Saturday, October 30, 2010

ခပ်ညံ့ညံ့လူများ၏ မုန်းတီးမှုကို ကျွန်တော်ကြိုက်၏

(1)
လောကတွင် အလွယ်ကူဆုံးသောအလုပ်မှာ လူအထင်ကြီးအောင် လုပ်ရခြင်းပင် ဖြစ်သည်။ လူတွေက ဘောင်းဘီဝတ်လျှင်လည်း အထင်ကြီးပါသည်။ ကြိုးတန်းပေါ် လမ်းလျှောက်လျှင်လည်း အထင်ကြီးပါသည်။ အမွေးပွပွ ခွေးတစ်ကောင် မွေးထားလျှင်လည်း အထင်ကြီးပါသည်။ ထက်ထက်မိုးဦးကို ကြော်ငြာခိုင်းလျှင်လည်း အထင်ကြီးပါသည်။ …..ကျွန်တော်သည် ကျွန်တော့်အကြိုက်သာ နေထိုင်ခဲ့သူဖြစ်ခြင်းအတွက် နောင်တတစ်စုံတစ်ရာ ဖြစ်ပေါ်လာစရာ မရှိပါ။

(၂)
ကိုယ်လည်း မာနကြီးခဲ့ဖူးပါတယ်။ ဘယ်လောက်တောင် ကြီးခဲ့သလဲဆိုရင် ကိုယ့်အရိပ်ကိုတောင် သူများ အနင်းမခံရအောင် မာနကြီးခဲ့ဖူးတယ်။ လမ်းပေါ်မှာ လူချင်းဆုံရင် ကိုယ်ကသာ သူများအရိပ်ကို နင်းရအောင် ရှောင်ကွင်းလျှောက်ခဲ့တယ်။ ပြန်တွေးကြည့်တော့လည်း ဒါဟာ ရူးသွပ်မှုတစ်ခုပါပဲ။ ကိုယ် လယ်တီဆရာတော်ဘုရားရဲ့ စာတစ်ပုဒ် သွားဖတ်မိတယ်။ လူဆိုတာ ကမ္ဘာကြီးရဲ့ အဆင်တန်ဆာသာ ဖြစ်တယ်တဲ့။ မြေစောင့်မျှသာ ဖြစ်တယ်တဲ့။ ကိုယ့်ရင်ထဲမှာ မာနတွေလည်း တစ်ဝက်လွင့်စဉ်သွားတော့တယ်။

(3)
သင် ဒီနေ့ သွားကိုက်မနေဘူး မဟုတ်လား။ တော်တော် ပျော်စရာ ကောင်းပါသည်။ ရေချိုးပြီးရောပေါ့။ တိမ်ဖြူဖြူတွေကိုလည်း မော့ကြည့်ပါဦး။ သင် ဘယ်နေရာပဲ ရောက်နေနေ သင့်နားတွင် ပန်းလေးတစ်ပွင့်တော့ ရှိနေနိုင်ပါသည်။ သင်က ဂရုစိုက် ရှာဖွေဖို့ပဲ လိုပါသည်။ ကမ္ဘာကြီးမှာ ပန်းတွေ အလွန်ပေါပါသည်။ ….ခင်ဗျားလည်း လူတစ်ယောက်ပါပဲ။ လေကို ၀အောင် ရှူပါ။ ပိုက်ဆံမကုန်ဘဲ သင့်သွေးဟာ သန့်စင်ပြီး သင့်ခေါင်းဟာ ကြည်လင်လာနိုင်တယ်။ ခင်ဗျားဆီမှာ ဝေဘူဆရာတော်ဘုရားရဲ့ အာနာပါနစာအုပ်တစ်အုပ်သာ ရှိနေရင် ပိုပျော်ဖို့ကောင်းမယ်။

(၄)
အချစ်ရယ် …. ဘ၀ဒုက္ခဆိုတာ လမ်းထွက်ခါနီး ဒေါက်ဖိနပ်အရောင်ရွေးရတာ၊ အိပ်ခန်းထဲမှာ တပ်ဆင်ထားတဲ့ လေအေးစက် ခဏပျက်နေတာ၊ ဈေးဝယ်ရင်း ရုတ်တရက် ၇၅-ကျပ်တန်ကို မဖြတ်နိုင်တဲ့ ဈေးသည်နဲ့ ကြုံရတာ ဆိုတာမျိုးလောက်သာ သိတဲ့ မင်းကို ကိုယ်ချစ်မိတာဟာ မှားယွင်းမှုတွေနဲ့ အသားကျနေတဲ့ ဒီလောကကြီးထဲမှာ ဖြစ်ရိုးဖြစ်စဉ် ကိစ္စငယ်တစ်ခုလို့ပဲ ဆိုပါတော့။
အချစ်ဆိုတာကလည်း အရာရာ ဖြစ်နိုင်တာပဲ မဟုတ်လား။ ဗေလုဝရဲ့ စောင်းသံလည်း ဖြစ်နိုင်တယ်။ မာယုကာရဲ့ လေးဆယ့်တစ်တောင့်မြောက် ကျည်ဆံလည်း ဖြစ်နိုင်တယ်။ လမ်းထိပ်ကုန်စုံဆိုင်မှာ ရောင်းတဲ့ အပေါစား ကြည့်မှန်တစ်ချပ်လည်း ဖြစ်နိုင်တယ်။ ဟင်ကလေရဲ့ တိပ်ခွေလည်း ဖြစ်နိုင်တယ်။ ပန်းနုရောင်တောင် မသမ်းတဲ့ မင်းရဲ့ တံတွေးစက်လည်း ဖြစ်နိုင်တာပဲ မဟုတ်လား။

(5)
ကျောင်းကပြန်လာမည့် အကျွန်ုပ်၏ ချစ်သူလေး ဖြတ်သန်းမသွားသေးပါ။ ကော်ဖီတစ်ခွက်။ ကျွန်ုပ်၏ ချစ်သူအတွက် မဟုတ်ပါ။ ကျွန်ုပ်၏ ချစ်သူမှာ လက်ဖက်ရည်ကြိုက်သူ ဖြစ်ပါသည်။ ….ကိုယ့်ချစ်သူမှာ ကောင်မလေးတစ်ယောက် ဖြစ်ပါသည်။ သူမသည် ကမ္ဘာပေါ်တွင် ကိုယ်အရှုံးပေးလေ့ရှိသည့် တစ်ဦးတည်းသော လူသားလည်း ဖြစ်၏။ …..ကိုယ့်သံသရာ၏ အတောင်ပံလည်း ဖြစ်လေသည်။

(၆)
ကျွန်တော်သည် အဖြေတစ်ခု ထွက်ရမည့် သင်္ချာတစ်ပုဒ် မဟုတ်ပါ။ လူတစ်ယောက် ဖြစ်ပါသည်။ ကျွန်တော်သည် ပြဋ္ဌာန်းခံ အရာဝတ္ထု မဟုတ်ပါ။ လူတစ်ယောက် ဖြစ်ပါသည်။ ကျွန်တော်သည် မိုးကျလျှင် ပွင့်ရမည့် စံပယ်တစ်ပွင့် မဟုတ်ပါ။ လူတစ်ယောက် ဖြစ်ပါသည်။

(7)
လူတွေဆိုတာ ယုန်အုပ်တစ်အုပ်ထဲက ယုန်တွေလိုပါပဲ။ အတူတူပဲဟု သူမြင်သည်။ အားလုံးမှာ သူလိုကိုယ်လိုသာ။ သူ အမှတ်မထင် ပြောခဲ့သော ဘာမှ မဖြစ်ချင်ဘူးဆိုသော စကားမှာ သူ၏ လိုအင်ဆန္ဒ အစစ်အမှန်ဖြစ်ကြောင်း တစ်နေ့တစ်ခြား သူ သဘောပေါက်လာခဲ့သည်။ သူ့အတွက် အရေးကြီးတာ ဘာမှ မရှိ။ နောက်ဆုံး အချစ်အမုန်းဆိုတာပင် အရေးမကြီး။ သူသည် သဘာဝအတိုင်းပင် တချို့ကို ချစ်၍၊ တချို့ကို မုန်းခဲ့သည်။ သို့သော် သူ့ဘ၀တစ်ခုလုံးလိုပင် သူ့အချစ်နှင့် သူ့အမုန်းသည်လည်း ပေါ့ရွှတ်ရွှတ်သာဖြစ်ကြောင်း သိနေခဲ့၏။ ……..အချိန်တန်တော့ ဘ၀ဟာ သူ့ဘာသာ အလိုလို ပြီးပြည့်စုံသွားတာပါပဲ။

(၈)
…လောကတွင် ကိုယ်အကြောက်ဆုံးအရာမှာ ခေါ်သံများ ဖြစ်သည်။ ကိုယ်ကတော့ ဘ၀တစ်လျှောက်လုံးမှာ ဘယ်သူ့ကိုမှလည်း မခေါ်ဘဲ၊ ဘယ်သူ့ခေါ်သံကိုမှလည်း မကြားလိုဘဲ တတ်နိုင်သမျှ နေချင်သူသာ ဖြစ်သည်။ သို့သော် လောကဆိုတာ ခေါ်သံများနှင့် ဆူညံနေသောအရပ် ဖြစ်၏။ …. လူတိုင်းဟာ ကိုယ့်ဘ၀ကို ရွေးချယ်ခဲ့ပြီးရင် အဲဒီဘ၀ကို ရဲရင့်စွာ တာဝန်ယူဖို့ သင့်သည်။ ဂျာမန်ဝတ္ထုတိုတစ်ပုဒ်ထဲမှ ကိုယ်ပိုင်လက်နဲ့ မကုတ်ချင်တဲ့လူတွေ တစ်လောကလုံး ပြည့်နေတာ တွေ့ရတော့ အော့အန်ချင်စရာပေ။ သူတို့ခေါ်သံများမှာ အကျယ်ဆုံးဟု ထင်၏။

(9)
အထက်ပါ အဖြစ်အပျက်များသည် မှောင်မဲနေသော အခန်းကျဉ်းလေးထဲတွင် ဖြစ်ပျက်ခဲ့ပါသည်။ မှောင်နေသဖြင့် တိတိကျကျ မပြောနိုင်ပါသော်လည်း “သစ္စာနီ၏ အဇ္ဈတ္တပြခန်း” ဖြစ်ပုံရ၏။ သူ့အခန်းထဲမှ ဆေးစက်အချို့ကို အလစ်သုတ်လာခဲ့ခြင်း ဖြစ်ပါသည်။ အခုတလော အခန်းထဲမှာ ဆေးရောင်စုံ ပန်းချီကားများ ပြည့်ကျပ်နေပါသည်။

(၁၀)
ခပ်ညံ့ညံ့လူများ၏ မုန်းတီးမှုကို ကျွန်တော်ကြိုက်၏။

Ref; သစ္စာနီ၊ ၀တ္ထုတို ၆၀

Tuesday, October 26, 2010

အခုတလော အဖြစ်အပျက်များ ၂

သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ (MSMA) ၏ စစ်အစိုးရ၏ ၂၀၁၀၊ နိုဝင်ဘာရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြပွဲသတင်း ဒီမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, October 24, 2010

လှည့်ကွက်


(၁)

ဇင်းဘုန်းကြီး ဘန်ကိုင်ရဲ့ ဟောကြားချက်တွေက လူအများကို စိတ်ဝင်စားစေတယ်။ သူ့ဟောပြောပွဲတွေကို ဇင်းကျောင်းသားတပည့်တွေသာမက ဂိုဏ်းအသီးသီး၊ လူတန်းစားအသီးသီးက လူတွေကလည်း စိတ်ဝင်တစား တက်ရောက်နာယူကြတယ်။ ဘန်ကိုင်က သူ့ဟောပြောချက်တွေထဲမှာ သုတ္တန်အကိုးအကားတွေ မသုံးဘူး။ ပညာရှင်ဆန်တဲ့လေ့လာချက်တွေလည်း မပါစေရဘူး။ နားထောင်သူတွေရဲ့ နှလုံးသားကို သူ့နှလုံးသားက ပြောတဲ့အသံတွေနဲ့ပဲ ပြောပါတယ်။ (သူ့နှလုံးသားမှာ ခံစားရတဲ့အတိုင်းပဲ နားထောင်သူတွေရဲ့ နှလုံးသားကို ခံစားရအောင် လုပ်ပါတယ်။)

သူ့တရားနာယူတဲ့ ပရိသတ်များက နိချိရန်ဂိုဏ်းဘုန်းကြီးကို မကျေနပ်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိချိန်ရန်ဂိုဏ်းသားတွေက ဇင်းအကြောင်းတွေကို ထိန်ချန်ပြောဟောတတ်ကြလို့ပါပဲ။ တစ်နေ့တော့ တစ်ကိုယ်ကောင်းဆန်စိတ်ရှိတဲ့ နိချိရန်ဂိုဏ်းဘုန်းကြီးတစ်ပါးဟာ ဘန်ကိုင်ကို နှိပ်ကွပ်မယ်ဆိုပြီး ဘန်ကိုင်ရှိရာကျောင်းတော်ကို ရောက်လာခဲ့တယ်။

အဲဒီအချိန်မှာ ဘန်ကိုင်က ပရိသတ်များကို တရားဟောနေချိန်ဖြစ်တယ်။ ရောက်တာနဲ့ “ဟေ့..ဇင်းဆရာကြီး…ခဏနေအုံး”လို့ အော်လိုက်တယ်။ ပြီးမှ “ခင်ဗျားကို လေးစားတဲ့သူတိုင်းက ခင်ဗျားပြောသမျှကို လိုက်နာကြလိမ့်မယ်၊ နာခံကြလိမ့်မယ်၊ ကျုပ်လိုလူကတော့ ခင်ဗျားကို မလေးစားဘူး၊ ခင်ဗျားပြောတာတွေကိုလည်း လိုက်နာမှာ မဟုတ်ဘူး၊ ခင်ဗျား ကျုပ်ကို ခင်ဗျားပြောသမျှ နာခံတဲ့သူဖြစ်အောင် လုပ်နိုင်သလား”လို့ မေးလိုက်ပါတယ်။

ဒီတော့ ဘန်ကိုင်က “ဆရာကြီး…နိချိရန်ဂိုဏ်းက ဆရာကြီး..ကျုပ်ဘေးမှာ လာပြောပါ၊ ကျုပ် လုပ်ပြပါ့မယ်”ဟု ပြောလိုက်တယ်။ နိချိရန်ဂိုဏ်းဘုန်းကြီးလည်း ခပ်ကြွကြွဖြစ်သွားပြီး ပရိသတ်ထဲကနေ ဘန်ကိုင်ဆီကို တိုးထွက်လာခဲ့ပါတယ်။ ဒါကို ဘန်ကိုင်က ကြည့်ပြီး ပြုံးလိုက်တယ်။ “နိချိရန်ဂိုဏ်းက ဆရာကြီး ကျုပ်ရဲ့ ဘယ်ဘက်ဘေးမှာ လာထိုင်ပါလား”လို့ ပြောလိုက်တော့ သူ့ဘေးကို ရောက်လာတယ်။ ပြီးမှ ဘန်ကိုင်က “ဟာ မဟုတ်သေးပါဘူး၊ ဂိုဏ်းဆရာကြီးက ကျုပ်ညာဘက်ဘေးမှာ ထိုင်မှ စကားပြောလို့ ကောင်းမှာပေါ့၊ ညာဘက်ကို လာလိုက်ပါ”လို့ ဆိုလိုက်တယ်။ နိချိရန်ဂိုဏ်းဆရာကြီးလည်း ညာဘက်ကို ရွှေ့လိုက်တယ်။ ဒီတော့မှ ဘန်ကိုင်က “ကဲ … ကြည့်လေ၊ ခင်ဗျား ကျုပ်ခိုင်းသမျှကို လိုက်နာနေပြီ၊ ခင်ဗျားဟာ တော်တော်သိမ်မွေ့တဲ့သူတစ်ယောက်ပါ၊ (လူတော်လေးပါ)။ ကဲ… ထိုင်ပြီး ကျုပ်ပြောတာ နားထောင်တော့”လို့ ဆိုလိုက်ပါတော့တယ်။

(၂)

“လှည့်ကွက်”လို့ ခေါင်းစဉ်ပေးထားတဲ့ ဇင်းစတိုရီလေး ရေးထားပြီး ဖတ်ကြည့်နေတယ်။ အနားရောက်လာတဲ့ သူငယ်ချင်းက “ဘာရေးနေတာလဲ၊ ပြစမ်းပါ”ဆိုပြီး ပြောပြောဆိုဆို ၀င်ဖတ်နေတယ်။ ဖတ်ပြီးတော့ သူက ရယ်တယ်။ “ဘာဖြစ်လို့ ရယ်တာလဲ”ဆိုတော့ “ရယ်စရာမို့ ရယ်တာပေါ့၊ ဟို နိချိရန်ဂိုဏ်းဘုန်းကြီးလေ…ငါ သူ့ဟန်အမူအရာကို မျက်စိထဲ မြင်နေတယ်၊ ပုံစံက မြောက်ကြွမြောက်ကြွနဲ့၊ တစ်ဖက်သားကို ပရိသတ်ရှေ့မှာ နှိပ်ကွပ်မယ်ဆိုတဲ့ ဂိုက်မျိုး၊ နောက်ဆုံးတော့ လူကြားထဲမှာ အရှက်ကို ကွဲရော”လို့ ပြောပြီး ဆက်ရယ်နေပါတယ်။

(၃)

သူနဲ့ စကားပြောပြီးတော့ ဘန်ကိုင်ရဲ့ လှည့်ကွက်အောက်မှာ အရှက်ကွဲနေတဲ့ နိချိရန်ဘုန်းကြီးကို မြင်ယောင်လာတယ်။ ဇာတ်လမ်းလေးက ဘန်ကိုင်ပြောပြီးတာနဲ့ ရပ်ထားတယ်။ နိချိရန်ဘုန်းကြီးက ဘာတွေ ပြန်ပြောတယ်၊ ပရိသတ်ထဲမှာ ဘယ်လိုတွေ ထပ်ဖြစ်တယ်ဆိုတာ မပါတော့ဘူး။

လောကမှာ တစ်ခါတစ်ရံ ကြုံရတတ်ပါတယ်။ တစ်ဖက်သားကို နှိပ်ကွပ်မယ်၊ ဆုံးမမယ်ဆိုပြီးမှ ကိုယ့်ကို ပြန်နှိပ်ကွပ်ခံလိုက်ရတာလေ။ လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်အမြင်၊ အတွေး၊ စိတ်ကူး၊ အိပ်မက်တွေ ကိုယ်စီရှိနေကြတာပဲ။ ကိုယ့်ကောင်းကင်အောက်မှာတော့ ကိုယ်ဟာ အရှင်သခင်ပါပဲ။ သူများကောင်းကင်အောက်မှာ ၀င်ရောက်ခြယ်လှယ်ချင်နေရင် တစ်နည်းနည်းနဲ့ ကိုယ့်အပေါ် ပြန်ပက်လာမယ့် မိုးရေတွေနဲ့ စိုရွှဲသွားနိုင်ပါတယ်။ တိုက်ပွဲတစ်ခုအတွက် စစ်မြေပြင်ကလည်း အနိုင်အရှုံးကို ဆုံးဖြတ်ပေးနိုင်တယ်။ ဘယ်လောက်ပဲ တိုက်ရည်ခိုက်ရည် ကြွယ်ဝတယ်ပြောပြော ကိုယ်မကျွမ်းတဲ့မြေမှာ တိုက်ပွဲက အောင်မြင်ဖို့ မလွယ်ပါဘူး။

(၄)

အတွေးလေးတွေ အမျှင်တန်းနေဆဲမှာ အနားကတစ်ယောက်က ထပြောတယ်။ “ငါ ဒီဇာတ်လမ်းလေးဖတ်လိုက်တော့ မဟော်သဓာနဲ့ ကေ၀ဋ်ပုဏ္ဏားကြီးတို့ အဖြစ်အပျက်ကို သတိရမိတယ်။ တကယ်တော့ လောက၀တ်စကားတွေနဲ့ ဘန်ကိုင်က နိချိရန်ဘုန်းကြီးကို လှည့်ကွက်ဆင်ပြီး အနိုင်ယူလိုက်တာပဲ။ ဘာပညာသားမှတော့ မပါပါဘူး။ ကိုယ့်အမြင်ပေါ့လေ။ မဟော်သဓာလည်း လူလည်ကျခဲ့တာပဲလေ။ ကေ၀ဋ်နဲ့ဆွေးနွေးမယ်ဆိုပြီး ကေ၀ဋ်ရှေ့မှာ အဖိုးတန်ပတ္တမြားကို လက်ထဲက လွတ်ကျသယောင် လွှတ်ချထားတယ်။ ဒါကို ကေ၀ဋ်က ကုန်းကောက်တယ်။ ကေ၀ဋ်ပုဏ္ဏား ကုန်းနေတဲ့ အချိန်မှာ မဟော်သဓာက ခေါင်းကို အတင်းနှိပ်ထားပြီး အနိုင်ယူလိုက်တယ်။ ကေ၀ဋ်က မဟော်သဓာရှေ့မှာ ဒူးလေးထောက်လို့ပေါ့။ ပရိသတ်ကြားထဲမှာဆိုတော့ ကေ၀ဋ်ပုဏ္ဏားကြီး မဟော်သဓာကို ဦးတိုက်နေပြီပေါ့။ အခုလည်း ဒီလိုပဲ၊ ဘာပညာမှ မဆွေးနွေးရသေးဘူး၊ လောက၀တ်စကားတွေနဲ့ ဘန်ကိုင်က အနိုင်ယူသွားတာပါပဲ”လို့ ပြောပါတယ်။

(၅)

တကယ်တော့ သေသေချာချာ သုံးသပ်ကြည့်မယ်ဆိုရင် “လှည့်ပတ်ခြင်းနဲ့ လှည့်ပတ်ခံရခြင်း”နှစ်မျိုးလုံးကို စဉ်းစားကြည့်။ နှစ်ဘက်စလုံးမှာ အားနည်းချက်တွေ ရှိနေတာပဲ။ ဥပမာ အခု ဘန်ကိုင်က လှည့်ကွက်လေး အသုံးချပြီး အနိုင်ယူတယ်။ နိချိရန်ဂိုဏ်းဘုန်းကြီး အလှည့်ခံလိုက်ရတယ်။ ဒါပေမယ့် အလှည့်ခံလိုက်ရတဲ့ နိချိရန်ဂိုဏ်းဘုန်းကြီးကလည်း မရိုးသားဘူးလေ။ သူ့ဟာသူ သူ့လမ်းကြောင်းသူ သွားနေတဲ့ ဘန်ကိုင်ကို နှိပ်ကွပ်ချင်စိတ်က ဖြစ်နေတာကိုး။ နောက်ပြီး မဟောသဓာနဲ့ ကေ၀ဋ်ပုဏ္ဏားတို့လည်း ဘာထူးမှာလဲ။ မဟောသဓာက လှည့်ကွက်ကို အသုံးပြုပြီး ကေ၀ဋ်ကို နှိပ်ကွပ်တယ်။ ကေ၀ဋ်မှာလည်း ပတ္တမြားမြင်တာနဲ့ ရွရွတက်လာတဲ့ လောဘရှိနေတယ်။ ဒါက အားနည်းချက်ပဲ။ ဒီတော့ “လှည့်ပတ်ခြင်းနဲ့ လှည့်ပတ်ခံရခြင်း”နှစ်ဘက်လုံးမှာ မရိုးသားမှုကိုယ်စီတော့ ရှိနေကြတယ်လို့ သုံးသပ်မိတယ်။

(၆)

ဟုတ်တယ်။ အဲဒီအကြောင်းတွေ ပြောတော့ ကိုယ်က မြန်မာနိုင်ငံက ဘိုးတော်လိမ်တွေနဲ့ ရွှေငွေစသည် အလိမ်ခံရတဲ့သူတွေကို သွားမြင်မိတယ်။ ဘိုးတော်ကလည်း လိမ်တာပဲ။ ဒါပေမယ့် တစ်ဖက် အလိမ်ခံရသူဘက်မှာ စဉ်းစားဆင်ခြင်သုံးသပ်နိုင်စွမ်း ညံ့ဖျင်းသွားလောက်အောင် လောဘတက်နေတာကလည်း အားနည်းချက်တစ်ခုပဲလေ။

(၇)

ဘာပဲဖြစ်ဖြစ် တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ လောကမှာ လှည့်ကွက်ဆိုတာတွေကတော့ ရှိနေအုံးမှာပါပဲ။ ကိုယ့်အနေနဲ့ လှည့်ကွက်တွေကို သတိထားဖို့ပဲ လိုတာပေါ့။ တတ်နိုင်ရင်တော့ ကိုယ်တိုင်ကလည်း သူများကို လှည့်ကွက်အသုံးပြုပြီး အနိုင်မယူသင့်ပါဘူး။ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြဖို့ကတော့ မတော်လောဘနဲ့ အချင်းချင်း နားလည်မှုလေးတွေ ရှိဖို့က အရေးအကြီးဆုံး ဖြစ်နေပါလိမ့်မယ်။ ဒါကလည်း ကိုယ့်တို့ရဲ့ စိတ်လေးကို မေတ္တာတရားနဲ့ ကိုယ်ချင်းစာတရားလေးအပေါ်မှာ တည်နေစေမှလည်း ဖြစ်နိုင်မှာပေါ့လေ။

Saturday, October 23, 2010

အခုတလော အဖြစ်အပျက်များ

သူငယ်ချင်း = သူငယ်ချင်းရေ… အခု ဒို့နိုင်ငံ အခြေအနေက ဘယ်လိုလဲ

သူငယ်ချင်း = အခြေအနေကတော့ ဘာမှ မထူးပါဘူး။ ထုံးစံအတိုင်း အမည်ခံ ရွေးကောက်ပွဲ လုပ်နေကြပြီပေါ့။ ၉၉ ဒသမ ၉ ရာခိုင်နှုန်း သေချာနေတဲ့ ရွေးကောက်ပွဲ ကိုယ်တော့ စိတ်မ၀င်စားပေါင်

သူငယ်ချင်း = အော…စိတ်မ၀င်စားရုံနဲ့ ပြီးမလားဗျ။ စိတ်မ၀င်စားကြောင်း၊ သူတို့ ဘယ်လိုလုပ်လုပ် သံဃာထု၊ လူထုက မထောက်ခံတဲ့အကြောင်း တစ်ခုခု လုပ်ကြဖို့ သင့်တယ်

သူငယ်ချင်း = အေးဟ…လုပ်တာတော့ လုပ်သင့်တာပဲ။ လုပ်တာတော့ လုပ်သင့်တာပဲပေါ့ကွာ။ လူတိုင်း၊ သံဃာတော်တိုင်းကလည်း ဒီအစိုးရလုပ်နေတာတွေ၊ မတရားတာတွေကို သိနေကြတာပဲလေ။ သူတို့ ကြိုက်တဲ့လူ၊ ကြိုက်တဲ့သံဃာဆိုလို့ ငါတော့ မတွေ့ဖူး၊ မကြားဖူးပါဘူး။ ဒါပေမယ့် အံ့သြစရာကောင်းတာက ဘာလုပ်လုပ် သူတို့ပဲ မဲ ကနိုင်နေတာပဲ။ သူတို့တွေ မဲနိုင်တယ်ဆိုတိုင်း ဒို့မှာတော့ ရီရမလို ငိုရမလိုနဲ့။

သူငယ်ချင်း = ဟုတ်ပါပြီ။ ဒီလူတွေကို မထောက်ခံတာတော့ လူတိုင်း သိနေတာပဲ။ အခု အဲ့ဒီလို မထောက်ခံတာကို ထောက်ခံတဲ့အကြောင်း ပြသတဲ့ ပွဲလေးတစ်ခု မလုပ်ကြတော့ဘူးလား။

သူငယ်ချင်း = အေး … လုပ်လည်း လုပ်သင့်တယ်။ လုပ်လည်း လုပ်ချင်တယ်။ ဒါပေမယ့်….။ ဒါပေမယ့်ပေါကွာ…

သူငယ်ချင်း = ဟ…ဘယ်လိုလဲ ဒါပေမယ့်ဆိုတာက။

သူငယ်ချင်း = (ဘာမပြော ညာမပြောနဲ့ ပြင်းပြကျယ်လောင်တဲ့ အသံနဲ့)

………..ကြောက်………

(အမှန်အားဖြင့် သူငယ်ချင်းသည် အခြေအနေအရပ်ရပ်ကို စိတ်မရှည်တာနဲ့ “တောက်”ဆိုပြီး တောက်ခေါက်လိုက်ခြင်း ဖြစ်တယ်။ ဒါပေမယ့် “တောက်”ခေါက်သံက “တောက်”မဟုတ်တော့ဘဲ “ကြောက်”လို့သာ အသံထွက်နေတာကို အံ့သြစွာ တွေ့လိုက်ရတယ်။)

အခုတစ်လော အဖြစ်အပျက်များကတော့ ဒါပါပဲဗျား.......

၂၆-ရက်နေ့မှာ သံဃာတော်များအနေနဲ့ ရွေးကောက်ပွဲကို မထောက်ခံကြောင်း ထုတ်ဖော်မယ့် စည်းဝေးပွဲးလေး လုပ်ကြပါမယ်။ ဆန္ဒပြခြင်းနဲ့ ဆူပူသောင်းကျန်းခြင်းကို ခုချိန်ထိ ကွဲပြားစွာ နားမလည်နိုင်ကြရှာတဲ့ ကျုပ်တို့ မြန်မာလူမျိုးများဟာလည်း တဖြည်းဖြည်း သနားစရာ သတ္တ၀ါလေးတွေ ဖြစ်လို့ လာနေပါတယ်။

အခြေအနေအရပ်ရပ်ကို သိချင်တဲ့ ကမ္ဘာတစ်လွှားက သူငယ်ချင်းများ၊ မိတ်ဆွေများ၊ ဒကာဒကာမများကလည်း မေးလွန်းလို့ ပြောပြလိုက်ရပါတယ်...။

Thursday, October 21, 2010

လူထဲက သမိုင်း၊ သမိုင်းထဲက လူ


(၁)

“လူက သမိုင်းကို ဖန်တီးတာလား၊ သမိုင်းက လူကို ဖန်တီးတာလား”

(၂)

ဖြစ်တည်မှုပဓာန၀ါဒီ ယန်းပေါဆတ်က “ဖြစ်တည်မှုသည် အနှစ်သာရထက် ရှေ့ကျတယ်”ဆိုတဲ့ စကားနဲ့ ပြင်သစ်ပြည်သူတွေကို လှုပ်နှိုးလိုက်တယ်။ တစ်ပြိုင်နက်တည်းမှာပဲ “လူဆိုတာ ထာဝရဖန်ဆင်းရှင်တစ်ဦးဦးက ဖန်ဆင်းထားပြီး အရာရာကို သူကပဲ ကြိုတင် စီမံကိန်း ချထားပြီးသားဖြစ်တယ်”လို့ ယူဆနေတဲ့ ပြဋ္ဌာန်းခံဝါဒီများကို တုန်လှုပ်သွားစေခဲ့တယ်။ “ဖြစ်တည်မှု”ဆိုတာ လူသားတွေ၊ တိရစ္ဆာန်သတ္တ၀ါတွေနဲ့ အရာဝတ္ထုများရဲ့ ပကတိတည်ရှိမှုပဲ ဖြစ်တယ်။ အဓိကဆိုလိုရင်းကတော့ ဒီနေရာမှာ လူသားပဲ ဖြစ်တယ်။ အနှစ်သာရဆိုတာကတော့ အဲဒီဖြစ်တည်မှုတွေကနေ သတိ၊ ၀ီရိယ၊ ဉာဏ်ပညာတွေနဲ့ ထုတ်လွှတ်ပေးလိုက်တဲ့ အရာပဲ ဖြစ်တယ်။ အများစုက လောကထဲမှာ ဖြစ်လာတဲ့အရာရာတိုင်းဟာ သူ့ဟာသူပဲ ဖြစ်နေတယ် သို့မဟုတ် တန်ခိုးရှင်တစ်ဦးဦး စီမံတဲ့အတိုင်း ဖြစ်နေတယ်လို့ ဆိုတယ်။

ယန်းပေါဆတ်ကတော့ လူဆိုတဲ့ ဖြစ်တည်မှု ရှိလာပြီဆိုရင် အနှစ်သာရလို့ဆိုတဲ့ အောင်မြင်ခြင်း၊ ကျရှုံးခြင်းစတဲ့ အနှစ်သာရအဖြစ်အပျက်တွေ အားလုံးကို မိမိတို့ စိတ်တိုင်းကျ ပြုပြင်ဖန်တီးယူလို့ ရနိုင်တယ်လို့ ဆိုတယ်။
အဲဒီအခါက ပြင်သစ်လူငယ်တွေဟာ နာဇီတွေ ပြုသမျှ နုနေရတယ်။ ဒါကို ဘယ်လိုမှ တွန်းလှန်လို့ မရဘူးဆိုပြီး လက်မှိုင်ချနေကြတဲ့အခါ ဖြစ်နေတယ်။ သူ့စကားကြောင့် ဘယ်သူမဆို ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးနိုင်တယ်လို့ လက်ခံပြီး အားတက်သွားခဲ့ကြတယ်။ ဒီတော့ ပြောချင်တာက ဘယ်အရာပဲဖြစ်ဖြစ် အရာအားလုံးဟာ လူက ဖန်တီးလို့ ဖြစ်လာတာ။ လူသည် ပထမ၊ အဖြစ်အပျက်သည် ဒုတိယ။ လူသည် ဖန်ဆင်းရှင်၊ အရာအားလုံးသည် ဖန်ဆင်းခံ။ ဒီတော့ သမိုင်းဆိုတာ လူသားတွေရဲ့ ကံ၊ ဉာဏ်၊ ၀ီရိယများထဲက ထွက်ကျလာတဲ့ ပုံရိပ်တစ်ခုသာ ဖြစ်ပါတယ်။

(၃)

တစ်နေ့က သီရိလင်္ကာသားတစ်ယောက်နဲ့ သူငယ်ချင်းတွေ စကားပြောနေကြတယ်။ သူငယ်ချင်းတွေ အားလုံးက မြန်မာနိုင်ငံအကြောင်း ပြောနေကြတယ်။ လက်ရှိအခြေအနေတွေအပေါ် စိတ်ပျက်မိကြောင်း၊ မတရားဖိနှိပ်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ၊ …..တွေ၊ …. များစွာ ဖြစ်နေကြောင်း ပြောဖြစ်နေကြတယ်။ အခုလည်း မြန်မာနိုင်ငံက ပညာရှင်ဆိုတဲ့ သူတွေကပါ ဆိုးဝါးတဲ့အာဏာရှင်များဘက် ရပ်တည်နေကြကြောင်း၊ အများပြည်သူကောင်းစားရေးအတွက် ကိုယ့်အသက်နဲ့ မိသားစုဆင်းရဲပင်ပန်းမှုတွေကို စတေးထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေဟာ ထောင်ထဲမှာ ဘာအပြစ်မှ မရှိဘဲ နှစ်ပေါင်းများစွာ အကျဉ်းချခံနေရကြောင်းများကိုလည်း စိတ်ပါလက်ပါ ပြောနေကြတယ်။ အဲဒီလို ပြောနေစဉ်မှာ သီရိလင်္ကာသားက “မင်းတို့ နိုင်ငံမှာ လူဦးရေ ဘယ်လောက်ရှိလဲ”လို့ မေးတယ်။ “သန်း ၅၀-ကျော်၊ ၆၀-နီးပါး”လို့ဆိုတော့ “စစ်သားကရော ဘယ်လောက်ရှိလဲ”လို့ မေးတယ်။ “၅-သန်းခန့် ရှိမယ်ထင်တယ်”လို့ ဖြေလိုက်တော့ “ဟာ …. ဒါဆို မင်းတို့ ညံ့တာပေါ့”လို့ ပြောလိုက်တယ်။

(၄)

လောကီအောင်မြင်မှုပဲဖြစ်ဖြစ်၊ လောကုတ္တရာအောင်မြင်မှုပဲဖြစ်ဖြစ် ပြင်းပြတဲ့ ယုံကြည်မှုနဲ့ ဇွဲလုံ့လ ရှိမှ ဖြစ်ပါတယ်။ ပြင်းပြတဲ့ ယုံကြည်မှုဆိုတာ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ်ယုံကြည်တဲ့ လမ်းစဉ်ကို ဖောက်လွှဲဖောက်ပြန် မလုပ်တာကို ဆိုလိုပါတယ်။
မြန်မာလူမျိုးတွေမှာ ဒီလို ယုံကြည်ချက်မျိုး ခိုင်ခိုင်မာမာ ရှိသူတွေက နည်းလွန်းတယ်။ အခြေအနေနဲ့အချိန်အခါအပေါ်မှာ အလိုက်သင့် စီးမျောရင်း အတ္တတွေကို ရှေ့တန်းတင်သွားကြတာများတယ်။ အများအကျိုး ပရဟိတဆိုတာကို ရှေ့တန်းတင်လို့ ဒုက္ခရောက်သူတွေအတွက် သနားကြင်နာမှုတွေ ပြရမယ့်အစား ငါ၊ ငါ့အိမ်၊ ငါ့မိသားစု၊ ငါ့ဆွေမျိုး စိတ်ချမ်းသာရေးကိုပဲ ရှေ့တန်းတင်ကြတယ်။ ဦးစားပေးကြတယ်။ “အများအကျိုး၊ တိုင်းပြည်အကျိုး ဆောင်ရွက်မယ်”လို့ စိတ်ကူးရှိတဲ့ လူငယ်တိုင်းဟာ အားပေးမခံရဘူး။ “အားလုံး ဒုက္ခရောက်ကုန်တော့မှာပဲ၊ မင်းအတွက် ဘာအကျိုး ရှိမှာလဲ၊ မင်းမိဘတွေ စိတ်ဆင်းရဲစေမယ့် အလုပ်ကို မလုပ်ပါနဲ့”လို့ တားမြစ်ကြတယ်။ ကဲ့ရဲ့ကြတယ်။ ရှုတ်ချကြတယ်။ အပိုအလုပ်တွေ လုပ်နေသူတစ်ယောက်ဆိုတဲ့ အကြည့်မျိုးနဲ့ နှာခေါင်းရှုံ့ခံကြရတယ်။ အများပြည်သူကောင်းကျိုးအတွက် အမှန်တရားဘက်က ရှေ့တန်းတင် လုပ်ဆောင်မယ့်သူတစ်ယောက်ကို “မင်းအတွက် ဘာအကျိုးရှိမှာလဲ”လို့ သွားမေးသူဟာ ဘယ်လောက် မိုက်မဲနေပြီလဲ။

(၅)

အများပြည်သူအကျိုး သယ်ပိုးဆောင်ရွက်သူကို ကဲ့ရဲ့ ရှုတ်ချတဲ့ လူမျိုးလောက် တုံးတဲ့၊ ညံ့တဲ့၊ အတဲ့ လူမျိုး ဘယ်မှာများ ရှိသေးသလဲ။ အများအကျိုး ထမ်းဆောင်လို့ ဒုက္ခရောက်နေသူတွေကို မေ့ထားရက်တဲ့ လူမျိုးလောက် အံ့သြစရာကောင်းတာ ဘယ်မှာများ ရှိနေသေးလဲ။ ဗုဒ္ဓဘာသာဆိုတာ အရာရာကို တစ်စုံတစ်ယောက်က ပြုပြင်ဖန်တီးတယ်ဆိုတဲ့အယူအဆကို ပယ်ပါတယ်။ ဗုဒ္ဓ၀ါဒအရ ဖြစ်တည်မှုဟာ အနှစ်သာရထက် ရှေ့ကျပါတယ်။ ကိုယ့်ကံကြမ္မာအတွက် သူရဲကောင်း မျှော်နေတာ၊ တစ်စုံတစ်ယောက်ထံမှာ ၀ကွက်အပ်ထားတာဟာ ဗုဒ္ဓဘာသာမဟုတ်ဘူးလို့ တွေးနေမိပါတယ်။

အခြေအနေတွေက ဘယ်လိုပဲ ဖြစ်နေပါစေ ပြင်းပြတဲ့ ယုံကြည်ချက်နဲ့ ကြိုးပမ်းလိုစိတ်များရှိခဲ့ရင် မအောင်မြင်ခဲ့ရင်တောင်မှ လူ့ဘ၀မှာ နေရကျိုး နပ်ပါတယ်။ အသက်ရှင်ရကျိုး နပ်ပါတယ်။ သိက္ခာရှိပါတယ်။ ငါချမ်းသာရေး၊ ငါအောင်မြင်ရေး၊ ငါ့ဆွေးမျိုးတွေ အဆင့်အတန်းမြင့်ရေးကိုသာ ရှေ့တန်းတင်ပြီး အများအကျိုး ဆောင်ရွက်သူကို ကဲ့ရဲ့ပြစ်တင်တတ်တဲ့ လူမျိုးတွေမှာ သိက္ခာတရားဆိုတာ မရှိပါဘူး။ လူ့အဆင့်အတန်း မရှိပါဘူး။ လူစစ်စစ်ဖြစ်ချင်တယ်ဆိုရင် အမှန်တရားကို မထောက်ခံရဲရင်တောင်မှ ကဲ့ရဲ့ရှုတ်ချမှုတွေ မပြုလုပ်မိဖို့ လိုအပ်တယ်။ “ပသံသိတဗ္ဗံ ပသံသန္တိ၊ ဂရဟိတဗ္ဗံ ဂရဟန္တိ - ချီးကျူးထိုက်သူကို ချီးကျူးတယ်၊ ကဲ့ရဲ့ထိုက်သူကို ကဲ့ရဲ့တယ်”ဆိုတာဟာ ဗုဒ္ဓဘုရားရှင်ရဲ့ နှုတ်မြွတ်စကား ဖြစ်ပါတယ်။ လက်ရှိရပ်တည်ချက်ဟာ အားနည်းကောင်း အားနည်းနေပေမယ့် ကြိုးစားရင် ကြိုးစားသလောက် ဖြစ်နိုင်တယ်ဆိုတာကို သဘောပိုက်ထားဖို့ လိုပါတယ်။

(၆)

ရှေးအခါက အိန္ဒိယမှာ ဘုရင်တစ်ပါး ရှိတယ်။ သူ့နာမည်က ၀ိက္ကမာဒိတျလို့ ခေါ်တယ်။ ငယ်ငယ်တုန်းက တော်တော်လေး ဆင်းရဲတယ်။ သူ့ဖခင်က လက္ခဏာဆရာကို ပြတယ်။ သူ့ပုံစံက ငပျော့လေး၊ ပိန်တာရိုးလေးဆိုတော့ လက္ခဏာဆရာ ပြောရခက်သွားတယ်။ သူ့ရဲ့ ကြန်အင်လက္ခဏာအရဆိုရင် သူ့ဘ၀ဟာ ဘယ်လိုမှ ကောင်းလာနိုင်စရာ အခြေအနေ မရှိဘူး။ ဒါပေမယ့် သူဟာ တစ်နေ့မှာ တိုင်းပြည်ရဲ့ ဘုရင်တစ်ပါး ဖြစ်လာခဲ့တယ်။

တစ်နေ့တော့ သူ ငယ်ငယ်က ပြခဲ့တဲ့ လက္ခဏာဆရာနဲ့ တွေ့တယ်။ လက္ခဏာဆရာက “အရှင်မင်းကြီး … လက္ခာဏာပါ အကြောင်းအရာများနဲ့ အရှင်မင်းကြီးရဲ့ လက်ရှိဖြစ်နေမှုများ အဘယ့်ကြောင့် ဆန့်ကျင်နေရသလဲဆိုတာ ကျွန်ုပ်သိပါပြီ။ ခေတ်က လူကို ဖန်တီးတာ မဟုတ်၊ လူကသာ ခေတ်ကို ဖန်တီးတာပါ။ အရှင်မင်းကြီးရဲ့ လုံ့လ၀ီရိယက အရှင်မင်းကြီးရဲ့ လက်ဝါးမှာပါတဲ့ လက္ခဏာကို ပြောင်းလဲပစ်တာပါ အရှင်မင်းကြီး”လို့ လျှောက်တင်လိုက်တယ်။

မိမိတို့တစ်တွေဟာလည်း ၀ိက္ကမာဒိတျထုံး နှလုံးမူသင့်ပါတယ်။ လေညှင်းလေး တိုက်ရုံနဲ့ ပြိုလဲမယ့် သီဝရီတွေနဲ့ စိတ်ရဲ့ လွတ်လပ်မှု၊ ကိုယ်ရဲ့ လွတ်လပ်မှု၊ ဘယ်လွတ်လပ်မှုမှ ရမှာ မဟုတ်ဘူး။ တချို့က တော်တယ်။ ထက်မြက်တယ်။ ဒါပေမယ့် လူ့ကျင့်ဝတ်၊ လူ့သိက္ခာတရား၊ လူသားချင်း ကိုယ်ချင်းစာနာမှု တစ်ချက်မှ မရှိကြဘူး။ လောကကြီးဆိုတာ ကိုယ်တော်၊ ကိုယ်ထက်မြက်လို့ ကိုယ်ကြီးပွားရုံနဲ့ ပြီးတာမဟုတ်ဘူး။ ကိုယ့်စွမ်းအားတွေနဲ့ လူသားချင်းစာနာမှုတွေကို ပေါင်းစပ်ပြီး အမှန်တရားဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးမှ လူသားပီသပါတယ်။ သိက္ခာရှိပါတယ်။

(၇)

တစ်စုံတစ်ယောက်ရဲ့ သမိုင်းဟာ တစ်စုံတစ်ယောက်ရဲ့ လက်ထဲမှာသာရှိပြီး နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းဟာလည်း အဲဒီနိုင်ငံမှာ မှီတင်းနေထိုက်သူအားလုံးရဲ့ လက်ထဲမှာ ရှိနေပါတယ်။

Sunday, October 17, 2010

နောက်ဆုံး နှုတ်ဆက်စကား



(၁)

ရှေးအခါက တန်ဇန် (Tanzan)လို့ ခေါ်တဲ့ ဇင်ဘုန်းကြီးတစ်ပါးရှိတယ်။ သူက သူ့ဘ၀ရဲ့ နောက်ဆုံးနေ့မှာ (ကွယ်လွန်ခါနီးမှာ) ပို့စ်ကဒ်ပေါင်း ၆၀-ကို ရေးတယ်။ သူ့နားမှာနေတဲ့ တပည့်ဖြစ်သူကို ဒီပို့စ်ကဒ်တွေ စာတိုက်ကနေ ပို့ဖို့ မှာပြီး ကွယ်လွန်သွားခဲ့တယ်။

“ဒီလောကကြီးထဲကနေ
ငါ ထွက်ခွာရတော့မယ်၊
ဒါဟာ ငါ့ရဲ့ နောက်ဆုံး ကြေညာချက် ဖြစ်တယ်၊
တန်ဇန်၊ ဇူလိုင် ၂၇-ရက်၊ ၁၈၉၂”လို့
ပို့စ်ကဒ်တွေမှာ ရေးထားတယ်။

(၂)

ဇင်ဝတ္ထုလေးတွေက တစ်ခါတစ်ရံ ရိုးရှင်းပြီး အဓိပ္ပာယ် နက်နဲတယ်။ တစ်ခါတစ်ရံ ရှုပ်ထွေးပြီး အဓိပ္ပာယ်က ပေါ့သလို ထင်ရတယ်။ အထက်ပါ အကြောင်းအရာလေးကို ဖတ်ကြည့်တော့ သာမန်ဖတ်ကြည့်ရင် ဘာမှ မဟုတ်သလိုလေးပါပဲ။ ဒါပေမယ့် ဘာသာရေးရှုထောင့်အရ အလွန်တရာ လေးနက်တဲ့ အဓိပ္ပာယ်တွေ ပါတယ်။ ဇင်ဝတ္ထုလေးတွေရဲ့ ချစ်စရာကောင်းတဲ့ အချက်လေးတစ်ခုကတော့ ကောက်ချက်ချခြင်းတာဝန်ကို စာဖတ်သူကို ပေးထားတာပါပဲ။ စာဖတ်သူကို တွေးဖို့၊ ကောက်ချက်ချဖို့ တာဝန်ပေးထားတော့လည်း တွေးကြ၊ ကောက်ချက်ချကြတာပေါ့။ အခုတော့ သီဟိုဠ်ရာသီဥတုက သာယာနေပြန်တယ်။ ၀ါကျွတ်တော့မယ်ဆိုတော့ သူငယ်ချင်းတွေ လှုပ်လှုပ်ရှား ဖြစ်နေတယ်။ အချို့ကလည်း စာမေးပွဲနဲ့ ခေါင်းစားနေကြတယ်။ အချို့ စာမေးပွဲမရှိတဲ့ သူငယ်ချင်းတွေကတော့ ခရီးသွားဖို့ ပြင်ဆင်နေကြတယ်။ နှုတ်ဆက်စကားများ ဝေဆာနေတဲ့ အချိန်ပါပဲ။

(၃)

သူငယ်ချင်းတွေ စုံပြီဆိုတာနဲ့ အထက်ပါ ဇင်ဝတ္ထုလေးကို ဖတ်ကြတယ်။ “ဘာကြီးလဲဟ၊ ဘာအဓိပ္ပာယ်လဲ၊ ဆွေးနွေးစရာ စဉ်းစားစရာ သိပ်မရှိဘူး ထင်ပါတယ်”လို့ ပြောနေကြတယ်။ တစ်ယောက်က ဘာမပြောညာမပြော ထ,ရယ်လိုက်တယ်။ “ဘာဖြစ်လို့ ရယ်တာလဲ”ဆိုတော့ “ဘာပြောရမှန်း မသိလို့ ရယ်တာ”ဆိုမှ ထပ်ရယ်လိုက်ရသေးတယ်။

တစ်ယောက်ကတော့ “မဟုတ်သေးဘူး၊ ဒီစာပုဒ်လေးမှာ နက်နဲ့တဲ့ အဓိပ္ပာယ်အချို့ ကွယ်ဝှက်နေတာ ရှိကို ရှိရမယ်၊ ဒီလောကကြီးကနေ ထွက်ခွါရတော့မယ် ဆိုတာကတော့ သိပ်ပြောစရာ ရှိမယ်လို့ မထင်ဘူး၊ ပြောစရာရှိတာက ‘ဒါဟာ ငါ့ရဲ့ နောက်ဆုံး ကြေညာချက်ပဲ’ဆိုတာပဲ။ အဲဒီမှာ ‘နောက်ဆုံး’ဆိုတာက အရေးကြီးတယ်၊ ဘယ်လို နောက်ဆုံးလဲ၊ ဒီဘ၀အတွက် နောက်ဆုံးလား၊ သံသရာမှာ နောက်ထပ် မဖြစ်တော့လို့ ခန္ဓာဇာတ်သိမ်းသွားတဲ့၊ သံသရာဇာတ်သိမ်းသွားတဲ့ နောက်ဆုံးလား”လို့ ပြောရင်းတွေး၊ တွေးရင် ပြောနေတယ်။

(၄)

အဲဒီတော့မှ တစ်ယောက်က “ဟာ … ဟုတ်လိုက်လေ၊ ငါ အဲဒါကို လုံးဝမတွေးမိဘူး၊ ဘ၀တစ်ခုရဲ့ အဆုံး၊ သံသရာကျင်လည်မှုရဲ့ အဆုံး၊ ဒီဇာတ်လမ်းလေးထဲမှာတော့ ဒီဇင်ဘုန်းကြီးက သံသရာဝဋ်ဆင်းရဲတွေရဲ့ အဆုံးကို ရည်ညွှန်းသွားတာဖြစ်မယ်လို့ ငါထင်တယ်”လို့ ပြောနေတယ်။

(၅)

တစ်ယောက်က ဘာမပြော ညာမပြောနဲ့ ကဗျာတစ်ပုဒ်ကို ကောက်ရွတ်နေတယ်။
“ကိုယ်သေရင် မငိုနဲ့ ပါးစိုရုံ ရှိမှာပေါ့။
သပိတ်မသွတ်နဲ့ လွတ်ပြီးသား ကျွတ်ပြီးသား။
ထမင်းမထုပ်နဲ့ သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။
အိုးမခွဲနဲ့ အိုးမလို ဘာကိုမှ ကိုယ်မစွဲဘူး။
အပွင့်အခက် ယူမသွားနဲ့ ပြန်လိုက်ရမယ့်အစား မဟုတ်ဘူး။
ရက်လည်၊ လလည်၊ နှစ်လည် ဘာကိုမှ မလည်နဲ့
သံသရာကြီးမှာ လည်ခဲ့သူ။
ကိုယ်သေရင် မငိုနဲ့ ကြိုကြိုပြီး သေထားသူ။
“ဘုရားရှင်ရဲ့ ဂုဏ်တော်”ကို မြတ်နိုးပူဇော်ရင်း
အကြိမ်ကြိမ် အသေရင်းထားသမို့ မရဏမင်းဆီ ပျော်ပျော်သွားမှာ။
ပြီးတော့ ဆက်ပြောပါရစေ…
သာသနာ၊ စာပေ၊ ပရဟိတ လုပ်လက်စတွေကို ဆက်လုပ်ဖို့
ဟောဒီ ချစ်ရတဲ့ မိခင်မြေကို ပြန်လာခဲ့မယ် မုချ။
ဒီတော့ ကိုယ်သေရင် မငိုနဲ့ ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ။
လူသာဆုံးတာ ကျန်တာ မရှုံးဘူး
မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။

ကိုယ့်လူတို့လည်း သိမှာပါ။ ဒါ ဆရာကြီး ဦးမိုးဟိန်းရဲ့ ကဗျာလေ။ …… ကိုယ့်လူတို့တော့ ဘယ်လို ထင်သလဲ မသိဘူး။ ဒီကဗျာလေးက ဆရာကြီးရဲ့ နောက်ဆုံးမှာတမ်းစကားပဲ။ ပြန်လာခဲ့မှာဆိုတော့ ဆရာကြီးမှာ သံသရာရဲ့အဆုံးဆိုတာတော့ မရှိသေးဘူး။ ဒီဘ၀ အဆုံးသတ်ပဲ ရှိသေးတာ။ ဒီနိုင်ငံကို ပြန်လာအုံးမယ်တဲ့။ သူ့စကားသူ့လေသံကို ကြည့်ရတာ တရားဓမ္မအသံတွေက လွှမ်းခြုံနေတယ်။ သူ့နှလုံးသားရဲ့ ဖြူစင်မြင့်မြတ်မှုကိုလည်း တွေ့ရတယ်။ ရတနာသုံးပါးအပေါ် ယုံကြည်စွဲမြဲတဲ့ သေချာမှုတွေလည်း ပြည့်နေတယ်။ ဆရာကြီး မကွယ်လွန်ခင်က အပြင်မှာ တွေ့ဖူးတယ်။ ဆရာကြီးက တည်ငြိမ်တယ်ဆိုတဲ့စကားထက်ကို တည်ငြိမ်တယ်။ သူ့ဥပဓိကို ကြည့်တာနဲ့ လေးစားသွားရတယ်။ ဆိုလိုတာကတော့ ဆရာကြီး နှုတ်ဆက်သွားပုံလေးဟာ အားကျစရာ သိပ်ကောင်းနေတယ်ဆိုတာပါပဲ။

(၆)

တစ်ယောက်ကလည်း နောက်ဆုံးဆိုတဲ့ စကားလေးကို ဇာတ်တော်ထဲက ဇာတ်ကောင်တွေ၊ ကမ္ဘာ့သမိုင်းက ပုဂ္ဂိုလ်ကြီးတွေနဲ့ တွဲစပ်ပြီး ပြောနေတယ်။ လူတစ်ယောက်ရဲ့ ဘ၀အဆုံးသတ်လေးတွေ ကွာခြားကြပုံ၊ တချို့က အများကို စိတ်ဆင်းရဲစရာများ ပေးပြီးမှ လူ့ဘ၀ကနေ ထွက်ခွါသွားကြပုံ၊ အချို့က ကြည်နူးစရာစိတ်ဓာတ်စွမ်းအင်လေးများ ပေးပြီးမှ လူ့ဘ၀ကို ခွဲခွါသွားကြပုံ…စတဲ့ ဘ၀အဆုံးသတ်ပုံလေးများကို စိတ်ဝင်စားဖွယ် ပြောပြနေတယ်။ “မင်းတို့ကြည့်လေ… မြတ်စွာဘုရားရှင်ရဲ့ ဘ၀အဆုံးသတ်လေးကို၊ အပ္ပမာဒေန သမ္ပာဒေထ တဲ့။ မမေ့ကြပါနဲ့တဲ့။ ဘ၀သံသရာကနေ ခွဲခွါတာတောင်မှ သူ့အတွက်ဆိုတဲ့ စိတ်က အဓိကပြမသွားဘူး။ အများအတွက် သတိပေးသွားတယ်၊ ငါတို့တွေကော သေခါနီးရင် လူ့ဘ၀ကြီးကို ဘယ်လို ထားရစ်ခဲ့ကြမလဲ။ ကိုယ့်အတွက် သိမ်းပိုက်စရာရှိတာတွေ သိမ်းပိုက်ပြီး ခွဲခွါကြမလား၊ အများအတွက် အကျိုးပြုစိတ်ဓာတ်တွေ အမွေပေးခဲ့မလား”။ သူက ပြောရင်းနဲ့ ဧရာမညောင်ပင်ကြီးကို ငေးကြည့်နေခဲ့တယ်။

(၇)

“ငါကတော့ ပါရဂူစာအုပ်ထဲက ထင်တယ်။ စတိုရီလေးတစ်ခု၊ တစ်ခါက မင်းကြီးတစ်ပါးဟာ မသေခင်မှာ မှာခဲ့တယ်။ သူသေရင် လက်နှစ်ဖက်ကို အခေါင်းအပြင်ဘက်ကို ထုတ်ထားပါတဲ့။ လက်တစ်ဖက်ကို အဖြူရောင်ဆေးသုတ်ပြီး တစ်ဖက်ကိုတော့ အနက်ရောင်ဆေး သုတ်ပါတဲ့။ သူပေးချင်တဲ့ မက်ဆေ့က - လူဆိုတာ သေပြီဆိုတာနဲ့ အရာအားလုံးကို ထားရစ်ခဲ့ရမှာ၊ ဘာမှ တမလွန်ကို ယူသွားလို့ မရဘူး၊ ဒါပေမယ့် မယူချင်သည်ဖြစ်စေ၊ ယူချင်သည်ဖြစ်စေ ပါလာမယ့် အရာနှစ်ခုတော့ ရှိနေတယ်၊ အဲဒါတွေကတော့ ကုသိုလ်ဆိုတဲ့ အဖြူနဲ့ အကုသိုလ်ဆိုတဲ့ အမည်းပဲ။ သူက အဲဒီအဓိပ္ပာယ်ကို လူတွေ သိမြင်စေချင်လို့ အဲဒီလို ခိုင်းတာပါတဲ့။

(၈)

“အခု ကိုယ့်လူတို့ ပြောနေတာတွေက ကိုယ့်အတွက်တော့ မှတ်သားစရာတွေချည်းပါပဲ။ ပြောသွားတဲ့သူတွေအားလုံးလိုလိုက ခွဲခွါခါနီးမှာ နောက်ဆုံးနှုတ်ဆက်စကားတွေ ပြောသွားနိုင်ကြတယ်။ အခု ကိုယ် စဉ်းစားမိနေတာက နောက်ဆုံးနှုတ်ဆက်စကားလေးတောင် ပြောမသွားနိုင်ကြတဲ့သူတွေပဲ။ လောကမှာ နှုတ်မဆက်ဘဲ ထွက်ခွါသွားလိုက်ရတဲ့သူတွေလည်း မနည်းဘူးကွ၊ ငါတို့ကိုယ်တိုင်ကကော ….၊ လောကကြီးကို ကျောခိုင်းကြတဲ့အခါ နှုတ်ဆက်နိုင်ကြပါအုံးမလား။ ဟိုနေ့က မြန်မာနိုင်ငံက ကိုယ့်ဆီကို ဖုန်းလာတယ်။ ကိုယ့်စိတ်တွေ မယုံကြည်နိုင်အောင် ဖြစ်ရတယ်။ ကိုယ့်ညီအရင်းလို ချစ်ရတဲ့ ၁၈-နှစ်အရွယ် ကျောင်းသားလေး ကားအက်ဆီးဒင့်နဲ့ ဆုံးသွားတယ်တဲ့။ ပိုပြီး စိတ်မကောင်းစရာက သူက နောက် ၅-ရက်လောက်ဆိုရင် သာသနာ့ဘောင်ကို ခဏ၀င်မှာတဲ့။ ကဲ … သူဟာ လောကကြီးကို ခွဲခွါသွားရတယ်။ မမျှော်လင့်နဲ့ပေါ့။ သူချစ်တဲ့လောကကြီးကို သူ ဘာ နှုတ်ဆက်စကားတွေ ပြောသွားနိုင်ခဲ့သလဲ။ ဒီတော့ ကိုယ် တစ်ခု သံဝေဂ ရမိတာက ကိုယ်တို့ အသက်ရှင်နေသေးတာ သေချာနေတဲ့အချိန်လေးမှာ ကောင်းတဲ့အလုပ်လေးတွေနဲ့ စွမ်းနိုင်သလောက် ပေးဆပ်နေသင့်တယ်ဆိုတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ နှုတ်မဆက်ဘဲ ခွဲခွါလိုက်ရတာဟာ ကျန်တဲ့သူအတွက်ကော ထွက်ခွါသူအတွက်ပါ သိပ်မနိပ်လှဘူး”။ ပြောရင်းနဲ့ သူ့မျက်နှာမှာ ၀မ်းနည်းမှု ပုံရိပ်လေးတွေ သန်းလာနေတာ သတိထားမိတယ်။

(၉)

စကားဝိုင်းလေး မပြီးခင်မှာ မြို့ထဲကို သွားစရာရှိတာနဲ့ စကားဝိုင်းလေးကနေ ခွဲခဲ့တယ်။ သူငယ်ချင်းတွေကို ထားရစ်ခဲ့ရတယ်။ တစ်နေ့ လောကကြီးကနေ အပြီးအပိုင် ခွဲခွါရတဲ့အခါမှာကော….၊ ဒီလောက်ထိ လွယ်လွယ်လေး ရှိနေပါ့မလား။ ကောင်းသောခွဲခွါခြင်းလေးဖြစ်အောင် မခွဲခွါခင် အချိန်လေးတွေမှာ ကိုယ့်ပတ်ဝန်းကျင်အတွက် ကောင်းတာလေးတွေ လုပ်ထားအုံးမှ….။ ခွဲခွါခြင်းဆိုတာ ဒီဆောင်းပါးလေးအဆုံးမှာတောင် ဖြစ်ချင်ဖြစ်သွားမှာ…..။ မဖြစ်နိုင်ဘူး ထင်လို့လား ….။

Tuesday, October 12, 2010

ဗြဟ္မယာန ရှင်းလင်းချက်


အမှာစကား....

ကိုနေမျိုးက ဦးဇင်းဆိုက်မှာ ဒီလို ကွန်မန့်ပေးသွားတယ်။ ကိုနေမျိုးကို ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုနေမျိုး အဲဒီလို ရေးသွားတော့ ဦးဇင်းမှာ အဲဒီဟောကြားချက်တွေကို အသေးစိတ် ပြန်ဖတ်ဖြစ်သွားတယ်။ နောက်ပြီး ဗုဒ္ဓဘာသာဝင်တွေ သိသင့်တယ်လို့ ယူဆမိတဲ့အရာအချို့ကိုလည်း သိခွင့်ရသွားတယ်။ ဦးဇင်း အခုတင်ပြသွားတာတွေက ကိုနေမျိုးကို ပြောတယ်ဆိုတာထက် အဲဒီလို တစ်ပိုင်းတစ်စလေးတွေနဲ့ တောင်ပြောမြောက်ပြော ပြောနေကြသူတွေကို ဦးတည်ပါတယ်။ ဦးဇင်းက အခြားဘာသာအကြောင်း ပြောခဲ့ရင်တောင် သူတို့ ကျမ်းဂန်မှာ အသေအချာ ပြထားတာတွေကိုပဲ ပြောလေ့ရှိပါတယ်။ ထင်ရာမြင်ရာတွေနဲ့ ပုတ်ခတ်ပြောရတာ မကြိုက်ပါဘူး။ အခု ကိုနေမျိုး ထားခဲ့တဲ့ မက်ဆေ့တွေကို ရှင်းလင်းတဲ့အနေနဲ့ ပို့စ်တစ်ခု ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ အခြားဘာသာကို ထိခိုက်စေတဲ့ သဘောမျိုး အလျဉ်း မရှိပါကြောင်း..........

ကိုနေမျိုးက မြတ်စွာဘုရားရှင် ဟောကြားထားတဲ့ ကျမ်းဂန် လေးမျိုး ထုတ်ပြသွားတယ်။ အဲဒါတွေက
၁။ ဒီဃနိကာယ်
၂။ မဇ္ဈိမနိကာယ်
၃။ သံယုတ္တနိကာယ် နဲ့
၎။ ဣတိဝုတ်ပါဠိတော် တို့ ဖြစ်တယ်။ အဲဒီလေးမျိုးထဲမှာ “ဗုဒ္ဓ၀ါဒဟာ ဗြဟ္မယာနဖြစ်တယ်”ဆိုနိုင်တဲ့ ကောက်ချက်ချနိုင်တဲ့ အနေအထားမျိုး မရှိပါဘူး။ မရှိတာကို အရှိလုပ်ပြီး လေ့လာသူတွေ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်တာဟာ အောက်တန်းကျတဲ့ စိတ်ဓာတ်ပါ။ ပညာရှင်လို့ မဆိုနိုင်ပါဘူး။ ကိုနေမျိုး ရေးသွားတဲ့ ဘာသာပြန်တွေဟာ ဘယ်သူဘယ်ဝါ ပြန်ထားတယ်ဆိုတော့ မသိပါဘူး။ ဒီနေရာမှာ ပြောစရာရှိတာက အဲဒီလို ဟောထားတာ မရှိဘူးလားဆိုတော့ ရှိပါတယ်။ ဒါပေမယ့် အဲဒီလောက်လေး အဓိပ္ပာယ်ယူပြီး ပြန်ထားတာ၊ ထုတ်နုတ်ထားတာက မရိုးသားတာပါ။

စကားစပ်လို့ တစ်နေ့က မွတ်စလင်ပါမောက္ခတစ်ယောက်ပြောသွားတဲ့ ဟောပြောပွဲတစ်ခု ကြည့်လိုက်ရတယ်။ သူက တမန်တော် မိုဟာမက် ပေါ်ပေါက်မယ့်အကြောင်း ဂေါတမမြတ်စွာဘုရားကိုယ်တိုင် ဟောထားတယ်လို့ ဟောပြောနေပါတယ်။ တမန်တော် မိုဟာမက်ဟာ ဘုရားဟော ပိဋကတ်တွေထဲက စကြ၀တေးမင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ပရိသတ်များစွာရှေ့မှာ ကျမ်းကိုးကျမ်းကားတွေနဲ့ ခပ်တည်တည် ဟောနေတာပါ။ ဗုဒ္ဓကျမ်းဂန် ဘယ်စာအုပ်၊ စာမျက်နှာဘယ်လောက်မှာ စသည်ဖြင့် အတိအကျကြီးကို ဆော်နေတာပါ။ အောက်က မသိတဲ့ပရိသတ်တွေကတော့ အဟုတ်ကြီး ထင်ကောင်းထင်နေပါလိမ့်မယ်။ ဦးဇင်းကတော့ ရယ်ရလွန်းလို့ ပြီးအောင် ကြည့်လိုက်ပါတယ်။ ဟုတ်တာ တစ်ခုမှမှ မပါတာ။

ကဲ…အခု ကိုနေမျိုး တင်ပြသွားတဲ့ ကျမ်းဂန် လေးခုကို မူရင်းနဲ့ဆိုင်ပြီး ပြောပါ့မယ်။

၁။ ဒီဃနိကာယ်မှာ ပါတဲ့အကြောင်းကို ရှင်းပါမယ်။ ကိုနေမျိုး ကိုးကားသွားတဲ့အရာတွေကို ချုပ်လိုက်ရင် “I teach the way to the union with Brahman, I know the way to the supreme union with Brahman, and the path and means leading to Brahman, whereby the world of Brahman may be gained.”ပါပဲ။ “ငါဘုရားဟာ ဖန်ဆင်းရှင် ဗြဟ္မာကြီးနဲ့ ပေါင်းစည်းရေးနည်းလမ်းကို ဟောကြားတယ်၊ နည်းလမ်းကို သိတယ်၊ အဲဒီနည်းနဲ့သွားရင် ဗြဟ္မာ့ပြည်ကို ရောက်နိုင်တယ်”

ဒီကိုးကားချက်လောက်လေးကို ကြည့်လိုက်ရင် ဗုဒ္ဓ၀ါဒဟာ ဗြဟ္မယာန-ဗြဟ္မာ့ပြည်ရောက်ရေး လမ်းစဉ်ဖြစ်တယ်လို့ ဆိုနိုင်စရာ ရှိပါတယ်။ ဒီတော့ အဲဒီစကားပေါ်ထွက်လာခြင်းရဲ့မူလဇာတ်လမ်းကို သိဖို့လိုတယ်။
ဇာတ်လမ်းအကျဉ်းက

ဝါသေဋ္ဌနဲ့ ဘာရဒွါဇဆိုတဲ့ ပုဏ္ဏားနှစ်ယောက် အငြင်းအခုန် ဖြစ်နေကြတယ်။ ၀ါသေဋ္ဌက ဖန်ဆင်းရှင် ဗြဟ္မာကြီးနဲ့ ပေါင်းစည်းရေးအတွက် ပေါက္ခရသာတိရဲ့ လမ်းစဉ်က ကောင်းတယ်လို့ ဆိုတယ်။ ဘာရဒွါဇကတော့ တာရုက္ခရဲ့ လမ်းစဉ်က မှန်တယ်လို့ ဆိုတယ်။ သူတို့ အငြင်းပွားနေတဲ့ကာလမှာ ဘုရားရှင် အဲဒီဒေသကို ရောက်လာတယ်။ ဘုရားရှင်နဲ့ ဆွေးနွေးကြတယ်။

ဘုရားရှင်က သင်တို့ပြောနေတဲ့ ပုဏ္ဏားကြီးတွေဟာ ဗြဟ္မာကို ကိုယ်တိုင် မြင်ဖူးတယ်လို့ ပြောတာ ကြားဖူးလားလို့ မေးတယ်။ မကြားဖူးကြကြောင်း ဖြေတယ်။ ဒါဆိုရင် သင်တို့တွေဟာလေ ကိုယ်တိုင်လည်း မမြင်ဖူး၊ ဆရာ့ဆရာအစဉ်အဆက်တွေလည်း မကြားဖူးတဲ့၊ မမြင်ဖူးတဲ့ ဒီဖန်ဆင်းရှင်ဗြဟ္မာကြီးကို ယုံကြည်နေကြတာ ပြောဆိုနေကြတာဟာဖြင့် သူကန်းတွေလိုပါပဲလား။ သူကန်းတောင် ရိုးရိုးသူကန်းတွေ မဟုတ်ဘူး။ သူကန်းအစဉ်အတန်းကြီးပဲ။ ရှေ့က အကန်းကလည်း ဘာမှ မသိ၊ ဘာမှ မမြင်ဘဲ လျှောက်ပြော၊ နောက်က အကန်း…..ဟိုးနောက်ကလည်း အကန်း….အကန်းတွေ တစ်ယောက်ပြီး တစ်ယောက်ပြောနေတာကို အကန်းတွေက လိုက်ယုံနေကြပါလား။ သင်တို့ဟာ အဲဒီသူကန်းတွေလိုပါပဲလား။

(ဤနေရာမျှဖြင့် မြတ်စွာဘုရား ဆက်ဟောမည့် ဗြဟ္မာ့ပြည်ရောက်ရေး လမ်းစဉ်ဟာ အခြား ဖန်ဆင်းရှင် ဗြဟ္မာကြီး သို့မဟုတ် အခြားဖန်ဆင်းရှင်တစ်ဦးဦးနဲ့ လုံးဝ လုံးဝ သက်ဆိုင်ခြင်း မရှိတော့ကြောင်း သိထားနိုင်ပါပြီ။ ကိုနေမျိုး ပြောတဲ့ Abraham ဆို ဝေးပြီပေါ့။)

ဘုရားရှင်က ဒီလိုပြောလိုက်တော့ သူတို့က ပြန်မေးတယ်။ “အရှင်ဘုရားကကော ဗြဟ္မာ့ပြည်ရောက်ရေး လမ်းစဉ်ကို သိပါသလား”တဲ့။ အဲဒီလို မေးလို့ ဘုရားရှင်က ဗြဟ္မ၀ိဟာရတရားလေးပါးကို ဟောလိုက်တာ။ ဗြဟ္မ၀ိဟာရ ဆိုတဲ့ စကားလေးကိုလည်း ခဏရပ် စဉ်းစားစေချင်တယ်။ ဗြဟ္မ + ၀ိဟာရ။ ဗုဒ္ဓဘာသာ ထုတ်ပြထားတဲ့ ၃၁-ဘုံမှာ ဗြဟ္မာ့ဘုံ ၂၀ ရှိပါတယ်။ သူတို့ ဘယ်လိုနေတယ်….စသည်တော့ ရှည်မှာစိုးလို့ မပြောတော့ပါဘူး။

ပြောချင်တာက သူတို့ဟာ မေတ္တာ၊ ကရုဏာ၊ မုဒိတာနဲ့ ဥပေက္ခာဆိုတဲ့ တရားတွေနဲ့ ငြိမ်းအေးစွာ နေထိုင်ကြတယ်။ အဲဒါကို တင်စားပြီးတော့ “အေးအေးချမ်းချမ်း နေထိုင်ကြတဲ့ ဗြဟ္မာကြီးတွေလို အေးအေးချမ်းချမ်း နေထိုင်ခြင်း (ဗြဟ္မ၀ိဟာရ)”လို့ တင်စားလိုက်တာ။

သင်တို့အနေနဲ့ နောက်ဘ၀မှာ ဗြဟ္မာ့ပြည်ကို ရောက်ချင်သလား၊ ဗြဟ္မာကြီးတွေနဲ့ ပေါင်းစည်းချင်သလား။ ဒီလိုဆိုရင် မေတ္တာ၊ ကရုဏာ၊ မုဒိတာနဲ့ ဥပေက္ခာဆိုတဲ့ အေးချမ်းရေးစိတ်ဓာတ်များနဲ့ နေကြပါတဲ့။ ဒီလေးပါးနဲ့နေခြင်းဟာ ငါဟောတဲ့ ဗြဟ္မာ့ပြည်ရောက်ရေး၊ ဗြဟ္မာကြီးတွေနဲ့ ပေါင်းစည်းရေးတရားတော်ပါပဲတဲ့။ မှတ်ထားရမှာ “ဒါဟာ (မေတ္တာ၊ ကရုဏာ၊ မုဒိတာနဲ့ ဥပက္ခောဆိုတဲ့ လောကငြိမ်းချမ်းရေးတရားများကို ကျင့်သုံးလိုက်နာခြင်းဟာ) ငါ ဟောတဲ့ ဗြဟ္မာ့ပြည်ရောက်ရေး လမ်းစဉ်ဖြစ်တယ်။ ဗုဒ္ဓ၀ါဒတစ်ခုလုံးသည် ဗြဟ္မပြည်ရောက်ရေးဝါဒမျှသာ မဟုတ်ဘူး”ဆိုတာပါပဲ။ သုတ်ကတော့ အရှည်ကြီးပါပဲ။ ဒါပေမယ့် ဒီလောက်ဆိုရင် ကိုနေမျိုး ယူဆထားတဲ့ တင်ပြထားတဲ့အရာဟာ ဘယ်လောက်တောင် မပြည့်မစုံ ဖြစ်နေသလဲဆိုတာ သဘောပေါက်လောက်ပြီလို့ ယူဆပါတယ်။

အထက်ပါသဘောတရားကို နားလည်သဘောပေါက်ပြီဆိုရင် ကျန်တဲ့ အကိုးအကားတွေကိုလည်း နားလည်နိုင်ပါတယ်။ ဒီနေရာမှာ သံယုတ္တနိကာယ်မှာ လာတဲ့ ဟောကြားချက်ကိုတော့ အနည်းငယ် ပြောပါအုံးမယ်။

(၂) သံယုတ္တနိကာယ်မှာ “တမေနံ ဇနော ဒိသွာ ဧဝမာဟ – ‘ဗြဟ္မံ ဝတ, ဘော, ယာနံ! ဗြဟ္မယာနရူပံ ဝတ, ဘော’တိ!! သက္ကာ နု ခေါ, ဘန္တေ, ဣမသ္မိံ ဓမ္မဝိနယေ ဗြဟ္မယာနံ ပညာပေတု’’န္တိ?။ ‘‘သက္ကာ, အာနန္ဒာ’’တိ ဘဂဝါ အဝေါစ – ‘‘ဣမေဿဝ ခေါ ဧတံ, အာနန္ဒ, အရိယဿ အဋ္ဌင်္ဂိကဿ မဂ္ဂဿ အဓိဝစနံ – ‘ဗြဟ္မယာနံ’ ဣတိပိ, ‘ဓမ္မယာနံ’ ဣတိပိ, ‘အနုတ္တရော သင်္ဂါမဝိဇယော’ ဣတိပီ’’တိ”လို့ ဟောပါတယ်။

အဓိပ္ပာယ်အကျဉ်းက “အရှင်ဘုရား လူတွေဟာ - ယာဉ်က ကောင်းလိုက်တာ၊ (ဗြဟ္မာမင်းရဲ့ ယာဉ်နဲ့ တူလိုက်တာ)-လို့ (ဇာဏုေဿာဏိပုဏ္ဏားရဲ့ယာဉ်ကို) ပြောနေကြပါတယ်။ တပည့်တော်တို့ သာသနာမှာကော မြတ်သောယာဉ် (ဗြဟ္မာမင်းရဲ့ယာဉ်နဲ့တူတဲ့ ယာဉ်) ရှိပါသလား -လို့ လျှောက်တော့ -ရှိတာပေါ့ အာနန္ဒာရဲ့…ငါဟောတဲ့ မဂ္ဂင်ရှစ်ပါးလမ်းစဉ်လို့ဆိုတဲ့ ယာဉ်ဟာ မြတ်သောယာဉ် (ဗြဟ္မယာန)ပေါ့”လို့ အဓိပ္ပာယ်ရပါတယ်။ ဒီတော့ ဒီမှာဟောတဲ့ ဗြဟ္မယာန ဆိုတာဟာ ကိုနေမျိုးပြောတဲ့ ဖန်ဆင်းရှင် ထာဝရယာဉ်၊ ဗြဟ္မာကြီးရဲ့ ယာဉ် သို့မဟုတ် ထာဝရလမ်းစဉ်၊ ထာဝရယာဉ်မဟုတ်ဘူး။ မဂ္ဂင်ရှစ်ပါးအကျင့် လမ်းစဉ်ဆိုတဲ့ မြင့်မြတ်တဲ့ လမ်းစဉ်ဖြစ်တယ်ဆိုတာ နားလည်လောက်ပါပြီ။

အထက်ပါ ဟောကြားချက် ဖြစ်လာတဲ့ ဇာတ်လမ်းလေးကို သိလိုသူတွေအတွက် ပြောပါအုံးမယ်။ မြတ်စွာဘုရားရှင် သာဝတ္ထိမြို့မှာ သီတင်းသုံးစဉ်က ဇာဏုေဿာဏိပုဏ္ဏားကြီးဆိုတာ ရှိတယ်။ တစ်နေ့တော့ သူဟာ အ၀တ်ဖြူကို ၀တ်၊ အဖြူရောင် ယာဉ်ကို စီး၊ ထီးအဖြူကိုဆောင်း၊ ဖိနပ်အဖြူကို စီး၊ ယပ်တောင်အဖြူကို ကိုင်….အားလုံး အဖြူရောင် အသုံးအဆောင်တွေနဲ့ မြို့ထဲက ထွက်ခွါတယ်။ မြို့သားတွေက မြင်တော့ “ဟေးးး ပုဏ္ဏားကြီးစီးတဲ့ ယာဉ်က မိုက်လိုက်တာ၊ ဗြဟ္မာမင်းကြီး စီးတဲ့ ယာဉ်ကြီးကျနေတာပဲဟေ့ (ဗြဟ္မာမင်းကြီး စီးတဲ့ယာဉ်ကို သူတို့ တွေ့ဖူးတာတော့ မဟုတ်ပါဘူး။ တင်စားပြီး ပြောကြတာ၊ နတ်သမီးမမြင်ဖူးဘဲ လှလိုက်တာ နတ်သမီးလေးကျနေတာပဲလို့ ပြောသလိုပေါ့)”လို့ ပြောနေကြတယ်။

ဒီအသံကို ဆွမ်းခံကြွရင်း အရှင်အာနန္ဒာက ကြားတော့ မြတ်စွာဘုရားကို ပြန်လျှောက်တယ်။ “အရှင်ဘုရား မြို့ထဲမှာ လူတွေဟာ …….ဗြဟ္မယာနဆိုပြီး ချီးမွမ်းနေကြတယ်။ တပည့်တော်တို့ သာသနာမှာ ဗြဟ္မယာန (ဖြူစင်သောလမ်းစဉ်၊ ဖန်ဆင်းရှင် သို့မဟုတ် ဗြဟ္မာမင်းရဲ့ လမ်းစဉ် မဟုတ်) မရှိဘူးလား”လို့ မေးတယ်။ ဒီတော့ မြတ်စွာဘုရားက “ရှိတယ်။ ငါဟောတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်တရား လမ်းစဉ်ဟာ ဖြူစင်သော မြင့်မြတ်သော ဗြဟ္မယာနပါပဲ”လို့ ဟောလိုက်ပါတယ်။

ဇာတ်လမ်းအကျဉ်းက ဒါပါပဲ။ ဖန်ဆင်းရှင်လမ်းစဉ်၊ ဗြဟ္မာမင်းလမ်းစဉ်ဆိုတဲ့ ဗြဟ္မယာနမျိုး မဟုတ်ပါဘူး။

ဒီနေရာမှာ ဦးဇင်းတို့ မြတ်စွာဘုရားရှင်ရဲ့ သူ့ခေတ်အိန္ဒိယဝေါဟာရတွေအပေါ်မှာ ရှုမြင်ချက်၊ သဘောထားကို အနည်းအကျဉ်း ပြောချင်ပါတယ်။ အိန္ဒိယမှာ အဲဒီခေတ်က “ဗြဟ္မ”ဆိုတဲ့ ဝေါဟာရကို “ဗြဟ္မာကြီး”လို့ပဲ သဘောထားတယ်။ လက်ခံတယ်။ ဘုရားရှင် ဒီဝေါဟာရကို ကိုယ်ပိုင်အဓိပ္ပာယ်ဖွင့်ပြီး ပြောတဲ့ဟောတဲ့အထဲမှာ ထည့်သွင်းအသုံးပြုတယ်။ အခြားဝေါဟာရတွေလည်း ဒီလိုပဲ။ ဥပမာ လူတစ်ယောက် “အရှင်ဂေါတမ … သင်ဟာ သတ်ဖြတ်ညှင်းဆဲသူလား”လို့ မေးရင် “အေး … ဟုတ်တယ်၊ ငါဟာ သတ်ဖြတ်ညှင်းဆဲသူပဲလို့ ဖြေတယ်။ ဒါပေမယ့် သင် ယူဆတဲ့ သတ်ဖြတ်ညှင်းဆဲသူတော့ မဟုတ်ဘူး၊ ငါက ကိလေသာအညစ်အကြေးတွေကို သတ်ဖြတ်ညှင်းဆဲသူ ဖြစ်တယ်”လို့ ဖြေလိမ့်မယ်။ တစ်ယောက်က “အရှင်ဂေါတမ သင်ဟာ လောင်ကျွမ်းစေတတ်သူလား”လို့ မေးခဲ့ရင် “အေး … ဟုတ်တယ်၊ ငါဟာ လောင်ကျွမ်းစေတတ်သူပဲ၊ ဒါပေမယ့် ငါက ကိလေသာတွေကို လောင်ကျွမ်းစေသူသာ ဖြစ်တယ်”လို့ ဖြေလိမ့်မယ်။ လေ့လာချင်ရင် ပါရာဇိကဏ်၊ ဝေရဉ္ဇကဏ္ဍမှာ ကြည့်နိုင်ပါတယ်။ အခု ဒီနေရာမှာလည်း ဗြဟ္မ၊ ဗြဟ္မဏလို့ ဆိုတဲ့ သူ့ခေတ်အခါက တွင်ကျယ်တဲ့ ဝေါဟာရတွေကို ကိုယ်ပိုင်အဓိပ္ပာယ်ဖွင့်ပြီး လက်ခံယူဆ၊ ဟောပြောတော်မူခဲ့တယ်။ ဗုဒ္ဓ၀ါဒဟာ ဗြဟ္မ၀ါဒ၊ ဗြဟ္မာလမ်းစဉ် သို့မဟုတ် ထာဝရဖန်ဆင်းရှင်လမ်းစဉ် မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း နားလည်နိုင်ပါတယ်။

နောက်ပြီး ကိုနေမျိုး ပြောသွားတဲ့ အကြောင်းအရာထဲက ဘုရားရှင် အရင်က မိန်းမယူခဲ့တာကို ပြောချင်တယ်။ ဦးဇင်းတို့က မိန်းမတန်းလန်းကြီးနဲ့ ဘုရားရှင်ကို ကိုးကွယ်တာ မဟုတ်ပါဘူး။ အခြားသူတွေကို သတ်ဖြတ်ညှင်းဆဲပြီး လက်နက်ကိုင်နေတဲ့ ဘုရားရှင်ကို ကိုးကွယ်တာ မဟုတ်ပါဘူး။ နောက်ပြီး ဦးဇင်းတို့ဟာ ကာမဂုဏ်မျိုးစုံ ခံစားနေတဲ့ သိဒ္ဓတ္ထကို ကိုးကွယ်နေကြတာလည်း မဟုတ်ပါဘူး။ ကိလေသာအားလုံးကို အကြွင်းမဲ့ ပယ်သတ်ပြီး အေးချမ်းတည်ငြိမ်သော၊ မြင့်မြတ်သော၊ အကြမ်းမဖက်သောလမ်းစဉ်အားဖြင့် ဘ၀နေနည်းကို လမ်းပြတော်မူသော ဘုရားရှင်ကို ကိုးကွယ်ကြတာပါ။

ဘုရားဖြစ်ပြီးတဲ့နောက်မှာ ဘယ်လောက်တောင် အေးချမ်းသလဲ၊ ငြိမ်းချမ်းသလဲဆိုတာကို လေ့လာကြည့်ပါ။ အချို့ဘာသာရေးခေါင်းဆောင်တွေ၊ ဖန်ဆင်းရှင်ဘုရားတွေဆိုရင် လက်နက်ကိုင်ကြတယ်။ စစ်တိုက်ကြတယ်။ (သူများ ဘာသာကို ပုတ်ခတ်ချင်လို့ ပြောတာ မဟုတ်ပါ။ မြတ်စွာဘုရားရှင် အဲဒီလိုတွေ မသတ်ဖြတ်၊ မညှင်းဆဲဘူးဆိုတာကို ပြောချင်တာပါ။) ဂေါတမမြတ်စွာဘုရားဟာ ဘာလက်နက်မှ ကိုင်ဆောင်သူ မဟုတ်ဘူး။ ဘယ်သောအခါမှလည်း အကြမ်းမဖက်ခဲ့ဘူး။ ဦးဇင်းတို့ဟာ ဒီလို ကိုယ်တိုင်လည်း ငြိမ်းချမ်းတည်ငြိမ်၊ သူတစ်ပါးကိုလည်း အေးချမ်းမှုတွေရအောင် လမ်းပြပေးတော်မူသော ဘုရားရှင်ကို ကိုးကွယ်ကြတာပါ။

နောက်ပြီး ကိုနေမျိုး ပြောသွားတဲ့ အသောက မင်းတရားကြီးအကြောင်းကို ပြောချင်တယ်။ အသောကဟာ ဗုဒ္ဓဘာသာမဖြစ်ခင်က ရက်စက်ကြမ်းကြုတ်တဲ့ ဘုရင်ဖြစ်တယ်။ ဗုဒ္ဓဘာသာဖြစ်ပြီးတဲ့နောက်မှာတော့ သူ့ဘ၀ဟာ လုံးဝခြားနားသွားခဲ့တယ်။ မြင့်မြတ်တဲ့ဘုရင်တစ်ပါး ဖြစ်လာခဲ့တယ်။ မဟုတ်မတရား၊ အရူးချီးပန်း၊ ကိုယ်ကိုယ်တိုင် ဘာမှ မသိတဲ့ သမိုင်းတွေနဲ့ လူတွေကို လှည့်စားချင်တဲ့သူတွေဟာ အောက်တန်းကျပါတယ်။ အသောကဟာ ရဟန်းတွေကို မသတ်ပါဘူး။ ကိုနေမျိုး ပြေသလို သူ့အလိုဆန္ဒအတိုင်း (သူ့စိတ်တိုင်းကျ) သာသနာကို ပြုစုခဲ့တာ မဟုတ်ပါဘူး။ သာသနာအစစ်၊ တရားတော်အစစ်များ အလိုအတိုင်း သာသနာပြုလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တာပါ။

အသောကမင်းဟာ ဗုဒ္ဓဘာသာဖြစ်ပြီးမှ ကြမ်းတမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေသေးလား၊ မလုပ်ဆောင်တော့ဘူးလားဆိုတာကို သိချင်ရင်တော့ အသောက ကျောက်စာတွေကို လေ့လာကြစေချင်တယ်။ မြန်မာလို ရေးထားတာတွေလည်း ရှိပါတယ်။ သူဟာ မြင့်မြတ်တဲ့ဘုရင်တစ်ပါးလို့ ဆိုနိုင်တဲ့စကားထက်ပိုတဲ့ ဂုဏ်တွေရှိပါတယ်။ ဒါတွေက သူ့ကျောက်စာတွေကို လေ့လာမှ သိနိုင်တာပါ။

အဲဒီထဲက တစ်ခုကို ပြောရရင် ဒီနေ့ခေတ်အထိ လူတွေ အမြင်မကျယ်နိုင်ကြသေးတဲ့ ဘာသာအချင်းချင်း ပုတ်ခတ်ပြောဆိုမှု၊ ခွဲခြားမှုတွေကိုတောင် သူက လမ်းညွှန်ခဲ့ပါသေးတယ်။ သူ့တိုင်းပြည်မှာရှိတဲ့ ဘာသာတရားအားလုံးကို ပြုစုထောက်ပံ့ကြဖို့၊ ပစ်မထားဖို့ မိန့်ကြားပြီး သက်ဆိုင်ရာ ၀န်ကြီးတွေကို တာဝန်ပေးထားပါတယ်။ ဒီလို လေးစားစရာကောင်းတဲ့ စိတ်နေသဘောထားတွေကို အများကြီး လေ့လာနိုင်ပါတယ်။

နောက်ပြီးတော့ အသောကဟာ ဗုဒ္ဓဘာသာကျင့်စဉ်တရားတွေ သူသိသလို အများသိစေဖို့ ကမ္ဘာအနှံ့အပြားကို သာသနာပြုတွေ စေလွှတ်ခဲ့တယ်။ သာသနာပြုတွေဟာ ဘယ်စစ်တပ်ကိုမှ ခေါ်မသွားဘူး။ ဘာလူအင်းအားမှလည်း မပါဘူး။ ဘာလက်နက်မှလည်း ယူမသွားကြဘူး။ သူတို့မှာ ပါသွားတာက ကျမ်းစာများသာ ဖြစ်တယ်။

ကဲ…ဒီတော့

ဦးဇင်းပြောချင်တာက မဟုတ်မတရား၊ အရူးချီးပန်း သူများကို နှိပ်ကွပ်ချင်တာနဲ့ လိုရာဆွဲရေးထားတဲ့၊ သုံးသပ်ထားတဲ့ ရေးသားချက်တွေကို သူတစ်ပါးဘာသာကို ပုတ်ခတ်ဝေဖန်ဖို့ အသုံးမချကြပါနဲ့။ တကယ့်ကို ဘာသာတရားတွေကို လေးစားသလား။ လေ့လာကြပါ။ ပြည့်ပြည့်စုံစုံ လေ့လာကြပါ။ “ဧဟိ ပဿိကော”ဆိုတာ “လာလှည့်၊ ကြည့်လှည်၊ အားထုတ်ကြည့်လှည့်”လို့ လက်ယပ်ခေါ်နေတာပါ။ ဗြဟ္မယာန၊ ဗြဟ္မ ဆိုတဲ့ စကားတွေဟာ ကိုနေမျိုး ပြောတဲ့ Abraham ဆိုတဲ့ ဝေါဟာရနဲ့ မိုးကောင်းကင်နဲ့ မြေကြီးလို ကွာဟနေပါတယ်။ ဘာမှ မဆိုင်ပါဘူး။ ဝေါဟာရအနေနဲ့ ဆင်းသက်မှုချင်း တူကောင်းတူနိုင်ပါတယ်။ အနှစ်သာရ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်အားဖြင့် လုံးဝ မတူတော့ဘူးဆိုတာကို သိလောက်ပြီ ထင်ပါတယ်။

Saturday, October 9, 2010

အကြင်နာမဲ့တဲ့ ဘုန်းကြီး



(၁)
တစ်ခါက တရုတ်နိုင်ငံမှာ အဘွားအိုတစ်ဦးရှိတယ်။ သူက ဘုန်းကြီးတစ်ပါးကို နှစ်ပေါင်း ၂၀-ကျော် ထောက်ပံ့တယ်။ သူက ဘုန်းကြီးနေဖို့ တဲငယ်လေးတစ်လုံး ဆောက်ပေးတယ်။ ပြီးတော့ ဘုန်းကြီးတရားထိုင်တဲ့ကာလအတွင်းမှာ အစားအသောက်တွေလည်း လှူတယ်။ တစ်နေ့တော့ သူဟာ “ငါ ကျွေးမွေးထောက်ပံ့လာတဲ့ကာလအတွင်းမှာ ဒီဘုန်းကြီး ဘာတရားတွေများ တိုးတက်မှု ရှိသလဲ”လို့ စဉ်းစားမိတယ်။ ဒါနဲ့ ဘုန်းကြီးကို စမ်းသပ်ဖို့ သူက ကာမဆွဲဆောင်မှုပြည့်ဝတဲ့ အမျိုးသမီးတစ်ယောက်ကို ဘုန်းကြီးထံကို လွှတ်လိုက်တယ်။ သူက “ဘုန်းကြီးဆီကို သွား၊ ရောက်တာနဲ့ အဲဒီ ဘုန်းကြီးကို ဆွဲဖက်လိုက်၊ ပြီးရင် ‘ကဲ… ဘယ်လို ခံစားရလဲ’လို့ ရုတ်တရက် မေးလိုက်”လို့ မှာလိုက်ပါတယ်။

အမျိုးသမီးလေးဟာ ဘုန်းကြီးရဲ့ တဲလေးကို ခရီးသွားဟန်လွှဲ သွားလိုက်တယ်။ ရောက်တာနဲ့ မဆိုင်းမတွ ဘုန်းကြီးကို ကြင်နာယုယစွာနဲ့ ထွေးပွေ့လိုက်တယ်။ ဘုန်းကြီးကို ဖက်ထားရင်းနဲ့ “အရှင်ဘုရား အခု ဘာဆက်လုပ်မလဲ”လို့ မေးလိုက်တယ်။ အဲဒီအခါမှာ ဘုန်းကြီးက အလွန်ကဗျာဆန်တဲ့ စကားလေးကို ပြောလိုက်တယ်။ “သစ်ပင်အိုကြီးတစ်ပင်ဟာ ဆောင်းတွင်းမှာ အေးစက်တဲ့ကျောက်ဆောင်ကြီးပေါ်မှာ ရှင်သန်ပေါက်ရောက်နေတယ်၊ ဘယ်နေရာမှာမှ နွေးထွေးမှုဆိုတာ မရှိဘူး (An old tree grows on a cold rock in winter. Nowhere is there any warmth.)”လို့ ပြောလိုက်တယ်။ အမျိုးသမီးလေးဟာ ပြန်သွားပြီး အဘွားအိုကို အကြောင်းပြန်လိုက်တယ်။

အဲဒီအခါ အဘွားအိုက ဒေါသတကြီးနဲ့ ထအော်တယ်။ “အမလေး … စဉ်းစားကြည့်ပါအုံး၊ နှစ်ပေါင်း ၂၀-လောက် သူ့ကို ကျွေးမွေးလာလိုက်ရတာ၊ သူကတော့ ဒီကောင်မလေးအပေါ် နည်းနည်းမှ ထည့်မတွက်ဘူး၊ ကောင်မလေးအပေါ် စိတ်ညွှတ်မှုနည်းနည်းမှ မဖြစ်ဘူး၊ တဏှာလောဘဖြစ်စရာတော့ မလိုပါဘူး၊ ဒါပေမယ့် အနည်းဆုံးတော့ မေတ္တာ၊ ကရုဏာတရားရှိကြောင်းတော့ ပြသင့်တာပေါ့”လို့ မကျေမနပ် ပြောနေပါတယ်။ ပြောပြီးချင်းမှာပဲ အဘွားအိုဟာ ဘုန်းကြီးနေတဲ့ တဲလေးကို သွားပြီး မီးရှို့ပစ်လိုက်တယ်။

(၂)
ဇင်ဇာတ်လမ်းတွေအကြောင်း ဆွေးနွေးခန်းလေးက ပိုမို စည်ကားလာတယ်။ ပါဝင်ဆွေးနွေးဝေဖန်ကြတဲ့ သူငယ်ချင်းတွေ များလာတယ်။ သီဟိုဠ်ကျွန်းလေးမှာ အခုတလော မိုးတွေ နေ့စဉ်မပြတ် ရွာသွန်းနေတာကလည်း ဆွေးနွေးပွဲလေးကို ပိုစည်ကားစေတာပဲ ဖြစ်လိမ့်မယ်။ မိုးအေးအေးလေးဆိုတော့ အတွေးလေးတွေက နွေးနေတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီဆောင်းပါးထဲက ဇာတ်လမ်းလေးကို ဘာသာပြန်နေဆဲမှာ တစ်ယောက်က လာပြီး သူ့ကို ထောက်ပံ့နေတဲ့ ဒကာမကြီးအကြောင်းကို လာရင်ဖွင့်တယ်။ “ငါ့ ဒကာမကြီးကကွာ၊ သူ့ဆီကို ငါက ဖုန်းမဆက်တာ ကြာသွားပြီ၊ အဲဒါ သူတို့ကို သံယောဇဉ်မရှိပါဘူးဆိုပြီး ငါ့ကို စိတ်ဆိုးနေတယ်”တဲ့။ ကိုယ်ကလည်း ပြောလိုက်ရတယ်။ “ဒါဆို ရပြီ၊ မင်း ဒီဇာတ်လမ်းလေးကို ဖတ်ကြည့်”လို့ ပြောလိုက်တယ်။ ဖတ်ပြီးတော့ သူက အားပါးတရ ရယ်မောလိုက်တယ်။ ပြီးမှ လေးလေးနက်နက် တစ်စုံတစ်ရာကို တွေးနေဟန် လုပ်နေတယ်။

(၃)
တစ်ယောက်က ပြောနေတယ်။ လူ့ဘ၀၊ လူ့လောကအမြင်နဲ့ ရဟန်းဘ၀အမြင်က လောကကြီးတစ်ခုထဲမှာ နေနေရပေမယ့် တော်တော်ကြီးကို ခြားနားနေတယ်။ ငါတို့ မြန်မာနိုင်ငံပဲ ကြည့်လေ။ တကယ့်တကယ် တရားအားထုတ်ကျင့်ကြံနေတဲ့ ကိုယ်တော်တွေ၊ တကယ့်ကို စာပေကျမ်းဂန်တတ်မြောက်တဲ့ ကိုယ်တွေဟာ ထောက်ပံ့သူမရှိ၊ ကူညီသူမရှိ၊ ပံ့ပိုးမယ့်သူမရှိ ဖြစ်နေရတယ်။ လူအထင်ကြီးအောင် လုပ်တဲ့ကိုယ်တော်တွေ၊ နှစ်လုံးသုံးလုံး ဂဏန်းပေးသူတွေကတော့ ကြီးပွားနေတယ်။ အများစုကို ပြောတာပေါ့ကွာ။ လူဆိုတာက သူတို့တွေ့ရင် ပြုံးပြနေမှ၊ ဖော်ရွေမှ ကျေနပ်နေကြတာ။ သူ့တရားနဲ့သူ၊ အမြဲတမ်း အမှန်တရားဘက်က ရပ်တည်နေသူတွေကိုတော့ ကြည်ညိုရကောင်းမှန်း သိသူတွေက ရှားပါးလှတယ်။ တချို့ဆို ဘာပညာမှလည်း မတတ်ဘူး၊ ဆင်ခြင်တုံတရားလည်း သိပ်ရှိကြတာ မဟုတ်ဘူး။ ဒါပေမယ့် လူတွေရဲ့အကြောကို သိတယ်၊ လူဂျောနပ်တယ်။ ဒါကြောင့် သူတို့ပဲ ဘုန်းကြီးစစ်သလို ဖြစ်နေတယ်။ ငါ့စကားက နည်းနည်းတော့ ကားသွားသလား မသိဘူး။ ငါကတော့ အဲဒီလောက်ထိ တွေးပစ်လိုက်တယ်။ တစ်ယောက်က သူလည်း အဲဒီလို တွေးမိကြောင်း ထောက်ခံနေပါတယ်။

(၄)
သူများပြောတာတွေကို အတန်ကြာ ငေးနားထောင်နေရင်းမှ ဘေးက တစ်ယောက်က “နေပါအုံး၊ ငါတို့ အရင်ဆွေးနွေးသင့်တာက ဇာတ်လမ်းထဲက ဘုန်းကြီး ပြောလိုက်တဲ့ စကားလေးပဲ။ ဒီစာသားလေးက တိုပေမယ့် ကဗျာဆန်နေတယ်။ သာမန်ပြောရိုးပြောစဉ် ပြောလိုက်တဲ့စကားမျိုး မဟုတ်ဘူး။ ဘာတဲ့ … An old tree grows on a cold rock in winter. Nowhere is there any warmth တဲ့။ ရုတ်တရက်ကြည့်လိုက်ရင် ဘာပြောချင်တာလဲဆိုတာ မသိရဘူး။ ဒီနေရာမှာ An old tree ဆိုတာက ဇာတ်လမ်းထဲက ဘုန်းကြီးကို ရည်ညွှန်းတာ ဖြစ်မယ်။ သူ့အသက်က ငယ်ချင်လည်း ငယ်နေမယ်။ ဒါပေမယ့် သစ်ပင်အိုကြီးရဲ့ ရင့်ကျက်မှုမျိုး၊ ပြည့်စုံမှုမျိုးနဲ့ ပြည့်စုံနေပြီလို့ ပြောချင်တာ ဖြစ်မယ်။ အဲဒီသစ်ပင်အိုကြီးကတဲ့၊ ဆောင်းတွင်းကြီးမှာ အေးစက်တဲ့ကျောက်ဆောက်ပေါ်မှာ ပေါက်ရောက်နေတယ်တဲ့။ ကဲ.. ဘယ်လောက် ပြောင်မြောက်တဲ့ တင်စားချက်လဲ။ ငါတော့ မျက်စိထဲ မြင်ယောင်ကြည့်တယ်။ သစ်ပင်ကြီးမှာ လျှပ်ပေါ်လော်လီတဲ့ အမူအရာမျိုး၊ အားအင်တွေ ဖျပ်လက်နေတဲ့အမူအရာမျိုး တစ်ခုမှ မတွေ့ရဘူး။ သူ့မှာ တည်ငြိမ်ရင့်ကျက်မှုနဲ့ ပြည့်စုံမှုတွေပဲ ရှိတယ်။ နောက်ပြီး အဲဒီအပင်ကြီးမှာ ဘယ်နေရာ ဘယ်အစိတ်အပိုင်းမှာမှ နွေးထွေးမှု မရှိတော့ပါဘူးတဲ့။ အဲဒီတော့ ဆိုလိုချင်တာကတော့ သူ့မှာ ကာမစိတ်အာရုံအတွက် နေရာမရှိတော့ဘူး။ ကာမကိစ္စတွေ ကင်းနေပြီလို့ ပြောချင်တာပဲ။ ခက်တာက ….”။ ပြောနေရင်းက ရပ်သွားတယ်။ “ဘာလဲ ခက်တာက ဆိုတာက”ဆိုတော့ “နေစမ်းပါအုံး၊ ကွမ်းလေးတော့ ထွေးပါရစေအုံး”လို့ ပြောပြီး အခန်းပြင်ထွက်သွားခဲ့တယ်။ ကျန်သူတွေကလည်း သူရဲ့ “ခက်တာက”အဆက်ကို ငံ့လင့်နေကြပါတယ်။

သူက အခန်းပေါက်ဝပြန်ဝင်ရင်း “ခက်တာက အဖွားကြီးကွ၊ ပြောရရင်တော့ အရှည်ကြီးပဲကွ၊ လိုရင်းပြောရရင် အဖွားကြီးက ဒီစကားကို ဘယ်လို အဓိပ္ပာယ်ကောက်သွားသလဲ၊ ဒါကို ငါသေချာမသိဘူး။ ငါ့အထင်တော့ အဖွားကြီးက ဘုန်းကြီးပြောတဲ့စကားထဲက သန္တရသ-အေးငြိမ်းဓာတ်ကို သူ မသိလိုက်ဘူး။ တရားတွေ ဒီလောက်ကျင့်နေတာတောင် မေတ္တာတရားခေါင်းပါးသွားတယ်လို့ ယူဆလိုက်တယ်။ အဲဒီမှာ ငါ ထပ်ပြီး စဉ်းစားမိတာက အဖွားကြီးက ဘယ်လို စကားမျိုး ပြောစေချင်တာလဲ၊ ဘုန်းကြီးဆီကနေ ဘယ်လို အပြုအမူမျိုးကို မျှော်လင့်ခဲ့တာလဲ၊ အခုတော့ အထောက်အပံ့မပေးတော့တဲ့အပြင် ကျောင်းလေးကိုပါ မီးရှို့ပစ်ခဲ့တယ်”။ စကားဝိုင်းလေးက အတန်ကြာ တိတ်ဆိတ်သွားခဲ့တယ်။

(၅)
စကားဝိုင်းလေး ပြီးသွားတော့ အခန်းရှေ့က ညောင်ပင်အိုကြီးအရင်းကို သွားခဲ့တယ်။ ဧရာမညောင်ပင်ကြီးရဲ့ ပင်စည်က အဖုတွေ၊ အထစ်တွေနဲ့ တုတ်တုတ်ခိုင်ခိုင်ကြီး တည်စွဲနေတယ်။ ဘေးမှာ ခဏထိုင်ချလိုက်တယ်။ မျက်စိထဲမှာ အတွေးထဲမှာ ပန်းချီကားတစ်ချပ်က ထင်ထင်ရှားရှား ဖြစ်တည်လာနေတယ်။ ပန်းချီကားရဲ့ ထိပ်ဆုံးမှာ “An old tree grows on a cold rock in winter. Nowhere is there any warmth.”လို့ ရေးထားတယ်။ အထဲကပုံတွေက စာမရေးဖုန်းမဆက်တာ ကြာပြီဖြစ်တဲ့ အဝေးက အထောက်အပံ့အလှူရှင်များ။ သူတို့မျက်နှာမှာ စာမရေးဖုန်းမဆက်လို့ မကျေနပ်တဲ့ပုံရိပ်တွေ ပြနေတယ်။ ဇင်းပုံပြင်ထဲက အဖွားလို “အကြင်နာမဲ့တဲ့ ဘုန်းကြီး”ဆိုပြီး …..

Thursday, October 7, 2010

ပွင့်ပွင့်လင်းလင်း


ဇင်ဦးဇင်း အပါး ၂၀-နဲ့ သီလရှင်လေး အိချွန် (Eshun)တို့ဟာ ဇင်ဆရာကြီးတစ်ဦးဆီမှာ တရားအားထုတ်နေကြတယ်။ အိချွန်က ခေါင်းက ကတုံး၊ အ၀တ်အစားက ဘာမှ မဆန်းပေမယ့် အရမ်းလှတယ်။ ဇင်းဦးဇင်းလေးတွေက အိချွန်ကို တိတ်တိတ်လေး ၀ိုင်းကြိုက်နေကြတယ်။

တစ်ပါးကတော့ မမြိုသိပ်နိုင်တော့လို့ အိချွန်အတွက် စာတစ်စောင် ရေးတယ်။ စာထဲမှာ နှစ်ယောက်ထဲ အတူတွေ့ချင်ကြောင်း ရေးထားတယ်။ အိချွန်က စာမပြန်ခဲ့ပါဘူး။ နောက်နေ့ ဇင်ဆရာကြီးက သူတို့ကို စာသင်ပေးနေပါတယ်။ သင်တန်းပြီးသွားချိန်မှာ အိချွန်က မတ်တပ်ထရပ်လိုက်တယ်။ ပြီးတော့ သူ့ကို ရည်းစားစာပေးတဲ့ ဦးဇင်းလေးကို ညွှန်ပြပြီး “မင်း ငါ့ကို တကယ်ချစ်တယ်ဆိုရင် အခုအတန်းထဲမှာပဲ ငါ့ဆီလာပြီး ပွေ့ဖက်ပြပါ”လို့ ပြောလိုက်ပါတယ်။

(အရင်က တင်ခဲ့တဲ့ ဇင်ဝတ္ထုလေးတွေလိုပါပဲ။ ဒါပေမယ့် အခုတော့ အလုပ်တွေ မအားတာနဲ့ ဆွေးနွေးချက်လေးတွေ မထည့်ရေးနိုင်သေးဘူး။ စာဖတ်သူများ လိုအပ်သလို အဓိပ္ပာယ်ကောက်ယူကြပေါ့။ မူရင်းခေါင်းစဉ်ကိုက “If You Love, Love Openly”တဲ့)

Friday, October 1, 2010

မွတ်စလင်တစ်ဦး၏ ရင်တွင်းစကား


(Tawfik Hamid ရဲ့ From the heart of a Muslim ဆိုတဲ့ ဆောင်းပါးကို ဘာသာပြန်ပါတယ်။)

ကျွန်တော်ဟာ ကျွန်တော့် ယုံကြည်ချက်နဲ့ မွတ်စလင်တစ်ယောက် ဖြစ်ပါတယ်။ စိတ်ဆန္ဒအရဆိုရင်တော့ ကျွန်တော်ဟာ ခရစ်ယာန်တစ်ယောက်ပေါ့။ နှလုံးသားအရတော့ ဂျူးတစ်ယောက် ဖြစ်ပါတယ်။ ခြုံကြည့်လိုက်ရင်တော့ ကျွန်တော်ဟာ လူသားတစ်ယောက်ပါ။ ဒေါက်တာ ဟာမစ်ဆိုတာ တယူသန် မွတ်စလင်တွေကို ဆန့်ကျင်တဲ့ စာရေးဆရာ၊ အီဂျစ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

ကျွန်တော်ဟာ မွတ်စလင်တစ်ယောက်အနေနဲ့ မွေးလာတယ်။ ကျွန်တော့်ဘ၀တစ်လျှောက်လုံး အစ္စလာဟ်ဘာသာဝင်တစ်ဦးလိုပဲ နေခဲ့တယ်။ ရက်စက်ကြမ်းတမ်းတဲ့ အကြမ်းဖက်မှုတွေကို ကျွန်တော်နဲ့ဘ၀တူ မွတ်စလင်တွေက ကမ္ဘာ့အနေရာအနှံ့အပြားမှာ လုပ်ဆောင်နေကြတာကို တွေ့ပြီးနောက်မှာ၊ ပြီးတော့ ကမ္ဘာအနှံ့အပြားက အစ္စလာဟ်ဘာသာဝင်တွေရဲ့ အကြမ်းဖက်မှုများကို တွေ့မြင်ရဖန်များလာပြီးတဲ့နောက်မှာ ကျွန်တော့်မှာ ခံစားချက်လေးတစ်ခု ပေါက်ဖွားလာခဲ့တယ်။ ဒါကတော့ ကျွန်တော်ဟာ မွတ်စလင်တစ်ယောက်ဖြစ်သလို လူသားတစ်ဦးလည်းဖြစ်တဲ့အတွက် အမှန်တရားကို ထုတ်ဖော်ပြောကြားဖို့ တာဝန်ရှိတယ်ဆိုတဲ့ ခံစားချက်ပါ။ ဒီခံစားချက်က အစ္စလာဟ်ဘာသာနဲ့ ကမ္ဘာကြီးကို ကပ်ဘေးတွေနဲ့ ယဉ်ကျေးမှုတိုက်ပွဲတွေကနေ ကာကွယ်ပေးနိုင်မယ်လို့ ထင်ပါတယ်။

ကျွန်တော် ၀န်ခံပါတယ်။ လက်ရှိ အစ္စလာဟ်တရားတွေဟာ မွတ်စလင်မဟုတ်သူတွေအပေါ် အမုန်းတရားနဲ့ အကြမ်းဖက်မှုတွေကို ဖန်တီးပေးနေတယ်ဆိုတာကိုပေါ့။ ကျွန်တော်တို့ မွတ်စလင်တွေဟာ ပြောင်းလဲဖို့ လိုအပ်နေပါတယ်။ ဒီနေ့အချိန်အထိ မိန်းမအများကြီးယူတဲ့စနစ်ကို လက်ခံကျင့်သုံးနေကြဆဲဖြစ်တယ်။

နောက်ပြီး မွတ်စလင်ကနေ အခြားဘာသာပြောင်းသွားသူတွေကို သတ်ဖြတ်တဲ့အကျင့်တွေက ရှိနေဆဲဖြစ်တယ်။ အထူးသဖြင့် ကျွန်တော်တို့ မွတ်စလင်တွေဟာ ကျွန်စနစ်နဲ့စစ်ပွဲတွေကို ဆန့်ကျင်တဲ့နေရာမှာ ပြတ်သားတဲ့ ရပ်တည်ချက် မရှိသေးတာပဲဖြစ်တယ်။ ဆန့်ကျင့်ကန့်ကွက်တာတွေ မလုပ်တဲ့အပြင် အဲဒီကျွန်စနစ်နဲ့စစ်ပွဲတွေကို ဖန်တီးပြီး အစ္စလာဟ်သာသနာပြန့်ပွားအောင်၊ အခြားဘာသာဝင်တွေကို မွတ်စလင်ဖြစ်လာအောင် လုပ်နေကြပါတယ်။ နောက်ပြီးတော့ ဂျိဇီယာ (Jizia)လို့ခေါ်တဲ့ မတရားအခွန်ငွေတွေ ကောက်ခံနေကြပါတယ်။ (မလေးရှားမှာ တရုတ်လူမျိုးများကို နှိမ်ထားသလိုမျိုး ဖြစ်မည်ဟု ထင်ပါတယ်…စာရေးသူ)

ကျွန်တော်တို့ မွတ်စလင်တွေဟာ “အစ္စလာဟ်ဘာသာကို လေးစားကြပါ”လို့ ကမ္ဘာ့လူသားတွေကို တောင်းဆိုနေကြတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ဟာ ဗလီတွေမှာ ကြာသပတေးနေ့တိုင်း အခြားအစ္စလာဟ်ဘာသာဝင် မဟုတ်သူတွေကို (အာရဗီဘာသာစကားနဲ့) ဆဲရေးတိုင်းထွာနေကြပါတယ်။ ကျွန်တော်တို့ အစ္စလာဟ်ဘာသာဝင်တွေဟာ ဂျူးတွေကို ၀က်နဲ့မျောက်ကနေဆင်းသက်သူများလို့ ဆဲရေးတိုင်းထွာကြတယ်။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ မွတ်စလင်ဘာသာဝင်ကလေးငယ်တွေကို ဘယ်လို မက်ဆေ့တွေ (သင်ကြားချက်တွေ) ပေးချင်တာပါလဲ။ ဒါဟာ မေတ္တာတရားနဲ့ငြိမ်းချမ်းရေး လက်ဆောင်တွေလား။ အမုန်းတရားလက်ဆောင်တွေလား။

ကျွန်တော် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေနဲ့ ဂျူးဘုရားကျောင်းတွေကို ရောက်ဖူးတယ်။ သူတို့က ကျွန်တော်တို့ မွတ်စလင်တွေအတွက် ဆုတောင်းပေးနေကြတယ်ဗျ။ ဒါပေမယ့် ကျွန်တော်တို့ မွတ်စလင်ခေါင်းဆောင်တွေက သူတို့ကို ဆဲရေးတိုင်းထွာနေကြတယ်။ ကျွန်တော်တို့ရဲ့ မွတ်စလင်မျိုးဆက်တွေကိုလည်း သူတို့ (အခြားဘာသာဝင်တွေ)ကို မုန်းတီးရွံရှာဖို့နဲ့ မိစ္ဆာဒိဋ္ဌိများအဖြစ် ခေါ်ကြဖို့ သင်ကြားပေးနေကြပါတယ်။

ကျွန်တော်တို့ မွတ်စလင်တွေဟာ တစ်စုံတစ်ယောက်က “မိုဟာမက်ဆိုတာ အရွယ်မရောက်သေးတဲ့ အမျိုးသမီးငယ်လေးတွေအပေါ်မှာ ကာမစပ်ယှက်သူ”လို့ စွပ်စွဲတဲ့အခါ မိုဟာမက်ကို ကာကွယ်ဖို့ ချက်ချင်းဆိုသလို ပြင်းပြင်းထန်ထန် ကြိမ်းမောင်းကန့်ကွက်ကြပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ မွတ်စလင်တွေဟာ အစ္စလာဟ်ကျမ်းစာမှာလာတဲ့ “တမန်တော် မိုဟာမက် အသက် ၅၀ ကျော်သောအခါ အသက် ၇-နှစ်မျှသာရှိသေးသော အမျိုးသမီးငယ်လေးကို လက်ထပ်တော်မူတယ်”ဆိုတဲ့အကြောင်းကိုတော့ ဂုဏ်ယူပြောဆိုနေကြပြန်ပါတယ်။

ပြောရမှာတော့ ၀မ်းနည်းပါတယ်။ မွတ်စလင်များစွာဟာ (အားလုံးတော့ မဟုတ်ပါဘူး) အမေရိကန်က ဝေါထရိစင်တာကို ၀င်တိုက်တဲ့ စက်တင်ဘာ ၁၁-ရက်အဖြစ်အပျက်နဲ့ ကမ္ဘာအနှံ့အပြားက အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကြားရတိုင်း ၀မ်းမြောက်ဝမ်းသာ ဖြစ်နေကြပါတယ်။ ကမ္ဘာ့မီဒီယာရှေ့မှာတော့ ကျွန်တော်တို့ မွတ်စလင်တွေဟာ ဒီလို အကြမ်းဖက်မှုတွေကို ဆန့်ကျင်ရှုတ်ချကြောင်း ကြေညာကြပါတယ်။ ဒါပေမယ့် မွတ်စလင်အကြမ်းဖက်သမားတွေကို မွတ်စလင်တွေဟာ သဘောခွေ့နေကြပါတယ်။ လျစ်လျူရှုထားကြပါတယ်။ သူတို့ အကြမ်းဖက်ရခြင်းအကြောင်းကိုတောင် ရှာကြံပြီး အကြမ်းဖက်သမားတွေကို သနားနေကြပါတယ်။

ဥပမာအနေနဲ့ ဘယ်အစ္စလာဟ်အဖွဲ့အစည်းက အကြမ်းဖက်ခေါင်းဆောင် ဘင်လာဒင်ကို “ဘာသာရေးသွေဖီသူ၊ အစ္စလာဟ်တရားတော်ကို ချိုးဖောက်သူ”လို့ တရားဝင်ကြေညာချက် ထုတ်ပြန်ပါသလဲ။ ရှေ့နောက်မညီတာတစ်ခုက စာရေးဆရာ ရပ်ခ်ျဒိုင်း (Rushdie)ကိုတော့ အစ္စလာဟ်ကို ဆန့်ကျင်တဲ့စာအုပ် ရေးသားမှုနဲ့ သေဒဏ်ပေးသင့်ကြောင်း ကြေညာပေးခဲ့တယ်။

ကျွန်တော်တို့ မွတ်စလင်တွေဟာ ဘာသာရေးလွတ်လပ်ခွင့်တွေ ပိုရဖို့ ကမ္ဘာအနှံ့အပြားမှာ တောင်းဆိုနေကြတယ်။ ဥပမာ ပြင်သစ်မှာ ခေါင်းမြီးခြုံခွင့် ပိတ်ပင်ခြင်းကိစ္စကို ပယ်ဖျက်ဖို့ တောင်းဆိုနေကြတယ်။

ကျွန်တော်တို့ တကယ်လုပ်သင့်တာက ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပျက်နေတဲ့ အစ္စလာဟ်အစွန်းရောက် လူသတ်သမားတွေကို ဆန့်ကျင်ကြဖို့ အားပေးအားမြှောက်မပြုကြဖို့နဲ့ အစွဲအလန်းတွေ သိပ်မကြီးကြဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မွတ်စလင်တွေဟာ အခုထိ ဒါတွေကို ဆန့်ကျင်ကြောင်း၊ အားပေးအားမြှောက်မပြုပါကြောင်းဆိုတဲ့ ဆန္ဒတွေ မဖော်ထုတ်ပေးနိုင်ကြပါဘူး။ ကျွန်တော်တို့ရဲ့သဘောထားကို မဖော်ပြဘဲ တိတ်တိတ်ကလေး နေနေကြတာဟာ အစ္စလာဟ်အကြမ်းဖက်သမားတွေကို သတ်ဖြတ်ခြင်းလုပ်ငန်းတွေ ဆက်လုပ်ဖို့၊ အကြမ်းဖက်မှုတွေ ဆက်လုပ်ဖို့ အားပေးနေတာ၊ တိုက်တွန်းနေတာ၊ စွမ်းအင်တွေ ဖြည့်ပေးနေတာနဲ့ အတူတူပါပဲ။

ကျွန်တော်တို့ မွတ်စလင်တွေဟာ ကျွန်တော်တို့ ကံမကောင်းအကြောင်းမလှတာတွေအတွက် အစ္စရေးလူမျိုးတွေနဲ့အခြားသူများအပေါ်ကို အပြစ်တင်၊ လက်ညှိုးထိုးနေကြတာကို ရပ်တန့်ပစ်ဖို့ လိုအပ်နေပါတယ်။ ကျွန်တော် မွတ်စလင်တစ်ယောက်အနေနဲ့ ရိုးရိုးသားသား ပြောရရင် အစ္စရေးနိုင်ငံဆိုတာ အရှေ့အလယ်ပိုင်းဒေသမှာ ဒီမိုကရေစီရဲ့ မီးရှူးတန်ဆောင်တစ်ခု ဖြစ်ပါတယ်။ ယဉ်ကျေးမှုရဲ့အလင်းရောင် ဖြစ်ပါတယ်။ လူ့အခွင့်အရေးများရဲ့ စံထားရာနိုင်ငံတစ်ခု ဖြစ်ပါတယ်။

မွတ်စလင်နိုင်ငံတွေဖြစ်တဲ့ အာရပ်နိုင်ငံတွေဟာ ကရုဏာတရားမဲ့စွာနဲ့ ဘာနစ်နာကြေးမှမပေးဘဲ ဂျူးလူမျိုးတွေကို ပထုတ်နေကြတယ်။ “လွတ်လပ်သောဂျူးနိုင်ငံတော်”ကို ခွင့်မပြုကြဘူး။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အစ္စရေးလူမျိုးတွေကတော့ အာရပ်လူမျိုးသန်းပေါင်းများစွာကို သူတို့နိုင်ငံသားအဖြစ် သူတို့မြေပေါ်မှာ လက်ခံပေးထားပါတယ်။ ဂျူးလူမျိုးတွေနဲ့ အခွင့်အရေးတန်းတူ ခံစားခွင့်ပေးထားပါတယ်။

အစ္စရေးမှာ အမျိုးသားက အမျိုးသမီးတွေကို တရားဝင် ရိုက်နှက်ခွင့်မပြုပါဘူး။ လူတိုင်းလူတိုင်း ဘာသာတစ်ခုကနေ ဘာသာတစ်ခုကို လွတ်လွတ်လပ်လပ် ပြောင်းနိုင်ခွင့် ရှိပါတယ်။ အစ္စလာဟ်မှာလို ဘာသာပြောင်းလဲခြင်းဥပဒေအရ သတ်ဖြတ်ခံရမှာကိုလည်း ကြောက်စရာမလိုပါဘူး။ ကျွန်တော်တို့ရဲ့ အစ္စလာဟ်နိုင်ငံတွေမှာ ဒီလို အခွင့်အရေးမျိုးကို ရနိုင်လို့လား။ ဒီအခွင့်အရေးမျိုးကို ခံစားကြရလို့လား။ (ဒါဆိုရင် ခင်ဗျားက အစ္စရေးဘက်တော်သား မွတ်စလင်လားလို့ ကျွန်တော့်ကို မေးလိမ့်မယ်)။

ကျွန်တော်အနေနဲ့ ပါလက်စတိုင်းက မွတ်စလင်တွေ ဒုက္ခခံစားနေရတယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် ဒီလို ဒုက္ခခံစားနေရတာတွေဟာ အစ္စရေးတွေ(ဂျူးတွေ)ကြောင့် မဟုတ်ပါဘူး။ ပါလက်စတိုင်းက အကျင့်ပျက်ခြစားနေတဲ့ (ပျက်စီးနေတဲ့)ခေါင်းဆောင်တွေကြောင့် ဖြစ်ပါတယ်။

အစ္စရေးနိုင်ငံမှာနေတဲ့ အာရပ်လူမျိုးတွေ အာရပ်တိုင်းပြည်တွေမှာ နေချင်လို့ဆိုပြီး ထွက်ပြေးတာကို တွေ့မြင်ရဖို့ ခဲယဉ်းပါတယ်။ အခြားတစ်ဖက်မှာတော့ ထောင်သောင်းများစွာသော ပါလက်စတိုင်းလူမျိုး မွတ်စလင်တွေဟာ သူတို့ရဲ့ ရန်သူတော်ကြီးဖြစ်တဲ့ အစ္စရေးမှာ ပျော်ရွှင်စွာ အလုပ်လုပ်ဖို့ အစ္စရေးနယ်မြေထဲကို ၀င်နေကြပါတယ်။ အချို့ပုဂ္ဂိုလ်တွေ ပြောနေကြသလို အစ္စရေးတွေက ဆိုးဆိုးဝါးဝါး လူမဆန်စွာ ဆက်ဆံကြတယ်ဆိုရင် ဆန့်ကျင်ဘက်အခြေအနေ (ပါလက်စတိုင်းတွေက အစ္စရေးနယ်မြေထဲ မ၀င်ဘဲ၊ အစ္စရေးထဲက အာရပ်တွေကသာ ပါလက်စတိုင်းနယ်မြေထဲ ၀င်နေကြမယ်ဆိုတဲ့ ဆန့်ကျင်ဘက်အခြေအနေ… စာရေးသူ) တွေပဲ ကျွန်တော်တို့ တွေ့ရမှာ အသေအချာပါပဲ။ ဒီတော့ ကျွန်တော်တို့ မွတ်စလင်တွေအနေနဲ့ ကိုယ့်ပြဿနာကိုယ်လက်ခံပြီး ကိုယ်ကိုယ်တိုင်ပဲ ဖြေရှင်းကြရပါလိမ့်မယ်။ ဒါမှသာ လူသားထုတစ်ရပ်လုံးနဲ့ ညီညွတ်မျှတစွာနေနိုင်မယ့် ခေတ်သစ်တစ်ခုကို စတင်နိုင်ကြပါလိမ့်မယ်။

ကျွန်တော်တို့ မွတ်စလင်ဘာသာရေးခေါင်းဆောင်များအနေနဲ့
-မယားများစွာယူခြင်း၊
-အရွယ်မရောက်သူများကို လက်ထပ်ခြင်း၊
-ကျွန်စနစ်၊
-အစ္စလာဟ်ဘာသာကို သွေဖီသူများကို သတ်ဖြတ်ခြင်း၊
-အမျိုးသမီးများကို ရိုက်နှက်ခြင်းနဲ့
-အစ္စလာဟ်ဘာသာပြန့်ပွားရေးအတွက် မွတ်စလင်မဟုတ်တဲ့နိုင်ငံများကို စစ်ကြေငြာခြင်းဆိုတဲ့ အချက်တွေကို ထင်ထင်ရှားရှား၊ ပြတ်ပြတ်သားသား ဆန့်ကျင်ကြဖို့ လိုအပ်နေပါပြီ။ ဒီလို လုပ်ဆောင်ပြမှသာလျှင် “ကျွန်တော်တို့ဘာသာကို လေးစားကြပါ”လို့ အခြားသူတွေကို တောင်းဆိုနိုင်ပါလိမ့်မယ်။

ကျွန်တော်တို့ မွတ်စလင်တွေအနေနဲ့ “ကျွန်တော်တို့ရဲ့ သူတော်ကောင်းယောင်ဆောင်တတ်တဲ့အကျင့်”တွေကို ရပ်တန့်ဖို့ အချိန်ကျရောက်ပါပြီ။ ပြီးတော့ ဒီအချိန်ဟာ “ကျွန်တော်တို့ မွတ်စလင်တွေ ပြောင်းလဲရမယ်”လို့ ပွင့်ပွင့်လင်းလင်း ပြောရမယ့်အချိန်ပါပဲ။

တော်ဖစ် ဟာမစ်
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails