပါ။ အနီးက သူငယ်ချင်းတွေကတော့ နားလည်ထားပြီးသားပါ။ `ကုသလသာမိ ဆိုတာ အမြဲတမ်း မတရားတာတွေ၊ မမျှတတာတွေကို ရန်တွေ့နေတတ်တဲ့ ခပ်ဆတ်ဆတ် ကိုယ်တော်တစ်ပါးဖြစ်တယ်´ဆိုတာ သဘောပေါက်ထားကြပါတယ်။ အခြေအနေတွေ ဘယ်လိုပြောပြောင်း၊ ကာလတွေ ဘယ်လိုကြာကြာ မတရားတာတွေ၊ မမျှတတာတွေကို မုန်းတီးတဲ့စိတ်ကတော့ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ နေရာတိုင်းမှာ သူ့အိမ်တွင်းရေး၊ ကိုယ့်အိမ်တွင်းရေးဆိုတာတွေက အကုန်ပြောပြလို့ ဘယ်ဖြစ်ပါ့မလဲလေ။)


(၁)
ဇင်ဆရာကြီး ဟက်ကူအင် (Hakuin)ကို အနီးအနားဝန်းကျင်က အိမ်ထောင်မပြုဘဲနေတဲ့ သူတော်စင်ကြီးတစ်ဦးလို့ ချီးကျူးထောမနာပြုကြတယ်။ စားသောက်ဆိုင်ပိုင်ရှင်ရဲ့ လှပကြော့ရှင်းတဲ့ ဂျပန်မလေးကလည်း သူ့ကျောင်းအနီးအပါးမှာ နေပါတယ်။ တစ်နေ့မှာ သူ့မိဘတွေဟာ သမီးလေးမှာ ကိုယ်ဝန်ရှိနေကြောင်း မမျှော်လင့်ဘဲ ဗြုန်းစားကြီး သိလိုက်ရတယ်။ ဒါက သူ့မိဘတွေအတွက် အလွန် ဒေါသထွက်စရာကောင်းတယ်။ ဘယ်လိုမေးမေး ဘယ်သူနဲ့ရတဲ့ ကိုယ်ဝန်ဆိုတာကို မပြောဘူး။ နောက် ခြိမ်းခြောက်မေးမြန်းကြည့်တော့မှ ဟက်ကူအင်နဲ့ ရတာပါလို့ ပြောလိုက်တယ်။
ဂျပန်မလေးမိဘတွေဟာ ဒေါသူပုန်ထပြီး ဟက်ကူအင်ဆီကို သွားခဲ့တယ်။ “သင့်ကြောင့် ကျွန်ုပ်တို့သမီး ကိုယ်ဝန်ရနေပြီ”လို့ ဆိုတော့ ဟက်ကူအင်က တစ်လုံးပဲ ပြန်ပြောတယ်။
“အော်…ဒီလိုလား”
ဒီလိုနဲ့ ကလေးလေး မွေးဖွားလာတယ်။ သူ့မိဘတွေက “ဒါ မင်းနဲ့ရတဲ့ ကလေး မင်းမွေးစား”ဆိုပြီး ဟက်ကူအင်ဆီကို ခေါ်သွားပြီး ပေးလိုက်တယ်။ ဟက်ကူအင်က ဘာစကားမှ မပြောဘဲ မွေးစားထားလိုက်တယ်။ ဒီလို လုပ်လိုက်ခြင်းကြောင့် ကလေးအဖေအဖြစ် ၀န်ခံတယ်လို့ သဘောရပြီး လူတွေက သူ့ကို မကြည်ညိုတော့ဘူး။ ဂုဏ်သတင်းတွေလည်း မှေးမှိန်သွားခဲ့တယ်။ ဒါပေမယ့် ဟက်ကူအင်ဟာ နည်းနည်းမှ စိတ်အနှောက်အယှက်မဖြစ်ဘူး။ ကလေးကို ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ခဲ့တယ်။ အိမ်နီးချင်းအချို့ဆီကနေ နို့နဲ့ အခြားလိုအပ်တာလေးတွေ တောင်းရတယ်။
ဒီလိုနဲ့ ကာလတွေ ကြာညောင်းသွားတော့ ကလေးအမေဖြစ်တဲ့ ဂျပန်မလေးဟာ မနေနိုင်တော့ဘူး။ ဟက်ကူအင် သူ့ကြောင့် ဒီလို ဒုက္ခတွေ ခံစားနေရတာ၊ နာမည်တွေ ပျက်နေရတာကို မကြည့်ရက်တော့ဘူး။ နောင်တတွေ ရလာတယ်။ သူ့မိဘတွေကို ငါးဈေးမှာ အလုပ်လုပ်နေတဲ့ ကောင်လေးတစ်ယောက်ဟာ အဲဒီကလေးရဲ့အဖေဖြစ်ကြောင်း အဖြစ်မှန် ပြောပြလိုက်တယ်။ အဲဒီစကားကိုလည်း ကြားလိုက်ရော ဂျပန်မလေးရဲ့ မိဘနှစ်ပါးဟာ ဟက်ကူအင်ဆီကို ချက်ချင်း သွားရောက်ပြီး ခွင့်လွှတ်ဖို့ အနူးအညွတ်တောင်းပန်တယ်။ ကလေးကိုလည်း ပြန်တောင်းပါတယ်။ ဟက်ကူအင်ကလည်း လိုလိုလားလား ခွင့်ပြုပါတယ်။ စကားတော့ တစ်ခွန်းမှ မပြောပါဘူး။ ဒါပေမယ့် ကလေးကို လှမ်းပေးရင်း တစ်ခွန်းတော့ ပြောလိုက်ပါသေးတယ်။
“အော်…ဒီလိုလား”
(၂)
ဒီဇာတ်လမ်းလေးကို ကောင်မလေးတစ်ယောက်ကို ပြောပြတော့ “ဒီကောင်မ တော်တော်ဆိုးတာပဲ၊ ကိုယ့်ဟာကိုယ် ကမြင်းပြီးတော့၊ ဘုန်းကြီးတော့ သနားစရာပဲ”လို့ ပြောပါတယ်။ နောက်တစ်နေ့ကျတော့ သူက ဆက်ပြောတယ်။ “ညက အိပ်ယာဝင်တော့ ဒီဇာတ်လမ်းလေးကို မျက်စိထဲမြင်ယောင်လာတယ်၊ စိတ်ထဲမှာ ဘယ်လိုလေးမှန်း မသိဘူး၊ ဇင်ဘုန်းကြီးရဲ့ “အော်…ဒီလိုလား”ဆိုတဲ့ အသံက နားထဲမှာ ကြားယောင်လာတယ်၊ အေးချမ်းမှုတစ်ခု ကူးစက်ခံလိုက်ရသလိုပဲ”တဲ့။ တွေးတွေးလေး ပြောပြပါတယ်။
(၃)
တစ်ယောက်ကတော့ “ငါကတော့ ဒီဇာတ်လမ်းလေးကြည့်ပြီး မြတ်စွာဘုရားရှင်ကို သတိရတယ်။ စိဉ္စမာနကိုလည်း သတိရတယ်။ စိဉ္စမာနဟာ မြတ်စွာဘုရားကို နာမည်ဖျက်ချင်တော့ ညနေစောင်းပြီဆိုတာနဲ့ ဘုရားကျောင်းတော်ကို ၀င်၊ လူမသိအောင် ပြန်ထွက်၊ မနက်မိုးလင်းခါနီးကျတော့ ဘုရားကျောင်းတော်ကို ပြန်သွားပြီး ကျောင်းထဲမှာပဲ ညအိပ်ခဲ့သလိုလို လူတွေ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်၊ စာတွေမှာ သူ့ကြောင့် ဘုရား နာမည်ပျက်တယ်လို့ မရေးပေမယ့်၊ ငါကတော့ သေချာပြောနိုင်တယ်၊ အနည်းအကျဉ်းတော့ နာမည်ပျက်ခဲ့မှာပဲ၊ ဘုရားရှင်အပေါ်မှာ အကြွင်းမဲ့ယုံကြည်သူတွေကတော့ သူဒီလိုလုပ်နေတာကို ဘယ်ယုံမလဲ၊ မြတ်စွာဘုရားကို မယုံကြည်သူတွေကတော့ စိဉ္စမာနဟာ ဘုရားရှင်နဲ့ ဘာညာဘာညာ စွပ်စွဲကြမှာပဲ၊ ဒီတော့ ဘုရားရှင်လည်း အနည်းအကျဉ်းတော့ နာမည်ပျက်မှာပဲ။ ဒါပေမယ့် အဖြစ်မှန်ပေါ်တဲ့အခါကျမှ အားလုံး သဘောပေါက်သွားခဲ့ကြရတာ။
အခုလည်း ကြည့်လေ။ ဟက်ကူအင်ဟာ ဒီစိဉ္စမာနအဖြစ်မျိုးထက်ဆိုးတဲ့အဖြစ် ကြုံရတာပဲ။ ဂျပန်မလေးက စွပ်စွဲတော့လည်း မငြင်းခဲ့ဘူး။ အဲဒီလို မငြင်းလိုက်လို့ သူ နာမည်ပိုပျက်မှာလဲ သိမှာပါ။ မွေးလာတဲ့ကလေးကို လာပေးတော့လည်း မငြင်းပြန်ဘူး။ ကလေးလက်ခံလိုက်လို့ သူနာမည် ထိပါးသွားမှာ၊ ဂုဏ်သိက္ခာကျဆင်းရမှာကိုလည်း သူ သိမှာပါ။ ဒါပေမယ့် သူ ဘာမှ ဖြေရှင်းချက် မပေးဘူး။ ဒီတော့ ငါ ပြောချင်တာက အမှန်တရားလမ်းပေါ်က လူတွေဟာ ဘယ်တော့မှ ကြာရှည် ကျရှုံးမှု မဖြစ်ဘူးဆိုတာပဲ”ဟု ပြောရင်း နံရံထက်က ပြက္ခဒိန်တစ်ချပ်ကို လှမ်းငေးနေခဲ့တယ်။
(၄)
တစ်ချိန်လုံး ငြိမ်လာခဲ့တဲ့ ဘေးကသူငယ်ချင်းက စကားစဖို့ ဟန်ပြင်တယ်။ အားလုံးက သူဘာပြောမလဲဆိုတာကို စောင့်နေလိုက်တယ်။ “ငါ့ကို ကွမ်းတစ်ယာလောက် ပေးစမ်းပါ”လို့ ဆိုလိုက်တော့ ရယ်မောလိုက်ကြတယ်။ “ငါတို့က တစ်ခုခု ပြောတော့မယ် ထင်နေကြတာ”လို့ ဆိုလိုက်တော့ “အေး … ငါလည်း ပြောဖို့ စောင့်နေတာ၊ ဒါပေမယ့် မင်းတို့ ပြောနေတာတွေက ကောင်းလွန်းတော့ ငါ စကားပြတ်သွားမှာ စိုးလို့ ငြိမ်နေတာ”လို့ ဆိုတယ်။ “အေးပါကွာ… နိဒါန်းတွေ ဒီလောက်ပျိုးမနေတော့နဲ့ ပြောချင်တာ ပြောလိုက်ကွာ”လို့ အားမလို အားမရသံနဲ့ တစ်ယောက်က ဆိုတယ်။
“ငါ မြင်မိတာက ဒီလိုကွ၊ မင်းတို့ပြောနေတဲ့ ဇာတ်လမ်းလေးရယ်၊ မင်းတို့ သုံးသပ်တဲ့ စကားတွေရယ်၊ ငါ ရလိုက်တဲ့အတွေးလေးရယ်… ဒါတွေကို ပေါင်းလိုက်တော့ ငါ့ရင်ထဲမှာ စကားစုလေးနှစ်ခုက ပဲ့တင်လာထပ်တယ်။ -ဘ၀ထဲက အမြင်၊ အမြင်ထဲက ဘ၀-”
“ဟ ဆန်းလှချည်လား၊ ပြောပါအုံး”လို့ အားရပါးရအသံနဲ့ တစ်ယောက်က ၀င်ထောက်တယ်။ “ပထမဆုံး အမြင်ထဲက ဘ၀ပေါ့။ ဘ၀ဆိုတာက တိုက်ရိုက်အားဖြင့် ဇာတ်လမ်းထဲက ဇင်ဘုန်းကြီး ဟက်ကူအင်၊ ဂျပန်မလေး၊ မိဘများနဲ့ ပတ်ဝန်းကျင်လူများရဲ့ ဘ၀၊ သွယ်ဝိုက်သောအားဖြင့် လူသားအားလုံးရဲ့ ဘ၀။ အဲဒီမှာ အားပြိုင်မှုနှစ်ခုက ဟက်ကူအင်နဲ့အခြားသူများပေါ့။ နှစ်ဘက်၊ ဟက်ကူအင်ရဲ့ဘ၀ဟာ ဖြူစင်တယ်၊ မြင့်မြတ်တယ်။ ဒါပေမယ့် ဂျပန်မလေးရဲ့မိဘတွေရဲ့ အမြင်မှာတော့ ကြောင်သူတော် ကြွက်သူခိုး ဖြစ်နေတယ်။ အဲဒီတော့ ကြည့်စမ်း၊ ဘယ်လောက်တောင် ဆန့်ကျင်နေလိုက်သလဲ။ အဲဒီတော့ ငါ ကောက်ချက်ချမိတာက ငါတို့တွေကော ကိုယ့်အမြင်ကို ဟုတ်လှပြီဆိုပြီး ဘ၀င်တွေ မြင့်နေလိုက်ကြတာလေ။ တကယ်တော့ အမြင်ထဲက ဘ၀တွေဟာ အစစ်အမှန်ဖြစ်ဖို့ မသေချာဘူး။ အတွေးထဲကဘ၀တွေဟာ အဖြစ်မှန်နဲ့ ဝေးနေတတ်တယ်။ ဘာကြောင့်လဲဆိုတော့ ငါတို့ အတွေးတွေထဲကို အင်ဖော်မေးရှင်းအမှား၊ အချက်အလက်မှားတွေက တရစပ် ၀င်လာနေတယ်။ အဲဒီအမှားတွေ ရောစပ်လိုက်တဲ့ ငါတို့အမြင်၊ ငါတို့အတွေးတွေဟာ တစ်ယူသန်လာတယ်၊ တစ်ဖက်သက်ဆန်လာတယ်။ တစ်ခါ နောက်တစ်ခုက ဘ၀ထဲက အမြင်ပေါ့။ ဒါကို ငါ သဘောကျနေမိတယ်။ ငါတို့တွေ ပြောကြမယ်၊ လုပ်ကြမယ်ဆိုရင် တကယ့်ဘ၀ထဲမှာ ဖြစ်နေတဲ့ အခြေအနေအရပ်ရပ်အပေါ်မှာ အခြေခံတဲ့ အမြင်မျိုးကိုသာ အားကိုးသင့်တယ်လို့ ငါထင်တယ်။ ဘ၀ထဲက အမြင်သာ ဖြစ်သင့်တယ်လို့ ငါတွေးနေမိတာ”လို့ ပြောပါတယ်။
(၅)
စကားဝိုင်းလေး ပြီးသွားတော့ စကားလုံးလေးတစ်လုံးက သူ့ဆီမှာ တရစ်ဝဲ၀ဲ ဖြစ်နေတယ်။ “အမြင်ထဲက ဘ၀၊ ဘ၀ထဲက အမြင်”လို့ ထပ်ခါထပ်ခါ တီးတိုးရွတ်ဆိုနေမိတယ်။ “ငါလည်း ငါ့အမြင်၊ ငါ့အတွေး သက်သက်လေးနဲ့ ဖြူစင်တဲ့ အခြားသူတွေရဲ့ဘ၀ကို မှားမှားယွင်းယွင်း ဘယ်လောက်များများ ယူဆမိခဲ့သလဲ”။ ပြီးတော့ “ငါ့ဘ၀ကိုရော အမြင်မှားတွေနဲ့ မှားမှားယွင်းယွင်း ကောက်ချက်ချနေမိသူတွေ ဘယ်လောက်များများ ရှိနေနိုင်မလဲ”။ သူနှင့်လောကကြီး အပြန်အလှန် မြင်နေမိပုံကို သုံးသပ်နေမိတယ်။ အမြင်ထဲက ဘ၀ကို အာရုံမထားဘဲ ဘ၀ထဲက အမြင်တွေသာ မြင်မိအောင် ကြိုးစားရမယ်။ ဘ၀တွေကို အစစ်အမှန်အတိုင်း သိမြင်ဖို့ ဘယ်လို လုပ်မလဲလို့ စဉ်းစားကြည့်တော့ မေတ္တာတရားက ထိုးဖောက်ဝင်ရောက်နိုင်ကောင်းရဲ့လို့ အဖြေတစ်ခု ရသည့်ပမာ ခံစားလိုက်ရတယ်။

Thursday, June 23, 2011

ရတနာရာမသို့ ရောက်ခဲ့ရာဝယ် …


(၁)
၂၀၀၉-ခုနှစ်က စာရေးသူသည် သီရိလင်္ကာမှာ စာသင်နေရာက M A စာမေးပွဲလည်း ပြီးပြီဖြစ်၍ မြန်မာနိုင်ငံသို့ အလည်တစ်ခေါက် ပြန်ခဲ့သည်။ မြန်မာနိုင်ငံမှအပြန်တွင် မလေးရှားနိုင်ငံသို့ သူငယ်ချင်းတစ်ပါးနှင့်အတူ အလည်သွားရောက်ခဲ့သည်။ မြို့လည်က ဗုဒ္ဓ၀ိဟာရကျောင်းတွင် တည်းခိုခဲ့ပါသည်။ ထိုစဉ်က လင်္ကာတမန် မဂ္ဂဇင်းတာဝန်ကလည်း ပါရှိနေရာ မြို့လည်ကျောင်းက အဆင်အပြေဆုံးဟု ယူဆသည်ကတစ်ကြောင်း၊ မြို့လည်ကျောင်း ဆရာတော်ကလည်း ဧည်သည်များအပေါ်တွင် ဖော်ရွေသည်ကတစ်ကြောင်းကြောင့် တည်းဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။

လင်္ကာတမန် မဂ္ဂဇင်းကိစ္စ၀ိစ္စများ ဆောင်ရွက်ပြီးသောအခါ သီရိလင်္ကာက သူငယ်ချင်းက လှမ်းမေးပါသည်။ “ပီနန်ဆရာတော်ကြီးကိုယ်တိုင် ၀ယ်ယူ တည်ထောင်ထားတဲ့ ကျောင်းသားကျောင်းမှာ မတည်းဘူးလား”ဟု မေးပါသည်။ များသောအားဖြင့် ရတနာရာမကျောင်းကို “ကျောင်းသားကျောင်း”ဟုပင် ခေါ်ကြပါသည်။

“ဆရာတော်ကြီးက သီရိလင်္ကာ၊ အိန္ဒိယ စတဲ့ စာသင်သား ရဟန်းတော်တွေ မလေးရှားကို လာလည်ရင် တည်းစရာ အဆင်ပြေအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ထောင်ထားတာလေ”ဟုလည်း ဆက်ပြောပါသည်။ ထိုစဉ်က အာဂန္တုများ စကားအရ ရတနာရာမကျောင်းကို သွားတည်းဖို့ တွန့်ဆုတ်နေပါသည်။ သွားသမျှ သူငယ်ချင်းများလည်း ဆရာတော်ကြီးက မည်သို့ပင် ရည်ရွယ်တည်ထောင်ထားစေကာမူ မသွားဖြစ်ကြသည်က များပါသည်။

သို့ရာတွင် သူငယ်ချင်းတစ်ပါးက “ဟာ ဦးကုသလသာမိ၊ ဘာဖြစ်လို့ ရတနာရာမကို သွားမတည်းတာလဲ၊ တစ်ခြားသူ စကားတွေ နားထောင်မနေနဲ့၊ ဆရာတော်ကြီးက တပည့်တော်တို့လို စာသင်သားတွေ တည်းဖို့ တည်ထောင်ထားတာ၊ ကိုယ်တော် သွားသင့်တယ်”ဟု အကြံပေးပါသည်။ ထိုစကားဖြင့်ပင် ရတနာရာမကျောင်းသို့ သွားရောက်တည်းခိုခဲ့ပါသည်။ ထိုစဉ်က တာဝန်ခံဆရာတော်များမှာ ဦးစရိယနှင့် ဦးအဂ္ဂဓမ္မ တို့ ဖြစ်ပါသည်။
(၂)
တာဝန်ခံဆရာတော်များဖြစ်သော ဦးစရိယနှင့် ဦးအဂ္ဂဓမ္မတို့ ဆိုသည်မှာ ၂၀၀၇-စက်တင်ဘာအရေးအခင်းကာလတွင် သီရိလင်္ကာစာသင်သားများဖြင့် တည်ထောင်ဖွဲ့စည်းခဲ့သော သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့ (MSMA)တွင် တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ခဲ့ကြသော ရဟန်းတော်များ ဖြစ်ပါသည်။

စာရေးသူသည် ၂၀၀၈-ခုနှစ်တွင် သီရိလင်္ကာနိုင်ငံသို့ စာသင်သွားရာ စာရေးသူ သီရိလင်္ကာသို့ ရောက်ရောက်ချင်း MSMA အဖွဲ့သားများ မလေးရှားက ဆရာတော်ဘုရားကြီး တည်ထောင်ထားသော ရတနာရာမကျောင်း တာဝန်ခံဆရာတော် ခန့်အပ်ရေးအစည်းအဝေးကို တက်ရောက်ခွင့် ရခဲ့ပါသည်။

ထိုအစည်းအဝေးကျင်းပသည့်အချိန်တွင် ဦးစရိယနှင့် ဦးအဂ္ဂဓမ္မတို့မှာ မလေးရှားတွင် အလည်အပတ်ရောက်ရှိနေကြပါသည်။ သို့ဖြစ်၍ ဥက္ကဋ္ဌဆရာတော်က အစည်းအဝေးတက်ရောက်သူများကို အကျိုးအကြောင်းရှင်းပြပြီး မလေးရှားတွင် ရောက်ရှိနေသော ဦးစရိယနှင့် ဦးအဂ္ဂဓမ္မတို့ကို ဆရာတော်ဘုရားကြီး၏ ရတနာရာမကျောင်း တာဝန်ခံဆရာတော်များအဖြစ် ခန့်အပ်လျှင် သဘောတူ၊ မတူ သဘောထား ခံယူခဲ့ကြပါသည်။

အစည်းအဝေးတက်ရောက်လာသူ ရဟန်းတော်များက “သာဓု၊ သာဓု၊ သာဓု”ဟု သာဓုသုံးကြိမ် ခေါ်အပြီးတွင် ဦးစရိယနှင့် ဦးအဂ္ဂဓမ္မတို့မှာ မလေးရှားနိုင်ငံ၊ ရတနာရာမကျောင်း တာဝန်ခံဆရာတော်များအဖြစ် အတည်ပြုနိုင်ခဲ့ကြပါသည်။ ဦးအဂ္ဂဓမ္မမှာ လူပြန်တော် ဖြစ်သွားသဖြင့် ရတနာရာမကျောင်းတွင် ဦးစရိယတစ်ပါးသာ ကျန်ရှိနေခဲ့သည်။

(၃)
တစ်နေ့က ရတနာရာမကျောင်းကိစ္စအကြောင်း ဆရာတော်နှင့် ပြောဖြစ်ကြသောအခါ ဆရာတော်ကြီးက ရတနာရာမကျောင်း တည်ထောင်ခဲ့ရပုံနှင့် တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်များကို အမိန့်ရှိခဲ့ပါသည်။

“အိန္ဒိယတို့၊ သီရိလင်္ကာတို့မှာ စာသင်နေကြတဲ့ ကိုယ်တော်လေးတွေ မလေးရှားကို အလည်ရောက်လာရင် တည်းဖို့ခိုဖို့ အခက်အခဲ ရှိနေတယ်ဆိုတာကို ငါ သိတယ်။ ဒါနဲ့ ကွာလာလမ်ပူမှာ ကျောင်းတည်ထောင်ဖို့ ငါကိုယ်တိုင် ဆန်းဒေးစကူးကျောင်းသားဟောင်း ဒေးဗစ်(David)နဲ့ လေးဘိန်း (Lay Beng)တို့ကို ခေါ်ပြီး နေရာရှာဖို့ ပြောလိုက်တယ်။ တကယ်တော့ ဒီ ရတနာရာမကျောင်းဆိုတာ ပထမဆုံးနေရာ မဟုတ်ဘူး၊ အရင် နေရာတစ်ခု ၀ယ်သေးတယ်။ နောက်ပိုင်းမှာ အခြေအနေအကြောင်းကြောင်းကြောင့် အခု လက်ရှိနေရာကို ရွေးဖြစ်ပြီး အတည်ဖြစ်သွားတာ”

စသည်ဖြင့် ကျောင်းတိုက်၏သမိုင်း၊ ကျောင်းတိုက်တည်ထောင်ရခြင်း၏ ရည်ရွယ်ချက် စသည်များကို စိတ်ရှည်လက်ရှည် ရှင်းလင်းမိန့်ကြားခဲ့ပါသည်။

(၄)
ဆရာတော်ဘုရားကြီးက စာရေးသူတို့နှင့် စကားပြောတိုင်း “ကေအယ်ကကျောင်း (ရတနာရာမကျောင်း) အာဂန္တုတွေ လာသလား”ဟု အမြဲမေးပါသည်။ နိုင်ငံတကာမှ စာသင်သားအတွက် ရည်ရွယ်တည်ထောင်ထားသော ရတနာရာမကျောင်းသည် ဆရာတော်ဘုရားကြီး၏ ဆန္ဒကို မဖြည့်ဆီးပေးနိုင်ဖြစ်နေသည့်အတွက် ဆရာတော်ကြီး သဘောမတွေ့ ဖြစ်နေခဲ့ရပါသည်။ ရည်ရွယ်ချက်ကောင်းများဖြင့် တည်ထောင်လိုက်သော ကျောင်းတိုက်က အဆင်မပြေမှုများ၊ ပြဿနာများ၊ စိတ်ကသိကအောက်ဖြစ်စရာများ စသည့် သတင်းတို့ကိုသာ ရရှိနေသည့်အတွက် ဆရာတော်ကြီးအနေဖြင့် စိတ်မချမ်းမမြေ့ ဖြစ်နေခဲ့ရပုံ ရပါသည်။

သို့ရာတွင် ဆရာတော်ဘုရားကြီး၏ လေးစားကြည်ညိုဖွယ်ရာများအနက် လေးစားစရာကောင်းသော အချက်တစ်ခု ရှိပါသည်။ “ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို တာဝန်တစ်ခု ပေးမိလျှင် အမှားများ ကျူးလွန်နေသည်ကို ထင်ထင်ရှားရှား တွေ့မြင်နေရစေကာမူ လွယ်လွယ်ကူကူဖြင့် မဖယ်ရှားလို”ဟူသော အချက်ဖြစ်ပါသည်။ ဆုံးဖြတ်ချက်တစ်ခုကြောင့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် နစ်နာသွားမှာကို အထူး စိုးရိမ်တော်မူပါသည်။

“စောင့်ကြည့်သေးတာပေါ့၊ စောင့်ကြည့်သေးတာပေါ့၊ သူ့ခမျာ ငါ လုပ်လိုက်ရင် နစ်နာသွားလိမ့်မယ်”ဟု မကြာခဏ အမိန့်ရှိပါသည်။ ဆရာတော်ဘုရားကြီးက သနားကရုဏာစိတ်ဖြင့် အချိန်အများကြီးပေးကာ စောင့်ကြည့်ပေးခဲ့ပါသည်။

နောက်ပိုင်း ဆရာတော်ဘုရားကြီးကို တပည့်ဒကာ၊ ဒကာမများနှင့် ဆရာတော်များက ရတနာရာမကျောင်းတိုက်တွင် တာဝန်ခံဆရာတော် တစ်ပါးတည်း မထားသင့်ကြောင်း၊ နောက်ထပ် တာဝန်ခံဆရာတော်များ ရွေးချယ်စေလွှတ်သင့်ကြောင်း အကျိုးအကြောင်း၊ သာဓကများပြပြီး တောင်းပန်လာကြသည်။

စာရေးသူတို့နှင့် စကားပြောဖြစ်သည့်အခါတိုင်း
“ဧကော အလဇ္ဇီ အလဇ္ဇီသတမ္ပိ ကရောတိ = ယုတ်မာတဲ့သူတစ်ယောက်ဟာ ယုတ်မာသူတစ်ရာကိုလည်း ဖြစ်စေနိုင်တယ်၊ An evil increases thousands of evil”
ဟူသော ၀ိနည်းအဋ္ဌကထာလာ စကားကို ထည့်သွင်းပြီး ရတနာရာမကျောင်းကိစ္စကို မကြာခဏ အမိန့်ရှိပါတော့သည်။ ထိုသို့အမိန့်ရှိရင်း တာဝန်ခံဆရာတော် ဦးဝိစိတ္တနှင့် စာရေးသူတို့ကို ရတနာရာမကျောင်းတွင် တာဝန်ခံဆရာတော် ၂-ပါး ထပ်မံခန့်အပ်ဖို့ ဦးဇင်း ၂-ပါးလောက် ရှာထားဖို့ အမိန့်ရှိခဲ့ပါသည်။

(၅)
၂၀၁၁-ခုနှစ်၊ ဇွန်လ၊ ၈-ရက်နေ့တွင် ဆရာတော်ဘုရားကြီး စင်္ကာပူ ကြွဖို့ စီစဉ်ထားခဲ့သည်။ ၈-ရက်နေ့၊ နေ့ဆွမ်းစားအပြီးတွင် “ကိုယ်တော်တို့ ရတနာရာမကျောင်းအတွက် တာဝန်ခံဆရာတော်အဖြစ် သွားမယ့် ကိုယ်တော် ၂-ပါးဆိုတာ ရှာပြီးပြီလား”ဟု မေးပါသည်။ စာရေးသူတို့က ရှာပြီးပြီဖြစ်ကြောင်း လျှောက်ထားသောအခါ “ဒါဆို ဘာလုပ်နေကြတာလဲ၊ သွားထားလိုက်တော့လေ၊ အချိန်မရှိတော့ဘူး၊ ငါလည်း စင်္ကာပူ သွားတော့မယ်၊ ဒီကိစ္စကို ပြီးအောင် လုပ်ထားကြ”ဟု အမိန့်ရှိခဲ့ပါသည်။
ထိုအခါ စာရေးသူတို့က “ဆရာတော် … အခု ဦးစရိယက ခရီးထွက်နေတယ်၊ ကျောင်းမှာ မရှိဘူး”လျှောက်ထားသောအခါ “သူ ခရီးထွက်နေတော့ကော ဘာဖြစ်လဲ၊ ငါ လွှတ်လိုက်တယ်ဆိုရင် ပြီးရောပေါ့”ဟု အမိန်ရှိခဲ့ပါသည်။

ပြီးလျှင် ဆရာတော်ဘုရားကြီးက “ငါ စာတစ်စောင်လည်း ရေးပေးလိုက်မယ်”ဟု ပြောပြီး ညနေ ၃-နာရီခန့်တွင် ဆရာတော်ဘုရားကြီးကိုယ်တိုင် လက်မှတ်ရေးထိုးပြီး စာရေးသူတို့လက်ထဲ စာကို ပေးထားခဲ့ပါသည်။

(၆)
၉-ရက်နေ့တွင် ကွာလာလမ်ပူရှိ ရတနာရာမကျောင်းကို ဖုန်းဆက်သည်။ ကျောင်းတွင် ရှိနေသော ဦးဇင်းတစ်ပါးက ဦးစရိယ ထိုင်းကို အလည်သွားနေကြောင်း ပြောပြသည်။ “ဘယ်နေ့ ပြန်ရောက်မလဲ”ဟု မေးသောအခါ “မသိပါ”ဟု ဖြေသည်။ ဦးစရိယ၏ ယာယီ ထိုင်းဖုန်းနံပါတ် သိပါရစေဟု မေးသောအခါ “မသိပါ”ဟု အကြောင်းပြန်သည်။

နောက်ဆုံး သတိရမိသည်မှာ ဦးစရိယ၏ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သော၊ စာရေးသူနှင့် အလွန်ရင်းနှီးသော ကျောင်းထိုင်ဘုန်းကြီးတစ်ပါးထံကို အကူအညီတောင်းကြည့်ဖို့ ဖြစ်သည်။ “ဦးစရိယ ထိုင်းကို အလည်ကြွသွားတယ်၊ ထိုင်းဖုန်းနံပါတ်လည်း မသိပါ”ဟု အမိန့်ရှိသည်။ နောက်ပိုင်းတွင် ဦးစရိယသည် ထိုင်းတွင် မရှိတော့ကြောင်း၊ မြန်မာနိုင်ငံသို့ အလည်ရောက်သွားကြောင်း အကြောင်းပြန်သည်။ “ဦးစရိယကို ဘယ်လို ဆက်သွယ်လို့ ရမလဲ၊ သူ့ကို ဆက်သွယ်လို့ ရမယ့် ဖုန်းနံပါတ် ရနိုင်မလား”ဟု မေးကြည့်သောအခါ “မသိပါ”ဟု အဖြေရသည်။

နောက်ပိုင်းတွင် ဦးစရိယ ဇွန်လ၊ ၁၈-ရက်နေ့ ပြန်ရောက်မည်ဖြစ်ကြောင်း သိရသည်။ စာရေးသူတို့လည်း ဦးစရိယပြန်လာမှ ဆရာတော်ဘုရားကြီး ရေးပေးလိုက်သော စာနှင့်အတူ လုပ်စရာရှိသည်များ လုပ်ဆောင်ကြဖို့ စိတ်ကူးထားခဲ့ကြသည်။

(၇)
၁၁-ရက်နေ့တွင် တာဝန်ခံဆရာတော် ဦးဝိစိတ္တ (ပီနန်ကျောင်း)နှင့် စင်္ကာပူတွင် ရောက်ရှိနေသော ဆရာတော်ဘုရားကြီးတို့ ဖုန်းပြောဖြစ်သောအခါ ဆရာတော်ကြီးက “ကိုယ်တော်တို့ ရတနာရာမကျောင်း မသွားကြသေးဘူးလား၊ ဘာလုပ်နေကြတာလဲ”ဟု အမိန့်ရှိလိုက်ပါသည်။ ဤသို့ဖြင့် တာဝန်ခံဆရာတော် ဦးဝိစိတ္တ၊ စာရေးသူ၊ ကပ္ပိယမောင်နိုင်တို့နှင့်အတူ ရတနာရာမကျောင်း နောက်ထပ် တာဝန်ခံအသစ်ဖြစ်သော ဦးစန္ဒာသီရိ၊ ဦးဇာဂရတို့ ကွာလာလမ်ပူမြို့ရှိ ရတနာရာမကျောင်းသို့ ဇွန်လ၊ ၁၃-ရက်နေ့ မနက်တွင် ထွက်ခွါခဲ့ကြပါသည်။

(၈)
စာရေးသူလည်း ပီနန်ကျောင်းကြီးသို့ ရောက်လာကတည်းက ကွာလာလမ်ပူသို့ တစ်ခေါက်မှ မသွားနိုင်ခဲ့ပါ။ အမှန်အားဖြင့် ကျောင်းကနေ အလည်အပတ်သွားရောက်ဖို့ကို အချိန်မရခဲ့ပါ။ အခု ခရီးထွက်လိုက်ရသဖြင့် စိတ်ထဲတွင် ပေါ့ပါးနေသလို ခံစားရပါသည်။ ပီနန်ဆရာတော်ဘုရားကြီးက ပေးအပ်လိုက်သော တာဝန်အတွက်လည်း မည်သည့်ဖိအားမျှ မထားမိပါ။ အဘယ်ကြောင့်ဆိုသော် ဆရာတော်ဘုရားကိုယ်တိုင် လုပ်စရာရှိသည်များကို ခရေစေ့တွင်းကျ မှာထားပြီးဖြစ်သောကြောင့် ဖြစ်ပါသည်။

“ကိုယ်တော် အခု ဦးစရိယက ကျောင်းမှာ မရှိဘူး၊ လှမ်းပြီး အသိပေးဖို့လည်း ဖုန်းနံပါတ်က မေးလို့ မရဘူး၊ ဒီတော့ တပည့်တော်တို့ကို အာဏာသိမ်းတယ်၊ မတရားလုပ်တယ် ဘာညာနဲ့ သွားပုတ်လေလွင့် ပြောမှာ သေချာတယ်၊ သူက အာဏာအတွက်ဆို အောက်လမ်းနည်း၊ အထက်လမ်းနည်း နည်းမျိုးစုံ သုံးတတ်တယ်”

“ကိုယ်တော်ရာ သိပ်ပူမနေပါနဲ့၊ ဆရာတော်ကြီးလည်း ဒီလို လုပ်မှာကို ကြိုသိနေတာပဲလေ။ ဟိုနေ့က ပြောတယ်မလား၊ ချီးမွမ်းခုနှစ်ရက်၊ ကဲ့ရဲ့ ခုနှစ်ရက်တဲ့ကွ၊ ဘယ်သူတွေ ကဲ့ရဲ့ကဲ့ရဲ့၊ ကိုယ်တော်တို့ ဘာမှ ဂရုစိုက်မနေနဲ့၊ ငါ့ ဆန္ဒကလည်း ရှင်းရှင်းလေး၊ သုံးပါးလုံး တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ငန်းတွေ လုပ်၊ ဒီထဲက မကျေနပ်တဲ့သူက ကျောင်းက ထွက်ပေါ့၊ ရှင်းရှင်းလေးပဲလို့ ဆရာတော် အမိန့်ရှိထားတာပဲလေ”

စကားတပြောပြောဖြင့် နေ့လည် ၁၁-ခွဲခန့်အချိန်တွင် ကွာလာလမ်ပူသို့ ရောက်ရှိခဲ့ကြသည်။ မြတ်သုခစားသောက်ဆိုင်တွင် ဆွမ်းစားပြီး အခြားလုပ်စရာရှိသည်များ လုပ်ဆောင်ကြသည်။ ကျောင်းကော်မတီများဖြစ်သော ဒေးဗစ်နှင့် လေးဘိန်းတို့ကို ပီနန်ဆရာတော်ဘုရားကြီး၏ စာနှင့်အတူ ဦးဇင်းတို့ ကေအယ်သို့ ရောက်လာကြပြီဖြစ်ကြောင်း၊ အချိန်အားလျှင် ကျောင်းကို လာခဲ့ပြီး ဆွေးနွေးဖို့ အကြောင်းများကို ဖုန်းဆက်ပြောသည်။ တနင်္လာနေ့ဖြစ်၍ အလုပ်ရှုပ်နေသဖြင့် ည အလုပ်ပြီးချိန်မှသာ လာနိုင်မည်ဖြစ်ကြောင်း အကြောင်းပြန်ကြသည်။

အမှန်အားဖြင့် ဒေးဗစ်နှင့် လေးဘိန်းတို့မှာ စာရေးသူတို့လာသောကိစ္စကို ကြိုတင်သိရှိနေပြီး ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဆရာတော်ဘုရားကြီးကိုယ်တိုင် ဒေးဗစ်တို့ထံ ဖုန်းဆက်ထားသောကြောင့် ဖြစ်ပါသည်။

(၉)
ညနေ ၃-နာရီတွင် ရတနာရာမကျောင်းသို့ ရောက်ရှိခဲ့ကြသည်။ စာရေးသူတို့ ရောက်သွားချိန်၊ ရတနာရာမကျောင်းတွင် အာဂန္တု ၂-ပါး၊ ကိုရင်ငယ် ၁-ပါး၊ ကျောင်းသား ၂-ယောက်နှင့် ဧည့်သည်အချို့ ရှိနေကြသည်။ အချို့ကလည်း ကျောင်းမှာ တစ်ခုခု ဖြစ်နေကြောင်း၊ သွားကြည့်ကြဖို့ အချို့က ပြောသဖြင့် ရောက်လာခြင်းဖြစ်ကြောင်း ပြောကြသည်။ ခဏတစ်ဖြုတ် နားနေပြီးသောအခါ အာဂန္တုကိုယ်တော်များအပါအ၀င် ကျောင်းရှိပုဂ္ဂိုလ်အားလုံးတို့ကို အစည်းအဝေးတစ်ခု ပြုလုပ်ဖို့ ဦးဝိစိတ္တက ညွှန်ကြားသဖြင့် အစည်းအဝေးတစ်ခု ပြုလုပ်ပြီး လာရောက်ရခြင်းအကြောင်းတရားနှင့် ဆရာတော်ဘုရားကြီး ဖြစ်စေချင်သော ရည်ရွယ်ချက်များကို ဦးဝိစိတ္တက ရှင်းလင်းပြောကြားသည်။

ဆရာတော်ဘုရားကြီး၏ စာကိုလည်း ဖတ်စေသည်။ အာဂန္တုကိုယ်တော်များကလည်း သူတို့သည် ဤကျောင်းတွင် ဧည့်သည်မျှသာဖြစ်ကြောင်း၊ ရေရှည်နေဖို့ အစီအစဉ်မရှိကြောင်း ပြောကြသည်။ အာဂန္တုကိုယ်တော်များ စိတ်ထဲတွင် ပြောစရာရှိပါက ပွင့်ပွင့်လင်းလင်း ပြောကြားနိုင်ကြောင်း မေးမြန်းရာ ဘာမျှ ပြောစရာမရှိကြောင်းဆိုသဖြင့် အစည်းအဝေးက အေးအေးဆေးဆေးပင် ပြီးဆုံးသွားခဲ့သည်။

(၁၀)
ညနေပိုင်းတွင် ကျောင်းကော်မတီအဖွဲ့ဝင်များဖြစ်သော မစ္စတာဒေးဗစ်နှင့် မစ္စ်လေးဘိန်းတို့ထံမှ ဖုန်းမက်ဆေ့ ရသည်။ ည ၈-နာရီခွဲခန့်တွင် ကျောင်းသို့ လာကြမည်ဖြစ်ကြောင်း အကြောင်းပြန်ကြခြင်း ဖြစ်သည်။ ည ၈-နာရီခွဲခန့်တွင် မစ္စတာဒေးဗစ်၊ မစ္စ်လေးဘိန်းတို့နှင့်အတူ ဒကာကြီးသိန်းရွှေတို့ ရတနာရာမကျောင်းသို့ ရောက်လာကြသည်။ ကျောင်းရောက်ပြီး ဘုရားဝတ်ပြုပြီးသောအခါ ပီနန်ကျောင်း တာဝန်ခံဆရာတော် ဦးဝိစိတ္တ၊ စာရေးသူနှင့် ရတနာရာမကျောင်း နောက်ထပ် တာဝန်ခံအသစ်ဖြစ်သော ဦးစန္ဒာသီရိ၊ ဦးဇာဂရ၊ ပီနန်ဆရာတော်ကြီး ထည့်လိုက်သော ကပ္ပိယမောင်နိုင်၊ မွှားကျောင်းဆရာတော် ဦးဇဋိလတို့နှင့် အစည်းအဝေးကို စတင်လိုက်ကြသည်။

အစည်းအဝေးတွင် အချင်းချင်း မိတ်ဆက်ပေးပြီး စာရေးသူက ရတနာရာမကျောင်းသို့ လာရောက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောပြသည်။ ပြီးလျှင် ဆရာတော်ဘုရားကြီး ပေးလိုက်သော စာအိတ်များကို မစ္စတာဒေးဗစ်နှင့် မစ္စ်လေးဘိန်းတို့ကို ပေးလိုက်သည်။ စာရေးသူက “ဆရာတော်ဘုရားကြီး၏ စာကို အေးအေးဆေးဆေး ဖတ်ပါ၊ ပြီးလျှင် မေးစရာရှိသည်များကို မေးနိုင်ပါတယ်”ဟု ပြောသည်။ မစ္စတာဒေးဗစ်က “ဆရာတော်ဘုရားကြီး ခိုင်းလိုက်တာပဲ၊ တပည့်တော်တို့ အကုန်ဖြစ်အောင် လုပ်ရမှာပေါ့၊ ဘာမျှ မေးခွန်းထုတ်စရာ မရှိပါဘူး”ဟု ဆိုပါသည်။

ထိုအခါ စာရေးသူက စာထဲမှာ ပါသောအကြောင်းအရာဖြစ်ဖြစ်၊ အခြားအကြောင်းအရာတစ်ခုခုပဲဖြစ်ဖြစ် ရင်ထဲရှိသမျှ ပြောဆိုကြဖို့၊ အစကတည်းက အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းတိုင်ပင်ကြဖို့ ပြောပါသည်။ ပြီးသောအခါ “ဦးဇင်းတို့ ဘယ်မှာ အိပ်မလဲ”ဟု မေးသောအခါ ညအိပ်သည့်ကိစ္စမပူကြဖို့၊ ဦးဇင်းတို့အားလုံးဟာ သံဃာတော်များဖြစ်လို့ အချင်းချင်း ညှိနှိုင်းပြီး အိပ်ကြမည်ဖြစ်ကြောင်း ပြောလိုက်သည်။

လက်ရှိအချိန်တွင် ရတနာရာမကျောင်း၌ တာဝန်ခံဆရာတော်မရှိဘဲ အာဂန္တုကိုယ်တော်များသာ ရှိနေသဖြင့် ယခု လက်ရှိတာဝန်ခံဆရာတော်များမှာ ကျောင်းဝင်းတံခါးသော့နှင့် အခြားအရေးကြီးသော သော့များ ရှိထားဖို့ လိုအပ်ပါကြောင်း၊ သို့အတွက်ကြောင့် မစ္စ်လေးဘိန်းအနေဖြင့် သော့များကို ပေးအပ်စေလိုကြောင်း စာရေးသူက ပြောသောအခါ မစ္စ်လေးဘိန်းက သော့များကို ယူပြီး တစ်ခန်းချင်း လိုက်ဖွင့်ပေးပါသည်။

စာရေးသူတို့အား အပုတ်ချရေးထားသော စာများထဲကကဲ့သို့ တာဝန်ခံဆရာတော်ဟောင်း ဦးစရိယ၏ အခန်းသော့ကို ထိုနေ့က မပြောနှင့် ယနေ့ စာရေးချိန် (ဇွန်လ၊ ၂၃-ရက်နေ့)အထိ ရယူခြင်း မရှိပါ။

(၁၁)
မစ္စတာဒေးဗစ်တို့ ပြန်သွားအပြီး ည ၁၀-နာရီခန့်တွင် ဦးဝိစိတ္တနှင့်အတူ စာရေးသူတို့က ကျောင်းရောက်လာသော ဒကာကိုဆန်းဝင်း၊ အခြားကျောင်းဒကာတစ်ဦးတို့နှင့် စကားပြောနေခဲ့သည်။ ကျောင်းအခန်းများတွင် အာဂန္တုကိုယ်တော် နေသည်ဆို၍ စာရေးသူက “တပည့်တော်တို့ အပြင်မှာ အိပ်လိုက်မယ်၊ သူတို့ အခန်းထဲမှာပဲ အိပ်ပါစေ”ဟု ပြောလိုက်သည်။ အိပ်စရာနေရာအတွက် ဘုရားရှေ့တွင် ဖျာတစ်ချပ်ခင်းပြီး အောက်ထပ်သို့ ပြန်ဆင်းလာခဲ့သည်။

ထိုစဉ် ကျောင်းတွင် နေပုံရသော ကျောင်းသားတစ်ယောက်က အထုပ်အပိုးများ ပြင်ဆင်နေခဲ့သည်။ ထို့ကြောင့် ဦးဝိစိတ္တနှင့် စာရေးသူတို့က ကျောင်းသားလေးကို ခေါ်လိုက်သည်။ ဒကာကိုဆန်းဝင်းတို့ ရှေ့မှောက်တွင်ပင် “ဟာ .. ဒကာလေး၊ ဘယ်လို ဖြစ်တာလဲ၊ သွားတော့မလို့လား၊ အေးအေးဆေးဆေးနေပါ၊ ရပါတယ်”ဟု ပြောသော်လည်း “ရပါတယ်ဘုရား၊ တပည့်တော် အိမ်က ဒီနားမှာပါ၊ တပည့်တော် သွားတော့မယ်”ဟုဆိုကာ ထွက်ခွါသွားခဲ့သည်။ 

ထိုအခါ စာရေးသူတို့က “စိတ်မကောင်းပါဘူး၊ ဒကာကြီးရာ၊ တော်ကြာ ဦးဇင်းတို့ကပဲ ရောက်ရောက်ချင်း ကျောင်းရှိပုဂ္ဂိုလ်တွေကို မောင်းချတယ် ဖြစ်နေပါအုံးမယ်”ဟု ပြောပြခဲ့ကြပါသေးသည်။ မနက်မိုးလင်းသောအခါ ရတနာရာမကျောင်းတွင် အာဂန္တုကိုယ်တော်များ၊ ကျောင်းသားများ အားလုံး မည်သူမျှ မကျန်ရှိတော့ဘဲ စာရေးသူတို့အဖွဲ့ သံဃာလေးပါးနှင့် ကပ္ပိယမောင်နိုင်တို့သာ ကျန်ရှိနေခဲ့ပါသည်။

စင်္ကာပူတွင် ရောက်ရှိနေသော ဆရာတော်ဘုရားကြီးကလည်း ဖုန်းမှတစ်ဆင့် “အဆင်ပြေလား၊ အခြေအနေ ဘယ်လို ရှိလဲ” စသည်ဖြင့် လှမ်းမေးခဲ့သဖြင့် အဆင်ပြေကြောင်း၊ လုပ်ဆောင်စရာရှိသည်များကို လုပ်ဆောင်ပြီးပြီဖြစ်ကြောင်း လျှောက်ထားခဲ့ကြပါသည်။ “အေးအေး ကောင်းတယ်၊ ကောင်းတယ်၊ အချို့ကိစ္စတွေ ကိုယ်တော်တို့နဲ့အဆင်မပြေရင် ဆရာတော်ကြီးနဲ့သာ ပြော၊ ဆရာတော်ကြီးနဲ့ ရှင်းလို့သာ ပြောလိုက်”ဟုလည်း မှာတော်မူပါသည်။

ဆရာတော်ဘုရားကြီး မိန့်မှာသည့်အတိုင်း လုပ်ဆောင်စရာများကို လုပ်ဆောင်ပြီးပြီဖြစ်၍ ပီနန်ကျောင်း တာဝန်ခံဆရာတော် ဦးဝိစိတ္တနှင့်အတူ စာရေးသူတို့ ၁၄-ရက်နေ့တွင် ပီနန်ကျွန်းသို့ ပြန်ကြွလာခဲ့ကြပါသည်။

(၁၂)
အခြေအနေအရပ်ရပ်က ဆရာတော်ဘုရားကြီး စီစဉ်ထားသည့်အတိုင်း အေးအေးဆေးဆေး ပြီးဆုံးသွားသော်လည်း ၂၁-ရက်နေ့တွင် တာဝန်ခံဆရာတော်ဟောင်း ဦးစရိယကိုယ်တိုင် လက်မှတ်ရေးထိုးထားသော စာတစ်စောင်ကို ဖတ်ရသည်။ ဖတ်ရှုရသူ ဒကာဒကာမအပေါင်း စိတ်မချမ်းမြေ့စရာ ဖြစ်ခဲ့ကြရသည်။ အထင်အမြင်လွဲမှားစရာများလည်း ဖြစ်ပေါ်လာနိုင်သဖြင့် စာရေးသူနှင့် ဆက်စပ်ခဲ့သော ရတနာရာမကျောင်း အတွေ့အကြုံများကို ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။

စာရေးသူ တင်ပြခဲ့သမျှအကြောင်းအရာများမှာ ချဲ့ကားခြင်း၊ ကွယ်ဝှက်ထားခြင်း အလျဉ်းမရှိခဲ့ကြောင်းကို သစ္စာဆိုပါသည်။ ဆက်စပ်ပတ်သက်ခဲ့သော သူများကိုလည်း မေးမြန်းနိုင်ပါသည်။ လူ့ကျင့်ဝတ်သိက္ခာတရားကို ပိုင်ဆိုင်ထားသူများဖြစ်လျှင် အမှန်စကားကို ဖြေကြားကြပါလိမ့်မည်။

အမှန်အားဖြင့် ဤဖြစ်စဉ်အားလုံးသည် ကျေးဇူးတော်ရှင် ကမ္ဘာ့ဗုဒ္ဓသာသနာပြု ပီနန်ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် လက်မှတ်ရေးထိုးထားသော အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာ စာနှစ်စောင်ဖြင့်ပင် အေးဆေးစွာ၊ ငြိမ်းချမ်းစွာ ပြီးဆုံးသွားခဲ့ခြင်းပင် ဖြစ်ပါသည်။

မှန်ကန်သော အသိ၊ ဖြောင့်မတ်သော ကိုယ်ကျင့်တရားများဖြင့် အမျိုး၊ ဘာသာ၊ သာသနာအကျိုးကို သည်ပိုးထမ်းဆောင်နိုင်ကြပါစေသတည်း။   ။

အရှင်ကုသလသာမိ (ပျော်ဘွယ်)
www.ashinkusala.com



Sunday, June 19, 2011

အသံမဲ့ အသံ



(၁)

အသံမဲ့ မိုးကြိုးလို့ ခေါ်တဲ့ ကင်နင်ကျောင်းက ဆရာကြီး မိုကူရိုင်းထံမှာ တိုယိုလို့ ခေါ်တဲ့ အသက် ၁၂-နှစ်အရွယ်ရှိ အလုပ်အကြွေး တစ်ယောက်ရှိပါတယ်။ တိုယိုလေးဟာ သူ့ဆရာရဲ့ အခန်းကို စိတ်ပျံ့လွင့်တာတွေ ရပ်စေတဲ့ ကိုအန်များ သင်ကြားဖို့၊ စန်ဇင်နဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်များကို ရယူဖို့ တပည့်တွေ လာလာနေကြတာကို နေ့စဉ်နဲ့အမျှ တွေ့မြင်ရေပါတယ်။

တိုယိုလေးကလည်း ဒီလို စန်ဇင်ပညာကို သင်ချင်လာခဲ့ပါတယ်။ ဆရာကြီး မိုကုရိုင်းကတော့ “ငါ့တပည့် နေပါအုံး၊ မင်းက အရမ်းငယ်သေးတယ်”လို့ဆိုပြီး မသင်ပေးခဲ့ဘူး။ ဒါပေမယ့် တိုယိုလေးက အတင်းတောင်းဆိုတော့ နောက်ဆုံးမှာ သင်ပေးဖို့ သဘောတူခဲ့ရတယ်။ ညနေခင်း၊ သင့်တော်တဲ့အချိန်မှာ တိုယိုလေးဟာ စန်ဇင်သင်ပေးတဲ့ မိုကုရိုင်းရဲ့အခန်းတံခါးခုံလေးဆီကို အရောက်သွားခဲ့တယ်။ သူရောက်နေတာ သိဖို့ ခေါင်းလောင်းလေးကို ထိုးလိုက်တယ်။ တံခါးအပြင်မှာပဲ ရိုရိုသေသေ ဦးညွှတ်လိုက်တယ်။ ရိုသေစွာနဲ့ ဆရာကြီးရှေ့မှာ ငြိမ်ငြိမ်လေး ထိုင်နေခဲ့တယ်။

ထိုအခါ မိုကုရိုင်းက “လက်ခုပ်နှစ်ဖက် တီးလိုက်တဲ့အခါမှာ မင်း အဲဒီအသံကို ကြားရတယ်၊ အခု လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံကို ပြပါ”လို့ ပြောလိုက်တယ်။ တိုယိုလေးဟာ ဆရာကြီးကို အရိုအသေပေးပြီး ဒီပြဿနာကို စဉ်းစားဖြေရှင်းဖို့ သူ့အခန်း သူပြန်သွားခဲ့တယ်။ တိုယိုလေးနေတဲ့အခန်း ပြတင်းကနေ ကချေသည်မလေးရဲ့ သီချင်းသံသာသာလေးကို ကြားလိုက်တော့ ၀မ်းမြောက်ဝမ်းသာနဲ့ “အား … ငါ သိပြီ”လို့ ထအော်လိုက်တယ်။ နောက်ရက် ညနေခင်း ဆရာကြီးနဲ့တွေ့တော့ “လက်ခုပ်တစ်ဖက်တည်းတီးတဲ့အသံကို ငါ့ကို သရုပ်ဖော်ပြစမ်း”လို့ ခိုင်းလိုက်တယ်။ တိုယိုလေးက ကချေသည်မလေး ဆိုခဲ့တဲ့ သီချင်းကို တီးပြလိုက်ပါတယ်။

ထိုအခါ မိုကုရိုင်းက “အိုး.. အိုး .. မဟုတ်သေးဘူး၊ ဒါက လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံ မဟုတ်ဘူး၊ မင်း လုံးဝ သဘောမပေါက်သေးဘူး”လို့ ဆိုလိုက်ပါတယ်။ တိုယိုလေးဟာ ဒီသီချင်းသံက ငါ့ကို အနှောက်အယှက်တောင် ဖြစ်နေသလားလို့ တွေးပြီး သူ့နေတဲ့နေရာကို တိတ်ဆိတ်တဲ့နေရာကို ရွှေ့ပြောင်းလိုက်ပြီး တရားဆက်ထိုင်ပါတယ်။ ပြီးတော့ “လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံက ဘာများ ဖြစ်လေမလဲ”လို့ တွေးနေမိပါတယ်။ ဒီလိုနဲ့ ရေစက်လေးတွေ တစ်စက်စက် ကျနေတဲ့အသံကို ကြားပြီး “အော် .. ဟုတ်ပြီ၊ လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံက ဒါပဲ ဖြစ်လိမ့်မယ်”လို့ တွေးမိပြီး နောက်တစ်နေ့ သူ့ဆရာနဲ့တွေ့တဲ့အခါ “လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံဟာ ရေစက်ကျသံပါပဲ”လို့ ဖြေလိုက်ပါတယ်။

ထိုအခါ မိုကုရိုင်းက “ဘာတဲ့ … ဘာတဲ့ … ရေစက်ကျသံဟာ ရေစက်ကျသံပဲ ဖြစ်မှာပေါ့၊ ဘယ်လိုလုပ်ပြီး လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံ ဖြစ်မှာလဲ၊ သွား .. ထပ်ကြိုးစားလိုက်အုံး”လို့ ပြောလိုက်ပါတယ်။ တိုယိုလေးခမျာ လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံ ကြားရဖို့ တရားရှုမှတ်လည်း အချည်းနှီးပဲ ဖြစ်နေရပါတယ်။ နောက်ထပ် ဆက်ပြီး လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံဆိုတာ လေတိုးသံလို့ ပြောလည်း သူ့ဆရာက ငြင်းလွှတ်လိုက်ပြန်တယ်။ နောက်ထပ်တစ်ဖန် လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံဆိုတာ ဇီးကွက်အော်သံလို့ဆိုလည်း မဟုတ်ပြန်ဘူး။ ကျိုင်းကောင်အော်သံလို့ ဆိုတော့လည်း အပယ်ချခံရပြန်တယ်။

ဒီလိုနဲ့ တိုယိုလေးဟာ နောက်ထပ် ၁၀-ကြိမ်ထက်မနည်း သူ့ဆရာဆီကို အသံမျိုးစုံ ပြောဖြစ်ခဲ့တယ်။ တိုယိုလေး ပြောသမျှ အသံအားလုံးကို သူ့ဆရာက အမှားချည်းပဲ၊ မမှန်သေးဘူးလို့သာ ပြန်ဖြေတယ်။ နောက်ထပ် ၁-နှစ်နီးပါးမျှ တိုယိုလေးခမျာ လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံဆိုတာ ဘာဖြစ်ပါလိမ့်မလဲလို့ တွေးတောနေခဲ့ရတယ်။ နောက်ဆုံးမှာ တိုယိုလေးဟာ တရားကို တရစပ်ရှုမှတ်ပြီး အသံအားလုံးကို ဆင်ခြင်သုံးသပ်မိတယ်။ နောက်ပိုင်းမှာ “ငါဟာ ဘာအသံကိုမှ မယူတော့ဘူး”လို့ သုံးသပ်လိုက်မှ “အသံမဲ့ အသံကို ငါ ရပြီ”လို့ ကြွေးကြော်လိုက်ပြီး လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံကို သိမြင်သဘောပေါက်သွားပါတော့တယ်။

(၂)

ပြီးခဲ့တဲ့ နှစ်က “ဟိုပင်ညက လက်ခုပ်သံ”ဆိုပြီး ဆောင်းပါးလေးတစ်ပုဒ် ရေးခဲ့ဖူးတယ်။ ဟိုပင်မြို့ကို သွားလည်တုန်းက အကြောင်းလေးကို လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံနဲ့ ရောစပ်ပြီး ရေးခဲ့ဖူးပါတယ်။ ပုံပြင်လေး(ဇာတ်လမ်း)အစုံတော့ မပါပါဘူး။ အခုဆိုရင် ဇင်ဇာတ်လမ်းလေးတွေနဲ့ စာဖတ်သူတို့လည်း အတော်အတန် ရင်းနှီးနေလောက်ပါပြီ။ ဇင်ပုံပြင်ဇာတ်လမ်းလေးတွေရဲ့ ရသကိုလည်း အတော်အသင့် ခံစားမိလောက်ပြီလို့ ခံစားမိပါတယ်။

ဇင်ဇာတ်လမ်းတွေရဲ့ အနှစ်သာရက ဘာလဲလို့ မေးလာရင် စာဖတ်သူတို့ ဘယ်လို ဖြေမလဲ။ တစ်ယောက်တစ်မျိုးစီနဲ့ အမြင်အမျိုးမျိုး ပြောကြမှာ သေချာပါတယ်။ စာဖတ်သူတို့ လက်ခံနိုင်မလားတော့ မသိဘူး။ စာရေးသူရဲ့ အမြင်အရတော့ ဇင်ဇာတ်လမ်းလေးတွေရဲ့ အနှစ်သာရဟာ “အေးချမ်းတိတ်ဆိတ်မှုတွေနဲ့ ယှဉ်တွဲနေတဲ့ လွတ်လပ်မှု”ဖြစ်တယ်လို့ ဆိုချင်ပါတယ်။

(၃)

တစ်စုံတစ်ရာကို နက်နက်နဲနဲ၊ နက်နက်ရှိုင်းရှိုင်း ခံစားမိပြီဆိုရင် လူတိုင်းလူတိုင်းမှာ စကားလုံးတွေ ရှားပါးသွားတတ်ကြပါတယ်။ အေးချမ်းတည်ငြိမ်တဲ့ တရားဘက်ဆိုင်ရာ၊ အသိအမြင်၊ အတွေးအခေါ်ဆိုင်ရာ ခံစားချက်တွေမှ မဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာတရားကို လေးလေးနက်နက် ခံစားတတ်သူတွေတောင် သူတို့ ခံစားချက်တွေ လေးနက်လာပြီဆိုရင် သူတို့ ခံစားချက်ကို ဖော်ထုတ်ဖို့ စကားလုံးတွေ ပျောက်ဆုံးနေတတ်ပါတယ်။ ဒီလိုနဲ့ နားလည်ရခက်တဲ့ စာတွေ၊ ကဗျာတွေ ဖြစ်လာတတ်ကြတာပဲ မဟုတ်ပါလား။

(၄)

မိုးလင်းကနေ မိုးချုပ် အသံတွေ ကြားနေရပါတယ်။ သာယာနာပျော်ဖွယ်အသံတွေလည်း ဖြစ်ကောင်းဖြစ်မယ်။ စိတ်မချမ်းမြေ့စရာအသံတွေလည်း ဖြစ်ကောင်းဖြစ်မယ်။ မိမိနားထဲကို ၀င်လာတဲ့အသံတိုင်းကို မိမိစိတ်က “ဒီအသံကတော့ ဘယ်လို၊ ဟိုအသံကတော့ ဘယ်လို”ဆိုပြီးတော့လည်း မခွဲခြားဘဲ မနေတတ်ကြဘူး။ အဲဒီလို ကြားလိုက်ရတဲ့အသံတွေနဲ့ နေ့စဉ်ဘ၀ရဲ့ ကောင်းမြတ်ခြင်း၊ ဆိုးယုတ်ခြင်း (ကုသိုလ်၊ အကုသိုလ်)တွေကို အတွေးနဲ့သော်လည်းကောင်း၊ အပြောနဲ့သော်လည်းကောင်း၊ အလုပ်နဲ့သော်လည်းကောင်း ဖန်တီးလုပ်ဆောင်နေကြရတယ်။ ဒါက သက်ရှိတွေရဲ့ သွားမြဲလမ်းပါပဲ။

ကောင်းတဲ့အသံကို ကြားလိုက်တော့ မိမိနှလုံးသားထဲမှာ ကောင်းတဲ့အသံလေးက ပဲ့တင်ထပ်သွားလိုက်တယ်။ မကောင်းတဲ့အသံကို ကြားလိုက်တော့ မိမိရင်ထဲမှာ အပူမှိုင်းတွေရောနေတဲ့ အသံလေးက ၀ရုန်းသုန်းကား ဖြစ်သွားတယ်။

ကောင်းတဲ့အသံ၊ ဆိုးတဲ့အသံရယ်လို့ မခွဲခြားဘဲ ထားလိုက်တော့ ရင်ထဲနှလုံးသားထဲမှာ ဘာအသံလေး ဖြစ်သွားမလဲ။ (ပြောချင်တာက ဒါပဲ ဖြစ်မယ် ထင်ပါတယ်)။

မိမိတို့ထံကို ၀င်လာသော အသံများက လက်ခုပ်တစ်ဖက်၊ မိမိတို့ (အာရုံခံ)က လက်ခုပ်တစ်ဖက်၊ ထိုလက်နှစ်ဖက် ထိခတ်လိုက်ခြင်းကြောင့် ဖြစ်လာတဲ့ အာရုံခံစားမှုများက လက်ခုပ်သံများ ဖြစ်တယ်။

(၅)

အခု ဆောင်းပါးကို အဆုံးသတ်တော့မယ်ဆိုတော့ စာဖတ်သူက လက်တစ်ဖက်ကို လေထဲ အဆင်သင့်မြှောက်ထားလိုက်ပါ။ အသက်ကို ခပ်ပြင်းပြင်း ရှုရှိုက်လိုက်ပါ။ ပြီးရင် ဖြည်းဖြည်းငြိမ်ငြိမ်လေး လက်တစ်ဖက်တည်းနဲ့ လက်ခုပ်တီးကြည့်ပါ။ ထိုအသံကို ကြားလိုက်တာနဲ့ ရင်ထဲမှာ အေးငြိမ်းမှုတစ်ခု သို့မဟုတ် တစ်ခုထက်မနည်း သင်ခံစားမိပါလိမ့်မယ်။

အေးငြိမ်းမှုကို လေးလေးနက်နက် ခံစားဖို့ဆိုရင်တော့ ဒိထက်ပိုပြီး လေးလေးနက်နက် တိတ်တိတ်ဆိတ်ဆိတ် ကြိုးစားဖို့တော့ လိုတာပေါ့။

Friday, June 10, 2011

အမေ့ စေတနာ



(၁)
ရှိုဂန်ဆရာကြီးတစ်ဦးဖြစ်တဲ့ ဂျိယွန်ဟာ တိုကုဂ၀ခေတ်မှာ ကျော်ကြားတဲ့ သက္ကတပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ သူ ငယ်စဉ်က သူ့ရဲ့ ညီအစ်ကိုကျောင်းသားတွေကို စာပေ ပို့ချပေးလေ့ရှိပါတယ်။ သူ့ အမေက ဒီသတင်းကို ကြားတော့ သူ့သားဆီကို စာတစ်စောင် ရေးလိုက်ပါတယ်။
“သားရေ … မင်းဟာ ဘုရားရှင်ရဲ့ တပည့်သာဝကတစ်ယောက် ဖြစ်ပြီလို့ အမေတော့ မထင်ဘူး။ ဘာလို့လဲဆိုတော့ မင်းဟာ အခြားသူတွေအတွက် လမ်းလျှောက်အဘိဓာန်ကြီး ဖြစ်ချင်နေတာကိုး။ သားရေ မှတ်ထားကွဲ့။ ဘွဲ့ဒီဂရီတွေ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ သတင်းအချက်အလက်တွေနောက်ကို လိုက်နေလို့ကတော့ ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး။ ဒီတော့ အမေကတော့ ဒီစာသင်တဲ့အလုပ်ကြီးကို ရပ်လိုက်စေချင်တယ်။ တောတောင်ထဲက ကျောင်းသေးသေးလေးထဲမှာ အေးအေးဆေးဆေး သွားနေပါ။ တရားအားထုတ်တာကိုပဲ မြုပ်နှံပြီး အလုပ်လုပ်ပါ။ ဒါမှသာ သားဟာ စစ်မှန်တဲ့ အသိဉာဏ်ကို ရဖို့ ရှိမပေါ့ကွယ်”
(၂)
ဇင်ပုံပြင်လေးထဲက အမေ့စာကို ဖတ်ရတော့ နယ်က အမေ့ကို လွမ်းမိတယ်။ အမေ့ကို လွမ်းမိတယ်ဆိုပေမယ့် ကိုယ့်အမေနဲ့တော့ သိပ်မတူလှဘူး။ ကိုယ့်အမေက ငယ်ငယ်က ကိုရင်ဝတ်တာကို မကြိုက်ဘူး။ နည်းအမျိုးမျိုးနဲ့ တားမြစ်တယ်။ သူ့စိတ်ထဲမှာ “ငါ့သားသာ အတန်းစာတွေ ဆက်တက်မယ်ဆိုရင် ပညာတတ်ကြီးဖြစ်ပြီး အားကိုးရမယ့် သားတစ်ယောက်ဖြစ်မယ်”လို့ပဲ တွေးနေခဲ့တယ်။ ဆရာမတွေကလည်း ဒီလိုပဲ အမေ့ကို ပြောပြကြတော့ ဆရာတွေ၊ ဆရာမတွေ အားလုံးက ကိုရင်ဆက်မ၀တ်ဖို့ ဖြောင်းဖျကြတယ်။ ဘယ်လိုပြောပြော တားမရခဲ့ဘူး။
သင်္ကန်းဝတ်ပြီး အရွယ်ရလာတဲ့အခါ စာသင်တိုက်တွေမှာ စာတွေ လိုက်သင်ခဲ့တယ်။ တောင်ငူ၊ အုတ်တွင်း၊ ရန်ကုန် စာသင်တိုက်တွေ စုံလို့ပဲ။ နောက်ပြီး ကမ္ဘာအေးက သာသနာ့တက္ကသိုလ်မှာ ၆-နှစ်တာ စာသင်ခဲ့တယ်။ ဒီလို စာသင်ခဲ့တဲ့ ၁၀-စုနှစ်တာ ကာလတွေမှာ အမေ မကြာခဏ ပါးနေတဲ့ စကားကတော့ “ငါ့သား အမေ့ဆီ ဘယ်တော့ ပြန်လာမလဲ”ဆိုတဲ့ စကားပါပဲ။
ရွှေဝါရောင်အရေးအခင်းဖြစ်လို့ သားတစ်ယောက် ပြည်ပကို မထင်ထားတဲ့အချိန်မှာ ထွက်ခွါခဲ့ရတယ်။ သီရိလင်္ကာမှာ ၂-နှစ်ကျော် အချိန်ကြာခဲ့တယ်။ ဒီကြားထဲ ဖုန်းဆက်လိုက်တိုင်း အမေပြောတဲ့ စကားတစ်ခွန်းက “ငါ့သား အမေ့ဆီ ဘယ်တော့ ပြန်လာမလဲ”ဆိုတဲ့ စကားပါပဲ။
သီရိလင်္ကာမှာ စာသင်မှုပြီးလို့ အခု မလေးရှားကို ရောက်နေတဲ့ အချိန်မှာလည်း အမေ့က “ဒီ ဗဟုသုတတွေက ယူလို့ မပြီးသေးဘူးလား။ အမေ့ဆီ ပြန်မလာတော့ဘူးလား”ဆိုတဲ့ စကားကိုပဲ အမေက ပြောပြနေတော့တယ်။
အမေရေ … အမေ့သားက အခုချိန်ထိ (အမေ့ကို လွမ်းနေပေမယ့်) အမေ့ဆီ ပြန်ရောက်ဖို့ စိတ်မကူးနိုင်သေးဘူး။
အမေက ပြောပြောနေတတ်သေးတယ်။ “ငါ့သား တရားတွေ ဟောပြီး နာမည်ကြီးဆရာတော်ကြီးဖြစ်အောင် မလုပ်နိုင်ဘူးလား”တဲ့။ အမေကျေနပ်အောင် ဖြစ်အောင် လုပ်မှာပေါ့လို့ ပြောလိုက်ရပေမယ့် အမေ့သားက နာမည်ကြီးတာတွေကို အထင်မကြီးတတ်ဘူး၊ ဘ၀တူတွေကို ချစ်ခင်ပြီး လုပ်ချင်တာ လျှောက်လုပ်နေချင်တာလို့တော့ မပြောရက်ခဲ့ဘူး။
(၃)
ဇင်ပုံပြင်ထဲက အမေကတော့ ဘယ်လို အမေမျိုးလဲလို့ မေးရလောက်အောင် ထူးဆန်းနေတယ်။ သူ့သားကို သူ့အနားနေဖို့လည်း မပြောဘူး။ နာမည်ကြီး ပုဂ္ဂိုလ်ကြီးဖြစ်အောင်လည်း တွန်းအားမပေးဘူး။ သူ့သားကို တကယ့်အမှန်တရားကို သိမြင်အောင်လုပ်ဖို့ တိုက်တွန်းတယ်။ အာဂအမေလို့ ချီးကျူးရမယ် ထင်ပါတယ်။
(၄)
ဘယ်လိုပဲဖြစ်ဖြစ် အမေတစ်ယောက်ရဲ့ စေတနာတွေကတော့ သူ့နည်းသူ့ဟန်နဲ့ တန်ဖိုးကြီးလှပါတယ်လို့တော့ ယုံကြည်မိပါတယ်။