Tuesday, January 11, 2011

လမင်းကို ခိုးလို့ ရခဲ့ရင်


(၁)
ဇင်းမာစတာကြီး ရိုကန်ဟာ တောင်ခြေက သေးငယ်တဲ့တဲလေးထဲမှာ နေထိုင်ရင်း ဘ၀ကို ရိုးရိုးရှင်းရှင်းနဲ့ နေထိုင်ပါတယ်။ တစ်ညမှာ သူခိုးတစ်ယောက်ဟာ သူ့တဲလေးထဲကို ရောက်လာခဲ့ပါတယ်။ တဲထဲမှာ ခိုးစရာ ဘာမှ မတွေ့ဘူး။ ရိုကန် ပြန်လာတော့ သူခိုးကို တွေ့သွားပါတယ်။ “အမောင် သူခိုး… ငါ့ဆီကို လာခိုးဖို့အတွက် ခရီးအဝေးကြီးက လာခဲ့ရမှာပဲနော်၊ ဒီတော့ ပါမှ မပါဘဲ လက်ချည်းဗလာတော့ မပြန်သင့်ဘူး။ ငါ့အ၀တ်အစားတွေကို လက်ဆောင်အနေနဲ့ ယူသွားလိုက်ပါနော်”လို့ ပြောလိုက်ပါတယ်။ သူခိုးကလည်း စိတ်ရှုပ်ထွေးသွားပြီး အ၀တ်အစားတွေကို ယူပြီး ကုတ်ချောင်းချောင်းနဲ့ ထွက်သွားခဲ့ပါတယ်။
ရိုကန်လည်း ၀တ်စရာအ၀တ်အစား တစ်စုံမှ မရှိတော့ဘဲ ၀တ်လစ်စလစ် ထိုင်နေပါတယ်။ ပြီးတော့ ဖိုးလမင်းကြီးကို ကြည့်ပြီး “အိုး… သနားစရာ သူခိုးကလေး၊ ဟိုး…ဖိုးရွှေလမင်းကြီးကို မင်းကို ပေးလိုက်နိုင်ရင် ဘယ်လောက်ကောင်းမလဲ”လို့ စဉ်းစားနေခဲ့ပါတယ်။

(၂)

ဒီပုံပြင်လေးကို သူငယ်ချင်းတွေ ပြောပြပြီးပြီးချင်းမှာပဲ “အားးး မိုက်တယ်ကွာ၊ ကိုယ်တော့ တော်တော်သဘောကျသွားပြီ”လို့ လျှပ်တပြတ် ထပြောပါတယ်။ ဒီတော့လည်း “ဘာကြောင့် သဘောကျတာလဲ မေးရတာပေါ့။ ဒီတော့ သူက ရှင်းပြတယ်။ သူခိုးရဲ့အဖြစ်၊ သူခိုးရဲ့စိတ်ဓာတ်ကို ကြည့်ပြီး လူတွေကို သူ အမြင်ကပ်နေတာနဲ့ ထပ်တူကျကြောင်း ပြောပြပါတယ်။ ဘာပိုင်ဆိုင်မှုမှ မရှိဘဲ သူ့ဟာသူ တရားအားထုတ်နေသူထံကိုမှ သွားခိုးရက်တဲ့ သူခိုးကို အမြင်ကပ်မိတာပါလို့လည်း ဆိုပါတယ်။ ဒီသူခိုးလိုပဲ အသိဉာဏ်မဲ့တဲ့သူတွေ လောကမှာ အများကြီး ကြုံတွေ့နေရတာပဲလေ။ ကိုယ့်ရဲ့ ရလိုမှုတစ်ခုကိုသာ ကြည့်ပြီး အခြားသူတွေရဲ့ လိုအပ်ချက်၊ ဘ၀ဖြစ်တည်ချက်ကို ဘာမှ ဂရုမစိုက်ဘဲ တဇွတ်ထိုး လုပ်တတ်တဲ့သူတွေ။

“မင်း … အဲဒီလို တွေးပြောမှ ငါလည်း ဆက်တွေးမိတယ်”ဆိုပြီး တစ်ယောက်က ဆက်ပါတယ်။ ဒို့နိုင်ငံက အချို့ဆင်းရဲသား နင်းပြားတွေဟာ ဒီလို သူခိုးမျိုးတွေနဲ့ ရင်ဆိုင်နေရတယ် ထင်တာပဲ။ ပေးစရာက ဘာမှ မရှိဘူး။ ဒါပေမယ့် နေ့စဉ် အတောင်းခံနေရတယ်။ မရှိရှိတာလေးတွေ ထုတ်ပေးနေရတယ်။ ဘာမှ ပေးစရာ မရှိတော့ အရှက်တရားကို ဘေးချိတ်ပြီး ခန္ဓာကိုယ်ကိုတောင် ပေးဆပ်နေကြရတယ်။

(၃)

“မင်းတို့က သူခိုးကို အမြင်ကပ်ပြီး မျက်တွေ့လောကကို ဖြန့်ကြည့်တယ်နော်၊ ငါတော့ အ၀တ်အစားတွေကိုပါ ချွတ်ပေးလိုက်တဲ့ ရဟန်းတော်ရဲ့ စိတ်ဓာတ်ကို လေးစားကြည်ညိုမိတယ်”လို့ တည်ကြည်တဲ့ အသံနဲ့ စပြီး သူ ခံစားမိတာတွေကို ပြောနေပါတယ်။ ရဟန်းတော်လို လူစားမျိုး၊ စိတ်ဓာတ်မျိုးက အလွန်ကို ရှားပါးလွန်းပါတယ်။ စိတ်ထားပုံမှန် မရှိသူဆိုရင်တော့ “ဘာလို့ လာခိုးရသလဲ”ဆိုပြီးတော့ စိတ်ဆိုးမယ်။ ဒေါသထွက်မယ်။ နည်းနည်း စိတ်ထားကောင်းသူကတော့ “ငါ့မှာ ဘာပစ္စည်းမှ မရှိဘူးကွာ”ဆိုပြီး ပြန်လွှတ်လိုက်မယ် ထင်တယ်။ ဒီထက်နည်းနည်း ပိုကောင်းသူကတော့ “ငါ့မှာ မင်းအတွက် ဘာအသုံးဝင်တာမှ မရှိပါဘူး။ ငါ့မှာ အသုံးအဆောင်နည်းနည်းတော့ ရှိပါတယ်”ဆိုပြီး အသုံးအဆောင်အချို့ ပေးလွှတ်လိုက်ပါလိမ့်မယ်။ “ငါ ဆိုရင်ကော ဘယ်လိုများ တုန့်ပြန်လိမ့်မလဲ” မေးကြည့်နေမိတယ်။

သူ့အနေနဲ့ ရဟန်းတော်ကို လေးစားကြည်ညိုမိကြောင်း အထပ်ထပ်အခါခါ ပြောနေခဲ့ပါတယ်။ သူက စိတ်မဆိုး ဒေါသမထွက်တဲ့အပြင် သူ့အတွက် မရှိမဖြစ်တဲ့ အ၀တ်အစားတွေကိုပါ ချွတ်ပေးလိုက်ခဲ့တယ်။ ချွတ်ပေးရုံနဲ့တင် အားမရဘူး။ သူက ဖြစ်နိုင်ရင် လမင်းကြီးကိုပါ ပေးလိုက်ချင်ကြောင်း ငြီးတွားနေခဲ့တယ်လေ။

(၄)

“ဟေ့ကောင်၊ မင်းကလည်း ပြောအုံးလေကွာ”လို့ တွေးနေတာလား၊ ငြိမ်နေတာလား မသိနိုင်လောက်အောင် ငြိမ်ကုပ်နေတဲ့သူငယ်ချင်းကို လှမ်းအော်ပါတယ်။ “အေးကွာ… မင်းတို့ ပြောတာ၊ ဆွေးနွေးတာ အရမ်းကောင်းပါတယ်။ ငါကတော့ ငါ့ကိုယ်ငါ မေးနေတာ… ထပ်ခါထပ်ခါ မေးနေမိတာ…၊ ဒီရဟန်းတော်ရဲ့ စိတ်ဓာတ်ကို လိုက်တော့ မမီသေးဘူး၊ ဒါပေမယ့် ငါ့စိတ်ဓာတ်အဆင့်အတန်းက ဘယ်လောက်ထိ၊ ဘယ်ဒီဂရီလောက်ထိ ရှိနေမလဲ”လို့ တွေးနေမိတာ။

“မင်းတို့ကော… မင်းတို့စိတ်ဓာတ်တွေကော… ဘယ်ဒီဂရီလောက်ထိ မြင့်မြတ်ပြီး ဘယ်ဒီဂရီလောက်ထိ ယုတ်ညံ့နေလဲ”

အားမနာတမ်းမေးလိုက်ရင်တော့ အဖြေတစ်ခုခုတော့ ထွက်လာမယ်ထင်တယ်။ အဖြေထွက်လာရင်တော့ ရလဒ်ကိုကြည့်ပြီး ဘ၀အတွက် ဘာတွေဆက်လုပ်သင့်သလဲဆိုတာ အကဲဖြတ်နိုင်ကောင်းပါရဲ့…

4 comments:

အင်္ဂါဟူး said...

အများကြီး စဉ်းစားမိပါသည် အရှင်ဘုရား

မဟူရာမင်း said...

တကယ်ကို မှတ်သားထိုက် ဆွေးနွေးထိုက်တာလေးပါဘုရား။ ဒီအတွက် တွေးစရာလေးတွေဖြစ်ရပါတယ်။ ကျေးဇူးပါ။

နုငယ် said...

စဉ်းစားလိုက်ဦးမယ် ဦးဇင်းရေ့

nandasara.ashin said...

ဟုတ်တယ်၊ တွေးမယ်၊ ဆွေးနွေးမယ်ဆိုရင် အချိန်တိုအတောအတွင်းမှာ ကြီးပွားနိုင်ပါပေတယ်

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails