Sunday, June 27, 2010

ဘ၀နှင့် အရိပ်များ



အရိပ်တွေ..။ အရိပ်တွေ ပြေးနေကြသည်။ အရိပ်တွေ တိမ်လိပ်တွေလို ပြေးနေကြသည်။ အရိပ်တွေက ခဏ ခဏ တက်လာလိုက်၊ ပြေးသွားလိုက်၊ ပျောက်ကွယ်သွားလိုက်၊ ပြေးနေကြသည်။ လောကထဲမှာ ပြေးလွှားနေ ကြသော လူတွေကလည်း အချိန်၏ဖြစ်စဉ်ထဲတွင် တိမ်တွေလို ပြေးလွှားနေကြလေသည်။

ပြေးလွှားနေသော တိမ်တိုက်များထဲတွင် ချစ်လှစွာသော မေမေလည်း ပါသည်။ လေးစားရသော ဖေဖေလည်း ပါသည်။ နွေးထွေးသော မိသားစုလေးလည်း ပါသည်။ တိမ်တိုက်တွေထဲမှ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသော လှောင်ပြုံးပြုံးလေးတွေလည်း ပါနိုင်သည်။ လက်ခုပ်သံသံအချို့လည်း ပါသည်။ ဖြစ်နိုင်လျှင် အတိတ်မေ့လိုက် ချင်သည်။ ဖြစ်နိုင်လျှင် မေ့နေသော အတိတ်များကို ပြန်လည် ခလုတ်တိုက်ချင်သည်။

သောကများဖြင့် ပြည့်နှက်နေသောအခါ တိမ်တိုက်များသည် မည်းမှောင်နေတတ်ပြီး မေတ္တာတရားဖြင့် ပြည့်နှက်ပြီး ကြည်နူးဖွယ်ရာများ ပိုင်ဆိုင်နေသောအခါ တိမ်တိုက်များသည် ဖြူစင်တက်ကြွနေတတ် လေသည်။ ဘ၀မှာ သင်ဟာ ခဏတာ ပျော်ရွှင်ခဲ့ဖူးတယ်ဆိုရင် ထိုအရသာမျိုးကို ဘယ်နှစ်ကြိမ်လောက် အားရပါးရ ပိုင်ဆိုင်ခဲ့ဖူးပါသနည်း။

“စိတ်ဓာတ်တွေ ကျတယ်၊ စိတ်ညစ်တယ်”လို့ ငြီးညူခဲ့ဖူးမယ်ဆိုရင် ခဏတာလေးကို အကြာကြီး သင်ထင်နေ ခဲ့ဖူးလိမ့်မည်။ ထိုကဲ့သို့သော ခံစားချက်မျိုးကို ဘ၀လို့ သင် အဓိပ္ပာယ်ဖွင့်ဆိုချင်ပါသလား။ ဘယ်လိုပဲဖြစ်ဖြစ် ပျော်ရွှင်နေရင် သင်ဟာ ဘ၀ဆိုတာ လန်းလန်းဆန်းဆန်း ဖြစ်နေတယ်လို့ သင် ထင်မည်။ ၀မ်းနည်းဖွယ်များဖြင့် ပြည့်နှက်နေသောအခါ သင်ဟာ ဘ၀ဖြစ်တည်မှုကို ပြဿနာရှာကောင်း ရှာမည်။ ဤခံစားချက် သည်ပင် ဘ၀ဖြစ်သည်ဟု ထင်ပြီး ထိုဘ၀သည်ပင် သင်၏ ထင်မြင်ချက်တစ်ခုသာ ဖြစ်နေပေလိမ့်မည်။

“ဘ၀ဟူသည် နှုတ်ယူလို့လည်း မရ၊ ပေါင်းထည့်လို့လည်း မရသောအရာ ဖြစ်သည်”ဟု စာရေးဆရာတစ်ဦးက ပြောဖူးသည်။ သူ့စကားအရဆိုလျှင် ဘ၀ဟူသည်မှာ ပြဓာန်းခံအရာတစ်ခုသာ ဖြစ်နေသည်။ Passive Type သဘောသာ ဖြစ်နေသည်။ အချို့ကတော့ “ဘ၀ဆိုတာ တိုက်ပွဲ - Life is struggle”လို့ ဆိုတတ်ကြပြန်သည်။ ဤသဘောအတိုင်းဆိုလျှင် ဘ၀ဟူသည် ပြဓာန်းခံအရာ မဟုတ်တော့။ အရာရာကို ကိုယ်ကိုယ်တိုင် ဖန်တီးနိုင်သော အရာဖြစ်လာသည်။ Active Type သဘောရှိသည်။ ပြဓာန်းခံအယူအဆသမားများက ဘ၀ကို တစ်စုံတစ်ရာထံ ၀ကွက်အပ်ထားသည်။ လုပ်နိုင်သမျှ လုပ်မည်၊ မရလျှင်လည်း ထိုတစ်စုံတစ်ရာ၏ သဘော သာဖြစ်သည်ဟု လက်ခံသည်။

“ဘ၀ဆိုတာ ကိုယ့်လက်ထဲက ကိုယ်တိုင်ဖန်တီးနိုင်သော အရာတစ်ခု ဖြစ်တယ်”ဟု ယူဆသူများက ဘ၀ကို ကိုယ်လိုချင်သလို ဆွဲခေါ်သည်။ ဖြစ်စေချင်သလို ဖန်တီးသည်။ “ဘ၀ဆိုတာ ကိုယ့်လက်ထဲက ကိုယ်ဖန်တီး သလို ရတဲ့အရာ ဖြစ်တယ်”ဟု ခံယူထားသူသည် လွတ်လပ်သည်။ အမှီအခို ကင်းသည်။ သို့ရာတွင် တာဝန်ပိုကြီးသည်။ လုပ်လိုက်သမျှအရာများ အဆင်ပြေနေလျှင် ကိစ္စမရှိ။ အဆင်မပြေခဲ့လျှင် အပြစ်တင်စရာ ဘုရားသခင်က သူ့အနားမှာ မရှိ။ မပိုင်နိုင်လျှင် ပို၍ ခံစားရဖို့သာ ရှိလေသည်။ မည်သို့သော အတွေးအမြင် များကို ကိုင်စွဲပြီး ဘ၀အပေါ် သဘောထားထား အားလုံးသည် သူတို့ဘ၀များ၏ အရိပ်များပင် ဖြစ်နေပါသည်။

တစ်နေ့က အွန်လိုင်းမှာ ကိုယ့်ကို တစ်ခါမှ စပြီး နှုတ်မဆက်ဖူးသော ကောင်မလေးတစ်ယောက်က “ဦးဇင်းနဲ့ စကားပြောချင်လို့”ဟု ဆိုလာသည်။ သူသည် ခရစ်ယာန်မလေးတစ်ယောက်ဖြစ်သည်။ သူသည် အသိုင်း အ၀ိုင်းလည်း ကောင်းသည်။ ရုပ်လည်း ချောသည်။ ငယ်လည်း ငယ်သည်။ သို့ပေငြား သူမသည် လောကမှာ ကြာကြာမနေနိုင်သောရောဂါသည် ဗုဒ္ဓဘာသာအမျိုးသားတစ်ယောက် (ဦးဇင်းနှင့် ညီအစ်ကိုလို ချစ်ရသူ)နှင့် ချစ်သူဖြစ်ခဲ့သည်။

သူတို့တွေ တွဲသွားတွဲလာ ဖြစ်နေစဉ်က “ဦးကု… တပည့်တော်တို့ လက်ထပ်တော့မယ်”ဟု ဆိုလာသောအခါ အံ့သြခဲ့ရသည်။ “အစ်ကို ဟိုအကြောင်း သူ့ကို ပြောလိုက်ပြီးပြီလား”ဟု မေးသောအခါ “ပြောပြီးတာ ကြာပြီ၊ သူမက နောက်မဆုတ်ဘူး”ဟု ပြောသည်။ ကာယကံရှင်များကိုယ်တိုင် မည်သို့ ခံစားရမည်မသိ၊ အံ့သြစိတ် ရော၊ ၀မ်းသာစိတ်ရော ရောရောပြွမ်းပြွမ်း ဖြစ်နေခဲ့ရသည်။

ထိုအခါက အချစ်ဆိုတာကို တွေးနေခဲ့ဖူးသည်။ ချမ်းမြေ့ဆရာတော်ကြီး အထက်ပိုင်း ကလေးမြို့နယ်တွင် ခရစ်ယာန်ဆရာတော်များက ကြီးမှူးကျင်းပသော တရားပွဲတွင် ဆရာတော့်ကို “အချစ်ဆိုတာ ဘာလဲ”ဆိုသော မေးခွန်း အမေးခံခဲ့ရ၍ တဝေါဝေါ ရယ်ခဲ့ကြရသည်ဟု ဆိုသည်။ တကယ်တော့ အချစ်ဟူသည် မည်သူဖြစ်ဖြစ် ချစ်ဖူးသည်ဖြစ်စေ၊ မချစ်ဖူးသည်ဖြစ်စေ အဓိပ္ပာယ်တော့ နားလည်နေသင့်သောအရာ ဖြစ်သည်ဟု ထင်သည်။ အမှန်ဆိုရလျှင် အချစ်ကို နားမလည်သူသည် ဘ၀ကို နားမလည်သူသာ ဖြစ်ပေလိမ့်မည်။ အဘယ့်ကြောင့် ဆိုသော် ဘ၀ဟူသည် အချစ်တို့နှင့် ပေါင်းစပ်တည်ရှိနေသောကြောင့်ပင် ဖြစ်ပါသည်။

ကိုရီးယားဇာတ်လမ်းတွဲတွေ ကြည့်စဉ်က သူတို့အချစ်ကို တင်စားနေကြသည်မှာ ပိုသည်ဟု ထင်သည်။ ထိုအထင်ကို ထိုခရစ်ယာန်မလေးက ဖျက်ဆီးပစ်လိုက်သည်။ အချစ်ဟူသည် သိက္ခာရှိသော၊ ကျက်သရေ ရှိသော၊ ချစ်စရာကောင်းသော အရာတစ်ခုဖြစ်သည်ဟု မြင်လာသည်။ သေရမည့်ရောဂါရှိသူအနေဖြင့် ချစ်သူ တစ်ယောက် ဒါမှမဟုတ် အိမ်ထောင်ဘက်တစ်ယောက်ကို မည်သို့ မျှော်လင့်နိုင်ပါမည်နည်း။ မည်သည့် ဆင်ခြင်တုံတရားကမှ မျက်နှာသာပေးဖွယ်မရှိသောအရာကို အချစ်က ဖန်တီးပြသည်။ သိက္ခာရှိ သော၊ ချစ်စရာကောင်းသော အချစ်ကို ပြသခဲ့သော ချစ်သူများသည်လည်း ဘ၀ပုံရိပ်များကို တစ်နည်းတစ်ဖုံ တန်ဖိုးရှိ နေစေခဲ့သည်။

သူမသည် အစ်ကို့ကို ချစ်လို့ လက်ထပ်ခဲ့သော်လည်း ဘုရားစင်ကို ကြည့်မရ။ ဘုရာစင်ရှေ့ကို ဘယ်တော့မှ မသွား။ အိမ်ကို သွားလည်တိုင်း အတွေ့မခံ။ အစ်ကို့ကို လက်ထပ်နိုင်လို့ သူ့အချစ်ကို အံ့သြကြောင်း လေးစား ကြောင်းတွေ ပြောချင်သည်။ “မင်းတို့ သမ္မာကျမ်းစာက လောကလူသားတွေအတွက် ကောင်းရာမွန်ရာ ကျမ်းတစ်ဆူအဖြစ် ရှိနေကြောင်းကိုလည်း သူမကို ပြောပြချင်သည်”။ အိမ်ရှေ့ခန်းတွင် ဘုရားအကြောင်း၊ တရားအကြောင်းပြောနေစဉ် သူမသည် တစ်ဖက်အခန်းထဲတွင် နားကို ပိတ်ပြီး နေလေ့ရှိသည်ဟု ဆိုသည်။ “ဘုရားသခင် အမျက်ထွက်မှာ စိုးလို့”ဟု အစ်ကိုက တစ်ဆင့် ပြောပြသည်။ သူမသည် ထာဝရဘုရားသခင်၏ မေတ္တာနှင့် အမျက်တော်ကြားတွင် ဗျာများနေသူတစ်ယောက် ဖြစ်နေသည်ဟု ထင်သည်။ ကြုံကြိုက်လို့ ဗုဒ္ဓဘာသာအကြောင်း ပြောလျှင် “တော်ပါတော့၊ တော်ပါတော့”ဟု နားပိတ်ပြီး အော်သည်။

နောက်ပိုင်းတွင် “နင့်ကို ဗုဒ္ဓဘာသာအကြောင်း မဟောပါဘူးကွ၊ သမ္မာတရားပဲ ဟောပါ့မယ်၊ ငါနဲ့ လာစကား ပြောပါအုံး”လို့ အတင်းခေါ်ရာကနေ စကားတွေ ပြောဖြစ်လာခဲ့သည်။ သမ္မာကျမ်းစာ၏ ကောင်းရာမွန်ရာ အချက်များကိုသာ သူမကို ပြောပြသည်။ သို့ရာတွင် မခေါ်ဘဲနဲ့ မလာတတ်။ နောက်ပိုင်း ခေါ်ရဖန်များသောအခါ သူမနှင့် စကားအဆက်အသွယ် ပြတ်ခဲ့သည်။ မပြောဖြစ်ခဲ့တော့။ နောက်ပိုင်း သိရတာက သူ့ကို အုပ်ထိန်းသော ခရစ်ယာန်ဘုန်းကြီးက ဗုဒ္ဓဘာသာဘုန်းကြီးတွေနှင့် မလိုအပ်ဘဲ စကားမပြောရဟု ပြောထား ကြောင်း သိရသည်။

“ဦးဇင်းနဲ့ စကားပြောချင်လို့”ဆိုပြီး ဂျီတော့ခ်ကနေ ခေါ်တော့ “နင် ဘုရား(ချာခ်ျ)ကျောင်းကော တက်ဖြစ်လား၊ ကျမ်းစာတွေကော ရွတ်ဖြစ်လား၊ ချာခ်ျကျောင်းမှာ သီချင်းတွေကော သွားဆိုဖြစ်သေးလား”လို့ မေးတော့ သူမက ရယ်နေခဲ့သည်။ “ဘာလို့ ရယ်နေတာလဲ”ဆိုတော့ “အဲဒါတွေ မလုပ်တော့ဘူး၊ ချာပ်တော့ တက်ဖြစ်ပါ တယ်”လို့ ဆိုသည်။ “ခရစ်ယာန်တစ်ယောက်ဟာ ချာခ်ျကျောင်းတက်ရမယ်၊ သမ္မာတရားကို နာရမယ်၊ ဒါတွေက ခရစ်ယာန်တစ်ယောက်အတွက် လုပ်သင့်လုပ်ထိုက်တဲ့အရာတွေပဲ”လို့ ပြောလိုက်ခဲ့သည်။ “ဒါဆိုရင် ဘုရားရှိခိုးတာ၊ ပုတီးစိပ်တာ၊ တရားထိုင်တာတွေကရော ဗုဒ္ဓဘာသာအတွက် လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေလား”လို့ သူမက ပြန်မေးတော့ “ဟုတ်တာပေါ့”လို့ ဖြေခဲ့သည်။ “ဒါဆိုရင် ဗုဒ္ဓဘာသာတစ်ယောက် လုပ်သင့်လုပ်ထိုက်တာတွေကို ကျွန်တော် လုပ်နေပြီ”လို့ သူမက ပြောလိုက်တော့ အံ့သြသွားခဲ့ရသည်။ “ဒါဆိုရင် နင် နားနှစ်ဖက်ကို လက်နဲ့ အုပ်ထားသေးလား”ဆိုတော့ “No, Never”လို့ ဖြေသည်။

ပြဓာန်းခံဝါဒမှ ကိုယ့်အားကိုယ်ကိုးဝါဒ ပြောင်းလာသူ သူမအတွက် ၀မ်းသာရပါသည်။ ထိုနေ့က သူမအရိပ်အောက်တွင် အေးမြနေခဲ့သည်ကို အမှတ်ရသည်။ ဘ၀ကို ကိုယ်တိုင်ဖန်တီးပြီး ကိုယ့်အရိပ် အောက် ကိုယ်ဖာသာ လျှောက်လှမ်းရသည် ဆိုသော်လည်း ဆက်နွယ်နေသော ပြင်ပအရိပ်များ အောက်တွင်လည်း အေးမြဖို့ အခွင့်အရေး ရှိနေသည်မှာ ဘ၀၏ ဆုလာဒ်တစ်ခုပင် ဖြစ်သည်ဟု ထင်ပါသည်။

တစ်နေ့က ရန်ကုန်က ညီငယ်တစ်ယောက်က ဂျီတော်ခ်ကနေ “ဦးဇင်း သူဇာ လက်ထပ်သွားပြီ”လို့ ဆိုသည်။ “မင်းနဲ့ မဟုတ်ဘူးလား”ဆိုတော့ “အခြားတစ်ယောက်နဲ့”လို့ ပြောသည်။ နယ်က ပြောင်းလာပြီးကတည်းက သူတို့ ချစ်သူတွေ ဖြစ်နေကြသည်။ တစ်နှစ်လောက်ကြာသောအခါ “တပည့်တော်တို့က နောက်နှစ်ကျရင် လက်ထပ်မှာ၊ ဒါကြောင့် အတူတူ နေနေကြတာ”လို့ ပြောသည်။ လစ်ဗင်းတူဂဲသား၊ ဘာတတ်နိုင်မည်နည်း။ ထိုအရာအားလုံးကို သိထားတော့ “သူဇာ လက်ထပ်သွားပြီ”လို့ ဆိုသောအခါ အံ့သြသည်။ ညီငယ်က သူ့ထက်သာတဲ့ သူတစ်ယောက် (ရုပ်လည်း သာတယ်၊ အထူးသဖြင့် ပိုက်ဆံ ချမ်းသာတယ်)ကို လက်ထပ် သွားပြီ ဆိုသောအခါ မင်သက်ခဲ့ရပြန်သည်။ သူဇာ၏ သူငယ်ချင်းကို မေးကြည့်သောအခါ “ဦးဇင်းရယ်… သူဇာက မောင်ဇော်ကို ဘယ်ရွေးမလဲ၊ အခု လက်ထပ်တဲ့သူက အစစအရာရာ သာတယ်လေ”လို့ ပြောလိုက် တော့ ပိုလို့ အံ့သြရပြန်သည်။

ဆရာနန္ဒာသိန်းဇံ၏ “ပြောရင်းပြောနေမည့် ချစ်ခြင်းမေတ္တာ” စာအုပ်ထဲက ကြက်ဖပုံပြင်ကို သွားသတိရသည်။ ကြက်ဖနှစ်ကောင်သည် သူ့အုပ်စုနှင့်သူ မင်းမူနေကြသည်။ နှစ်ကောင်လုံးတွင် ကြက်မများစွာ ရှိသည်။ တစ်နေ့ ထိုကြက်ဖနှစ်ကောင် တိုက်ခိုက်ကြသည်။ ကြက်မများက ဘေးကနေ ၀ိုင်းကြည့်နေကြသည်။ တစ်ကောင်က သွေးသံရဲရဲဖြင့် ထွက်ပြေးသွားသောအခါ နှစ်ဖက်အုပ်စုမှ ကြက်မများသည် အနိုင်ရသူ ကြက်ဖ နောက်သို့သာ လိုက်သွားကြသည်။

အနောက်တိုင်းစာပေတွင် Consequentialism and Non Consequentialism လို့ ၀ါဒ နှစ်ခု ရှိသည်။ စီးပွားရေးတွင် အထူးသဖြင့် သုံးသည်ဟု ထင်သည်။ ကိုယ်ကျိုးမျှော်ဝါဒနှင့် သူ့အကျိုးကြည့်ဝါဒဟု ဆရာတစ်ဦးက ဘာသာပြန်သည်။ အချစ်ဆိုသည်မှာ ကိုယ်ကျိုးမျှော်ဝါဒလား၊ သူ့အကျိုးကြည့်ဝါဒလား။ အမှန်အားဖြင့် အချစ်ဆိုသည်မှာ လိုချင်မှု၊ တပ်မက်မှုများ၏ အမည်သာ ဖြစ်သည်။ သို့ရာတွင် ထိုအချစ်ကို ကိုင်စွဲထားသောသူများမှာ အခြားမဟုတ်၊ လူသားများ ဖြစ်သည်။ လူသားများသည် သူတို့ကိုယ်သူတို့ သက်ရှိ များတွင် အသိဉာဏ်အရှိဆုံး၊ အမြင့်မြတ်ဆုံးဟု သဘောထားသည်။ ထိုသဘောထားနှင့် ကိုက်ညီအောင် လူသားတွင် သိက္ခာတရားရှိသည်။ တန်ဖိုးတွေ ရှိသည်။ အချစ်ကို ထိုတန်ဖိုးများ၊ ထိုသိက္ခာတရားများနှင့် သဟဇာတဖြစ်အောင် ပေါင်းစပ်ပစ်ဖို့ လိုသည်။

တန်ဖိုးသိက္ခာမရှိသော ချစ်ခြင်းတရားသည် တိရစ္ဆာန်တို့၏ အချစ်နှင့် ဘာများ ထူးခြားနေမည်နည်း။

တိရစ္ဆာန်များက အချစ်ကို ရယူလိုမှု၊ ပိုင်ဆိုင်မှု၊ တပ်မက်မှုတစ်ခုတည်းအဖြစ်သာ သဘောထားကြသည်။

လူသားက ထို့ထက် နည်းနည်းတော့ ပိုသင့်သည်။

သို့မှသာ လူသား၏ ပုံရိပ်က ကျက်သရေ ရှိနေမည်။ အဓိပ္ပာယ်ရှိနေမည်။ တန်ဖိုးရှိနေမည်။

ဘ၀မှာ မည်သို့သော ပုံရိပ်တွေ လွှမ်းမိုးနေပါသလဲ။ ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်မှု၊ ရယူမှုတစ်ခုအဖြစ်သာ သဘောထားခဲ့ပါသလား။ သို့မဟုတ် လူသားတစ်ယောက်၏ တန်ဖိုး၊ ဂုဏ်သိက္ခာများနှင့် ပေါင်းစပ်ဖန်တီးခဲ့ပါသလား။ ထိုပုံရိပ်များသည် ဘ၀၏ ၀မ်းနည်းခြင်း၊ ၀မ်းသာခြင်းကို အဆုံးအဖြတ်ပေးမည်။ ကိုယ်တိုင် ဖန်တီး လိုက်သော ထိုအရိပ်အောက်တွင် တစ်သက်လုံးနေရမည်ဖြစ်ပါ၍ ကိုယ့်ရင်ဘတ်ကို ကိုယ်တိုင် အနုစိတ်လိုက် ဖို့ လိုသည်။ ဆန်းစစ်နေမိဖို့ လိုသည်။ ဆန်းစစ်ပြီးပြီလား။

ဘာပဲဖြစ်ဖြစ် လာရောက်ခိုလှုံသူများကို အေးမြစေသော အရိပ်ဖြစ်အောင် ကြိုးစားချင်ပါသည်။ မိဘ၊ ဆရာ၊ သူငယ်ချင်းတို့၏ အေးမြသောအရိပ်အောက်တွင်လည်း ခိုလှုံချင်ပါသည်။ သူ့အရိပ်၊ ကိုယ့်အရိပ် အပြန်အလှန် ဆက်စပ်နေသော လောကတွင် မိမိကိုယ်တိုင်၏ အရိပ်တွေ ပိုမိုအေးမြအောင် ကြိုးစားဖို့တော့ အရင်ဆုံး ကြိုးစားရပေအုံးမည်။

……………………………………………….
ထို ………ကဲ့ ………... သို့
အရိပ်များ ပြေးလွှားနေခဲ့ကြလေသည်။
……………………………………………………..။

(မှတ်ချက် ….. ခေါင်းစဉ်၏ ကျယ်ဝန်းမှုကို အမီမလိုက်နိုင်ခဲ့ပါ။ အထိုက်အလျောက်တော့ ဘ၀နှင့်အရိပ်များကို မီးမောင်းထိုးပြနိုင်ခဲ့လိမ့်မည်ဟု ထင်သည်)

Friday, June 25, 2010

ဗုဒ္ဓ၀င်

မလေးရှားက Miss Sharlinton ပို့လိုက်တဲ့ အီးမေးလ်ထဲကပါ။ ဘယ်သူတွေ ဖန်တီးထားသလဲတော့ မသိပါ။ အလွန်စိတ်ဝင်စားစရာကောင်းသလို လက်ရာလည်း အတော်မြောက်တယ်လို့ ဆိုရမှာပါ။ ဒါကြောင့် မျှဝေလိုက်ပါတယ်။ နောက်ခံသမိုင်းကြောင်းတွေကိုတော့ အားလုံး သိပြီးသား ဖြစ်မှာပါ။ ပိုပြီး ပေါ်လွင်သွားအောင် ဓာတ်ပုံအောက်မှာ စာသားလေးတွေ ထည့်ပေးလိုက်ပါတယ်။ ကြည်ညိုနိုင်ကြပါစေ.........


ဒါကတော့ လူ့ပြည်ကို သွားပြီး ဘုရားဖြစ်ဖို့ မသွားခင်တွေ့ရတဲ့ ဘုရားအလောင်းတော်


မယ်တော်မာယာဝမ်းမှာ ပဋိသန္ဓေယူပါပြီ


ဘုရားအလောင်းတော် ဖွားမြင်ပြီ


မွေးခါစကတည်းမှာပဲ အနာဂတ်ကို ကြိုသိတဲ့ ကပိလရသေ့က ဂါရ၀ပြု


အာနာပါနကမ္မဋ္ဌာန်းစီးဖြန်း


လေးတော်တင်ပွဲ


ယသော်ဓရာနဲ့ လက်ထပ်


အကြင်လင်မယား တင့်တင့်တယ်တယ်


ဒါတွေ မြင်တော့ လောကကြီး စိတ်ကုန်လာတယ်


မောင်းမခြွေရံတွေ ဟိုပေါ်ဒီပေါ် သွားရေတွေတွဲကျ၊ ဒါတွေမြင်တော့ ပိုစိတ်ကုန်သွားတယ်


“နေရစ်ခဲ့တော့ ယသော်ရေ”


ကဏ္ဍက.. လာ... သွားမယ်.... ဒုက္ခရဲ့အဆုံးကို


တရားကျင့်ဖို့ဆိုရင် ဒီဆံပင်တွေ ဖြတ်ပစ်မှပဲ


ပဉ္စသီခနတ်သားက မလျော့မတင်း စောင်းကြိုးညှင်းသလို ကျင့်ဖို့ သတိပေးတယ်


ကောင်းကောင်း မစားရတာ ကြာတဲ့ ဘုရားလောင်းကို သုဇာတာက အချိန်ကိုက် နို့ဆွမ်းကပ်တယ်


ဘုရားလောင်း ရွှေခွက်မျှောတော့ ကာလနဂါးတောင် တစ်ရေးနိုးပြီ
“အော်... ဘုရားတစ်ဆူတောင် ပွင့်တော့မှာပါလား”......


အနှောက်အယှက်တွေ အမျိုးမျိုး................


အတားအဆီးတွေက အသွယ်သွယ်..............


ကိလေသာတွေကလည်း ဆွဲဆောင်တယ်..........


အတားအဆီး၊ အခက်အခဲ၊ ဆင်းရဲဒုက္ခ အသွယ်သွယ်မှ လွတ်ပြီ.. ကျွတ်ပြီ၊ ဘုရားဖြစ်ပြီ...


ကြာက ညစ်ပတ်တဲ့ ရွှံ့ညွန်ထဲကနေ ကြည်လင်သန့်ရှင်းစွာ ပွင့်လာတယ်။ ငါက ကိလေသာ ဗွက်အိုင်ထဲနေ ဘုရားဖြစ်လာတယ်.....


ငြိမ်းချမ်းခြင်း ချမ်းသာအစစ်နဲ့ နေနေတယ်


ငါသိတာတွေကို လောကကို သိစေမယ်


လောကမှ ထွက်မြောက်ကြောင်းတွေကို ဟောနေတယ်


အလယ်အလတ်လမ်းနဲ့ သွားကြဖို့ ပဉ္စ၀ဂ္ဂီငါးဦးကို တရား စဟောတယ်


အိန္ဒိယမှာ အကြီးကျယ်ဆုံး အဖွဲ့အစည်းကြီး ဖြစ်လာတယ်...


“လူနာတွေကို ပြုစုတာဟာ ငါ့ကို ပြုစုတာထက် မွန်မြတ်တယ်”
(ဗုဒ္ဓ)


အရှင်နန္ဒက သူ့မိန်းမကို စွဲနေတော့ “မင်းမိန်းမက ဟို နတ်သမီးတွေလောက် လှလို့လား”ဆိုပြီး သာသနာ့ဘောင်မြဲအောင် စည်းရုံးလိုက်တယ် ...


ဖခမည်းတော်၊ မွေးစားမေမေ၊ ပါရမီဖြည့်ဘက်၊ သားတော်လေးနဲ့ အမျိုးတွေ ရှိရာကို ရောက်လာခဲ့တယ်


သားတော်လေးက အမွေတောင်းတော့ ရှင်ပြုပေးလိုက်တယ် ....


အော်... သံယောဇဉ် .... သံယောဇဉ် ..........
“ယသော်ရေ... ငါဟောတဲ့အတိုင်းသာ ကျင့်တော့၊ မင်း ငါ့ကို လွမ်းမှာ မဟုတ်တော့ဘူး”


မွေးစားမေမေလည်း ဘိက္ခုနီ (ရဟန်းမ) ဖြစ်လာခဲ့တယ်


“ချစ်သားတို့ရေ... ငါ ထာဝရ ငြိမ်းအေးရာကို သွားရတော့မယ်၊ တရားကိုသာ ဆရာအဖြစ် ကိုးကွယ်ကြ”


မည်သို့ဆိုဆို မျက်ရည်ထိန်းနိုင်စွမ်း မရှိသူများ ငိုကြွေးကြလေတယ်....

Wednesday, June 23, 2010

တွယ်ရာမဲ့ အတွေးများ


အပြင်မှာ မိုးတွေ သည်းနေခဲ့သည်။ နေ့တိုင်း မိုးတွေ သည်းနေခဲ့သည်။ ချမ်းစိမ့်စိမ့်ရှိလှသည်။ မိုးစက်များသည် အခန်းပြင်က သစ်ရွက်များ၏ ကျောခုံးပေါ်ကို မညှာမတာ ပစ်ပေါက်နေသည်။ ခံနိုင်ရည်မရှိသော အရွက်အိုများ ဇောက်ထိုးမိုးမျှော် ပြုတ်ကျလို့ နေသည်။ ပြင်းထန်တဲ့လေကလည်း ဘယ်အချိန်က မိုးနှင့် မဟာမိတ်ဖွဲ့ထားသည် မသိ။ မိုးစက်များ တရစပ်ပစ်ခတ်နေစဉ်မှာပဲ သူက တ၀ုန်းဝုန်း တိုက်လှုပ်ပေးနေသည်။

အတွဲညီလှသော မိုးနှင့်လေတို့၏ တိုက်ကွက်များကြားတွင် ဘာလက်နက်မှမပါသော သစ်ပင်လေးများ ခိုရာမဲ့နေခဲ့သည်။ တ၀ုန်းဝုန်းတဝေါဝေါအသံများကြားထဲမှ ဇီးမားရဲ့ ဆွေးမြေ့မြေ့ သီချင်းသံလေးက လွင့်ပျံလာနေခဲ့သည်။

သီချင်းနားသံကို နားစိုက်နေရင်း မိုးကို အမြင်ကပ်လာသည်။ လေကို အမြင်ကပ်လာသည်။ အခန်းထဲ တစ်ယောက်တည်း ခပ်သွက်သွက် လမ်းတွေ လျှောက်နေခဲ့သည်။ တဖြောဖြော တဖျောက်ဖျောက် တဝေါဝေါအသံများနှင့် ဘယ်လောက်သက်ဆိုင်နေသလဲဆိုတာတော့ မသိ။ စိတ်တွေက ယောက်ယက်ခတ် လာသည်။ ဇီးမားရဲ့ သီချင်းတွေက ပိုသွက်လာသလို ခံစားရသည်။ ခြေလှမ်းတွေက မြန်လာသည်။ သွက်လာ သည်။

လမ်းလျှောက်နေရင်း ဘာမဆိုင်ညာမဆိုင် ပုလိပ်ဝတ္တုထဲက လူသေကောင်တွေကို မြင်လာသည်။ “လူတွေ အခုလို ညီညွတ်ပြီး စိတ်ကောင်းလေး ၀င်လာအောင် တစ်ခါတစ်လေ ပုလိပ်ရောဂါလေးဘာလေး ဖြစ်ပေးအုံးမှဗျ”လို့ သုံးသပ်လိုက်သော ယန်းပေါဆတ်၏ ခပ်ပြင်းပြင်းအတွေးက လေသံတွေနဲ့အတူ ကျယ်လောင်နေခဲ့သည်။ လမ်းလျှောက်ရသည်မှာ မသက်မသာ ဖြစ်လာခဲ့သည်။

ခပ်သွက်သွက် လည်ချောင်းကို ဟန့်နေလိုက်သည်။ စိတ်မရှည်တော့သည်နှင့် မှန်သေးသေးလေးကို ကောက်ယူပြီး ကိုယ့်မျက်လုံးကို ကိုယ်ကြည့်သည်။ မျက်လုံးထဲတွင် တိမ်မဲမဲများနှင့် ပြိုလုလုတိမ်များကို တွေ့နေရသည်။

ညဆိုလျှင် ပိုးဟပ်များ တစ်လျှပ်လျှပ်ပြေးလွှားနေတတ်သော သေတ္တာငယ်လေးကို ဆွဲရွှေ့လိုက်သည်။ သေတ္တာ လေးဘေးတွင် ကပ်မြှောင်နေသော အိမ်မြောင်က မျက်လုံးပြူးပြီး ကြည့်နေခဲ့သည်။ တုတ်သေးလေးနှင့် ထိုးလိုက်မှ ခပ်လှမ်းလှမ်းကို ပြေးသွားခဲ့သည်။ သူကပ်နေခဲ့သောနေရာကို ကြည့်လိုက်မှ ဘာကြောင့် မပြေးမှန်းသိလိုက်သည်။ ဥလေးတွေ ရှိနေခဲ့သည်။ အသက်ကို ပဓာနမထားဘဲ သူ့မျိုးဆက်လေးတွေကို စောင့်ရှောက်နေခဲ့သည်။ အမေ့ကို ပြေးသတိရသည်။ အခုဆို မငြိမ်းချမ်းသောအရပ်တွင် လေပူကြမ်းတွေ တိုက်နေပါလိမ့်မည်။

ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်းဆိုသည်မှာ လူ့သဘာဝ၏ ပြယုဂ်တစ်ခုပင် ဖြစ်သည်ဟု ကျွန်တော်တို့ တွေးဆ ထားခဲ့လျှင် တိုက်ခတ်လာသော မည်သည့်လေမျိုးကိုမဆို ကျွန်တော်တို့ သေချာပေါက် လက်ကမ်းနေမိကြမည်။ ပျော်စရာကောင်းတာလေးတွေ ဘ၀ထဲ ရောက်လာသောအခါ ကျွန်တော်တို့ ပျော်ကြမည်။ ၀မ်းနည်းစရာ လေးတွေ ပစ်ဝင်လာသောအခါ ကျွန်တော်တို့ ၀မ်းနည်းကြမည်။ ထိုကဲ့သို့ ပျော်ရွှင်ပစ်လိုက်ခြင်းနှင့် ၀မ်းနည်း ပစ်လိုက်ခြင်းသည် လူသားသရုပ်လော။ သို့မဟုတ် ပျော်ရွှင်မှု၊ ၀မ်းနည်းမှုတို့အတွက် မတုန်လှုပ်ခြင်းသည်ပင် လူသားပီသခြင်းလော။ ဝေခွဲရခက်သောအနေအထားအဖြစ် တည်ရှိနေဆဲပင် ဖြစ်လေသည်။

စာကြည့်ရမှာ ပျင်းလာတာနဲ့ စားပွဲအောက်က အမှိုက်များကို ငေးကြည့်နေသည်။ မျက်လုံးက ငေးနေသည်။ မျက်လုံးက ဝေနေသည်။ စိတ်က အတိတ်ကို ငေးနေသည်။ ငေးနေသော စိတ်ထဲက သွေးညှီနံ့ ပုတ်သိုးသိုးကို ရသည်။ စိုထိုင်းထိုင်း အိပ်ယာအနံ့များကို ရသည်။ မသတီစရာ ရေမွှေးနံ့အချို့ကို ရသည်။ အဝေးမှာ မိုးတွေ ညိုနေတာ တွေ့ရသည်။ မိုးတွေ ညို့နေရုံ ဘယ်ဟုတ်မလဲ၊ ရွာလွန်းလို့ ဗွက်ပေါက်နေပြီဟု တစ်ယောက်က ပြောနေသည်။ လေတိုက်လိုက်တော့ စားပွဲအောက်က အမှိုက်တွေ မျက်နှာကို လာဝှေ့သည်။ အမှိုက်တွေ ကြောင့်လား၊ အမှားတွေကြောင့်လား မသိ။ မျက်ရည်တွေ ၀ဲလာနေခဲ့သည်။ “ရှူးကနဲ”ဆိုပြီး အပြင်ထွက်လာခဲ့ လိုက်သည်။

အခန်းထဲ စိတ်ရှုပ်လို့ အပြင်ထွက်ကာမှ လေက ကြမ်းလာသည်။ ဒီအခန်းတော့ ပြန်မ၀င်နိုင်တော့ဘူးဆိုပြီး နောက်တစ်ခန်းကို ၀င်လာခဲ့မိလေသည်။ အခန်းထဲတွင် မြွေတစ်ကောင်က ခွေနေသည်။ မြွေက ခွေနေရင်းနဲ့ ကမ္ဘာ့တစ်နေရာမှ တစ်စုံတစ်ယောက်နှင့် စကားပြောနေပုံရသည်။ အဲယားဖုန်းကို ပါးစပ်နှင့်တေ့ကာ ခွေခွေလေး စကားပြောနေသည်။ တစ်ယောက်ထဲ ပြာဝေနေပုံကြည့်ပြီး မြွေက အူကြောင်ကြောင် လှမ်းကြည့်သည်။ ကျွန်တော်က သူ့ကို ကရုဏာသက်မိနေသလိုမျိုးပဲ သူက ပြန်ပြီးကရုဏာတွေ သက်နေပုံရသည်။ ရှိစေတော့။ လူတိုင်းက တစ်ခါတစ်လေ ကိုယ်နားမလည်နိုင်တာများနှင့် တွေဝေနေသူများကို ကရုဏာသက်မိတတ်ကြတယ် မဟုတ်လား။

ခွေခွေလေး ဇိမ်ကျနေသော မြွေတစ်ကောင်ကို အနှောက်အယှက်ဖြစ်မှာစိုးတာနဲ့ နောက်တစ်ခန်းကို ၀င်သည်။ အပုပ်အသိုးများကို အားရပါးရ ပျော်ပျော်ရွှင်ရွှင် စားသုံးနေကြသော ကြွက်သုံးကောင်နှင့် သွားတွေ့သည်။ တွင်းတူပြီး နားနေကြတာဖြစ်လို့ သူတို့ တစ်ကိုယ်လုံး ချွေးများ စိုရွှဲနေသည်။ “မင်း စိတ်ဝင်စားရင် ငါတို့နဲ့ ပေါင်းပါ့လား၊ မင်းက ဉာဏ်ကောင်းတယ်၊ မင်းသာ စိတ်ဝင်တစား တူးလိုက်ရင် ခဏချင်း ထောမှာ”လို့ ပြောနေခဲ့သည်။ အခန်းထဲက လှည့်ထွက်လိုက်သည်။ “တွင်းတူးရတာ ငါ ၀ါသနာမပါဘူး”လို့ကား မပြောမိ လိုက်ခဲ့ပါ။

ပြိုလုလုဖြစ်နေတဲ့ တိမ်လိပ်တိမ်စိုင်များထဲမှာ စိတ်ကို ပစ်တင်ကြည့်လိုက်တော့ စိတ်ထဲမှာ ပေါ့သွားခဲ့သည်။ တစ်ပြိုင်နက်တည်းမှာပဲ စိတ်ထဲမှာ လေးလံလာနေခဲ့သည်။ အနာဂတ်လား။ ဒီ ပစ္စုပ္ပန်ကနေ ဟိုး အနာဂတ်ကို ဆက်ရပေအုံးမည်။

အနာဂတ်ဆိုတာ ဟိုးအဝေးက မိုးတိမ်တွေ ကြားထဲမှာ ရှိနေမလား။

ဝိုးတိုးဝါးတားပစ္စုပ္ပန်ထဲက တစ်စုံတစ်ယောက်ဆီမှာ သို့မဟုတ် တစ်စုံတစ်ရာဆီမှာများ ပုန်းကွယ်နေသလား။ မသေချာ။ သေချာမှုတစ်ခုတော့ ရှိချင်သည်။ ကျွန်တော့်ကိုကျွန်တော် သေချာချင်သည်။ ထိုသေချာချင်စိတ် ကိုလည်း အမြင်မကြည်လင် ဖြစ်နေခဲ့လေသည်။

ပစ္စုပ္ပန်ဆိုတာက အခု ပြောနေတဲ့ အချိန်မှာ ကုန်လေပြီ။ အနာဂတ်တို့သာ တစ်လှမ်းချင်း လှမ်းနေခဲ့လေသည်။ တမ်းနေခဲ့လေသည်။ လမ်းတွေက ကွေ့ကောက်နေခဲ့သည်။ လူ့ဘ၀ဆိုတာ အစဉ်လည်ပတ်နေသော ရွှေလျား နေသော ပရောဆတ်ကြီး တစ်ခု။ တစ်ခါတစ်လေမှာ အတိတ်လား၊ ပစ္စုပ္ပန်လား၊ အနာဂတ်များလား ဆိုတာ တောင် ခွဲခြားလို့ မရလောက်အောင် ဖြစ်စဉ်တွေက တရစပ်နိုင်လွန်းသည်။

ကာလသုံးပါးနဲ့ ရုန်းကန်ပြေးလွှားရင်း အဓိပ္ပာယ်မဖွင့်ဆိုနိုင်ခဲ့တဲ့ အရာတွေကလဲ အများသား။ ဘယ်အရာကို အထူးပြုလို့ ဘယ်အရာကို လျစ်လျူရှုသင့်တယ်ဆိုတာကို သုံးသပ်ရင်း ပုပ်သိုးလို့ စွန့်ပစ်လိုက်ရတဲ့ ပန်းသီးတွေ ကလဲ အများကြီး။ တစ်ခါတစ်လေ တန်ဖိုးကြီးကြီး ပစ်လိုက်ရတာ ပြန်ကြည့်ရင် အများကြီး။ တစ်ခါတစ်လေ ဈေးပေါပေါ တန်ဖိုးနည်းအရာများနှင့် အချိန်ကုန် လူပန်းဖြစ်ခဲ့တာတွေလဲ တွေ့နေခဲ့ရသည်။ ဒါကိုက လူတို့၏ ဖြစ်လေ့ဖြစ်ထရှိသော ကြုံတွေ့ရလေ့ရှိသော ဘ၀ဖြစ်စဉ်တစ်ခုပဲဟု ထင်ပါသည်။

ခေတ်ကာလအခြေအနေနှင့် ခေတ်ကာလစိတ်အခြေအနေတွေအရ လူတို့၏ နေ့စဉ်ဘ၀များသည် ပိုမို ရှုပ်ထွေး လာနေခဲ့သည်။ ဆန်းသစ်မှုတွေက တစ်နေ့တစ်ခြား များပြားလာသလို လူများနှင့် အာသာဆန္ဒများ ကလည်း နက်နဲရှုပ်ထွေးလာနေခဲ့သည်။

ရှုပ်ထွေးလှသောအနေအထားများထဲက ငါ့ကိုယ်ငါ ဆွဲထုတ်ကြည့်သောအခါ ငါတစ်ယောက်က ငါ့ကို လှောင်ပြုံး ပြုံးနေတာကို ငါ တွေ့ခဲ့ရသည်။

Saturday, June 19, 2010

ထွက်ပေါက်





ငယ်ငယ်က သီတင်းကျွတ်အခါတိုင်း ၀င်္ကဘာထဲတွင် ပြေးလွှားရင်း ပျော်ရွှင်ခဲ့ဖူးသည်။ ကျောင်းဝင်းအကျယ်ကြီးထဲတွင် ၀င်္ကဘာကို အကြီးကြီး ဆောက်ထားသည်။ ၀င်္ကဘာတိုင်ထိပ်များတွင် ဆီမီးများ ထွန်းညှိကြသည်။ ၀င်္ကဘာသည် ၀င်ပေါက်တစ်ခုသာ ရှိပြီး ထွက်ပေါက်မှာလည်း ထိုဝင်ပေါက်ပင် ဖြစ်သည်။ တောသူတောင်သားလူကြီးများ ၀င်္ကဘာတည်ဆောက်ထားသည်မှာ အံ့သြစရာကောင်းလှသည်။ ၀င်္ကဘာ၏ အလည်ဗဟိုရ်တွင် ဘုရားစင်တည်ဆောက်ပြီး ဘုရားဆင်းတုတော်တစ်ဆူကို ထားရှိပူဇော်ကြသည်။ ၀င်္ကဘာပြုလုပ်ခြင်း၏ ရည်ရွယ်ချက်အတိအကျကို မသိရသော်လည်း ၀င်္ကဘာထဲသို့ လမ်းအသွယ်သွယ်ဖြင့် အလည်က ဘုရားဆင်းတုတော်ဆီ ရောက်အောင်သွားပြီး ပူဇော်ကန်တော့ရသည်မှာ စိတ်လှုပ်ရှားဖွယ်ကောင်းသလို ပျော်စရာလည်း အလွန်ကောင်းပါသည်။

လူ့လောကဖြစ်ရပ်များစွာကိုလည်း ၀င်္ကဘာဖြင့် ခိုင်းနှိုင်းပြောဆိုကြလေသည်။ သံသရာကို ၀င်္ကဘာဖြင့် နှိုင်းကြသည်။ ရှင်းရခက်သော ပြေလည်ဖို့ မလွယ်ကူသော ပြဿနာများကိုလည်း ၀င်္ကဘာဖြင့် နှိုင်းကြသည်။ “မင်းတို့ငါတို့အဖြစ်ကလည်း ၀င်္ကဘာထဲ လမ်းလျှောက်နေရသလိုပါပဲကွာ”စသည်ဖြင့် ပြောကြသည်။ “ဒါလေးကို ဒီလို တွက်လိုက်ရင် လွယ်နေတာပဲ၊ ၀င်္ကဘာမလုပ်ချင်စမ်းပါနဲ့ကွာ”ဟု ပြောလေ့ရှိသော ငယ်ငယ်က ကျောင်းအုပ်ဆရာကြီး ပြောသောစကားကိုလည်း အမှတ်ရသည်။ မည်သို့မျှ ဖြေရှင်း၍ မပြေလည်နိုင်ကြသော ချစ်ရေးချစ်ရာကိစ္စများကိုလည်း “အချစ်ဝင်္ကဘာ”ဟု သုံးနှုန်းကြပြန်သေးသည်။ ချုပ်လိုက်လျှင် ရှင်းရန်ခက်သော ဝေ့လည်ကြောင်ပတ်ဖြစ်နေသော ဆုံးခန်းတိုင်ဖို့ခက်နေသော ပြဿနာအရပ်ရပ် ဖြစ်ရပ်အထွေထွေကို ၀င်္ကဘာဟု တင်စားနိုင်လေသည်။

ဝင်္ကဘာထဲလမ်းလျှောက်လျှင် ဘယ်သို့ ညာသို့ ဝေခွဲမရအောင်ဖြစ်နေသော လမ်းများကို တွေ့ရမည်။ တစ်ခါတစ်ရံ ဘယ်ဘက်ကွေ့ရမည် ထင်ပြီး ကွေ့သွားလိုက်လျှင် မူရင်းလမ်းသို့ နောက်ပြန်ရောက်သွားတတ်သည်။ သံသရာနှင့်ချီပြီးပြောရလျှင် ကျွန်ုပ်တို့ ပုထုဇဉ်အဖြစ်နှင့် သံသရာလည်နေမိပြီဆိုကတည်းက ၀င်္ကဘာလမ်းစထဲသို့ ချဉ်းနင်းခဲ့ပြီ ဖြစ်ပါသည်။ ဤဘ၀အဖြစ်ကိုသာ ရည်ညွှန်းလိုလျှင်လည်း အမိဝမ်းတွင်းမှ လူ့အဖြစ်ကို ရယူပြီးချိန်မှစတင်ပြီး ၀င်္ကဘာထဲသို့ ရောက်ရှိလာခဲ့ကြပြီး ဖြစ်သည်။ သို့ဖြစ်၍ လူ့ဘ၀အဖြစ်သည်ပင် ၀င်္ကဘာဖြစ်လို့ နေရပြန်သည်။ ထို့ထက်ပိုပြီး မိမိတို့ ရင်ဆိုင်နေရသော ဖြစ်ရပ်များ၊ လုပ်ငန်းဆောင်တာများ၊ တိုင်းရေးပြည်ရေး၊ မိသားစုအရေး၊ လူမှုဆက်ဆံရေး၊ နှလုံးသားရေးစသော ဘ၀၏အစိတ်အပိုင်း ဖြစ်ရပ်လေးများအားလုံးကိုလည်း ၀င်္ကဘာနှင့် တင်စားနိုင်မည်ဟု ထင်သည်။ သံသရာဝင်္ကဘာထဲမှ လက်ရှိဘ၀ ၀င်္ကဘာ၊ လက်ရှိဘ၀ ၀င်္ကဘာထဲမှ ကြုံတွေ့နေရသော ဖြစ်ရပ်ဝင်္ကဘာဟု အဆင့်ဆင့် ကြုံတွေ့နေရပေမည်။

ဤသို့ဆိုလျှင် ကျွန်ုပ်တို့အားလုံးသည် ၀င်္ကဘာထဲသို့ ၀င်လာခဲ့ပြီးဖြစ်၍ ရှောင်လွှဲ၍ မရတော့ပါ။ ဆက်လက်လျှောက်လှမ်းကြရတော့မည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ၀င်္ကဘာထဲတွင် တ၀ဲလည်လည်လုပ်ရင်း အားလုံးကို လက်မြှောက်အရှုံးပေးလိုက်နိုင်သည်။ သို့ရာတွင် ကျွန်ုပ်တို့အနေဖြင့် ထွက်ပေါက်ကို မျှော်လင့်လို့ ရနိုင်တော့မည် မဟုတ်ပါ။ ၀င်္ကဘာအတွင်းရောက်နေပြီးဖြစ်၍ “ငါကတော့ မရတော့ဘူး။ နောက်ပဲ ပြန်ဆုတ်တော့မယ်”ဟု ဆိုပြီး နောက်ဆုတ်လျှင်လည်း ထွက်ပေါက်ကို ရောက်ဖို့ လွယ်ကူလိမ့်မည်မဟုတ်ပေ။

ဝင်္ကဘာအတွင်းမှ ရသင့်ယူသင့်သော တန်ဖိုး သို့မဟုတ် ကျေနပ်ဖွယ် အနေအထားကို ရရှိပြီးမှ ထွက်လမ်းကို ဆက်ရှာလျှင် ၀င်္ကဘာထဲ ရောက်လာရခြင်း၏ အကျိုးတရားကို ရယူနိုင်ဖွယ်ရှိသည်။

ရှေးလူကြီးများ တီထွင်ခဲ့သော ၀င်္ကဘာသည် လမ်းပေါင်းများစွာဖြင့် ရှုပ်ထွေးပွေလီနေသော်လည်း ထွက်ပေါက်ကား အသေအချာ ရှိနေပါသည်။ ထို့အတူပင် သံသရာကြီးက မည်မျှရှည်လျားရှုပ်ထွေးနေသော်လည်း ထွက်ပေါက်က ရှိနေပါသည်။ လူ့ဘ၀ကြီးက မည်မျှနက်နဲရှုပ်ထွေးသော်လည်း ထွက်ပေါက်က ရှိနေပါသည်။ ကျွန်ုပ်တို့အနေဖြင့် လက်ရှိကြုံတွေ့နေရသော အခက်အခဲပြဿနာအားလုံးသည်လည်း ရှုပ်ထွေးပြီး လမ်းစပျောက်နေတတ်သည်။ သို့ရာတွင် အားလုံးတွင် ထွက်ပေါက်က ရှိနေပါသည်။

အမှန်အားဖြင့် မည်သည့်နေရာ၊ မည်သည့်အခက်အခဲတွင်မဆို ထွက်ပေါက်ရှိနေသည်ကို လူတိုင်း သိကြပါသည်။ သိသဖြင့်လည်း အဆိုပါ ထွက်ပေါက်သို့ အားထုတ်ပြေးဝင်နေကြသည်။ သို့ရာတွင် ထွက်ပေါက်ကို ပုံသေသတ်မှတ်ထား၍ မရ၊ ထွက်ပေါက်ကို အလွယ်တကူ ရောက်ရှိမည်ဟု အထင်သေးအမြင်သေး မဖြစ်စေရ။ ထွက်ပေါက်ကို အထင်သေးမိသည်နှင့်တစ်ပြိုင်နက် လမ်းစပျောက်ဖို့ အခြေအနေများသည်။ ထွက်ပေါက်မှနေပြီး လွတ်မြောက်ရာ မရောက်မချင်း အချိန်မရွေး အခက်အခဲတွေ့နိုင်သည်ဟု သိရှိထားရမည်။

ထွက်ပေါက်သို့ အမြန်ရောက်ဖို့အတွက် ဆောင်ထားရမည့် လက်နက်မှာ အခြားမဟုတ်၊ မလျှော့သော ဇွဲစိတ်ဓာတ်ပင် ဖြစ်သည်။
မည်သူမဆို တစ်နေရာရာ၌ မွန်းကြပ်ပိတ်လှောင်နေသည်ဟု ခံစားရသောအခါ ထွက်ပေါက်ကို ရှာချင်သည်။ တွေ့ချင်သည်။ နယ်တွင် လူငယ်လေးတစ်ယောက်ရှိသည်။ သူသည် မိဘနှင့်ဖြစ်စေ၊ သူငယ်ချင်းများနှင့်ဖြစ်စေ၊ သူ့ချစ်သူနှင့်ဖြစ်စေ အဆင်မပြေမှုများ ကြုံတွေ့တိုင်း ကိုယ့်ကိုကိုယ် ဆွဲကြိုးချသေဖို့ ကြံစည်တတ်လေသည်။ အကြိမ်များစွာ ကြိုးစားသည်။ သို့ရာတွင် အခုချိန်ထိ အထမမြောက်ခဲ့။ သူ့ကိုယ်သူတော့ ကိုယ့်ကိုကိုယ် သတ်သေခြင်းမှာ သူ့ထွက်ပေါက်ဟု ယူဆထားပုံရသည်။

ထိုလူငယ်လေးလိုပင် လူအများစုသည် ကိုယ့်ကိုကိုယ် သတ်သေသည့်ကိစ္စ မဟုတ်သည့်တိုင် ထွက်ပေါက်ကို အမျိုးမျိုး ဖန်တီးပြီး ရှာကြသည်။ အိမ်က မိန်းမနှင့် အဆင်မပြေလို့ ပြည့်တန်ဆာနှင့် ပျော်သည်။ စိတ်ညစ်လို့ အရက်ကို သောက်သည်။ ဖြစ်ချင်ရာ မဖြစ်လို့ အရက်သမားကြီး ဖြစ်လာခဲ့သည်။ လောကကြီးကို ငြီးငွေ့လို့ ရိပ်သာဝင်သည်။ ဘုန်းကြီးဝတ်သွားသည်။ သီလရှင်ဝတ်သွားသည်။ လောကထဲတွင် မွန်းကြပ်လို့၊ မိသားစုအတွင်း တည်ငြိမ်မှု မရလို့၊ ချစ်သူနှင့် သဘောထား မတိုက်ဆိုင်လို့၊ အကြောင်းပြချက်များစွာဖြင့် ကျွန်ုပ်တို့ ထွက်ပေါက်ကို ရှာနေကြလေသည်။

ဤနေရာတွင် “ထွက်ပေါက်”ဆိုသည်ကို သတိထားကြမိဖို့ ဖြစ်ပါသည်။ ၀င်္ကဘာထဲတွင် ကိုယ်က ထွက်ပေါက်ဟု ထင်ထားခဲ့သော လမ်းများသည် “ပို၍ရှုပ်ထွေးသောလမ်းများ၏ အစ” ဖြစ်နေတတ်သည်။ ဆိုလိုသည်မှာ “ဤမွန်းကြပ်မှု၏ ထွက်ပေါက်သည် ထိုမွန်းကြပ်မှု၏ ၀င်ပေါက်”ဖြစ်နေတတ်သည်။ ချစ်သူရည်းစားနှင့်အဆင်မပြေသဖြင့် အရက်ကို သောက်မိသူသည် အရက်ကျေးကျွန်ဘ၀၏ ၀င်ပေါက်ဖြစ်နေသကဲ့သို့ပင် ဖြစ်ပါသည်။ ထွက်ပေါက်မှားမိပြီဆိုလျှင် “နောက်ဆုတ်ဖို့ ကြိုးစားရင်း ရှေ့တိုးမိ….”ဆိုသကဲ့သို့ ဆက်လက်နစ်မျောသွားတတ်ကြလေသည်။

အမှန်အားဖြင့် ထွက်ပေါက်၏ အဆုံးသည် လွတ်လပ်မှု ဖြစ်နေသင့်သည်ဟု တစ်ထစ်ချ မှတ်ယူထားသင့်သည်။ ထွက်ပေါက်၏ အဆုံးသည် “လွတ်လပ်မှု၊ တည်ငြိမ်မှု၊ အေးချမ်းမှု၊ ဖူလုံမှု”တို့ ဖြစ်နေစေရမည်။ လူ့ဘ၀တည်းဟူသော ပင်မ၀င်ပေါက်ကြီးသို့ ၀င်လာခဲ့ကြပြီးဖြစ်၍ ကျွန်ုပ်တို့အနေဖြင့် ဘ၀၀င်္ကဘာထဲတွင် ၀င်ပေါက်အသေးများ၊ ထွက်ပေါက်အသေးများ များစွာကို ဖြတ်သန်းကြရမည် ဖြစ်သည်။ ထွက်ပေါက်မမှားကြဖို့တော့ လူ၏ ဆင်ခြင်တုံတရား၊ ကိုယ်ကျင့်သိက္ခာ၊ တန်ဖိုးများကို ထိန်းသိမ်းခြင်းနှင့် များစွာ ဆက်စပ်တည်မှီနေပါလိမ့်မည်။

မှန်ကန်တည့်မတ်သော ထွက်ပေါက်ကို အောင်အောင်မြင်မြင် ရောက်ရှိဖို့ဆိုလျှင် မိမိရောက်ရှိနေသော ဘ၀ဖြစ်တည်မှုနှင့် မိမိလျှောက်လှမ်းမိနေသော လမ်းကို သေချာသုံးသပ်ဖို့ လိုပါလိမ့်မည်။ ထွက်ပေါက်များအကြောင်း စဉ်းစားရင်း “ညီငယ်၊ ညီမငယ်များရဲ့….စိတ်ထွက်ပေါက် မမှားကြစေနဲ့”ဟူသော ဆရာတစ်ဦး၏ စကားလေးက ခေါင်းထဲ ရစ်ဝဲလာနေတော့သည်။

သဘာဝကျသော ချစ်ခြင်းများ



ကြည့်စမ်း လှလိုက်တဲ့ မြင်ကွင်း

သဘာဝကောင်းကင်

သဘာဝမြက်ခင်းပြင်

သဘာဝတောင်တန်း

ဘယ်လောက်ရင်သပ်ရှုမောဖွယ်ကောင်းလဲ

ဒီသဘာဝတွေထဲမှာ ငါတို့လည်း သဘာဝကျစွာ

အသက်ရှင်နေကြတယ်

ဘယ်လောက်သဘာဝကျလဲ

သဘာဝအရ ကျွန်တော်တို့ မွေးဖွားလာတယ်

သဘာဝကျစွာ အသက်ရှုတယ်

ပြီးတော့ သဘာဝကျစွာ

ကျွန်တော်တို့ ပြည်ကို ချစ်မြတ်နိုးကြတယ်

အမေက ရိုးရိုးလေး မွေးပေးလိုက်တယ်

ရိုးရိုးလေးပဲ

ကျွန်တော်တို့ လူဖြစ်လာတယ်

ပြီးတော့ ရိုးရိုးလေးပဲ

အမိမြေကို ချစ်ပစ်လိုက်ကြတယ်

ဘယ်လောက်သဘာဝကျလဲ

အမေ့ကို ရိုးရိုးလေး ချစ်လို့

အမေ့ရင်ခွင်မှာ ရိုးရိုးလေး ငိုက်မြည်းလို့

အမေ့ရင်ခွင်ဟာ ရိုးရိုးလေး နွေးထွေးနေခဲ့တယ်

အမေနဲ့ကျွန်တော်ဟာ အညမညဖြစ်သလို

အမေဟာ ဧရာဝတီလဲ ဖြစ်တယ်

အမေဟာ သဘာဝကိုက ပေးဆပ်သူ ဖြစ်တယ်

ကျေးဇူးတရားတဲ့

ကျွန်တော်တို့ သဘာဝကျစွာ လက်ခံလိုက်ကြတဲ့ စကားလုံး။

ကျွန်တော်ဟာ

ကျွန်တော့်ရင်ဘက်ထဲမှာ အမေ့ကျေးဇူးတွေ စိုက်ပျိုးကြည့်တော့

ခဏချင်းပဲ

တစ်သက်စားလို့ မကုန်တာ တွေ့ရတယ်။ ။

အမေချုပ်နေတဲ့ ၀တ်စုံလေး



စိတ်တိုင်းမကျနဲ့

စိတ်တိုင်းမကျတကျ အရောင်တွေ ရောစပ်ပြီး

ဘ၀ကို ချုပ်စပ်ထားတယ်၊

မွေးကတည်းက ဘ၀ကို တစ်ခါမှ ရွှင်ရွှင်ပျပျ မဖြစ်ခဲ့ရ၊

ဖြေသိမ့်ခြင်းတရားတွေနဲ့ အကောင်းမြင် ဓမ္မ

ဖြစ်ချင်တာ ဖြစ်ခွင့်ဝေးလို့ ဖြစ်နေတဲ့ဝေဒနာ

အာဟာရပြတ်တာကြာလို့ ဒီမြေက သစ်ပင်တွေ ပိုလီယိုများလာတာလား

နေ့စဉ်နဲ့အမျှ အသက်နဲ့အမျှ

အမေချုပ်နေတဲ့ ၀တ်စုံလေး မြင်ယောင်

အမေချုပ်နေတဲ့ ၀တ်စုံလေး သားဝတ်ချင်

လူမှန်းသိစ အရွယ်ကတည်းက ဆာလောင်မှု

အသက်ကြီးလာတဲ့ အမေ

ပင်ပန်းနေပြီဖြစ်တဲ့ မေမေ

ဘယ်တော့မှ မနွမ်းလျတဲ့ မေမေ

မေမေချုပ်နေတဲ့ ၀တ်စုံလေး

သားမ၀တ်နိုင်ခဲ့ရင်လည်း

မေမေ့မြေးတွေ ၀တ်ခွင့်ရအောင် ကြိုးစားမယ်၊

အမေ့ကို တိုက်စားနေတဲ့

စက္ကန့်တွေကို မုန်းတယ်

နာရီတွေကို မုန်းတယ်

အမေ့ကို ဖုံးအုပ်ထားတဲ့ ကောင်းကင်ကြီးဆို မုန်းတယ်

တစ်ဘ၀စာ အမုန်းတရားတွေနဲ့ ရှင်သန်ခဲ့ရတော့

ချစ်ခြင်းမေတ္တာကို ပြောကြရင်

မေမေ့ကိုသာ မြင်တယ်

မေမေချုပ်နေတဲ့ဝတ်စုံလေး

မေမေဘ၀မကူးခင် ၀တ်ချင်တယ်။ ။

Wednesday, June 16, 2010

ချီးမွမ်းခြင်းအလှ (အဆက်)



မိမိတို့ဝန်းကျင်မှ မိသားစုလေးများတွင်လည်း ထိုသို့သော အဖြစ်အပျက်လေးများ မကြာခဏ တွေ့နေရတတ်သည်။ မိသားစုများတွင် ကလန့်လေးများ၊ လူဆိုးလေးများ တွေ့ရတတ်သည်။ ထိုလူဆိုးလေးများမှာ တစ်စုံတစ်ခုသော အမှားကြောင့် မိဘနှင့် ညီအစ်ကိုမောင်နှမတို့၏ မေတ္တာမဖက် အေးစက်စက် ဆက်ဆံရေးကြောင့် ဖြစ်နေတတ်သည်က များလေသည်။ တစ်နှစ်က အလွန်ရင်းနှီးသော အိမ်တစ်အိမ်သို့ အလည်ရောက်ခဲ့သည်။ အမေဖြစ်သူက မျက်နှာခပ်ညှိုးညှိုးဖြင့် ဘေးတွင် ထိုင်နေသော သူ၏ သားလတ်ကို ကြည့်ရင်း “ဦးကုရေ … ဟိုအလတ်ကောင်ကို ဆုံးမသွားပါအုံး၊ ပြောမရဆိုမရ၊ တော်တော်ကို ဆိုးနေတယ်၊ အိမ်မှာ သူ့ကြောင့် စိတ်ဆင်းရဲနေကြရတယ်၊ ဟို သူ့ညီနဲ့ဆို တစ်ခြားစီပဲ၊ တပည့်တော် မွေးတဲ့အထဲမှာ သူကတော့ ဂြိုဟ်ပါပဲ ဦးဇင်းရယ်”ဟု တိုင်တန်းနေခဲ့သည်။

ထိုကလေးနှင့်ပတ်သက်ပြီး အသိတရားများ များစွာ ရခဲ့ဖူးသည်။ သူသည် မိသားစုတွင် လူထူးကလေးဖြစ်သည်။ သူ့ဗီဇအရ သူတို့ထင်သလို လူဆိုးလေးမဟုတ်။ သူတို့ဖြစ်စေချင်သလို မဖြစ်သော လူငယ်လေးတစ်ယောက်မျှသာ ဖြစ်နေလေသည်။ သူသည် သူများသဘောကျအောင်လည်း မလုပ်တတ်။ သူ့ဗီဇအတိုင်း အေးအေးဆေးဆေး နေသည်။ အခြားညီအစ်ကိုမောင်နှမများနှင့် ပုံစံချင်း မတူ။ ထိုကဲ့သို့ အေးဆေးစွာ နေထိုင်တတ်သောအလေ့အကျင့်ကို မိဘများနှင့်အခြားမိသားစုဝင်များက အကောင်းမမြင်။ အလေးမထားခဲ့ကြ။ သူ့အပြုအမူများကို မကြာခဏ လှောင်ပြောင်သည်။ တစ်ခါတစ်ရံ ကဲ့ရဲ့သည်။ တဖြည်းဖြည်းနှင့် သူသည် မိသားစုတွင် တစ်မျိုးတစ်ဘာသာ ဖြစ်လာခဲ့လေသည်။

လူငယ်သဘာဝသည် ပတ်ဝန်းကျင် အထူးသဖြင့် မိဘများ၏ နွေးထွေးသော နားလည်မှုတို့ဖြင့် ၀န်းရံမှသာ ဘ၀ခရီးကို ပုံမှန်ရှေ့ဆက် ချီတက်နိုင်သည်။ ထိုအရာကို နားလည်ထားမှ မိဘတို့က သူ၏ ပုဂ္ဂလိကဗီဇ သို့မဟုတ် သူတန်ဖိုးထားသောအရာတို့ကို အရောင်တင်ပေးရင်း ပြုစုပျိုးထောင်နိုင်စွမ်း ရှိလာမည် ဖြစ်သည်။

အခါခပ်သိမ်း ချီးမွမ်းနေရမည်လား။ ထိုသို့လည်း မဟုတ်ပါ။ ချီးမွမ်းမှုတွင် သဘာဝစည်း သို့မဟုတ် ဘောင်ကလေးများတော့ ရှိရသည်။ ဒီဂရီ ရှိရသည်။ နည်းနည်းတော်သော ကလေးကို နည်းနည်းသာ ချီးမွမ်းစကား ပြောရသည်။ များများတော်သောကလေးကို များများ ချီးမွမ်းပေးရသည်။ အချိန်အခါနှင့်နေရာဒေသကိုကြည့်ပြီး ချီးမွမ်းခြင်းအားဆေးကို ပေးရလေသည်။ ဆေးများတွင် တန်ဆေးလွန်ဘေးရှိသကဲ့သို့ သားသမီး၊ သို့မဟုတ် တပည့် သို့မဟုတ် ချီးမွမ်းခံပုဂ္ဂိုလ်အတွက် ချီးမွမ်းစကားတွင်လည်း တန်ဆေးလွန်ဘေး ရှိနေတတ်ပြန်သည်။

သူငယ်ချင်းတစ်ယောက်က ပြောဖူးသည်။ သူ့ကို အမြဲချီးမွမ်းပြီး အားပေးစကားပြောတတ်သော သူငယ်ချင်းကို အရမ်းသတိရကြောင်း ပြောသည်။ တစ်နေ့ သူတို့ ပြန်ဆုံတွေ့ပြီး သွားအတူ လာအတူ ပြန်နေခွင့်ရသောအခါ ထိုသူငယ်ချင်းက သူ့ကို ချီးမွမ်းစကား မပြောတော့သဖြင့် သူ့မှာ နေမထိ ထိုင်မသာ ဖြစ်ခဲ့ကြောင်း ပြောပြနေခဲ့သည်။ နောက်ပိုင်း လုပ်နေကျအလုပ်များကို ဆက်မလုပ်ချင်တော့သည်အထိ ဖြစ်လာခဲ့သည်ဟု ဆိုသည်။

အခြားသူငယ်တစ်ယောက်က ပြောပုံက တစ်မျိုးဖြစ်သည်။ သူသည် သူ့သူငယ်ချင်းကို သိပ်ချစ်ကြောင်း၊ သူငယ်ချင်း၏ လုပ်ရပ်များကို အမြဲတစေ အားပေးချီးမွမ်းခဲ့ကြောင်း ပြောပြသည်။ သို့ရာတွင် အခုအခါတွင် အဆိုပါ အချစ်ဆုံးသူငယ်ချင်းနှင့် အဆက်အသွယ်ဖြတ်လိုက်ပြီဖြစ်ကြောင်း ရင်ဖွင့်သည်။ အကြောင်းကတော့ အဆိုပါ သူငယ်ချင်းသည် သူ့ချီးမွမ်းစကားများဖြင့် ဘ၀င်မြင့်ပြီး သူ့ကိုပင် မထေမဲ့မြင်ပြုနေခဲ့သည်ဟု ဆိုသည်။

လူတော်တစ်ယောက်ကို တွေ့ဖူးသည်။ သူသည် အလုပ်တော်တော်များတွင် ကျွမ်းကျင်မှုရှိသည်။ လုပ်နိုင်ကိုင်နိုင်စွမ်း ရှိသည်။ ၀မ်းနည်းဖွယ်ကောင်းသည်မှာ သူသည် လူတစ်ဦး၏ ခိုင်းဖက် ဖြစ်နေသည်။ သူ့ကို အမြဲချီးမွမ်းပြီး လိုချင်သလို အခိုင်းခံနေရသည်။ သူကတော့ ထိုသူ၏ ချီးမွမ်းစကားများထဲတွင် နစ်မျောပြီး ခိုင်းသမျှကို လုပ်ပေးနေမိသည်။ ရလာနိုင်သောအကျိုးဟူသမျှကို အမြဲချီးမွမ်းသူက အမြဲရယူပြီး သူသည် အခိုင်းအစေတစ်ယောက်သာသာ ဖြစ်နေခဲ့သည်။

သို့ဖြစ်၍ ချီးမွမ်းခြင်းတွင် “ဒါပေမယ့်”ဆိုသောဝေါဟာရ မရှိသော်လည်း နေရာမကျလျှင်ကား ဆိုက်အက်ဖက်(ဆိုးကျိုး)များစွာ ရှိနေလေသည်။ ချီးမွမ်းခြင်းတွင် သူ့အကျိုးအကြောင်းနှင့်သူ ရှိနေသင့်သည်။ အချို့က ချီးမွမ်းတတ်သည်။ သို့ရာတွင် သေသေချာချာ မသိဘဲ ချီးမွမ်းခြင်း ဖြစ်နေတတ်သည်။ သူ့စိတ်ထဲတွင် သူချီးမွမ်းသူကို တကယ်တမ်း အထင်ကြီးပုံ မရှိသော်လည်း လူကြားထဲတွင် အတင်းကာရော (ဟုတ်တာရော မဟုတ်တာရော) ချီးမွမ်းနေတတ်သည်။ ထိုသို့ချီးမွမ်းခြင်းမှာ ကောင်းသည်ဟု ထင်ရသော်လည်း မဟုတ်သောဂုဏ်ဒြဗ်များ ဖြစ်နေ၍ သိသူများအတွက် ဟာသဖြစ်နေတတ်ပြန်သည်။

ရုရှားဝတ္ထုတိုတစ်ပုဒ် ဖတ်ဖူးသည်။ ထိုဝတ္ထုထဲတွင် လင်ယောက်ျားဖြစ်သူက သူ့အမျိုးသမီးကို ညအိပ်ယာဝင်ခါနီးတိုင်း “မင်းက အရမ်းချစ်စရာကောင်းတယ်၊ မင်းကို ငါ ချစ်တယ်”ဟု ပြောပြီး အိပ်ယာဝင်လေ့ရှိသည်။ အခြေအနေအရ နောက်ပိုင်း စီးပွားတိုးတက်ပြီး အလုပ်များလာသောအခါ အိပ်ယာဝင်နောက်ကျခြင်း၊ ပင်ပန်းခြင်းတို့ကြောင့် ပုံမှန်ပြောနေကျစကားလေးကို မပြောဖြစ်ခဲ့ကြတော့ဟု ဆိုသည်။ ထို့အပြင် လုပ်ငန်းက ကြီးကျယ်လာသဖြင့် လူအမျိုးမျိုးနှင့် ပုံစံအမျိုးမျိုး ဆက်ဆံလာရသည်။ ထိုဆက်ဆံမှုများထဲမှ မိန်းမလှလေးများနှင့် ဆက်ဆံမှုကို အမျိုးသမီးသဘာဝ မနာလို ဖြစ်လာခဲ့သည်။

ညစဉ်ပြောနေကျစကားများ မကြားရခြင်းနှင့် ထိုမနာလိုစိတ်တို့ ပေါင်းဖက်မိသောအခါ မပြေလည်မှုများက အေးချမ်းသောမိသားစုလေးထဲသို့ တရကြမ်း ၀င်လာခဲ့တော့သည်။ တစ်ဖက်က ဂုဏ်သိက္ခာ၊ တစ်ဖက်က မနာလိုမှု ဘက်နှစ်ဘက် အားပြိုင်ရင်း အဆိုပါ မိသားစုလေး ပြိုကွဲခဲ့ရသည်။

တစ်ခါတစ်ရံ ချီးမွမ်းစကားသည် ဘိန်းနှင့်များ တူလေရော့သလားဟု စဉ်းစားမိသည်။ လူတိုင်း ကြုံတွေ့ဖူးပါလိမ့်မည်။ အမြဲတမ်း ချီးမွမ်းစကားပြောလေ့ရှိသော မိဘထံမှ ချီးမွမ်းစကားများ မကြားရတော့သောအခါ၊ ဆရာသမားထံမှ ချီးမွမ်းစကားများ ဆိတ်သုဉ်းနေသောအခါ၊ လင်ယောက်ျား သို့မဟုတ် ဇနီးမယားထံမှ ပုံမှန်ပြောနေကျ ချီးမွမ်းစကားလေးများ မကြားရကြာသောအခါ၊ ကိုယ်ချစ်ရသူထံမှ ချီးမွမ်းစကားလေးများ မရတော့သောအခါ……… လူတိုင်း တစ်နည်းတစ်ဖုံ ခံစားတတ်ကြရသည်။ ခံစားကြရဖူးလိမ့်မည် ထင်သည်။

ချီးမွမ်းခြင်းကို ကောက်ချက်ချမိသောအခါ ချီးမွမ်းခံသူဘက်မှ ချီးမွမ်းမှုကို လိုချင်လို့လုပ်တာဟူသော စိတ်မျိုး မထားရှိမှ အရေးရှိက ဖြေဆေးရှိမည်။ ချီးမွမ်းသူဘက်မှ အကျိုးသင့်အကြောင်းသင့် ချီးမွမ်းဖို့နှင့် ဖြူစင်သောနှလုံးသားမှ ချီးမွမ်းစကားများဖြစ်ဖို့ လိုသည်။ တစ်နည်းအားဖြင့် မသိမမြင်ဘဲ ရမ်းသမ်းချီးမွမ်းခြင်းနှင့် စိတ်မပါသော်လည်း အကျိုးလို၍ ချီးမွမ်းခြင်းဟူသော အစွန်းနှစ်ပါးကို မငြိဖို့ လိုသည်။

ချီးမွမ်းခြင်းနှင့်ပတ်သက်၍ သမ္ပသာဒနီယသုတ်တွင် အရှင်သာရိပုတ္တရာနှင့် မြတ်စွာဘုရားရှင်တို့ ပြောဆိုကြပုံမှာ အတုယူစရာ ကောင်းလှသည်။ အရှင်သာရိပုတ္တရာသည်

“အရှင်ဘုရားဟာ ကြီးကျယ်မြင့်မြတ်ဆုံးပါပဲ။ အရှင်ဘုရားထက် ပိုပြီး ကြီးကျယ်မြင့်မြတ်သူ လောကမှာ တစ်ဦးမှ မရှိပါ”
ဟု မြတ်စွာဘုရားကို ချီးကျူးသည်။ ထိုအခါ မြတ်စွာဘုရားက

“သာရိပုတ္တရာ… သင်က အတိအကျကြီး ပြောနေပါလား။ ဘုရားရှင်ရဲ့ စိတ်တော်ကို သင်က အတိအကျ သိလို့လား။ ဘုရားရှင်ရဲ့ စိတ်ကို အကဲဖြတ်ဖို့ သင့်မှာ အစွမ်းအစ ဘယ်လောက်ရှိလို့လဲ”

“မြတ်စွာဘုရား…. တပည့်တော်မှာ အဲဒီလို အစွမ်းအစ မရှိပါဘူး”

“ဒါဆို အဲဒီလို အတိအကျ မသိဘဲ ဘာဖြစ်လို့ ဒီလို အတိအကျကြီး ချီးမွမ်းရတာလဲ။ ချီးမွမ်းတယ်ဆိုတာ အကျိုးအကြောင်းသင့်လျော်မှ ဖြစ်မယ်။ ရမ်းသမ်းပြီး ကိုယ်ကြိုက်သလို မချီးမွမ်းသင့်ဘူး။ ဘုရားဆိုတာ တစ်ဆူတည်းရှိတာ မဟုတ်ဘူး။ ရှေးကလည်း ပွင့်ပြီးတဲ့ ဘုရားရှင်တွေ ရှိခဲ့ဖူးတယ်။ နောက်နောင်အခါမှာလည်း ဘုရားတွေ ပွင့်ကြအုံးမယ်”

“မှန်ပါ့ဘုရား…. တပည့်တော်ဟာ ဘုရားရှင်တွေရဲ့ စိတ်ကို အကဲဖြတ်နိုင်တဲ့ စွမ်းရည်မရှိပါဘူး။ ဒါပေမယ့် အရှင်ဘုရားဟောတဲ့ တရားတွေ၊ အရှင်ဘုရားရဲ့ ပြုမှုပြောဆိုပုံတွေ၊ တွေးခေါ်ကြံဆပုံတွေ၊ အရှင့်ကြောင့် သတ္တ၀ါတွေ အေးချမ်းသွားကြတာတွေ….ဒါတွေကို ကြည့်ပြီးတော့ - အရှင်ဘုရားကို လောကမှာ အမြင့်မြတ်ဆုံး၊ အကြီးကျယ်ဆုံးလို့ ချီးမွမ်းမိတာပါဘုရား”
ဟု ပြန်လည်လျှောက်ထားခဲ့သည်။

ဤသုတ်တော်တွင် အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားရှင်အား ကြည်ညိုရခြင်းအကြောင်းရင်းနှင့် ချီးမွမ်းရခြင်းအကြောင်းများစွာကို အကျယ်တ၀င့် ရှင်းလင်းသွားခဲ့သည်။ (ဤနေရာတွင် အကျယ်ချဲ့ မရေးတော့ပါ။ ချီးမွမ်းခြင်းနှင့် သက်ဆိုင်သမျှကိုသာ ထုတ်ယူထားသည်။) ချီးမွမ်းမှုများတွင် မြတ်စွာဘုရားရှင်လို အဘက်ဘက်က ချီးမွမ်းဖွယ်အကောင်းဆုံးသူတောင်မှ ချီးမွမ်းစကားကို အကျိုးအကြောင်း မသိဘဲ လက်မခံလိုသည်ကို တွေ့ရသည်မှာ အံ့သြဖွယ်ကောင်းသလို ကြည်ညိုဖွယ်လည်း အတိဖြစ်နေခဲ့သည်။

“ဆောင်းပါးကို အဆုံးသတ်မယ်”ဟု ကြံလိုက်သောအခါ မိမိအား ချီးမွမ်းကြသူ၊ ကဲ့ရဲ့ကြသူများနှင့် ချီးမွမ်းစကား၊ ကဲ့ရဲ့စကားလေးများကို မှတ်မိသမျှ ပြေးမြင်နေမိခဲ့သည်။ ဘာမှန်းညာမှန်း မသိဘဲ ချီးမွမ်းကြသူများလည်း ရှိနေခဲ့သလို ဘာမှန်းညာမှန်း မသိဘဲ ကဲ့ရဲ့နေတတ်ကြသူများလည်း ခေါင်းထဲတွင် ပေါ်လာနေခဲ့သည်။

ဘ၀ခရီးလျှောက်လှမ်းနေကြသူအားလုံးအလယ်တွင် အားပေးမှုဆန်သော၊ လေးစားမှုဆန်သော၊ ချစ်ခင်မှုဆန်သော ချီးမွမ်းမှုလေးများက အလှပဆုံး အရှိတရားလေးအဖြစ် နက်နက်နဲနဲ လက်ခံယုံကြည်နေမိခဲ့လေသည်။

Saturday, June 12, 2010

ချီးမွမ်းခြင်းအလှ



တစ်ဦးကိုတစ်ဦး ချီးမွမ်းနေကြသည်ကို ကြည့်ရသည်မှာ အတော် ၀မ်းသာဖို့ ကောင်းသည်။ ချီးမွမ်းနေခြင်းဆိုသည်မှာ တစ်ဦး ရင်တွင်းမှ ချစ်ခြင်းမေတ္တာကို အခြားတစ်ဦးက ချစ်ခြင်းမေတ္တာဖြင့် ခံယူနေခြင်းလည်း ဖြစ်သည်။ တစ်ဦးကိုတစ်ဦး ချီးမွမ်းခြင်းသည် လေးစားခြင်းနှင့် အလေးဂရုပြုခြင်းတို့ကိုလည်း ကိုယ်စားပြုနေသည်။ အမှန်အားဖြင့် ချီးမွမ်းခြင်းတွင် ကောင်းမြတ်သော၊ မြင့်မြတ်သော အခြင်းအရာများအားလုံး ပါဝင်ရောယှက်နေသည်ဟု ခံစားနေမိသည်။

မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်၊ လင်နှင့်မယား၊ သူငယ်ချင်းအချင်းချင်း၊ ချစ်သူများအကြား…..လောက၏ ဆက်သွယ်မှုအားလုံးတွင် ချီးမွမ်းခြင်းဝေါဟာရလေး ရှင်သန်ဖို့လိုသည်။ မိဘက သားသမီးကို ချီးမွမ်းခြင်းသည် “မေမေ…သားကို ချစ်တယ်၊ သားကို လေးစားတယ်”ဆိုသည်ကို ဖော်ပြရာလည်း ရောက်သည်။ “သား..အခု လုပ်နေတာ အရမ်းကောင်းတယ်၊ အမေတို့ အားပေးတယ်၊ ဆက်လုပ်”ဆိုသော အားပေးစကားများကိုလည်း ကိုယ်စားပြုသည်။

ဆရာနှင့်တပည့်အကြား၊ လင်နှင့်မယားကြား ချီးမွမ်းစကားလေးတွေမှာလည်း ထိုသဘောတရားများ ပါဝင်နေသည်ဟု ယုံကြည်သည်။ သူငယ်ချင်းများအကြား ချီးမွမ်းခြင်းသည်ကား တစ်ဦးလက်ကိုတစ်ဦး ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ခြင်းပင် ဖြစ်ပါသည်။ ချစ်သူနှစ်ဦး အချင်းချင်း ချီးမွမ်းစကားဆိုလိုက်ခြင်းမှာ တစ်ဦးနှလုံးသားကိုတစ်ဦး ခိုစီးလိုက်ခြင်းလည်း ဖြစ်သည်။ ဆက်ဆံရေးတွေအားလုံး အဆင်ပြေနေသော လောကကြီးတစ်ခုဖြစ်ဖို့ ချီးမွမ်းစကားများ ဝေလျှံနေဖို့ လိုအပ်သည်။ တစ်ဦးကိုတစ်ဦး ချီးမွမ်းခြင်းတို့ ဆိတ်သုဉ်းနေသောနေရာသည် အကျည်းတန်ဆုံးသောနေရာ ဖြစ်နေမည်မှာ သေချာသည်။

လူတိုင်း သူတစ်ပါးကို ချီးမွမ်းဖူးကြလိမ့်မည်။ လူတိုင်းလူတိုင်း သူတစ်ပါး၏ ချီးမွမ်းမှုကို လက်ခံဖူးလိမ့်မည်။ ချီးမွမ်းခြင်းသည် အထက်တွင်ဆိုခဲ့သကဲ့သို့ မြင့်မြတ်မှု၊ ကောင်းမြတ်မှုတို့နှင့် ဒွေးရောယှက်တင် ရှိနေသည်။ သို့ဆိုလျှင် ချီးမွမ်းစကားအားလုံးသည် မြင့်မြတ်သည်၊ ကောင်းမြတ်သည်ဟု ဆိုလိုပါသလော။ ဆိုနိုင်သည်ဟု အပြည့်အ၀ ယုံကြည်သည်။

ချီးမွမ်းစကားကို အဓိပ္ပာယ်သက်ရောက်မှု ရယူမိတိုင်း “ဒါပေမယ့်”ဆိုသော ဝေါဟာရကို မတွေ့ရ။ ချီးမွမ်းစကားပြောလိုက်သူများတွင်ကား “ဒါပေမယ့်”က သေချာပေါက် ရှိနေပြန်ပါသည်။

သို့ဖြစ်၍ ချီးမွမ်းခြင်း၏ အလှတွင် “ဒါပေမယ့်”မရှိစေလိုလျှင် ချီးမွမ်းစကားဟူသော နှုတ်ထွက်ဝါကျများနှင့် ချီးမွမ်းသူ၏ နှလုံးသားခံစားချက်တို့ တစ်ထပ်တည်း ကျနေဖို့ လိုအပ်လှသည်။

နေရာအတော်များများတွင် လူအတော်များများကို အမြဲချီးမွမ်းတတ်သောသူတို့ကို တွေ့ဖူးပါလိမ့်မည်။ လူတိုင်းကို ချီးမွမ်းစကားပြောကြားနေသဖြင့် သူတို့ကို လူအများက ချစ်ခင်ကြသည်။ ရန်သူဟူ၍ မရှိ။ သူတစ်ပါးကို အမြဲမပြတ်ချီးမွမ်းတတ်သဖြင့် နေရာတိုင်းတွင် အဆင်ပြေသည်။ အောင်မြင်သည်။ ချီးမွမ်းခြင်းသည် မျက်နှာပွင့်ဆေးတစ်ဖုံပင် ဖြစ်နေပြန်ပါသည်။ ဘ၀အောင်မြင်ရေး လှေကားထစ်များလည်း ဖြစ်နေတတ်ပါသည်။ သူတို့အတွက်ကား ချီးမွမ်းစကားတွင် “ဒါပေမယ့်” မရှိ။ ချီးမွမ်းစကားနှင့် နှလုံးသား တစ်ထပ်တည်း ကျနေသည်ဟု ဆိုနိုင်သည်။

အချို့ကား ချီးမွမ်းတတ်သောအလေ့အကျင့် ရှိသည်။ သို့ရာတွင် အသားလိုလို့ အရိုးတောင်းဆိုသကဲ့သို့ တစ်စုံတစ်ရာ အလိုရှိ၍ သို့မဟုတ် ခိုင်းစေစရာတစ်ခုခုရှိ၍ မြှောက်ပင့်ပြောဆိုခြင်းသာ ဖြစ်သည်။ သို့ဖြစ်၍ ချီးမွမ်းခြင်းသည် မရိုးသားသောနှလုံးသားနှင့် ပေါင်းစပ်မိပါက “မြှောက်ပင့်ခြင်း”သက်သက်သာ ဖြစ်နေတတ်ပြန်သည်။ တစ်နည်းအားဖြင့် ဆိုးညစ်သောနှလုံးသားကို ဖုံးထားသောအရာတစ်ခုမျှသာ ဖြစ်နေလိမ့်မည်။ သူ၏ ချီးမွမ်းမှုအရေခြုံထားသော မြှောက်ပင့်လုံးများကို သူတစ်ပါး မသိသေးလျှင် သူ့ရည်ရွယ်ချက် အထမြောက်နေအုံးမည်။ သိသည်နှင့်တစ်ပြိုင်နက် သူသည် အများ၏ ကြဉ်ဖယ်ခြင်းကို ခံရပေတော့မည်။

ထိုကဲ့သို့ မိမိအပေါ်တွင် တစ်စုံတစ်ရာလိုလား၍ မြှောက်ပင့်ပြောဆိုတတ်သူများကို နေ့စဉ်ဝန်းကျင်တွင် တွေ့ရတတ်ပါသည်။ လူတိုင်းလိုလို ထိုကဲ့သို့ ချီးမွမ်းခြင်းစကားလုံးအတုများဖြင့် အပြောဆို ခံကြရဖူးပေလိမ့်မည်။ မည်သို့ပင် ချီးမွမ်းနေပါစေ သူ၏ ဆိုးညစ်သောနှလုံးသားကို တွေ့မြင်နေရပြီဖြစ်၍ အဆိုပါ ချီးမွမ်းခြင်းတွင် အလှတရားများ ကင်းဆိတ်နေလိမ့်မည်။

ဤသို့အားဖြင့် အစစ်အမှန် ချီးမွမ်းခြင်းနှင့် အတုအယောင် ချီးမွမ်းခြင်းဟု နှစ်မျိုးဖြစ်လာရပြန်သည်။ လောက၏ ကွက်လပ်များတွင် အစစ်အမှန် ချီးမွမ်းခြင်းကို ကြိုဆိုသင့်သကဲ့သို့ အတုအယောင်ချီးမွမ်းခြင်းများကို သတိထားဖို့လည်း အထူးလိုအပ်လှပြန်သည်။ လူရွှင်တော်များ ပြတ်လုံးထုတ်လေ့ရှိသော “အမြှောက်အပင့်ကောင်းသူနှင့် ယမမင်းကြီး”အကြောင်းမှာ ဖြစ်နိုင်သည်မဖြစ်နိုင်သည် အပထား၊ လောက၏ သရုပ်သကန်ကို အမှန်အကန် လှစ်ဟပြနေသည်ဟု ထင်သည်။

လောကတွင် လူတိုင်းလူတိုင်း အောင်မြင်လိုကြသည်။ ကိုယ်အောင်မြင်ချင်သလို သူများတွေလည်း ကိုယ့်လို စိတ်ဓာတ်မျိုး ရှိသည်ကို သတိပြုဖို့လိုသည်။ လူတစ်ဦးတစ်ယောက် အောင်မြင်ပြီဆိုလျှင် သူ ရုန်းကန်ခဲ့ရသောအနေအထားကို ပြန်ကြည့်ပါက သူနှင့်အနီးကပ် သို့မဟုတ် စိတ်တူကိုယ်တူသမားများ၏ အားပေးချီးမွမ်းမှုများက အလွန်အရေးပါခဲ့သည်ကို တွေ့ရမည် ဖြစ်လေသည်။

“ကိုယ့်ဒူးကိုယ်ချွန် ဘ၀ကို တည်ဆောက်သည်ဆိုသော စကားမှာ အဓိပ္ပာယ်မရှိ၊ လောကတွင် တစ်ဦးအကူအညီကို တစ်ဦးက ကူညီဖြည့်ဆီးပေးရင်းဖြင့်သာ ဘ၀အောင်ပန်းကို တက်လှမ်းနိုင်ကြသည်”ဆိုသော အဆိုအမိန့်တစ်ခုကို ဖတ်ရဖူးသည်။ “ကိုယ့်ဒူးကိုယ်ချွန်”ဆိုသော စကားမှာ အောင်မြင်သူတစ်ဦး၏ ပုဂ္ဂလိက အထူးကြိုးစားမှုကို ရှေ့တန်းတင်ပြောလို၍ သုံးနှုန်းဟန်တူသည်။

အမှန်အားဖြင့် ကိုယ်တစ်ယောက်တည်းဖြင့် ဘ၀အောင်ပန်းကို ဆွတ်ခူးနိုင်လိမ့်မည်မဟုတ်သည်မှာ သေချာသည်။ တစ်ဦးကိုတစ်ဦး ကူညီဖြည့်ဆီးပေးခြင်းရှိမှသာ လိုရာပြည့်နိုင်ပေမည်။ ကူညီခြင်းဆိုသည်မှာ ရုပ်ဝတ္ထုအားဖြင့် ကူညီခြင်း၊ စိတ်ပိုင်းဆိုင်ရာအရ ကူညီခြင်းဟု နှစ်မျိုးရှိရာ စိတ်ပိုင်းဆိုင်ရာ ကူညီခြင်းက ပိုမို အကျိုးသက်ရောက်စေမည်ဟု ထင်သည်။

မိမိဘ၀တက်လမ်းတစ်လျှောက် မိမိနေထိုင်ရာဝန်းကျင်မှ မိဘ၊ အစ်ကို၊ အစ်မ၊ မောင်…စသော မိသားစုဝင်များ၊ ဆွေမျိုးများ၊ သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များ၏ စိတ်ပိုင်းဆိုင်ရာ ကူညီစောင်မမှုမှာ အထူးလိုအပ်သည်။ အားလုံး၏ ကဲ့ရဲ့မှု၊ အထင်သေးမှုများ ၀န်းရံထားသူသည် အထက်သို့ တက်ဖို့ ခက်ခဲနေမည်။ ဆက်စပ်ပတ်သက်ရာဝန်းကျင်မှ ချီးမွမ်းသံများသည် ဘ၀အောင်မြင်ရေးလမ်းတစ်လျှောက် အားဆေးများသဖွယ် ဖြစ်နေပါလိမ့်မည်။

ကဲ့ရဲ့ခြင်းသည် စိတ်ဓာတ်ကြံ့ခိုင်ပြီးသော အောင်မြင်သူတို့အတွက် သူတို့ဘ၀ကို ယိုင်နဲ့မသွားစေနိုင်သော်လည်း အရာရာကို ခက်ခက်ခဲခဲ ကြိုးစားတည်ဆောက်နေရသူအတွက်ဆိုလျှင် “ရေနစ်သူကို ၀ါကူးထိုးပေး”ဆိုသလို ဖြစ်တတ်ပါသည်။ မိဘလုပ်သူ၊ ဆရာလုပ်သူတို့အနေဖြင့် မိမိတို့၏သားသမီး၊ တပည့်များကို ကိုင်တွယ်ဆုံးမရာတွင် ယင်းအချက်ကို အထူးသတိထားဖို့ လိုပါသည်။

ပြင်သစ်စာရေးဆရာမကြီး ဒီဗူးဗွား၏ ၀တ္ထုတစ်ပုဒ်ထဲက အမျိုးသမီးတစ်ဦးသည် သူ့သားကို သူများတွေထက် တော်စေချင်သည်။ တတ်စေချင်သည်။ သူ့သားကို ဘယ်သောအခါမှ အားမရ။ ထိုအားမရစိတ်ဖြင့် “အသုံးမကျသူ၊ ညံ့ဖျင်းသူ၊ ဘယ်တော့မှ ကြီးပွားမယ့်သူ မဟုတ်ဘူး”စသော ကဲ့ရဲစကားလုံးများဖြင့် ငယ်စဉ်ကတည်းက အမြဲတမ်း ဆူပူပြောဆိုခဲ့သည်။ ထို့ကြောင့် သူ့သားသည် သူ့စကားလုံးများအတိုင်း တဖြည်းဖြည်း အသုံးမကျသူ၊ ညံ့ဖျင်းသူ၊ ကျရှုံးသူ ဖြစ်လာခဲ့သည်။

ဆက်လက်ဖော်ပြပါမည်.......

Monday, June 7, 2010

ဂုဏ်နှင့်လူ


လူတိုင်းလူတိုင်း မွေးကတည်းက မြင့်မြတ်လာသူဟူ၍ မရှိ။ မြင့်မြတ်စေသော အလုပ်များကို လုပ်ခြင်းအားဖြင့်သာလျှင် မြင့်မြတ်သူများ ဖြစ်လာကြပေသည်။ ထို့အတူပင် သူရဲကောင်းအားလုံးသည်လည် အမိဝမ်းမှ ထွက်လာစဉ်ကတည်းက သူရဲကောင်းဟူ၍ မွေးလာခဲ့သည်မဟုတ်။ သူရဲကောင်းဖြစ်သော အလုပ်များကို လုပ်ဆောင်ခဲ့၍သာ သူရဲကောင်းများအဖြစ် ဂုဏ်ပြုခံရခြင်း ဖြစ်လေသည်။

ကိုယ်ကိုယ်တိုင်က မည်သည့်အလုပ်ကြီးအကိုင်ကြီးကိုမျှ မလုပ်လိုက်ရသေးသော်လည်း မွေးဖွားကြီးပျင်းလာရသောနေရာဒေသ၊ ပတ်ဝန်းကျင်ကြောင့် ဂုဏ်တက်နေရခြင်းများလည်း ရှိသည်။ လူ့လောကဆိုသည်မှာလည်း လူကို ချမ်းသာကြွယ်ဝမှုဟူသော အပေါ်ယံ အမြင်ဖြင့် ယေဘုယျ အကဲခတ်တတ်ကြသည်ဖြစ်ရာ ချမ်းသာသောနိုင်ငံတွင် မွေးဖွားသူက မည်သည့်ထူးခြားမှုမျှ ရှိမနေသော်လည်း အထင်ကြီးခံနေရတတ်သည်။ ဆင်းရဲသားနိုင်ငံတွင် မွေးဖွားသူသည် စိတ်ပိုင်းဆိုင်ရာ မည်မျှပင် မြင့်မြတ်နေသော်လည်း အထင်သေးခံရချင် ခံရနေတတ်သည်။


ထို့အတူပင် ချမ်းသာသည့်အသိုင်းအ၀ိုင်းတွင် မွေးဖွားလာရသူသည်လည်း မွေးကတည်းက ဂုဏ်ရှိသယောင် ဆက်ဆံခံရတတ်သည်။ ဆင်းရဲသည့်အသိုင်းအ၀ိုင်းမှ လူကိုကား စိတ်ဓာတ်မွန်မြတ်နေစေကာမူ မွေးကတည်းက အနှိမ်ခံနေရတတ်သည်။ ဤသည်မှာ လူ့လောက၏ သဘာဝဟု ဆိုရနိုင်သည်။

အချို့လူများသည် ဆင်းဆင်းရဲရဲ မိသားစုမှ မွေးလာရသည်။ ဘ၀ကို ဆင်းဆင်းရဲရဲ ဖြတ်သန်းရသည်။ လူ့လောက၏ အဖိအနှိပ်အထုအထောင်းအမျိုးမျိုးကို ခံစားခဲ့ရသည်။ သို့ရာတွင် သူ၏ စိတ်ဓာတ်ကို အဖြူစင်၊ အမြင့်မြတ်ဆုံးဖြစ်အောင် ပျိုးထောင်ပြီး မြင့်မားသောဘ၀အခြေအနေကို ရရှိအောင် ကြိုးစားပြသည်။ ထိုအခြေအနေရောက်မှသာ လူအများက မြင်လာတတ်သည်။ အချို့မှာ ငယ်ငယ်က ချမ်းချမ်းသာသာ ကြီးပြင်းခဲ့ရသော်လည်း ပို၍ ချမ်းသာသည့်အခြေအနေနှင့် စိတ်ပိုင်းဆိုင်ရာ ပို၍ မြင့်မြတ်သောအခြေအနေသို့ မတက်လှမ်းနိုင်ကြဘဲ တဖြည်းဖြည်း ဆုတ်ယုတ်စေခဲ့ကြသည်။ ဆိုလိုသည်မှာ လူတိုင်းလူတိုင်းတွင် အရာရာကို ဖန်ဆင်းနိုင်သော စွမ်းအင်များ ရှိနေသည်။ ဆင်းရဲအောင်လုပ်မလား၊ ချမ်းသာအောင်လုပ်မလား၊ ယုတ်ညံ့အောင်လုပ်မလား၊ မြင့်မြတ်အောင်လုပ်မလား….အရာအားလုံးကို လုပ်ဆောင်ဖို့ လူတို့မှာ အခွင့်အရေးအပြည့်အ၀ ရှိနေသည်။ တစ်နည်းအားဖြင့် ဆင်းရဲ၊ ချမ်းသာ၊ မြင့်မြတ်၊ ယုတ်ညံ့….အရည်အသွေးအားလုံးသည် လူတို့၏ လက်ထဲတွင်သာ ရှိသည်။ အခြားတန်ခိုးရှင်တို့နှင့် သက်ဆိုင်ခြင်း မရှိ။

ဤနေရာတွင် “အလားအလာ”သဘောကို ထည့်တွက်ဖို့တော့ လိုပါလိမ့်မည်။ ချမ်းသာသည့်မိဘများ ရှိနေသည့်သားသမီးသည် ချမ်းသာဖို့ အလားအလာ အများဆုံးဖြစ်နေမည်။ ဆင်းရဲသည့် မိသားစုတွင် မွေးလာသူသည် ဆင်းရဲဖို့ အလားအလာ အများဆုံး ဖြစ်နေမည်။ ပညာတတ်အသိုင်းအ၀ိုင်းတွင် မွေးလာသူသည် ပညာတတ်ဖြစ်ဖို့ အလားအလာပိုကောင်းသည်။ “မုဆိုးနားနီး၊ မုဆိုး၊ တံငါနားနီး၊ တံငါ”ဆိုသော စကားပုံအတိုင်းပင် ဖြစ်ပါသည်။ သို့ရာတွင် ဖြစ်နိုင်သည့်အလားအလာမျှသာ ရှိသည်။ မိမိကိုယ်တိုင် ကြိုးစားအားထုတ်မှု၊ စိတ်ဓာတ်ကောင်းများကို ပြုစုပျိုးထောင်မှုမရှိလျှင်ကား မည်သည့်ဂုဏ်အရည်အချင်းကိုမျှ ရလာလိမ့်မည် မဟုတ်ချေ။ သို့ဖြစ်၍ ခြုံကြည့်လျှင် လူ၏ ကိုယ်တိုင်လုပ်ဆောင်မှုကသာ လူကို ဂုဏ်ရှိအောင်၊ ဂုဏ်မဲ့အောင် ပြုလုပ်နိုင်သည်ဆိုသော အဖြေမှာ ထင်ရှားသည်။

မြတ်စွာဘုရားရှင်လက်ထက်က ဇာတ်စနစ်မှာ အကြီးအကျယ် ထွန်းကားသည်။ အိန္ဒိယတွင် ယနေ့အချိန်အထိ ထွန်းကားနေဆဲဟု သိရသည်။ ဗြဟ္မဏ၀ါဒ ကြီးစိုးလာခြင်းနှင့်အတူ ဇာတ်စနစ် ထွန်းကားလာခဲ့ခြင်း ဖြစ်သည်။ ဇာတ်လေးမျိုးရှိသည်။ ၎င်းတို့မှာ - ပုဏ္ဏားမျိုး၊ မင်းမျိုး၊ ကုန်သည်မျိုးနှင့် သူဆင်းရဲမျိုးဟူ၍ ဖြစ်သည်။ ဗြဟ္မဏ၀ါဒကျမ်းဂန်များ အလိုအရ ပုဏ္ဏားမျိုးသည် ဗြဟ္မာမင်း၏ အာခံတွင်းမှ မွေးဖွားလာသည်။ မင်းမျိုးတို့သည် ရင်ချိုင့်မှ မွေးဖွားလာသည်။ ကုန်သည်မျိုးသည် ချက်မှ ဖွားသည်။ သူဆင်းရဲမျိုးသည် ဒူးခေါင်းမှ ဖွားမြင်လာသည်ဟု ဆိုကြသည်။

မြတ်စွာဘုရားရှင် ပွင့်လာသောအခါ သူတို့အမြင်တွင် လူတန်းစားတစ်ရပ် ပေါ်လာသကဲ့သို့ ဖြစ်ခဲ့သည်။ မြတ်စွာဘုရားရှင်သည် ဇာတ်စနစ်ကို လုံးဝထည့်တွက်ခြင်း မပြုဘဲ မည်သည့်ဇာတ်စနစ်ကမဆို ဘုရားသာသနာအတွင်း ၀င်ရောက်လာလျှင် သာကီဝင်မင်းသားဘုရားသားတော်ဟူသော အမည်ကို ရနိုင်သည်ဟု မိန့်တော်မူထားသောကြောင့် ဖြစ်သည်။ ဘုရားရှင်၏သာသနာ ခေါင်းထောင်လာသောအခါ နှိပ်ကွပ်လိုသဖြင့် ဘုရားရှင်နှင့် ရဟန်းတော်များကို “ဗြဟ္မာ၏ ခြေဖမိုးမှ မွေးလာသူများ”ဟု သတ်မှတ်ထားကြလေသည်။

မည်သို့ပင် နှိပ်ကွပ်ထားသည်ဖြစ်စေ မြတ်စွာဘုရားရှင်၏ ကျော်ကြားမှုနှင့် ရဟန်းတော်များ၏ ဂုဏ်သတင်းများမှာ မည်သို့မျှ တားဆီးမရ။ သာသနာတော်မှာ တဖြည်းဖြည်း ပိုပို စည်ကားလာခဲ့သည်။ မင်းညီမင်းသားများ၊ သူဌေးကုန်သည်များ၊ ဆင်းရဲသားများ….လူတန်းစားမျိုးစုံ ၀င်ရောက်လာပြီး မြတ်စွာဘုရားရှင်၏ သားတော်အဖြစ် ခံယူနေခဲ့ကြသည်။ ထိုအထဲတွင် ထိုခေတ်က ကြီးကျယ်သော၊ တပည့်တပန်း များစွာဖြင့် ကျော်ကြားသော ပုဏ္ဏားကြီးများလည်း ပါဝင်လာကြသည်။

ထိုအထဲတွင် ၀ါသေဋ္ဌပုဏ္ဏားကြီးနှင့် ဘာရဒွါဇပုဏ္ဏားကြီးတို့လည်း အပါအ၀င် ဖြစ်ခဲ့သည်။ သူတို့သည် မြတ်စွာဘုရားကို ဥပသကာအဖြစ် ကြည်ညိုရုံဖြင့် အားမရနိုင်ကြဘဲ ဘုရားသာသနာတွင် ရဟန်းအဖြစ်ကို ရယူလိုခဲ့ကြသည်။ ထို့ကြောင့် မြတ်စွာဘုရားရှင်က ပဏာမခွင့်ပြုသည့်အနေဖြင့် ကိုရင်ဝတ်ခွင့် ပြုလိုက်သည်။ တစ်နေ့သောအခါ ကိုရင်ကြီးနှစ်ပါး တိုင်ပင်ကြသည်။

“ငါ့ရှင် ဘာရဒွါဇ၊ မြတ်စွာဘုရား စင်္ကြံကြွနေတယ်၊ ဒို့ သွားပြီး စကားပြောကြရအောင်”

“ကောင်းတာပေါ့၊ သွားစို့လေ”

မြတ်စွာဘုရားရှင်ရှေ့ရောက်သောအခါ ဘုရားရှင်က

“သင်တို့နှစ်ယောက်က ပုဏ္ဏားတွေအဖြစ်ကနေ ဘုရားသာသနာ ၀င်လာကြတာနော်၊ သင်တို့ အခုလို ၀င်လာတော့ ပုဏ္ဏားတွေက သင်တို့ကို မဆဲကြဘူးလား”

ဟု မေးလိုက်သည်။

“ဆဲတာပေါ့ဘုရား”

“ဘယ်လိုတွေများ ပြောပြီး ဆဲကြတာလဲ”

“ဆဲတာကတော့ စုံနေတာပဲဘုရား”
(စာတွင် - အလိုအားလျှော်စွာ ပြည့်စုံ စေ့စပ်သော ဆဲရေးခြင်းမျိုးဖြင့် ဆဲသည် - ဆိုထားသည်)။

“ဘယ်လိုတွေ ပြောပြီး ဆဲတာလဲ၊ ပြောပါအုံး”

“လောကမှာ ပုဏ္ဏားတွေပဲ ဖြူစင်တာ၊ ကျန်တဲ့အမျိုးတွေက ယုတ်ညံ့တယ်၊ (ပုဏ္ဏားမျိုးတွေပဲ အသားဖြူတာ၊ ကျန်တဲ့အမျိုးတွေက အသားမည်းတယ်၊)။ သင်တို့ဟာ ဗြဟ္မာမင်းရဲ့ အာခံတွင်းကနေ မွေးဖွားလာတဲ့ မြင့်မြတ်သူ၊ စင်ကြယ်သူများ ဖြစ်တယ်၊ ဟို သင်တို့ ဆရာတင်ထားတဲ့ ကတုံးတွေက ဗြဟ္မာမင်းရဲ့ ခြေဖမိုးကနေ မွေးလာကြတဲ့ လူယုတ်တွေပဲ။ ဒီတော့ သင်တို့ စဉ်းစားကြည့်စမ်း၊ မြင့်မြတ်သူတွေက ယုတ်နိမ့်သူတွေထံမှာ တပည့်ခံနေတယ်။ ဘယ်လောက် သဘာဝမကျသလဲ - လို့ ပြောပြီး တပည့်တော်တို့ကို ဆဲကြပါတယ်ဘုရား”

“အေးပေါ့လေ…သင်တို့ ကိုယ်တိုင် စဉ်းစားကြည့်ကြပေါ့၊ သင်တို့ ပုဏ္ဏားတွေရဲ့ ကြင်ယာဇနီးမယားတွေ ရာသီမလာကြဘူးလား”

“လာကြပါတယ်ဘုရား”

“ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးပြီး နို့တိုက်တာကော တွေ့ဖူးကြဘူးလား”

“တွေ့ဖူးပါတယ်ဘုရား”

“အေး…ဒီလို သဘာဝအတိုင်း ကိုယ်ဝန်ဆောင်ပြီး ဒီ အင်္ဂါဇာတ်ကနေ ထွက်လာကြတာ သိရဲ့သားနဲ့၊ လူတန်းစားတွေ ခွဲခြားပြီး အာခံတွင်းက မွေးတာ၊ ရင်ချိုင့်က မွေးတာ၊ ချက်က မွေးတာ၊ ဒူးခေါင်းက မွေးတာ၊ ခြေဖမိုးက မွေးတာဆိုပြီး ပြောနေကြတယ်။ ဘယ်လောက် သဘာဝမကျလိုက်သလဲ”

“သင်တို့ လက်ရှိ လူ့လောကကို သေချာပြန်ကြည့်လိုက်စမ်းပါ………….။
လောကမှာ အခြေခံအားဖြင့် မလုပ်သင့်မလုပ်ထိုက်တဲ့ အရာတွေ ရှိတယ်…
-သူတစ်ပါးအသက်သတ်ခြင်း
-သူတစ်ပါးဥစ္စာကို ခိုးယူခြင်း
-သူတစ်ပါးသားမယားကို ပြုကျင့်မှားခြင်း
-လိမ်ညာပြောခြင်း
-ကြမ်းကြမ်းတမ်းတမ်းပြောခြင်း
-အရေမရအဖတ်မရတွေ ပြောခြင်း
-ဂုံးချောဂုံးတိုက်ခြင်း
-သူတစ်ပါးဥစ္စာကို မတရားသိမ်းပိုက်လိုခြင်း
-အတွေးအခေါ်အယူအဆမှားယွင်းခြင်း တို့ဖြစ်တယ်။

ဆင်းရဲသားကလည်း သူ့အသက် သတ်တယ်၊ ခိုးတယ်၊ ကြာခိုတယ်၊ မုသားပြောတယ်၊ …………။ အဲဒီလိုပဲ သူဌေးလည်း လုပ်တယ်၊ မင်းတွေလည်း လုပ်တယ်၊ ပုဏ္ဏားတွေလည်း လုပ်တယ်။

ဒီ မကောင်းတဲ့ အရာတွေကို ဆင်းရဲသားလည်း လုပ်တာပဲ၊ သူဌေးလည်း လုပ်တာပဲ၊ မင်းတွေလည်း လုပ်တာပဲ၊ ပုဏ္ဏားတွေကတော့ မလုပ်ဘူးလား၊ လုပ်တာပါပဲ။ ဒီတော့ မကောင်းတဲ့လုပ်ရပ်တွေဟာ လူတန်းစားပေါင်းစုံမှာ ရှိနေတာပဲလေ။

အဲဒီမကောင်းတဲ့အရာတွေနဲ့ ဆန့်ကျင်ဘက် ကောင်းတဲ့အရာတွေလည်း လောကမှာ ရှိတယ်။ သူ့အသက် မသတ်ခြင်း၊ သမ္မာအာဇီဝဖြင့် အသက်မွေးခြင်း၊ တစ်လင်တစ်မယားစနစ်၊ မှန်ကန်စွာပြောဆိုခြင်း…..စတဲ့ ကောင်းတဲ့အရာတွေဟာ ဆင်းရဲသားတစ်ယောက်မှာလည်း ရှိနိုင်တယ်။ သူဌေးမှာလည်း ရှိနိုင်တယ်။ မင်းတွေမှာလည်း ရှိနိုင်တယ်။ ပုဏ္ဏားတွေမှာလည်း ရှိနိုင်တာပဲလေ။

အဲဒီတော့ သူတော်ကောင်း ဆင်းရဲသား၊ သူယုတ်မာ ဆင်းရဲသားဆိုပြီး နှစ်မျိုး ရှိလိမ့်မယ်။ အဲဒီလိုပဲ သူတော်ကောင်း သူဌေး၊ သူယုတ်မာ သူဌေး၊ သူတော်ကောင်း မင်း၊ သူယုတ်မာ မင်းဆိုပြီး ရှိလိမ့်မယ်။ ဒီလိုပဲပေါ့ ပုဏ္ဏားတွေမှာလည်း ကောင်းမှု၊ မကောင်းမှုအလိုက် သူတော်ကောင်းပုဏ္ဏား၊ သူယုတ်မာပုဏ္ဏားလို့ ရှိနိုင်တာပဲ မဟုတ်လား”

“ဒီတော့ သူတော်ကောင်း သို့မဟုတ် သူယုတ်မာဆိုတာကို ဘယ်လို ပေတံနဲ့ တိုင်းတာမလဲ။ လုပ်ရပ်တွေ ကောင်းမွန်မှန်ကန်မှု ရှိမရှိဆိုတာနဲ့ပဲ တိုင်းတာရမယ်။ တစ်နည်းအားဖြင့် တရားနဲ့ပဲ တိုင်းတာရမယ်။ လူတစ်ယောက်ကို အကဲဖြတ်ချင်ရင် - ဒီလူ တရားဘယ်လောက် ပြည့်ဝနေသလဲ - ဆိုတဲ့ပေတံနဲ့ တိုင်းတာရမယ်။”

“ငါဟာ ဖြည့်သင့်ဖြည့်ထိုက်တဲ့တရားကို ဖြည့်ပြီးသွားလို့ လောကမှာ ငါဟာ အမြတ်ဆုံးပဲ။ ဒါဟာ ရမ်းသမ်းမှန်းဆပြီး ပြောတာ မဟုတ်ဘူး။ တရားပေတံနဲ့ပဲ တိုင်းတာပြီး ပြောတာဖြစ်တယ်”

“သင်တို့ ပသေနဒီကောသလမင်းကြီးကို သိတယ်မလား။ သူ့သြဇာအာဏာဟာ သာကီဝင်မင်းတွေထက် အဆပေါင်းများစွာ သာတယ်။ သာကီဝင်မင်းတွေဟာ ပသေနဒီကောသလမင်းကို ရှိခိုးကြရတယ်။ အရိုအသေပေးကြရတယ်။ ခရီးဦးကြိုပြုရတယ်။ ဒါပေမယ့် သာကီဝင်မင်းတွေ ရှိခိုးရတဲ့ ပသေနဒီကောသလမင်းက သာကီဝင်မင်းသားက ဖြစ်လာတဲ့ ငါဘုရားကို ရှိခိုးတယ်၊ အရိုအသေပေးတယ်၊ ခရီးဦးကြိုပြုတယ်။ အဲဒါ ဘာကြောင့်လဲ။ တရားကြောင့်ပေါ့။ ဒါကြောင့် လောကမှာ အမြတ်ဆုံးက တရားပဲ”

စသည်ဖြင့် အကျယ်တ၀င့် ဟောကြားတော်မူခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀-ကျော်က လူ့တန်ဖိုးကို အကဲဖြတ်နည်းဖြင့် ယနေ့ ခေတ်ကို စောင်းငဲ့ကြည့်နေခဲ့မိသည်။ အမျိုးဇာတ်အရ တန်ဖိုးဖြတ်မှု (ကမ္ဘာအ၀န်းအတိုင်းအတာအရ) မရှိတော့သော်လည်း အပြင်ပန်း အဆောင်အယောင်ကို ကြည့်ပြီး ဂုဏ်သရေရှိမရှိကို အကဲဖြတ်နေကြလေသည်။ စည်းစိမ်ဥစ္စာကြွယ်ဝမှုရှိမရှိဖြင့် လူ၏ ဂုဏ်ကို တိုင်းတာနေခဲ့ကြသည်။ မမြင်နိုင်သော ရင်တွင်းဖြစ် အရည်အချင်းများနှင့် စွမ်းရည်များကို ကြည့်ပြီး သုံးသပ်မှုကား နည်းပါးသည်။ ဤသည်ပင် မပြောင်းလဲသော လူသားတို့၏ သဘာဝပင် ဖြစ်ဟန်ရှိလေသည်။

လူသားတို့၏ မြင့်မြတ်မှုနှင့် ယုတ်ညံ့မှုတို့ကို ဖြစ်စေသော အရာများကို အာရုံပြုရင်း မိမိ၏ ရင်တွင်းကိုလည်း ထွင်းဖောက်ဝင်ရောက်ကြည့်မိသည်။ မည်သည့်တရားများက မည်မျှ ကိန်းဝပ်နေသနည်း။ တစ်ချက်ကလေး စောင်းငဲ့ကြည့်မိရုံနှင့် အကြာကြီး အမောဖောက်နေခဲ့လေသည်။

Thursday, June 3, 2010

ဖြည့်တွေး၊ ဖြည့်မြင်၊ ဖြည့်ပြော (နိဂုံးပိုင်း)



ထိုအခါ သန္ဓာနသူဌေးသည် အခြေအနေကို ရိပ်စားမိပြီး “ဆရာကြီး နိဂြောဓ….မြတ်စွာဘုရားကို မျက်စိမမြင်သော နွားကန်းမတစ်ကောင်လို စားကျက်ပြင်ပရောက်အောင် လုပ်မယ်ဆို၊ (အရှက်ကွဲပြီး လူတောမတိုးရဲအောင် လုပ်ပြမယ်ဆို)။ ပြဿနာတစ်ခုတည်းဖြင့် ကျွမ်းပြန်အောင် လုပ်ပစ်မယ်ဆို၊ အခု လုပ်လိုက်လေ”ဟု မခံချင်အောင် ဆိုလိုက်သည်။

ထိုအခါ မြတ်စွာဘုရားက “နိဂြောဓ…သူဌေးပြောသလို သင်ပြောခဲ့သလား”ဟု မေးသောအခါ “မသိနားမလည်လို့ ပြောမိပါတယ်”ဟု ဖြေခဲ့သည်။

ထို့ပြင်လည်း “အရှင်ဂေါတမ…ကျွန်ုပ်အပြစ်ကို အပြစ်လို့ သိပါပြီ၊ မသိလို့ ပြောမိတာဖြစ်တဲ့အတွက် ခွင့်လွှတ်ပါ”ဟု လျှောက်ထားလိုက်သည်။ “အင်း……..နိဂြောဓ….အပြစ်ကို အပြစ်လို့ သိတာဟာ ကြီးပွားကြောင်းပါပဲ၊ သင် မသိလို့ ပြောမိတာကို ငါ ခွင့်လွှတ်ပါတယ်”ဟု မြတ်စွာဘုရားက ခွင့်လွှတ်စကား ပြောကြားခဲ့သည်။


“နိဂြောဓ….ရိုးရိုးသားသားနဲ့ ငါဟောတဲ့တရားကို ကျင့်ကြံလျှင် ခုနှစ်နှစ်အတွင်းမှာ တရားထူးကို ရနိုင်တယ်။ အဲဒီထက် ပိုကြိုးစားနိုင်ရင် ခြောက်နှစ်……………..(အစဉ်အတိုင်း လျှော့)…………….တစ်နှစ်အတွင်းမှာ ……………. ခုနှစ်ရက်အတွင်းမှာပဲ တရားထူးကို ရနိုင်ပေလိမ့်မယ်”ဟု မိန့်တော်မူခဲ့သည်။

အထက်ပါ စကားရပ်သည် ခေတ်စကားအရ ပြောရလျှင် “ဆွယ်သည်”ဟု ဆိုနိုင်သည်။ “ဆွယ်တယ်” “ဆွဲဆောင်တယ်” “မြှူဆွယ်တယ်” “ဖြားယောင်းတယ်”ဟူသော စကားများမှာ ပုံမှန်အားဖြင့် မကောင်းသောစိတ်ဓာတ် အရင်းခံသော နေရာတွင် သုံးလေ့ရှိသည်။

ကောင်းသောအရာများကို ဖြစ်စေလို၍ သို့မဟုတ် မကောင်းသောလုပ်ရပ်များကို ရပ်တန်းက ရပ်စေလို၍ စိတ်ထားစေတနာကောင်းဖြင့် ကောင်းမွန်သော စိတ်ဓာတ်၊ ဘ၀အခြေအနေသို့ရောက်အောင် ပြုလုပ်ပေးလျှင်ကား “ဆွယ်”ဟူသော စကားကို သုံးလေ့သုံးထ မရှိပေ။ ပဲ့ပြင်ပေးသည်ဟုသာ သုံးလေ့ရှိသည်။

မြတ်စွာဘုရားရှင်သည် သို့မဟုတ် မြတ်စွာဘုရားရှင်၏ စကားတော်များသည် လူတိုင်းလူတိုင်း၏ ကိုယ်ပိုင် ယုံကြည်ချက်နှင့် ကိုယ်တိုင်ချမှတ်ထားသော လမ်းစဉ်အားလုံးကို လေးစားသည်။ တန်ဖိုးထားသည်။ သူတစ်ပါး၏ လုပ်ပိုင်ခွင့်နှင့် လူသားအခွင့်အရေးကို အသိအမှတ်ပြုသည်။ အသိအမှတ်ပြုသောကြောင့် ၀င်ရောက်စွက်ဖက်ဟန့်တားခြင်း မရှိ။ ဆွေးနွေးတိုင်ပင်ခြင်း၊ အသိအမြင် ဖလှယ်ခြင်းအားဖြင့်သာ မိမိဝါဒကို တင်ပြလေ့ရှိကြသည်။ ဤသုတ်ကို ဤနေရာတွင်သာ ရပ်တန့်လိုက်ပါက “မြတ်စွာဘုရားက နောက်ဆုံးတော့ ကိုယ့်တရားကို အကောင်းပြောပြီး ပရိသတ်ကို ဆွယ်သွားတာပဲ”ဟု ပြောကောင်းပြောနိုင်ပေလိမ့်မည်။

သို့သော် ဆက်လက်ဖတ်ရှုသောအခါမှ မြတ်စွာဘုရားရှင်၏ လေးစားဖွယ် စိတ်ဓာတ်ကို တွေ့မြင်လိုက်ရလေသည်။ ဤစကားဝိုင်းတွင် မြတ်စွာဘုရားရှင်က အသာစီး ရနေပြီဖြစ်၍ နိဂြောဓနှင့် ပရိဗိုဇ်တို့ကို ကောင်းကောင်းကြီး နှိပ်ကွပ်၍ ရနိုင်သော အခြေအနေတွင် ရှိသည်။ သို့သော်လည်း မြတ်စွာဘုရားသည် ရရှိလာသော အခွင့်အရေးနှင့် လုပ်ပိုင်ခွင့်ကို အသုံးမချခဲ့။ လူသား၏ ပုဂ္ဂလိက လွတ်လပ်ခွင့်ကိုသာ တန်ဖိုးထားကြောင်း ပြသခဲ့သည်။

မြတ်စွာဘုရားရှင်က “ငါ့ထံမှာ တရားလာကျင့်ရင် သင်တို့အနေနဲ့ ခုနှစ်ရက်အတွင်းမှာတောင် တရားထူးရနိုင်တယ်”ဟု ဆိုလိုက်သောအခါ ပရိသတ်ထဲမှ အချို့က မြတ်စွာဘုရားကို “ရှင်ဂေါတမတော့ ဆွယ်နေပြီ”ဟု ပြောလိုက်ကောင်းပြောလိုက်ဟန်ရှိသည်။ သို့မဟုတ် သူတစ်ပါး ပြောနိုင်လာသောစကားကို မြတ်စွာဘုရားအနေဖြင့် ကြိုတင်ကာကွယ်လိုသောကြောင့် အောက်ပါ စကားကို ဆက်လက်မိန့်တော်မူခဲ့သည်။

“ပရိဗိုဇ်တို့…..ငါ ဒီလို ပြောလိုက်တော့ သင်တို့စိတ်ထဲမှာ - ဂေါတမတော့ ငါတို့ကို သူ့တပည့်ဖြစ်အောင် ဆွယ်နေပြီ - လို့ ထင်ကောင်းထင်နေမယ်။ အဲဒီလို စိတ်ထားနဲ့ ငါပြောတာ မဟုတ်ဘူး ပရိဗိုဇ်တို့….။ သင်တို့အနေနဲ့ ငါ့ကို ဆရာလို့ သတ်မှတ်စရာ မလိုဘူး၊ သင်တို့ရဲ့ လက်ရှိဆရာကို ဆရာအဖြစ်နဲ့ ဆက်ကိုးကွယ်ကြပါ”

“နောက်ပြီး အချို့က - ဂေါတမတော့ ငါတို့ရဲ့ ကျမ်းစာတွေကို ပျောက်ပျက်စေပြီး သူ့ကျမ်းတွေကို လက်ခံခိုင်းနေတယ် -လို့ ထင်နေကြလိမ့်မယ်။ အဲဒီလို စိတ်ထားနဲ့ ငါပြောတာ မဟုတ်ဘူး ပရိဗိုဇ်တို့….။ သင်တို့အနေနဲ့ သင်တို့ကျမ်းစာကိုပဲ ဆက်လက်ကိုင်စွဲ ထားကြပါ”

“နောက်ပြီး အချို့က - ဂေါတမတော့ ငါတို့ကျင့်စဉ်တွေကို ပယ်စွန့်ပြီး သူ့ကျင့်စဉ်တွေကို ကျင့်ခိုင်းနေတယ် - လို့ ထင်ကောင်းထင်ကြမယ်။ အဲဒီလို စိတ်ထားနဲ့ ငါပြောတာ မဟုတ်ဘူး ပရိဗိုဇ်တို့….။ သင်တို့အနေနဲ့ သင်တို့ရဲ့ ကျင့်စဉ်အတိုင်းပဲ ဆက်ကျင့်နိုင်ပါတယ်”

“နောက်ပြီး အချို့ကလည်း - ဂေါတမဟာ ငါတို့ရဲ့ မကောင်းတဲ့အလုပ်တွေကို ရပ်တန့်အောင် လုပ်နေတယ် - လို့ ထင်ကောင်းထင်ကြမယ်။ အဲဒီလို စိတ်ထားနဲ့ ငါပြောတာ မဟုတ်ဘူး ပရိဗိုဇ်တို့….။ သင်တို့အနေနဲ့ သင်တို့အကုသိုလ်အလုပ်တွေကို သင်တို့သဘောအတိုင်းပဲ လုပ်ဆောင်နိုင်ကြပါတယ်”

“နောက်ပြီး အချို့က - ဂေါတမဟာ ငါတို့ ကုသိုလ်တရားတွေကို ဆက်မလုပ်စေချင်ဘူး -လို့ ထင်ကောင်းထင်နေကြလိမ့်မယ်။ အဲဒီလို စိတ်ထားနဲ့ ငါပြောတာ မဟုတ်ဘူး ပရိဗိုဇ်တို့….။ သင်တို့အနေနဲ့ သင်တို့ ကုသိုလ်တရားကိုပဲ ဆက်လုပ်နိုင်ကြပါတယ်”

“ပရိဗိုဇ်တို့……ငါ့မှာ ရည်ရွယ်ချက်က တစ်ခုတည်းရယ်ပါ။ အဲဒါကတော့ သံသရာမှာ ဆင်းရဲမျိုးစုံကို ဖြစ်စေတတ်တဲ့ အကုသိုလ်တရားတွေဆိုတာ ရှိတယ်၊ အဲဒီအကုသိုလ်တွေကို ပယ်နိုင်အောင် ကြိုးစားကြစေချင်တယ်။ စိတ်ကို ညစ်ညူးစေတတ်တဲ့ ကိလေသာဆိုတဲ့ အစေးတွေဆိုတာ ရှိတယ်။ အဲဒီကိလေသာတွေကို အကြွင်းအကျန်မရှိအောင် အားထုတ်စေချင်တယ်။ စိတ်ကို ဖြူစင်စေတတ်တဲ့တရားတွေကို ကျင့်လို့ရှိရင် တရားထူးဆိုတာ ဘယ်နည်းနဲ့မဆို ရနိုင်ပါတယ်”
ဟု မိန့်တော်မူလိုက်သည်။

မြတ်စွာဘုရားရှင် စကားဆုံးသောအခါ ထုံးစံအတိုင်း မြတ်စွာဘုရားရှင်၏ စကားကို သဘောကျပြီး ရဟန်းဝတ်သူဝတ်၊ ဗုဒ္ဓဘာသာဖြစ်သူဖြစ်၊ သောတာပန်တည်သူတည်၊ စသော ဖြစ်နေကျအဖြစ်အပျက်များ ပါဝင်လေမလားဟု ဆက်ကြည့်လိုက်သောအခါ ပရိဗိုဇ်တွေထဲမှာ မည်သူမျှ ထိုကဲ့သို့ မဖြစ်ကြသည်ကို အံ့သြစွာ တွေ့ရှိလိုက်ရသည်။ ပရိဗိုဇ်အားလုံးကို ကြည့်လိုက်သောအခါ မျက်နှာကို အောက်သို့ ငုံ့ထားပြီး တိတ်ဆိတ်ငြိုးငယ်စွာ ထိုင်နေကြလေသည်။ မည်သူမျှ စကားတစ်ခွန်း မဆိုကြဘဲ ငြိမ်သက်နေခဲ့ကြလေသည်။
မြတ်စွာဘုရားရှင်လည်း ထိုအခြင်းအရာကို တွေ့သောအခါ “ယုတ်ညံ့တဲ့စိတ်ထားတွေနဲ့ ထုံမွှမ်းထားတဲ့ အလကား အသုံးမကျတဲ့ ပရိဗိုဇ်တွေ၊ ဘုရားသာသနာမှာ တရားကျင့်ရင် ဘယ်လိုလုပ် ခုနှစ်ရက်နဲ့ တရားရနိုင်ပါ့မလဲ - ဆိုတဲ့ အတွေးလေးတောင် မဖြစ်ကြဘူး”ဟု စိတ်ထဲမှာ ပြောဆိုပြီး ကောင်းကင်ခရီးဖြင့် ဂိဇ္ဈကုဋ်တောင်သို့ ကြွသွားခဲ့လေသည်။

နိဂြောဓနှင့် မြတ်စွာဘုရားရှင်တို့၏ ဒိုင်ယာလော့က အထက်ပါအတိုင်း ပြီးဆုံးသွားခဲ့သည်။ သို့ရာတွင် ထိုစကားဝိုင်းက မြတ်စွာဘုရားရှင်၏ အေးမြသောပုံရိပ်၊ သန္ဓာနသူဌေး၏ ဂုဏ်ယူဝမ်းမြောက်နေသော ပုံရိပ်နှင့် ရှက်စနိုးဖြင့် ခေါင်းငုံတိတ်ဆိတ်နေရသော ပရိဗိုဇ်တို့၏ ပုံရိပ်များမှာ ခေါင်းထဲတွင် စွဲထင်ကျန်ရစ်နေသေးသည်။ ထို့ထက်ပို၍ မြတ်စွာဘုရားရှင် မိန့်တော်မူသော စကားလုံးများ၏ အဓိပ္ပာယ်အသွားအလာ၊ အတိမ်အနက်များမှာ နှလုံးသားတွင် လွန်းထိုးနေကြပြီး ပဟေဠိတစ်ပုဒ်လို ဖြစ်နေခဲ့သည်။

မြန်မာနိုင်ငံက ၀ိပဿနာ အငြင်းပွားမှုများကိုလည်း ပြေးမြင်လိုက်သည်။ ၀ိပဿနာဆိုသော မြတ်ဗုဒ္ဓ၏ တရားဓမ္မအဆီအနှစ်ကို ကျင့်နေကြပါလျှက် “ဟိုနည်းက မှားတယ်၊ ဒီနည်းက မှန်တယ်”လုပ်ပြီး ဖိုက်တင် ချနေကြသည်မှာ အံ့သြစရာ ကောင်းလွန်းနေသည်။ မြန်မာနိုင်ငံတွင် မဟာစည်နည်း၊ မိုးကုတ်နည်း၊ ဖားအောက်နည်း၊ ကန္နီနည်း (မြေဇင်းနည်း)၊ စွန်းလွန်းနည်း…..စသည်ဖြင့် ထင်ရှားသော နည်းများရှိသည်။ အများစုမှာ တစ်နည်းကိုတစ်နည်း အထင်အမြင်သေးကြသည်။ ရှုတ်ချနေကြသည်။ ပုတ်ခတ်နေကြသည်။ ပရိယတ်မသိနားမလည်သော လူပုဂ္ဂိုလ်များအနေဖြင့် ရှုတ်ချပုတ်ခတ်နေလျှင် လူကြားလို့ ကောင်းနိုင်ပါသေးသည်။ ကျမ်းဂန်နှံ့စပ်ပြီးသူများ အငြင်းပွားနေသည်ကို ကြည့်ရသည်မှာ မြင်ကွင်းမကောင်း။ ဆိုးလှလွန်းသည်။

တစ်ဆက်တည်းမှာပင် ဆရာကြီး ဦးဂိုအင်ကာနှင့် မဟာမြိုင်တောရဆရာတော် ဦးဇောတိကတို့ကို မြင်ယောင်မိသည်။ ဆရာကြီးသည် မည်သည့်ဘာသာ၊ မည်သည့်ဝါဒသမားပင် ဖြစ်စေ မိမိတို့၏ လက်ရှိယုံကြည်ချက်နှင့်လမ်းစဉ်ကို မစွန့်လွှတ်စေဘဲ မြတ်ဗုဒ္ဓ၏ တရားဓမ္မကို ကျင့်ကြံအားထုတ်စေသည်။ ခရစ်ယာန်တစ်ဦးကို ထာဝရဘုရားသခင်အား ယုံကြည်စေရင်း သမထ၊ ၀ိပဿနာကို အားထုတ်စေသည်။ အစ္စလာဟ်တစ်ဦးကိုလည်း အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ကိုးကွယ်စေရင်း သမထ၊ ၀ိပဿနာကို အားထုတ်စေသည်။ ဆရာတော် ဦးဇောတိကသည်လည်း သမာဓိရစေနိုင်သော မည်သည့်နည်းကိုမျှ ပစ်ပယ်ခြင်းမရှိ၊ မိမိနှစ်သက်ရာနည်းကို အသုံးပြုလျှက် သူ့ထံတွင် ဆက်လက်အားထုတ်စေသည်။ လမ်းကြောင်းမှန်သွားဖို့သာ သူက ဂရုစိုက်ပေးသည်။ ဥဒုမ္ဗရိကသုတ်တော်က ပေးလိုက်သော မြတ်ဗုဒ္ဓ၏ လမ်းစဉ်၊ အတွေးအမြင်နှင့် ကိုက်ညီလေစွတကား။ လေးစားကြည်ညိုဖွယ်ကောင်းလေစွတကား။

မြတ်စွာဘုရားရှင်ကပင် “သမာဓိရဖို့အတွက် ပရိဗိုဇ်တို့၏ အကျင့်များသည်ပင် အခြေခံဖြစ်နိုင်သည်။ ရိုးသားသောစိတ်ထားဖြင့် ရရှိလာသော သမာဓိကို အရင်းတည်ပြီး ရှေ့ဆက်လျှင် တရားထူး ရနိုင်သည်”ဟု မိန့်တော်မူခဲ့သည်။

သစ်ပင်တစ်ပင်တွင် အပေါ်ယံအလွှာကနေ အပွေး၊ ပြီးရင် အခေါက်၊ အခေါက်ပြီးရင် အကာ၊ အကာပြီးမှ အနှစ်သာရက တည်ရှိသည်။ ကိုယ်တိုင် တွေ့မြင်၊ ကြားသိလိုက်သော အတွေးအမြင်၊ အပြောအဆို၊ အပြုအမူတစ်ခုသည် မိမိ လက်ခံထားသည်နှင့် ကွဲပြားကောင်း ကွဲပြားနေမည်။ ထိုသို့ ကွဲပြားနေသည်ကို သိရှိနားလည်ပြီး “အော်….သူ့အခြေအနေက အပွေးအဆင့်ပဲ ရှိပါလား၊ ငါ အခေါက်အဆင့်အထိ ရောက်အောင် ကူညီပေးလိုက်မယ်၊ ………………”စသည်ဖြင့် လူ၏ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို မကဲ့ရဲ့ မရှုတ်ချဘဲ အကောင်းမြင်စိတ်ထားဖြင့် ဖြည့်တွေး၊ ဖြည့်မြင်၊ ဖြည့်ပြောဖို့ လိုအပ်သည်ဟု ထင်မြင်သည်။

တစ်ဦးကိုတစ်ဦး လေးစားစိတ်ထားဖြင့် ဖေးမပဲ့ပြင်ကူညီကာ ဘ၀ခရီးကို ဆက်လှမ်းကြလျှင် တရားထူးတွေ မရခဲ့လျှင်သော်မှ တည်ငြိမ်အေးချမ်းသောဘ၀တစ်ခုမှာ အခြေတည်မိနိုင်သည်ဆိုသော သဘောထားလေး ခပ်ရေးရေး ၀င်လာခဲ့သည်ဟု ခံစားနေမိခဲ့သည်။

ပြီးပါပြီ
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails