Sunday, January 9, 2011

ခရီးသွားတစ်ယောက်ရဲ့ အတွေးစများ



လွန်ခဲ့တဲ့နှစ်က စင်္ကာပူသို့ တစ်ခေါက်ရောက်ခဲ့တယ်။ ဒေသန္တရဗဟုသုတတွေနဲ့ အတွေ့အကြုံသစ်၊ အတွေးအမြင်သစ်တွေ တိုးပွားခဲ့တယ်။ နိုင်ငံခြားရောက် မြန်မာတို့ ထုံးစံအတိုင်း တိုးတက်နေတဲ့ သူများတိုင်းပြည်တွေကို မျက်စိအ၀ိုင်းသားနဲ့ အားကျငေးမောခဲ့တယ်။ မတိုးတက်နိုင်သေးတဲ့ ကိုယ့်အမိမြန်မာအတွက် စုတ်သသတ်သတ်ဖြစ်နေခဲ့ကြတယ်။ မနှစ်ကလည်း သွားထားတော့ ဒီနှစ်တော့ မသွားတော့ဘူးပေါ့။ စိတ်ကူးထားခဲ့တယ်။ ဒီအချိန်မှာပဲ မလေးရှားနိုင်ငံ၊ ဓမ္မိကာရာမပီနန်းကျောင်းက ၇-ရက် ဓမ္မသင်တန်းနဲ့တရားစခန်းအတွက် ပင့်လာလို့ ကြွခဲ့ရတယ်။ နောက်ပြီး ကန္နီကမ္မဋ္ဌာန်းအားထုတ်နည်း စာအုပ်အတွက်လည်း ဖြန့်ဝေရေးအစီအစဉ်တွေကလည်း ရှိနေခဲ့တယ်။ ဒါကြောင့် နိုဝင်ဘာလ ၄ ရက်နေ့မှာ မလေးရှားကို ထွက်ခွါလာခဲ့တယ်။ စာအုပ်တွေကို ပေးသင့်သူတွေကို ပေး၊ ဖြန့်သင့်တဲ့နေရာဖြန့် လုပ်ရင်း မလေးရှားမှာ ၁-လကျော်သွားခဲ့တယ်။ ဒီဇင်ဘာ ၁၂-ရက်နေ့မှာ စင်္ကာပူကို သွားဖို့ စီစဉ်လိုက်တယ်။ ၁၂-ရက်နေ့ နေ့ခင်းကားနဲ့ ဂျိုဟိုးကို ထွက်ခွါခဲ့တယ်။ ၁၂-ရက်နေ့ ညကို ဂျိုဟိုးက ညောင်ကန်အေးကျောင်းမှာ နေလိုက်တယ်။ ၁၃-ရက်နေ့ နေ့လည်မှာ စာအုပ် ၁၅၀-လောက်ကလည်း ပါနေတော့ စင်္ကာပူကို တက္ကစီနဲ့ ၀င်ခဲ့တယ်။

စင်္ကာပူကို တက္ကစီနဲ့ဝင်ခါမှ အရာရှိရုံးခန်းကိုပါ သွားခဲ့ရတယ်။ ရုံးခန်းမှာ ကိုယ့်ပတ်စပို့ထ်စာအုပ်အလှည့်ကျဖို့ မိနစ် ၂၀-လောက် စောင့်ခဲ့ရတယ်။ ဘာတွေများ မေးချင်နေလို့လည်းပေါ့…စဉ်းစားနေမိတယ်။ ကိုယ့်စာအုပ်လည်း အလှည့်ကျရော No mistake,  nothing wrong, OK တဲ့။ အဲဒီကျမှ စိတ်မရှည်တဲ့လေသံနဲ့ “ဒါဆိုရင် ဘာဖြစ်လို့ ငါ့ကို ဒီအခန်းထဲ ခေါ်တာလဲ။ ငါ ဒီအခန်းထဲမှာ မိနစ် ၂၀ ကျော်ပြီ။ မင်းတို့ ငါ့အချိန်တွေ အချိန်ဖြုန်းတာပဲ”လို့ ပြောမိတယ်။ အဲဒီတော့မှ “စိတ်မကောင်းပါဘူး၊ အောက်က စာရေးက မင်းပတ်စပို့ထ်က ပြောင်းထားတာဆိုတော့ နားမလည်လို့ ဖြစ်မှာပါ၊ မင်းက တစ်ကြိမ် ၀င်ထားတယ်လို့ ပြောတယ်။ ဒါပေမယ့် မင်းပတ်စပို့ နံပါတ်က ငါတို့ဆီမှာ မှတ်တမ်းမရှိဘူး၊ ဒါကြောင့် ဖြစ်မှာပါ”လို့ ပြန်ပြောတယ်။

နေ့ခင်း ၂-နာရီလောက်မှာ ဂေလန်းက ဓာတ်တော်ကျောင်းကို ရောက်ပါတယ်။ သူငယ်ချင်း ဦးသီဟဗလက အပြုံးနဲ့ ဆီးကြိုပါတယ်။ “အော် ဒီနိုင်ငံလေး၊ ဒီနေရာလေးကို တစ်ခေါက် ရောက်ခဲ့ပါပြန်ပါပကော”လို့ စိတ်ထဲမှာ တစ်မျိုးလေး ဖြစ်မိရုံမှတစ်ပါး အထူးအထွေ ခံစားချက်တော့ မဖြစ်မိပါဘူး။ ဒါပေမယ့် ရောက်ရောက်ချင်း မရီနာဘေးက ဒူရင်းသီးဟိုတယ်ကြီးနားက ရေပြင်ကို ငေးရင်း တစ်ယောက်တည်း သွားထိုင်နေချင်စိတ်တော့ ဖြစ်မိတယ်။ မြန်မာကို ပြန်ရောက်လို့ ရန်ကုန်ရောက်တဲ့အခါ ရွှေတိဂုံရင်ပြင်ပေါ် သွားထိုင်ချင်စိတ်နဲ့ သိပ်မကွာလှဘူး။

မနှစ်ကတော့ သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်တွေရဲ့ “လင်္ကာတမန်မဂ္ဂဇင်း”တာဝန်နဲ့။ အခုတော့ ကိုယ်တိုင်ထုတ်တဲ့ ကန္နီကမ္မဋ္ဌာန်းအားထုတ်နည်းစာအုပ်နဲ့။ အများစာအုပ်ဆိုတော့ ယူကြပါအုံး၊ ဖတ်သင့်တယ် ဘာညာ ပြောရတာ သိပ်လွယ်တယ်။ ကိုယ့်စာအုပ်ကိုယ်ဆိုတော့ မပြောတတ်တော့ဘူး။ ဆန္ဒကတော့ စီးပွားဖြစ်ရောင်းဖို့ မဟုတ်ပါဘူး။ ဒီစာအုပ်နဲ့ ကိုယ်ဖြန့်ဝေချင်တဲ့ မက်ဆေ့လေး စိတ်ဝင်စားသူတွေလက်ထဲ ရောက်သွားစေချင်တာပါပဲ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျောင်းမှာ ညီငယ်တစ်ယောက်နဲ့တွေ့တယ်။ သူက ဘာသာရေးနဲ့ မစိမ်းတဲ့သူ။ စင်္ကာပူမှာ ဒီ ကန္နီနည်းကို စိတ်ဝင်စားသူတွေ အတော်များတယ်တဲ့။ ဒါပေမယ့် ကန္နီနည်းလို့ သိပ်မသိကြဘူး။ မြေဇင်းနည်းလို့ပဲ အသိများတယ်။ ဒီနည်းအတိုင်း လက်တွေ့အားထုတ်နေတဲ့ လူငယ်တွေ ရှိတယ်။ သူတို့နဲ့ မိတ်ဆက်ပေးမယ်လို့ ပြောပါတယ်။ သူ့ဆီက ဖုန်းနံပါတ်အချို့ရလို့ ဖုန်းဆက်တယ်။ ဘာသာရေး၊ လူမှုရေးတွေမှာ စိတ်အား တက်တက်ကြွကြွ ရှိတဲ့သူတွေဖြစ်လို့ တွေ့ရတာ ၀မ်းသာစရာကောင်းပါတယ်။

တစ်ခါတစ်ခါတော့ နေရာတိုင်းမှာ အားနည်းချက်လေးတွေကို တိုက်ရိုက်ဝေဖန်ပြောဆိုတတ်လို့ အခက်အခဲတော့ ရှိပါတယ်။ ကိုယ့်စိတ်ကလည်း ခက်တယ်။ မှန်တယ်လို့ ယူဆထားတဲ့အရာတစ်ခုကို ဘယ်လိုအကြောင်းတရားနဲ့မှ အပျက်မခံချင်ဘူး။ “အလိုက်သင့်ကလေး၊ အဆင်ပြေသလိုကလေး၊ ချော်လဲ ရောထိုင်၊ …..”ဒီစကားလုံးတွေက ကိုယ်သိပ်မသုံးချင်တဲ့ စကားလုံးတွေ ဖြစ်တယ်။ ဘယ်သူနဲ့မဆို စကားပြောတဲ့အခါတိုင်း ပွင့်ပွင့်လင်းလင်း နားလည်မှုရှိရှိပဲ ပြောဆိုဆက်ဆံချင်တယ်။ အဲလဘတ်ကမျူးရဲ့ ကြားဖူးတဲ့ကဗျာလေးအတိုင်း ပြောရရင် …..
ငါ့ရှေ့ ဦးဆောင်မသွားပါနဲ့
မင်းနောက်က ငါ မလိုက်ချင်ဘူး၊
ငါ့ နောက်မှာ နေပြီးတော့ မသွားပါနဲ့
ငါ မင်းကို ဦးမဆောင်နိုင်ဘူး၊
ငါ့ဘေးမှာနေပြီးတော့ သွားပါ…
ဒါဆို မင်းက ငါ့ရဲ့ မိတ်ဆွေကောင်းပေါ့…
(မှတ်မိသလို ပြန်ရေးပါတယ်)။

လူအချင်းချင်း ဆက်ဆံကြတဲ့နေရာမှာ သူများကို ဆရာကြီးလည်း လုပ်စရာ မလိုဘူး။ နောက်ကလိုက် မှီခိုနေချင်စိတ် ရှိနေတာလည်း မကောင်းဘူး။ ကိုယ်တတ်စွမ်းသမျှ တတ်သိသမျှလေးနဲ့ အတူတူ လက်တွဲလုပ်ဆောင်ကြတဲ့ အနေအထားလေးတွေဟာ သိပ်ကောင်းတယ်လို့ ထင်ပါတယ်။

ကိုယ်ကပဲ အဆိုးမြင်နေတာလား မသိ။ ဗုဒ္ဓဘာသာဝင် တော်တော်များများ လုပ်ဆောင်နေကြပုံတွေကိုလည်း ဘ၀င်မတွေ့လှပါဘူး။ ဘာသာရေးနဲ့ကိုယ့်ဘ၀ရပ်တည်ရေးကို မခွဲခြားတတ်ကြတာတွေက သိပ်များတယ်။ ကျောင်းသားတစ်ယောက်ဟာ ကျောင်းစာမလုပ်ဘဲ တရားနာ၊ တရားထိုင်တဲ့အလုပ်တွေပဲ ဖိလုပ်နေပြီဆိုရင် ပျက်စီးဖို့ရာခိုင်နှုန်းက များနေပြီ။ စီးပွားရေးသမားတစ်ယောက်ဟာ စီးပွားတိုးရာတိုးကြောင်းအလုပ်တွေကို ပစ်ထားပြီး ဘုရားသွားကျောင်းတက်နေရင် ဆုတ်ယုတ်ဖို့ များနေပြီ။ ဘာသာခြားတွေ ဘာသာရေးလုပ်တယ်ဆိုတာ သူ့အချိန်နဲ့သူ၊ သူ့စည်းနဲ့သူ ခြားပြီး လုပ်ကြတာ။ ဒါကြောင့်ပဲ သူတို့ တိုးတက်ကြတာလို့ ထင်ပါတယ်။

မလေးရှားနဲ့စင်္ကာပူကို ခရီးထွက်လိုက်တာ ၂-လနီးပါး ကြာမြင့်သွားခဲ့ပြီး ၂၉-ရက်နေ့ကျမှ လင်္ကာကျွန်းလေးကို ပြန်ရောက်တယ်။ မိခင်နိုင်ငံကို ပြန်ရသလိုပါပဲ။ အမှန်အတိုင်း ပြောရရင် မိခင်နိုင်ငံကို ပြန်ရတာထက်ကို ကြည်နူးမိတာ အမှန်ပဲ။ သူငယ်ချင်းတွေ အတော်များများလည်း ဒီလိုပဲ ခံစားမိကြတယ်တဲ့။ မအေးစဖူး အေးနေချမ်းနေတဲ့ လင်္ကာမြေပေါ်ကို ၂၉-ရက်နေ့ မနက် ၂-နာရီမှာ ခြေချမိတယ်။ လာကြိုတဲ့သူငယ်ချင်းတွေလည်း အနွေးထည်တွေနဲ့။ ၁-နာရီလောက် ကားစီးပြီးတော့ မြန်မာသံဃာတွေ မှီခိုရာ မဟာမကုဋာရာမကျောင်းတော်ကြီးကို ရောက်တယ်။ အားလုံးက အိပ်မောကျနေခဲ့ကြပြီ။ တိတ်တိတ်ဆိတ်ဆိတ် ၀န်းကျင်လေးနဲ့အတူ ရင်ထဲမှာ အေးချမ်းတိတ်ဆိတ်နေတော့တယ်။ တိတ်ဆိတ်နေတဲ့အခြေအနေထဲက လှုပ်ခတ်နေတဲ့အရာတစ်ခုတော့ ရှိနေခဲ့တယ်။ မတွေ့ရတာ ကြာမြင့်သွားပြီဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ ပြန်လည်တွေ့ရတော့ ပီတိလေးတွေကတော့ ကခုန်နေဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။

ခဏတာ နှုတ်ဆက်ပြီးတဲ့နောက် မကုဋာရာမရဲ့ ညောင်ပင်ကြီးအောက်မှာ သူငယ်ချင်းအချို့နဲ့ စကားစမြည် ပြောနေခဲ့တယ်။ တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ထဲက လှုပ်ခတ်နေတဲ့ အသံတစ်ခုက အသိစိတ်ကို လာနိုးနေခဲ့တယ်။ “ညောင်ရွက်ခတ်သံ”။ ဟုတ်တယ်။ ဗောဓိညောင်ပင်က ဝေစည်နေတဲ့ ညောင်ရွက်ခတ်သံလေးတွေက သာယာနေခဲ့တယ်။ ဘ၀မှာ နေခဲ့ရတဲ့ကာလတစ်လျှောက် အအေးမြဆုံးက သီရိလင်္ကာက ဒီညောင်ပင်အောက်ပါပဲ။ ဒီတစ်ခါတော့ ဒီညောင်ရိပ်နဲ့ အဝေးဆုံးမှာ အကြာကြီး သွားနေရတော့မယ်။ သူငယ်ချင်းတွေနဲ့ ဒီညောင်ပင်အောက်မှာပဲ အမိနိုင်ငံ လွတ်လပ်ရေးအတွက် ပြောဆိုဆွေးနွေးခဲ့ကြတယ်။ သူငယ်ချင်းတွေနဲ့ ဒီညောင်ပင်အောက်မှာပဲ ဘ၀လွတ်မြောက်ရေးအတွက် ဆွေးနွေးအားထုတ်ခဲ့ကြတယ်။ သူငယ်ချင်းတွေနဲ့ ဒီညောင်ပင်အောက်မှာပဲ ပညာရေးအတွက် ဆွေးနွေးသင်ယူခဲ့ကြတယ်။ ဒီညောင်ပင်အောက်မှာပဲ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာ စကားတွေ ဖောင်ဖွဲ့ခဲ့ကြတယ်။ ဘ၀ရဲ့ ဒိုင်ယာရီထဲမှာ သူငယ်ချင်းတွေရဲ့ ပုံရိပ်တွေ၊ စကားသံတွေက ညောင်ရွတ်ခတ်သံလေးတွေနဲ့အတူ လွင့်ပျံလာအုံးမယ်။

 “လာမယ့်နှစ်မှာ ပီနန်းကနေ လင်္ကာက ညောင်ရွက်ခတ်သံလေးကို အမြဲတမ်း နားစွင့်နေပါ့မယ်”



No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails