Tuesday, November 16, 2010

မလေးရှားမှာ ဘေးစကားတွေ ပြောနေတယ် (၃)

တောင်ကုန်းပေါ်က ကျောင်းကြီးက အတော်ဟောင်းနေပြီ။ အသစ်ပြန်လည် ပြုပြင်ထားတာ မရှိဘူး။ ဘုရားကျောင်းနံရံကြီးက အထူကြီး။ အမိုးမရှိတော့ဘူး။ ပေါ်တူဂီစာလား၊ ဒတ်ခ်ျစာလား မသိတဲ့ ကျောက်စာတွေ ရှိတယ်။ ထူးခြားတာကတော့ (ကိုယ့်အတွက်ပေါ့လေ) ဘုရားကျောင်းထဲမှာ ဂစ်တာတစ်လက်နဲ့ သီချင်းဆိုနေတဲ့ သူတစ်ယောက်။ သူက အင်္ဂလိပ်သီချင်းတွေကို ဟန်ပါပါနဲ့ဆိုနေတာ။ အနောက်တိုင်းသားတွေတောင် အငေးသားနဲ့ ၀ိုင်းနားထောင်နေကြတယ်။ သူ့ရှေ့ချထားတဲ့ အင်္ကျီပေါ်မှာ ပိုက်ဆံလေးတွေ ချသွားကြတယ်။ ဘုရားကျောင်းနံရံအထူကြီးတွေကြောင့်လား မသိဘူး။ သူ့အသံက အရမ်းကို ကောင်းနေတယ်။ သီချင်းနှစ်ပုဒ်လောက်ပြီးတဲ့အထိ ရပ်ငေးခဲ့တယ်။ စိတ်ထဲမှာ ထူးအိမ်သင်ကြီးလိုလို (စိတ်ထဲမှာ စွဲမိတဲ့ အနုပညာသည်ဆိုလို့ကလည်း ထူးအိမ်သင်တစ်ယောက်သာ ရှိတာ။ အမှန်တရားဘက်က ရဲရဲဝံ့ဝံ့ ရပ်တည်ရဲတဲ့ အနုပညာသည် ခပ်ရှားရှားထဲက တစ်ယောက်ဖြစ်လို့လည်း ပါတာပေါ့) မြင်ယောင်မိတယ်။

၁၁-နာရီကျော်တော့ ဆွမ်းချိန်ရောက်ပြီမို့ ထမင်းဆိုင် လိုက်ရှာတယ်။ ဘ၀မှာ တစ်ခါမှ မမြင်ခဲ့ဖူးတဲ့ မြင်ကွင်းတစ်ခု တွေ့ခဲ့တယ်။ ထမင်းဆိုင်တွေ ရှေ့မှာ လူတန်းကြီး။ ထမင်းတစ်ခါစားဖို့အရေး တန်းစီစောင့်နေကြတာပေါ့။ ခြေသွက်လက်သွက်ရှိတဲ့ ကိုသူရက ရှေ့သွားပြီး တစ်ဝိုင်းယူလိုက်လို့ တန်းမစီလိုက်ရဘူး။ တရုတ်အစားအစာတွေ စားခဲ့တယ်။ ထမင်းဆိုင်တိုင်းရှေ့မှာ လူတန်းကြီးတွေက ပိုများလာတယ်။ စားပွဲထိုးလေးက မြန်မာ။ နိုင်ငံရပ်ခြားမှာ မြန်မာတွေ ဒီလို လုပ်နေတာတွေ့ရင်ကို စိတ်ထဲမှာ အတော်ဝမ်းနည်းမိတာ။ တို့မြန်မာတွေ။ သာကီမျိုးဟေ့ ဒို့ဗမာတွေ အော်လိုအော်။ ပုဂံမြို့ဟောင်းကြီး ကြည့်ပြီး မာန်တွေ တက်လိုတက်။ ဘယ်လောက်တောင် နောက်ကျကျန်ရစ်နေခဲ့ပြီလဲ။ အော် တို့မြန်မာတွေ ဘယ်တော့များမှ နိုးကြားလာကြမှာလဲ။

ပြီးတာနဲ့ ပေါ်တူဂီသင်္ဘောဟောင်းကြီးကို သွားကြည့်တယ်။ သစ်သားအထူကြီးတွေနဲ့ လုပ်ထားတာ။ လေးထပ်ရှိတယ်။ အခုချိန်ထိ ခိုင်ခန့်နေဆဲပဲ။ သင်္ဘောကြီးဆီ သွားတဲ့လမ်းဘေးမှာ ထိုင်စရာလေးတွေ့လို့ ထိုင်နေတယ်။ ကောင်မလေးနှစ်ယောက်။ ကွက်ကြည့်ကွက်ကြည့် လုပ်နေတယ်။ နှုတ်ဆက်ချင်ပုံ ရပါတယ်။ နှုတ်ဆက်ချင်ရင် လာလိမ့်မယ်ပေါ့။ မရယ်မပြုံးဘဲ နေလိုက်တယ်။ နောက်က ဦးဇင်းတွေနဲ့ အမေကြီးတို့လာမှ ခပ်လှမ်းလှမ်းမှာ စကားပြောနေကြတာ တွေ့ရတယ်။ ဘေးက ဦးဇင်းကလည်း မြန်မာကောင်မလေးတွေ ထင်တယ်။ သွားစကားပြောလိုက်မယ်ဆိုပြီး ထသွားတယ်။ မိနစ် ၂၀-ခန့် ရှိမယ်။ လမ်းသွားလမ်းလာတွေ ကြားမှာ သူတို့က ဒူးတုပ်ပြီး လက်အုပ်လေးတွေ ချီလို့ပေါ့။ သူတို့တွေ စကားပြောနေကြတယ်။ အတော်ဝမ်းသာနေကြတဲ့ပုံပါပဲ။

အတူပါတဲ့ ဦးဇင်းက ပြောတယ်။ သူတို့က အောက်ပိုင်း မအူပင်ဘက်ကတဲ့။ သနားစရာကောင်းပါတယ်ကွာ။ အလုပ်ကလည်း အရမ်းပင်ပန်းတယ်တဲ့။ ပိုက်ဆံလည်း သိပ်မရဘူးတဲ့။ ဘုန်းကြီး မဖူးရတာလည်း ကြာပြီတဲ့။ ကိုယ်တို့ကို တွေ့တော့ အတော်ဝမ်းသာနေကြတာ။ အခု တို့ နှုတ်ဆက်တော့ မျက်ရည်လေးတွေ တစမ်းစမ်းနဲ့။ စိတ်မကောင်းစရာပါပဲကွာ။ အေးပေါ့လေ….. ကိုယ့်နိုင်ငံက မကောင်းတော့လည်း ဒီလိုပဲပေါ့။ သူက ပြောရင်းနဲ့ သက်ပြင်းရှည်ကြီး ချလိုက်သေးတယ်။ (တကယ်တော့ သွားတာ နှုတ်မဆက်တာ၊ သူတို့ကို မြင်ကတည်းက ကိုယ်လည်း သက်ပြင်းချနေမိတာ)။

ကိုယ်က ရှေ့ဆုံးကပေမယ့် နှုတ်မဆက်ဖြစ်တာကလည်း အကြောင်းရှိပါတယ်။ ကိုယ့်သဘာဝကိုက အရင်ဆုံး နှုတ်ဆက်ရတာ သိပ်မလုပ်ချင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်က နှုတ်ဆက်ပြီး တလေးတစား၊ ရင်းရင်းနှီးနှီး စကားပြန်မပြောရင် ကိုယ်က အရမ်းနာကျင်တတ်တယ်။ အရင်က ပြည်ပတွေ့တဲ့ မြန်မာဆိုတော့ ရင်းရင်းနှီးနှီး နှုတ်ဆက်တာပေါ့။ ဒါပေမယ့် မသိချင်ယောင်ဆောင်နေတာ ခံရဖူးတယ်။ အဲဒီနောက်မှာ ကိုယ်ကို လာနှုတ်မဆက်တဲ့ ဒကာ၊ ဒကာမ၊ လူငယ်၊ လူကြီး ဘယ်သူ့ကိုမှ စနှုတ်မဆက်တော့ဘူး။ နောက်ပြီး မလေး၊ စင်္ကာပူမှာက အချို့မြန်မာတွေက သူတို့ကို နှုတ်ဆက်တာနဲ့ အလှူခံမလား၊ အလှူခံဘုန်းကြီးဆိုတဲ့ မျက်လုံးတွေနဲ့ ကြည့်တတ်ကြတယ်။ ဒါမျိုးလည်း ကိုယ်မကြိုက်ဘူး။ သူတို့လေးတွေရဲ့ အလုပ်ကာလတစ်လျှောက် အဆင်ပြေချောမွေ့စွာနဲ့ ပြီးဆုံးသွားကြပါစေလို့တော့ ဆုတောင်းမိပါတယ်။

လမ်းမှာ တိရစ္ဆာန်ရုံတစ်ခုကို ၀င်တယ်။ သိပ်အထူးအဆန်းတွေတော့ မရှိလှဘူး။ မြန်မာနိုင်ငံနဲ့စာရင် ရှိတဲ့သတ္တ၀ါလေးတွေ ၀၀ဖြီးဖြီး ရှိနေကြတာပဲ ထူးပါတယ်။ နေက အရမ်းပူတော့ မောနေကြပြီ။ အမေကြီးဆို မလိုက်နိုင်တော့ဘူး။ ၂-နာရီခန့်လောက် သွားလိုက်တော့ နှံ့သွားတယ်။ ကားပေါ်လည်းရောက်ရော အိပ်ပျော်သွားကြတယ်။ လမ်းမှာ ပိန်ချုံ့နေတဲ့ကားလေးတစ်စီးရယ်၊ ပက်လက်လှန်ပြီး သိကြားမင်းကို မထေမဲ့မြင်ပြုနေတဲ့ ကုန်ကားကြီးတစ်စင်းရယ်၊ အနည်းငယ်ပိန်သွားတဲ့ ကားလေးတစ်စီးရယ် တွေ့လိုက်ရတယ်။ ဘုရားတခဲ့ရတယ်။ အချို့ကားတွေက တစ်နာရီကို ကီလိုမီတာ ၁၆၀-နှုန်း မောင်းကြသတဲ့လေ။ တစ်ခုခုဖြစ်လို့ကတော့ အစအနတောင် ရှာရပါ့မလား။ လမ်းတွေက အရမ်းကောင်းတော့ အရမ်းမောင်းကြတယ်ဆိုပဲ။ မလကာက ပြန်ခဲ့တယ်။ ကျောင်းပြန်ရောက်တော့ နေပူဒဏ်ကြောင့် ထင်တယ်။ ခေါင်းက အတော်လေး ကိုက်နေတယ်။ ဒီလောက်တောင် ခံနိုင်ရည်နည်းရလားဆိုပြီး မကျေနပ်ဘူး။ ဒါနဲ့ ကတ်ပုံးကို ဆန်အိတ်တွေ သွားသယ်မယ်လိုက်မလားဆိုတော့ ကိုယ့်ခေါင်းကို အမြင်ကပ်လို့ ခေါင်းကိုက်ကိုက်နဲ့ လိုက်သွားတယ်။ ညက မောပေမယ့် အတော်နဲ့ မအိပ်ခဲ့ဘူး။ အပြင်မှာ မိုးတွေ ရွာနေသလိုပဲ။

Sunday, November 14, 2010

အမေနဲ့သား၊ ပြည်သူနဲ့အမေ

" နိုင်ငံအတွက် အမျိုးသား ရင်ကြားစေ့ရေးတွက် ဆက်လုပ်မယ်၊ ဒီမိုကရေစီ အစုဖွဲ့တွေနဲ့ ဆက်လုပ်မယ်၊ အတူတူ လက်တွဲလုပ်ကြမယ်၊ NLD တစ်ခုတည်း မလုပ်ဖူး၊ ပြည်သူက ဘေးက ဝန်းရံပေးကြပါ။ ကျွန်မတို့ ပြည်သူတွေနဲ့ အတူ လက်တွဲလုပ်ကြမယ် "

" ရွေးကောက်ပွဲဝင်တဲ့ ဒီမိုကရေစီ အဖွဲ့ဝင်တွေကိုလည်း အမြဲတမ်း တံခါးဖွင့်ထားပါတယ်၊ ရွေးကောက်ပွဲဝင်တာ၊ မဝင်တာ ဘာမှ မပြောလိုပါဘူး၊ အမြဲတန်း လက်တွဲဖို့ အသင့်ပါပဲ ... "


" အမျိုးသားရင်ကြားစေ့ရေး အရင်လုပ်မယ်၊ ဘယ်သူနဲ့မဆို စကားပြောချင်တဲ့သူတွေနဲ့ လုပ်ပါမယ်။ ပြည်သူ့ အကူအညီ လိုအပ်ပါတယ်။ ဘယ်လိုလုပ်မယ်ဆိုတာ ပြည်သူကို အသိပေးပါမယ်။ ဒီကိစ္စကို ဆွေးနွေးပြီးရင် လုပ်ပါမယ်။ ဒီမိုကရေစီ အစုဖွဲ့တွေနဲ့ အားလုံးနဲ့အတူ လုပ်ပါမယ်။ ပြည်သူက ဝန်းရံပေးကြပါ "


" ပြည်သူအသံ နားထောင်ချင်ပါတယ်။ ပြည်သူ ယုံကြည်မှု ရအောင် လုပ်မယ် "

" ထိန်းသိမ်းတဲ့ ပုဂ္ဂိုလ်များကို မမုန်းပါဘူး။ ဘာ အာဃာတမှ မရှိပါဘူး။ သူတို့ကို မုန်းဖို့ အချိန်မရှိပါဘူး "

" သတ္တိဆိုတာ စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ ကိုယ်လိုချင်တာ ရအောင်လုပ်တာကို သတ္တိလို့ ခေါ်ပါတယ်။ Hero ဆိုတာ စိတ်ဝင်စားရင် ရုပ်ရှင်ကြည့်ပါ။ ကျွန်မ Hero မဟုတ်ဘူး "

" ဒီမိုကရေစီ အခြေခံဆိုတာ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ပါ။ လွတ်လပ်စွာ ဆဲဆိုပိုင်ခွင့်နဲ့ မတူပါဘူး။ နားလည်အောင် ပြောတတ်ဖို့ အရေးကြီးပါတယ်။ အမြင်ချင်းဖလှယ် ရမယ်။ လေ့ကျင့်ယူရမယ် "

" ပြည်သူတွေက မျှော်လင့်ချက်နဲ့ အားပေးတာဟာ ဝန်ထုပ်ဝန်ထိုးပါ။ ဒါဟာ တာဝန်ကြီးပါတယ်။ ကျွန်မ တာဝန်ကို မကြောက်ပါဘူး။ တာဝန်မကျေမှာကိုပဲ ကြောက်တယ်။ တာဝန်ကျေအောင် ကြိုးစားပါ့မယ်။ ပြည်သူ့တွေက ကူညီကြပါ၊ ထောက်ပြကြပါ။ စေတနာမှန်နဲ့ ထောက်ပြတာ အင်မတန် အထောက်အကူဖြစ်ပါတယ် ... "
 

" အခု လူတွေလက်ထဲမှာ ကင်မရာဖုန်းတွေ အများကြီးတွေ့ရတယ်။ ဒါဟာ ဆက်သွယ်ရေး တိုးတက်လာတာပါ။ ကျွန်မ မနေ့က ပထမဆုံး သုံးဖြစ်တယ်။ ဖုန်းသုံးတာ ပါးစပ်ကို ဘယ်မှာ ထားရမလဲ မသိဘူး "

" စိတ်ဓာတ် ခိုင်ခိုင်မာမာ ထားကြပါ၊ မြန်မာတွေကို ကောက်ရိုးမီးလို့ ပြောတာ ကျွန်မ မကြိုက်ဘူး။ လူဖြစ်လာရင် လူ့သိက္ခာ ရှိရမယ်၊ လူ့အခွင့်အရေး ရှိရမယ်၊ လူရယ်လို့ ဖြစ်လာရင် မွေးရာပါ ဂုဏ်သိက္ခာ ရှိတယ်၊ ထိန်းသိမ်းရမယ်၊ တစ်ဖက်သက် မပြောဘူး ... "
http://www.mmdailynews.com ဆိုက်မှ ကူးယူဖော်ပြပါသည်။

Friday, November 12, 2010

မလေးရှားမှာ ဘေးစကားတွေ ပြောနေတယ် (၂)

သာသနာ့အောင်စည်ကျောင်း။ ဘလက်ကောင်းမှာ ရှိတယ်။ သီရိလင်္ကာမှာ စာသင်သွားခဲ့တဲ့၊ သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ (MSMA) ဥက္ကဋ္ဌဟောင်းတစ်ပါးလည်းဖြစ်တဲ့ ဦးသြဘာသ ဦးစီးတည်ထောင်ထားတာ ဖြစ်တယ်။ သိတဲ့အတိုင်း မလေးရှားဆိုတော့ ကျောင်း, ကန်, ဘုရားရယ်လို့တော့ မဆိုသာဘူးပေါ့။ တိုက်ခန်းကတော့ အထိုက်အလျောက် ကျယ်ဝန်းပါတယ်။ လင်္ကာက မဟာမကုဋာရာမမြန်မာကျောင်းလိုတော့ အေးချမ်းတဲ့လေထု၊ သန့်ရှင်းလတ်ဆတ်တဲ့ ရနံ့တွေတော့ မရနိုင်ဘူးပေါ့။ ပန်ကာတွေ တ၀ှီးဝှီး လည်ပတ်မောင်နှင်နေကြတာကိုက မွန်းကြပ်လှတယ်။ ဦးဇင်း ပျင်းနေပြီလား။ မပျင်းပါဘူးဗျာ။ နည်းနည်းပါးပါးပါ။ တောင်မြောက်ထွေရာလေးပါး ပြောနေတဲ့အသံတွေကို နားထောင်နေတယ်။ ဘာမှတော့ ၀င်မပြောဖြစ်ဘူး။

မလေးရှားမှာ တက္ကစီပေါ်မှာ၊ ဘတ်စကားပေါ်မှာ၊ လမ်းပေါ်မှာ ဓားပြတိုက်တာတွေ အလွန် တိုးပွားနေတယ်ဆိုပဲ။ လူတွေများတဲ့ ဘတ်စ်ကားပေါ်တောင် အနီးကပ် ဓားကပ်ပြီး တိုက်တယ်ဆိုပဲ။ ဓားပြတိုက်တာ ဘယ်လူမျိုးတွေ များလဲလို့ မေးကြည့်တော့ အိန္ဒိယနဲ့မလေးတွေ များသတဲ့။ မြန်မာမ လေးတွေ အဓမ္မကျင့်ခံရတဲ့ သတင်းတွေကလည်း ရှိ။ ရွှေမြန်မာတွေ အသတ်ခံရတဲ့ သတင်း။ အနိုင်ကျင့်ခံရတဲ့ သတင်း။ မြို့လည်ခေါင်ကြီးမှာ ဓားပြတိုက်ခံရတဲ့ သတင်း။ အေးဂျင့်က ကလိမ်ကကျစ်လုပ်လို့ ဒုက္ခရောက်နေသူတွေရဲ့ သတင်း။ ကိုရွှေတွေ အပျော်လွန်လို့ ကုမရရောဂါနဲ့ သေဆုံးသွားတဲ့ သတင်း။ အောက်ကျနောက်ကျ အလုပ်တွေ အခိုင်းခံနေရတဲ့ သတင်း။ မြန်မာအချင်းချင်း ခေါင်းပုံဖြတ် လိမ်လည်နေကြတဲ့ သတင်း။ လမ်းမပေါ်က ဆပ်ပြာတစ်ခဲ ကောက်ရတဲ့သတင်း။ ဆွဲကြိုးလုယူ ခံလိုက်ရတဲ့ သတင်း။ ဆိုင်ရှင်က အကြွေပြန်မအမ်းလို့ စိတ်ညစ်နေကြတဲ့ သတင်း။

ရွေးကောက်ပွဲ မသမာမှုတွေရှိလို့ စိတ်ပျက်နေကြတဲ့ သတင်း။ တစ်နိုင်ငံလုံး သဘောကျလှပါတယ်လို့ ပြောသူ တော်တော်ရှာရခက်ပေမယ့် ကြံဖွတ်ပါတီ အနိုင်ရနေတယ်ဆိုတဲ့ သတင်း။ ရေအေးစက်ပျက်သွားလို့ ရေသောက်ရတာ အရသာမရှိဘူးဆိုတဲ့ သတင်း။ ဂိရိမုန်တိုင်းကြောင့် သောက်ရေသန့်ပြတ်လပ်နေတယ်ဆိုတဲ့ သတင်း။ ဘာအကြောင်းပြချက်မှ မရှိဘဲ ကောင်မလေးက ခွဲခွာသွားတယ်ဆိုတဲ့ သတင်း။ မြန်မာမှာ သားမယားတွေရှိနေပေမယ့် မလေးမှာ အသစ်ကောင်မလေးတွေနဲ့ နေထိုင်နေတယ်ဆိုတဲ့ သတင်း။ မြန်မာက အတော်အသင့် ချမ်းသာသူများက ဒုက္ခသည်မဟုတ်ဘဲ ဒုက္ခသည်ကဒ်ကို ရယူပြီး တတိယနိုင်ငံသို့ သွားနေကြတယ်ဆိုတဲ့ သတင်း။ ဟတ်ထိတဲ့ သတင်း။ ဟတ်မထိတဲ့ သတင်း။ သတင်း…သတင်း…သတင်း…အောင်မလေးဗျလို့ အော်ရလောက်တဲ့ သတင်းတွေ။ ပိုက်ဆံသာ ချမ်းသာလို့ကတော့ ကတ်တီးယားစိန်တိုက်ကြီးကို မ၀ယ်ချင်ဘူး … ကိုရွှေမြန်မာတွေ ခံစားနေရတဲ့သတင်းတွေကို အကုန်ဝယ်ပစ်ချင်တယ်။ ရောက်ရောက်ချင်း သတင်းတွေက ပုခုံးပေါ် ပိကျလာခဲ့တယ်။

မနက်ဖြန် တို့ မလကာကို သွားကြမယ်။ ကားနှစ်စီးနဲ့။ အော် … မလကာဆိုတာ ကိုယ်လာတုန်းက လေယာဉ်အတူစီးခဲ့တဲ့ တရုတ်ဒကာနေတဲ့ မြို့ပဲ။ သူ့လိပ်စာကဒ်ပျောက်သွားတော့ ဘာမှ လုပ်မရဘူး။ ရောက်ရောက်ချင်းကြီးဆိုတော့ လိုက်မယ်လို့ မပြောလိုက်ဘူး။ ည အိပ်ယာဝင်တော့ မနက်ဖြန် မလကာကို လိုက်သွားပါလား။ ကားလည်း ချောင်တယ်တဲ့။ အော် … ကားချောင်ရင်တော့ လိုက်ခဲ့မယ်ဆိုပြီး ပြောလိုက်တယ်။ ဦးဇင်းငါးပါးနဲ့ ကိုမိုးကြီးတို့ ဇနီးမောင်နှံ။ ကိုသူရတို့ ဇနီးမောင်နှံ၊ မြန်မာနိုင်ငံက အဖွားတစ်ယောက်။ ပြေပြစ်နေတဲ့ လမ်းမပေါ်မှာ ကားလေးက ငြိမ့်နေတယ်။ ခရီးသွားထားတဲ့ အရှိန်နဲ့ ကားပေါ်ရောက်တာနဲ့ ခေါင်းကလေးညိတ်ရင်း အိပ်ပျော်သွားတယ်။ ၁-နာရီခွဲခန့်လား။ ၂-နာရီလောက်လား သေချာမသိတဲ့အချိန်မှာ မလကာကို ရောက်ခဲ့တယ်။ ပြတိုက်ထဲဝင် (ဘာပြတိုက်လဲဆိုတာတော့ ကင်မရာထဲ ကြည့်မှ သိတော့မယ်)ကြည့်။ ခေတ်ဟောင်းက မလေးရှား ယဉ်ကျေးမှုတွေ။ ကိုလိုနီခေတ်။ ဒတ်ခ်ျ၊ ပေါ်တူဂီ၊ အင်္ဂလိပ်ခေတ်က အခြေအနေတွေကို တင်ပြထားတယ်။ အချို့သမိုင်းတွေကို ကိုသူရဇနီး ဆာဘားသူလေးက မပီကလာပီကလာနဲ့ ရှင်းပြတယ်။ အစကတော့ မြန်မာတိုင်းရင်းသူလေးလို့ ထင်နေတာ။ ခေတ်ဟောင်းတေးသီချင်းတွေ ဆိုနေတဲ့ပြကွက်နားရောက်တော့ “ဦးဇင်း သီချင်း လုပ်နေကြတာ ကြည့်ပါအုံး”တဲ့။ “ဗျာ..ဘာတဲ့…သီချင်းဆိုနေကြတာ ပြောစမ်းပါ”ဆိုမှ ဇာတိမှန် ပေါ်တော့တယ်။ မြန်မာစကားပရိယာယ်တွေ မသိရှာသေးဘူးလေ။

ကျွန်းသစ်လို့ ထင်ရတဲ့ သစ်ပြားအခင်းကြီးတွေနေရာရောက်တော့ “ဟိုတုန်းက ဒို့ရွာက အိမ်တွေမှာ ဒီလို သစ်ပြားအခင်းကြီးတွေနဲ့”လို့ အတူပါသူ နောင်တော်ကြီး ဦးစန္ဒောက ပြောတယ်။ ဟုတ်ပ။ တို့ရွာမှာလည်း ဟိုတုန်းက သစ်သားအိမ်ကြီးတွေနဲ့လေ။ အိမ်တိုင်ကြီးတွေဆို လုံးပတ်အကြီးကြီးတွေ။ အိမ်ဆောက်ချင်ရင် ရွာ့တောင်ဘက် တောထဲသွားခုတ်လှဲလိုက်ရုံပဲ။ အခုတော့ …. အခုတော့ ….။ ပဲခူးရိုးမတောင်တန်းကြီးတောင် သွေ့ခြောက်နွမ်းကြေလို့။ ကျောကုန်းမှာ ဒဏ်ရာဗရဗွနဲ့။ အမေ့ကို လွမ်းလိုက်တာ။ အမေနဲ့သာဆို ပဲခူးရိုးမတောင်တန်းကြီး ပြန်လည်စိမ်းလန်းလာကောင်းရဲ့။ အချိန်တွေကို ထိတ်လန့်လာမိတယ်။

ဟေ့ … ခဏနေကြအုံး။ အဖွားက မောလို့တဲ့။ အသက်က ၇၂-နှစ်ဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့။ ကျန်တဲ့လူမပြောနဲ့။ ကိုယ်တောင် သုံးဆယ်မရှိသေးဘူး။ နည်းနည်းမောချင်တယ်။ ဟိုယခင် အသက် ၂၀-၀န်းကျင်အရွယ်နဲ့တော့ မတူတော့တာ သေချာတယ်။ စစ်သားမဟုတ်လို့ စစ်မတိုက်ရပေမယ့် အခြားအတွေးအခေါ်၊ အယူအဆတိုက်ပွဲတွေ အမြဲတိုက်နေချင်တဲ့စိတ်လည်း အားနည်းနေတယ်။ ဘ၀ကို အေးအေးဆေးဆေး ဖြတ်သန်းလိုစိတ်တွေပဲ လွှမ်းမိုးနေတယ်။ ဒါပေမယ့် မတရားတာမြင်ရင် ကြည့်မနေချင်ဘူး။ အမြဲတမ်း တရားဘက်ကနေ ရပ်ချင်တယ်။ ဘောလုံးပွဲကြည့်ရင်တောင် ကိုယ်အားပေးတဲ့အသင်းက မမျှမတ ကစားရင် ချက်ချင်းဘက်ပြောင်းပြီး အားပေးတယ်။ ဒီစိတ်နဲ့ပဲ ဘ၀မှာ အတိုက်အခံတွေ ပေါ်လာတယ်။ ခပ်ညံ့ညံ့လူတွေရဲ့ အမုန်းကို ခံရတယ်။ ဒါကြောင့်ပဲ သစ္စာနီရဲ့ “ခပ်ညံ့ညံ့လူများ မုန်းတီးမှုကို ကျွန်တော်ကြိုက်၏”ဆိုတဲ့စကားကို သဘောခွေ့သွားခဲ့တာ။

“အမေ ဒီနားက အရိပ်ထဲမှာ နေခဲ့မယ်။ သားတို့ပဲ သွားကြတော့လေ” (သူက သူ့ကိုယ်သူ အမေလို့ပဲ သုံးနှုန်းပြောဆိုတယ်။ ဦးဇင်းတွေကိုလည်း သားလို့ပဲ ခေါ်တယ်)။ ဟုတ်ပါပြီ။ အဲဒီတောင်ပေါ်က ချာပ်ခ်ျကျောင်း (ခရစ်ယာန်ဘုရားရှိခိုးကျောင်း)ကို သွားကြည့်ကြမယ်။ ပြန်လာရင် အမေ့ကို ပြန်ခေါ်မယ်နော်။ တောင်ကုန်းလေးပေါ် တက်လိုက်ကြတယ်။ တောင်ကုန်းတက်ရာလမ်းဘေးမှာ ပန်းချီကားရေးသူတွေ၊ ကလေးအရုပ်ရောင်းသူတွေ၊ ၀ီစီရောင်းသူတွေ….ရှိတယ်။ ပန်းချီဆွဲနေတဲ့ အဘိုးကြီး နားရောက်တော့ ….. hay…I know you are all Burmese. Military Junta…hahaha Military Junta … very bad… very terrible… I know Daw Aung San Su Kyi… she is a very wonderful woman….she is now in prison… I m very sorry….လို့ လှမ်းအော်နေတယ်။ ရင်ထဲမှာ လှိုက်ဖိုလာတယ်။ အမေရယ် …. လောကမှာ သစ္စာတရားတွေ ခါးသက်နေတာ ဘယ်လောက်တောင် ကြာနေပြီလဲ။
  
ချာခ်ျကျောင်းအဟောင်းကြီးထဲမှာ
ဆက်ပါအုံးမည်....

Monday, November 8, 2010

မလေးရှားကနေ ဘေးစကားတွေ ပြောမယ်


အသစ်မတင်တာ နည်းနည်း ကြာသွားတယ်။ ခရီးသွားရင်းဆိုတော့ စာလည်း ဟုတ်တိပတ်တိ မရေးဖြစ်ဘူး။ ခရီးသွားရတာဖြစ်တဲ့အတွက် နေရာအသစ်၊ ၀န်းကျင်အသစ်ဆိုတော့ စိတ်က စာရေးဖို့ အဆင်သင့် ဖြစ်မနေခဲ့ဘူး။ တွေတွေဝေေ၀လိုလို၊ ထိုင်းထိုင်းမှိုင်းမှိုင်းလိုလို။ ဆိုတော့ စိတ်က မသွက်တော့ စာကလည်း နည်းနည်းတော့ လေးနေလိမ့်မယ်။ မနှစ်က မလေးရှားကို ခရီးတစ်ခေါက် ထွက်ဖြစ်ခဲ့တယ်။ အဲဒီတုန်းကတော့ အလည်သက်သက်ခရီး၊ ဘာအလုပ်မှ မရှိခဲ့ဘူး။ ဒီနှစ်တော့ အလုပ်လေးနည်းနည်းပါလာတယ်။ မနှစ်က သွားပြီးသားဖြစ်တာရယ်၊ အခြားအခြားသော အကြောင်းတွေရယ်ကြောင့် တကယ်ဆို ဒီခရီးကို သိပ်မသွားချင်တော့ပါဘူး။ ခရီးထွက်တယ်ဆိုတာ ရှိတော့ ရှိသင့်ပါတယ်။ ခရီးထွက်ခြင်းအားဖြင့် အတွေ့အကြုံများစွာ ရရှိနိုင်ပါတယ်။ ငယ်ငယ်ကတည်းက ခရီးထွက်ရတာ ၀ါသနာကြီးပါတယ်။

မနှစ်ကတော့ ခရီးက အသစ်ဆိုတော့ စိတ်ကလည်း နည်းနည်းလှုပ်လှုပ်ရှားရှားပေါ့။ ဒီနှစ်တော့ သိပ်မထူးလှပါဘူး။ ရန်ကုန်မန္တလေး ခရီးသွားရသလိုပါပဲ။ အောက်တိုဘာ ၂၆-ရက်နေ့မှာ လေယာဉ်လက်မှတ် သွားဖြတ်ခဲ့တယ်။ နိုဝင်ဘာ ၄-ရက်နေ့က လက်မှတ်ဈေးကလည်း မဆိုးဘူးဆိုတော့ ဖြတ်လိုက်တယ်။ သွားမယ့်ရက်အရင် တစ်နေ့က သူငယ်ချင်းတစ်ပါးက သူနဲ့ ရင်းနှီးတဲ့ မလေးရှားနိုင်ငံ၊ မလကာမြို့က တရုတ်ဒကာတစ်ယောက် လင်္ကာကို ရောက်နေတယ်၊ သွားတွေ့ချင်တယ်၊ လိုက်ခဲ့ပါဆိုတော့ လိုက်သွားခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင် သူကလည်း မလေးရှားကို ၄-ရက်နေ့ သွားမယ်၊ ဖလိုက်ချင်းလည်း သွားတူနေတယ်။

၃-ရက်နေ့က သိပ်မအိပ်လိုက်ရဘူး။ မနက် ၅-နာရီကျော်လောက်မှာ လေဆိပ်ကို သူငယ်ချင်းတွေနဲ့ ထွက်ခဲ့တယ်။ တော်တော်လေး အိပ်ချင်နေတယ်။ ဒါပေမယ့် ကိုယ့်စိတ်ထဲ ပျော်မွေ့နေတဲ့ လင်္ကာကို ခွဲခွါရတော့မယ်ဆိုတော့ စိတ်ထဲမှာ အနည်းငယ်တော့ ၀မ်းနည်းသလိုလို ဖြစ်မိတာတော့ အမှန်ပါပဲ။ မိုးလေးက တစ်ချက်တစ်ချက် တဖျပ်ဖျပ်၊ တဖွဲဖွဲ ကျလို့နေတယ်။ “အခုလို ကားလေးနဲ့ မိုးဖွဲဖွဲလေး သွားရရင် စာရေးချင်စိတ်ပေါက်တယ်”လို့ ပြောတတ်တဲ့ အဝေးရောက် သူငယ်ချင်းကို သတိမရဘဲ မနေနိုင်ဘူး။ တစ်နာရီကျော်ခန့် သွားပြီးတဲ့နောက်မှာ သီရိလင်္ကာရဲ့ ဘန္ဒြာနိုက်ကေးလေဆိပ်ကို ရောက်ပါတယ်။ လေဆိပ်ထဲ အင်မီဂရေးရှင်းမှာပဲ မလကာပြန်မယ့် တရုတ်ဒကာကို တွေ့တယ်။ သူက အိတ်တွေ ကူသယ်ပေးပါတယ်။ ချိုချိုသာသာ ယဉ်ယဉ်ကျေးကျေး စကားပြောတတ်တဲ့ တရုတ်ဒကာက ခင်မင်စရာအတော်ကောင်းပါတယ်။

လေဆိပ်ထဲ အချိန် ၁-နာရီကျော်လောက် ရတယ်ဆိုတော့ စကားတွေ ပြောဖြစ်ပါတယ်။ နာရီဝက်လောက် စကားပြောပြီးတော့ သူက မေးပါတယ်။ အခု အရှင်လာတာ မနက်အစောကြီးဆိုတော့ မနက်အိပ်ယာထ ဘာတွေ ရွတ်ဖတ်သရဇ္ဈာယ်ပြီးပြီလဲတဲ့။ ငါ မရွတ်ဘူး၊ ဒါပေမယ့် ငါက ဘုရားဂုဏ်တော်ကို အမြဲပွားတယ်လို့၊ နောက်ပြီး ငါက သတိပဋ္ဌာန်ကို အထိုက်အလျောက် လုပ်ပါတယ်လို့၊ အခု မင်းနဲ့စကားပြောတဲ့အချိန်၊ စကားပြောရပ်သွားတဲ့အချိန်တွေမှာ ငါ ငြိမ်ငြိမ်သက်သက် ထိုင်နေတာကို သတိပြုမိမှာပေါ့လို့ ပြောလိုက်ရတယ်။ အဲဒီတော့ သူက “ငါက မင်းအိပ်နေတယ် ထင်နေတာ”လို့ ပြောပါတယ်။

သူက မဟာယာနကျမ်းစာ စာအုပ်တွေ ထုတ်ပြပါတယ်။ သူက အဲဒီစာအုပ်တွေကို သွားလေရာ ယူသွားတယ်။ အမြဲတမ်း မပျက်မကွက် ရွတ်ဖတ်နေပါတယ်လို့ ပြောတယ်။ သူနဲ့ ကပ်ထိုင်တာဆိုတော့ တရုတ်ဘာသာနဲ့ ရွတ်နေတဲ့ ဘုရားစာအသံလေးတွေကို နားစွင့်မိပါတယ်။ ပထမတစ်အုပ်က အမိတာဘာဘုရားရှိခိုးစာအုပ်ပါ။ အမိတာဘာဆိုတာ ဗုဒ္ဓဘာသာဂိုဏ်းကွဲတစ်ခု ဖြစ်ပါတယ်။ အမိတာဘာဘုရားကို အကြိမ်များစွာ ရှိခိုးရင် သုခ၀တီလို့ခေါ်တဲ့ နိဗ္ဗာန်ဘုံကို ရောက်တယ်လို့ ယုံကြည်ကြပါတယ်။ အဲဒီဘုံမှာ အိုနာသေဘေးတွေ မရှိတော့ဘူးလို့ ဆိုပါတယ်။ နောက်တစ်အုပ်ကတော့ ဘုရားလောင်းတွေရဲ့ အဓိဋ္ဌာန်တွေပါတဲ့ စာအုပ်ပါ။ ဒီစာအုပ်ကတော့ လင်္ကာတက္ကသိုလ်စာသင်ခန်းမှာ အထိုက်အလျောက်လေ့လာခဲ့ဖူးတော့ သိနေပါတယ်။ ဘုရားလောင်းရဲ့ အဓိဋ္ဌာန်တွေက အတော်စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒါတွေလည်း သူရွတ်ဖတ်ပြီးချိန်မှာ ပြောဖြစ်ခဲ့ပါတယ်။

လေဆပ်ပေါ်ရောက်တာနဲ့ အိပ်ငိုက်တော့တာပဲ။ ဒါပေမယ့်တစ်ချက်တစ်ချက် တိမ်တွေထဲ တိုးဝင်လိုက်တဲ့ တဒုတ်ဒုတ်အသံကြောင့် လန့်နိုးနေရတယ်။ နာရီဝက်ခန့် ကြာတဲ့အခါ ကိုယ့်ထိုင်ခုံရှေ့မှာ ထမင်းတစ်ပွဲရောက်နေခဲ့ပါတယ်။ ဘယ်အချိန်က ဘယ်သူချပေးသွားတယ်ဆိုတာ မသိလိုက်ဘူး။ စနိုးတာဝါလေးတောင် ပါသေးရဲ့။ အဲယားအေးရှလေကြောင်းက အစားအသောက်မကျွေးပါဘူးပေါ့။ တွေးနေမိတာ။ ဘေးဘီ ကြည့်လိုက်တော့ နောက်ခုံတန်းက တရုတ်ဒကာက ပြုံးပြတယ်။ စားပါ၊ သူချပေးတာလို့ အရိတ်အမြွတ်ပြောပြတယ်။ အရုဏ်ဆွမ်း မစားခဲ့ရတော့ ကြိုက်တာတွေရော၊ မကြိုက်တာတွေပါ အကုန်လွေးပစ်လိုက်တယ်။

အစားအသောက်ပြီးသွားတော့ နည်းနည်း လန်းဆန်းသွားတယ်။ ပြီးမှ လေယာဉ်ပြတင်းကနေ အပြင်ကို ကြည့်မိတယ်။ လှလိုက်တဲ့ တိမ်တွေ၊ တိမ်တွေက အဖြူရောင်သာ မဟုတ်ရင် တောတောင်အထပ်ကြီးတွေလိုပဲ။ ဟိုး … အဝေးက တိမ်စိုင်ကြီးတွေက တောင်တွေလိုပဲ။ စိတ်ထဲမှာ သမာဓိလေး ရအောင် ဂုဏ်တော်ပွားလိုက်၊ တိမ်တွေ ကြည့်ပြီး စိတ်ကူးတွေ ကွန်မြူးလိုက်။ ဒီတိမ်တွေထဲမှာ လျှောက်သွားရရင် ဘယ်လောက်ကောင်းမလဲလို့လည်း တွေးမိတယ်။ ဒီလေယာဉ်ကြီးများ ပျက်ကျသွားလိုက်ရင်လို့လည်း တွေးမိတယ်။ လေယာဉ်စက်ခန်းထဲသွားပြီး လေယာဉ်မှူးလုပ်၊ လေယာဉ်ကြီးကို ဇောက်ထိုးမိုးမျှော် လျှောက်မောင်းပစ်လိုက်ရင်လို့လည်း တွေးမိတယ်။ ဟိုး … အဝေးက တိမ်စိုင်တွေရဲ့ကြားမှာ တစ်ခါတစ်ရံ အတိတ်တွေ၊ တစ်ခါတစ်ရံ အနာဂတ်တွေ ပူစီဖောင်းလေးတွေလို ပေါ်လာလိုက် ပျောက်သွားလိုက်။ ဘ၀ဆိုတာလည်း ဒီလိုပါပဲ၊ နေ့စဉ်လှုပ်ရှားမှုလေးတွေထဲမှာ ပူစီဖောင်းလေးတွေလို၊ ရေပွက်လေးတွေလို ပလုံစီနေခဲ့တဲ့ အဖြစ်အပျက်လေးတွေ။ အချို။ အခါး။ အပျော့။ အကြမ်း၊ ရသတွေ စုံလို့ပေါ့။

အဲဒီတိမ်တွေထဲက အတွေးထဲမှာ ချဉ်ခြင်းတပ်ခဲ့ဆုံးကတော့ ဖုန်းလေးတစ်လုံးပေါ့။ ဖုန်းလေးနဲ့သာ စကားပြောခွင့်ရရင် ကဗျာတွေ၊ စာတွေ ၀ါသနာထုံတဲ့ သီဟိုဠ်က သူငယ်ချင်းတွေနဲ့ စကားပြောမယ်။ တိမ်ထဲက ဒြဗ်မဲ့ပုံရိပ်လေးတွေ လှမ်းပို့မယ်။ သီဟိုဠ်က ချစ်ရတဲ့ ခွေးမြီးတိုမလေးတွေ နေကောင်းလားပေါ့။ ကိုယ်တို့ မျက်စိမှတ် ရှာဖွေရေးခရီးထွက်ခဲ့ရာ ညောင်ပင်ကြီးက အရွက်တွေ ကြွေနေဆဲလားပေါ့။ မေးကို မေးရမယ်။ အမေ့ဆီကိုလည်း လှမ်းဖုန်းဆက်မယ်။ သား တိမ်တွေထဲ ရောက်နေတယ်ပေါ့။ ပြီးတော့ …. ပြီးတော့ …. ဖုန်းတွေ ဆက်မယ်။ စကားတွေ ပြောမယ်။ ကဗျာတွေ ရွတ်မယ်။
မလေးရှား စံတော်ချိန် ၂း၂၃ မိနစ်မှာ ကွာလာလမ်ပူ လေဆိပ်ကို ရောက်တယ်။ တိမ်ထဲက အတွေးတွေက 
ဟိုး … အထက်ကောင်းကင်က တိမ်တွေထဲမှာ နေခဲ့တယ်။ ကောင်းကင်ကို တစ်ချက်မော့ကြည့်လိုက်တယ်။ မြေကြီးပေါ်လမ်းလျှောက်ရတာ မနူးညံ့ဘူး။ “ဘန်ဒေ၊ ဘန်ဒေ လက်စ်ဂိုး”ဆိုမှ အိတ်ကို ဆွဲလိုက်တယ်။ တရုတ်ဒကာက အိတ်တွေ သယ်ပေးတယ်။ သူက မြန်မြန်လျှောက်ဖို့ ပြောတယ်။ အားလုံးကို ကြည့်လိုက်တော့လည်း သွက်လက်နေလိုက်ကြတာ။ သူ့ထက်ငါ ဦးအောင် အလုအယက် ပြေးလွှားလို့နေတယ်။ လေဆိပ်ရောက်တာနဲ့ ခြေသလုံးဖွေးဖွေးတွေ စတွေ့တာပဲ။ “အဲဒါကြောင့် ခရီးမသွားချင်တာ”လို့ ကိုယ့်ကိုကိုယ် ပြန်ပြောနေမိတယ်။ “ဟ မဟုတ်သေးဘူးလေ၊ ဒါတွေကို မင်း ကျော်လွှားရမယ်။ သတိ၊ ဟုတ်တယ်လေ၊ အဲဒီ သတိနဲ့ ကျော်လွှားရမယ်”။ ကိုယ့်ကိုကိုယ် သတိပေးနေမိပြန်ပါတယ်။ ပြောင်းပြန်စီးတဲ့ မြစ်တစ်စင်းရဲ့ ရေလျဉ်ကြောမှာ ကိုယ်ကိုဖော့လိုက်လာခဲ့တယ်။ ဒါမှ ငါကွလို့ မာန်တက်လိုက်မိလေသလား မသိ။ နောက်ကို ပြန်ကြည့်လိုက်တော့ ကိုယ်ကျော်ခဲ့တဲ့ တောင်တွေ၊ ချုံနွယ်ပိတ်ပေါင်းတွေ အများကြီးပဲလေ။ တစ်ခါတစ်ရံ ဆူးခြစ်ရာလေး အနည်းငယ်၊ လဲကျလို့ ပွန်းပဲ့ဒဏ်ရာအနည်းငယ်၊ အနည်းငယ်လေးတွေက လွဲပြီး သန့်ရှင်းလွတ်လပ်စွာ ခရီးဆက်နိုင်ခဲ့ပါတယ်။

အင်မီဂရေးရှင်းမှာလည်း ရှောရှောရှူရှူပါပဲ။ တစ်လတံဆိပ်တုံး ထုပေးလိုက်တယ်။ တရုတ်ဒကာက ၀ိုင်သောက်မလား။ အမောပြေတယ်လို့ ပြောတယ်။ မသောက်ချင်ဘူး။ သောက်လို့လည်း မသင့်ဘူးလို့ ပြောလိုက်တယ်။ ကော်ဖီခါးခါးတစ်ခွက် သောက်မယ်လို့ပြောတော့ ရောက်လာတယ်။ ခါးလိုက်တဲ့ ကော်ဖီ။ ကောင်းလိုက်တဲ့ အရသာ။ လန်းဆန်းသွားတယ်။ ကိုယ်သွားမယ့်နေရာကို လိုက်ပို့မယ် ပြောသေးတယ်။ လာကြိုတဲ့ မြန်မာဒကာလေး ရောက်လာလို့ လမ်းခွဲလိုက်တယ်။ လိပ်စာကဒ်၊ ဖုန်းနံပါတ်ပေးလိုက်တယ်။ ကျောင်းရောက်တာနဲ့ ဆက်ဖို့ ပြောတယ်။ ပြီးတော့ ရှာမတွေ့တော့ဘူး။

ပရုတော့ မဖတ်နိုင်ဘူး…ဆက်လက်ရေးသားပါအုံးမယ်

Monday, November 1, 2010

ဂီရိဆိုက်ကလုန်းမုန်တိုင်းဒဏ် ခံရသောဒေသများသို့ ကူညီထောက်ပံ့ရေး နှိုးဆော်ခြင်း

၂၀၁၀၊ အောက်တိုဘာလ၊ ၂၂-ရက်နေ့တွင် တိုက်ခတ်ခဲ့သော ဂီရိဆိုက်ကလုန်းမုန်တိုင်းဒဏ်ကို အဆိုးရွားဆုံးခံရသော ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြေပုံမြို့နှင့် ဒေသအသီးသီးတွင် လတ်တလော အခြေအနေအရ ကူညီကယ်ဆယ်ရေး အမြောက်အများလိုအပ်လျက်ရှိနေရာ လူသားချင်းစာနာ ထောက်ထားမှု အနေဖြင့် ထိုကီရိဆိုက်ကလုန်းမုန်တိုင်းဒဏ် ခံရသော ပြည်သူပြည်သားများအတွက် အစားအသောက်၊ သောက်သုံးရေ၊ ဆေးဝါး၊ အ၀တ်အစား၊ အမိုးအကာနှင့် ငွေ၊ ကြေးအစရှိသော ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားနိုင်ရန်အတွက် ပါဝင်လှူဒါန်းကြပါရန် တိုက်တွန်းနှိုးဆော်အပ် ပါသည်။ သီရိလင်္ကာရောက် ညီနောင်သံဃာတော်များအနေဖြင့်လည်း အောက်ပါလိပ်စာ၊ ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ အလှူငွေများ ပါဝင်လှူဒါန်းနိုင်ပါကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဆက်သွယ်လှူဒါန်းရန် နေရာများ

ဦးဓမ္မသာရ (သာသနာ့တက္ကသိုလ်)
ကျောင်းဆောင်သစ် ( အပေါ်ထပ်)
မဟာမကုဋာရာမမြန်မာကျောင်း၊
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ

အရှင်ဇာဂရ
MSMA ရုံးခန်း၊
မဟာမကုဋာရာမမြန်မာကျောင်း၊
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails