Monday, August 30, 2010

မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ (၄)



မြို့စားကြီး၏ သုတေသန (၄)

သေတဗျမြို့သူမြို့သားများ တဖြည်းဖြည်း ပိုမို စည်ကားလာသည်။ မြို့စားကြီးနှင့်အရှင်ကုမာရကဿပတို့ အယူအဆရေးရာများ အပြိုင်အဆိုင် ပြောဆိုနေကြောင်း သေတဗျမြို့နယ်တစ်ဝိုက်ကို တောမီးပမာ ပျံ့နှံ့သွားခဲ့သည်။ များပြားလှသော ပရိသတ်များမှာ ဆူညံမှုမရှိဘဲ တိတ်ဆိတ်စွာ နားစိုက်နေခဲ့ကြလေသည်။ တိတ်ဆိတ်မှုများထဲမှ ပါယာသိမြို့စားကြီး၏ သြဇာပြည့်ဝသော အသံက ပေါ်ထွက်လာခဲ့ပြန်သည်။

“အရှင်..ကျွန်ုပ်အယူအဆကို မပြောင်းနိုင်သေးပါ။ ကျွန်ုပ်လေ့လာထားသည်များ ရှိပါသေးတယ်။ တစ်ခါက သေဒဏ်အပေးခံရတဲ့ သူခိုးတစ်ယောက်ကို စဉ်းအိုးထဲမှာ ထည့်၊ စဉ်းအိုးကို အလုံပိတ်ပြီး အပြင်ကနေ မီးတိုက်ခိုင်းပါတယ်။ မီးတိုက်နေတဲ့အချိန်မှာ ကျွန်ုပ်က အပြင်ကနေ စောင့်ကြည့်နေပါတယ်။ အဲဒီစဉ်းအိုးထဲကနေ အသက်ဆိုတဲ့ အကောင် ထွက်သွားတာကို မမြင်မတွေ့ရပါဘူး။ ဒါကြောင့် တမလွန်ဘ၀ဆိုတာ မရှိဘူးလို့ ပြနေတာပါပဲ”

ဤနေရာတွင် အသက်ဆိုတဲ့အကောင် ထွက်သွားတာကို မတွေ့ရဘူးဆိုသော စကားသည် ထိုခေတ်အခါက လူအများစု ယုံကြည်နေသော အတ္တ၀ါဒ အငွေ့အသက်ပင် ဖြစ်သည်ဟု ထင်ပါသည်။ အတ္တ၀ါဒအရ အတ္တဟူသော အကောင်ကလေး၊ ၀ိညာဏ်ကလေးသည် သတ္တ၀ါသေသည့်အခါ တစ်ဘ၀မှ တစ်ဘ၀သို့ ကူးပြောင်းကျင်လည်နေသည်ဟု ယုံကြည်ကြသည်။ ထိုအတ္တဟူသောအကောင်ကို တွေ့လျှင် “နောက်ဘ၀ရှိတယ်၊ နောက်ဘ၀ကို ကူးတယ်”ဟု ယုံကြည်နိုင်စရာ ရှိပါသည်။ ထို့ကြောင့် မြို့စားကြီးအနေဖြင့် “အတ္တ၊ အသက်၊ ၀ိညာဏ်ဟူသော ကူးတတ်သောအရာမရှိလျှင် အကူးခံရနိုင်သော တမလွန်ဘ၀မရှိ”ဟု ဆုံးဖြတ်ကောက်ချက်ချလိုက်ပုံ ရပါသည်။

သို့ရာတွင် အရှင်ကုမာရကဿပကား ဤပွိုင့်(ပါယာသိမြို့စားကြီး၏အားနည်းချက်)ကို ထောက်ပြဝေဖန်ခြင်း မပြုခဲ့ပါ။ အခြားဥပမာတစ်မျိုးဖြင့် ပြောပြခဲ့သည်။

အရှင်ကုမာရကဿပ၏ ဥပမာ (၇)

“မြို့စားကြီး ဒီလိုဆိုရင် သင့်ကို ဥပမာတစ်ခု ပြောအုံးမယ်။ သင် ကြိုက်သလို ဖြေပါ”

“ကောင်းပါပြီ၊ မေးပါ”

“သင် အိပ်တဲ့အခါ ပျော်ရွှင်ကြည်နူးဖွယ်ရာ ဥယျာဉ်တွေ၊ ရေကန်တွေနဲ့ အခြားကြည်နူးစရာလေးတွေကို အိပ်မက်ဖူးသလား”
“မက်ဖူးပါတယ်၊ တစ်နေ့က ဥယျာဉ်ထဲမှာ မောင်းမမိဿံအခြွေအရံတွေနဲ့ ဥယျာဉ်ထဲမှာ နေတုန်း အိပ်မက်မက်တာကို အမှတ်ရပါတယ်”

“သင် အိပ်မက်နေတဲ့အချိန်မှာ အခြွေအရံတွေဟာ သင့်ဘေးမှာ ရှိနေသလား”

“ရှိပါတယ်”

“သင့်ဘေးမှာ ရှိနေတဲ့ အခြွေအရံတွေဟာ သင့် အသက်ထွက်သွားတာ၊ ၀င်သွားတာကို မြင်ရသလား”

“မမြင်ရပါဘူး”

“ဒီလိုဆိုရင် သင်ပြောတဲ့ သူခိုးအသက်ထွက်တာကိုလည်း ဘယ်လိုလုပ် မြင်နိုင်ပါ့မလဲ၊ မြို့စားကြီး … သင့်အယူအဆကို ပြောင်းပါတော့”

“မပြောင်းနိုင်ပါဘူး။ ဒီဥပမာလောက်နဲ့ ကျွန်ုပ်အယူအဆကြီးကို ပြောင်းလဲမပစ်နိုင်ပါဘူး။ ကျွန်ုပ်မှာ ပြောစရာအကြောင်းတွေ ရှိပါသေးတယ်”

အရှင်ကုမာရကဿပ၏ ဤဥပမာသည်လည်း မြို့စားကြီးကို မဆွဲဆောင်နိုင်ခဲ့ပါ။ အမှန်အားဖြင့်လည်း အလွန်လေးနက်သော ဥပမာမဟုတ်သေးဟု ထင်မိသည်။ အရှင်ကုမာရကဿပအနေဖြင့် “အိပ်မက်မက်ခြင်းဟူသည် အသက်က အပြင်သို့ ထွက်ပြီး အိပ်မက်နယ်ထဲသို့ သွားရောက်ခြင်းဟု ဆိုလိုနေရော့သလား”ဟုပင် သံသယဖြစ်မိပါသည်။ အမှန်အားဖြင့် အိပ်မက်မက်ခြင်းဟူသည်မှာ အသက်က အပြင်သို့ ထွက်သည် မဟုတ်ပါ။ အိပ်မက်မက်သူ၏ စိတ်အစဉ်တွင် ထင်မြင်မိခြင်းပင် ဖြစ်ပါသည်။

အိပ်မက်ခြင်းအကြောင်းများ

ဤနေရာ၌ သမ္မောဟ၀ိနောဒနီအဋ္ဌကထာနှင့် မဟာနိဒ္ဒေသပါဠိတော် လာ အိပ်မက်မက်ခြင်း အကြောင်း ၆-ပါးကို ဗဟုသုတအဖြစ် ဖော်ပြလိုသည်။ ၎င်းတို့မှာ
(၁) လေဓါတ်ပျက်၍ မက်ခြင်း (၀ါတိက)
(၂) သည်းခြေပျက်၍မက်ခြင်း (ပိတ္တိက)
(၃) သလိပ်ပျက်၍မက်ခြင်း (သေမှိက)
(၄) နတ်တို့ လှည့်ပတ်၍မက်ခြင်း (ဒေ၀တူပ သံဟရတ)
(၅) လေ့ကျက်သုံးဆောင်ဖူး၍ မက်ခြင်း (သမုဒါစိဏ္ဏတ)
(၆) ပုဗ္ဗနိမိတ်ဖြစ်လတ္တံ့ကိုမြင်မက်ခြင်း (ပုဗ္ဗနိမိတ္တ) တို့ဖြစ်ပါသည်။ မိမိတို့ မြင်မက်တတ်သောအိပ်မက်များကို ဂရုစိုက်ကြည့်နိုင်ပါသည်။
အိပ်မက်ကိုလည်း ရဟန္တာများ မမြင်မက်ကြတော့ပါ။ သမ္မောဟ၀ိနောဒနီအဋ္ဌကထာတွင် အိပ်မက်သောအချိန်ကို စိတ်ဝင်စားဖွယ်ရာ တင်ပြထားသည်။

အိပ်မက်မက်ချိန်

အများအားဖြင့် “အိပ်မက် ဘယ်အချိန်မှာ မက်သလဲ”ဟု မေးလျှင် “အိပ်မက်ပါဆို အိပ်နေတဲ့အချိန်မှာ မက်တာပေါ့”ဟု ဖြေကြပေလိမ့်မည်။ အထက်ပါ ကျမ်းဂန်အဆိုအရ မဟုတ်ပါ။ အိပ်နေသောအချိန်မှာ အိပ်မက်မက်သည် မဟုတ်။ ပျော်တစ်ဝက် နိုးတစ်ဝက်၊ သို့မဟုတ် အိပ်မပျော်တပျော် အချိန်တွင် အိပ်မက်ပါသည်။ “မျောက်အိပ်ခြင်းနှင့်တူသော အိပ်ခြင်းမျိုး ရှိနေချိန်တွင် အိပ်မက်သည်”ဟု ဆိုထားသည်။ ခေတ်သစ်သုတေသနသမားများ လေ့လာကြည့်ကြပါကုန်။ ဤနေရာတွင်ကား အိပ်မက်အကြောင်း အဓိက ပြောလိုရင်းမဟုတ်၍ ဤမျှသာ။ ဆိုလိုသည်မှာ အိပ်မက်သည် အရှင်ကုမာရကဿပပြောသကဲ့သို့ အသက်က ၀င်လိုက်ထွက်လိုက် မဟုတ်သည်ကို ဝေဖန်တင်ပြလိုရင်း ဖြစ်ပါသည်။

မြို့စားကြီး၏ သုတေသန (၅)

“အရှင်… အကျွန်ုပ် သုတေသနလုပ်ကြည့်ထားတာ ရှိပါသေးတယ်။ သေဒဏ်ပေးခံရတဲ့ သူခိုးကို ခန္ဓာကိုယ်ကို တစ်ခုမှ အပျက်အစီး မဖြစ်စေဘဲ၊ နည်းနည်းမှ မပွန်းမပဲ့စေဘဲ သတ်ခိုင်းပါတယ်။ ပြီးတော့ အလေးချိန်ကို ချိန်ကြည့်ပါတယ်။ အဲဒီလို ချိန်ကြည့်တော့ မသေခင် (အသက်မထွက်ခင်)က ခန္ဓာကိုယ်က သေပြီးနောက် (အသက်ထွက်ပြီးနောက်) ခန္ဓာကိုယ်ထက် ပိုပေါ့နေတယ်။ သေပြီး(အသက်ထွက်ပြီး)ခန္ဓာကိုယ်က အလေးချိန် အများကြီး ဖြစ်နေတယ်။ ဒါကြောင့်မို့ တမလွန်ဘ၀ဆိုတာ မရှိဘူး”

သာမန်ဖတ်ကြည့်ရင် နားမလည်နိုင်စရာ ဖြစ်နေသည်။ ခန္ဓာကိုယ်အလေးချိန် များသွားခြင်းနှင့် ပေါ့နေခြင်းဖြင့် အဘယ့်ကြောင့် တမလွန်ဘ၀မရှိဟု ယူဆလိုက်ရသနည်း။ မြို့စားကြီး ယူဆပုံမှာ ဤသို့ ဖြစ်ပါသည်။

“မသေခင်က လူ့ခန္ဓာသည် ခန္ဓာကိုယ်နှင့်အသက် နှစ်မျိုးတွဲနေသည်။ သေသောအခါ ခန္ဓာကိုယ် တစ်မျိုးသာရှိပြီး အသက်က မရှိတော့ပါ။ သို့ဖြစ်၍ လေးမည့်လေးလျှင် ခန္ဓာကိုယ်နှင့်အသက် နှစ်မျိုးတွဲနေသော အနေအထားက လေးရပေမည်။ အသက်မရှိတော့သော ခန္ဓာကိုယ်က အလေးချိန် ပိုများစရာ အကြောင်းမရှိချေ။ သို့ဖြစ်၍ ဟိုဘ၀ သည်ဘ၀ ပြေးလွှားကျင်လည်တတ်သော အသက်ကောင်ဟူ၍ မရှိ။ ဟိုဘ၀ သည်ဘ၀ပြေးသွားတတ်သော အသက်ကောင်ဟူ၍ မရှိလျှင် ရှေ့ဘ၀၊ နောက်ဘ၀ဟူ၍လည်း ရှိမည်မဟုတ်”ဟု ကောက်ချက်ချလိုက်ပုံ ရပါသည်။

မြို့စားကြီး၏အတွေးအခေါ်များမှာ ဗုဒ္ဓ၀ါဒသဘောတရားနှင့် အလွန်းဝေးနေပြီး မိမိ ထင်ရာမြင်ရာ တွေးခေါ်ထားချက်များပေါ်တွင် အခြေခံနေသည်ဟု ဆိုရပေမည်။ မည်သို့ဆိုစေ မြို့စားကြီး၏ သူများပြောတိုင်း မယုံတတ်သော စရိုက်နှင့် လက်တွေ့ကျမှ ယုံကြည်တတ်သောစိတ်ဓာတ်မျိုးကိုကား ချီးကျူးရမည်သာ ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်....

Wednesday, August 25, 2010

မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ (၃)



အရှင်ကုမာရကဿပ၏ ဥပမာ (၃)

“ကဲ…မြို့စားကြီး ဒီလိုဆိုရင် သင့်ကို ဥပမာတစ်ခု ပြောမယ်၊ ပညာရှိဆိုတာ ဥပမာတွေနဲ့ပြောတဲ့စကားကို သဘောပေါက်ကြတယ်”
ဤတွင် “ပညာရှိဆိုတာ ဥပမာတွေနဲ့ပြောတဲ့စကားကို သဘောပေါက်ကြတယ်”ဟူသော စကားကို သတိပြုစေချင်ပါသည်။ ရှေ့က ဥပမာပေးတော့မည့်အခါမျိုးတွင် ဤစကားရပ်မပါခဲ့ပါ။ တစ်နည်းအားဖြင့် အနည်းငယ် မခံချင်အောင် ထည့်လိုက်သောစကားဖြစ်သည်ဟု ထင်သည်။

“အမိန့်ရှိပါ”

“ယောက်ျားတစ်ယောက်ဟာ မစင်တွင်းထဲကို ကျသွားခဲ့တယ် ဆိုပါစို့။ သူ့ကို မစင်တွင်းကနေ ထုတ်ပြီး အကြိမ်ကြိမ် အထပ်ထပ် ရေချိုးပေးမယ်။ အမွှေးနံ့သာတွေနဲ့ လိမ်းကျံပေးမယ်။ ၀တ်ကောင်းစားလှတွေ ဆင်ယင်ပေးမယ်။ ပြီးတာနဲ့ ပြသာဒ်ကြီးအထက်မှာ စားကောင်းသောက်ဖွယ်တွေ၊ လောကီစည်းစိမ်တွေ ခံစားဖို့ အဆင်သင့်လုပ်ထားတဲ့ဆီကို ခေါ်သွားပြီး ကာမဂုဏ်တွေ ခံစားစေမယ်။ အဲဒီအချိန်မှာ အဲဒီယောက်ျားဟာ မစင်တွင်းကို ပြန်သွားလိုတဲ့ စိတ်ဆန္ဒ ရှိအုံးမလား”

“မစင်တွင်းဆိုတာ ညစ်ပတ်စုတ်ပဲ့တဲ့နေရာပဲ။ အခုနေနေရတာက စင်ကြယ်သန့်ရှင်းပြီး ခံစားစရာ ကာမဂုဏ်အာရုံတွေ ပြည့်နေတဲ့နေရာဖြစ်တော့ မစင်တွင်း ပြန်သွားချင်တဲ့စိတ် ဘယ်လိုလုပ် ရှိတော့မလဲ”

“ဟုတ်တယ်၊ မြို့စားကြီး..ဒီဥပမာလိုပဲ ကောင်းရာကောင်းကျိုးတွေ လုပ်ဆောင်ပြီး နတ်ပြည်ရောက်သွားတဲ့သူဆိုတာလည်း ဒီလိုပဲပေါ့။ လူ့အဖြစ်ဆိုတာ နတ်တွေအတွက်တော့ ရွံရှာဖွယ်ဖြစ်တယ်၊ ညစ်ညမ်းတယ်။ ဒါကြောင့် နတ်ပြည်ကနေ သင့်ဆီလာပြီး ဘယ်လိုလုပ် ပြန်လာပြောချင်စိတ် ရှိပါတော့မလဲ၊ ဒါကြောင့် သင့်အယူအဆကို ပြောင်းလိုက်ပါတော့။ တမလွန်ဘ၀ရှိတယ်လို့ ယုံကြည်လိုက်စမ်းပါ”
“တမလွန်ဘ၀ရှိတယ်လို့ မယုံကြည်နိုင်ပါ။ ကျွန်ုပ်မှာ အကြောင်းပြစရာ သုတေသနလုပ်ထားတာတွေ ရှိပါသေးတယ်”

မြို့စားကြီး၏ သုတေသန (၃)

ဤနေရာတွင် ပြောကြားသော မြို့စားကြီး၏စကားမှာ ရှေ့တွင် ဆိုခဲ့သောစကားနှင့် သိပ်မထူးခြားလှပါ။ ရှေ့စကားရပ်တွင် ကောင်းမှုကုသိုလ်များ လုပ်ဆောင်ပြီး သေသူသည် နတ်ပြည်သို့ ရောက်နိုင်သည်ဟု ဆိုသော်လည်း သူနတ်ပြည်ရောက်ကြောင်း သတင်းစကား ပြန်မပြောလာသည်ကို ပြောခဲ့သည်။ ဤတွင်ကား ကောင်းမှုကုသိုလ်များ လုပ်လျှင် အချို့ရဟန်းများက တာဝတိံသာနတ်ပြည်သို့ ရောက်သည်ဟု ဆိုသည်။ နတ်ပြည်ဟူသော သာမညစကားရပ်နှင့် တာဝတိံသာဟူသော ၀ိသေသစကားရပ်သာ ကွာခြားပါသည်။ ထုံးစံအတိုင်း ထို့ကြောင့် တမလွန်ဘ၀မရှိဟု ယူဆကြောင်း အရှင်ကုမာရကဿပကို ပြောခဲ့သည်။

အရှင်ကုမာရကဿပ၏ ဥပမာ (၄)

ယင်းသို့ ပြောကြားချက်ကို အရှင်ကုမာရကဿပက အောက်ပါအတိုင်း ဆက်လက်ရှင်းပြသည်။ ဆွေးနွေးချက်များက တဖြည်းဖြည်း လေးလေးနက်နက် ဖြစ်လာခဲ့သည်။

“မြို့စားကြီး… ဒီလိုဆိုရင် သင်နားလည်အောင် ပြောပြမယ်။ တာဝတိံသာနတ်ပြည်အကြောင်းကို သင် ဘယ်လောက် သိသလဲ”

“မသိပါဘူး”

“သင် မသိရင် ပြောပြမယ်။ တာဝတိံသာနတ်ပြည်ဆိုတာ အဲဒီမှာ ၁-ရက်က လူ့ပြည်သက်တမ်းနဲ့ဆိုရင် နှစ် ၁၀၀-ရှိတယ်။ အဲဒီတော့ တာဝတိံသာကို ရောက်သွားတဲ့သူဟာ ငါတော့ ၂-ရက်၊ ၃-ရက်လောက် နတ်စည်းစိမ်ခံစားလိုက်အုံးမယ်။ ပြီးမှ လူ့ပြည်က ပါယာသိမြို့စားကြီးဆီ သွားပြီး အကြောင်းကြားလိုက်မယ်လို့ စိတ်ကူးပြီး ၂-ရက်၊ ၃-ရက် စည်းစိမ်ခံစားပြီး သင့်ဆီ လာပြောလို့ ဖြစ်ပါ့မလား”

“မဖြစ်ပါဘူး။ သူ ၁-ရက်လောက် နတ်စည်းစိမ်ခံစားလိုက်ရင် ကျွန်ုပ်က သေလွန်ပြီး ဖြစ်နေပါလိမ့်မယ်”

“ဒီလို သိရင် တမလွန်ဘ၀မရှိဆိုတဲ့ အယူအဆကို စွန့်လွှတ်လိုက်ပါတော့”

“မစွန့်လွှတ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရှင်က တာဝတိံသာနတ်တွေရဲ့ ၁-ရက်က လူ့ပြည်သက်တမ်းနဲ့ နှစ် ၁၀၀-ရှိတယ်လို့ ပြောနေတယ်။ အဲဒါလို ရှိတယ်လို့ ဘယ်သူက ပြောတာလဲ။ သူများပြောတိုင်း မယုံတတ်ပါ။ လက်တွေ့ဖြစ်မှသာ ယုံပါမယ်”

အရှင်ကုမာရကဿပ၏ ဥပမာ (၅)

“အော် သင်က လက်တွေ့ပြမှ လက်တွေ့သိမှသာ အရှိတရားကို လက်ခံမယ်ဆိုတဲ့သဘောလား”

“ဟုတ်ပါတယ်… ကျွန်ုပ်က ကိုယ်တိုင် ယုံကြည်နိုင်လောက်တဲ့ အတွေ့အကြုံမျိုးရှိမှ လက်ခံတတ်ပါတယ်”

“ဒါဆိုရင် သင့်ကို ဥပမာတစ်ခု ပြောပြမယ်။ အမိဝမ်းထဲမှာကတည်းက ကန်းနေတဲ့ သူတစ်ယောက်ရှိတယ်ဆိုပါစို့။ သူဟာ လောကကြီးထဲရောက်လာတော့ အဖြူ၊ အနီ၊ အစိမ်း…စသည်ကို ဘာမှန်း မသိနိုင်တော့ဘူး။ မြင်နိုင်စွမ်းကလည်း သူ့မှာ မရှိဘူး။ တစ်နေ့တော့ တစ်ယောက်ယောက် ဒါက အနီရောင်၊ ဒါက အပြာရောင်လို့ လာပြောမယ်။ အဲဒီအချိန်မှာ သူက အနီဆိုတာ မရှိပါဘူး၊ အပြာဆိုတာ မရှိပါဘူးလို့ ပြောမယ်။ သင်လက်ခံမလား”

“လက်မခံပါဘူး။ အနီ..အပြာအရောင်တွေဟာ တကယ်ရှိနေတာပဲ”

“အေး…ဒီလိုဆိုရင် သင်ဟာ ၀မ်းတွင်းကန်းပဲ။ သင်ဟာ သင့်မျက်စိနဲ့ မမြင်ရတိုင်း မရှိဘူးလို့ ပြောနေတယ်။ ဒါဟာ ၀မ်းတွင်းကန်းသူနဲ့ ဘာမှ မထူးခြားဘူး။ နတ်ပြည်ဗြဟ္မာ့ပြည်ဆိုတာတွေဟာ မံသစက္ခုဆိုတဲ့ သာမန်မျက်စိနဲ့ မြင်ရတာတွေ မဟုတ်ဘူး။ ထိုက်သင့်တဲ့ အကျင့်တွေကို ကျင့်ပြီး ဒိဗ္ဗစက္ခုလို့ဆိုတဲ့ အရာအားလုံးကို အတားအဆီးမရှိ မြင်နိုင်တဲ့ မျက်စိနဲ့မှသာ တွေ့မြင်နိုင်တာ ဖြစ်တယ်။ သင်ဟာ ၀မ်းတွင်းကန်းလို မပြောပါနဲ့လား။ သင့်အယူအဆကို ပြောင်းလိုက်ပါတော့”

တမလွန်ဘ၀ပြဿနာစကားဝိုင်းက အနည်းငယ် ပြင်းပြင်းထန်ထန် ဖြစ်လာခဲ့သည်။ အရှင်ကုမာရကဿပကလည်း စကားလုံးခပ်ပြင်းပြင်းများဖြင့် ဥပမာများ တန်ဆာဆင်ကာ ပြောသည်။ မြို့စားကြီးကလည်း အားမနာတမ်း တုန့်ပြန်ပြောဆိုသည်။ အရှင်ကုမာရက အထက်ပါအတိုင်း ပြောကြားသည့်အခါ မြို့စားကြီးက အောက်ပါအတိုင်း ဆက်လက် ချေပသည်။

မြို့စားကြီး၏ ချေပချက်

“အရှင်က ဒီလိုပြောရင် ကျွန်ုပ်ကလည်း ပြောစရာ ရှိပါတယ်။ အရှင်တို့ ရဟန်းတွေ အကျင့်သီလတွေကို စောင့်ထိန်းကြတယ်။ ကောင်းမှုတွေ အများကြီး ပြုကြတယ်။ သေလို့ ရှိရင် ဒီဘ၀ထက် အစစအရာရာ သာလွန်တဲ့ နတ်ပြည်ဗြဟ္မာ့ပြည်ကို ရောက်နိုင်တယ်ပေါ့။ အဲဒီလို ရောက်ပြီး နတ်စည်းစိမ်ဗြဟ္မာမင်းစည်းစိမ်တွေ ခံစားလို့ ရတယ်ပေါ့။ ဒီလို ပိုမိုကောင်းမြတ်တဲ့ နတ်စည်းစိမ်ဗြဟ္မာ့စည်းစိမ်တွေ ခံစားရမယ်မှန်း ကျိန်းသေ သိတယ်ဆိုရင် ကိုယ့်ကိုကိုယ် သတ်သေလိုက်ကြပါလား။ အရှင်တို့ ဒီလောက် သေချာနေမှတော့ လူ့ဘ၀ရဲ့ ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားနေရတာတွေကို စွန့်လိုက်ကြပါလား၊ မသေချာလို့ ကိုယ်ကိုကိုယ် သတ်မသေရဲကြတာပေါ့။ ကိုယ့်ကိုကိုယ် သတ်သေတယ်ဆိုတာ လွယ်လွယ်လေးပါ။ အဆိပ်သောက်ပြီးလည်း သေနိုင်တယ်။ ဓားနဲ့ကိုယ့်ကိုကိုယ် ခုတ်ပြီးတော့လည်း သေနိုင်တယ်၊ ကြိုးဆွဲချပြီးလည်း သေနိုင်တယ်။ ချောက်ကမ်းပါးကနေ ခုန်ချပြီးတော့လည်း သေနိုင်တာပဲ။ အခု အရှင်တို့ သမဏတွေထဲက ဘယ်သူတွေ အဲဒီလို သတ်မသေကြတာလဲ။ နတ်ပြည်ဗြဟ္မာ့ပြည်ရောက် မရောက် သေသေချာချာ မသိလို့သာ မသေကြတာပေါ့။ ဒါကြောင့်ပဲ ကျွန်ုပ်က တမလွန်ဘ၀ဆိုတာ မရှိဘူးလို့ ယုံကြည်နေတာပါ”

မြို့စားကြီး၏ ဤသို့သော ပြောဆိုချက်နှင့် ခပ်ဆင်ဆင် စကားမျိုးကို ရှရှားစာရေးဆရာကြီး လီယိုတော်လ်စတွိုင်းလ်ကလည်း ပြောဆိုဖူးလေသည်။ သူက “ဂေါတမဗုဒ္ဓဟာ လောကကြီးဟာ ဒုက္ခသစ္စာအတုံးအခဲကြီးလို့လည်း ပြောသေးတယ်။ ကိုယ့်ကိုကိုယ်ကျတော့ သတ်မသေဘူး”ဟု ဆိုသည်။ သူ့စကားအတိုင်းပင် တော်လ်စတွိုင်းသည် နောင်အခါ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့လေသည်။

အရှင်ကုမာရကဿပ၏ ဥပမာ (၆)

“သင်က ဒီပြောတော့ ဥပမာတစ်ခု ထပ်ပြောရတာပေါ့။ ယောက်ျားတစ်ဦးမှာ မယား ၂-ယောက်ရှိတယ်။ မယားတစ်ယောက်မှာက ၁၀-နှစ်၊ ၁၂-နှစ်အရွယ် သားတစ်ယောက်ရှိတယ်။ နောက်မယားတစ်ယောက်မှာက ကိုယ်ဝန်လွယ်ထားရတယ်။ တစ်နေ့မှာ သားလေးက အမွေပေးဖို့ ပြောလာတယ်။ သားလေးကို အမွေပေးလိုက်ရင် ကိုယ်ဝန်သည်မိခင်မှာ ဘာခံစားခွင့်မှ မရှိတော့ဘူး။ သားရဲ့ မိခင်တစ်ယောက်ပဲ ခံစားခွင့်ရှိတယ်။ အဲဒီတော့ ကိုယ်ဝန်သည်မိခင်က -သူ ကလေးမွေးပြီးတဲ့အထိ စောင့်ပါအုံး၊ သားလေးမွေးရင် အမွေကို တစ်ယောက်တစ်ဝက်စီ ခွဲယူရမယ်။ သမီးမွေးခဲ့ရင် သားလေးရဲ့ အခိုင်းအစေအဖြစ် ပေးမယ်-လို့ ဆိုပါတယ်။ ဒါပေမယ့် သားဖြစ်သူက အမွေကို အခုပဲ ပေးဖို့ အတင်းပြောနေတယ်။ ဒါနဲ့ ကိုယ်ဝန်သည်မိခင်ဟာ ဓားနဲ့မိမိဗိုက်ကို ခွဲပြီးတော့ သားလေးလား၊ သမီးလေးလား ကြည့်တယ်။ ဒါပေမယ့် မွေးဖွားချိန်ကို မစောင့်နိုင်ဘဲ ဒီလိုလုပ်လိုက်တော့ ဒီဓားဒဏ်ရာနဲ့ပဲ သေဆုံးသွားရတယ်”

“တော်တော်အသိဉာဏ်မရှိတဲ့ အမျိုးသမီးလို့ ဆိုရမှာပေါ့”

“ဟုတ်တယ်။ အသိဉာဏ်မရှိတဲ့ အမျိုးသမီးပဲ။ ဒါပေမယ့် ငါတို့ ရဟန်းတွေဟာ နောက်ဘ၀မှာ ဒီထက်ပိုမိုကောင်းမွန်တဲ့အခြေအနေရှိနေတာကို သိပေမယ့် အချိန်အခါကို သိလို့ ကိုယ့်ကိုကိုယ် သတ်မသေကြဘူး။ မိမိတို့ ရရှိထားတဲ့ အသိဉာဏ်ပညာနဲ့ လူ့လောကကောင်းကျိုးတွေ အများကြီး သယ်ပိုးပေးတယ်။ အချိန်အခါစေ့လို့ (သေချိန်တန်လို့) သေရတဲ့အခြေအနေ၊ အချိန်အခါအထိ စောင့်ကြတယ်။ ဒါကြောင့် သတ်မသေကြတာပါ။ အခုတော့ သင်က အချိန်မစေ့သေးဘဲ ဗိုက်ခွဲတဲ့ အမျိုးသမီးလိုပဲ မိုက်မဲတဲ့အတွေးမျိုးကို တွေးနေတယ်။ မြို့စားကြီး သင့်အယူအဆကို ပြောင်းလိုက်ပါတော့”

အရှင်ကုမာရကဿပက ထိုကဲ့သို့ ပြောသော်လည်း မြို့စားကြီး ပါယာသိမှာ နည်းနည်းမှ ဖြုံပုံမရဘဲ သူစမ်းသပ်ခဲ့သော သုတေသနများကို ဆက်လက်ပြောကြားခဲ့လေသည်။

ဆက်လက်ဖော်ပြပါမည်.....

Saturday, August 21, 2010

မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ (၂)



အရှင်ကုမာရကဿပ၏ ဥပမာ (၁)

“ကဲ…မြို့စားကြီး…ဒါဆိုရင် သင့်ကို ဥပမာတစ်ခု ပြောမယ်။ လ၊ နေတွေဟာ တကယ်ရှိသလား”

“ရှိတာပေါ့”

“ဒီလောကမှာ ရှိတာလား။ တခြားလောကမှာ ရှိတာလား”

“တခြားလောကမှာ ရှိတာပေါ့”

“လ၊ နေတွေဟာ လူတွေလား၊ နတ်တွေလား”

“လူတွေ မဟုတ်ပါဘူး၊ နတ်တွေပါ”

“ဒါဆိုရင် တမလွန်ဘ၀ဆိုတာ မရှိဘူးလို့ မယူဆလိုက်ပါနဲ့၊ ရှိတယ်လို့ ယူလိုက်ပါ”

“ဒီဥပမာလေးနဲ့ ကျွန်ုပ်အယူအဆတွေကို မပြောင်းနိုင်ပါဘူး။ အသင် ဒီလို ပြောလည်း ကျွန်ုပ်အယူအဆကတော့ မပြောင်းပါဘူး။ အရင်အတိုင်းပဲ ယူဆနေဆဲပါ”

ဤဥပမာတွင် စဉ်းစားစရာ အချို့ ရှိပါသည်။ အရှင်ကုမာရကဿပအနေဖြင့် ပါယာသိလို ပညာရှင်မြို့စားကြီးကို မပြောပလောက်သော ဥပမာလေးဖြင့် အယူဝါဒကြီးတစ်ခုလုံးကို အဘယ့်ကြောင့် ပြောင်းခိုင်းပါသနည်း။ နောက်ထပ် တင်ပြလာသော စကားအခြေအတင်ပြောပုံများကို ကြည့်၍ အရှင့်အနေဖြင့် အလွယ်မှ အခက် တဖြည်းဖြည်း ပြောပြသွားလိုပုံရသည်ဟု ယူဆမိပေသည်။

တစ်ဖန် လ၊ နေ တို့သည် အာရုံငါးပါးတွင် စက္ခု(မျက်စိ)ဖြင့် မြင်တွေ့နိုင်သောအရာများသာ ဖြစ်နေသည်။ သို့ဖြင့်၍ အာရုံငါးပါးနဲ့ ထိတွေ့လို့ရမှ အမှန်ဟု ယူဆထားသော ပါယာသိအတွက် မဖြုံလောက်သော ဥပမာတစ်ရပ်ပင် ဖြစ်နေပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လ၊နေတို့သည် အာရုံငါးပါးတွင် ရူပါရုံစက်ကွင်းမှ မလွတ်နိုင်သေးသောကြောင့် ဖြစ်ပါသည်။ စကားကို ကပ်သီးကပ်သပ် တွေးပြီး ပြောတတ်သော ပါယာသိသည် ဤအချက်ကို အဘယ့်ကြောင့် မထောက်ပြခဲ့သလဲဆိုသည်ကို စဉ်းစားမရနိုင် ဖြစ်မိပါသည်။

တစ်ဖန် “လ၊ နေတို့ကို လူတွေ မဟုတ်ပါဘူး၊ နတ်တွေပါ”ဟု ပြောသော ပါယာသိစကားကိုလည်း အရှင်ကုမာရက မည်သို့မျှ ပြန်မပြောခဲ့ပါ။ စာရေးသူ တို့ပြခဲ့သော ဤအချက်များမှာ သူတို့ဆိုလိုသော ပွိုင့်(အကြောင်းအရာ)မဟုတ်သဖြင့် မေးခွန်းထုတ်ခြင်း၊ ထပ်မံရှင်းပြခြင်း မပြုလုပ်ခဲ့ဟု ဆိုလျှင် ရနိုင်ကောင်းပါသည်။ အမှန်မှာ လ၊ နေတို့သည် နတ်များလည်း မဟုတ်ကြပါ။ စကြာဝဠာအနန္တအတွင်းမှ ကမ္ဘာတစ်ခုစီသာ ဖြစ်ကြပါသည်။

ပါယာသိ မြို့စားကြီး၏ လက်တွေ့ သုတေသန (၁)

“ကျွန်ုပ်အနေနဲ့ တမလွန်ဘ၀ မရှိဘူးလို့ ယူဆရတဲ့အကြောင်းတွေထဲက လက်တွေ့ သုတေသနလုပ်ထားတာလေးကို အရှင့်ကို ပြောပြမယ်”

“ထူးဆန်းလှချည်လား ပါယာသိ….၊ ဘယ်လိုများ သုတေသနတွေ လုပ်ထားလဲ…၊ ပြောပါ”

“ငါးပါးသီလလေးကိုမှ မစောင့်ထိန်းနိုင်ရင်၊ စိတ်ဓာတ်ကောင်းတွေ မမွေးမြူနိုင်ရင်၊ အယူမှားရင် နောက်ဘ၀မှာ အပါယ်ငရဲ ကျမယ်လို့ အရှင်တို့ ဟောကြတယ် မဟုတ်လား”

“ဟုတ်ပါတယ်၊ ဟောပါတယ်”

“ကျွန်ုပ် သုတေသနအရတော့ ငရဲကို မကျပါဘူး”

“ဘယ်လို” အရှင်ကုမာရ အာမေဋိတ်သံထွက်လာသည်။

“ဒီလိုပါ…၊ ကျွန်ုပ်ဆွေးမျိုးတွေထဲမှာ ငါးပါးသီလကိုလည်း ချိုးဖျက်တယ်၊ စိတ်ဓာတ်ကလည်း ဆိုးမှဆိုး၊ အယူအဆတွေကလည်း မှားနေတဲ့သူ ရှိတယ်။ တစ်နေ့မှာ သူဟာ အပြင်းအထန် ရောဂါဖြစ်တယ်။ သူ တကယ်သေတော့မယ်ဆိုတာကို သိတာနဲ့ ကျွန်ုပ်က သူ့ကို သွားပြောလိုက်တယ်”

“ဘယ်လိုများ သွားပြောလိုက်သလဲ”

“သင် ငရဲရောက်တယ်ဆိုရင် ငရဲမှာ တကယ်ရောက်တဲ့အကြောင်း ကျွန်ုပ်ဆီကို ပြန်လာပြီး အကြောင်းကြားပါလို့ မှာလိုက်ပါတယ်။ သူဟာ ဒီနေ့ထိ ကျွန်ုပ်ဆီကို လာအကြောင်းမကြားပါဘူး”

“ဒါနဲ့ပဲ သင်ဟာ တမလွန်ဘ၀မရှိဘူး၊ ကောင်းဆိုးကံတွေရဲ့ အကျိုးမရှိဘူးလို့ ယူဆလိုက်တာပေါ့”

“ဟုတ်ပါတယ်”

အရှင်ကုမာရကဿပ၏ ဥပမာ (၂)

“ဒီလိုဆိုရင် သင့်ကို ဥပမာတစ်ခု ပြောပြမယ်။ သင့်မြို့နယ်မှာ ပြစ်မှု ထင်ရှားလို့ သေဒဏ်အပေးခံရတော့မယ့် သူခိုးတစ်ယောက်ရှိတယ်ဆိုပါစို့။ သူ့ကို ကြိုးတွေ တုပ်ထားပြီပြီ။ ခေါင်းဖြတ်ပြီး သတ်တော့မယ်။ အဲဒီအချိန်မှာ သေဒဏ်ပေးခံရတဲ့ သူခိုးက တောင်းဆိုတယ် ဆိုပါစို့”

“ဘယ်လို တောင်းဆိုတာလဲ”

“အချင်း သူသတ်ယောက်ျားတို့… ကျွန်ုပ်မှာ ဆွေးမျိုးသားချင်းတွေ ရှိပါတယ်။ ဘယ်လောက် ချမ်းသာပါတယ်။ ပိုက်ဆံရှိပါတယ်။ ဆွေမျိုးသားချင်းတွေနဲ့အတူတကွ သွားနေပြီးမှ ပြန်လာပါ့မယ်။ ပြန်လာမှ သတ်ကြပါလို့ တောင်းဆိုလို့ ရမလား”

“မရပါဘူး။ သူပြောနေတုန်းမှာပဲ သူ့ခေါင်းက ပြတ်ပြီးသွားလောက်ပါပြီ”

“အေး…အဲဒီလိုပဲပေါ့။ သင် မြို့စားကြီးရဲ့ ဆွေမျိုးဟာ ငရဲပြည်ရောက်ပြီး ငရဲသားတွေက ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ကြတော့မယ်။ အဲဒီအခါမှာ အချင်း…ငရဲသားတို့ ခဏစောင့်ပါအုံး။ ကျွန်ုပ်မှာ ပါယာသိမြို့စားကြီးဆိုတဲ့ ဆွေမျိုးတစ်ယောက်ရှိပါတယ်။ သူ့ကို စကားအနည်းငယ် သွားပြောချင်ပါတယ်။ ကျွန်ုပ်ပြန်လာမှ ဆက်လက် ညှင်းပန်းနှိပ်စက်ကြပါလို့ ဘယ်လိုလုပ် ခွင့်တောင်းလို့ ရပါ့မလဲ။ ဒါကြောင့် သင့်အယူဝါဒကို ပြောင်းပါလာလော့”

“မပြောင်းနိုင်ပါဘူး”

“ဘာဖြစ်လို့လဲ”

“ကျွန်ုပ်မှာ အခြားပြစရာ သုတေသနလုပ်ထားတာတွေ ရှိပါသေးတယ်”

ပါယာသိမြို့စားကြီး၏ သုတေသန (၂)

“အရှင်…ကျွန်ုပ်မှာ နောက်ထပ်ပြစရာ အကြောင်းတွေ ရှိတယ်။ အရှင်တို့ တရားတွေ ဟောတယ်မလား။ ငါးပါးသီလလုံရင် စိတ်ကောင်းရှိရင် နတ်ပြည်တွေ ရောက်တယ်လို့။ ကျွန်ုပ်ဆွေမျိုးတွေထဲမှာ ငါးပါးသီလလည်း လုံတယ်။ စိတ်ကောင်းလည်း ရှိတယ်။ အဲဒီလူဟာ သေလောက်အောင် ရောဂါဖြစ်တယ်။ သူ အသက်မရှင်နိုင်တော့ဘူးဆိုတာ သိတော့ “အမောင်… မင်းနတ်ပြည်ရောက်ရင် နတ်ပြည်ရောက်တဲ့အကြောင်း ငါ့ကို လာပြောပါအုံး”လို့ မှာလိုက်ပါတယ်။ သူဟာ သေပြီးတဲ့နောက်ပိုင်း ကျွန်ုပ်ဆီ ပြန်လာပြီး ဘာမှ အကြောင်းမပြန်ပါဘူး။ ဒါဟာ ဘာကို ပြနေသလဲဆိုတော့ နတ်ပြည်ဆိုတဲ့ တမလွန်ဘ၀ဆိုတာ မရှိလို့ပေါ့။ ကျွန်ုပ်က ဒီတမလွန်ဘ၀မရှိ၊ ကောင်းမှုမကောင်းမှု အကျိုးမရှိဆိုတဲ့အယူကို အရမ်းကာရော လက်ခံယုံကြည်နေတယ်လို့များ ထင်သလား။ ဒီလို အကြောင်းပြချက်တွေနဲ့မို့ ဒီလို အယူအဆ ရှိနေတာပါ”

ဆက်လက်ဖော်ပြပါမည်....

Tuesday, August 17, 2010

မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ



အမှာစကား အနည်းငယ်….

ပိဋကတ်ကျမ်းစာများကို အခုလို ဟန်ဖြင့် ရေးသားနေခြင်းနှင့် ပတ်သက်ပြီး ကြားရသောအသံလေးများအတွက် စကားအနည်းငယ် ပြောကြားလိုပါသည်။ အခုဆိုရင် ပိဋကတ်ထဲမှ စာရေးသူအကြိုက်လည်းဖြစ်၊ အားလုံးအတွက်လည်း မှတ်သားစရာ၊ သင်္ခန်းစာယူစရာဖြစ်သော သုတ်(၀တ္ထု)အချို့ကို အများနားလည်လွယ်အောင်နှင့် သင်္ခန်းစာယူစရာဖြစ်အောင် ခံစားရေးဖွဲ့လာသည်မှာ အတော်များပါပြီ။ အချို့ဝတ္ထုများက ဆောင်းပါးတစ်ပုဒ်စာနှင့် အဆင်ပြေသော်လည်း အချို့ဝတ္ထုများက အခန်းဆက်နှင့်ရေးမှ ခြုံမိနိုင်ပါသည်။

“ဘုရားဟောပါဠိတော်များကို ဘာသာပြန်ထားသော မြန်မာပြန်ကျမ်းစာများ ရှိပြီးပြီပဲ။ ဒါမျိုးလိုသေးလို့လား”ဟု မေးစရာရှိပါသည်။ “လိုအပ်ပါတယ်”ဟုသာ မြင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ပါဠိတော်ဘာသာပြန်များသည် (မြန်မာလို ရေးထားတာဖြစ်ပေသော်လည်း) စာရေးသူလို ရဟန်းတစ်ပါးတောင် နားမလည်နိုင်သောနေရာများစွာ ရှိပါသည်။ “ဘာဆိုလိုတာလဲ။ ဘာပြောချင်တာလဲ” မသိသောနေရာများ အများကြီး ရှိနေသည်ကို မြန်မာပြန်များ ဖတ်သူတိုင်း သိပါသည်။ ထိုသို့သော နေရာများတွင် မူရင်းပါဠိတော်နှင့် တိုက်ဆိုင်ဖတ်ရှုရသည်။ မူရင်းပါဠိတော်နှင့် မရသေးလျှင် အဋ္ဌကထာကို လှန်ရပါသည်။ ထိုကဲ့သို့ ဖတ်ပါမှ အဓိပ္ပာယ်က ပေါ်လွင်ပါသည်။

တစ်ဖန် ဘုရားဟောကျမ်းစာများကို အများနားလည်အောင် လုပ်ရသောအလုပ်ကလည်း မလွယ်ကူလှပါ။ အကျယ်ကြီးဖြစ်နေသည်ကို ချုံးရသည့်အတွက် လိုရင်းဆိုလိုချက်များ ကျန်ခဲ့တတ်ခြင်း၊ ဆိုလိုချက်များ ပြုတ်နေခဲ့ခြင်းမျိုးများလည်း ဖြစ်တတ်ပါသည်။ တစ်ဖန် ခေတ်ဝေါဟာရ၊ ခေတ်အသုံးအနှုန်းဖြင့် ဖလှယ်တဲ့နေရာမှာလည်း သတိထားရပါသည်။

မည်သည့်နေရာမျိုးတွင်ဖြစ်စေ တိုက်ရိုက်ဖလှယ်ခြင်းနှင့် သွယ်ဝိုက်အနက်ကို ယူ၍ ဖလှယ်ခြင်း (၂) မျိုး ရှိပါသည်။ အချို့နေရာတွင် တိုက်ရိုက်ဖလှယ်မှ အဆင်ပြေနိုင်သော်လည်း အချို့နေရာများတွင် သွယ်ဝိုက်ပြီး ဆိုလိုချက်ပေါက်အောင်၊ အများနားလည်အောင်၊ ရသမြောက်အောင် ဖလှယ်ပစ်ရတာမျိုးများလည်း ရှိပါသည်။ ဆာအက်ဒွင်အာနိုး(Sir Edwin Arnold) ရေးထားသော “အာရှတိုက်ရဲ့ အလင်းရောင် (Light Of Asia)”စာအုပ်တွင် ဒုတိယဖလှယ်နည်းဖြစ်သော သွယ်ဝိုက်အဓိပ္ပာယ် သို့မဟုတ် ဂယက်အနက်ကို ယူပြီး သုံးနှုန်းထားသည်များကို နေရာများစွာတွင် တွေ့ရမည်ဖြစ်သည်။ တစ်ချို့ဝါကျများသည် ဘုရားရှင် တိုက်ရိုက်ဟောထားသည်များ မဟုတ်ကြပါ။ ဤသို့ ရေးထားသည်ကိုပဲ “ဘုရားက ဘယ်နေရာမှာမှ ဒီလို ဟောထားတာ မရှိပါဘူး”ဟု သွားပြောနေရင် ပြောသူဟာ ဗဟုသုတမရှိလို့ပဲ ဖြစ်ပါလိမ့်မည်။

ဆိုလိုသည်မှာ အခု ဤစာကို ရေးသူသည် အချို့နေရာများတွင် တိုက်ရိုက်မပြော၊ မဟောသော်လည်း ပြောထားသကဲ့သို့ တင်ပြထားပါသည်။ ပို့စ်မော်ဒန်ကဗျာတွေအကြောင်း အငြင်းပွားကြစဉ်က ဆရာဒဂုန်တာရာ၏ လူသိများသော စကားတစ်ခွန်း ရှိပါသည်။ “ကာရံမဲ့ချင်မဲ့ပါစေ၊ အဘိဓမ္မာ မမဲ့စေနဲ့”ဟူ၍။ “အနှစ်သာရကို စာဖတ်သူ ထိတွေ့နိုင်ဖို့က လိုရင်း”ဟု ခံယူထားပါကြောင်း။ ဗုဒ္ဓ၀ါဒအမှန်နှင့် ဆန့်ကျင်နေသည့် အပြောအဆို၊ အယူအဆများ ပါနေသည်ဟု ယူဆပြီး အကြံပြုဝေဖန်လာလျှင် ၀မ်းမြောက်စွာ ခံယူပါမည့်အကြောင်း ပြောကြားလိုက်ပါသည်။)

သေတဗျမြို့လေးမှာ အုတ်အုတ်ကျက်ကျက်

ကောသလတိုင်းက သေတဗျမြို့ငယ်လေးတွင် လူတွေ အုတ်အုတ်ကျက်ကျက် ဖြစ်နေကြသည်။ ဟိုနား စုစု၊ ဒီနား စုစုဖြင့် တစ်နေရာရာသို့ သွားဖို့ ပြင်နေကြဟန်ရှိသည်။ အချို့က ငါးယောက်တစ်ဖွဲ့၊ အချို့က ဆယ်ယောက်အဖွဲ့၊ အချို့က မိသားစုအလိုက်၊ အချို့မှာတော့ တစ်ယောက်တည်း၊ တစ်နေရာသို့ ဆူဆူညံညံ သွားနေကြလေသည်။ အချိုက ပန်း၊ ဆီမီးထုတ်တွေ ကိုင်ဆောင်ထားသည်။ အချို့က မိမိတို့ အသုံးအဆောင်များကို ကိုင်ဆောင်လျှက် သွားနေကြလေသည်။ သေတဗျမြို့ဆိုသည်မှာ ကောသလတိုင်း၏အရှင်သခင် ပသေနဒီကောသလမင်းကြီးက ပါယာသိအား အပိုင်စားပေးထားသော မြို့ငယ်တစ်ခု ဖြစ်သည်။

အိန္ဒိယသည် ထိုခေတ်အခါက အယူအဆအမျိုးမျိုး၊ အတွေးအခေါ်အမျိုးမျိုးကို မိမိတို့ ထင်မြင်ယူဆသည့်အတိုင်း လှည့်လည်ဟောပြောနေကြသူ ဆရာကြီးများ များစွာရှိကြလေသည်။ မိမိတို့၏ အတွေးအခေါ်၊ အယူအဆများကို လွတ်လပ်စွာ ပြောဟောစည်းရုံးနိုင်ခွင့် အပြည့်အ၀ရှိသော ဒေသကြီး ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ နာမည်ကြီးလာလျှင် စောင့်ကြည့်လေ့လာသူများလည်း ပေါများသည်။ ဆရာကြီးတစ်ယောက် မိမိတို့နေထိုင်ရာ မြို့၊ ရွာအနီးရောက်လာပြီဆိုလျှင် သွားရောက် အကဲဖြတ်တတ်ကြသည်။ သို့ဖြစ်၍ အခုလည်း အရှင်ကုမာရကဿပ သေတဗျမြို့ကို ရောက်နေပြီဟု ကြားသိရသောကြောင့် ဆူဆူညံညံ အုတ်အုတ်ကျက်ကျက် သွားရောက်တွေ့ဖို့ ပြင်ဆင်နေကြခြင်း ဖြစ်ပေသည်။
ထိုအချိန်သည် ပါယာသိမြို့စားကြီးအတွက် စည်းစိမ်ခံစားနေချိန် ဖြစ်သည်။

“အမတ်ကြီး… ဆူဆူညံညံနဲ့ ဘာဖြစ်နေတာလဲ”

“မှန်လှပါ… အရှင်ကုမာရကဿပ ဆိုတဲ့ ရဟန်းတစ်ပါးဟာ နောက်လိုက်နောက်ပါတွေနဲ့ မြို့နားကို ရောက်နေပါတယ်။ သူ့ဆီကို သွားနေကြတာပါ”

“ဟေ… ဒီရဟန်းတွေက နောက်ဘ၀ရှိတယ်၊ ဘာညာနဲ့ မဟုတ်မတရားတွေ လျှောက်ဟောနေကြတာ မဟုတ်လား၊ ဒီလို လက်တွေ့ပြလို့လည်း မရ၊ အဓိပ္ပာယ်လည်းမရှိတဲ့တရားတွေ ဟောနေသူတွေကို ဘာဖြစ်လို့များ အလုပ်ရှုပ်ခံ သွားတွေ့နေကြတာလဲ၊ ကဲ ကဲ… ဒီရဟန်းတော့ ငါနဲ့ တွေ့တော့မှာပဲ။ အမတ်ကြီး… အဲဒီကိုယ်တော်ဆီ သွားနေတဲ့သူတွေကို ပြောလိုက်”

“မှန်ပါ့”

“သင်တို့ မတွေ့ခင် အဲဒီရဟန်းကို ငါ အရင်တွေ့မယ်၊ ငါတွေ့ပြီးမှ တွေ့ကြလို့၊ ငါတို့ ဆွေးနွေးတာကို စောင့်နေကြပါလို့ ပြောလိုက်”

“မှန်ပါ”

အမတ်ကြီးလည်း မြင်းစီးပြီး လူစုလူဝေးများသို့ သွားရောက်ပြောကြားခဲ့လေသည်။ မြို့သူမြို့သားတို့မှာ အံ့သြကုန်သည်။ အမှန်အားဖြင့် သူတို့ မြို့စားကြီးမှာ ရှေ့ဘ၀၊ နောက်ဘ၀များကို ယုံကြည်သူမဟုတ်။ အယူအဆရေးရာများကို ပြောဆိုဆွေးနွေးကြလျှင်လည်း အတော်လက်ပေါက်ကပ်သူတစ်ယောက်ဟု သိထားကြသည်။ သူနှင့်ဆွေးနွေးသူများမှာ အများအားဖြင့် လန့်ပြေးရသည်က များလေသည်။ ပညာလည်း တတ်သည်။ အတွေးအခေါ်ကလည်း ကောင်းသည်။ စကားပြောကလည်း ထူးချွန်သည်။ သူ့ကိုဘက်ပြိုင်ပြီး ယှဉ်ပြိုင်ဆွေးနွေးနိုင်သူဟု မကြားဖူးချေ။ အခု မြို့စားကြီး အရှင်ကုမာရကဿပဆီ သွားမည်ဟု ကြားသိရသောအခါ စိတ်ဝင်တစား ဖြစ်ကုန်ကြသည်။

သူနှင့်တွေ့ရမည့် အရှင်ကုမာရကဿပကလည်း ခေသူ မဟုတ်ပါ။ ဗဟုသုတ ကြွယ်သည်။ အပြောကောင်းသည်။ စကားပြောသည့်အခါတိုင်း ဥပမာဥပမေယျများဖြင့် တစ်ဖက်လူ ကျအောင် ပြောနိုင်စွမ်းရှိသည်။ တစ်ဖန် နယ်တကာသို့ လှည့်လည်သာသနာပြုနေသူတစ်ဦး ဖြစ်သည်နှင့်အညီ ကျမ်းဂန်ဗဟုသုတ၊ ဒေသန္တရဗဟုသုတနှင့် အယူအဆရေးရာတိုက်ပွဲများကို အကြိမ်ကြိမ် နွှဲခဲ့ဖူးသော အတွေ့အကြုံရင် ရဟန်းတစ်ပါး ဖြစ်ပါသည်။

သေတဗျမြို့သူမြို့သားများ ပွဲကြီးပွဲကောင်း ကြည့်ရတော့မည်။ တမလွန်ဘ၀မရှိ၊ အကောင်းအဆိုး သတ်မှတ်ထားချက်များသည် အဓိပ္ပာယ်မရှိဟု ယုံကြည်သူ မြို့စားကြီးနှင့် ၃၁-ဘုံရှိကြောင်း ယုံကြည်သူ အရှင်ကုမာရကဿပတို့ စကားနိုင်လုပွဲကြီး၊ အယူအဆရေးရာပြိုင်ပွဲကြီး ဖြစ်တော့မည်ဆိုတာကို တွက်ဆမိသော မြို့သူမြို့သားများမှာ အတွေးကိုယ်စီ၊ ခန့်မှန်းချက်ကိုယ်စီဖြင့် ပြောဆိုငြင်းခုံနေကြလေသည်။ အစက အရှင်ကုမာရကဿပကို ကြည်ညိုသူတို့သာ အုတ်အုတ်ကျက်ကျက် ဖြစ်နေခဲ့သော်လည်း အခုအခါမှာတော့ မြို့စားကြီး၏ အယူအဆ၀ါဒကို ကြိုက်နှစ်သက်သူများလည်း အရှင်ကုမာရကဿပရှိရာသို့ ဦးတည်နေခဲ့ကြလေသည်။ သေတဗျမြို့လေးသည် တစ်ခဏအတွင်းမှာ ဖုန်တစ်ထောင်းထောင်း ထနေခဲ့လေသည်။ ထိုနေ့က ရာသီဥတု သာသာယာယာ ရှိလှသည်။

ပညာရှင်နှစ်ဦး တွေ့ဆုံခြင်း

ရဟန်းတစ်ပါးက သူ့ဆရာကို ပြောနေသည်။
“ဆရာအရှင် ကုမာရကဿပ… ပါယာသိမြို့စားကြီးက အရှင်နဲ့ တရားဆွေးနွေးလိုပါသတဲ့”

“ကောင်းပြီလေ”

မြို့စားကြီးနှင့် အရှင်ကုမာရကဿပတို့က အနည်းငယ်မြင့်သော နေရာများတွင် အသီးသီး နေရာယူထားကြသည်။ အရှင်ကုမာရကဿပ၏ တပည့် ၅၀၀ တို့က ဆရာအရှင်၏ နောက်တွင် ငြိမ်ငြိမ်ဆိတ်ဆိတ် နေနေကြသည်။ အရှင်၏ရှေ့တွင် ပါယာသိမြို့စားကြီး နေရာယူထားသည်။ သူ၏ ဘေးဘက်ဝဲယာတွင် သူ၏ နောက်လိုက်တပည့်များ၊ အစောင့်အရှောက်များ၊ ထို့နောက်တွင် ကျေးကျွန်များ။ ထို့နောက်တွင် မြို့သူမြို့သားများ။ အသီးသီး နေရာယူထားကြသည်။

မြို့စားကြီးနှင့်အရှင်တို့မှာ ၀မ်းမြောက်ဖွယ်စကားများ ပြောကြသည်။ ယနေ့ခေတ် လူကို တွေ့သည်နှင့် “နေကောင်းလား၊ မတွေ့ရတာ ကြာပြီ၊ စားရသောက်ရ အဆင်ပြေလား”စသည် မေးသကဲ့သို့ပင် ဖြစ်ပါသည်။ ထိုသို့ ပြောပြီးသောအခါ မြို့စားကြီးနှင့်အရှင်တို့သည် အယူဝါဒဆိုင်ရာများကို စတင် ပြောခဲ့ကြသည်။

“ပါယာသိ… သင်က ဘယ်လို အယူဝါဒ ရှိသလဲ”

“ကျွန်ုပ် အယူဝါဒမှာ နောက်ဘ၀ဆိုတာ မရှိဘူး။ သတ္တ၀ါသေရင် ပြန်ဖြစ်တယ်ဆိုတာ မရှိဘူး။ အကောင်း၊ အဆိုးကံတွေရဲ့ အကျိုးဆိုတာလည်း မရှိဘူး”

“အော်… ဒီလို အယူအဆမျိုး သင့်မှာ ရှိသလား။ ဒီလို အယူအဆမျိုး ရှိသူတွေကို တစ်ခါမှ မတွေ့ဖူးဘူး။ ကြားလည်း မကြားဖူးဘူး။ ဘာဖြစ်လို့ ဒီလို ယူဆရတာလဲ”

ဤနေရာတွင် “ဒီလို အယူအဆမျိုး ရှိသူတွေကို တစ်ခါမှ မတွေ့ဖူးဘူး။ ကြားလည်း မကြားဖူးဘူး”ဟုဆိုသော စကားမှာ အနည်းငယ် ထူးဆန်းနေသည်ဟု ထင်သည်။ အရှင်ကုမာရကဿပခေတ်က ထိုကဲ့သို့ ယူဆသူများ များစွာရှိကြောင်း ပိဋကတ်စာပေလာ အဖြစ်အပျက်များအရ သိရပါသည်။ သို့ဖြစ်၍ “မမြင်ဖူးဘူး၊ မကြားဖူးဘူး”ဟု အဘယ့်ကြောင့် ပြောသနည်းဆိုသည်ကို နားမလည်နိုင်ခဲ့ပါ။

ပါယာသိမြို့စားကြီးက ဆက်ပြောသည်။
“မရှိလို့ မရှိဘူးလို့ ယူဆတာပေါ့။ ဘယ်အရာပဲဖြစ်ဖြစ် အာရုံငါးပါး (အမှန်က ပသာဒငါးခု = စက္ခု (မျက်စိ)၊ သောတ (နား)၊ ဃာန (နှာခေါင်း)၊ ဇိဝှါ (လျှာ)၊ ကာယ (ခန္ဓာကိုယ်))နဲ့ ထိတွေ့လို့ ရတဲ့ အရာတွေကိုပဲ အရှိတရားအဖြစ် ကျွန်ုပ် ယူဆပါတယ်။ အာရုံငါးပါးနဲ့ ထိတွေ့လို့ မရတဲ့ အတိတ်ဘ၀၊ အနာဂတ်ဘ၀နဲ့ နတ်ပြည်ဗြဟ္မာ့ပြည်တွေဟာ စိတ်ကူးထဲမှာပဲ ရှိတာပါ။ ဒါကြောင့် ဒီလို ယူရတာပါ”

ဆက်လက်ဖော်ပြသွားပါမည်.....
ဇာတ်လမ်းက အခုမှ စတာ..:) :)

Friday, August 13, 2010

အရူးလွယ်အိတ်



တစ်ချိန်က မှော်ပီ ဆရာသိန်းကြီး၏ အရူးလွယ်အိတ် ဆိုသော စာအုပ်ကို ဖတ်ရသည်။ ဆရာကြီးက သူဖတ်ဖူးသော စာအုပ်များနှင့် သူ့အတွေ့အကြုံများကို မှတ်စုသဖွယ် ရေးထားခြင်း ဖြစ်သည်။ ရှေးခေတ်ကဗျာအတိုအစများက များသည်ဖြစ်၍ မိမိအကြိုက်နှင့် သိပ်တော့ အံဝင်ဂွင်ကျ မဖြစ်ခဲ့ပါ။ မည်သို့ဆိုစေ အခု ဆရာကြီး၏ ခေါင်းစဉ်ကို အသုံးပြုဖို့ စိတ်ကူးရလာသည်။ ဆရာကြီး၏ အရူးလွယ်အိတ်သည် စာကောင်းပေကောင်းများ၊ အမှားအမှန် မသေချာသော အတိုအစများ…စသည်တို့ကို စုပေါင်းထည့်ထားခြင်းကို တင်စားထားသော စာအုပ်ဖြစ်သည်။

မြတ်စွာဘုရားရှင်လက်ထက်က တိတ္ထိဆရာကြီး ခြောက်ဦးအကြောင်းကို ဗုဒ္ဓဘာသာဝင်တိုင်းလိုလို ကြားဖူးကြသည်။ ဗုဒ္ဓစာပေနေရာအတော်များများတွင် သူတို့အကြောင်းကို တွေ့ရသည်။ အဋ္ဌကထာဆရာများကလည်း အမျိုးမျိုးအဖုံဖုံ ချဲ့ကားဖွင့်ဆို ဝေဖန်ခဲ့ကြသည်။ ထိုဆရာကြီးတို့မှာ နာမည်ကျော်ကြားသော ဆရာကြီးများ၊ တပည့်နောက်လိုက်ပုဂ္ဂိုလ်များစွာ ရှိသူများ ဖြစ်ကြသည်။ သို့ရာတွင် ဗုဒ္ဓစာပေကို ဖွင့်ဆိုရေးသားကြသော အဋ္ဌကထာဆရာများအလိုအရ ဘာမှ အဆင့်မရှိ၊ ပေါက်တတ်ကရပုဂ္ဂိုလ်ကြီးများသဖွယ် ဖြစ်နေလေသည်။

မည်သို့ပင် ဖြစ်စေ အဋ္ဌကထာလာ စကားတစ်ရပ်ကိုတော့ အလွန်သဘောကျမိပေသည်။ ထိုဆရာကြီးများအနက် နိဂဏ္ဍနာဋပုတ္တအကြောင်း ဖွင့်ဆိုချက်တွင် အဋ္ဌကထာဆရာက “ဖွဲပုံပေါ်၌ စိုက်ထားသော သစ်ငုတ်ကဲ့သို့ (သူတို့အယူသည်) မခိုင်မြဲ။ လှုပ်ရှား၏။ မုန့်ပဲ သရေစာ၊ မစင်၊ နွားချေး…စသည်တို့ ရောထွေးပြီး ကောင်းသောအရာများ၊ မကောင်းသောအရာများ အစုံထည့်ထားသော အရူး၏ တောင်း(အိတ်)ကဲ့သို့ သူတို့အယူသည်လည်း တခါတရံ ကောင်းသောအရာများ၊ တခါတရံ မကောင်းသောအရာများ ပါရှိနေပေသည်”ဟု ဆိုသည်။ မှန်ပါသည်။ ယနေ့ခေတ် အရူးများသည်လည်း သူတို့၏ လွယ်အိတ်ထဲတွင် ကောင်းသောပစ္စည်း၊ မကောင်းသောပစ္စည်း အစုံ ထည့်ထားတတ်ကြလေသည်။

ဗဟန်းမှာ နေစဉ်က ကျောင်းအနီးက ဇရပ်တစ်ခုတွင် နေသောအရူးတစ်ယောက်ရှိသည်။ သူသည် မည်သည့်နေရာသွားသွား လွယ်အိတ်အစုတ်ကြီးကြီးတစ်လုံးကို လွယ်သွားလေ့ရှိသည်။ သူသည် အချိန်မှန် ရေချိုး၊ အချိန်မှန် စားသည်။ စကားပြောသည်ကိုကား မတွေ့ရ။ သူ့ကို စကားသွားပြောလျှင် ပြုံးပြီး စိုက်ကြည့်နေတတ်သည်။ သာမန်ကြည့်လျှင် အရူးတစ်ယောက်၏ပုံစံမျိုးလုံး မရှိပေ။ သို့ရာတွင် သူသည် အမှိုက်ပုံများ၊ လမ်းဘေးစသည်တို့တွင် စက်ပစ္စည်းအပိုင်းအစများ၊ မိုးကာ အပိုင်းအစများ တွေ့လျှင် သူ့လွယ်အိတ်ကြီးထဲထည့်ပြီး သူနေထိုင်ရာ ဇရပ်သို့ သယ်ဆောင်သွားသည်။

သူသည် ထိုပစ္စည်းအစုတ်များဖြင့် ကားများကို တစ်စီးပြီးတစ်စီး တီထွင်နေခြင်း ဖြစ်သည်။ ထိုကားများပေါ်တွင် ပါးစပ်က တ၀ှီးဝှီး တ၀ူးဝူးအော်လျှက် မောင်းနေတတ်သည်။ ပြောချင်သည်မှာ အရူးလွယ်အိတ်ဆိုတော့ ထိုအရူး၏ လွယ်အိတ်ကြီးကိုလည်း သတိရနေမိပါသည်။

အထက်တွင် ဆိုခဲ့သောစကားကို အဋ္ဌကထာက ဆက်လက်သုံးသပ်ပြသည်။ “ကောင်းတာလေးတွေ ပါနေရင် သူတို့အယူဝါဒကို အဘယ့်ကြောင့် မိစ္ဆာဒိဋ္ဌိလို့ ဆိုရသလဲ”ဟု သူကိုယ်တိုင် မေးခွန်းထုတ်သည်။ “ဒို့ ဗုဒ္ဓ၀ါဒနဲ့ ကိုက်ညီတာ အချို့တော့ ပါပါတယ်၊ ဒါပေမယ့် ကောင်းတာတွေ၊ မကောင်းတာတွေ ရောထွေးပါဝင်နေတာကိုက မစင်ကြယ်တဲ့အတွက် သူ့တို့ဝါဒ အကုန်လုံးက မိစ္ဆာဒိဋ္ဌိအယူတွေ ဖြစ်ပါတယ်”ဟု သူကိုယ်တိုင် အဖြေထုတ်သည်။

အခြား ယနေ့ခေတ် အယူဝါဒများကိုလည်း အထက်ပါ သုံးသပ်ချက်အတိုင်း သုံးသပ်နိုင်လိမ့်မည် ထင်သည်။ ခရစ်ယာန်အချို့နှင့် အယူဝါဒဆိုင်ရာ ဆွေးနွေးမိခဲ့စဉ်က ထာဝရဘုရားသခင်၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သခင်ယေရှုတို့၏ မေတ္တာတရား ကြီးမားပုံတို့ကို ပြောဆိုဖြစ်ကြသည်။ ထာဝရဘုရားက ဂျူးလူမျိုးများ (သမ္မာကျမ်းအဆို ဣသရေလ)ကောင်းစားရေးအတွက် အခြားလူမျိုးများ (သူ့ကို မကိုးကွယ်သူများ)ကို မညှာမတာ ရက်စက်သတ်ဖြတ်သည်။ သခင်ယေရှု၏ လမ်းစဉ်တွင်ကား သတ်ဖြတ်ရေးလမ်းစဉ်များ မပါ။ သမ္မာကျမ်းစာ(ဟောင်း)တွင် မကိုးကွယ်သူ၊ ဘာသာခြားလူမျိုးခြား ထောင်သောင်းများစွာကို ရက်ရက်စက်စက် သတ်ဖြတ်မှုများနှင့် ပြည့်နှက်နေသည်။

အနောက်တိုင်း ပညာရှင်တစ်ဦးကလည်း “ကမ္ဘာ့အရက်စက်ဆုံး လူသတ်ပွဲကြီးများကို အတွေ့မြင်နိုင်ဆုံးသော နေရာသည် သမ္မာကျမ်းစာ(ဟောင်း)ဖြစ်သည်”ဟု ဆိုခဲ့သည်။ “ထိုကဲ့သို့ ရက်စက်မှုများသာ ပါဝင်သလော၊ ကောင်းတာလေးတွေ မပါတော့ဘူးလား”။ ပါပါသည်။ “သင်၏ အိမ်နီးနားချင်းများကို သင်နှင့် ထပ်တူ ချစ်မြတ်နိုးလော့”ဟူသော စကားမှာ ကမ္ဘာကျော်သည်။ ကောင်းလည်း ကောင်းသည်။ သို့ရာတွင် ဘာသာခြားလူမျိုးခြားတို့ကို သတ်ဖြတ်နေခြင်းနှင့် အချို့ကျမ်းချက်များကို ထောက်ရှု၍ “အိမ်နီးနားချင်း”ဟူသည်မှာ အကန့်အသတ်မဲ့ ဝေါဟာရ မဟုတ်။ “ဘာသာတူ၊ လူမျိုးတူ အိမ်နီးနားချင်း”ဟုသာ အဓိပ္ပာယ်ထွက်လေသည်။

ထာဝရဘုရားက သူ၏ ဗိမာန်အနီးသို့ အနာကြီးရောဂါသည်(အနူများ) မလာရဟု ပြင်းပြင်းထန်ထန် အမိန့်ထုတ်သည်။ သူ၏ သားတော်ယေရှုက အနာကြီးရောဂါသည်ကို သေသေချာချာ လက်ကိုကိုင်ပြီး ပြုစုပေးသည်။ ထာဝရဘုရားက “eye for an eye”ဟူသော ဂလဲ့စားချေဝါဒကို ဟောသည်။ သားတော်ယေရှုက ညာဘက်မျက်စိကို ယူသောသူအား ဘယ်ဘက်မျက်စိကိုပါ ပေးလိုက်၊ ……….စသည်ဖြင့် ခွင့်လွှတ်ခြင်း၊ စွန့်လွှတ်ခြင်း၊ အနစ်နာခံခြင်းဝါဒကို ဟောကြားသည်။ ထိုအကြောင်းအရာများကို ခရစ်ယာန်မိတ်ဆွေနှင့် ဆွေးနွေးဖြစ်သောအခါ “ကျုပ်က အရိုးဖယ်ပြီး အသားစားတာပါဗျာ”ဟု ပြောသည်။ အထက်ပါ အဋ္ဌကထာဆရာ သုံးသပ်သကဲ့သို့ သုံးသပ်လိုက်လျှင်……..။

အရူးလွယ်အိတ်အကြောင်းကို ညအခါ တစ်ယောက်ထဲ တွေးနေမိခဲ့သည်။ ပထမ အရူးလွယ်အိတ်နှင့် တူနေသော အယူဝါဒများကို မျက်စိထဲ မြင်နေခဲ့သည်။ ထို့ထက်…ထို့ထက် နက်နက်နဲနဲ တွေးမိလာသောအခါ မြားဦးက မိမိရင်ဘတ်ဆီသို့ တည့်တည့်လှည့်လာနေခဲ့သည်ကို တွေ့လိုက်ရသည်။ “ငါ့ ရင်ဘတ်ကရော….”။ အရူးလွယ်အိတ်ကြီးပါတကား။

“ပုထုဇ္ဇနော ဥမ္မတ္တကော = ပုထုဇဉ်ဆိုတာ ဥမ္မာ..အရူးတွေ”။ အဘယ့်ကြောင့်နည်း။ အရူးတစ်ယောက်သည် မူမမှန်။ တခါတရံ ကောင်းချင်ကောင်းသည်။ တခါတရံ ကြောက်မက်ဖွယ် ဆိုးသွမ်းသည်။ တခါတရံ ….. တခါတရံ။ အရူးတို့အတွက် ကောင်းခြင်းနှင့်ဆိုးခြင်းသည် တခါတရံဟူသော ရှေ့ဆက်စကားဖြင့် ကာရံပေးထားရလေသည်။

“ငါ အမြဲကောင်းခဲ့သလား”။
တခါတရံ နှလုံးသားထဲတွင် စိတ်ကောင်းစိတ်မြတ်ကလေးများ ထည့်ထားသည်။ တခါတရံ စိတ်ဆိုးစိတ်ညစ်များ ထည့်ထားသည်။ တခါတရံ တကယ့်ရဟန်းတော်တစ်ပါးလို နေချင်သည်။ နေသည်။ တခါတရံ လူစိတ်ပေါက်သည်။ လူအလုပ်တွေ လုပ်ချင်သည်။ တခါတရံ ဣနြေ္ဒရရ ယဉ်ယဉ်ကျေးကျေး၊ တခါတရံ မိုက်မိုက်ရိုင်းရိုင်း။ တခါတရံ အများအကျိုးပြု၊ ကိုယ်ကျိုးစွန့်ချင်သည်။ တခါတရံ အတ္တဆန်သည်။ တခါတရံ…. တခါတရံ…။ ပုထုဇဉ်တို့၏ နှလုံးသားသည် အမြဲတမ်း ဖြူစင်မြင့်မြတ်နေသည်ဟု မရှိပါလေ။ “တခါတရံ”ဟူသော ရှေ့ဆက်စကားဖြင့် အစဉ်အမြဲ ဒွန်တွဲနေကြရလေသည်။

အရူးလွယ်အိတ်ကဲ့သို့ အကောင်းအဆိုး ရောနေသော နှလုံးသားများကို ဆေးကြောပစ်ဖို့ဆိုလျှင် သမထ၊ ဘာဝနာအလုပ်မှတစ်ပါး အခြားမရှိပါလေ။ အဆုံးစွန် သန့်စင်သွားအောင် မဆေးကြောနိုင်ကြသေးဘူးဆိုလျှင်တောင်မှ စုဆောင်းမိသော အဆိပ်အတောက်များကို မစားမိဖို့ ကူညီပေးနိုင်ပါလိမ့်မည်။ တစ်နေ့နည်းနည်း၊ တစ်နေ့နည်းနည်း သိမ်းဆည်းထားမိသော အမှိုက်များကို မိမိတို့ ရင်ဘတ်အတွင်းမှ ဖယ်ရှားနိုင်အောင်တော့ ကြိုးစားနေသင့်ကြပါသည်။

“အရူးလွယ်အိတ်”အကြောင်းကို တမျှော်တခေါ် စဉ်းစားရင်း ပြုံးမိသောအရာလေးတစ်ခု ပြောချင်သည်။ ယခု ဤစာရေးသူသည် အရူးလွယ်အိတ်ကြီးကို လွယ်ထားရင်း ရေးလိုက်သည်။ အရူးလွယ်အိတ်ကြီးထဲက ထွက်ကျလာသော ဤစာကို အရူးလွယ်အိတ်များ ကိုယ်စီပိုက်လျှက် လာရောက်ဖတ်ရှုကြပေအုံးတော့မည်။ ပြုံးမိသည်။

ပြုံးနေရင်း ပီတိကလေးဖြစ်လာသောအခါ တင်ပလ္လင်ခွေ ထိုင်ချလိုက်သည်။ လွယ်အိတ်ထဲမှာ ထွေးလိမ်နေသောအရာများအားလုံးကို ရှေ့မှာ သွန်ချလိုက်သည်။ ငြိမ်းအေးသွားသော စိတ်အစဉ်ကို ခံစားလိုက်ရသည်။ အခိုက်အတံ့သာ ဖြစ်လိမ့်မည်။ မနက်ဖြန်မှာ ပန်းတွေ ပွင့်အုံးမလား။ မသေချာ။

Tuesday, August 10, 2010

အခွင့်အရေး


(၁)
“အခွင့်အရေး”ဆိုသော ဝေါဟာရကို နေ့စဉ်ဘ၀၊ နေ့စဉ်အသုံးများတွင် အဓိပ္ပာယ်အမျိုးမျိုး၊ ရှုထောင့်အမျိုးမျိုးဖြင့် ပြောဆိုလေ့ရှိကြသည်။ အသုံးများသလောက် အမှန်တကယ် နက်နက်နဲနဲ စဉ်းစားလေလေ သိမ်မွေ့သော၊ လေးနက်သော အဓိပ္ပာယ်လေးများရှိနေသည်ကို တွေ့ရသည်။ စကားလုံးက တစ်လုံးတည်းပင် ဖြစ်သော်လည်း နေရာဌာနအားလျှော်စွာ ကောင်းသောဆိုလိုချက်နှင့် ဆိုးသောဆိုလိုချက် နှစ်ခုစလုံးကို သယ်ဆောင်ပေးနိုင်သည်။ “အခွင့်အရေး”ဟူသည် “အခွင့်အရေးယူတယ်၊ အခွင့်အရေးသမား”လို့ သုံးနှုန်းလိုက်လျှင် မကောင်းသောအဓိပ္ပာယ်ထွက်ပြီး “အခွင့်အရေးကို အမိအရ အသုံးချလိုက်တယ်”လို့ဆိုလျှင် ကောင်းသောအဓိပ္ပာယ်ဖြစ်ဖို့ များလေသည်။

(၂)
ဗုဒ္ဓ၀ါဒက လူ့အဖြစ်ကို “တကယ့်မဟာ အခွင့်အရေးကြီး”အဖြစ် ဖော်ပြသတ်မှတ်ပေးထားသည်။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓ၀ါဒသည် ၃၁-ဘုံဝါဒနှင့်ဘ၀လွတ်မြောက်ရာ နိဗ္ဗာန်ကို တည်ခင်းထားသည်ဖြစ်ရာ မည်သည့်နေရာ၊ မည်သည့်ပန်းတိုင်သို့မဆို လူ့ဘ၀ကနေ သွားရမည်ဖြစ်သောကြောင့် ဖြစ်လေသည်။ (ခြွင်းချက်….သုဒ္ဓါဝါသဘုံမှလည်း ဘ၀လွတ်မြောက်ရာသို့ သွားနိုင်သည်။ သို့ရာတွင် ထိုဘုံရောက်ဖို့အတွက် လူ့ဘ၀က အားထုတ်မှုများ ရှိဖို့တော့ လိုအပ်သည်)။ လူ့အဖြစ်ကိုသာ မရခဲ့လျှင် အထက်အထက်လွတ်မြောက်ရာနှင့် မြင့်မြတ်ရာ ဘ၀များသို့ မရောက်နိုင်ပေ။ သို့အတွက်ကြောင့် လူ့ဘ၀၊ လူ့အဖြစ်ကို မဟာအခွင့်အရေးကြီးအဖြစ် သတ်မှတ်ပြီး ထိုအခွင့်အရေးကို လက်လွှတ်မခံကြဖို့ ပြောထားခြင်းဖြစ်သည်။

(၃)
နယ်မြေဒေသတစ်ခုသို့ စီးပွားရှာထွက်သောအခါ၊ အဆင့်မြင့်နိုင်ငံကြီးများသို့ သွားရောက်ပြီး ပညာသင်ခွင့်၊ စီးပွားရှာခွင့် ရသောအခါ….. စသော ကောင်းမွန်ကြီးကျယ်သောအရပ်သို့ ထွက်ခွာမည့်သူများကို လူကြီးမိဘ၊ ဆရာသမားများနှင့် မိတ်ဆွေများက ပြောတတ်ကြသည်။ “အခွင့်အရေးကို ရအောင် ယူခဲ့”။ “ရလာတဲ့အခွင့်အရေးကို လက်လွှတ်မခံနဲ့”။
စီးပွားရေးသမားများကလည်း မိမိတို့လုပ်ငန်းအတွက် ငွေကြေးအမြတ်များများ ရနိုင်သောလုပ်ငန်းခွင်များ ပေါ်ပေါက်လာလျှင် “ဒါက ငါတို့အတွက် မဟာအခွင့်အရေးကြီးပဲ၊ လက်လွတ်ခံလို့ မဖြစ်ဘူး”ဟု ပြောတတ်ကြသည်။ တိုင်းတစ်ပါးလက်အောက်ခံ ဖြစ်နေရသော တိုင်းပြည်ခေါင်းဆောင်တို့သည်လည်း အခြားတိုင်းပြည်က စစ်အကူအညီများ ပေးဖို့ ကမ်းလှမ်းခံရလျှင် “ဒါက ဒို့နိုင်ငံ လွတ်လပ်ရေးအတွက် အခွင့်အရေးပဲ”ဟု ဆိုတတ်ကြသည်။

သို့ဆိုလျှင်….. အခွင့်အရေးကို မည်သို့ ကောက်ချက်ချကြမည်နည်း။ “အခွင့်အရေး”ဟူသည် မိမိ၏ ပုဂ္ဂလိကကောင်းကျိုးနှင့် ပတ်ဝန်းကျင် သို့မဟုတ် မိမိတိုင်းပြည်နှင့်လူမျိုး ကောင်းကျိုးအတွက် ဇွဲသတ္တိအပြည့်ဖြင့် ဆောက်ရွက်လိုသောစိတ်ဓာတ်ကို ကိုယ်စားပြုနေသည်ဟု ဆိုနိုင်ပါလိမ့်မည်။ ဤအဓိပ္ပာယ်က မိမိ၊ အများကောင်းကျိုးအတွက် မိမိ၏ ဇွဲလုံ့လ၊ အသိပညာများကို အသုံးချသူ၊ ပေးဆပ်သူများကို ရည်ညွှန်းနိုင်ပါလိမ့်မည်။

(၄)
“အခွင့်အရေး”ဟူသော ဝေါဟာရသည် ထိုမျှနှင့် မရပ်သေးပါ။ တစ်နေ့က မြန်မာနိုင်ငံက ဗိုလ်ချုပ်တစ်ယောက်အကြောင်း ပြောဖြစ်ကြသောအခါ သူငယ်ချင်းက “ဒီလူကို ကိုယ် သိပါတယ်၊ ဒီလူက အခွင့်အရေးသမားပါကွာ”ဟု ဆိုသည်။
နောက်ပြီး အဖွဲ့အစည်းကြီးတစ်ခုက ခေါင်းဆောင်ဖြစ်နေသူတစ်ယောက်အကြောင်း ပြောသံကြားရသည်။ သူသည် ထိုအဖွဲ့အစည်းအတွက် ခေါင်းဆောင်ဖြစ်ထိုက်သူ အရည်အချင်း မရှိသည်ကို လူတိုင်း သိမြင်ထားသည်။ မည်သို့ပင်ဖြစ်စေ သူသည် လက်ရှိခေါင်းဆောင်ဖြစ်နေသည်။ ထိုအထဲမှ တစ်ဦး၏ကောက်ချက်တွင် “ဒီလူက အခွင့်အရေးကို ချောင်းနေတဲ့သူပါကွာ၊ သူ ဒီရာထူးရဖို့ အမျိုးမျိုး ကြံစည်နေခဲ့တာ”ဟု ကြားလိုက်ရသည်။ ထိုကဲ့သို့ “ဒီလူက အခွင့်အရေးသမားကွာ”ဆိုသော စကားမျိုးကို နေ့စဉ်ရက်ဆက်ဆိုသလို ကြားသိနေရလေသည်။

သို့ဆိုလျှင် “အခွင့်အရေး”ဟူသော ဝေါဟာရကို မည်ကဲ့သို့ ကောက်ချက်ချကြအုံးမည်နည်း။ “အခွင့်အရေး”ဟူသည် မိမိ၏ပုဂ္ဂလိကချမ်းသာအဆင်ပြေရေးအတွက် (ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများကို လျစ်လျူရှုပြီး) အတ္တကို ရှေ့တန်းတင်ကာ သူတစ်ပါးအပေါ် အမြတ်ထုတ်ချင်သော စိတ်ဓာတ်ကို ကိုယ်စားပြုနေသည်ဟု ဆိုနိုင်လိမ့်မည်ဟု ယူဆမိပြန်သည်။ ဤအဓိပ္ပာယ်က မိမိ၏ တစ်ကိုယ်ရေချမ်းသာပြည့်စုံမှု၊ အာဏာရှိမှုအတွက် အများကို အသုံးချတတ်သော ကလိမ်ကကျစ် အချောင်သမားများကို ရည်ညွှန်းနိုင်ပါလိမ့်မည်။

(၅)
“ပေးဆပ်သူ”တို့၏ စိတ်ဓာတ်က မိမိလိုချင်တာကို ဇွဲလုံ့လအပြည့်ဖြင့် ရအောင်ကြိုးစားသည်။ ပြီးလျှင် ထိုဇွဲ့လုံလ၏အကျိုးရလဒ်ကို မျှဝေစိတ်ဖြင့် ခံစားသည်။ “အချောင်သမား”တို့၏ စိတ်ဓာတ်သည်လည်း မိမိလိုချင်တာကို စိတ်ရှည်ရှည်ဖြင့် ရအောင်ကြိုးစားသည်။
သူတို့နှစ်ဦး ကွာဟနေသည့်အချက်မှာ ပေးဆပ်သူက သူ၏ လုပ်ရပ်များအတွက် ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများဖြင့် ထိန်းကွပ်ပေးထားသည်။ အချောင်သမားက မိမိလိုချင်သည့်အရာအတွက် ကိုယ်ကျင့်တရားဘောင်တွေကို မထား၊ “မရရသည့်နည်းဖြင့်၊ မဖြစ်ရင် ဖြစ်သည့်နည်းဖြင့်”ဟူသော မူကို လက်ကိုင်ထားသည်။

ထို့အပြင် ပေးဆပ်သူက မိမိနှင့်ထိုက်တန်သမျှကိုသာ ဆုပ်ကိုင်သည်။ အချောင်သမားက အကုန် မောင်ပိုင်စီးချင်သည်။ မည်သည့်အရာကိုပဲလုပ်လုပ် သူ့လက်သူ့ခြေ ဖြစ်ချင်သည်။ ပေးဆပ်သူက အာဏာရခဲ့လျှင်သော်မှ ငါမှငါဟူသော စိတ်ဓာတ်ကို မကျင့်သုံး။ အချောင်သမားက အာဏာရသည်ကို ဘီလူးခေါင်းတပ်ဆင်လိုက်ရသလို ထင်မှတ်သည်။

ပေးဆပ်သူက အဖွဲ့အစည်း၏စုပေါင်းအားနှင့် တစ်ဦးချင်းအရည်အချင်းကို အသိအမှတ်ပြုသည်။ အချောင်သမားက ငါပြီးမှပြီးသည်ဟု ထင်သည်။ ပေးဆပ်သူက လဲနေသူကို တွေ့လျှင် ထူပေးချင်သည်။ အချောင်သမားက လဲနေသူကို တက်နင်းသွားချင်သည်။

(၆)
လူဆိုသည်မှာ တပ်မက်မှု၊ ဆာလောင်မှုတစ်မျိုးစီဖြစ်ရာ မိမိတို့ တပ်မက်ရာပန်းတိုင်ကို အရောက်လှမ်းနေရပေမည်။ လိုရာပန်းတိုင်ရောက်ဖို့အတွက် မည်သို့မည်ပုံ အားထုတ်ကျင့်သုံးရမည်နည်း။ မိမိတို့ဘ၀ခရီးလျှောက်လှမ်းကြရာတွင် အခွင့်အရေးကို မိမိနှင့်အများကောင်းကျိုးအတွက် အမိအရအသုံးချသူတစ်ယောက်ဖြစ်ဖို့ အလွန်ပင် အရေးပါလှပေသည်။
အချောင်သမားအခွင့်အရေးသမား မဖြစ်ဖို့အတွက် ကိုယ့်ကျင့်တရား၊ သို့မဟုတ် လူ့ကျင့်ဝတ်တရားဟူသော ၀တ်စုံကို ၀တ်ဆင်သွားရပေမည်။ အချောင်းသမားတို့သည်ကား ဘ၀ခရီးကို ဇွဲနပဲနှင့်တော့ လျှောက်လှမ်းနေကြပါ၏။ သို့ရာတွင် ကိုယ့်ကျင့်တရားဟူသော ၀တ်စုံကို ဆင်မြန်းထားခြင်း မရှိသည့်အတွက် ကိုယ်လုံးတီးလမ်းလျှောက်နေသူကဲ့သို့ ရှက်စရာပင် ဖြစ်နေပါလိမ့်မည်။

(၇)
အခွင့်အရေးကို အသုံးချဖို့အတွက် ပန်းတိုင်ထားရှိရမည်။ ထိုပန်းတိုင်သို့ ရောက်ရှိရေးအတွက် ထိုက်သင့်သော (ထိုပန်းတိုင်သို့ ရောက်စေနိုင်သော) လုပ်ဆောင်ချက်ရှိရမည်။ ထိုလုပ်ဆောင်ချက်ကို ကိုယ့်ကျင့်တရားများနှင့် ၀န်းရံထားရမည်။ ထိုအချက်ပြည့်စုံလျှင် မည်သည့်ခရီးကိုမဆို လျှောက်လှမ်းသင့်သည်သာ ဖြစ်ပါသည်။

မြတ်စွာဘုရားရှင်က “သင်တို့ သူဌေးကြီး ဖြစ်ချင်သလား။ သူဌေးကြီးဖြစ်ချင်ရင် သူဌေးကြီးတစ်ဦး ဖြစ်စေနိုင်တဲ့ (၁) ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ယုံကြည်မှု (၂) ကိုယ်ကျင့်သီလဖြည့်ဆည်းမှု (၃) သူဌေးကြီးဖြစ်ကြောင်း နည်းလမ်းကောင်းများကို သိရှိထားမှု (ဗဟုသုတ) (၄) မျှဝေသုံးစွဲမှု (ရဲဘော်စိတ်ထားရှိမှု) နှင့် (၅) သူဌေးကြီးဖြစ်ကြောင်း အတတ်ပညာတို့ကို ပြည့်စုံအောင် ဖြည့်ဆည်းကျင့်သုံးကြပါ။ ပြီးလျှင် မိမိ၏စိတ်ကို သူဌေးကြီးဖြစ်ရမယ်လို့ အမြဲတမ်း နှလုံးသွင်းပါ။ ဒါဆိုလျှင် မလွဲမသွေ သူဌေးကြီး ဖြစ်လာပါလိမ့်မယ်”ဟု မိန့်တော်မူသည်။ (မှတ်ချက်…လိုသမျှလေးကိုသာ ယူထားသည်။ အကျယ်ကြည့်လိုက ဥပရိပဏ္ဏာသပါဠိတော်၊ သင်္ခါရုပပတ္တိသုတ်ကို ရှုတော်မူ)။

ထို့အပြင် နတ်သားဖြစ်လိုလျှင်၊ ဗြဟ္မာဖြစ်လိုလျှင်၊ မည်သည့်ဘ၀မှာမှ မဖြစ်လိုတော့လျှင်….(မိမိတို့ ကြိုက်နှစ်သက်ရာပန်းတိုင်သို့ ရောက်လိုလျှင်) အထက်ပါ အချက်ငါးချက်ကို ကျင့်သုံးလိုက်နာပြီး အမြဲမပြတ် ဖြစ်ကိုဖြစ်ရမည်ဟု နှလုံးသွင်းထားနိုင်လျှင် လိုရာဆန္ဒအတိုင်း ဖြစ်လာလိမ့်မည်ဟု ဆက်လက်ဟောကြားထားသည်။

အထက်ပါ ဟောကြားချက်ကို လေ့လာကြည့်လျှင် မြတ်စွာဘုရားရှင်သည် လူတို့၏ ဖြစ်လိုမှု၊ ရလိုမှုကို ပိတ်ပင်ထားခြင်း မရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ပန်းတိုင်ကို မိမိတို့ စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့် အပြည့်ရှိသည်။ သို့ရာတွင် ထိုပန်းတိုင်ကို အချောင်သွားလို့ မရ။ ထိုက်သင့်သော အမူအကျင့်၊ အတွေးအခေါ်၊ စွန့်လွှတ်မှုနှင့်အတတ်ပညာများဖြင့်သာ သွားရောက်နိုင်မည်ဖြစ်သည်။ ထိုငါးချက်တွင် လုပ်ဆောင်ချက်ကို လုပ်ဆောင်ချက်အတိုင်း မထားဘဲ လူတစ်ဦး၏ ကိုယ်ကျင့်သီလနှင့်အသိပညာများ ပါဝင်နေသည်ကို သတိပြုသင့်သည်။

(၈)
အချောင်သမားအတွက် ခဏတာ အောင်မြင်မှုသာရှိသည်။ ဆန္ဒတစ်ခုအတွက် ကိုယ်ကျင့်တရားနှင့်အလုပ်ကို တွဲစပ်ချည်နှောင်ပေးထားနိုင်သူများအတွက်မူကား တိကျခိုင်မာတည်တံ့သောအောင်မြင်မှုက သူ့အလိုအတိုင်းဖြည်းဆည်းပေးဖို့ အဆင်သင့်နေပါလားဆိုတာကို တွေးမိသောအခါ “အခွင့်အရေး”ဟူသော ဝေါဟာရလေးက ရင်ထဲတွင် လင်းလက်လာနေခဲ့ပါသည်။

Friday, August 6, 2010

ဘာသာရေး အမေးအဖြေ


မေး။ ။ အမိဝမ်းထဲမှာ သန္ဓေတည်နေတဲ့ကလေးက မမွေးဖွားလာဘဲ ၀မ်းထဲမှာတင် သေတယ်။ အဲဒီသတ္တဝါက
စုတိစိတ်ကျတဲ့အခါ အခြားသတ္တဝါတွေနဲ့တူတူဘဲလား။ ဘယ်လိုကုသိုလ်ကံကြောင့် လူမဖြစ်ရတာလဲ။

ဖြေ။ ။ ပဋိသန္ဓေအကြောင်းကို နားလည်လိုက်တာနဲ့ “အမိဝမ်းထဲမှာ သန္ဓေတည်နေတဲ့ကလေးက မမွေးဖွားလာဘဲ အမိဝမ်းထဲမှာပဲ သေတယ်”ဆိုတဲ့အကြောင်းက ရှင်းသွားပါလိမ့်မယ်။ ဒါက တိုက်ရိုက်ကြီး “ဟုတ်တယ်၊ မဟုတ်ဘူး (yes or no)”နဲ့ ဖြေလို့ မရတော့ ပဋိသန္ဓေအကြောင်း၊ သေဆုံးခြင်းအကြောင်းတွေကိုလည်း ပြောမှဖြစ်မယ် ထင်ပါတယ်။

ဗုဒ္ဓ၀ါဒအရ ပဋိသန္ဓေတည်ပုံ

ပဋိသန္ဓေတည်တာနဲ့ ပတ်သက်လို့ ဦးဇင်းရှေ့က ဆောင်းပါးတစ်ပုဒ်မှာလည်း ပြောခဲ့ဖူးပါတယ်။ ဒီမှာနည်းနည်း ထပ်ပြောပါအုံးမယ်။ သန္ဓေသားလောင်း (လူဖြစ်လာမည့်သူ)တစ်ယောက်ဖြစ်လာဖို့အတွက်
၁။ မိဘဖြစ်မည့်သူနှစ်ဦး ကာမစပ်ယှက်ခြင်း၊
၂။ မိခင်ဖြစ်မည့်သူ ဥတုလာပြီးစ ဖြစ်ခြင်း၊
၃။ ပဋိသန္ဓေနေမည့်သူက အဆင်သင့်ဖြစ်ခြင်း ဟူသော အကြောင်းသုံးချက် ပြည့်စုံဖို့ လိုပါတယ်။ (မဟာတဏှာသင်္ခယသုတ်) များသောအားဖြင့် မိဘတို့ရဲ့ သွေးသားကို အခြေခံတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ များသောအားဖြင့်ဆိုတာက တစ်ခါတစ်ရံ မိဘတို့သွေးသားမပါဘဲ ဖြစ်တတ်လို့ပါပဲ။

ဒီပဋိသန္ဓေအကြောင်းတွေနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားဟောကြားတာတွေကို သိလိုက်ရရင် တော်တော်အံ့သြစရာ ကောင်းပါတယ်။ ပဋိသန္ဓေတည်နေပုံကို ခေတ်သစ်ဆေးပညာရှင်တွေက အသေးစိတ်ရှင်းပြတယ်။ သူတို့ရှင်းပြနိုင်တာက ခန္ဓာကိုယ်ထဲကို ခေတ်သစ်နည်းပညာတွေ အကူအညီနဲ့ ကြည့်ရှုပြီးမှ ရှင်းပြနိုင်တာဖြစ်တယ်။ မြတ်စွာဘုရားရှင်ကတော့ ဘာနည်းပညာအကူအညီမှ မပါဘဲနဲ့ ခရေစေ့တွင်းကျ အသေးစိတ် ဟောကြားထားနိုင်ပါတယ်။

အဲဒီသုံးချက်လုံး ပြည့်စုံပြီဆိုပါတော့ သန္ဓေသား(ကလေး)က ဘယ်လို ဖြစ်တည်လာသလဲ။
ပဋိသန္ဓေစတည်သူလေးမှာ
-ကာယဒသကကလာပ် (ကိုယ်ကာယဆိုင်ရာ ရုပ်များအစုအဝေး)
-၀တ္ထုဒသကကလာပ် (ဟဒယ၀တ္ထု သို့မဟုတ် စိတ်တည်ရာ နှလုံးအိမ်ဆိုင်ရာ ရုပ်အစုအဝေး)
-ဘာဝ (မိန်းမ၊ ယောက်ျား လိင်အင်္ဂါ သို့မဟုတ် ယောက်ျား၊ မိန်းမ အင်္ဂါနှစ်မျိုးလုံး)
ဒီသုံးခု စဖြစ်တယ်။ စဖြစ်တယ်ဆိုတော့ တစ်ပြိုင်နက်တည်း တန်းဖြစ်တာ မဟုတ်ဘူး။ မရှေးမနှောင်း ဖြစ်ဖြစ်လာကြတာ။

ဘယ်လို ဖြစ်လာသလဲဆိုတော့
မြတ်စွာဘုရားရှင်က
“ပထမဆုံး ကလလမည်သော ရေကြည်ဖြစ်၏။
ရေကြည်ကလေးမှ အမြှပ်ဖြစ်၏။
အမြှပ်မှ သားတစ်(အသားတုံး)လေး ဖြစ်လာ၏။
သားတစ်လေးမှ အစိုင်အခဲလေး (အစုအပုံလေး) ဖြစ်လာ၏။
အစိုင်အခဲလေးမှ ခက်မငါးဖြာ (ခြေနှစ်ချောင်း၊ လက်နှစ်ချောင်းနှင့် ဦးခေါင်း)တို့ ဖြစ်လာပြီး
ဆံပင်၊ မွှေးညှင်း၊ ခြေသည်းလက်သည်းတို့လည်း ဖြစ်ပေါ်လာကြ၏။
မိခင်စားသော အစာနှင့် မိခင်သောက်သောအရည်တို့ဖြင့် အမိဝမ်းတွင်းမှ သန္ဓေသားလေးက မျှတရ၏”
လို့ ဟောကြားထားပါတယ်။ (သဂါထာဝဂ္ဂ၊ ယက္ခသံယုတ်၊ ဣန္ဒကသုတ်)

ဒီရုပ်တွေ ဘာကြောင့်၊ ဘယ်လိုဘယ်ပုံ ဖြစ်လာနေကြရတာလဲ။
အဲဒါလေးတွေ ဖြစ်တည်လာရတဲ့ အခြံအရံ အထောက်အပံ့က လေးမျိုးရှိတယ်။
၁။ ကမ္မဇရုပ် (ကံကြောင့် ရုပ်လေးတွေ ဖြစ်လာတယ်)
၂။ စိတ္တဇရုပ် (စိတ်ကြောင့် ရုပ်လေးတွေ ဖြစ်လာတယ်)
၃။ ဥတုဇရုပ် (ဥတုကြောင့်လည်း ရုပ်လေးတွေ ဖြစ်လာတယ်)
၎။ အာဟာရဇရုပ် (အာဟာရကြောင့်လည်း ရုပ်လေးတွေ ဖြစ်လာတယ်)။

ဒီလေးမျိုးကို အခြေခံပြီး သန္ဓေသားလေးက ကြီးထွားလာတာဖြစ်တယ်။ ထွားထွားကြိုင်းကြိုင်း၊ သန်သန်မာမာဖြစ်ဖို့ ကံပါသူက ထွားထွားကြိုင်းကြိုင်း ဖြစ်တည်လာတယ်။ ခြေထောက်မပါစေတဲ့ ကံလုပ်ထားသူက ခြေထောက်က ဖြစ်တည်မလာတော့ဘူး။ မျက်စိအားနည်းဖို့ ကံပါလာသူက မျက်စိအားနည်းနည်းနဲ့ ဖြစ်တည်လာတယ်။ သန္ဓေသားလေးရဲ့ ကံအားလျှော်စွာ ရုပ်တွေက ဖြစ်တည်လာတာ ဖြစ်တယ်။ ရှေးကံက ကောင်းရင်ကောင်းသလို ရုပ်လေးတွေက ကောင်းကောင်းလာတယ်။ အဲဒီမှာလည်း ဖြစ်ပျက်ရှိတယ်။ ပျက်တဲ့ဟာတွေက ပျက်ပြီး ဖြစ်တဲ့ဟာတွေ ဆက်ဖြစ်တယ်။ ပွားပွားလာတယ်။ ကံကြောင့် ဖြစ်လာကြတာပေါ့။ ကမ္မဇရုပ်တွေ ဖြစ်တယ်။

ဒါဆိုရင် အရာအားလုံးအတွက် ကံကိုပဲ ပုံချသလား၊ ကံကြောင့်ပဲ ရုပ်တွေက ဖြစ်ကြတာလားဆိုတော့….။ မဟုတ်ဘူး။ စိတ္ထဇရုပ်တဲ့။ ပဋိသန္ဓေစိတ်ရဲ့ ဥပါဒ်ခဏကနေ စပြီးတော့ စိတ်တွေ စဖြစ်တယ်။ (ပဋိသန္ဓေစိတ်ရဲ့ ဥပါဒ်ခဏ…စတာတွေက အဘိဓမ္မာကို သင်ဖူးမှသာ သေချာသိပါလိမ့်မယ်။ ဒီနေရာမှာတော့ အဲဒါတွေ အကုန်ရှင်းလို့ မဖြစ်နိုင်ပါ)။ အဲဒီစိတ်တွေ စဖြစ်ကတည်းက ရုပ်ကို ဆိုင်ရာဆိုင်ရာ ဖြစ်စေပါတယ်။ ဒါကို စိတ္တဇရုပ်လို့ ခေါ်တယ်။

နောက်ပြီး ဥတုဇရုပ်တွေ ဖြစ်တယ်။ ဥတုဇရုပ်ဆိုတာ အငွေ့ကြောင့်ဖြစ်တဲ့ ရုပ်ကို ပြောတာဖြစ်ပါတယ်။ အမိဝမ်းရဲ့ အပူ၊ အအေး…စတာတွေကြောင့် ရုပ်တွေ ဖြစ်တယ်။ ရုပ်တွေ ပျက်တယ်။ ဒါကို ဥတုဇရုပ်လို့ ခေါ်ပါတယ်။ ဒီအချိန်က အပျက်ထက် အဖြစ်တွေကများတော့ တဖြည်းဖြည်း ပွားလာတယ်။ ကြီးလာပါတယ်။
ပထမ ၇-ရက်မှာ မိခင်စားတဲ့အစာက ကလေးကို မထိသေးဘူး။ ဒုတိယ ၇-ရက်လွန်တဲ့အခါမှာတော့ အဆီ၊ သြဇာတွေက ချက်ကြိုးက တစ်ဆင့် ၀င်လာပြီ။ အာဟာရဇရုပ်တွေ ဖြစ်လာပါပြီ။

ဒါဆိုရင် ပဋိသန္ဓေအကြောင်းတော့ သိတန်သလောက် သိပြီပေါ့။ ဒီနေရာမှာ စုတိ-ဆိုတာလေးကို နည်းနည်း သိထားသင့်ပါတယ်။ စုတိ-ဆိုတာ အလွယ်ပြောရရင် သေဆုံးခြင်းပေါ့။ ဗုဒ္ဓ၀ါဒက ပဋိသန္ဓေအခါ၊ ပ၀တ္တိအခါနဲ့ စုတိ တို့ကို သေချာခွဲပြထားတယ်။ ပဋိသန္ဓေအခါဆိုတာ အမိဝမ်းမှာ ကံအဟုန်ကြောင့်ရောက်လာရတဲ့ ပဋိသန္ဓေစိတ်၊ အဲဒီပဋိသန္ဓေစိတ်ကလေးရဲ့ စဖြစ်ရာ ဥပါဒ်ခဏဟာ ပဋိသန္ဓေအခါ ဖြစ်ပါတယ်။ အဲဒီပဋိသန္ဓေခဏကနေ စုတိစိတ်ကျတဲ့(သေဆုံးတဲ့)အခါအထိက ပ၀တ္တိအခါ ဖြစ်ပါတယ်။

ကဲ…ဒါဆိုရင် အမိဝမ်းတွင်းက ကလေး သေဆုံးတာနဲ့ အပြင်ကလူတွေ သေဆုံးတာ အတူတူလားဆိုတော့ သေခြင်းလေးမျိုးကို သိဖို့ လိုပြန်တယ်။
၁။ သက်တမ်းကုန်လို့ သေခြင်း
၂။ ကံကုန်လို့ သေခြင်း
၃။ သက်တမ်းရော၊ ကံရော နှစ်ခုလုံးကုန်လို့ သေခြင်းနဲ့
၎။ ရုတ်တရက်သေခြင်း…လို့ လေးမျိုးရှိတယ်။

သက်တမ်းကုန်လို့ သေတယ်ဆိုတာ လူ့သက်တမ်းဆိုတာ အပိုင်းအခြားရှိတယ်။ အနှစ်တစ်သောင်း သက်တမ်းမှာ လူဖြစ်တဲ့သူက အဲဒီသက်တမ်းကုန်ရင် သေရတယ်။ အနှစ် ၁၀၀ သက်တမ်းမှာ လူဖြစ်သူက အနှစ် ၁၀၀ ပြည့်လို့ သေတယ်။ ဒါက သက်တမ်းကုန်လို့ သေရခြင်းပေါ့။

နောက် ကံကုန်လို့ သေရတယ်။ သက်တမ်းက အလွန်ရှည်တဲ့ကာလမှာ ဖြစ်လာရပေမယ့် သူ့မှာ ပါလာတဲ့ကံက မရှိတော့ရင် သေရတဲ့သဘောပါ။ နောက် သက်တမ်း၊ ကံ (နှစ်ပါးစုံ)ကုန်လို့ သေရတယ်။ နောက်ဆုံး ရုတ်တရက်သေဆုံးရခြင်းဆိုတာကတော့ ကားတိုက်လို့ သေတာ၊ ရထားတိုက်လို့…စတဲ့ ရုတ်တရက်သေဆုံးခြင်းကို ဆိုလိုပါတယ်။

ဆိုတော့ အမိဝမ်းတွင်းက ကလေးသေဆုံးတာနဲ့ အပြင်ကလူတွေ သေဆုံးတာဟာ တူပါတယ်လို့ အဖြေထွက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပ၀တ္တိအခါမှာ ရုပ်တွေဟာ ဖြစ်လာတယ်။ ပျက်သွားတယ်။ ဖြစ်လာတယ်။ ပျက်သွားတယ်။ ဒီလိုနဲ့ လည်ပတ်နေရင်း ဖောက်ပြန်ပြောင်းလဲနေရင်း အထက်ပါ သေခြင်းလေးမျိုးထဲက တစ်မျိုးမျိုးနဲ့ သေဆုံးသွားကြရတယ်။

ဒီလိုဆိုရင် အမိဝမ်းထဲက ကလေးက ဘယ်လို သေခြင်းမျိုးနဲ့ သေမလဲ။ သက်တမ်းကုန်ဖို့ မပြောနဲ့ လူ့ဘ၀ကိုတောင် မစရသေးဘူး။ ဒီတော့ သက်တမ်းနဲ့ကံ နှစ်မျိုးလုံး ကုန်လို့ သေခြင်းမျိုးလည်း မဖြစ်နိုင်တော့ဘူး။ ဒီကလေး သေဆုံးရဖို့အတွက် နှစ်မျိုးပဲ ကျန်ပါတယ်။ ကံကုန်လို့ သေတာဖြစ်ရင်ဖြစ်၊ မဟုတ်ရင် ရုတ်တရက်သေဆုံးတာမျိုး ဖြစ်ပါလိမ့်မယ်။ ကံကုန်လို့ဆိုတာတော့ ဟုတ်ပါပြီ။ ဘယ်လိုလုပ် ရုတ်တရက်သေဆုံးရမလဲ….။ မိခင်ဖြစ်သူက ကလေးသေစေနိုင်လောက်တဲ့ မတည့်တဲ့ဆေးဝါးကို စားလိုက်တာဟာ အပြင်မှာ အဆိပ်သောက်လို့ သေတာနဲ့ အတူတူလို့ပဲ ဆိုနိုင်ပါတယ်။ အခြားပုံစံအမျိုးမျိုးလည်း ရှိနိုင်ပါသေးတယ်။ ချဲ့တွေးကြည့်လို့ ရမယ် ထင်ပါတယ်။

မေးခွန်းရဲ့ ဒုတိယအချက်ဖြစ်တဲ့ ဘယ်ကံကြောင့် လူမဖြစ်တာလဲဆိုတာကို ကြည့်ရအောင်။ ဗုဒ္ဓ၀ါဒအရတော့ အမိဝမ်းတွင်းကလေးကလည်း လူဖြစ်သွားပါပြီ။ ပဋိသန္ဓေစိတ်ရဲ့ ဥပါဒ်ခဏကနေ စပြီး လူဖြစ်ခဲ့တာပါ။ ဒကာဆိုလိုချင်တာက အမိဝမ်းတွင်းကနေ ဘယ်ကံကြောင့် လူ့အဖြစ်ကို ရောက်မလာတာလဲလို့ ဆိုချင်ပုံရပါတယ်။ ဘယ်ကံရယ်လို့ တိတိပပ ပြောလို့ ရမယ် မထင်ပါ။ အသက်တိုစေတတ်တဲ့ ကံအသီးသီးကြောင့်လို့ပဲ ဆိုရမှာပါ။ ဒီလိုဆိုတော့ အထက်မှာ ပြောခဲ့တဲ့ သေခြင်းနှစ်မျိုးနဲ့ သေဆုံးသွားလို့ လူ့အဖြစ်ကို ရောက်မလာတာလို့ပဲ ပြောရမှာပါ။

ဦးဇင်းရဲ့ အဖြေက ဒီလောက်ပါပဲ။ မရှင်းတာရှိရင် ထပ်မေးလို့ ရပါတယ်။ ဒီကိစ္စက အလွန်ကို ကျယ်ပြန့်တဲ့ကိစ္စ ဖြစ်ပါတယ်။

Tuesday, August 3, 2010

ကံများနှင့်စကားပြောခြင်း


အချိန်ကာလကို ပိုင်းခြားသတ်မှတ်ခေါ်ဝေါ်ပြောဆိုဖို့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ရယ်လို့ ကာလသုံးပါး သတ်မှတ်ထားကြတယ်။ အတိတ်ပြုမူချက်များက ပစ္စုပ္ပန်ကို မွေးဖွားပေးသလို ပစ္စုပ္ပန်ပြုမူချက်များက အနာဂတ်ကို မွေးဖွားပေးတယ်။ အတိတ်နဲ့ကင်းတဲ့ ပစ္စုပ္ပန်မရှိသလို ပစ္စုပ္ပန်မရှိရင်လဲ အနာဂတ်ဆိုတာ မရှိနိုင်တော့ပါဘူး။ ကာလသုံးပါးဟာ အချင်းချင်း ဆက်စပ်မှီခိုနေရပါတယ်။

လောကမှာ တစ်ချို့က `ပစ္စုပ္ပန်ဆိုတာ အတိတ်က ပြုမူလုပ်ဆောင်ချက်များရဲ့ အသီးအပွင့်ဖြစ်တယ်´လို့ တရားသေမှတ်ယူထားတတ်ကြတယ်။ ပစ္စုပ္ပန်အခြေအနေမှာ ဘာပဲဖြစ်ဖြစ် အတိတ်ကိုသာ လွှဲဖယ်ပုံချတတ်ကြတယ်။ ဒါဟာ ပစ္စုပ္ပန်လုပ်ဆောင်ချက်များက အနာဂတ်ကိုပုံဖော်တယ်ဆိုတဲ့သဘောတရားကို မျက်ကွယ်ပြုလိုက်တာပဲ ဖြစ်တယ်။ ဗုဒ္ဓဘာသာအလိုအရ ကာလသုံးပါးနဲ့ သူတို့ရဲ့ဖြစ်စဉ်ဟာ အကြောင်းအကျိုးခွဲခြားလို့ မရဘူး။ အများအားဖြင့် မြန်မာလူမျိုးမှာ ဖြစ်နေတာက ပစ္စုပ္ပန်အဆင်မပြေမှုကျတော့ အတိတ်ကံ မကောင်းလို့ဟု ယူဆကြပြီး ပစ္စုပ္ပန်ကောင်းရင် အနာဂတ်ကောင်းနိုင်တယ်ဆိုတဲ့သဘောတရားကို ရေငုံနှုတ်ပိတ်နေကြတယ်။ `ဖြစ်သမျှအကြောင်းအကောင်းချည်းပဲ၊ အတိတ်က မကောင်းခဲ့လို့ ဒို့ဒီလို ဖြစ်နေရတာ´၊ အဲဒီလို တရားသေ ယူဆနေသ၍တော့ ဗုဒ္ဓဘာသာလို့ အမည်ခံထားပေမယ့် ဗုဒ္ဓဘာသာမဟုတ်ပါဘူး။ ပုဗ္ဗေကတဟေတုဒိဋ္ဌိဆိုတဲ့ ဖြစ်သမျှအကြောင်း ရှေးကံအဟောင်းချည်းပဲလို့ ဆိုတဲ့ မိစ္ဆာဒိဋ္ဌိစာရင်း ၀င်သွားပါပြီ။ ဖြစ်သမျှအကြောင်း အကောင်း၊ အဆိုးအားလုံးကို အတိတ်ကို ပုံချလိုက်တဲ့သဘောပါ။

ဗုဒ္ဓဘာသာမှာ အဓိက ပြောပြောနေတတ်တဲ့ `သဗ္ဗေ သတ္တာ ကမ္မဿကာ၊ ကမ္မံ သတ္တေ ၀ိဘဇ္ဇတိ - သတ္တ၀ါတွေဟာ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြတယ်၊ သတ္တ၀ါတွေကို ကံက ဝေဖန်ပိုင်းခြားပေးတယ်´ဆိုတဲ့စကားထဲက `ကံ´ဆိုတဲ့စကားကို နားမလည်ကြလို့ပဲ ဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ `လှံထမ်းလာတာပဲ မြင်ရတယ်၊ ကံထမ်းလာတာ မမြင်ရ´စသော စကားများဖြင့်လဲ ကံကို အဓိပ္ပာယ်အကောက်အယူ မှားနေကြပါတယ်။ `ကံ´ဆိုတာ မမြင်ရတဲ့၊ မိမိတို့လက်လှမ်းမမီနိုင်တဲ့ မိမိတို့ဘ၀ အကောင်းအဆိုးကို ပြုပြင်ဖန်တီးပေးနေတဲ့ ဖန်ဆင်းရှင်ဘုရားတစ်ဆူလိုဖြစ်တယ်ဆိုတဲ့အမြင်အထိ လွဲမှားယူဆနေမိကြတယ်။ ဒီလိုသာ ယူဆမိရင် ဖန်ဆင်းရှင်က အရာရာကို ဖန်တီးပေးတယ်ဆိုတဲ့ ဖန်ဆင်းရှင်ဝါဒနဲ့ ဘာမှထူးမှာ မဟုတ်တော့ဘူး။ ဖန်ဆင်းရှင်ဝါဒက ဖန်ဆင်းရှင်၊ ဗုဒ္ဓ၀ါဒက `ကံ´။ ဒီလောက်ပဲ ထူးခြားနေပါလိမ့်မယ်။

ဖန်ဆင်းရှင်ဝါဒမှာ `ဖြစ်ပေါ်ခြင်း၊ တည်ရှိခြင်း၊ ချုပ်ပျောက်ခြင်း´အားလုံးဟာ ဖန်ဆင်းရှင်ပြဋ္ဌာန်းလိုက်တဲ့အတိုင်း ဖြစ်ပေါ်နေရတယ်။ အကောင်းအဆိုးသတ်မှတ်ချက်ဟာ ဖန်ဆင်းရှင်သာလျှင် အဓိက ခွဲခြားဝေဖန်နိုင်တယ်။ ဖန်ဆင်းရှင်က ကောင်းဆိုလျှင်ကောင်း၊ မကောင်းဆိုလျှင် မကောင်းပဲ။ လူသားအနေနဲ့ ထူးခြားပြီး စဉ်းစားစရာမလိုဘူး။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအတွက် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဘာမှ စောဒကတက်ခွင့်မရှိဘူး။ ဖန်ဆင်းရှင်ပြဋ္ဌာန်းထားတဲ့ ပုံစံကွက်ထဲမှာ အလိုက်သင့် စီးမျောလိုက်ရုံပဲ။ အချို့ဗုဒ္ဓဘာသာတွေဟာလဲ မိမိတို့ဘ၀ကို `မကောင်းလဲ ကံ၊ ကောင်းလဲ ကံ´လို့သဘောထားပြီး `ကံ´ကိုပဲ ၀ကွက်အပ်ထားကြတယ်။ `ကံ´ဆိုတဲ့ ပုံစံခွက်ထဲမှာ ရေစုန်မျှော စီးဆင်းလွင့်ပါနေကြတယ်။

လောကမှာ အခက်အခဲအကျပ်အတည်းတွေဟာ တစ်ချိန်မဟုတ်တစ်ချိန် ကြုံတွေ့နေကြရတယ်။ နိုင်ငံတစ်ခုအတိုင်းအတာ၊ ကုမ္ပဏီစတဲ့အဖွဲ့အစည်းအတိုင်းအတာ၊ မိသားစုအတိုင်းအတာ စသည်အလျောက် အကျပ်အတည်းတွေက မိမိတို့ အသက်ရှင်စဉ်ကာလမှာ တွေ့နေရမှာပဲ။ အဲဒီလို အခက်အခဲတွေ တွေ့ကြုံရတဲ့အခါ ဖောက်ထွက်ကျော်လွှား လွန်မြောက်သွားသူတွေရှိသလို `ကံပေါ့ကွာ´ဆိုပြီး ရေစုန်မျှောကာ `ကံ´ကို `၀´ကွက် လက်ပိုက်ကြည့်နေသူတွေလဲ အများကြီးရှိနေပါတယ်။ အဲဒီလို လူမျိုးတွေဟာ အရှုံးသံသရာထဲမှာ ရှုံးပြီးရင်းရှုံး၊ နစ်ပြီးရင်းနစ် ဒုက္ခပင်လယ်ဝေနေကြရတော့တာပဲ။

လူတွေ ပြောနေကြတာပဲ။ `ကိုယ်လုပ်မှ ကိုယ်စားတာ´တဲ့။ မှန်ပါတယ်။ ဒီသဘောတရားကို ချဲ့ထွင်သွားကြဖို့ပဲ ရှိပါတယ်။ ကိုယ်လုပ်မှ ကိုယ်စားရတာ၊ ကိုယ်လုပ်တာ ကိုယ်ခံရတာ၊ ကိုယ်တိုက်ပွဲဝင်မှ ကိုယ်အောင်ပွဲရတာ၊ ကိုယ်တောင်းဆိုမှ ကိုယ်ရတာ၊ ကိုယ်တိုက်ထုတ်မှ ကိုယ်နိုင်တာ၊ အရာရာမှာ ကိုယ်ဆိုတဲ့ မိမိအပေါ်မှာ မူတည်နေတာချည်းပဲ။ ကောင်းကျိုးခံစားရတာပဲဖြစ်ဖြစ်၊ ဆိုးကျိုးခံရတာဖြစ်ဖြစ် အဓိကလက်သည်တရားခံက ကိုယ်မှတစ်ပါး အခြားသူမရှိဘူး။ ကိုယ့်ဘ၀ကို ပုံဖော်နေတဲ့ ဖန်ဆင်းရှင်ဆိုတာလဲ မရှိဘူး။ အတ္တာဟိ အတ္တနော နာထောပဲ။ ကိုယ့်အားကို ကိုယ်ပဲ ကိုးစားရမှာ။ မမြင်ရတဲ့ ကံဆိုတဲ့ အခြားအရာလဲ မရှိဘူး။

`ကံ´ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ကို နားလည်ဖို့ လိုအပ်ပါတယ်။ `ကံ´ဆိုတာ `ကမ္မ´ဆိုတဲ့ ပါဠိစကားကို ပါဠိသက်မြန်မာစကားပြေအဖြစ် ပြောင်းလဲသုံးစွဲထားတာ ဖြစ်တယ်။ လိုရင်းဆိုရလျှင် `အလုပ်´၊ `အပြုအမူ´၊ `လုပ်ဆောင်ချက်´လို့ အဓိပ္ပာယ်ရပါတယ်။ အပြုခံသတ္တိ သို့မဟုတ် Passive Type သဘောရှိပါတယ်။ Active Type သဘောရှိသူတွေ သို့မဟုတ် သတ္တ၀ါတွေ ပြုသမျှ၊ ပြောသမျှ၊ ကြံစည်သမျှအရာတွေဟာ `ကံ´တွေပါပဲ။ ကံဆိုတာ မမြင်ရတဲ့ ခုန်ပျံကျော်လွှားပြီး လူတွေရဲ့ဘ၀ထဲ ရောက်လာတဲ့ သဘောတရားမဟုတ်ပါဘူး။ ခေတ်စကားနဲ့ပြောရရင် ဘလိုင်းကြီးလာရောက်ကြိုးကိုင် ခြယ်လှယ်နေတဲ့အရာ မဟုတ်ပါဘူး။ စိတ်ပါလို့ဖြစ်စေ၊ မပါဘဲဖြစ်စေ တစ်နည်းနည်းနဲ့ ကိုယ်ကိုယ်တိုင် ပြုမူ၊ ပြောဆို၊ ကြံစည်ခဲ့တဲ့ `ကံ´က မိမိတို့ရဲ့ ဖြစ်တည်မှုကို အကောင်းအဆိုးစီမံပေးနေတာပါ။

မွေးရပ်မြေက အသိမိတ်ဆွေထဲမှာ `ကံပေါ့လေ´လို့ အမြဲပြောတတ်တဲ့ အဒေါ်ကြီးတစ်ယောက်ရှိပါတယ်။ သူကဆိုရင် အမြဲတမ်း ဘာတွေပဲ ကြုံတွေ့တွေ့ ကံပဲ။ သူ့ဟာသူ ရေချိုးမှားလို့ ဖျားနေသူကို တွေ့ရင်လဲ `အော် သူခမျာ ကံမကောင်းရှာဘူး´။ ကြီးပွားနေသူတစ်ယောက် သူ့ဟာသူ အရက်သောက် မျာပွေပြီး လုပ်ပုံလုပ်နည်းမမှန်လို့ ဆင်းရဲသားဘ၀ရောက်သူကိုတွေ့လဲ ကံပဲ။ အရက်အလွန်အကျွံသောက်ပြီး ရမ်းကားလို့ ဆေးရုံတက်နေရသူကိုကြည့်ပြီးတော့လဲ ကံပဲ။ အဒေါ်ကြီးပြောတာ မဟုတ်ဘူးလား။ ဟုတ်ပါတယ်။ ဒါပေမယ့် ပြောပြောနေတဲ့ ကံက အဓိပ္ပာယ်အကောက်အယူလွဲနေတယ်။ `ကံမကောင်းဘူး´လို့ ပြောတာဟာ `လုပ်ပုံလုပ်နည်း မမှန်ဘူး´လို့ ပြောမှ ဗုဒ္ဓဘာသာရဲ့ ကံကို ထင်ဟပ်မိစေလိမ့်မယ်။ အများစု ရည်ညွှန်းတဲ့ကံဆိုတာ လက်ရှိပြုမူချက်တွေကို မရည်ညွှန်းဘဲ အတိတ်ကံကိုပဲ ရည်ညွှန်းတတ်ကြတယ်။ ဒါကြောင့် မှန်တော့ မှန်တယ်။ ဒါပေမယ့် မှားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

တစ်ချို့က လက်ရှိကိုယ့်လုပ်ရပ်တွေ အသုံးမကျလို့ အမှားအယွင်းတွေဖြစ်၊ ဆိုးကျိုးတွေ ခံစားနေရတာကို မမြင်ရတဲ့ကံကို သွားပြီးလွှဲချနေတတ်ကြတယ်။ အမှားအယွင်းတစ်ခု၊ ဆုံးရှုံးမှုတစ်ခုနဲ့ ကြုံတွေ့လာရပြီိဆိုရင် အမှန်တကယ် စဉ်းစားသင့်တာက `ငါလုပ်တာ ဘာတွေ မှားနေလဲ၊ ဘာတွေ လိုအပ်နေခဲ့သလဲ´ဆိုတဲ့ ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်သင့်ပါတယ်။ အဲဒီလို ကိုယ့်လက်ရှိလုပ်ရပ်ရဲ့ အမှားအယွင်း၊ လိုအပ်ချက်တွေကိုမြင်မှ ကောင်းမွန်တဲ့ သစ်လွင်တဲ့ အကျိုးကြီးတဲ့ လုပ်ရပ်တွေအဖြစ် ပေါ်ထွက်လာမှာပါ။ `ငါကတော့ အကောင်းဆုံးလုပ်တာပဲ၊ ဒါပေမယ့် ကံမကောင်းလို့ ဘာမှဖြစ်မလာခဲ့ဘူး´လို့ ဆိုတာဟာ ရှေ့စကားနောက်စကား မညီပါဘူး။ ကိုယ့်အမြင်နဲ့ကိုယ်တော့ အကောင်းဆုံးဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တကယ့်တကယ်မှာ လိုအပ်ချက်တစ်ခုမဟုတ်တစ်ခုရှိနေလို့ မအောင်မြင်ခြင်းဖြစ်ပါလိမ့်မယ်။ ရည်မှန်းချက်အောင်မြင်ချင်ရင် အဲဒီလိုအပ်ချက်တွေကို တွေ့အောင်ရှာရပါလိမ့်မယ်။ လိုအပ်ချက်ကို မရှာဘဲ `ကံမကောင်းလို့´ဆိုပြီး ယူဆနေသမျှ လမ်းကြောင်းမှန်ကို ဘယ်တော့မှ တွေ့မှာ မဟုတ်ပါဘူး။

လောကမှာ ပြောပြောနေတတ်ကြပါတယ်။ `ဒီကောင်က ဘာလုပ်လုပ် သိပ်အားမထုတ်ရဘူး၊ အကုန်အောင်မြင်တာချည်းပဲ´လို့။ အဲဒီလို လူမျိုးကို သေချာလေ့လာကြည့်ရင် အောင်မြင်မှုအတွက် အားသာချက်တစ်ခုမဟုတ်တစ်ခု ရှိနေလို့ပါ။ အပြောကောင်းခြင်း၊ စိတ်ရှည်ခြင်း၊ စေတနာထားခြင်း စတဲ့ လက်ရှိကောင်းကွက်လေးတွေက သူ့ကိုအောင်မြင်အောင် စွမ်းဆောင်ပေးနေတတ်ပါတယ်။ `သူက အတိတ်က ဘာကံတွေများ လုပ်ခဲ့သလဲမသိ၊ အများမြင်ချစ်ခင်နေတာပဲ´လို့လဲ ဆိုတတ်ကြတယ်။ တကယ်တော့ အတိတ်ကံဆိုတာထက် လက်ရှိသူရဲ့ ပြောပုံဆိုပုံ၊ လုပ်ပုံကိုင်ပုံ ဆက်ဆံပုံတွေကိုက ချစ်ခင်စရာ ဖြစ်နေတတ်ပါတယ်။ အခုတော့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေပုံက လူတစ်ယောက်ဟာ အောင်မြင်မှုတွေ ရယူနေရသူတွေကို တွေ့တိုင်း `ဒီလူက တော်တော် အတိတ်ကံကောင်းခဲ့တာနော်´။ အဲဒီလိုချည်းပဲ ပြောပြောနေတတ်ကြတယ်။ ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာလို့ အမည်ခံထားပေမယ့် မိစ္ဆာဒိဋ္ဌိဘ၀ရောက်နေရတဲ့သူတွေ အများကြီးပဲ။

အများသိ ပုံပြင်လေးနဲ့ ပြောချင်ပါတယ်။ ကုန်သည်နှစ်ဦး ကန္တာရခရီးကို ဖြတ်ကျော်သွားကြတဲ့ ပုံပြင်ပါ။ တစ်ဦးက နောက်လိုက် လှည်းငါးရာနဲ့ ကန္တာရခရီးကို အရင် သွားနှင့်တယ်။ ကန္တာရထဲရောက်တော့ ဘီလူးတွေက ရှေ့မှာမိုးတွေ ရွာနေတဲ့အကြောင်း၊ ရေတွေကို အပင်ပန်းခံ သယ်စရာမလိုကြောင်း…ပြောပါတယ်။ သူတို့ကိုယ်တွေမှာလဲ ရေတွေရွှဲနေတဲ့ဟန်၊ ကြာဖူးကြာစွယ်တွေ စားနေဟန် သရုပ်ဆောင်ပြီး ပြောတာဆိုတော့ အဆိုပါ ကုန်သည်ခေါင်းဆောင်က ဘီလူးတွေရဲ့ စကားကို နားယောင်မိသွားတယ်။ ယုံကြည်သွားခဲ့တယ်။ ဒါနဲ့ သူ့နောက်လိုက် ခရီးသည်လှည်းသမားတွေကို ရှိသမျှရေတွေ အကုန်သွန်ချထားခဲ့ဖို့ ပြောလိုက်တယ်။ ဒီလိုနဲ့ သွားရင်းသွားရင်း ကန္တာရက ခြောက်သွေ့၊ ရေကလဲ မတွေ့နဲ့ လှည်းသမားတွေအားလုံး ပင်ပန်းကုန်တော့တာပဲ။ ဒါကြောင့် ဘီလူးတွေက အလွယ်တကူပဲ လှည်းကုန်သည်တွေကို စားပစ်လိုက်ကြတယ်။ ဒုတိယအဖွဲ့လာတော့လဲ ဘီလူးတွေက ရှေးနည်းတူ ဖြားယောင်းကြတယ်။ ဒါပေမယ့် ဒီကုန်သည်က အမြော်အမြင်ကြီးတယ်။ ဉာဏ်ရှိတယ်။ နှိုင်းနှိုင်းချိန်ချိန် လုပ်ဆောင်တတ်တယ်။ ရှေ့မှာ မိုးရွာနေတယ်ဆိုရင် မိုးရိပ်တော့ တွေ့ရမှာပဲ။ မိုးနံ့တော့ ရမှာပဲ။ ဒီလူတွေကြည့်ရတာ အရိပ်လဲ မထွက်ဘူး။ မျက်တောင်လဲ မခတ်ဘူး။ လူမဖြစ်နိုင်ဘူး။ ဘီလူးတွေပဲ ဖြစ်ရမယ်လို့ ယုံကြည်လိုက်ပါတယ်။ ဒါနဲ့ သူ့နောက်လိုက် လှည်းသမားတွေကို ရေတွေ သွန်မပစ်ကြဖို့၊ ဘီလူးတွေရဲ့စကားကို နားမယောင်ကြဖို့ ပြောခဲ့ပါတယ်။ ဒီလိုနဲ့ ဒုတိယကုန်သည်ဟာ ပထမလှည်းကုန်သည်ရဲ့ ကုန်ပစ္စည်းတွေရော၊ ဈေးနှုန်းအမြတ်အစွန်းတွေပါရပြီး အိမ်ပြန်ခရီးလှခဲ့ကြပါတယ်။

ဒီပုံပြင်မှာ ပြောချင်တာက ပထမကုန်သည်နဲ့အဖွဲ့ ဘီလူးတွေအစားခံရတာ၊ ကုန်တွေ ဆုံးရှုံးရတာ၊ ကျန်ခဲ့တဲ့ ဇနီးသားသမီးတွေ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဒုက္ခရောက်ကြရတာဟာ `အော်… သူတို့ခမျာ ကံမကောင်းရှာကြဘူးနော်´လို့ ဆိုမလား။ ဒုတိယကုန်သည်နဲ့အဖွဲ့ကိုရော `အော်… သူတို့ဖြင့် ကံကောင်းလိုက်ကြတာ´လို့ ဆိုမလား။ လုပ်ရပ်ဟာ ကံလို့ သဘောပေါက်ထားသူတွေအတွက်ဆိုရင်တော့ ပထမအဖွဲ့ဟာ `ကံဆိုးတယ်´။ ဒုတိယအဖွဲ့က `ကံကောင်းတယ်´လို့ပြောနိုင်ပါတယ်။ အသက်ပါ ဆုံးရှုံးပြီး မကောင်းတဲ့အကျိုးဆက်တွေ ခံစားသွားရတဲ့ ပထမအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေဟာ မကောင်းခဲ့ပါဘူး။ ဆုံးဖြတ်ချက်တွေ၊ စဉ်းစားဆင်ခြင်ပုံတွေက မမှန်ခဲ့ပါဘူး။ ဒါကြောင့် သူတို့ဟာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ကြရတာပါ။ ဒီလိုမှ မဟုတ်ဘဲ သူတို့လုပ်ရပ်တွေကို မျက်ကွယ်ပြုပြီး `မမြင်ရတဲ့ ကံ´ကို လွှဲချနေပြီဆိုရင်တော့ အဲဒီအယူအဆဟာ မှားယွင်းသွားပါပြီ။ ပထမအဖွဲ့ဟာ ဉာဏ်ပညာနဲ့ နှိုင်းနှိုင်းချိန်ချိန် မလုပ်ဆောင်ဘဲ မှားယွင်းဆုံးဖြတ်လုပ်ဆောင်ခဲ့ပါတယ်။ ဒုတိယအဖွဲ့တော့ မိမိရဲ့ စဉ်းစားဆင်ခြင်ဉာဏ်၊ ဆည်းပူးထားတဲ့ ဗဟုသုတတွေနဲ့ မှန်ကန်စွာ လုပ်ဆောင်ခဲ့ကြတယ်။ ဒါကြောင့်ပဲ သူတို့ရဲ့ အကျိုးရလာဒ်တွေ ခြားနားသွားခဲ့ရခြင်း ဖြစ်ပါတယ်။

ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းနှစ်ခုလုံးမှာ လျှို့ဝှက်ချက်လေးတွေ တစ်ခုမဟုတ်တစ်ခု ရှိနေတတ်ပါတယ်။ တပြိုင်နက်တည်းမှာပဲ အဲဒီ လျှို့ဝှက်ချက်လေးက အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းရဲ့ အဓိကအကြောင်းတရား ဖြစ်နေတတ်ပြန်ပါတယ်။ အောင်မြင်မှုရဖို့ရန်အတွက် ဗုဒ္ဓဘာသာက ကံ၊ ဉာဏ်၊ ၀ီရိယ သုံးခုညီဖို့ ပြောပါတယ်။ အတိတ်ကာလက ပြီးပြက်ခဲ့တဲ့ မိမိတို့ရဲ့ ကောင်းကံ၊ ဆိုးကံတွေကို ဘာမှ ပြုပြင်လို့ မရတော့ပါဘူး။ ပြီးခဲ့တဲ့အရာတွေက ပြီးသွားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ပစ္စုပ္ပန်လုပ်ဆောင်ချက်(ကံ)ကို ဉာဏ်၊ ၀ီရိယနဲ့ သဟဇာတဖြစ်အောင် မျှမျှတတ လုပ်ဆောင်နိုင်ခြင်းအားဖြင့် အတိတ်ဘ၀က ဆိုးကံတွေကို အကောင်းဘက်ရောက်အောင် လမ်းကြောင်းလွှဲပစ်နိုင်ပါတယ်။

အတိတ်ကံဆိုတာ ပယ်ဖို့မဟုတ်၊ လက်တွေ့ဘ၀လုပ်ငန်းစဉ်မှာ မေ့ထားလိုက်ဖို့ပါ။ ပစ္စုပ္ပန်လုပ်ငန်းတွေမှာ ပစ္စုပ္ပန်ကျကျ တွေးခေါ်မြော်မြင်ပြီး အနာဂတ်အတွက် မျှော်လင့်ချက်အသစ်တွေကို ရဲရဲတင်းတင်း ထားရှိလိုက်ကြဖို့ပါ။ `ငါတို့ကိုယ်က ကံဆိုးတာပါကွာ´ဆိုတာတွေကို မေ့ဖျောက်ပြီး ကိလေသာတိုက်ပွဲ၊ ဘ၀တိုက်ပွဲ၊ အမှန်တရားတိုက်ပွဲနဲ့ တိုက်ပွဲပေါင်းများစွာကို ဇွဲမလျှော့တမ်း၊ နောက်မဆုတ်တမ်း ဆက်လှမ်းကြပါစို့….။
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails