Thursday, May 5, 2011

ကာလဖြစ်စဉ်ထဲက လူ့အသိဉာဏ်


(၁)
ကျွန်တော် ၄-နှစ်သားတုန်းက ငါ့ဖေဖေကြီး ဘာမဆို လုပ်တတ်တယ်။
၅-နှစ် ငါ့ဖေဖေကြီး မသိတာ ဘာမှ မရှိဘူး။
၆-နှစ် ငါ့အဖေက မင်းအဖေထက် တတ်တယ်ကွ။
၈-နှစ် တို့အဖေက အကုန်လုံးတော့လည်း အတိအကျ မသိဘူး။
၁၀-နှစ် အဖေတို့ ငယ်ငယ်တုန်းကနဲ့ အခုနဲ့က တစ်ခြားစီပဲ။
၁၂-နှစ် အင်း အဲဒါတော့ အဖေလည်း ဘယ်သိပါ့မလဲ။ သူက အသက်သိပ်ကြီးပြီဆိုတော့ ကလေးတုန်းက အကြောင်းတွေ မမှတ်မိနိုင်တော့ဘူး။
၁၄-နှစ် အဖေတော့ ထည့်မပြောနဲ့။ သူက ရှေးရိုးသမားကြီး။
၂၁-နှစ် အဘိုးကြီးလား။ ထားပါ။ အောက်နေပြီ။ လုံးဝအောက်နေပြီ။
၂၅-နှစ် အဖေတော့ နည်းနည်းပါးပါး သိတယ်။ မသိလို့လည်း မဖြစ်ဘူးလေ။ လူကြီးပဲဟာ။
၃၀-နှစ် အဖေ့ကို နည်းနည်းပါးပါး မေးကြည့်ရင် ကောင်းမယ်။ ဘာပဲပြောပြော သူက အတွေ့အကြုံတွေ အများကြီး ရှိတယ်။
၃၅-နှစ် အဖေနဲ့တိုင်ပင်ပြီးမှပဲ ဒီကိစ္စကို ငါတစ်ခုခု လုပ်နိုင်မယ်။
၄၀-နှစ် အဖေသာဆိုရင် ဒီကိစ္စကို ဘယ်လို ဖြေရှင်းမလဲ မသိဘူး။ အဖေက အတွေ့အကြုံရှိတယ်။ အမြော်အမြင်လည်း ရှိတယ်။
၅၀-နှစ် ဒီကိစ္စ အခုနေသာ အဖေနဲ့ တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ပေးရပေးရ ငါပေးပါတယ်။ အဖေ့အရည်အချင်းတွေ သူရှိတုန်းက ကောင်းကောင်း သတိမထားခဲ့မိတာ သိပ်နှမြောဖို့ကောင်းတယ်။ တကယ်ဆို ငါ့အဖေဆီက အများကြီး ရလိုက်ဖို့ ကောင်းတယ်။
ဆရာဖေမြင့်ရဲ့ နှလုံးသားအာဟာရဆိုတဲ့ စာအုပ်လေးထဲက ကြိုက်လို့ ကူးထားတာလေး အတိတ်က စာအုပ်အစုတ်လေးထဲက တွေ့လို့။ ဟိုတုန်းက သဘောကျခဲ့သလိုမျိုး အခုလည်း သဘောကျမိနေဆဲ။ ဒါလေးကို ဖတ်ပြီးတော့ နောက်ထပ်တစ်ခုကို သွားသတိရမိတယ်။
(၂)
ငါ ငယ်ငယ်တုန်းက ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်တယ်လို့ ယုံကြည်တယ်။
နည်းနည်းကြီးလာတော့ ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့ဆိုတာ မလွယ်ဘူး။ ငါ့နိုင်ငံကိုတော့ ငါ ပြောင်းလဲပစ်နိုင်တယ်လို့ ယုံကြည်တယ်။
နောက်ထပ်နည်းနည်း အရွယ်ရလာတော့ နိုင်ငံတစ်ခုလုံးကို ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ငါနေတဲ့မြို့လေးကိုပဲ ပြောင်းလဲပစ်နိုင်ရမယ်လို့ ယုံကြည်လာခဲ့တယ်။
နောက်ထပ် အသက်ပိုကြီးလာတဲ့အခါကျတော့ ငါ့မြို့လေးလဲ ငါ ပြောင်းလဲအောင် မလုပ်နိုင်ဘူးဆိုပြီး တစ်ဆင့်ချင်း လျှော့ချလာလိုက်တာ ငါ့မိသားစုလေးကို ပြောင်းလဲနိုင်တယ်လို့ ယုံကြည့်လာတယ်။ မိသားစုလည်း ပြောင်းလဲအောင် မလုပ်နိုင်တော့ နောက်ဆုံး ငါ့ကိုယ်ငါ ပြောင်းလဲအောင် လုပ်မယ်လို့ ဆုံးဖြတ်တယ်လို့ ဆိုပါတယ်။
(၃)
ဖြစ်ရပ်လေး(ဇာတ်လမ်းလေး)နှစ်ခုက ပေးချင်တဲ့ မက်ဆေ့တွေတော့ မတူပါဘူး။ ပထမဖြစ်ရပ်က အဖေဆိုတာကို ဇောင်းပေးထားပြီး အဲဒီ အဖေတွေအပေါ်မှာ သားသမီးတွေက အရွယ်အလိုက် အမြင်အမျိုးမျိုး ပြောင်းတတ်ပုံကို ပြောပြတယ်။ နောက်ဆုံးတော့ အဖေက အဖေပါပဲဆိုတဲ့ သဘောပါပဲ။ ဒုတိယဖြစ်ရပ်ကတော့ လောကမှာ လူဆိုတာ သူတစ်ပါးကို ပြောင်းလဲအောင် လုပ်ဖို့ ဆိုတာထက် ကိုယ့်ကိုကိုယ် ပြောင်းလဲအောင် လုပ်ဖို့လိုတဲ့အကြောင်း၊ ကိုယ့်ကိုကိုယ် ပြောင်းလဲအောင်လုပ်တာဟာ သဘာဝကျကြောင်းကို မီးမောင်းထိုးပြနေပါတယ်။
ဒီလို မတူပေမယ့် တူတဲ့အရာကတော့ အရွယ်ပါပဲ။ အသက်အရွယ်အလိုက် အသိဉာဏ်လေးတွေက ပြောင်းပြောင်းသွားတတ်ကြတာပါပဲ။ ဒါက သဘာဝကျပါတယ်။ ဒါပေမယ့် ခက်တာက အချို့က အသက်ကြီးပေမယ့် အသိဉာဏ်က လိုက်ကြီးမလာဘဲနဲ့ ကလေးတုန်းက အသိဉာဏ်ကနေ တက်မလာတတ်ကြတာပါပဲ။
ဒါကတော့ အသက်အရွယ်နဲ့ဆိုင်တဲ့ ကာလဖြစ်စဉ်ထဲက လူ့အသိဉာဏ်တရားပေါ့။
(၄)
ကာလဖြစ်စဉ်ထဲက လူ့အသိဉာဏ်တရားဆိုတော့ လူတွေရဲ့ ခေတ်အဆက်ဆက် ကာလတွေထဲက အသိဉာဏ်တွေကိုလည်း ပြေးမြင်မိပါတယ်။ ကျောက်ခေတ်၊ မြေယာခေတ်… ဘာခေတ်ညာခေတ်…. ဒီနေ့ အနုမြူခေတ်….ဒီလို ခေတ်တွေ ပြောင်းပြောင်းလာသလို လူ့အသိဉာဏ် လူ့ယုံကြည်ချက်တွေလည်း ပြောင်းပြောင်းလာတယ်။ လူတွေဟာ သဘာဝလွန်ဖြစ်ရပ်တွေကို မျက်ကန်းတွေလို အရူးတွေလို ယုံကြည်ရင်းကနေ ဒီနေ့ခေတ်မှာ မေးခွန်းတွေ ထုတ်တတ်လာကြတယ်။ ဒါက သဘာဝကျပါတယ်။ သဘာဝမကျတာက ဟိုနှစ်ပေါင်းများစွာက ယုံကြည်မှုတွေကို ဒီနေ့ခေတ်အထိ အဟုတ်မှတ်နေတတ်ကြတာပဲ။
အဖေမှာ မှာတဲ့အတိုင်းဆိုတာကတော့ အဖေလည်း သဘောကျမှာ မဟုတ်ဘူးလို့ ယုံကြည်တယ်။



1 comment:

ကျော်သုည said...

အင်း..... လောကတ္ထ၊ဥာတတ္ထ၊ဗုဒ္ဓတ္ထစရိယ လှေခါးထင့်လေးတွေကိုတောင် သွားသတိရမိပါတယ် ဆရာတော်လေး။

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails