Tuesday, January 4, 2011

ထောင်ခဏ အတွေ့အကြုံ


လူတိုင်း ထောင်သို့ မသွားချင်ကြ။ ထောင်ဟူသော အသံကြားရုံမျှနှင့် စိတ်ထဲတွင် ထိတ်လန့်စိတ်များ ဖြစ်လေ့ရှိသည်။ ထိုထောင်များအနက်မှ အကျဉ်းထောင်ဟု ဆိုလိုက်လျှင် ပို၍ ဆိုးသေးသည်။ ငယ်ငယ်ကတည်းမှ စတင်ပြီး ယနေ့အချိန်အထိ ထောင်တွင်းသို့ တစ်ခါမျှ မရောက်ဖူးခဲ့။ ထောင်ဘေးမှ ဖြတ်သွားစဉ် ထောင်နံရံများနှင့် ထောင်ပေါ်မှ သံဆူးကြိုးများကို တွေ့မြင်ရတိုင်း စိတ်ထဲတွင် အမျိုးအမည် မကွဲပြားသော ခံစားချက်လေးက ဖြစ်ပေါ်လာစမြဲဖြစ်သည်။ ငယ်စဉ်က ထောင်ဟူသည်မှာ လူဆိုးလူမိုက်များကို အကျဉ်းချထားရာနေရာဟု သိခဲ့သည်။ နောက်ပိုင်းအနည်းငယ် ဗဟုသုတရှိလာသောအခါ ထောင်ဟူသည်မှာ လူဆိုးလူမိုက်များသာ မဟုတ်၊ လူကောင်းများလည်း (စိတ်ကောင်းရှိသူများလည်း) ရှိနေနိုင်သော နေရာဟု သိလာရသည်။ 

ထို့ထက်ပို၍ လောကအဖြစ်အပျက်များကို သိလာရသောအခါ လူရမ်းကား အုပ်ချုပ်သူများ ခေတ်တွင် မြင့်မြတ်သူများကို ထောင်သွင်းအကျဉ်းချထားတတ်ကြောင်း သိလာရပြန်သည်။ မြတ်စွာဘုရားရှင်၏ ဟောကြားချက်များထဲက အဖြစ်အပျက် ဇာတ်ဝတ္ထုများတွင်လည်း တိုင်းပြည်၏ ပညာရှိပုဂ္ဂိုလ်များကို အသိဉာဏ်နည်းပါးပြီး အာဏာမက်မောသော ဘုရင်များက အကောက်ကြံ၊ သတ်ဖြတ်၊ အကျဉ်းချခြင်းများ ပြုလုပ်ကြပုံများကို တွေ့ရသည်။ ထိုနည်းတူစွာ မြန်မာဟုခေါ်သော နိုင်ငံတွင်လည်း ထိုလုပ်ရပ်များကို မရေမတွက်နိုင်လောက်အောင် တွေ့နေရသည်။ အခြားတိုင်းပြည်အချို့တွင်လည်း ထိုလုပ်ရပ်များကို တွေ့နိုင်သည်။ မြန်မာနိုင်ငံသည်ကား အဆိုးဆုံးတိုင်းပြည်များအနက် တစ်ခု အပါအ၀င်ဖြစ်မည်မှာ သေချာလှသည်။ အဘယ့်ကြောင့်ဆိုသော် လက်ရှိအချိန်အထိ မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း၌ နိုင်ငံရေးအကျဉ်းသားပေါင်း ၂၂၀၀-ကျော် ရှိနေသည်။

အကျဉ်းချခံထားရသူများ အများစုမှာ တိုင်းပြည်ကောင်းရာမွန်ရာ၊ အများအကျိုးဆောင်ရွက်ကြသူများ ဖြစ်ကြသည်မှာ ထင်ရှားသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဆိုလျှင် ဘာပြစ်မှုမှ မရှိ၊ တိုင်းပြည်တွင်း တရားမျှတမှုများ စိုးမိုးရေးအတွက် လုပ်ဆောင်သူဖြစ်သည်။ သူ့ကိုသော်မှ နှစ်ပေါင်း ၂၀-ခန့် နေအိမ်အကျဉ်းချသည်။ လူစွမ်းကောင်းစိတ်ဓာတ်၊ မြင့်မြတ်သူတို့၏ နှလုံးသားနှင့် ဇွဲသတ္တိများ စသော သူတော်ကောင်းစိတ်ဓာတ်များ ပြည့်ဝသော ဆရာကြီး ဦးဝင်းတင်ကိုလည်း နှစ်ပေါင်း ၂၀-ကျော် ထောင်သွင်းအကျဉ်းချသည်။ တစ်ကိုယ်လုံး ကျိုးပဲ့အောင် ရိုက်နှက်နှိပ်စက်ရက်သည်။ သွားများကိုလည်း တစ်ချောင်းမကျန် ရိုက်ချိုးရက်သည်။ (ဆရာကြီးဦးဝင်းတင်၏ ဘာလဲဟဲ့...လူ့ငရဲ စာအုပ်ကို ဖတ်စေချင်သည်)။ ဦးဇာဂနာ၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဋ္ဌေးကြွယ်၊ ကိုမြအေး၊ မနီလာသိန်း၊ မစုစုနွေး...... အများကြီးမှ အများကြီး။ “သူတို့မှာ ဘာအပြစ်ရှိလဲ”လို့ မေးကြည့်။ တစ်တိုင်းပြည်လုံးက ချစ်နေကြဆဲပင် ဖြစ်ပါသည်။ အကျဉ်းခံသူများအား ဦးညွှတ်အလေးပြုနေကြဆဲပင် ဖြစ်ပါသည်။

သူတို့အား ကိုယ်ချင်းစာပါသည်။ သူတို့၏ ချစ်လှစွာသော မိဘများ၊ မိသားစုများ၊ ချစ်သူခင်သူများအား ကိုယ်ချင်းစာပါသည်။ သူတို့သည် သူတို့ရခဲ့သော လူ့ဘ၀ကို အများအကျိုးအတွက် ခန္ဓာကိုယ်အစိတ်အပိုင်းများကိုပင် စွန့်လှူရဲသော ဘုရားလောင်းစိတ်ဓာတ်ပိုင်ရှင်များ ဖြစ်ကြသည်။  

ယနေ့ လွတ်လပ်ရေးနေ့တွင် သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များက သူတို့၏ မြင့်မြတ်သောစိတ်ဓာတ်များကို ဂုဏ်ပြုချင်သည်။ သူတို့၏ တရားမျှတသောတိုင်းပြည်တစ်ခု ဖြစ်ပေါ်လာရေး အားထုတ်မှုများအတွက် အသိအမှတ် ပြုပေးချင်သည်။ ထို့ကြောင့် ကိုလံဘိုမြို့၊ ဝေဒိကတ၊ နယူမဂ္ဂဇင်းအကျဉ်းထောင်သို့ သွားရောက်ပြီး ထောင်သားများကို စားဖွယ်သောက်ဖွယ်များ ပေးလှူကြသည်။ မြတ်ဗုဒ္ဓ၏ ပရိတ်တရားတော်များ ရွတ်ဖတ်ပြီး မေတ္တာပို့၊ ဆုတောင်းအမျှဝေခြင်းများ ပြုလုပ်ပေးခဲ့ကြသည်။ နိုင်ငံတကာမှ အလှူရှင်များကလည်း အားတက်သရော ပါဝင်လှူဒါန်းကြသဖြင့် ၀မ်းမြောက်ဖွယ်အတိ ဖြစ်ခဲ့ရလေသည်။

နယူမဂ္ဂဇင်းအကျဉ်းထောင်တွင် အကျဉ်းသား ၂၀၀၀-ကျော်ရှိသည့်အနက် အခမ်းအနားသို့ အကျဉ်းသား ၆၀၀-ကျော် ၇၀၀-ခန့် တက်ရောက်ကြသည်။ အကျဉ်းထောင်ထဲတွင် သီရိလင်္ကာသားတို့၏ မဟာဗောဓိပင်နှင့် စေတီလေးကို ဖူးမြင်ရသဖြင့် ၀မ်းသာခဲ့ရသည်။ အကျဉ်းထောင်တာဝန်ရှိသူများကလည်း ယဉ်ကျေးပျူငှါစွာဖြင့် အခမ်းအနားကို ကျင်းပပေးသည်။ အကျဉ်းထောင်အတွင်း ဓာတ်ပုံရိုက်ခွင့် မရှိသဖြင့် မှတ်တမ်းများတော့ မပြုလုပ်နိုင်ခဲ့ကြပါ။

အခမ်းအနားတွင် မိမိက ၁၀-မိနစ်တာ စကားပြောခွင့်ရသဖြင့်လည်း ၀မ်းသာရပါသည်။ သီရိလင်္ကာဘုန်းတော်ကြီး ဦးသုဂတာနန္ဒက သီရိလင်္ကာဘာသာစကားဖြင့် ပြန်လည်မိန့်ကြားသည်။ ပြီးလျှင် ပရိတ်ကြိုးများကို အကျဉ်းသားတစ်ဦးစီကို လိုက်လံချည်ပေးကြသည်။ ထို့နောက် အစားအသောက်များကို ဝေငှပေးလှူကြသည်။ အကျဉ်းသားများလည်း ပျော်ရွှင်စွာ လက်ခံကြသည်။ တာဝန်ရှိသူများကို နှုတ်ဆက်ပြီး ညနေ ၄-နာရီခန့်တွင် မကုဋာရာမမြန်မာကျောင်းတော်သို့ ပြန်လာခဲ့ကြသည်။

ထောင်တွင်း အခမ်းအနားမှ အပြန်လမ်းတွင် စိတ်ကူးထဲမှာ မြန်မာနိုင်ငံ၊ အကျဉ်းထောင်များအတွင်းရှိ မြန်မာ့နိုင်ငံရေးအကျဉ်းသားများကို မြင်ယောင်မိသည်။ အမြန်ဆုံး လွတ်မြောက်နိုင်ပါစေကြောင်း အခါခါ ဆုတောင်းမိပါသည်။ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေဟူသော စာသားလေးက ရင်ထဲတွင် ပဲ့တင်ထပ်နေခဲ့ပါသည်။

3 comments:

zue said...

မင်းဆိုးမင်းညစ်တွေ အုပ်စိုးတဲ့ တိုင်းပြည်မှာ လူကောင်းတွေလည်း ထောင်ကျနိုင်တာပဲ.. ဗမာပြည်မှာတော့ ထောင်ကျရတာ သိပ်မဆန်းတော့ သလိုပါပဲ ဘုရား..

Aye Nandar Aung said...

တပည့်တော်မိတ်ဆွေနိုင်ငံရေးမှုနဲ့မြန်မာပြည်မှာ ထောင်ကျတုန်းက သူ့အသက်က ၂၀တောင်မပြည့်သေးပါဘုရား။ သူကတော့ နားရွက်လေး အလှီးခံလိုက်ရပါတယ်ဘုရား။ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းကြပါစေလို့ပဲ ဆုတောင်းလိုက်ပါတယ်ဘုရား။

Nge Naing said...

လူအချင်းချင်း နှိပ်စက်ခြင်း ကင်းကြပါစေလို့ ထပ်တူဆုတောင်းသွားပါတယ် ဘုရား။

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails