Sunday, May 30, 2010

ဖြည့်တွေး၊ ဖြည့်မြင်၊ ဖြည့်ပြော (အဆက်)


ပရိဗိုဇ်များ ထင်ထားကြသည်မှာ ဂေါတမသည် ဗဟုသုတကြွယ်ဝသူမဟုတ်၊ သူဟောတဲ့တရားလောက်သာ သိသူဟုသာ နားလည်ထားကြသည်။ ယခု မြတ်စွာဘုရားက “သင်တို့ရဲ့ ဇိဂုစ္ဆေ၀ါဒနဲ့ဆိုင်တဲ့ ပြဿနာကို မေးစမ်းပါ”ဟု ရဲရဲဝံ့ဝံ့ ဆိုလိုက်သောအခါ မထင်မှတ်သောစကားဖြစ်၍ အံ့သြသွားကြခြင်း ဖြစ်သည်။

မိမိတို့ ပတ်ဝန်းကျင် အသေးအဖွဲကိစ္စလေးများတွင်လည်း ဤသို့ ကြုံဖူးကြပါလိမ့်မည်။ ပိဋကတ်လောက်သာ တတ်သိလိမ့်မည်ဟု ထင်ထားသော ဆရာတော်ကြီးက သိပ္ပံပညာအကြောင်းကို ခရေစေ့တွင်းကျ ရှင်းပြနိုင်ခြင်း၊ လူ့လောကတွင် ဖြတ်သန်းကျင်လည်နေသူက ပိဋကတ်အကြောင်းအရာများကို တတ်သိနားလည်နေခြင်း စသော မထင်မှတ်သော ဘ၀အခြေအနေနှင့် သူတို့၏ စွမ်းဆောင်နိုင်မှုများကို လက်တွေ့တွေ့ရသောအခါ အံ့သြချီးကျူးတတ်ကြပေမည်။ “ဒီကောင်ကတော့၊ ဒီလူကတော့ ၊ ဒီကိုယ်တော်ကတော့ အံ့သြလောက်ပါတယ်။ စွယ်စုံပဲဟေ့”ဟူသော စကားမှာလည်း အလားတူဖြစ်ရပ်များကို တွေ့ကြုံလိုက်ရခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပါလိမ့်မည်။


ထို့နောက် နိဂြောဓပရိဗိုဇ်သည် “အရှင်ဂေါတမ…ကျွန်ုပ်တို့ဟာ တပေါဇိဂုစ္ဆေ၀ါဒကို ကျင့်သုံးနေခြင်း ဖြစ်ပါတယ်။ အဲဒီ ၀ါဒရဲ့ ဖြူစင်ကြောင်းတရားနဲ့ ညစ်ညူးကြောင်းတရားတွေကို သိပါသလား”

ထိုအခါ မြတ်စွာဘုရားရှင်သည် တပေါဇိဂုစ္ဆေ၀ါဒသမားများပင်လျှင် အကုန်အစင် မသိနိုင်ကောင်းသော များစွာသော အကျင့်တို့ကို ထုတ်ဖော်ပြောပြလိုက်သည်။

“နိဂြောဓ….တပေါဇိဂုစ္ဆေ၀ါဒသမားတို့သည် အ၀တ်မ၀တ်ဘဲ ကျင့်၏။ အစာအငတ်ခံကျင့်၏။ တစ်အိမ်သာ ဆွမ်းခံပြီး တစ်လုတ်သာ စား၏။ နှစ်အိမ်သာ ဆွမ်းခံပြီး နှစ်လုတ်သာ စား၏။ …..။ ခုနှစ်အိမ်သာ ဆွမ်းခံပြီး ခုနှစ်လုတ်သာ စား၏။ …………ဤကဲ့သို့ အမျိုးမျိုး အဖုံဖုံ ကျင့်ကြံအားထုတ်နေကြ၏။

အချို့မှာ ဟင်းသီးဟင်းရွက်ကိုသာ စား၏။ ……။ အချို့က မြတ်သစ်ရွက်များကို စား၏။ ရသမျှသော သစ်ဥသစ်ဖုများကိုသာ စား၏။ ………။

အချို့မှာ မတ်တပ်ရပ်လျှက်သာ တရားကျင့်၏။ …….။ လျှော်ချည်အ၀တ်ကိုသာ ၀တ်၏။ တစ်ဖက်သာ စောင်းလျှက်အိပ်၏။ ဆူးပေါ်၌သာ အိပ်၏။ ပျဉ်ပြားပေါ်၌သာ အိပ်၏။ ……။

အချို့မှာ မစင်ကိုသာ စား၍ ကျင့်၏။ ……..။ ညနေတိုင်း ရေငုပ်သောအကျင့်လည်း ကျင့်၏။ …..”
စသော တပေါဇိဂုစ္ဆေ၀ါဒ အကျင့်ပေါင်းမျိုးစုံကို ထုတ်ဖော်ပြောပြလိုက်သည်။ အစက “ရဟန်းဂေါတမသည် ကိုယ့်အကျင့်လောက်သာ သိတယ်။ ငါတို့ ကျင့်နေတဲ့အကျင့်မျိုးစုံကို သိသူမဟုတ်၊ လူတောတိုးရဲသူ မဟုတ်၊ ဗဟုသုတမကြွယ်”ဟု ထင်ထားကြသော ပရိဗိုဇ်တို့မှာ အံ့သြလျှက်သာ ရှိနေတော့သည်။

“ကဲ…နိဂြောဓ…ဒီအကျင့်တွေဟာ ကိလေသာကုန်ကြောင်းအတွက် စင်ကြယ်မှုရှိလား၊ မရှိဘူးလား”

“ရဟန်းဂေါတမ…. ဒီအကျင့်တွေဟာ အရမ်းကို စင်ကြယ်ပါတယ်။ မစင်ကြယ်မှု တစ်ခုမျှ မရှိပါဘူး”

“ဟုတ်တယ်….နိဂြောဓ၊ ဒီအကျင့်တွေက စင်ကြယ်ပါတယ်”

သန္ဓာနသူဌေးလည်း အံ့သြသွားသည်။ “ဒီပရိဗိုဇ်တွေရဲ့ အကျင့်တွေကိုများ ဒို့ဘုရားက စင်ကြယ်တယ်တဲ့”ဟုလည်း တွေးနေခဲ့သည်။ သူတို့ ကျင့်နေသောအကျင့်တွေကို ဂေါတမဘုရားကတောင် ထောက်ခံမှုပေးလိုက်ခြင်းကြောင့် နိဂြောဓပရိဗိုဇ်နှင့် တပည့်ပရိဗိုဇ်ပရိသတ်တွေလည်း အံ့သြ၀မ်းသာသွားသည်။ သို့ရာတွင် မြတ်စွာဘုရားရှင်၏ စကားများက ဤနေရာတွင် မရပ်ခဲ့။ ဆက်ပြောလိုက်သည်။

“ဟုတ်တယ်…နိဂြောဓ၊ တပအကျင့်တွေက တကယ်တော့ စင်ကြယ်ပါတယ်၊ ဒါပေမယ့်….”

“ဒါပေမယ့်…ဘာဖြစ်လဲ”

“အကျင့်တွေက ဖြူစင်ပေမယ့် အဲဒီဖြူစင်တဲ့အကျင့်တွေမှာပဲ ညစ်ညူးကြောင်းတရားတွေ ရှိနေတာကို ငါ ပြောပြမယ်”

“ဘယ်လို….”

“ဖြူစင်နေတဲ့ တပအကျင့်တွေမှာပဲ ညစ်ညူးကြောင်းတွေက ရှိနေတယ် နိဂြောဓ။ အဲဒီ ညစ်ညူးကြောင်းတွေကိုလည်း ငါပြောပြမယ်”
“တပေါဇိဂုစ္ဆေ၀ါဒသမားအချို့ဟာ အထက်ပါ အကျင့်မျိုးစုံထဲက အနည်းဆုံး တစ်ခုခုကို ကျင့်ကြတယ်။ ကျင့်ပြီးတော့ အဲဒီအကျင့်နဲ့ သူတို့ကိုယ်သူတို့ ဟုတ်လှပြီဆိုပြီး ကျေနပ်တင်းတိမ်နေကြတယ်လေ။ အဲဒါဟာ ဒီဝါဒကို ညစ်ညူးစေတာပဲ”

“အချို့ကတော့ အဲဒီအကျင့်တွေကို ကျင့်ပြီး သူတစ်ပါးတွေကို ရှုတ်ချနေကြတယ်လေ။ အဲဒါဟာလည်း ဒီဝါဒကို ညစ်ညူးစေတာပဲ”

“အချို့ကတော့ မာန်မာနတွေနဲ့ ယဇ်မူးသွားနေကြတယ်။ အချို့ကတော့ လာဘ်လာဘရဖို့အတွက်ပဲ အားထုတ်နေကြတယ်။ အဲဒီလာဘ်လာဘတွေနဲ့ ကျေနပ်နေကြတယ်။ အချို့ကတော့ ရလာတဲ့ လာဘ်တွေနဲ့ မာန်မောက်ပြီး သူတစ်ပါးတွေကို တိုက်ခိုက်နေကြတယ်။ အချို့ကတော့ ကိုယ်မကြိုက်တဲ့အစာကို ကြိုက်ပေမယ့် စွန့်ပစ်ပြီး ကိုယ်ကြိုက်တဲ့အစာတွေကိုတော့ ဘာဆင်ခြင်မှုမှမပါဘဲ စားသုံးနေကြတယ်။ အချို့ကျတော့လည်း “ငါ ဒီအကျင့်ကို ကျင့်လိုက်ရင် မင်း၊ မှူးမတ်၊ သူဌေးတွေ ငါ့ကို ကိုးကွယ်ကြလိမ့်မယ်”ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင့်နေကြတယ်။ အချို့ကျတော့လည်း “ငါတို့ကမှ ခြိုးခြံချွေတာပြီး ကျင့်နေသေးတယ်။ ဟိုလူတွေကတော့ ရှိသမျှအစာကို အကုန်စားပြီးနေကြတယ်”လို့ ကဲ့ရဲ့နေကြတယ်။ အချို့ကျတော့လည်း “ငါတို့ ခြိုးခြံပြီး ကျင့်နေတာကိုတော့ လူတွေက ကိုးကွယ်ရကောင်းမှန်း မသိကြဘူး။ အစားမျိုးစုံစားပြီး ကျင့်နေသူတွေကိုတော့ ကိုးကွယ်ဆည်းကပ်နေကြတယ်”လို့ ခံစားပြီး မနာလို ၀န်တိုစိတ်တွေ ဖြစ်နေကြတယ်။ …………………………”

“နိဂြောဓ……..နောက်ပြီးတော့ အချို့က ကျင့်တော့ ကျင့်ကြပါရဲ့။ ကျင့်ပြီးတော့ သူတစ်ပါးတွေရဲ့ ဂုဏ်တွေကို အပုတ်ချ ပြောနေကြတယ်။ မနာလို ၀န်တိုစိတ်တွေပဲ ပွားနေကြတယ်။ ဂုဏ်တုဂုဏ်ပြိုင်တွေပဲ လုပ်နေကြတယ်။ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး လုပ်ကြတယ်။ ဥပမာ လူမမြင်ရာအရပ်မှာတော့ တရားမကျင့်ကြဘူး။ လူမြင်ရာမှာတော့ တရားကျင့်သလိုလို ဘာလိုလို လုပ်ကြတယ်။ အချို့ကတော့ ဒီအကျင့်တွေနဲ့ လူတွေကို လိမ်ညာစားသောက်တယ်။ လှည့်ဖြားတယ်။ ဒီအကျင့်တွေနဲ့ စိတ်တွေက ခက်ထန်နေကြတယ်။ ဒီအကျင့်တွေနဲ့ပဲ အယူအဆတွေက မှားယွင်းကုန်ကြပြန်တယ်။ …………………………………. နိဂြောဓ….ဒါတွေဟာ သင်တို့ တပေါဇိဂုစ္ဆေ၀ါဒရဲ့ ညစ်ညူးကြောင်း တရားတွေပဲ”လို့ ငါဆိုတယ်”

“ကဲ နိဂြောဓ….. ငါ အထက်က ပြောခဲ့တာတွေဟာ သင်တို့ဝါဒရဲ့ ညစ်ညူးကြောင်းတွေ ဟုတ်သလား၊ မဟုတ်ဘူးလား၊၊ ပြောပါအုံး”

“ဟုတ်ပါတယ်၊ ဒါတွေကိုမှ ညစ်ညူးကြောင်းလို့ မဆိုရင် လောကမှာ ဒီထက် ညစ်ညူးစေတဲ့ ဘာရှိအုံးမှာလဲ။ ဒါတွေကတော့ ဟုတ်ပါပြီ။ စင်ကြယ်ကြောင်းတွေကရော ဘာတွေလဲ။ ဆိုပါအုံး”

“အထက်မှာ ဆိုခဲ့တဲ့အကျင့်တွေကို မကောင်းတဲ့စိတ်ထားတွေ မပါဝင်စေဘဲ၊ သူတစ်ပါးကို မပုတ်ခတ်ဘဲ၊ လူကြွားချင်ရုံသက်သက် မဟုတ်ဘဲ၊ ရိုးရိုးသားသား ကျင့်နေပြီဆိုရင် ဒါကောင်းတာပဲ၊ ဒါတွေဟာ စင်ကြယ်ကြောင်းတွေပဲပေါ့ နိဂြောဓ”

“ဒါဆို ကျွန်ုပ်တို့အကျင့်တွေကို စင်ကြယ်တယ်၊ မြင့်မြတ်တယ်လို့ သင် ဆိုတယ်ပေါ့။ သင်လက်ခံတယ်ပေါ့”

“လက်ခံတာပေါ့ နိဂြောဓ၊ သင်တို့ အဲဒီလိုသာ စိတ်ထားကောင်းကောင်းနဲ့ ရိုးရိုးသားသား ကျင့်တယ်ဆိုရင် ဖြူစင်တဲ့အကျင့်တွေပါပဲ။ ဒါပေမယ့်…..”

“ဒါပေမယ့် ဘာဖြစ်လဲ” စိတ်မရှည်ချင်သဖြင့် စကားဖြတ်မေးလိုက်သည်။

“ဒါပေမယ့် ဒီ သင်တို့အကျင့်တွေက အထွတ်အထိပ်အဆင့်ကို မရောက်သေးဘူး၊ တကယ့်အနှစ်သာရလည်း မဟုတ်သေးဘူး၊ အခွံအပွေးအဆင့်ပဲ ရှိသေးတယ် နိဂြောဓ”

(မှတ်ချက်….ဤနေရာတွင် မြတ်စွာဘုရားက ကျယ်ကျယ်ဝန်းဝန်း အသေးစိတ်ရှင်းပြသည်။ ကျယ်ဝန်းလှမည်စိုး၍ အနည်းငယ်မျှသာ နားလည်ရုံ ပြဆိုလိုက်ခြင်း ဖြစ်ပါသည်။)

ထိုကဲ့သို့ မြတ်စွာဘုရားရှင်က သူတို့အကျင့်ကို ဖြူစင်သည်ဟု ဆိုလိုက်သောအခါ နိဂြောဓနှင့်ပရိဗိုဇ်များမှာ ၀မ်းသာသွားခဲ့ကြသည်။
“ကဲ ဒါဆိုရင်လည်း အနှစ်သာရအဆင့်ရောက်အောင် ဆိုပါအုံး”

“နိဂြောဓ သင်က အဆင့်ကို ကျော်သွားပြီကိုး၊ ဘယ်လို ဆက်ကျင့်ရမလဲဆိုတာ ငါ ဆက်ပြောမယ်”

“ဟုတ်ပါပြီ၊ အခေါက်အဆင့်ကို ဘယ်လို ရောက်အောင် လုပ်ရမလဲ”

“ပထမ အပွေးအဆင့်တုန်းက အကျင့်တွေကို စောင့်စည်းခြင်း လေးမျိုးနဲ့ ကျင့်ရမယ်။ သတ္တ၀ါတွေအသက်ကို မသတ်ဘဲ၊ မသတ်ခိုင်းဘဲ၊ သတ်တာကိုလည်း မကြိုက်ဘဲ (၁)၊ သူတစ်ပါးမပေးတဲ့ပစ္စည်းဥစ္စာကို မယူဘဲ၊ မယူခိုင်းဘဲ၊ အဲဒီလို ယူတာကိုလည်း မကြိုက်ဘဲ (၂)၊ မဟုတ်မမှန် လိမ်ညာစကား မပြောဘဲ၊ မပြောစေဘဲ၊ ပြောတာကိုလည်း မကြိုက်ဘဲ (၃)၊ ကာမဂုဏ်မလိုက်စားဘဲ၊ မလိုက်စားစေဘဲ၊ လိုက်စားနေတာကိုလည်း မကြိုက်ဘဲ (၄) ကျင့်ကြံအားထုတ်ရမယ်”

“အဲဒီလို အားထုတ်ပြီးတဲ့အခါ သူ့မှာ လက္ခဏာတွေ ပြလာလိမ့်မယ်”

“ဘယ်လို လက္ခဏာတွေများလဲ”

“ပြတတ်တဲ့လက္ခဏာတွေကတော့ သီလတွေ စောင့်ထိန်းရတာ ပျော်လာတယ်၊ လူ့ဘ၀ကို ပြန်မသွားချင်တော့ဘူး (လူမထွက်ချင်တော့ဘူး)၊ တစ်ယောက်ထဲ အေးအေးဆေးဆေးနေရတာ ကြည်နူးလာတယ်၊ အမြဲတမ်း တောအရပ်၊ တောင်အရပ်မှာပဲ နေလိုစိတ်တွေ ဖြစ်လာတယ်။ ဒါတွေက ပြတတ်တဲ့လက္ခဏာတွေပါပဲ”

“ဒါတွေက အခေါက်အဆင့်ရောက်နေပြီပေါ့”

“မဟုတ်သေးဘူး နိဂြောဓ၊ အခေါက်အဆင့်က မပြီးသေးဘူး၊ အဲဒီလို တရားကျင့်ချင်စိတ်တွေ ဖြစ်ပြီး ဆိတ်ငြိမ်တဲ့ တောတောင်အရပ်ကို သွား၊ ပြီးတော့ မက်မက်မောမော တွယ်တာခြင်း(၁)၊ မလိုမုန်းထားခြင်း (၂)၊ တွေတွေဝေေ၀ ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်နေခြင်း သို့မဟုတ် မတက်မကြွ ဖြစ်နေခြင်း (၃)၊ စိတ်ပျံ့လွင့်ခြင်း (၄)၊ နောင်တတစ်ဖန် ပူပန်ခြင်း (၅)၊ သံသယများခြင်း (၆)ဆိုတဲ့ အညစ်အကြေးတွေကို ပယ်နိုင်တဲ့အဆင့်အထိ ကျင့်ကြံပွားများရမယ်”

“ဒါတွေကို ပယ်ပြီးရင် မိမိရဲ့ စိတ်ခန္ဓာကို မေတ္တာတရား၊ ကရုဏာတရား၊ မုဒိတာတရား၊ ဥပေက္ခာတရားတွေနဲ့ ထုံလွှမ်းနေအောင် ကျင့်ရမယ်”

“ဒါဆိုရင် ကျွန်ုပ်တို့ရဲ့ ၀ါဒဟာ တကယ့်ကို ဖြူစင်သွားပြီ၊ စင်ကြယ်သွားပြီ၊ အနှစ်သာရကို ရောက်သွားပြီပေါ့”

“လိုသေးတယ်၊ လိုသေးတယ် နိဂြောဓ၊ ဒီလို ကျင့်လိုက်တာတောင် အနှစ်သာရကို မရောက်သေးဘူး၊ အခေါက်အဆင့်ပဲ ရှိသေးတယ်”

“ဒါဆိုရင် ဘာတွေကို ဘယ်လို ဆက်ကျင့်ရအုံးမှာလဲ”

“အထက်မှာ ပြောခဲ့သလို ကျင့်ပြီးတော့ ရှေ့က ဖြစ်ခဲ့တဲ့ တစ်ဘ၀၊ နှစ်ဘ၀မှ ဘ၀ပေါင်း ထောင်သောင်းများစွာထိ မှတ်မိနိုင်စွမ်းရှိအောင် အားထုတ်ရမယ် နိဂြောဓ”

“ဒါဆိုရင် အထွတ်အထိပ်၊ အနှစ်သာရ ရောက်ပြီပေါ့”

“မရောက်သေးဘူး နိဂြောဓ၊ ဒီအဆင့်က အကာအဆင့်ပဲ ရှိသေးတယ်”

“ဟုတ်ပါပြီ ဂေါတမ၊ ဒါဆိုရင် အနှစ်သာရရောက်အောင် ဆက်ပြောပါအုံး”

“အဲဒီလို အဆင့်ဆင့် အားထုတ်ရင်း ပုဗ္ဗေနိဝါသာနုဿတိဉာဏ် (ရှေ့ဘ၀ပေါင်းများစွာကို အမှတ်ရနိုင်သောဉာဏ်)ကို ရရှိပြီးနောက် နတ်မျက်စိကဲ့သို့ ထွင်းဖောက်သိမြင်နိုင်သော ဒိဗ္ဗစက္ခုဉာဏ်၊ သတ္တ၀ါတို့၏ ဣနြေ္ဒ အနုအရင့်၊ အကျင့်စရိုက်တွေကို သိမြင်နိုင်သော ဣန္ဒြိယပရောပရိယတ္တိဉာဏ်၊ သူတစ်ပါးတို့၏ စိတ်အကြံကို သိနိုင်သော စေတောပရိယဉာဏ်စသော ထူးမြတ်သောဉာဏ်အဆင့်ဆင့်ကို ရရှိအောင် အားထုတ်နိုင်လျှင် အထွတ်အထိပ်သို့ ရောက်ပါပြီ၊ အနှစ်သာရသို့ ရောက်ပါပြီ၊ ထိုအဆင့်ကို ရောက်ပါမှ သင်တို့၏ ၀ါဒ၊ အကျင့်သည် အမှန်တကယ် စင်ကြယ်ခြင်းသို့ ရောက်ပြီလို့ ဆိုနိုင်ပါတယ်”

“နိဂြောဓ…….. ဒါဆိုရင် သင်တို့ရဲ့ တပေါဇိဂုစ္ဆေ၀ါဒဟာ စင်ကြယ်သလား၊ မစင်ကြယ်ဘူးလား”

“ဂေါတမ….အဲဒီလို ဖြစ်ရင်တော့ အလွန်ကို စင်ကြယ်ပါတယ်၊ အနှစ်သာရသို့လည်း ရောက်ပါတယ်”

“နိဂြောဓ…. ငါဟာ ဒီနည်းလမ်း။ ဒီအကျင့်အားဖြင့်သာလျှင် ငါ့တပည့်တွေကို တရားထူးရအောင် လုပ်တာ။ ငါ့တပည့်တွေကလည်း ဒီလိုနည်းနဲ့ တရားထူးရပြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြတာ။ ဒါကို သင်သိချင်နေတာ မဟုတ်လား”

မြတ်စွာဘုရားရှင်၏ စကားဆုံးသောအခါ “ငါတို့ဆရာအပါအ၀င် ငါတို့အားလုံးဟာ အနှစ်သာရပြည့်ဝသော တရားကို လက်လွှတ်ဆုံးရှုံးခဲ့ကြပြီ”ဟု ၀မ်းပန်းတနည်းဖြင့် အော်ဟစ်ပြောဆိုခဲ့ကြလေသည်။

ဆက်လက်ဖော်ပြပါမည် .............

Saturday, May 29, 2010

ဝိဆက်ပွဲတော်

(ဗုဒ္ဓဘာသာဝင်အပေါင်းတို့…..၀ိဆက်နေ့ပွဲတော်ဟာ ဗုဒ္ဓမြတ်စွာရဲ့ မွေးနေ့၊ ဘုရားအဖြစ်ရောက်တော်မူသောနေ့၊ ပရိနိဗ္ဗာန်စံတော်မူသောနေ့ကို ရည်ညွှန်းပြီး ကျင်းပကြခြင်းဖြစ်ပါတယ်။ မနှစ်က ရေးခဲ့တဲ့ ဆောင်းပါးလေးကို ပြန်လည်မျှဝေလိုက်ပါတယ်။ ဒီနေ့မှာ သီရိလင်္ကာရဲ့ ၀ိဆက်ပွဲတော်ကျင်းပပုံများနဲ့ မနှစ်က ၀ိဆက်နေ့မှာ ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံများကိုလည်း မျှဝေလိုက်ပါတယ်။ အချို့အချက်အလက်များကို ဟိုဟိုဒီဒီ အင်တာနက်စာမျက်နှာများမှ ရရှိပါတယ်။ ဗုဒ္ဓဘာသာရဲ့ ထူးခြားတဲ့အစဉ်အလားများကို ထိန်းသိမ်းစောင့်ရှောက်ရင်း ဓမ္မအနှစ်သာရများဆီ တက်လှမ်းနိုင်ကြပါစေ….)



“၀ိဆက်”ဆိုတာ ဗုဒ္ဓဘာသာပွဲတော်တွေအနက် အရေးအကြီးဆုံးပွဲတော်တစ်ခုဖြစ်ပါတယ်။ ယင်းပွဲတော်ကို မေလရဲ့လပြည့်နေ့မှာ ကျင်းပလေ့ရှိပါတယ်။ မြတ်ဗုဒ္ဓမွေးနေ့မှာ ကျင်းပခြင်းဖြစ်ပါတယ်။ အချို့ဗုဒ္ဓဘာသာတွေအတွက်ကတော့ မြတ်ဗုဒ္ဓရဲ့ မွေးနေ့နဲ့ ပရိနိဗ္ဗာန်စံတော်မူသောနေ့မှာ ကျင်းပခြင်းဖြစ်ပါတယ်။ စာပေအရ ဗုဒ္ဓဆိုတာ နိုးကြားပြီးသောသူ သို့မဟုတ် ဉာဏ်အလင်း ရရှိပြီးသူလို့ ဆိုလိုပါတယ်။ ဗုဒ္ဓဆိုတဲ့ဝေါဟာရဟာ ထူးကဲသာလွန်သောဉာဏ်ပညာနဲ့ ကရုဏာတရားရှိသောပုဂ္ဂိုလ်ကို ရည်ညွှန်းပါတယ်။ ဗုဒ္ဓဘာသာတွေအတွက် ညာဏ်အလင်းဆိုတာ ပုဂ္ဂိုလ်အသီးသီး တဏှာနဲ့ဒုက္ခတရားတို့မှ လွန်မြောက်ရာ နိဗ္ဗာန်ကို ရရှိတဲ့ ကောင်းမြတ်သော အခြေအနေတစ်ခုဖြစ်ပါတယ်။


ဝိဆက်ပွဲတော်ကို သီရိလင်္ကာ၊ တရုတ်၊ စင်္ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ လာအိုနိုင်ငံတွေမှာ အထူးသဖြင့် ကျင်းပလေ့ရှိပါတယ်။ ၀ိဆက်ပွဲတော်ဟာ မြန်မာမှာတော့ အကြီးကျယ်ဆုံးပွဲတော် မဟုတ်ပါဘူး။ မြန်မာမှာ ကဆုန်လပြည့်ညောင်ရေသွန်းပွဲတော်လောက်ပဲ ကျင်းပကြတာ များပါတယ်။ သီရိလင်္ကာမှာတော့ နိုင်ငံရဲ့ အကြီးကျယ်ဆုံး ပွဲတော်ကြီး ဖြစ်တယ်။ အဓိကကတော့ မီးအလှဆင်ထွန်းညှိခြင်းပဲ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ မီးအလှတွေနဲ့ တန်ဆာဆင်ထားတဲ့ မဏ္ဍပ်ကြီးတွေ၊ ဘုရားပုံတော်တွေ၊ ရိုးရာယဉ်ကျေးမှုတွေ..တည်ဆောက်ပြီး အကြီးအကျယ် ကျင်းပလေ့ရှိပါတယ်။





နိုင်ငံများစွာမှ ၀ိဆက်ပွဲတော်ကျင်းပပုံများကို လေ့လာကြည့်ရင် တူညီတဲ့ အစဉ်အလာတွေကို တွေ့ရပါတယ်။ ပွဲတော်ကို ရောင်စုံမီးပုံးတွေနဲ့ ကျင်းပလေ့ရှိပါတယ်။ အိမ်တွေကို သန့်ရှင်းသပ်ရပ်စွာထားပြီး တန်ဆာဆင်ကြတယ်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံမှာ ၀ိဆက်နေ့ထူးနေ့မြတ်မှာ စက္ကူများ၊ သစ်သားများဖြင့် မီးအိမ်များကို ပြုလုပ်လေ့ရှိကြသလို လှောင်အိမ်ထဲမှငှက်များကိုလဲ ကြီးကျယ်သော အခမ်းအနားဖြင့် လွှတ်ပေးလေ့ရှိပါတယ်။ ပွဲတော်ရက်အတွင်း နိုင်ငံအများအပြားတွင် ဗုဒ္ဓဘာသာဝင်များဟာ နီးစပ်ရာ ကျောင်းများသို့သွားကာ ရဟန်းတော်များအား အစားအသောက်၊ ဖယောင်းတိုင်၊ ပန်းများကို လှူဒါန်းလေ့ရှိပါတယ်။



ရွတ်ဖတ်သရဇ္ဈယ်ခြင်းနဲ့ ဆုတောင်းခြင်းဟာ ၀ိဆက်နေ့ထူးရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။
ဘုရားရှင်အား ရေသပ္ပါယ်ခြင်း အခမ်းအနားကိုလဲ ကျင်းပလေ့ရှိပါတယ်။ မြတ်စွာဘုရားရဲ့ ပခုံးတော်အထက်မှ ရေသွန်းလောင်းခြင်းများကိုလဲ ပြုလေ့ရှိပါတယ်။ ထိုသို့ပြုလုပ်ခြင်းရဲ့ ရည်ရွယ်ချက်ကတော့ မိမိတို့ရဲ့စိတ်သန္တာန်မှာရှိတဲ့ လောဘ၊ ဒေါသ၊ မောဟများကို ဖြူစင်စေဖို့ ဖြစ်ပါတယ်။ တရုတ် နိုင်ငံတွင်ကား အဆိုပါ အစီအစီအစဉ်များအပြင် မိမိတို့ရဲ့ ရှိရင်းစွဲယဉ်ကျေးမှုများကိုလဲ ထည့်သွင်းကျင်းပလေ့ရှိပါတယ်။ ဥပမာအားဖြင့် နဂါးအကများ ပါဝင်စေခြင်းဖြစ်ပါတယ်။ လှူဖွယ်ဝတ္ထုများကိုလဲ မြတ်ဗုဒ္ဓဆင်းတုတော်ကို လှူဒါန်းဖို့ ယူဆောင်သွားလေ့ရှိပါတယ်။ ဒီလို ကျင်းပတာဟာ မြတ်ဗုဒ္ဓရဲ့ ဘ၀ဖြစ်တော်စဉ်နဲ့ တရားတော်များကို လေးစားမှု၊ ကျေးဇူးတင်မှုတို့ကို ပြသရာရောက်ပါတယ်။ ပွဲတော်ရက်အတွင်း သတ္တ၀ါများကို မညှင်းဆဲသော ဗုဒ္ဓဘာသာဝင်များအနေဖြင့် သက်သတ်လွတ် စားလေ့ရှိကြပါတယ်။







သီရိလင်္ကာနိုင်ငံက ၀ိဆက်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေအတွက် နှစ်စဉ် အားလပ်ရက်တစ်ခုဖြစ်ပါတယ်။ အိန္ဒိယမဟာယာနဗုဒ္ဓဘာသာဓလေ့ထုံးစံအရ အဆိုပါ ၀ိဆက်နဲ့ အဓိပ္ပါယ်ထပ်တူဖြစ်တဲ့ ၀ိဆာခဆိုတဲ့အမည်အားဖြင့် လူသိများတဲ့ အားလပ်ရက်ဖြစ်ပါတယ်။ ၀ိဆက် ဆိုတဲ့ဝေါဟာရဟာ ၀ိဆာခဆိုတဲ့ ပါဠိကနေပြောင်းလဲလာတဲ့ ဆင်ဟာလဝေါဟာရဖြစ်ပါတယ်။ “၀ိုင်း ဆာခ” ဆိုတာကတော့ ဟိန္ဒူပြက္ခဒိန်မှာ ဒုတိယမြောက်လရဲ့အမည်ဖြစ်ပါတယ်။

အိန္ဒိယ၊ ဘင်္ဂလားဒေရှ်နဲ့ နီပေါနိုင်ငံတွေမှာ ဤလပြည့်နေ့ကို ၀ိဆာခ်ပူဇ(Visakah Puja)၊ ဗုဒ္ဓ ပုရ်နိမာ(Buddha Purnima)၊ ဗုဒ္ဓဇယန္တိ(Buddha Jayanti)လို့လဲ အသိများပါတယ်။ ထိုင်းနိုင်ငံမှာကတော့ ၀ိဆာခဘုချ( Visakha Bucha)၊ ဗီယက်နမ်မှာ ဖက်ဒန်း(Phật Đản)၊ အင်ဒိုနီးရှားမှာ ၀ိုင်းဆက် (Waisak)၊ သီရိလင်္ကာမှာ ၀ိဆက်(ဝေ့ဆက်)(Vesak (Wesak))၊ တရုတ်စကားပြောတဲ့ မလေးရှားနဲ့ တရုတ်မှာ ဖောဒန်း(佛誕 (fó dàn))၊ တိဗက်မှာ စကဒ၀(Saga Dawa)လို့ အသီးသီး ခေါ်ဆို အသုံးပြုကာ ပွဲတော်များကို ကျင်းပလေ့ရှိပါတယ်။ လာအိုနိုင်ငံမှာလဲ ဒီပွဲတော်နဲ့ ထပ်တူဖြစ်တဲ့ ပွဲတော်တစ်ခုရှိပါတယ်။ အဆိုပါ ပွဲတော်ကတော့ ၀ိကဆက်ခ ဘောကဆ(Vixakha Bouxa)လို့ ခေါ်ပါတယ်။





မြန်မာနိုင်ငံမှာကတော့ ဒီအချိန်ကျင်းပတဲ့ ဒီပွဲတော်ကို ကဆုန်လပြည့်(Ka-sone-la-pyae)လို့ အမည်တွင်ပါတယ်။ အဓိပ္ပါယ်ကတော့ မြန်မာပြက္ခဒိန်ရဲ့ ဒုတိယမြောက်လဖြစ်တဲ့ ကဆုန်လပြည့်လို့ ဆိုလိုပါတယ်။ သီရိလင်္ကာ၊ မလေးရှား၊ မြန်မာ၊ ထိုင်း၊ စင်္ကာပူ၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှား၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့မှာ ဒီဝိဆက်ပွဲတော်အခါသမယကို အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားကြပါတယ်။

အမျိုးမျိုးသော ဓလေ့ထုံးစံများမှာ အသုံးပြုတဲ့ မတူထူးခြားတဲ့ ပြက္ခဒိန်တွေရဲ့ အလိုအရ ၀ိဆက်ပွဲတော်ရက်ကို အတိအကျ သတ်မှတ်ဖို့တော့ ခက်ပါတယ်။ ဗုဒ္ဓဘာသာပြက္ခဒိန်ကို လက်ခံ အသုံးပြုတဲ့ ထေရ၀ါဒတိုင်းပြည်များမှာ ထုံးစံအားဖြင့် ငါးလမြောက် သို့မဟုတ် ခြောက်လမြောက်ရဲ့ လပြည့်နေ့၊ ဥပုသ်နေ့မှာ ပွဲတော်ရက် ကျရောက်ပါတယ်။ တရုတ်နိုင်ငံမှာတော့ တရုတ်ပြက္ခဒိန်မှာ ပထမဆုံးလပြည့်ကျတဲ့ လေးလမြောက်ဖြစ်ပါတယ်။ အနောက်တိုင်းပြက္ခဒိန်အရကတော့ ပွဲတော်ရက်ဟာ တစ်သမတ်တည်း မရှိနိုင်ပါဘူး။ ဒါပေမယ့် များသောအားဖြင့် ဧပြီလနဲ့ မေလမှာတော့ ကျရောက်လေ့ရှိပါတယ်။

တခါတရံ ဗုဒ္ဓနေ့လို့လဲ သုံးကြပါသေးတယ်။ ဒီပွဲတော်ရက်ဟာ ဗုဒ္ဓမြတ်စွာရဲ့ မွေးနေ့၊ သဗ္ဗညုတဉာဏ်အလင်းရရှိတဲ့နေ့၊ ပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့များနဲ့လဲ တိုက်ဆိုင်နေလို့ ထူးခြားပြီး ကျော်ကြားတဲ့ ပွဲတော်များ ကျင်းပကြခြင်း ဖြစ်ပါတယ်။
၁၉၅၀ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာဗုဒ္ဓဘာသာဝင်များညီလာခံကြီးကို သီရိလင်္ကာနိုင်ငံမှာ ကျင်းပ ခဲ့ပါတယ်။ အဆိုပါ ညီလာခံမှာ မြတ်စွာဘုရားရဲ့ မွေးနေ့ကို ၀ိဆက်နေ့အဖြစ် ပွဲတော်ကျင်းပကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ၀ိဆက်အခါတော်နေ့ရောက်တိုင်း တစ်ကမ္ဘာလုံးမှာရှိတဲ့ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓဘာသာဓလေ့ထုံးစံများရဲ့ ထူးခြားတဲ့ အဖြစ်အပျက်များကို အမှတ်တရ ဂုဏ်ပြုလေ့ရှိကြပါတယ်။ ဂေါတမမြတ်စွာဘုရားရဲ့ ဖွားတော်မူရာနေ့၊ သဗ္ဗညုတညာဏ်အလင်းရရှိတဲ့နေ့၊ ပရိနိဗ္ဗာန်စံဝင်တော် မူရာနေ့များကို အောက်မေ့အမှတ်ရ ဂုဏ်ပြုလေ့ရှိကြပါတယ်။





















ပွဲတော်ရက်မှာဆိုရင် သတ္တ၀ါများကို သတ်ဖြတ်လေ့မရှိကြပါဘူး။ သက်သတ်လွတ်သာ စားလေ့ရှိပါတယ်။ တိုင်းပြည်များ အထူးသဖြင့် သီရိလင်္ကာနိုင်ငံမှာဆိုရင် ၀ိဆက်နေ့ကို အပိုနှစ်ရက်ပါ ထည့်ပေးထားပါတယ်။ ရံပေးထားပါတယ်။ သီရိလင်္ကာအစိုးရဟာ ထိုနေ့မှာ အရက်ရောင်းခွင့်၊ သောက်စားခွင့်ကို အထူးပိတ်ပင်ထားပါတယ်။ ထောင်ပေါင်းများစွာသော သတ္တ၀ါများကိုလဲ ဘေးမဲ့လွှတ်လေ့ရှိကြပါတယ်။ အများစုက ပွဲတော်ရက်မှာ ပိတ်ဖြူစင်ကြယ်ကိုပဲ ၀တ်ဆင်လေ့ ရှိကြပါတယ်။ တစ်နေ့လုံး ဘုန်းတော်ကြီးကျောင်းများမှာ ရှစ်ပါးသီလဆောက်တည်ပြီး တရားနာယူကာ နေလေ့ရှိကြပါတယ်။ သီရိလင်္ကာမှာဆိုရင် သာမဏေ၀တ်တဲ့အလေ့အထလဲ ရှိပါတယ်။





တိုင်းပြည်အများအပြားမှာ အထူးသဖြင့် သီရိလင်္ကာနိုင်ငံမှာ သာသနာ့အလံတော် လွှင့်တင်ခြင်း၊ ဗုဒ္ဓ၊ ဓမ္မ၊ သံဃဆိုတဲ့ ရတနာသုံးပါးကို ပူဇော်ထားသော ဓမ္မတေးသီချင်းများ သီဆိုခြင်းများကို ပြုလေ့ရှိပါတယ်။ သူတို့ဟာ ပကာသနများ ခြယ်သ,မထားသော ပန်းများနဲ့လဲ ပူဇော်လေ့ရှိကြတယ်။ ဖယောင်းတိုင်များ၊ ဆီမီးများ၊ အမွှေးတိုင်များနဲ့လဲ ပူဇော်လေ့ရှိကြပါတယ်။ အထူးသဖြင့် အမွှေးတိုင် ပူဇော်ခြင်းရဲ့ ထူးခြားတဲ့ ရည်ရွယ်ချက်က လောကရဲ့ မမြဲခြင်းတရားကို ထင်ဟပ်စေဖို့ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဟာ အိန္ဒိယမှ ယဉ်ကျေးမှုအမျိုးမျိုးရှိတဲ့ တိုင်းပြည်အမျိုးမျိုးသို့ ရောက်ရှိပြန့်နှံ့ခဲ့တဲ့ အတွက် ၀ိဆက်ပွဲတော်ကျင်းပပုံဟာလဲ ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုများအလိုက် ပုံစံအမျိုးမျိုးကွဲပြား သွားခဲ့ပါတယ်။ တူညီတာကတော့ မြတ်ဗုဒ္ဓအား အောက်မေ့အမှတ်တရ ဂုဏ်ပြုပူဇော်ခြင်းပဲ ဖြစ်ပါတယ်။ ။

Wednesday, May 26, 2010

ဖြည့်တွေး၊ ဖြည့်မြင်၊ ဖြည့်ပြော


ကုဒုမ္ဗရိကသုတ်ကို ဖတ်ပြီး အဆိုးမြင်အတွေးနှင့် အကောင်းမြင်အတွေးတို့အကြောင်းကို စဉ်းစားမိပါသည်။ ထိုအရာနှင့်တစ်ဆက်တည်း အဖျက်စိတ် (Distractive Attitude) နှင့် အပြုစိတ် (Constructive Attitude)တို့လည်း ခေါင်းထဲဝင်လာသည်။ အကောင်းမြင်စိတ်ဆိုသည်မှာ အရာရာကို အကောင်းချည်းမြင်နေသော အကောင်းမြင်စိတ်မျိုး မဟုတ်။ “ဘာပဲဖြစ်ဖြစ် အကောင်းချည်းပဲ”ဟု ထင်မြင်သောစိတ်မျိုးမဟုတ်။ ဆိုးနေသော၊ အဖျက်သို့ ဦးတည်နေသော စိတ်ဓာတ်မျိုးကို အကောင်းသို့ ဦးတည်စေအောင် ဖြည့်ပေးသော (ဖြည့်တွေးပေးသော)စိတ်ဓာတ်မျိုးဟု ယူဆသည်။ လူဆိုသည်မှာ စရိုက်အမျိုးမျိုးဖြင့် ရှင်သန်ပွားစည်းနေသည့်အလျောက် အပြုအမူ၊ အတွေးအခေါ်တို့မှာ တစ်ဦးနှင့်တစ်ဦး ကွဲပြားနေမည်။

ကွဲပြားနေသော အပြုအမူ၊ အတွေးအခေါ်တို့ကို တူညီအောင်၊ မိမိအယူအဆ၊ အတွေးအခေါ်တို့နှင့် ကိုက်ညီအောင် လိုက်ညှိနေဖို့ မလိုအပ်။ လိုအပ်သည်မှာ နားလည်ပေးဖို့နှင့် ဖြည့်စွက်ပေးဖို့ပင် ဖြစ်သည်။ မတူသောအယူအဆများကို လိုက်ညှိနေခြင်းသည် ကွဲပြားနေသော လူ့သဘာဝကို ဖီဆန်ရာ ကျနေသည်။ ကုဒုမ္ဗရသုတ်မှာရှိသော ရောင်စုံအလင်းတန်းများအနက် အထက်ပါ အလင်းက ပိုကဲနေသည်ဟု သဘောပေါက်မိသည်။


မြတ်စွာဘုရားရှင်သည် သူ့ခေတ်သူ့အခါက အိန္ဒိယတွင် အောင်မြင်သော တရားဟောဆရာ ဖြစ်ခဲ့သည်။ သူနှင့်စကားပြောလိုက်လျှင် သူနှင့်အယူဝါဒ တူမသွားသည့်တိုင် ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့သည်သာ များလေသည်။ အချို့ သူနှင့်အပြိုင်အဆိုင် ဟောပြောနေသူများကဆိုလျှင် “ဂေါတမဟာ မျက်လှည့်ပညာနဲ့ လူတွေကို ဆွဲဆောင်စည်းရုံးနေတယ်”ဟုပင် ယိုးစွပ်ကြသည်။

မြတ်စွာဘုရားသည် မျက်လှည့်ပြသလို ဟောပြောတတ်သည်မှာလည်း အမှန်တကယ်ပင် ဖြစ်ပါသည်။ မြတ်စွာဘုရားကို “သူ ဘာပြီးရင် ဘာပြောတော့မယ်”ဟု ကြိုတင်ခန့်မှန်းလို့ မရ။ မြတ်စွာဘုရား ပြောသောစကားများမှာ သူတို့ ကြိုတင်မှန်းထားသည့်အတိုင်း ဖြစ်မလာသည်သာ များလေသည်။ ထို့ကြောင့်ပင် မြတ်စွာဘုရားကို လှည့်စားပြီး လူတွေကို စည်းရုံးနေတယ်ဟု စွပ်စွဲကြခြင်းဖြစ်သည်။

မြတ်စွာဘုရား အောင်မြင်ခဲ့သည်မှာ အခြားကြောင့် မဟုတ်။ အကောင်းမြင်စိတ်ထားဖြင့် လိုအပ်နေသော ကွက်လပ်လေးများကို မှန်မှန်ကန်ကန် ဖြည့်စွက်တတ်သောကြောင့် ဖြစ်သည်ဟု ယုံကြည်မိသည်။ အခြားနေရာများစွာတွင် မဆိုထားဘိ။ ဤကုဒုမ္ဗရိကသုတ်တစ်ခုတည်းတွင်ပင် မြတ်စွာဘုရားရှင်၏ စိတ်ဓာတ်မှာ ဦးညွှတ်အလေးပြုဖွယ်ကောင်းလှသည်။ သူတစ်ပါးကို မစွပ်စွဲ၊ မပုတ်ခတ်ဘဲ မိမိဖြစ်စေလိုသည်များကို အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ်ဖြင့် ရဲရဲဝံ့ဝံ့ ပြောသွားခဲ့သည်။

ညနေ နေ၀င်ရီတရော အခါတွင် ဖြစ်သည်။ နိဂြောဓပရိဗိုဇ်သည် တပည့်သုံးထောင်ကို ဦးဆောင်လျှက် တရားဆွေးနွေးနေသည်။ သူသည် ထိုခေတ်အခါက နှယ်နှယ်ရရ ပုဂ္ဂိုလ်မဟုတ်။ ဥဒုမ္ဗရိကမိဖုရားကပင် ကြည်ညိုလေးစားရသူ ဖြစ်သည်။ ကြည်ညိုလွန်း၍ မိဖုရားက ဥယျာဉ်တစ်ခု ဖန်တီးပေးပြီး ကျောင်းဆောက်လှူဒါန်းထားသည်။ ထိုကျောင်းဝင်းကြီးအတွင်းတွင် တပည့်သုံးထောင်ကျော်ဖြင့် တရားအကျင့်များကို ဆွေးနွေးကျင့်ကြံနေကြလေသည်။

ထိုနေ့က တရားဆွေးနွေးခါနီး လူစုနေချိန်ဖြစ်၍ ဆူဆူညံညံ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ နိဂြောဓပရိဗိုဇ်က အမြင့်ပလ္လင်ထက်တွင် မိန့်မိန့်ကြီး ထိုင်နေသည်။ တပည့်ပရိသတ်များကလည်း တစ်ယောက်တစ်မျိုးဖြင့် အမျိုးမျိုး ပြောဆိုနေကြလေသည်။ သူတို့ပြောသောစကားများတွင် လက်ရှိမင်း၊ မှူးမတ်များအကြောင်း၊ မိဖုရားအကြောင်း၊ လက်ရှိတိုက်နေသော စစ်ပွဲများအကြောင်း၊ တိုင်းပြည်စီးပွားရေးအကြောင်း၊ အမျိုးသမီးများအကြောင်း၊ စစ်လက်နက်ပစ္စည်းများအကြောင်း၊ စကြာဝဠာအကြောင်း…စသော အကြောင်းအရာမျိုးစုံကို ဆွေးနွေးပြောဆိုနေခဲ့ကြလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားရှင်အား ကြည်ညိုလေးစားသော သန္ဓာနသူဌေးသည် ညနေစောင်း၍ အလုပ်ပြီးသောအခါ မြတ်စွာဘုရားထံ သွားရောက်ဖူးမြော်ရန် အိမ်မှ ထွက်ခဲ့သည်။ လမ်းခုလတ်ရောက်မှ “ဘုရားဆီသွားဖို့ စောပါသေးတယ်။ ဆရာကြီးနိဂြောဓပရိဗိုဇ်ဆီ ခဏ၀င်အုံးမှ”ဟု ကြံပြီး ပရိဗိုဇ်များ ဆွေးနွေးရာနေရာသို့ ရောက်ခဲ့လေသည်။

သန္ဓာနသူဌေးကျောင်းပေါက်ဝရောက်သောအခါ ပလ္လင်ပေါ်က နိဂြောဓပရိဗိုဇ်က လှမ်းမြင်လိုက်သော်လည်း တပည့်များက မမြင်လိုက်ကြရသဖြင့် ဆူဆူညံညံ စကားများ ဆက်လက်ပြောဆိုနေခဲ့ကြသည်။ ထိုအခါ ဆရာကြီးနိဂြောဓက “တပည့်တို့..တပည့်တို့…မဆူကြနဲ့။ ဟိုမှာ သန္ဓာနသူဌေးကြီး လာနေတယ်။ ဒီသူဌေးက ဂေါတမကို ကြည်ညိုလေးစားနေတဲ့ တပည့်ကြီး။ ဂေါတမက တိတ်တိတ်ဆိတ်ဆိတ်နေတာကို အားပေးတယ်။ နှစ်သက်တယ်။ ဆိုတော့ သူ့တပည့် ဒီသူဌေးကလည်း တိတ်တိတ်ဆိတ်ဆိတ်နေတာကို သဘောကျမှာပဲ”ဟု တပည့်ပရိဗိုဇ်များကို သတိပေးလိုက်သည်။ သို့ရာတွင် အဆိုပါ သတိပေးစကားက နောက်ကျသွားခဲ့ပြီ။ သန္ဓာနသူဌေးသည် သူတို့ ဆူဆူညံညံပြောနေကြသည်ကို ကြားခဲ့လိုက်သည်။

စည်းဝေးရာသို့ ရောက်သောအခါ ပျူပျူငှါငှါ ဧည့်ခံစကားပြောကြသည်။ ပြီးလျှင် သန္ဓာနသူဌေးသည် ပုထုဇဉ်ပီပီ ပရိဗိုဇ်တို့၏ အမူအရာနှင့် ပြောဆိုသောစကားများကို ဝေဖန်လိုစိတ်ဖြစ်ခဲ့သည်။ “ပရိဗိုဇ်တို့…အရှင်တို့ဟာ ဂေါတမမြတ်စွာဘုရားနဲ့ တစ်ခြားစီပဲနော်။ မြတ်စွာဘုရားက အေးချမ်းတိတ်ဆိတ်စွာ နေလေ့ရှိတယ်။ အကျိုးရှိတဲ့စကားတွေပဲ ပြောတတ်တယ်။ အရှင်တို့ကတော့ ဘာမှ အကျိုးမရှိတဲ့စကားတွေကို ဆူဆူညံညံနဲ့ ပြောနေကြတယ်နော်”ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ နိဂြောဓကလည်း မကျေမနပ် ဖြစ်သွားပုံရသည်။ သူ့ခေတ်အခါက လူအများလေးစားရသော ဆရာကြီးတစ်ဆူဖြစ်သည့်အတိုင်း ချက်ချင်းပင် ပြန်ပြောလိုက်သည်။

“သူဌေး သင်က ဂေါတမကိုများ အထင်ကြီးနေသေးတယ်။ ဂေါတမက ဘယ်သူနဲ့ စကားရည်လုပွဲ ဆင်နွှဲဖူးလို့လဲ။ ဘယ်သူနဲ့မှ စကားပြိုင်ပွဲ မကျင်းပဖူးပါဘူး။ တောကျောင်းမှာ တစ်ယောက်တည်းပဲ နေတာပါ။ တကယ်တော့ သင်ပြောတဲ့ ဂေါတမဟာ နကန်းမ (မျက်စိကန်းသော နွားမ)တစ်ကောင်လိုပါပဲကွာ။ ဘာဖြစ်လို့လဲဆိုတော့ မျက်စိမမြင်တဲ့ နွားမဟာ တစ်ခြားနွားတွေနဲ့ မရောနှောဘဲ သီးသန့်နေရာစားကျက်မှာပဲ ကျက်စားတယ်လေ။ အဲဒီလိုပဲ ဂေါတမဟာ လူသူမနီးတဲ့ သီးသန့်တောအရပ်မှာပဲ နေတယ်မဟုတ်လား။ သီးသီးသန့်သန့် အေးအေးဆေးဆေး တောထဲမှာ နေလို့ သူ့ပညာတွေကလည်း အစွမ်းမထက်တော့ဘူး။ တကယ်တော့ သင့်ဆရာ ဂေါတမက လူတောတိုးရဲတာ မဟုတ်ဘူး။ သတ္တိရှိရင် ငါ့ပရိသတ်ထဲ လာကြည့်ပါလား။ ပြဿနာတစ်ချက်တည်းနဲ့ ကျွမ်းပြန်သွားလိမ့်မယ်”

ဟု ပယ်ပယ်နှယ်နှယ်ကြီး ပြောလိုက်လေသည်။

ထိုသို့ အခြေအတင် စကားပြောနေကြစဉ်က မြတ်စွာဘုရားသည် အေးချမ်းတိတ်ဆိတ်သော သုမာဂဓာမည်သော ရေကန်ကမ်းစပ်တွင် စင်္ကြံကြွနေခဲ့သည်။ နတ်မျက်စိနှင့်တူသော ဒိဗ္ဗသောတအဘိဉာဏ်ဖြင့် ထိုစကားများကို ကြားနေခဲ့သည်။ နိဂြောဓပရိဗိုဇ်လည်း မြတ်စွာဘုရား စင်္ကြံကြွနေသည်ကို တွေ့မြင်သွားရာ “တပည့်တို့ …တပည့်တို့…ဂေါတမ သုမာဂဓာရေကန်နား ရောက်နေတယ်။ တိတ်တိတ်နေကြ။ သူက တိတ်ဆိတ်တာကို သဘောကျတယ်။ ငါတို့ တိတ်ဆိတ်နေလျှင် ဒီစကားဝိုင်းကို ရောက်လာချင် ရောက်လာလိမ့်မယ်”ဟု ပြောလိုက်သည်။ ဤစကားကို ကြည့်ခြင်းအားဖြင့် နိဂြောဓပရိဗိုဇ်အနေဖြင့် ကိုယ့်ကိုကိုယ် ယုံကြည့်မှုအပြည့်ရှိသူဟု ယူဆရသည်။

သူထင်ထားသည့်အတိုင်း မြတ်စွာဘုရားရှင်သည် နိဂြောဓပရိဗိုဇ်နှင့်သန္ဓာနသူဌေးတို့၏ စကားဝိုင်းသို့ ကြွရောက်လာခဲ့သည်။ အပြန်အလှန် နှုတ်ဆက်စကား ပြောပြီးသောအခါ “သင်တို့ ဘာတွေများ ပြောနေကြပါလိမ့်”ဟု စကားစလိုက်သည်။ နိဂြောဓက အကြောင်းစုံကို ပြန်ပြောပြလိုက်သည်။

“ကဲ သင်မေးချင်တဲ့ မေးခွန်းက ဘာလဲ။ မေးနိုင်ပါတယ်”ဟု မြတ်စွာဘုရားက လမ်းဖွင့်ပေးလိုက်သည်။

“သင်ဟောတဲ့တရားနဲ့ သင့်တပည့်တွေ ရဟန္တာဖြစ်သွားကြတယ်လို့ ပြောတယ်။ သင့်တပည့်တွေကလည်း သူတို့ကိုယ်သူတို့ ရဟန္တာလို့ ၀န်ခံကြတယ်။ သင်ဆုံးမဟောကြားတယ်ဆိုတဲ့ အဲဒီတရားက ဘာတွေများလဲ”

နိဂြောဓပရိဗိုဇ်၏ အကြံက မြတ်စွာဘုရားရှင်၏ အဖြေမှ စကားများစွာ ဖြာထွက်လာမည်။ ထိုထွက်ပေါ်လာသောစကားစများကို အကျကောက်ပြီး ကတ်သီးကတ်သတ် လိုက်လံမေးခွန်းထုတ်ဖို့ ဖြစ်ပုံရသည်။ သို့ရာတွင် မြတ်စွာဘုရားရှင်၏ စကားကို ပြန်ကြားရသောအခါ အံ့အားသင့်သွားသည်။ ဤနေရာတွင် “အဘယ့်ကြောင့် မြတ်စွာဘုရားရှင် အောင်မြင်ကျော်ကြားခဲ့သနည်း”ဆိုသော မေးခွန်း၏အဖြေကို ခြေရာကောက်ကြည့်နိုင်သည်ဟု ထင်သည်။

“နိဂြောဓ…ပြဿနာမေးမယ်ဆိုလို့ ဘာများလဲလို့။ သင်က ငါ့အယူအဆ၊ ငါဟောတဲ့တရားကို လာမေးနေတာကိုး”

“ဟုတ်ပါတယ်။ သင့်တရားကို သိချင်လို့ မေးတာပါ”

“နိဂြောဓ…သင့်အယူအဆတွေနဲ့ ငါ့အယူအဆက မတူဘူး။ သင်ကြိုက်တဲ့တရား၊ သင်နှစ်သက်တဲ့တရား၊ သင်သဘောကျတဲ့တရားနဲ့ ငါ့အကြိုက်၊ ငါသဘောကျတဲ့တရားကလည်း မတူဘူး။ ပြီးတော့ သင်ကျင့်နေတာနဲ့ ငါကျင့်နေတာကလည်း မတူဘူး။ နောက်ပြီး သင့်ဆရာတွေနဲ့ ငါနဲ့ကလည်း မတူဘူးလေ။”

“ဟုတ်ပါတယ်….မတူပါဘူး။ အဲဒီတော့”

“အဲဒီတော့ ငါဟောတဲ့ အရိယာအကြောင်း၊ မဂ်အကြောင်း၊ ဖိုလ်အကြောင်းတွေကို သင့်အနေနဲ့ နားလည်ဖို့ မလွယ်ပါဘူးလေ”

“ဆိုတော့…..”

“ဆိုတော့ သင့်အနေနဲ့ ငါဟောတဲ့တရားနဲ့ဆိုင်တဲ့ ပြဿနာကို မမေးဘဲ သင့်ဆရာနဲ့ သင်တို့ကျင့်နေတဲ့ တပေါဇိဂုစ္ဆေ၀ါဒနဲ့ သက်ဆိုင်တဲ့ ပြဿနာကို မေးပါလား”

(တပေါဇိဂုစ္ဆေ၀ါဒ = ကိလေသာကုန်ခမ်းအောင်၊ ကိလေသာကို ငြီးငွေ့အောင် အ၀တ်မ၀တ်ဘဲ နေခြင်း၊ အစာအငတ်ခံကျင့်ခြင်း၊ မတ်တပ်ရပ်လျှက်သာ အားထုတ်ခြင်း…စသော အကျင့်များ)

မြတ်စွာဘုရားရှင်၏ ထိုစကားကို ကြားသောအခါ ပရိဗိုဇ်များနှင့် သန္ဓာနသူဌေးပါ မျက်လုံးပြူးသွားသည်။ အံ့သြလွန်း၍ “ဟာ..တော်လိုက်တာ။ အံ့သြစရာကောင်းလိုက်တာ။ ကိုယ့်ဝါဒအကြောင်းကို ပြဿနာမထုတ်ခိုင်းဘဲ သူများဝါဒက ပြဿနာကို မေးဖို့ စိန်ခေါ်ရဲတယ်။ တစ်ခါမှကို မကြံဖူးဘူးဟေ့”ဟု ပရိဗိုဇ်ပရိသတ်ထဲမှ ထပြီး အာမေဋိတ်ပြုမိလိုက်ကြသည်။

ဆက်လက်ဖော်ပြပါမည်..........

Friday, May 21, 2010

မပြောခင် အရင် စဉ်းစား (အဆက်)

(၂)



နေ့စဉ်လောကတွင်လည်း သူတကာ အထင်ကြီးစေရန်၊ သူများ လေးစားခံရစေရန် စကားတွေ ပြောကြသည်။ စာတွေ ရေးကြသည်။ ကိုယ့်မှာရှိသောဂုဏ်ကို ထုတ်ပြခြင်းသည် သူ့နေရာနှင့်သူ အံဝင်ဂွင်ကျဖြစ်နေလျှင် ဘာမျှ ကိစ္စမရှိ။ ကိုယ့်မှာ မရှိသော အရည်အချင်း၊ ဂုဏ်ပုဒ်များကို ကြွားပြောနေလျှင်ကား တစ်နေရာမဟုတ် တစ်နေရာ ဒုက္ခတွေ့ဖို့ များလေသည်။

ဖြစ်တည်မှု ပဓာန၀ါဒီ ယန်းပေါဆက်၏ ထာဝရကြင်ယာ ဖရန့်ဒီဗူးဗွား၏ ရေပွက်ပမာ ၀တ္ထုတွင် “အမေသည် အများ၏ ချစ်ခင်လေးစားမှုကို အမြဲတစေ အလိုရှိနေခဲ့သည်။ ထိုသို့ အလိုရှိနေခြင်းကပင်လျှင် အများက သူ့ကို အမြင်ကပ်အောင် လုပ်သလို ဖြစ်နေသည် (အတိအကျမဟုတ်)”ဟူသော စကားလေးက မှတ်သားစရာ အလွန်ကောင်းသည်။ နေ့စဉ်ဝန်းကျင်တွင် လူအများက သူ့ကို အထင်ကြီးအောင် အမျိုးမျိုး ကြံဖန်လုပ်ဆောင်နေသူများကို တွေ့နိုင်လေသည်။ သိသာလွန်းသောအခါ အထင်ကြီးမခံရသည့်အပြင် အထင်ပါ အသေးခံရနိုင်လေသည်။ ထိုအဖြစ်အပျက်များက အပြောဖြင့် အထင်ကြီးအောင် လုပ်ခြင်းထက် လက်တွေ့အလုပ်ဖြင့် သက်သေပြခြင်းသာ မှန်ကန်သောနည်းဖြစ်သည်ဟု ပြောပြနေခဲ့သည်။


ထိုအခါ ပါထိကပုတ္တပြောသည့်စကားများကို လိစ္ဆ၀ီမင်းသားသုနက္ခတ်သည် မြတ်စွာဘုရားရှင်အား ပြန်လည် ဖောက်သည်ချလိုက်သည်။ ထိုအခါ မြတ်စွာဘုရားက “သူသာ အဲဒီအယူအဆ၊ အတွေးအမြင်နဲ့ ငါ့ဆီကို လာမယ်ဆိုရင် သူ့ဦးခေါင်း ပြတ်သွားပါလိမ့်မယ်”ဟု မိန့်တော်မူလိုက်သည်။

ထို့နောက် မြတ်စွာဘုရားရှင်သည် “သုနက္ခတ် ဆွမ်းခံလှည့်လည်ပြီးရင် ငါ ပါထိကပုတ္တဆီကို သွားမယ်။ သင့်အနေနဲ့ ငါသွားတဲ့အကြောင်းကို ပြောချင်တဲ့သူတွေ ရှိရင် အကုန်လိုက်ပြောလိုက် (ဂေါတမ မြတ်စွာဘုရားဟာ ပါထိကပုတ္တနဲ့ တန်ခိုင်းပြိုင်ဖို့ သွားပြီလို့ လိုက်ကြေညာလိုက်)”ဟု မိန့်တော်မူပြီး ဆွမ်းခံထွက်ခဲ့သည်။ ပြီးလျှင် ပါထိကပုတ္တရှိရာသို့ ထွက်ခွါခဲ့လေသည်။

သုနက္ခတ်သည် လိစ္ဆ၀ီမင်းသားတို့ထံလည်း သွားရောက်သတင်းပေးခဲ့သည်။ ဝေသာလီမြို့တွင်းရှိ ဂုဏ်သရေရှိလူကြီးအပေါင်းတို့အားလည်း အကြောင်းကြားသည်။ မင်း၊ ပုဏ္ဏား၊ သူဌေး၊ ကျော်ကြားသော သမဏ၊ ဗြဟ္မဏအားလုံးတို့ကိုလည်း သိစေခဲ့သည်။ ထိုအခါ ဝေသာလီမြို့တွင်း၊ မြို့ပြင်ရှိ များစွာသော လူတို့သည် “ဂေါတမနှင့်ပါထိကပုတ္တတို့ တန်ခိုးပြိုင်ကြမယ်တဲ့၊ ငါတို့တော့ ထူးဆန်းအံ့သြဖွယ်ရာတွေ တွေ့ရတော့မှာပဲ”ဟု ပြောဆိုလျှင် ပါထိကပုတ္တရှိရာကျောင်းသို့ အလျင်အမြန် သွားနေခဲ့ကြလေသည်။ စာထဲတွင် ရောက်လာသောပရိသတ်မှာ အရာအထောင်မက များပြားလှသည်ဟု ဆိုသည်။

ထိုကဲ့သို့ အုတ်အုတ်ကျက်ကျက်ဖြင့် ပရိသတ်များ ဆူသံကို ကြားသောအခါ ပါထိကပုတ္တ အကြောင်းစုံကို သိသွားခဲ့သည်။ သူ့ခေါင်းထဲတွင်လည်း “ဂေါတမ တန်ခိုးပြိုင်ဖို့ ငါ့ဆီ ရောက်နေသတဲ့။ ငါ့တပည့် ငါ့ပရိသတ်တွေလည်း တန်ခိုးပြိုင်ပွဲကြည့်ဖို့ ရောက်နေကြပြီတဲ့။ နာမည်ကြီး ပညာရှိ၊ သူဌေးသူကြွယ်တွေလည်း လာကြည့်ကြသတဲ့”ဟု တွေးပြီး ကြောက်ဒူးတုန်နေခဲ့သည်။ သူနေသောကျောင်းဆောင်တွင် မနေရဲတော့သဖြင့် တိန္ဒူကခါဏု ပရိဗိုဇ်၏ ကျောင်းဆောင်သို့ သွားနေခဲ့သည်။

ပရိသတ်က တဖြည်းဖြည်း ပိုပိုများလာသည်။ “တန်ခိုးပြိုင်ပွဲ မစသေးဘူးလား၊ မစသေးဘူးလား”ဟု မေးသူတွေက မေးလာပြီ။ နောက်ပိုင်းတွင် ပြိုင်ပွဲစဖို့ ပရိသတ်က အမျိုးမျိုး ပြောလာကြသည်။ မြတ်စွာဘုရားရှင်ကလည်း အဆင်သင့်စောင့်နေသည်။ နောက်ပိုင်းအချိန်အတော်ကြာအထိ ရောက်မလာသောအခါ ပရိသတ်က ပါထိကပုတ္တကို သွားခေါ်ဖို့ အမျိုးသားတစ်ယောက်ကို ကိုယ်စားလှယ်ခန့်အပ်လိုက်သည်။

“အချင်း ဆရာကြီး ပါထိကပုတ္တ၊ သင်နှင့်တန်ခိုးပြိုင်ဖို့ ဂေါတမဗုဒ္ဓ သင့်ကျောင်းဝင်းထဲ ရောက်နေပါပြီ”

“အေးအေး…လာခဲ့မယ်၊ လာခဲ့မယ်”

ပရိသတ်ကား အုတ်အုတ်ကျက်ကျက် ဖြစ်လာသည်။ စိန်ခေါ်သူက အခုထိ ထွက်မလာသေး။ “ဆရာကြီး ပါထိက…ထွက်လာပါတော့”ဟူသော အသံများကလည်း ဆူညံလာသည်။ ကောင်းကောင်းမွန်မွန်ပြောပြီးတာတောင် ထိုင်ခုံပေါ်က မထနိုင်သေးသော ပါထိကပုတ္တကို ကြည့်ပြီး စိတ်မရှည်တော့သည်နှင့် “ဘယ်လိုလဲ ပါထိက၊ သင့်တင်ပါးကို ထိုင်ခုံနဲ့ သံမှိုရိုက်ထားတာလား၊ ဒီလောက်တောင် ထိုင်ခုံမှာ ကပ်နေရအောင်”ဟု ကိုယ်စားလှယ်အမျိုးသားက ခနဲ့လိုက်သည်။ မည်သို့ပင် ခနဲ့သော်လည်း ပါထိကသည် သူ့စကားနှင့်သူ အကြပ်ရိုက်နေလေပြီ။

အချိန်တွေ နှောင်းသော်လည်း ပါထိကပုတ္တထွက်မလာသောအခါ “ပါထိကတော့ ရှုံးပြီဟေ့။ ကျောင်းထဲကတောင် မထွက်နိုင်ဘူး”ဟု ပြောဆိုကာ စိတ်ပျက်လက်ပျက်ဖြင့် အိမ်ပြန်ဖို့ ပြင်ခဲ့ကြသည်။ ထိုအခါ ပါထိကအား လေးစားကြည်ညိုသူ လိစ္ဆ၀ီအမတ်ကြီးက “အချင်းတို့ စောင့်ကြပါအုံး။ ကျုပ်ပြောလိုက်ရင်တော့ ပါထိက ထွက်လာကောင်း ထွက်လာနိုင်ပါတယ်။ စောင့်ကြပါအုံး”ဟု ပြောလေသည်။

အမတ်ကြီးသည် ပရိသတ်ကြီးအား ပါထိကအား သူ့ဝိတ်ကို အသုံးပြုကာ အပါခေါ်ခဲ့နိုင်လိမ့်မည်ဟု ယုံကြည်ပြီး ပါထိကပုတ္တဆီ သွားခဲ့လေသည်။ “ဆရာကြီးဘုရား…အခု ပရိသတ်တွေလည်း အတော်များနေပါပြီ။ တန်ခိုးပြိုင်ဖို့ အချိန်ကျပါပြီ။ သာမန်ပြည်သူပြည်သားတွေ၊ ကုန်သည်တွေ၊ သူဌေးတွေ၊ မင်းမှုထမ်းတွေ၊ အမတ်ကြီးတွေ၊ မင်းညီမင်းသားများပါ အားလုံး စုံညီရောက်ရှိနေကြပါပြီ။ တန်ခိုးပြဖို့ အချိန်ကောင်းပါပဲ။ ဒီပရိသတ်ရှေ့မှာ ဂေါတမကို အနိုင်ပြိုင်ပြလိုက်ရင် ဆရာကြီးဟာ ဂေါတမထက် သာလွန်ကြောင်း အားလုံး သိသွားကြပါလိမ့်မယ်။ ဆရာကြီး ကြွဖို့ အချိန်တန်ပါပြီ”ဟု ဆိုလေသည်။ သို့ရာတွင် မထူးခြား။ ပါထိကသည် ထိုင်ခုံနှင့် သံမှိုနှက်ထားသလို နေရာမှ မထ။ ဇောချွေးများပင် စီးကျနေခဲ့သည်။

တစ်ဖန် သြဇာအာဏာအတော်ရှိပုံရသော ဒါရုပတ္တိက၏တပည့် ဇာလိယကလည်း သူခေါ်လျှင် ပါမည်ဟူသော ယုံကြည်ချက်ဖြင့် ပါထိကထံ သွားပြီး အပါခေါ်ဖို့ အားထုတ်ခဲ့သည်။ “ငါ့ရှင်ပါထိက..သင့်ကို ခေါ်လို့မရလျှင် မင်းသားတို့အား ပရိသတ်က အရှင့်ကို ကြိုးဖြင့် ဆွဲခေါ်ဖို့ တိုက်တွန်းလျှင် ကြိုးပင်လည်း ပြတ်၊ ကြိုးမပြတ်လျှင်လည်း သင့်ခန္ဓာကိုယ်သာ ပျက်စီးလိမ့်မည်။ ခရီးတစ်ဝက်ပဲ လိုက်ခဲ့ပါ။ တန်ခိုးမပြိုင်ချင်နေပါ။ လိုက်လာလျှင် သင် အနိုင်။ ဂေါတမအရှုံးပဲ”ဟု ပြောခေါ်လည်း မထူးခြားခဲ့။ “လာခဲ့မယ်၊ လာခဲ့မယ်”ဟုသာ ပြောနေရှာလေသည်။

ထိုအခါ စိတ်မရှည်တော့သော ဇာလိယသည် ပါထိက မခံချိမခံသာဖြစ်စေရန် ပုံပြင်တစ်ပုဒ်ကို ပြောပြ၏။

“ပါထိက ရှေးအခါက တောအုပ်တစ်ခုမှာ အားအစွမ်းနဲ့ပြည့်စုံတဲ့ ခြင်္သေ့မင်းတစ်ကောင် ရှိသတတ်။ တစ်နေ့သောအခါ သူသည် ငါသည် တောသတ္တ၀ါအားလုံးကို အစိုးရသော ခြင်္သေ့မင်းဖြစ်၏။ နေ့ခင်းအခါ အေးဆေးသက်သာစွာနေပြီ ညနေချမ်းအခါတွင် မိမိနေရာမှ ထွက်ခွါပြီး ခြင်္သေ့မင်းတို့၏ ဟောက်သံဖြင့် သုံးကြိမ်ဟောက်အံ့။ ပြီးလျှင် နူးညံ့သော အသားတို့ကို စားအံ့။ ပြီးလျှင် မိမိနေရာသို့ ပြန်သွားကာ အေးဆေးစွာဖြင့် နေအံ့ဟု အကြံဖြစ်၏။ ထိုအကြံအတိုင်းပင် ခြင်္သေ့မင်းသည် ပြုမူလုပ်ဆောင်နေခဲ့၏။

ထိုအခါ ခြင်္သေ့မင်းနေရာ အနီးတွင် အလွန်ဝဖြိုးသော မြေခွေးတစ်ကောင်သည် ရှိသတတ်။ သူကလည်း “ခြင်္သေ့မင်းဆိုတာ ဘာကောင်မို့လို့လဲ။ ငါလည်း သူ့လို တောဘုရင်ပဲ။ နေ့ခင်းအခါ ကောင်းကောင်းနေပြီး ညနေခင်းမှာ အပြင်ထွက်ပြီး သုံးကြိမ်ဟောက်မယ်။ ပြီးလျှင် နူးညံ့တဲ့တောကောင်တွေ စားပြီး အေးအေးဆေးဆေး ပြန်နားနေမယ်”ဟု အကြံဖြစ်၏။ ထိုအကြံအတိုင်း လုပ်ဆောင်ဖို့ အားထုတ်သောအခါ မြေခွေးသည် ခြင်္သေ့မင်းကဲ့သို့ ဟောက်သော်လည်း မြေခွေးသံသာ ထွက်၏”ဟူသော ပုံပြင်ကို ပြောပြ၏။

ပြီးလျှင် “ကဲ ပါထိက ပုံပြင်ထဲက ခြင်္သေ့မင်းက ဘယ်သူလဲ။ ကိုယ့်အခြေအနေကို မသိတဲ့ မြေခွေးယုတ်က ဘယ်သူလဲ”ဟု ရင့်ရင့်သီးသီးပင် ပြောလိုက်သည်။ ထိုသို့ပြောလိုက်သော်လည်း မထူးခြား။ “လာခဲ့မယ်၊ လာခဲ့မယ်”ဟုသာ ပြောနေခဲ့သည်။
ဇာလိယသည် ထိုကဲ့သို့ ရင့်ရင့်သီးသီး ပြောသော်လည်း နေရာမှ မရွေ့ဖြစ်နေသော ပါထိကကို ကြည့်ပြီး ဒေါသထွက်လာသည်။

“သူများနောက်လိုက် အချောင်ကပ်ရပ်ပြီး သူများ စားကြွင်းကို လိုက်စားနေတဲ့ မြေခွေးက သူ့ကိုယ်သူ ခြင်္သေ့လို့ ထင်ရုံမကဘူး၊ သားများဘုရင်လို့တောင် ထင်လိုက်သေးတယ်။ ဘယ်လိုပဲထင်ထင် သူကတော့ ခွေးသံလောက်ပဲ အသံထွက်တယ်။ ဘယ်သူက ခွေး၊ ဘယ်သူက ခြင်္သေ့လဲ။ အခုလဲ သူများ စားကြွင်းလေးစားပြီး ကြီးပွားနေတဲ့ သင်က သင့်ကိုယ်သင် ဘုရားလို့ ထင်လိုက်သေးတယ်။ ဘုရားလို့ ထင်ရုံမကဘူး၊ ဂေါတမမြတ်စွာဘုရားသာ ပြနိုင်တဲ့ တန်ခိုးပြာဋိဟာကို ပြအုံးမယ်လို့ ကြွားလိုက်သေးတယ်။ ကဲ…အခု ဂေါတမမြတ်စွာဘုရား ရောက်နေပြီ။ ထွက်ခဲ့လေ။ တန်ခိုးပြလိုက်စမ်းပါ”ဟု မခံချင်အောင် ပြောလိုက်သည်။ သို့ရာတွင် ထူးမခြားခဲ့။ “လာခဲ့မယ်၊ လာခဲ့မယ်”ဟုသာ ကြောက်ကြောက်လန့်လန့် ပြောနေရှာလေသည်။

ဇာလိယလည်း လက်လျှော့ကာ ပရိသတ်ဆီသို့ သွားပြီး “ပရိသတ်အပေါင်းတို့ ကျုပ်အမျိုးမျိုး ပြောခေါ်သော်လည်း ပါထိကပုတ္တသည် နေရာမှပင် မကြွနိုင်။ သူ ရှုံးပြီထင်ပါတယ်”ဟု ပြောလိုက်လေသည်။

ထိုအခါ မြတ်စွာဘုရားရှင်သည် ပရိသတ်အား မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်းတရားများကို ဟောကြားတော်မူသည်။ ပြီးလျှင် အထက် ထန်းပင် ခုနှစ်ဆင့်တိုက်အောင် မီးလျှံများကို ဖြစ်စေပြီး တန်ခိုးပြသည်။ ထန်းခုနှစ်ဆင့်ပြီးလျှင် နောက်ထပ် ထန်းခုနှစ်ဆင့် ထပ်မံဖန်ဆင်းသည်။ မီးလျှံများကိုလည်း ဖန်ဆင်းပြသည်။ အခိုးငွေ့များကိုလည်း ဖန်ဆင်းပြသည်။ ထိုကဲ့သို့ တန်ခိုးပြပြီးနောက် မဟာဝုန်တော ပြာသာဒ်ကျောင်းသို့ တန်ခိုးဖြင့် ကြွရောက်ခဲ့လေသည်။

အတန်ကြာသောအခါ သုနက္ခတ် ရောက်လာသည်။ မြတ်စွာဘုရားရှင်ရှေ့ ရောက်သောအခါ ဘုရားရှင်က “ကဲ သုနက္ခတ် အရင်က သင် ငါ့ကို တန်ခိုးမပြလို့ ပြောခဲ့ဖူးတယ်။ အခု ပြလိုက်တာ တန်ခိုးမဟုတ်လား”

“ဟုတ်ပါတယ်”

“ဒီလိုဆိုရင် ငါ့ကို တန်ခိုးမပြတတ်ဘူးလို့ စွပ်စွဲတာဟာ ဘယ်လောက်တောင် မှားယွင်းနေသလဲ။ ဘယ်လောက်တောင် မိုက်မဲသလဲ။ ကိုယ့်စိတ်ကို ပြန်စစ်စမ်း”ဟု မိန့်တော်မူလိုက်သည်။

ထိုအကြောင်းအရာများကို ဘဂ္ဂ၀ပရိဗိုဇ်နှင့် ပြောဖြစ်ကြသောအခါ “ဘဂ္ဂ၀ရေ…ငရဲသွားရမယ့် ဒီသုနက္ခတ်ကို ငါလည်း တားလို့ မရပါဘူးကွယ်”ဟု မိန့်တော်မူလိုက်ခဲ့လေသည်။

ဤအကြောင်းအရာများ ရေးပြီးလို့ ဇာတ်လမ်းကို ပြန်လည်သုံးသပ်ကြည့်နေစဉ် ရာဇ၀င်ထဲက ပါထိကပုတ္တကြီးက စိတ်အာရုံထဲမှာ ပေါ်လာသည်။ “ဟေ့..ဟေ့…ဘာပဲပြောပြော သေချာစဉ်းစားပြီးမှ ပြော။ ငါ့လို မဖြစ်စေကြနဲ့နော်၊ ငါလည်း လူတွေ အထင်ကြီးမလားလို့ ပြောလိုက်တာ၊ လူကြားထဲ အရှက်ကို ကွဲရော”ဟု အသံသြသြကြီးဖြင့် ပြောကာ ပျောက်ကွယ်သွားခဲ့လေသည်။

Wednesday, May 19, 2010

မပြောခင် အရင် စဉ်းစား

(၁)



“မပြောခင် အရင် စဉ်းစား”ဟု ခေါင်းစဉ် တပ်လိုက်သည်။ မြတ်စွာဘုရားရှင်နှင့် ဆက်စပ်သောအကြောင်းအရာများကို ဖတ်လိုက်တိုင်း ထုတ်ယူနိုင်သော လက်တွေ့ကျင့်ကြံမှုမရှိသည့်တိုင် အသိအမြင်တွေက အလွန်များသည်။ အကြောင်းဝတ္ထုအသီးသီးတွင် ရည်ရွယ်ချက် အသီးသီး ရှိနေသည်။ ထိုရည်ရွယ်ချက်သို့ ဦးတည်နေသော အကြောင်းဝတ္ထု၊ ဖြစ်ပျက်အခြင်းအရာများတွင် ဂယက်အနက်အသီးသီးကလည်း ကိုယ်စီ ဖြာထွက်နေကြသည်။

ပါထိကပုတ္တတက္ကဒွန်းအကြောင်းကို ဖတ်ရှုရသောအခါ သိလိုက်ရသော အရာများက ခေါင်းထဲသို့ အလျှိုလျှို ၀င်လာကြသည်။ ထိုဝင်လာသော အသိအမြင်များအနက် “မပြောခင် အရင် စဉ်းစား”ဆိုသော ၀ါကျလေးက အသံပိုကျယ်နေခဲ့သည်။ အခြားအရာများထက် ပိုလွန်ကဲနေသော မစဉ်းမစား မဆင်မခြင် ပြောလိုက်သော ပါထိကပုတ္တတက္ကဒွန်း၏ စကားတစ်ခွန်းက ဤခေါင်းစဉ်ကို လက်မ,ထောင်ပြလိုက်သည်။


နေရာတိုင်းတွင် ထင်ပေါ်နေသူ အသီးသီး ရှိနေတတ်သည်မှာ လောကလူ့ရွာ၏ သဘာဝပင်ဖြစ်သည်။ ကမ္ဘာ၊ တိုင်းပြည်၊ မြို့၊ ရွာစသည်အားဖြင့် ကြီးကြီးငယ်ငယ်နေရာဒေသတိုင်းတွင် အများက လေးစားရသူ၊ ဆရာကြီးဟု သမုတ်ခံရသူ၊ အထင်ကြီးခံ အလေးစားခံ ပုဂ္ဂိုလ်များ ရှိသည်။ အချို့မှာ တစ်ကမ္ဘာလုံးအတိုင်းအတာအထိ လေးစားခံရသည်။ အချို့က နိုင်ငံအ၀န်း နာမည်ကြီးသည်။ အားကိုးအားထားပြုခံရသည်။ အချို့က မြို့အတိုင်းအတာ၊ အချို့က ရွာအတိုင်းအတာ…စသည်မှ အစုအဖွဲ့တစ်ခု၊ ကျောင်းစာသင်တန်းတစ်တန်း စသည်တို့အတိုင်းအတာအားဖြင့် အထင်ကြီးခံရသည်။

နေရာအကျယ်အ၀န်းအလိုက် နာမည်ကြီးမှုအခြင်းအရာများ ကွဲပြားနိုင်သော်လည်း ထိုနေရာဒေသတွင်ကား တကယ့် ချီးကျူးအထင်ကြီးဖွယ်ရာ ပုဂ္ဂိုလ်ကြီးပင် ဖြစ်နေပေလိမ့်မည်။ ကမ္ဘာ့ဘာသာကြီးများ၏ ခေါင်းဆောင်များ၊ ပရဟိတအကျိုးဆောင်များ၊ နိုင်ငံခေါင်းဆောင်ကြီးများ…စသော ထင်ပေါ်ကျော်ကြားသူများကဲ့သို့ပင် ဖြစ်လေသည်။

ထိုနာမည်ကျော်ပုဂ္ဂိုလ်အားလုံးတွင် ချီးကျူးဂုဏ်ပြုစရာ လုပ်ဆောင်ချက်များ၊ စွမ်းရည်များ၊ ဂုဏ်ပုဒ်များ အသီးသီး ရှိနေကြသည်။ သို့ရာတွင် ရှိနေသောဂုဏ်ပုဒ်များကို အရှိအတိုင်း သိမြင်လက်ခံပြီး ချီးကျူးဂုဏ်ပြုမှသာ ချီးကျူးလိုက်သော စကားလုံးများနှင့် မိမိတို့ ချီးကျူးဂုဏ်ပြုသူတို့မှာ ဂုဏ်နှင့်ဒြဗ် ဟပ်မိပြီး တင့်တယ်နေပါလိမ့်မည်။ ဥပမာအားဖြင့် သင်္ချာတော်သော ကျောင်းသားကို အင်္ဂလိပ်စာကျွမ်းကျင်မှုဖြင့် ဂုဏ်ပြုနေလျှင် ဂုဏ်နှင့်ဒြဗ် တလွဲစီ ဖြစ်သွားပေမည်။ ပရိယတ္တိကျွမ်းကျင်သော ရဟန်းတစ်ပါးကို ပဋိပတ္တိအားထုတ်မှုနှင့် အမွှမ်းတင်လျှင် သဘာဝမကျပေ။ လူတစ်ယောက်ကို အထင်ကြီးလေးစားတော့မည်ဆိုလျှင် မိမိတို့အနေဖြင့် မိမိလေးစားအထင်ကြီးသည့်အပိုင်းကို လက်မလွှတ်မိဖို့ လိုသည်။ “အလွန်အကျွံ အထင်ကြီးခြင်းနှင့် အလွန်အကျွံ အထင်သေးခြင်း”နှစ်မျိုးစလုံးမှာ ဘေးဥပါဒ် ဖြစ်စေပါသည်။

ပါထိကပုတ္တတက္ကဒွန်းသည်လည်း ၀ဇ္ဖီမင်းသားတို့ အသိုင်းအ၀ိုင်းတွင် တကယ့်ဆရာကြီးပင် ဖြစ်သည်။ အားလုံးက အလေးစားခံရသည်။ အချီးအကျူးခံရသည်။ ၀ဇ္ဖီမင်းသားတို့သည်လည်း သူတို့ဆရာသည်သာ အတော်ဆုံး၊ အကိုးကွယ်ထိုက်ဆုံးဟု လက်ခံထားကြသည်။ သူတို့ဆရာတွင် ချီးကျူးထိုက်သော ဂုဏ်ပုဒ်များ ရှိနေမည်မှာ သေချာသည်။ သို့ရာတွင် အလွန်အကျွံ ချီးကျူးနေမိခြင်းကို သူတို့အနေဖြင့် သတိမပြုနိုင်ခဲ့ကြပေ။ ထိုသို့ သတိမပြုမိခဲ့သောကြောင့် သူတို့ဆရာကြီးကို ဂေါတမမြတ်စွာဘုရားထက်ပင် မြင့်မြတ်သူ၊ ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ယုံကြည်ခဲ့ကြသည်။ ယုံကြည်သည့်အတိုင်းလည်း ချီးကျူးကိုးကွယ်ခဲ့ကြသည်။

လောကတွင် လုံးဝ(လုံးဝ)အချီးအကျူး မခံရဖူးသူဆို၍ တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ပေ။ လူတိုင်းလူတိုင်း ရှုထောင့်တစ်ခုခု၊ အကြောင်းအရာတစ်ခုခုဖြင့် ချီးကျူးခံရဖူးသည်သာ ဖြစ်ပါသည်။ ချီးကျူးခြင်းကို လူတိုင်း ကြိုက်ပါသည်။ မိမိကို ချီးကျူးဂုဏ်ပြုစကားပြောဆိုလျှင် အားလုံးနှစ်သက်သဘောကျသည်သာ ဖြစ်ပါသည်။ သို့ရာတွင် ချီးကျူးဂုဏ်ပြခံပုဂ္ဂိုလ်တို့အနေဖြင့် သတိပြုသင့်သောအချက်ရှိသည်။ ယင်းမှာ အများက ချီးကျူးဂုဏ်ပြုလိုက်သောစကားနှင့် မိမိ၏အခြေအနေ အမှန်တကယ် ဟပ်မိမဟပ်မိ၊ ကိုက်ညီမှုရှိခြင်းမရှိခြင်းပင် ဖြစ်ပါသည်။

ချီးမွှမ်းခြင်း၊ ကဲ့ရဲ့ခြင်းနှင့် စပ်လျဉ်း၍ ဗြဟ္မဇာလသုတ်တွင် မြတ်စွာဘုရား မိန့်မှာသောစကားမှာ အလွန်သတိပြုသင့်သည်။ မြတ်စွာဘုရားက ချီးမွှမ်းစကားနှင့်စပ်လျဉ်း၍ မိမိကို တစ်စုံတစ်ယောက်က မရှိသောဂုဏ်ဖြင့် လာရောက်ချီးမွှမ်းလာလျှင် မိမိမှာ ထိုဂုဏ်မရှိကြောင်း ပြန်လည်ပြောပြရမည်ဖြစ်ကြောင်း၊ မိမိမှာရှိသော ဂုဏ်ကို လာရောက်ချီးမွှမ်းလျှင် လက်ခံသင့်ကြောင်း သို့ရာတွင် ထိုချီးမွှမ်းစကားဖြင့် မြောက်မသွားသင့်ကြောင်း မှာကြားသည်။ ကဲ့ရဲ့ခြင်းနှင့် စပ်လျဉ်း၍လည်း တစ်စုံတစ်ယောက်က မိမိကို မဟုတ်မမှန် လာရောက်စွပ်စွဲကဲ့ရဲ့လျှင် ငြိမ်ခံမနေသင့်ကြောင်း၊ အမှန်အတိုင်းဖြစ်အောင် ပြန်လည်ရှင်းပြသင့်ကြောင်း မိန့်တော်မူထားသည်။

ပါထိကပုတ္တတက္ကဒွန်းသည် ထိုအမြင်၊ ထိုသဘောထားကို နှလုံးပိုက်ခဲ့မိဟန် မတူပေ။ အဘယ့်ကြောင့်ဆိုသော် ကိုးကွယ်သူများက သူ့အား မြတ်စွာဘုရားထက် ပညာအရာ၊ တန်ခိုးအရာတွင် သာလွန်ကြောင်း ချီးမွှမ်းစကားများကို မပယ်ချနိုင်ဘဲ သဘောခွေ့နှစ်ခြိုက်ခဲ့မိသောကြောင့် ဖြစ်လေသည်။ အသေးအမွှားချီးကျူးမှုလေးများဖြင့် ချီးကျူးခဲ့စဉ်က မသိသာခဲ့သော်လည်း အလွန်အကျွံ ချီးမွမ်းမှုများနေခဲ့လျှင်ကား လူသိလျှင် ပြဿနာဖြစ်၊ အရှက်ကွဲရဖို့သာ များလေသည်။

တစ်ရက်က ဖြစ်ပျက်ခဲ့သော ကိုယ်တွေ့အဖြစ်လေးမှာ ရယ်ရခက်ခက်ကြီး ဖြစ်ခဲ့သည်။ ဦးဇင်းတစ်ပါးသည် သူ့ကိုယ်သူ စာအလွန်ဖတ်သည်၊ စာအုပ်မျိုးစုံကို သူဖတ်ရှုထားပြီးပြီဟု ခံယူထားသည်။ သူ့ကိုလေးစားသော သူများကလည်း သူက အရမ်းတော်ကြောင်း၊ တော်တာမပြောနဲ့ စာက အလွန်ဖတ်တဲ့သူဟု အမြဲပြောလေ့ရှိသည်။ တစ်နေ့တွင် ခပ်နောက်နောက် ဦးဇင်းတစ်ပါးက “ဦးစိတ္တ အခု စာရေးနေတယ်ဆို၊ ဘာအကြောင်းတွေ ရေးနေတာလဲ”ဟု မေးလိုက်သည်။
“တပည့်တော် သမိုင်းနဲ့ပတ်သက်ပြီး ရေးနေတာပါ”
“စာအုပ်တွေကော တော်တော်များများ ဖတ်ပြီးပြီလား”
“အာ…ကိုယ်တော်ကလည်း တော်တော်များများ မဟုတ်ဘူး၊ ဒီအကြောင်းနဲ့ပတ်သက်ပြီး အကုန်ဖတ်ပြီးပြီ”
သူကတော့ အားရပါးရဖြေနေသည်။ မေးတဲ့ကိုယ်တော်မျက်နှာက ထေ့ပြုံးလေးကိုတော့ သူမြင်ခဲ့ဟန်မတူ။
“ကဲ ဟုတ်ပြီ၊ ကိုယ်တော်…ဒါဆိုရင် အမရပူရ ဒေါ်ဒေါ်ပု ရေးတဲ့ ပုဂံဆိုတဲ့ စာအုပ်ကော ဖတ်ပြီးပြီလား”
“အော် ဒီစာအုပ်လား၊ ဖတ်ပြီးပြီ”
“ဒါဆိုရင် ရွာဆော်ကြီး မောင်ကြွက်ရေးတဲ့ ပုဂံမင်းများအကြောင်းစာအုပ်ကော ဖတ်ပြီးပြီလား”
“ဒါလည်း ဖတ်ပြီးပြီ”
“အားပါး…ကိုယ်တော် တော်တော့်ကို ဖတ်ထားတာပဲ၊ ဒါဆိုရင် ဟိုစာအုပ်လေးကော ဖတ်ပြီးပြီလား မသိဘူး။ စာရေးဆရာက ရွှေညာသား မောင်ပုလေ၊ ဘာတဲ့ ဟံသာဝတီ ရှာပုံတော်ဆိုလား၊ အဲဒါကော ဖတ်ပြီးပြီလား”
“အာ…တပည့်တော်က သမိုင်းဆိုင်ရာ ရေးနေတာဆိုတာ ဘယ်လွှတ်လို့ ဖြစ်မလဲ၊ ဖတ်ပြီးပြီပေါ့”

ထိုစကားဝိုင်းအပြီး ညနေဖက် စကားပြောကြတော့ တဟားဟားဖြင့် ရယ်မောသံများ ကျယ်လောင်နေခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် အမရပူရ ဒေါ်ဒေါ်ပု၊ ရွာဆော်ကြီး မောင်ကြွက်၊ ရွှေညာသား မောင်ပု ဆိုသော အနှီစာရေးဆရာတို့မှာ အမှန်တကယ် မရှိ။ စိတ်ထဲရှိရာ လျှောက်ပြောလိုက်ခြင်းသာ ဖြစ်သည်။ အမေးခံရသူကလည်း “အဲဒါတော့ တပည့်တော် မဖတ်ရသေးဘူး”ဟု ပြောလိုက်လျှင် သူ့ကို ချီးမွမ်းနေသူတို့ အထင်သေးသွားကြမှာကို စိုးရိမ်နေခဲ့ဟန်ရှိသည်။ ထို့ကြောင့် မေးသမျှစာအုပ်များကို ဖတ်ပြီးပြီဟုသာ ဖြေလိုက်ခဲ့သည်။ ဤသည်မှာ အမြှောက်အပင့် သို့မဟုတ် အချီးအကျူး စကားများကို အလွန်အကြူး သာယာမိသောကြောင့် ဖြစ်လေသည်။

ပါထိကပုတ္တလည်း ထို့အတူပင် ဖြစ်သည်။ ၀ဇ္ဖီမင်းသားတို့၏ ချီးကျူးမှုမှန်သမျှကို လက်ခံထားခဲ့မိသည်။ မိမိမှာ အမှန်တကယ်ရှိသော ဂုဏ်ပုဒ် ဟုတ်မဟုတ် မစဉ်းစားမိခဲ့။ အသာယာကြီး သာယာခဲ့မိသည်။ ထို့အတွက်ကြောင့် သူ့ကို ဂေါတမမြတ်ဘုရားထက်တောင် တန်ခိုးကြီးတယ်ဟု ချီးမွှမ်းလာမှုကို မပယ်ချမိလိုက်ခဲ့ပေ။ မပယ်ချခဲ့သည့်အပြင် “မင်းသားတို့…ဂေါတမကလည်း ဘုရားလို့ ပြောတယ်။ ငါကလည်း ဘုရားပဲ။ ဂေါတမက တန်ခိုးပြာဋိဟာပြနိုင်တယ်လို့ ဆိုတယ်။ ငါကလည်း ပြနိုင်ပါတယ်။ သူသာ တန်ခိုးပြိုင်ဖို့ လာရဲတယ်ဆိုရင် ခရီးတစ်ဝက်ပဲ လာခဲ့ပါစေ၊ ငါကလည်း ခရီးတစ်ဝက်ရောက်အောင် သွားလိုက်မယ်။ ဂေါတမက တန်းခိုး တစ်ခုပြတယ်ဆိုရင် ငါက နှစ်ခု ပြလိုက်မယ်။ သူက နှစ်ခုပြရင် ငါက လေးခု ပြလိုက်မယ်၊ သူက လေးခုပြရင် ငါက ရှစ်ခု ပြလိုက်မယ်။ သူပြတိုင်း ငါက နှစ်ဆတက်ပြီး တန်ခိုးပြလိုက်မယ်”ဟု ပရိသတ်ရှေ့တွင် ပြောလိုက်မိသည်။

ပါထိကပုတ္တသည် မပြောခင် အရင် စဉ်းစားလိုက်ဖို့ ကောင်းသည်။ အဘယ့်ကြောင့်ဆိုသော် သူ့ထံတွင် တန်ခိုးပြာဋိဟာပြနိုင်လောက်သောအရည်အချင်း တကယ်မရှိသည်ကို သူကိုယ်တိုင်က အသိဆုံး ဖြစ်ပေသည်။ သူ့အနေဖြင့် လူအများ၏ရှေ့တွင် ထိုစကားကို ပြောလိုက်ခြင်းအားဖြင့် အထင်ကြီးလေးစားမှုကို ပိုမို ရရှိလိမ့်မည်ဟု ယူဆထားခဲ့မည်မှာ သေချာသည်။ သို့ရာတွင် စကားလုံးက ကြီးလွန်းတော့ အကျိုးဆက်ကလည်း ကြီးမှာ သေချာသည်။ ထိုအကျိုးဆက်ကို သူ ကြိုမမြင်နိုင်ခဲ့ခြင်းမှာ သူ့အတွက် မဟာ့မဟာအမှားကြီး ဖြစ်ချေတော့သည်။

ဆက်လက်ဖော်ပြပါမည်.....

Friday, May 14, 2010

ကန္ဒီသို့ အလည်သွားခြင်း


နိုင်ငံတိုင်းတွင် စိတ်ဝင်စားဖွယ်ကောင်းသော မြို့လေးများ ရှိကြသည်။ မြန်မာနိုင်ငံတွင် ပြင်ဦးလွင်မြို့သို့ အလည်သွားချင်ကြသည်။ ပြင်ဦးလွင်က ရာသီဥတုကောင်းမွန်သည်၊ နောက်ပြီး ပန်းမြို့တော်ဟုလည်း ကျော်ကြားသည်။ မြွေလိမ်မြွေကောက်လမ်းလေးများကို ကားဖြင့်တက်ကာ သွားရသည်မှာ ရင်ခုန်ကြည်နူးဖွယ်ကောင်းလှသည်။ ပြင်ဦးလွင်နှင့် မတူသော်လည်း သီရိလင်္ကာနိုင်ငံတွင် ပြင်ဦးလွင်လို ကြည်နူးဖွယ်ကောင်းသော မြို့လေးတစ်မြို့ရှိလေသည်။ ထိုမြို့ကား ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်တည်ရှိရာ ကန္ဒီမြို့ပင် ဖြစ်လေသည်။

အရင်က ရောက်ဖူးသော်လည်း ကန္ဒီမြို့သို့ အလည်သွားချင်နေသည်မှာ ကြာပြီ။ မည်သည့်အကြောင်းကြောင့်ရယ် မသိ၊ ခဏခဏ ကန္ဒီမြို့သို့ သွားချင်နေသည်။ သို့ရာတွင် ဟိုရက်ရွှေ့ ဒီရက်ရွှေ့ဖြင့် မသွားဖြစ်ခဲ့။ နေရာတစ်ခုတွင် အလုပ်တစ်ခုကို ကြာမြင့်စွာ လုပ်ဆောင်နေလျှင် ငြီးငွေ့သွားတတ်သည်။ ထို့ပြင် အဆင်မပြေမှုများဖြင့် စိတ်များ မွန်းကြပ်လာလျှင်လည်း တစ်နေရာရာသို့ ခရီးသွားချင်စိတ် ဖြစ်တတ်သည်။ ထိုအကြောင်းများကြောင့် ဖြစ်ဟန်တူသည်။


၂၇-ရက်နေ့တွင်တော့ မနက်ဖြန်တော့ သွားဖြစ်အောင် သွားမယ်ဟူ၍ စိတ်ကို ပိုင်းဖြတ်လိုက်သည်။ ကိုလံဘိုသို့ ခဏအလည်ရောက်နေသော သူငယ်ချင်းကို အပူကပ်သည်။ မနက်ဖြန် သွားရအောင်ဟု အဖော်ညှိသည်။ ကန္ဒီက အရင်းနှီးဆုံး သူငယ်ချင်းကိုလည်း ဖုန်းဆက်အကြောင်းကြားသည်။ နောက်တစ်နေ့ ကားဂိတ်သို့ မသွားမီအချိန်အထိ စိတ်က မခိုင်သေး။ ၂၈-ရက်နေ့ ကားဂိတ်သို့ စတင်ထွက်ခါမိသောအခါမှ “ဟေ့…ဃောကြီး ငါ တကယ်သွားဖြစ်ပြီကွ”ဟု အားရပါးရ ပြောမိသည်။ ကန္ဒီသွားရခြင်း၏ ရည်ရွယ်ချက်မှာ အေးချမ်းသော မြို့လေး၏ရင်ခွင်တွင် ခဏတာ ခိုဝင်လိုခြင်းနှင့် ပုံမှန်ဆက်သွယ်နေကျ ကမ္ဘာကို ခဏတာ မေ့ထားလိုခြင်းကြောင့် ဖြစ်လေသည်။

ကန္ဒီအသွား ဘတ်စ်ကားလေးက ၂း၄၀ တွင် စတင်ထွက်ခွါသည်။ ကားပေါ်ရောက်တော့ စိတ်က ပေါ့ပါးသွက်လက်နေသည်။ ဘတ်စ်ကားကြီး၏ နောက်တွင် ငြိတွယ်ကပ်ပါလာသော အရိပ်များကလည်း တဖြည်းဖြည်းချင်း ပျောက်ကွယ်လွင့်ပါးနေခဲ့ကြသည်ဟုလည်း စိတ်က ထင်နေခဲ့သည်။ စိတ်က အလွန်လင်းချင်းနေသဖြင့် သူငယ်ချင်းနှင့် စကားပြောချင်လာသည်။ သို့ဖြစ်၍ ကန္ဒီက သူငယ်ချင်းဆီ ဖုန်းဆက်သည်။ မရခဲ့။ သူက သင်တန်းတက်နေလောက်ပြီဟု ဘေးက သူငယ်ချင်းက ပြောသဖြင့် ဆက်ပြီး မဆက်တော့ဘဲ ပေရာဒေနိယတက္ကသိုလ်က Ph.D ကျောင်းသူကြီး အစ်မ မကေသီစိုးဆီ ဖုန်းဆက်သည်။ ဦးဇင်းလာမည်ဆို၍ သူလည်း ၀မ်းသာကြောင်း ပြောသည်။ အဆင်ပြေလျှင် ရိပ်သာတစ်ခုတွင် ၁၀-ရက်ခန့်ဖြစ်ဖြစ် ၀င်ချင်ကြောင်း စုံစမ်းပေးဖို့ ပြောလိုက်သည်။

ညနေ ၆-နာရီခန့်တွင် အေးချမ်းသော ကန္ဒီမြို့လေးသို့ ရောက်သည်။ သူငယ်ချင်းတို့နေထိုင်ရာ ကျောင်းမှာ တောရကျောင်းဟု ဆိုနိုင်သည်။ ကန္ဒီမြို့သည် တောင်တန်းများ ပတ်လည်ဝိုင်းနေသည်ဖြစ်ရာ ကန္ဒီမြို့အစွန်မှ တောင်ပေါ်သို့ တက်လိုက်သောအခါ သူငယ်ချင်းနေထိုင်ရာ ကျောင်းသို့ ရောက်သည်။ လူသူအရောက်အပေါက်မရှိ။ တိတ်ဆိတ်နေသည်။ ဘေးပတ်လည်မှာလည်း သစ်ပင်းအကြီးကြီးများသာ ရှိသည်။ မျောက်များလည်း ပေါလှသည်။ ကျောင်းဆောင်အသေးလေးများ ဆောက်ထားပြီး တစ်ဆောင်တွင် နှစ်ခန်းထားရှိသည်။ အေးချမ်းစွာ နေလိုသူတို့အတွက် သင့်တော်သော ကျောင်းဆောင်လေးများ ဖြစ်သည်။

နောက်နေ့တွင် သူငယ်ချင်းက သွားခွဲစိတ်ရမည်ဆို၍ ဆေးခန်းသို့ လိုက်ပို့ရသည်။ နောက်ရက်ကျမှ ပေရာဒေနိယတက္ကသိုလ်သို့ သွားဖြစ်သည်။ အစ်မ မကေသီစိုးက ရှယ်ဆွမ်းကပ်မည်ဟု ဆိုသည်။ မနက် ၈-နာရီခန့်တွင် သူငယ်ချင်းနှင့် ပေရာဒေနိယတက္ကသိုလ်သို့ သွားသည်။ ကန်တင်းတွင် မကေသီစိုးကို စောင့်သည်။ ခဏကြာသောအခါ ဆွမ်းချိုင့်များကိုင်ပြီး ရောက်လာခဲ့သည်။ ဆာနေသော ဗိုက်ကို မကေသီစိုး ကြော်လာသော ခေါက်ဆွဲကြော်ဖြင့် ဖြည့်ခဲ့သည်။ ပျော်ပျော်ရွှင်ရွှင်ဖြင့် စကားတစ်ဖောင်ဖောင်ပြောပြီးသောအခါ ၁၀း ၃၀ ခန့်တွင် အဆောင်မှ ထွက်ပြီး တက္ကသိုလ်ပရိဝုဏ်အတွင်း လည်ပတ်ရင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။ ပေရာဒေနိယတက္ကသိုလ်သည် ကြီးကျယ်သလောက် ခမ်းနားမှုလည်း အပြည့်ရှိပါသည်။






ပေရာဒေနိယပရိဝုဏ်အတွင်း ၀င်ရောက်သည်နှင့် ခံစားမှုတစ်စုံတစ်ရာကို ခံစားရသည်ချည်း ဖြစ်သည်။
နောက်တစ်နေ့တွင် ကန္ဒီမြို့တစ်နေရာက သာသနာ့တက္ကသိုလ်မှ ပညာသင်လွှတ်သော ကျောင်းသားဦးဇင်းတစ်ပါးက ဖုန်းဆက်သည်။ သူတို့တက္ကသိုလ်သို့ အလည်လာရောက်ဖို့ ဖိတ်ခေါ်သည်။ နောက်တစ်နေ့ လာခဲ့မည်ဖြစ်ကြောင်း ပြောလိုက်သည်။ ဦးဇင်းကို ဆွမ်းကပ်ချင်လို့ပါဟု ပြောသည်။ သူတို့နေသော နေရာကို ရှီဗားဟု ပြောနေသံ ကြားရသည်။ ယုံချင်ယုံ မယုံချင်နေ ထိုအသံကို ကြားသောအခါ စိတ်က ဟိန္ဒူနတ်ဘုရား “ရှီဝ” ကို ပြေးမြင်သည်။ ရှီဝဟုဆိုသည်နှင့် (မရောက်ဖူးသော်လည်း ပုံထဲက) ဗုဒ္ဓဂယာက လျောင်းတော်မူမြတ်ဘုရားဆင်းတုရှေ့က “ရှီဝ”သင်္ကေတကြီးကို ပြေးမြင်သည်။

နောက်တစ်နေ့အထိ ဒီအမြင်ပဲ ရှိနေသည်။ ညီငယ်များ နေထိုင်ရာ နေရာသို့ရောက်သောအခါမှ “ဘာတဲ့ ငါ့ညီတို့ တက္ကသိုလ် နာမည်က”ဆိုမှ “ဦးဇင်း SIBA လေ၊ Sri Lanka International Buddhist Academy ရဲ့ အတိုကောက်ပေါ့”ဟု ရှင်းပြသည်။ “အော်…ဟုတ်လား၊ ကိုယ်က ဆီဗာဆိုတာ နေတဲ့နေရာ၊ တက္ကသိုလ်က အခြားနာမည်လို့ ထင်နေတာ”ဟု ပြောပြီး ရယ်နေခဲ့ရသည်။ ညီငယ်များချက်သောဆွမ်းကို စားပြီး ခဏနားကာ တက္ကသိုလ်ပရိဝုဏ်သို့ ပျော်ပျော်ပါးပါး သွားလည်ခဲ့ကြသည်။ ညနေ ၃း၃၀ ခန့်တွင် နောင်တစ်ချိန်တွင် သာသနာ့တက္ကသိုလ်၏ ဆရာများ ဖြစ်လာဟန်ရှိသော ညီငယ်လေးများကို နှုတ်ဆက်ရင်း ကန္ဒီမြို့တွင်းသို့ ပြန်လာခဲ့ကြသည်။

တနင်္ဂနွေနေ့တွင် ကန္ဒီမြို့မှ ပြန်လာခဲ့သည်။ ကန္ဒီတွင် စိတ်ရှိလက်ရှိ ကြာမြင့်စွာ နေလိုက်မည်ဟု အားခဲထားသောစိတ်က တာရှည်မခံ။ ၅-ရက်မျှသာ နေလိုက်ခဲ့သည်။ ဓမ္မပဒတွင် မြတ်စွာဘုရားက မခိုင်မြဲသော စိတ်အကြောင်းကို ကုန်းပေါ်သို့ ပစ်တင်ခံရသော ငါးနှင့် ဥပမာပြသည်။ မခိုင်မြဲသော စိတ်ကိုလည်း အေးချမ်းရာတွင် ထားလိုက်လျှင် ငါးကဲ့သို့ စိတ်က ဖျပ်ဖျပ်လူးနေသည်။ “ငါ့စိတ်လည်း ကုန်းပေါ်တင်ခံရတဲ့ ငါးလိုပဲလား”ဟု အကဲဆတ်မိသည်။ ထိုကဲ့သို့ တထစ်ချ ထပ်တူ မနှိုင်းမိသော်လည်း ခိုင်မြဲအောင် ကြိုးစားဖို့ လိုနေသေးသည်ဟုကား ကိုယ့်ကိုကိုယ် သိနေသည်။

ကိုယ့်စိတ်ကို ပြန်ကြည့်ရင်း ငယ်ငယ်က ကြည့်ခဲ့သော ရုပ်သေးရုပ်လေးများကို မြင်ယောင်သည်။ ရုပ်သေးရုပ်လေး လှုပ်နေသည်မှာ သူ့ကို ဆွဲနေလှည့်နေသော ကြိုးလေးများကြောင့် ဖြစ်သည်။ ထိုကြိုးလေးများကို ဖြတ်တောက်လိုက်လျှင် အရုပ်လေးမှာ သူ့အလိုလို ငြိမ်ကျသွားပေလိမ့်မည်။

မည်သို့ဆိုစေ ကန္ဒီခရီးစဉ်တွင် အစစအရာရာ ဖြည့်ဆီးပေးခဲ့သော သူငယ်ချင်းများ၊ SIBA မှ ညီငယ်များနှင့် ပေရာဒေနိယတက္ကသိုလ်မှ အစ်မ မကေသီစိုးတို့ကို ကျေးဇူးတင်သည်။ သူတို့ကြောင့် ကန္ဒီတွင် ပျော်ရွှင်ဖွယ်အချို့၊ အေးချမ်းဖွယ်အချို့ကို ရရှိခဲ့သည်။ ထိုပျော်ရွှင်မှု၊ အေးချမ်းမှုတို့ကို ထိန်းသိမ်းဖို့ကား ကိုယ်မှတစ်ပါး အခြားသူ မရှိနိုင်တော့ပါလေ….။

Thursday, May 13, 2010

စေတနာနှင့် မထိုက်တန်သူများ


အရုဏ်ကျင်း၍ အလင်းရောင် မှိန်ပြပြကို တွေ့မြင်နေရသည်။ အရုဏ်ဦး၏ အလင်းရောင်အောက်တွင် ရဟန်းတော်များသည် မိမိတို့ လုပ်နေကျ လုပ်ငန်းများကို အသီးသီးလုပ်ဆောင်နေကြသည်။ တရားထိုင်ခြင်း၊ တရားဆွေးနွေးခြင်းနှင့် ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများကို ဣနြေ္ဒရရ လုပ်ဆောင်နေကြသည်။ ထိုကဲ့သို့ ဆောင်ရွက်နေကြရင်း အရုဏ်ကျင်း၍ မိုးသောက်ချိန်ရောက်သောအခါ မြတ်စွာဘုရား ဦးဆောင်လျှက် ဥတ္တရကာမည်သော နိဂုံးရွာလေးသို့ ဆွမ်းခံဝင်ခဲ့ကြလေသည်။

နံနက်ခင်းနေရောင်နုနုလေး နောက်ခံဖြင့် မြတ်စွာဘုရားဦးဆောင်သော သံဃာတော်များကို တွေ့မြင်ရသည်မှာ နံနက်ခင်းကို ပိုလို့ ကျက်သရေရှိနေစေခဲ့သည်။ ရွာသူရွာသားများမှာလည်း လှူဖွယ်ဝတ္ထုကိုယ်စီဖြင့် မြတ်စွာဘုရားနှင့် သံဃာတော်များကို မိမိတို့ အိမ်တံခါးဝမှ စောင့်နေခဲ့ပြီး လှူဒါန်းပူဇော်နေကြလေသည်။ နံနက်ခင်း၏ တွေ့မြင်ရသမျှ မြင်ကွင်းတိုင်းမှာ ကျက်သရေရှိလှသည်။ နံနက်ခင်း၏ တည်ငြိမ်အေးမြမှုနှင့် မြင်ကွင်းတို့၏ ကြည်နူးစရာဖြစ်နေပုံတို့မှာ ပဏာရနေခဲ့လေသည်။

တစ်ခုသော မြင်ကွင်းက ကြည့်မြင်ရသူတို့အတွက် အော်ဂလီဆန်စရာ ဖြစ်နေခဲ့လေသည်။ “တောင်းမှာ အကွတ်၊ လူမှာ အ၀တ်”ဆိုသော စကားမှာ သူ့အတွက် မည်သည့်သက်ရောက်မှုမှ မရှိ။ ကိုယ်တုံးလုံးကြီးနေခြင်းအားဖြင့် မိမိကိုယ်ကိုမိမိ အ၀တ်အစားကိုမျှ မခင်တွယ်သူ၊ မည်သည့်အရာကိုမျှ မတွယ်တာသူဖြစ်သည်ဟု ယုံကြည်နေသည်။ လူသားများအနေဖြင့် လူတစ်ယောက်အဖြစ် အဆင့်အတန်းမှီမှီဖြစ်နေဖို့အတွက် အစားအသောက်များကို လူ့ထုံးစံအတိုင်း ပြုပြင်ဖန်တီးပြီး လုပ်ဆောင်စားသောက်ကြသည်။

လူဖြစ်၍ လူလို လမ်းလျှောက်ပြီး လူလို အသက်ရှင်နေကြ၏။ သူ့အတွက်ကား ထိုအခြင်းအရာများလည်း မရှိ။ သူသည် ခွေးများကဲ့သို့ လေးဘက်ထောက်ပြီးသာ သွားလေ့ရှိသည်။ ပန်းကန်၊ ခွက်စသော ထည့်စရာများဖြင့် ပေးသော စားစရာသောက်စရာများကို လက်မခံ၊ မစားသောက်။ အသုံးမပြု။ သူသည် မြေကြီးပေါ်၌ ပုံထားပေးသော အစားအစာကိုသာ ခွေးကဲ့သို့ ပါးစပ်ဖြင့် ဟပ်၍ စားသောက်၏။ သူဆိုသည်မှာ ကောရခတ္တိယတက္ကဒွန်းကြီးပင် ဖြစ်ပါသည်။

မြတ်စွာဘုရားရှင်လက်ထက်က အဆိုပါ တက္ကဒွန်းကဲ့သို့ အ၀တ်မ၀တ်ဘဲ နေထိုင်ခြင်း၊ အစာအငတ်ခံ၍ ကျင့်ခြင်း၊ အိမ်တံခါးကို ကျော်လွန်ပြီး ယူလာသော အစားအသောက်ကို လက်မခံခြင်း၊ ဆံပင်ချည်ကိုသာ ၀တ်၍နေခြင်း၊ ရေအေးကို မသုံးဆောင်ခြင်း….စသော အမျိုးမျိုးသော အကျင့်ထူးအကျင့်ဆန်းများကို ကျင့်ကြသူ ရသေ့၊ ပရိဗိုဇ်များ အလွန်ပေါများခဲ့လေသည်။ မည်သို့သောအကြောင်းဖြင့် ဖြစ်စေ သူတို့သည် ကိုယ်ယုံကြည်ရာလမ်းစဉ်အတိုင်း သူတို့မျှော်မှန်းထားသော ရည်မှန်းချက်ပန်းတိုင်ကို ရောက်ချင်လွန်း၍ အားထုတ်နေကြသူများသာ ဖြစ်လေသည်။

အချို့မှာ အကျင့်က မှားနေသော်လည်း သူတို့၏ စိတ်ဓာတ်မှာ လွတ်မြောက်လိုမှုဖြင့် ဖြူစင်နေကြသည်။ အချို့မှာ လူတို့ထံမှ လာဘ်လာဘများကို လိုချင်သောကြောင့် ထူးထူးဆန်းဆန်း ကျင့်ကြခြင်း ဖြစ်သော်လည်း အချို့မှာ မည်သည့်ရလိုမှုမျှ မရှိဘဲ ပကတိ ကျင့်လိုသောစိတ်ဓာတ်ဖြင့်သာ ကျင့်နေကြလေသည်။

ထိုပုဂ္ဂိုလ်များအနက် ကောရခတ္တိယကား လူအများ၏ ကြည်ညိုလေးစားမှု၊ အထင်ကြီးမှုကို ရယူလိုသောကြောင့် လူမြင်ကွင်းတွင် အ၀တ်အစားဗလာဖြင့် အစားအသောက်များကို မြေကြီးပေါ်ပုံပြီး ခွေးကဲ့သို့ လေးဘက်ထောက် စားနေခဲ့လေသည်။ အချို့လူများမှာ ထူးထူးဆန်းဆန်းမြင်ကွင်းကို ကြည့်နေကြသော်လည်း မြတ်စွာဘုရားရှင်၏ တပည့်ဒကာဒကာမများအတွက်ကား အော်ဂလီဆန်စရာ မြင်ကွင်း ဖြစ်နေလေသည်။

မြတ်စွာဘုရားရှင်၏နောက်မှ လိုက်ပါလာသော ရဟန်းတော်များကလည်း သူ၏ မှားယွင်းသောအကျင့်ကို တွေ့မြင်ပြီး ကရုဏာသက်နေခဲ့ကြသည်။

လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသကဲ့သို့ အများစုက ရှက်ဖွယ်အကျင့်ဟု ယူဆနေကြသော်လည်း တစ်ယောက်သောသူကား “အ၀တ်မ၀တ်ဘဲ နေနိုင်လေစွ၊ အစားအသောက်ကိုလည်း ခွေးကဲ့သို့ လေးဘက်ထောက်ပြီး စားနေသည်မှာ အံ့သြဖွယ်ကောင်းလေစွ၊ ထိုသူကမှ တကယ့်ရဟန္တာဖြစ်လိမ့်မည်”ဟု အထင်ကြီး လေးစားသောစိတ်ဖြင့် ကြံစည်နေသူ တစ်ဦး ရှိလေသည်။ ထိုသူမှာ လိစ္ဆ၀ီမင်းသားတစ်ဖြစ်လဲ သုနက္ခတ်ရဟန်းပင် ဖြစ်လေသည်။

သူမည်မျှပင် ဆိုးသွမ်းနေသော်လည်း မြတ်စွာဘုရားရှင်သည် သူ့အပေါ်တွင် စေတနာမေတ္တာဖြင့် နည်းပေးလမ်းပြ ပြုလုပ်ပေးနေခဲ့သည်။ အရင်တစ်ခါကလည်း မြတ်စွာဘုရားရှင်ကို ကလန်ကဆန်လုပ်ပြီး ထွက်ခွါသွားခဲ့သည်။ ယခုလည်း မြတ်စွာဘုရားရှင်၏ နောက်တော်ပါးတွင် လိုက်ပါလာရသော်လည်း အ၀တ်မ၀တ်ဘဲ ခွေးလိုကျင့်နေသူကို တကယ့်ရဟန္တာအစစ်ဟု ကြံစည်ယူဆနေခဲ့သည်။

လောကတွင် စေတနာဖြင့် နည်းပေးလမ်းပြပေးခြင်းသည် အချို့သူတို့အတွက် လမ်းမှန်ပေါ်သို့ ရောက်သွားစေနိုင်သော်လည်း အချို့အတွက်မူကား အကျိုးမထူးလှချေ။ “စေတနာသည် လူတိုင်းနှင့် မထိုက်တန်”ဆိုသောစကားမှာ ထိုလူမျိုးများနှင့် တွေ့ဆုံဖူး၍ ဆိုကြသောစကား ဖြစ်ပေလိမ့်မည်။ လောကလူသားများအနေဖြင့် လူကောင်းဖြစ်စေ၊ လူဆိုးဖြစ်စေ မိမိအပေါ် စေတနာဖြင့် ပြုလုပ်ဆောင်ရွက်ပေးခြင်းများကို ကြုံတွေ့ရတတ်သည်။ ပုထုဇဉ်လူသားများဖြစ်၍ မိမိအပေါ်တွင် အမြဲတမ်း တစ်သက်တာလုံး စေတနာဖြင့် ပြုလုပ်ဆောင်ရွက်ပေးလိမ့်မည်ဟု တထစ်ချ ယူဆထား၍ မရချေ။ သို့ဖြစ်၍ မိမိအပေါ် စေတနာထားချိန်တွင် မိမိက အကျိုးရှိရှိ လက်ခံထားနိုင်ဖို့ အရေးကြီးလေသည်။

သုနက္ခတ်ရဟန်းသည် မြတ်စွာဘုရားရှင်က စေတနာမေတ္တာဖြင့် လမ်းညွှန်ဆုံးမမှုကို မည်သည့်အခါမျှ လက်ခံခြင်း မရှိခဲ့။ အားလုံးကို ဆန့်ကျင်ပယ်ချပစ်ခဲ့သည်သာ ဖြစ်လေသည်။

အခုလည်း မြတ်စွာဘုရားရှင်၏ နောက်တော်မှ လိုက်ပါနေရသော်လည်း “အို အဆွေတို့…. လေးဘက်ထောက်လျှက် မြေ၌ချထားသော အစာကို ပါးစပ်ဖြင့်သာ ဟပ်၍စားနေသော ထိုရဟန်းကား ချီးမွမ်းအံ့သြဖွယ်ရှိလေစွတကား”ဟု ကြံစည်နေခဲ့၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုအကြံကို သိသဖြင့် လမ်းမှားမရောက်စေလိုသဖြင့် “အလကားကောင် သုနက္ခတ်၊ ဒီလို တွေးနေပြီး မြတ်စွာဘုရားရှင်၏ တပည့်သာဝကလုပ်နေသေးတယ်”ဟု ခပ်နာနာ မိန့်တော်မူလိုက်သည်။

“အရှင်ဘုရား…ဘာဖြစ်လို့ တပည့်တော်ကို အဲဒီလို ပြောရတာလဲ”

“သင်ပဲ ခွေးတစ်ကောင်လို ကျင့်နေတဲ့ ကောရခတ္တိယကို သင့်စိတ်ထဲမှာ ချီးမွမ်းအံ့သြနေတယ် မဟုတ်လား”

“အော်…ချီးမွမ်းထိုက်လို့ ချီးမွမ်းတာလေ၊ ဘာလဲ အရှင်ဘုရားက သူ့တရားကို မနာလို ဖြစ်နေတာလား”

လိစ္ဆ၀ီမင်းသားတစ်ဖြစ်လဲ သုနက္ခတ်ရဟန်း၏ မြတ်စွာဘုရားအပေါ် တုန့်ပြန်ပြောဆိုပုံမှာ အလွန်အံ့သြစရာ ကောင်းပါသည်။ လမ်းမှန်ပေါ် ရောက်စေချင်လို့ လမ်းမမှားစေချင်လို့ လမ်းညွှန်နေသူကို “အရှင်ဘုရားက မနာလို ဖြစ်နေတာလား”ဟု တုန့်ပြန်သည်။ “အော် မြတ်စွာဘုရားတောင်မှ ဒီလို အပြောခံရပါလား”ဟု တွေးမိတော့ ထိုကဲ့သို့ ကိုယ့်ကို အပြောခံရစဉ်က နာကျင်မှုလေးများမှာ ပြယ်လွင့်ကုန်ခဲ့ကြသည်။

ထိုအပြောမျိုးမှာ လူတိုင်းလိုလို အပြောခံခဲ့ကြရဖူးပါလိမ့်မည်။ ကိုယ်တိုင်အတွေးဖြင့် မှန်သည်ဟု လုပ်ဆောင်နေသောအရာများသည် လက်တလောကောင်းသည်ဟု ထင်ရသော်လည်း တစ်ခါတစ်ရံ မှားယွင်းနေတတ်သည်။ သို့ရာတွင် မိမိကိုယ်တိုင်က ထိုမှားယွင်းမှုကို သတိမပြုမိ၊ ကိုယ့်အပေါ်တွင် စေတနာထားသူက မြင်နေတတ်သည်။

အခုလည်း သုနက္ခတ်က မြတ်စွာဘုရားကို ဘေးမှာထားပြီး ခွေးလိုကျင့်နေသူကို တကယ့်ရဟန္တာဟု ထင်မှတ်နေခဲ့သည်။ ထိုအမှားကို ထောက်ပြဖို့ အားထုတ်သော မြတ်စွာဘုရားကို “မနာလို”လို့ပြောသည်ဟု ထပ်ပြီး မှားယွင်းခဲ့လေသည်။

“သုနက္ခတ်…..ကောရခတ္တိယရဲ့ အရဟတ္တဖိုလ်ကို ငါ မနာလိုလို့ ပြောတာမဟုတ်၊ သင့်မှာ အယူမှား ၀င်နေလို့ ပြောတာဖြစ်တယ်။ အဲဒီအယူမှားကို စွန့်လိုက်ပါတော့။ သင်ကသာ ချီးမွမ်းနေတယ်။ အဲဒီ ကောရခတ္တိယဟာ ဒီနေ့ကနေ ၇-ရက်မြောက်ရင် စားပိုးနင့်ပြီး သေလိမ့်မယ်၊ သေပြီးရင် ဘာဖြစ်မယ် ထင်သလဲ”

“ရဟန္တာပုဂ္ဂိုလ်ကြီးသေတာဆိုတော့ ဘ၀လွတ်မြောက်ရာကို ရောက်မှာပေါ့”

“မဟုတ်ဘူး သုနက္ခတ်….အသုရာဘုံထဲက အနိမ့်ဆုံး ကာလကဉ္စိကာအသုရာကြီး ဖြစ်လိမ့်မယ်”

“အရှင်ဘုရားပြောတာ မဖြစ်နိုင်ပါဘူး။ မယုံပါဘူး”

“မယုံရင်တော့ သင် စောင့်ကြည့်လိုက်ပေါ့”

မြတ်စွာဘုရားထံမှ ထိုစကားကို ကြားပြီးနောက် သုနက္ခတ်သည် မြတ်စွာဘုရားစကား မှားယွင်းစေဖို့ ကြံစည်အားထုတ်လေတော့သည်။ မြတ်စွာဘုရားနှင့် စကားပြောပြီး ကျောင်းရောက်လို့ ဆွမ်းစားပြီးသောအခါ ချက်ချင်းပင် ကောရခတ္တိယတက္ကဒွန်းကြီးထံသို့ သွားလေသည်။

“အရှင်ကောရခတ္တိယ….သင့်ကို ဂေါတမက ၇-ရက်မြောက်လျှင် စားပို့နင့်ပြီး သေမယ်လို့ ပြောနေတယ်။ သေပြီးနောက်မှာလည်း ကာလကဉ္စိက အသုရာဘုံမှာ ဖြစ်မယ်လို့ ပြောနေတယ်”

“ဟုတ်ပါပြီ၊ အဲဒီတော့ ကျုပ်က ဘာလုပ်ရမှာလဲ”

“ကျုပ်တို့ ဂေါတမရဲ့စကားမှားအောင် လုပ်ရမယ်”

“ဘယ်လို လုပ်ရမှာလဲ”

“စားပို့နင့်ပြီး သေမယ်လို့ ပြောတာဆိုတော့ သင်က အစားကို လျှော့စားပေါ့၊ ရေကိုလည်း လျှော့သောက်ပေါ့၊ အဲဒီလိုသာနေရင် သင်ဟာ ဘယ်လိုလုပ် စားပိုးနင့်ပြီး သေပါ့မလဲ”

“ဟုတ်ပါပြီဗျာ၊ ကျုပ် လျှော့စားမယ်၊ လျှော့သောက်မယ်”

သုနက္ခတ်သည် “မြတ်စွာဘုရားစကား မှားတော့မယ်”ဟု တွေးပြီး ကြိတ်ပီတိတွေ ဖြစ်နေခဲ့လေသည်။ စိတ်ကလည်း နေ့စဉ်နေ့တိုင်း ၇-ရက်ပြည့်မည့်နေ့ကို စောင့်နေခဲ့သည်။ ၇-ရက်ပြည့်သောအခါ မြတ်စွာဘုရားမိန့်တော်မူသည့်အတိုင်း ကောရခတ္တိယသည် စားပိုးနင့်ပြီး သေဆုံးခဲ့လေသည်။

သုနက္ခတ်သည် ကောရခတ္တိယ စားပိုးနင့်ပြီးသေသည့်သတင်းကို ရသည့်တိုင် မြတ်စွာဘုရားကို အထင်မကြီးခဲ့ပေ။ “စားပိုးနင့်ပြီး သေတာတော့ ဟုတ်ပါပြီ၊ အသုရာဘုံမှာဖြစ်မယ်ဆိုတာတော့ ဟုတ်ချင်မှ ဟုတ်မှာပါ”ထင်နေခဲ့သည်။ သို့ဖြစ်၍ ကောရခတ္တိယသေဆုံးသောနေရာသို့ သွားခဲ့သည်။ အလောင်းကို တွေ့သောအခါ လက်ဖြင့်ပုတ်ပြီး “သင် မည်သည့်ဘုံမှာ ရောက်နေသနည်း”ဟု မေးသည်။

အလောင်းကောင်ကြီးသည် ထလာပြီး “အသုရာဘုံရဲ့ အနိမ့်ဆုံး ကာလကဉ္စိကာဘုံမှာ ရောက်နေပါတယ်”ဟုပြောပြီး ပြန်လဲကျသွားခဲ့လေသည်။ သုနက္ခတ်လည်း သူ့အကြံအစည်များ မှားယွင်းခဲ့သည်ကို သိမြင်ပြီး ခေါင်းငိုက်စိုက်ဖြင့် ကျောင်းသို့ ပြန်ရောက်ခဲ့သည်။

မြတ်စွာဘုရားရှင်သည် သုနက္ခတ်ရဟန်း အမြင်မှန် ရလိုရငြားဖြင့် “သုနက္ခတ်….ငါဘုရား ပြောခဲ့တဲ့အတိုင်း မှန်ရဲ့လား ဒါမှမဟုတ် တလွဲဖြစ်နေလား”ဟု မေးလေသည်။

“မှန်ပါတယ်၊ တလွဲမဖြစ်ပါ”

“ကဲ….ငါဘုရား ဒီလိုပြောတာဟာ တန်ခိုးပြာဋိဟာပြတယ်လို့ မဆိုနိုင်ဘူးလား” (ရှေ့ဆောင်းပါးတွင် တန်ခိုးမပြလို့ဆိုပြီး မြတ်စွာဘုရားကို ဆရာအဖြစ်မှ စွန့်လွှတ်ခဲ့သည်)။

“ဆိုနိုင်ပါတယ်”

“ကဲ…ဒီလိုဆိုရင် သင် ဘယ်လောက်မှားယွင်းနေသလဲဆိုတာ သိပါတော့၊ ကိုယ့်အပြစ်တွေကို သေချာကြည့်စမ်းပါ”ဟု ဆုံးမလေသည်။

အထက်ပါအကြောင်းအရာများကို ဘဂ္ဂ၀ပရိဗိုဇ်နှင့် ပြောဆိုဖြစ်ကြသောအခါ “ဘဂ္ဂ၀ရေ…ငရဲသွားမယ့် ဒီသုနက္ခတ်ကို ငါဘုရားလည်း တားလို့ မရပါဘူးကွယ်”ဟု ကရုဏာသက်သက်ဖြင့် မိန့်တော်မူခဲ့လေသည်။

ဤ၀တ္ထုကို ဖတ်ပြီးသောအခါ မြတ်စွာဘုရားရှင်၏ ပြည့်လျှံနေသော စေတနာမေတ္တာများနှင့် ထိုစေတနာမေတ္တာများကို လုံးလုံးလျားလျား မျက်ကွယ်ပြုနိုင်စွမ်းသော သုနက္ခတ်တို့၏ ပုံရိပ်များမှာ ထင်ရှားလာနေခဲ့ပြီး “စေတနာနှင့် မထိုက်တန်သူများ”ဟူသော စကားလေးကို ကြားယောင်နေမိခဲ့လေသည်။

Monday, May 10, 2010

မြင်းကို အတင်းရေသောက်ခိုင်း၍ မရ သို့မဟုတ် သုနက္ခတ်


ဆရာမြသန်းတင့်၏ လမင်းကို ထရံပေါက်မှ ချောင်းကြည့်ခြင်း စာအုပ်တွင် အထက်ပါ “မြင်းကို အတင်းရေသောက်ခိုင်း၍ မရ”ဆိုသော စကားကို တွေ့ခဲ့ရသည်။ အခြား စာရေးဆရာအတော်များများလည်း ကိုးကားအသုံးပြုကြသည်။ စာဖတ်ဝါသနာမပါသူကို အတင်းစာဖတ်ခိုင်း၍ မရ၊ ဘာသာရေး စိတ်မ၀င်စားသူကို ဘုရားတရားအကြောင်း အတင်းနှလုံးသွင်းခိုင်း၍ မရ…စသော အဓိပ္ပာယ်များကို ယူဆနိုင်သည်။

လူဆိုသည်မှာ သံသရာနှင့်ချီပြီး ခရီးသွားနေရသူများဖြစ်၍ ဤဘ၀၊ ဤခန္ဓာနှင့်အတူ ဖြစ်ပေါ်လာသော စိတ်ဓာတ်၊ ဗီဇ၊ အတွေးအခေါ်အခြေခံတို့ကို တစ်ဘ၀စာအခြေအနေများဟု သုံးသပ်၍ မဖြစ်။ လူတို့၏စိတ်ဓာတ်သည် ဘ၀ပေါင်းများစွာတွင် ကိုယ်တိုင်ဖြည့်ဆီးလုပ်ဆောင်ခဲ့သော အခြေအနေအရပ်ရပ်ပေါ်တွင်လည်း များစွာ အခြေတည်နေခဲ့လေသည်။ လူတစ်ဦးတစ်ယောက်၏ စိတ်ဓာတ်တွင် မကောင်းသောအကျင့်စရိုက်အလွှာများ သံသရာနှင့်ချီပြီး ထူထပ်ပိတ်သည်းနေလျှင် ရှင်းလင်းဖို့ ခက်သည်။ ပြုပြင်ဖို့ ခက်သည်။

လောကတွင် တစ်ယူသန်၊ တဇွတ်ထိုးဟု သမုတ်ခံရသူများ ရှိသည်။ ထိုသူတို့သည် သူတို့ ၀ါသနာပါရာ၊ ယုံကြည်ရာအလုပ်များကို မည်သည့်အရာကိုမျှ ဂရုမစိုက်၊ အလေးမထား၊ သူတို့အလေးထားသည်မှာ သူတို့ယုံကြည်စွာ လုပ်ဆောင်နေသောအရာ အကောင်အထည်ပေါ်ဖို့ပင် ဖြစ်လေသည်။ ထိုစိတ်ဓာတ်မှာ ကောင်းသည့်နေရာဖြစ်နေလျှင် သူ့အတွက် အောင်မြင်ဖို့ရာ သေချာသလောက် ရှိသည်။ မကောင်းသည့်ဘက်တွင် တစ်ယူသန်တဇွတ်ထိုးနေလျှင်ကား ပျက်စီးဖို့ရာသာ ရှိလေသည်။ သို့ဖြစ်၍ တစ်ယူသန်ပုဂ္ဂိုလ်ဖြစ်လျှင်သော်မှ အကောင်းဘက်တွင် သန်နေဖို့ လိုအပ်လှသည်။ တစ်နည်းအားဖြင့် တစ်ယူသန်နေခြင်းက အပြစ်မဟုတ် တဇောက်ကန်းမဖြစ်ဖို့သာ အရေးကြီးလေသည်။

မြတ်စွာဘုရားရှင်လက်ထက်က လိစ္ဆ၀ီမင်းသားတစ်ဖြစ်လဲ သုနက္ခတ်ရဟန်းသည် မကောင်းသည့်ဘက်တွင် တစ်ယူသန်တဇောက်ကန်းနေသူ ဖြစ်သည်။ သူသည် ဘုရားရှင်လက်ထက်တွင် လူဖြစ်လာရသည်။ လူဖြစ်လာရရုံမက မြတ်စွာဘုရားအနီးတွင် ရဟန်းဖြစ်ခွင့်ရသည်။ သို့သော်လည်း သူ့ကို ဘုရားပင် ချွတ်၍မရခဲ့။
တစ်နေ့တွင် မြတ်စွာဘုရားရှင်သည် နံနက်စောစော သင်္ကန်းရုံပြီး အနုပိယနိဂုံးသို့ ဆွမ်းခံဝင်ခဲ့လေသည်။ လမ်းရောက်မှ “အော် ဆွမ်းခံချိန်က စောနေသေးတယ်၊ အချိန်ရတုန်း ဘဂ္ဂ၀ပရိဗိုဇ်ရဲ့ကျောင်းသွားပြီး စကားလေးဘာလေး သွားပြောအုံးမှ”ဟု စဉ်းစားမိခဲ့သည်။ ဘဂ္ဂ၀ပရိဗိုဇ်လည်း မြတ်စွာဘုရား ကျောင်းတွင်းဝင်လာသည်ကို တွေ့သောအခါ “အော် အရှင်ဂေါတမ… ဒီကို မလာတာလည်း ကြာလှပေါ့၊ အခုမှပဲ လာတော့တယ်နော်၊ ထိုင်ပါအုံး”ဟု နှုတ်ဆက်သည်။

နှုတ်ဆက်စကားများပြောပြီးသောအခါ “ဒါနဲ့ အရှင်ဘုရားတပည့် သုနက္ခတ် ရဟန်း ကျွန်ုပ်ဆီ လာလည်သွားပြီး သူက အရှင်ဘုရားဆီမှာ တပည့်မလုပ်တော့ဘူး၊ အရှင်ဘုရားကို စွန့်ခဲ့ပြီလို့ ပြောပါတယ်၊ အဲဒါ ဟုတ်သလား”ဟု မေးလေသည်။

“ဟုတ်ပါတယ် ဘဂ္ဂ၀”

“အော်…ဘယ်လို ဖြစ်တာလဲ၊ ရှင်းပါအုံး”

ထိုအခါ မြတ်စွာဘုရားသည် သုနက္ခတ်ရဟန်းနှင့် အပြန်အလှန် ပြောဖြစ်ခဲ့ပုံများကို ပြန်လည်ဖောက်သည်ချလေသည်။
တစ်နေ့သောအခါ သုနက္ခတ်ရဟန်းသည် မြတ်စွာဘုရားထံ သွားရောက်ပြီး “အရှင်ဂေါတမ…သင့်ကို ကျွန်ုပ် စွန့်လိုက်ပြီ၊ သင့်ကို ကျွန်ုပ်ဆရာလို့ မသတ်မှတ်တော့ပါ”ဟု ဆိုလေသည်။

ထိုအခါ မြတ်စွာဘုရားက “သုနက္ခတ် သင် ငါ့ဆီကို လာတုန်းက …သုနက္ခတ် လာခဲ့၊ ငါ့ကို ဆရာလို့ သတ်မှတ်ပါ…လို့ ပြောဖူးလို့လား”ဟု မေးသည်။

“မဆိုဖူးပါ”

“ဒီလိုဖြင့် သင် လာတုန်းကလည်း …မြတ်စွာဘုရား အရှင်ဘုရားကို ဆရာအဖြစ် သတ်မှတ်ပါတယ်..လို့ သင် ဆိုခဲ့လို့လား”

“မဆိုခဲ့ပါ”

“ဒီလိုဆိုရင် ငါကလည်း သင့်ကို ငါ့တပည့်လုပ်ပါလို့ မပြောခဲ့ဘူး၊ သင်ကလည်း ငါ့ကို ဆရာအဖြစ် မရည်ညွှန်းခဲ့ဖူးလျှင် သင်က ဘာကို စွန့်မှာလဲ၊ အလကား သုနက္ခတ်၊ သင် ဘယ်လောက် မိုက်မဲသလဲဆိုတာ ကြည့်စမ်း”

ထိုအခါ သုနက္ခတ်သည် “အရှင်က ကျွန်ုပ်ကို တန်ခိုးပြာဋိဟာမှ မပြဘဲ”ဟု အထွန့်တက်လေသည်။ မြတ်စွာဘုရားက “သုနက္ခတ် သင့်ကို …သုနက္ခတ် လာခဲ့၊ ငါ့ကို ဆရာလို့ သတ်မှတ်၊ သင့်ကို တန်ခိုးပြာဋိဟာပြမယ်..လို့ ကတိပေးဖူးသလား”ဟု မေးသည်။

“မပေးဖူးပါဘူး”

“တန်ခိုးပြာဋိဟာ ပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ ငါဟောထားတဲ့တရားတွေကို အသေအချာကျင့်တဲ့သူတွေဟာ ဆင်းရဲဒုက္ခတွေ ကုန်ဆုံးစေနိုင်တယ် မဟုတ်လား”

“ဟုတ်ပါတယ်”

ထိုအခါ သုနက္ခတ်သည် “သင်က ကျွန်ုပ်ကို လောကရဲ့အစ အဂ္ဂညတရားကို ဘာဖြစ်လို့ မဟောတာလဲ”ဟု အထွန့်တက်ပြန်သည်။
“အော် သုနက္ခတ်….အရင်တုန်းက ..သုနက္ခတ် လာခဲ့၊ သင့်ကို လောကရဲ့အစ အဂ္ဂညတရားကို ငါဟောမယ်..လို့ ပြောဖူးသလား”

“မပြောဖူးပါဘူး”

“အလကား သုနက္ခတ်…အဲဒီလို မပြောဖူးဘူးဆိုရင် အခုမှလာပြီး အဂ္ဂညတရားကို မဟောလို့ ငါ့ကို စွန့်ခွါမယ်လို့ ပြောတာဟာ မဖြစ်သင့်ဘူး၊ လောကရဲ့အစကို သိသိ မသိသိ ငါဟောထားတဲ့တရားကို သေချာကျင့်သူတွေဟာ လောကဆင်းရဲ့တွေရဲ့ ကုန်ဆုံးရာကို ရောက်စေနိုင်တယ် မဟုတ်လား”

“ရောက်စေနိုင်ပါတယ်”

အထက်ပါအတိုင်း မြတ်စွာဘုရားနှင့် စကားအခြေအတင် ပြောပြီးသောအခါ သုနက္ခတ်သည် မြတ်စွာဘုရားကို စွန့်ခွါသွားခဲ့လေသည်။
ဘဂ္ဂ၀ပရိဗိုဇ်လည်း မြတ်စွာဘုရား ပြန်ပြောနေပုံကို အသေအချာ နားထောင်နေခဲ့လေသည်။ မြတ်စွာဘုရားရှင်က “ဘဂ္ဂ၀ပရိဗိုဇ်…အရင်က ဒီ သုနက္ခတ်ရဟန်းဟာ ငါဘုရား၊ ငါဟောတဲ့တရားနဲ့ ငါ့တပည့်သံဃာများအကြောင်း နေရာအနှံ့ ချီးမွှမ်းခဲ့ဖူးတယ်။ အခုမှသာ မိုက်မဲတဲ့စကားတွေ ငါ့ကို လာပြောနေခဲ့တာ၊ ဒီလိုပါပဲ ငရဲသွားဖို့ ဆုံးဖြတ်ထားတဲ့သူကို ငါလည်း တားလို့ မရပါဘူး”ဟု မိန့်တော်မူခဲ့လေသည်။

မြတ်စွာဘုရားနှင့် သုနက္ခတ်တို့၏ ဒိုင်ယာလော့ဂ်ျမှာ စိတ်ဝင်စားဖွယ်ရာ များစွာမရှိသော်လည်း ဗုဒ္ဓဘာသာ၏သဘောထား၊ ခံယူချက်၊ လူတို့၏ အကျင့်စရိုက်၊ သမိုင်းထဲက ဗုဒ္ဓဘာသာ၏ အနေအထား၊ မြတ်ဗုဒ္ဓနှင့် သူ၏ခေတ်ပြိုင်ဆရာများ ဆက်ဆံရေး စသော တန်ဖိုးများကို ကောက်ချက်ဆွဲ သိရှိနိုင်လေသည်။

အနီးစပ်ဆုံးအနေဖြင့် ဤဇာတ်လမ်းကို ဖတ်ရှုပြီး သင်္ခန်းစာတော့ ထုတ်ယူနိုင်သည်။ သုနက္ခတ်သည် အမှန်တရားကို မျက်ကွယ်ပြုကာ ထွက်ခွါသွားခဲ့သည်။ လောကတွင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ကျွန်ုပ်တို့အနေဖြင့် အကြောင်းပြချက်လေးတော့ ရှိသင့်ပါသည်။ ကောင်းသည့်အရာလုပ်လျှင်လည်း အကြောင်းပြချက် ရှိရမည်။ အခြေအနေတစ်ခုကြောင့် မကောင်းသည့်အရာလုပ်လျှင်သော်မှ အကြောင်းပြချက်ရှိမှ အဓိပ္ပာယ်တစ်စုံတရာ ရှိနိုင်လေသည်။ ကောင်းကောင်းမကောင်းကောင်း လုပ်မယ်ဟု ဆုံးဖြတ်လုပ်ဆောင်သူကို တစ်ယူသန်တဇွတ်ထိုးသမားဟု ခေါ်ပြီး မည်သည့်အကြောင်းမှ မရှိဘဲ (အကြောင်း၊ အကျိုး ဘာကိုမျှ မသိဘဲ) မကောင်းသည့်အရာကို ဇွတ်လုပ်နေသူကိုကား တဇောက်ကန်းသမားဟု သမုတ်နိုင်လိမ့်မည်ဟု ထင်သည်။

သုနက္ခတ်သည်လည်း မည်သည့်အကြောင်းပြချက်ကိုမျှ ရေရေရာရာ မပြဘဲ မြတ်စွာဘုရားကို စွန့်ပြီး လမ်းမှားကို ဆက်လက်လျှောက်လှမ်းသွားခဲ့လေသည်။ မြင်းကို အတင်းရေသောက်ဆင်းခိုင်း၍ မရသလို သုနက္ခတ်ကိုလည်း အမှန်မြင်အောင် အတင်းတိုက်တွန်း၍ မရခဲ့ပါလေ။

ဤဇာတ်လမ်းကို ဖတ်ပြီးသောအခါ “ငရဲသွားဖို့ ဆုံးဖြတ်ထားသူကို ငါလည်း တားလို့ မရပါဘူး”ဆိုသော မြတ်စွာဘုရားရှင်၏ နှုတ်ထွက်စကားလေးမှာ နားထဲတွင် ပဲ့တင်ထပ်နေခဲ့လေသည်။

Tuesday, May 4, 2010

သစ်ပင်ဘ၀၊ ဘ၀သစ်ပင်နှင့် အမြစ်များ


တစ်နေ့က လေအရမ်းတိုက်သည်။ မိုးကြိုးများပင် ပစ်လိုက်သေးသည်။ သစ်ပင်တွေအားလုံး ဟိုယိမ်းသည်ယိမ်းဖြင့် ထောက်တည်ရာမရ ဖြစ်နေကြသည်။ လေက ၁-နာရီကျော်လောက် ကြာအောင်တိုက်သည်။ အခန်းရှေ့မှာ အမှိုက်သရိုက်များ ပြန့်ကျဲရှုပ်ထွေးလို့နေသည်။ လေက တိုက်သည့်အထဲ မိုးကလဲ ဖွဲနေခဲ့သည်။ လမ်းပေါ်ကို လှမ်းကြည့်တော့ ကောင်မလေးတစ်ယောက် ပါလာသောထီးကို ဖွင့်နေသည်။ လေက အရမ်းတိုက်သဖြင့် မနိုင့်တနိုင် ထီးကို ပြန်ရုပ်နေသည်။ ခဏအကြာမှာ အခန်းရှေ့က သစ်ပင်ကြီးမှ အကိုင်းအခက်အချို့ ကျိုးကျလာသည်။ မရှေးမနှောင်းမှာပင် သရက်ပင်တစ်ပင်က ပြိုလဲသွားသည်။ လှမ်းကြည့်လိုက်တော့ အမြစ်များပါ ပြုတ်ထွက်နေသည်။ လေငြိမ်သွားတော့ အခန်းရှေ့ မြတ်ခင်းပြင်လေးမှာ စိမ်းစိုးလန်းဆန်းနေတော့သည်။

ထိုခဏအတွင်း ၀င်လာတဲ့အတွေးများထဲတွင် အမြစ်လေးတွေမှာ မျက်စိထဲက မထွက်နိုင်ခဲ့ပါလေ။ ခိုင်ခိုင်မာမာ အမြစ်တွယ်နေမိသော အပင်များမှာ လေကြောင့်ရေကြောင့်မိုးကြောင့် ပျက်စီးဖို့ ခက်ခဲလေသည်။ သစ်ပင်တို့၏ ဘ၀တည်မြဲရေးအတွက် အမြစ်သည် အရေးကြီးသည်။ တည်ငြိမ်သောဘ၀တစ်ခု ဖြစ်နေဖို့အတွက် အမြစ် သေသေချာချာတွယ်နေဖို့ အရေးကြီးသည်။ တွေးရင်းတွေးရင်း သစ်ပင်တို့၏ ဘ၀လေးများကို နက်နက်နဲနဲ တွေးနေမိသည်။ သစ်ပင်ဆိုပြီး ဖြစ်လာကတည်းက သူတို့လည်း ကြာရှည်တည်မြဲရေးကို အလိုရှိသည်။ ဘ၀တည်မြဲရေးအတွက် ရုန်းကန်ရသည်။ ရေခံမြေခံ ကောင်းသောနေရာများတွင် မွေးဖွားရှင်သန်ခွင့်ရသော အပင်များအတွက် အမြစ်တွယ်ဖို့ရာ လွယ်ကူသည်။

ရရှိလာသော ရေခံမြေခံက ကောင်းမွန်နေသော်လည်း ကံမကောင်းအကြောင်းမလှလို့ ကျောက်ဖျာပေါ်တွင် ရှင်သန်ကြရသော အပင်များလည်း ရှိသည်။ သူတို့သည် ပကတိမြေပြင်တွင် မွေးဖွားသောအပင်များကဲ့သို့ သက်တောင့်သက်သာ ရုန်းကန်ခွင့်မရ၊ ခက်ခက်ခဲခဲ အသက်ရှင်ရပ်တည်ရေး လှုပ်ရှားရသည်။ မည်သို့ဖြစ်စေ သစ်ပင်ဟု မွေးဖွားခဲ့ရပြီဖြစ်၍ သစ်ပင်အဖြစ်ကို မစွန့်ပယ်နိုင်တော့။ ရပ်တည်ရေးအတွက် ကျောက်ဖျာပေါ်တွင် ဘ၀ကို အခြေချပြီး ကျောက်ဖျာဘေးမှ မြေဆီလွှာကို ခက်ခက်ခဲခဲ ရယူရသည်။ သို့ရာတွင် ဘ၀ကိုက အခြေမခိုင်ခဲ့သဖြင့် မိုးဒဏ်လေဒဏ်ကို ခံနိုင်ဖို့အတွက် ခက်ခဲသည်။

အချို့သစ်ပင်များမှာ သစ်ပင်ဟု မွေးဖွားရှင်သန်ချိန်က မြေဆီလွှာမကောင်းသော်လည်း ၀ီရိယစိုက်ထုတ်မှုနဲ့ နည်းအမျိုးမျိုးဖြင့် မြေဆီလွှာဆီသို့ ရောက်အောင် ဉာဏ်ကူနိုင်သောကြောင့် ရှင်သန်တည်မြဲသောဘ၀ကို ပိုင်ဆိုင်ကြလေသည်။ အချို့မှာ ရေခံမြေခံက မကောင်းသည့်အထဲ မြေဆီလွှာဆီသို့ရောက်အောင် အားလည်း မထုတ်၊ ပျင်းရိနေသောကြောင့် ဘ၀ရပ်တည်မှုမှာ အဆင့်မမြင့်၊ ခဏတာ အသက်ရှင်ပြီး ပြိုလဲကြရလေသည်။ အချို့သစ်ပင်များမှာ ရေခံမြေခံကောင်းကောင်းတွင် မွေးဖွားလာကြရသဖြင့် ဘ၀ကို သက်တောင့်သက်သာ ရပ်တည်နိုင်ကြသည်။ ရေခံမြေခံကောင်းတွင် မွေးဖွားရသော်လည်း ပျင်းရိစွာဖြင့် အမြစ်ကို သေသေချာချာ တွယ်မိအောင် အားမထုတ်နိုင်ကြသဖြင့် ခဏတာ ဝေဆာစည်ပင်ခဲ့သော်လည်း အဆင့်အတန်းမြင့်သော သစ်ပင်ဘ၀ကို မဆုတ်ကိုင်နိုင်ဘဲ သေဆုံးလွင့်မျောသွားခဲ့ကြရသည်။

သစ်ပင်များ၏ဘ၀သည်လည်း လူတို့ဘ၀များကဲ့သို့ ရှုပ်ထွေးဆန်းပြားလှသည်။ လူ့ဘ၀အထွေထွေကို ပြော၍မကုန် ရေး၍မခန်းဟု ဆိုကြသလို သစ်ပင်တို့ဘ၀အထွေထွေသည်လည်း လူ့ဘ၀အကြောင်းအရာများအလား ရေး၍မကုန် ပြောမခန်းပင် ဖြစ်လေသည်။ လူတို့သည် ဘ၀ပေးအခြေအနေအရ အသက်ရှင်ရပ်တည်နေရသည်။ သစ်ပင်တို့၏ဘ၀များသည်လည်း ထိုနည်း နှင်နှင်ပင် ဖြစ်ပါသည်။
လူတို့တွင် အချို့က ချမ်းသာကြွယ်ဝစွာဖြင့် လူဖြစ်လာခဲ့ကြရသည်။ အချို့ ဆင်းရဲမွဲတေစွာဖြင့် လူ့အဖြစ်ကို ရခဲ့ကြသည်။

မူလဖြစ်လာရင်းအခြေအနေများ ကွဲပြားသကဲ့သို့ သူတို့၏ ဘ၀အခြေအနေများ၊ ဘ၀ကို ရင်ဆိုင်ဖြတ်သန်းနေရပုံများ၊ ဘ၀တိုက်ပွဲ၏ အရှိန်ဒီဂရီ အနိမ့်အမြင့်များ စသော ဘ၀ပုံရိပ်များမှာ ကွဲပြားနေရပေလိမ့်မည်။ ထိုကွဲပြားမှုများအလိုက် အသက်ရှုနှုန်းများလည်း ကွဲပြားလေမည်။ ရင်ခုန်သံအနိမ့်အမြင့်များလည်း ကွဲပြားပေမည်။ မည်သို့မည်ပုံ ကွဲပြားနေစေကာမှု ရည်ရွယ်သည်က တစ်ခုသာ ရှိသည်။ ယင်းမှာ မိမိယုံကြည်ရာ အနေအထားတစ်ခုတွင် အမြစ်တွယ်မိဖို့ပင် ဖြစ်ပါသည်။

သစ်ပင်များအကြောင်း၊ သစ်ပင်တို့ဘ၀နှင့်မခြား လူသားတို့၏ ဘ၀သစ်ပင်များအကြောင်း စဉ်းစားရင်း အတွေးစိတ်က အမြစ်များဆီ ရောက်သွားသည်။ အမြစ်များ…….။ ကိုယ်တွယ်နှောင်မိသောအမြစ်များကိုလည်း မြင်နိုင်သရွေ့ လှမ်းနှိုက်ကြည့်နေမိသည်။ “အော်…ငါ့ဘ၀သစ်ပင်မှာလည်း အမြစ်တွေ များစွာ ရှိနေပါလား”ဟု သိလိုက်ရသည်။ တစ်ချို့အမြစ်များက ဘ၀တိုးတက်ဖို့၊ ဘ၀မြင့်မြတ်ဖို့၊ ဘ၀အထက်တန်းကျဖို့ တွယ်နှောင်ရစ်ပတ်နေကြသည်။ တစ်ချို့အမြစ်များက ဘ၀ကို တူးဖြို့ဖို့၊ ဘ၀အဆင့်အနိမ့်ကျဖို့အတွက် ရစ်ပတ်တိုးဝင်နေကြသည်။ ဘ၀သစ်ပင်တွင် ကပ်ပါးညောင်ပင်ပမာ တွယ်နေသော အမြစ်များက ရှိသေးသည်။ ထိုအမြစ်များကလည်း ဘ၀သစ်ပင်၏ ပုံရိပ်ကိုေ၀၀ါးသွားစေဖို့ အားကြိုးမာန်တက် ရစ်ပတ်တုပ်နှောင်နေသည်။

တစ်ချို့အမြစ်များဆိုလျှင် ဘ၀သစ်ပင်၏ မူလရေသောက်မြစ်ထက်ကို ပိုမိုအားကောင်းစွာ တိုးဝင်ရစ်ပတ်နေကြသည်။
သစ်ပင်သည် တစ်ပင်တည်း ရှင်သန်၍ မရသဖြင့် အခြားသစ်ပင်တို့၏ အမြစ်များ တိုးဝင်ပူးကပ်ရှင်သန်နေကြမည်မှာ သေချာသည်။ သို့ရာတွင် မည်သည်က ဘ၀ကို တည်ငြိမ်မှု၊ ရှင်သန်မှု ပေးစွမ်းနိုင်သော အမြစ်များ ဖြစ်သနည်း….ထိုအရာကို မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့တော့ လိုပါသည်။

စာစကားအရ ပြောရလျှင် လောဘမူလ(တွယ်တာမှုအမြစ်)၊ ဒေါသမူလ (ခက်ထန်မှုအမြစ်)၊ မောဟမူလ(မဆုံးဖြတ်နိုင်မှုအမြစ်)၊ အလောဘမူလ(အနှောင်အဖွဲ့ကင်းမှုအမြစ်)၊ အဒေါသမူလ(မေတ္တာအမြစ်)နှင့် အမောဟမူလ(ပညာအမြစ်)ဟူသော အမြစ်များတွင် မည်သည့်အမြစ်ကို ရှင်သန်စေပြီး မည်သည့်အမြစ်ကို ဖြတ်တောက်ကြမည်နည်း…ထိုအရာကို မှန်ကန်စွာ သုံးသပ်လေ့ကျင့်နိုင်ဖို့ လိုပါသည်။

ရှုပ်ထွေးပွေလီနေသော အခန်းရှေ့က ညောင်ပင်ကြီး၏ အမြစ်များအကြောင်း စဉ်းစားရင်း ထို့ထက်မက ရှုပ်ထွေးပွေလီစွာ ၀န်းရံရစ်ပတ်တုပ်နှောင်ထားသော ကိုယ့်ဘ၀သစ်ပင်၏ အမြစ်များကို ခပ်မောမောဖြင့် ငေးမောနေမိတော့သည်။

Saturday, May 1, 2010

ရောင်စုံ ခြေလှမ်းများ



လူဟာ အခြားသူတစ်ဦးတစ်ယောက်နဲ့ ခိုင်းနှိုင်းပြီး တုပထွင်းထုနေရင် ဒါဟာ ရူးသွပ်မှုပဲ ဖြစ်ပါလိမ့်မယ်။ လူဟာ အနှောင်အဖွဲ့ကင်းတယ်။ သီးသန့်အမြင်ရှိတယ်။ လွတ်လပ်တယ်။ လွတ်လပ်တဲ့အလျှောက် ကိုယ်ပိုင်စိတ်ကူးစိတ်သန်းတွေကို လွတ်လွတ်လပ်လပ်တွေးနိုင်ရမယ်။ ကွဲကွဲပြားပြား လုပ်ဆောင်နိုင်ရမယ်။ ပြီးတော့ ကိုယ့်လုပ်ဆောင်တွေးကြံမှုအလျှောက် ရလာတဲ့အသီးအပွင့်အတွက် တာဝန်ယူနိုင်ရမယ်။ ယန်းပေးဆက်တို့ရဲ့ ဖြစ်တည်မှုပဓာန၀ါဒကြီး လွှမ်းမိုးနေတယ်လို့ ဆိုကောင်းဆိုမယ်။ ဒါပေမယ့် ဒါဟာ အမှန်တရားရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရခြင်းပင် ဖြစ်ပါတယ်။


လူဟာ လွတ်လပ်ပေမယ့် (လွတ်လပ်စွာ တွေးခေါ်ကြံဆလုပ်ဆောင်နိုင်ပေမယ့်) အသိဉာဏ်မဖွံ့ဖြိုးခင်က လွှမ်းမိုးမှုအချို့တော့ ရှိတတ်ကြတယ်။ အသိဉာဏ်တွေ ရင့်ကျက်လာတဲ့အချိန်မှာ ကျွန်တော်တို့ ဒါကို တိုက်ဖျက်ရမယ်။ သို့မဟုတ် ကိုယ်ပိုင်ဟန်ဖြစ်အောင် လုပ်ဆောင်ရမယ်။ “အတ္တာဟိ အတ္တနော နာထော”ဆိုတာ ကိုယ်ပိုင်ဟန်တွေနဲ့ ဘ၀ကို တည်ဆောက်နိုင်အောင်၊ လွှမ်းမိုးမှုတွေ ပပျောက်အောင် လုပ်ဖို့ တိုက်တွန်းတဲ့ ဒေသနာပဲ။ ကျွန်တော်တို့ဟာ ကိုယ့်ကိုကိုယ် လေးစားရမယ်။ တန်ဖိုးထားရပါမယ်။ ဘာကြောင့်လဲဆိုတော့ လူသားတိုင်းဟာ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် စီရင်ရမှာမိုလို့ပါပဲ။

ကျွန်တော်တို့ဟာ ကိုယ့်ဘ၀ကို ကိုယ်တိုင်မှ တန်ဖိုးမထားရင် ဘယ်သူကလာပြီး တန်ဖိုးထားပါတော့မလဲ။ တန်ဖိုးရှိတဲ့ဘ၀ကို ဘယ်လို တည်ဆောက်နိုင်စွမ်း ရှိတော့မလဲ။

ပေါက်ပင် ဘာကြောင့် ကိုင်းရတယ်။ ဗျိုင်းနားလို့ ကိုင်းရတယ်။ ကျွန်တော်တို့ ပြောနေခဲ့ကြတယ်။ တကယ်တော့ လောကဆိုတာ မြေနိမ့်ရာ လှံစိုက်ကြတာပဲ။ ပေါက်ပင်ဟာ ရေပြင်ဘက်ပဲ ကိုင်းတယ်။ သူနိုင်တဲ့ဘက် သူကိုင်းတယ်။ ကုန်းမြေဘက်ကိုင်းဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်ဘူး။ ရေပြင်ဘက်က နိမ့်လို့၊ ပျော့လို့ပါပဲ။ ဒါဟာ လောကရဲ့ သဘာဝပဲ။ ကျွန်တော်တို့ဟာ နိမ့်ပြီဆိုရင် အနှိမ်ခံဘ၀၊ အဖိအနှိပ်ခံဘ၀ ရောက်ရတော့တာပဲ။

“ငါသည် မုချသေရမည်”။ “ဘာလုပ်မှာလဲကွာ…မျိုးချစ်တာတို့ ဘာတို့”ဆိုတာ ဗုဒ္ဓတရားတော်ကို သေချာနားမလည်သေးလို့ပါ။ ကျွန်တော်တို့ဟာ ဗုဒ္ဓကို နားမလည်ကြသေးပါဘူး။ ဗုဒ္ဓကို နားလည်ရင် အကြောက်တရားတွေ ကင်းနေရမယ်။ လုပ်သင့်လုပ်ထိုက်တာကို လုပ်နိုင်စွမ်း ရှိလာရမယ်။ ကျွန်တော်တို့ဟာ ကိုယ်လုပ်ချင်တာ၊ ကိုယ်ဖြစ်ချင်တာကို လုပ်နိုင်စွမ်းလည်း ရှိတယ်။ လုပ်ဖို့လည်း သင့်တယ်။ ဒါပေမယ့် ကြောက်ရွံ့မှုတွေနဲ့အတူ တုံ့ဆိုင်းကုန်စေခဲ့ကြတယ်။

“ကျွန်တော့်အဘိုး ဘယ်သူဆိုတာ အရေးမကြီးပါဘူး။ ကျွန်တော့်မြေး ဘာလဲဆိုတာပဲ အရေးကြီးတယ်”လို့ လင်ကွန်းပြောတဲ့စကားက အလွန်မှတ်သားသင့်ပါတယ်။ ကျွန်တော်တို့ဟာ ငယ်ငယ်ကတည်းက ကြောက်ကြောက်လန့်လန့်ဖြင့် ကြီးပြင်းခဲ့ရတယ်။ မိဘကို ကြောက်ရတယ်။ ဆရာ၊ ဆရာမတွေကို ကြောက်ရတယ်။ ကျောင်းသားငယ်ဆိုရင် ကျောင်းသားကြီးကို ကြောက်ရတယ်။ လူငယ်တွေက လူကြီးတွေကို ကြောက်ရတယ်။ ဘုန်းကြီးကျောင်းသွားတော့လည်း ကျောင်းထိုင်ဆရာတော် ကြိမ်တုတ်ကို ကြောက်ရတယ်။ ဘုန်းကြီးကျောင်းသားတစ်ယောက်ဟာ ဘုန်းကြီးကို ကြောက်ရတယ်။ ကိုရင်ကြီးတွေလည်း ကြောက်ရတယ်။ ကျောင်းသားကြီးတွေကို ကြောက်ရတယ်။ ကပ္ပိယတွေကို ကြောက်ရတယ်။ အရာရှိငယ်က အရာရှိကြီးကို ကြောက်ရတယ်။ နေရာတကာမှာ အကြောက်တရားတွေနဲ့ ရှင်သန်ကြီးပြင်းခဲ့ကြရတယ်။

ဗုဒ္ဓဘာသာမှာ အရှက်တရား၊ အကြောက်တရားဆိုတာ ရှိပါတယ်။ အဲဒီထဲက အရှက်တရားကိုတော့ ဒီနေရာမှာ မပြောလိုပါ။ ဗုဒ္ဓဘာသာအရ အကြောက်တရားဆိုတာ မကြံသင့် မကြံထိုက်၊ မပြောသင့် မပြောထိုက်၊ မလုပ်သင့် မလုပ်ထိုက်တာကို ကြံရမှာ၊ ပြောရမှာ၊ လုပ်ရမှာကို ကြောက်ခြင်းပါပဲ။ ဆိုတော့ ဘာတွေက မကြံသင့်၊ မပြောသင့်၊ မလုပ်သင့်တဲ့အရာတွေ ဖြစ်ပါသလဲလို့ မေးစရာ ရှိပါတယ်။ “မိမိ၊ သူတစ်ပါး ဘယ်သူ့အတွက် ဘယ်အရာအတွက်မှ ကောင်းကျိုးမပေးဘူးဆိုရင် ဒါဟာ မကြံသင့်၊ မပြောသင့်၊ မလုပ်သင့်တဲ့အရာပါပဲ”လို့ ကောက်ချက်ဆွဲနိုင်ပါတယ်။

ဒီနေရာမှာ အဖြစ်အပျက်အချို့ကို ထောက်ပြပြီး ငြင်းခုန်ကြတာလေးတွေလည်း ရှိတတ်ပါတယ်။ အလုပ်တစ်ခုဟာ မိမိနဲ့မိမိပတ်ဝန်းကျင် သို့မဟုတ် လောကအတွက် ကောင်းကျိုးတော့ ဖြစ်ထွန်းပါရဲ့။ ထိပ်တိုက်တွေ့ဆုံလိုက်ရတဲ့ တစ်စုံတစ်ယောက်အတွက် နာကျင်စရာဖြစ်သွားတာလေးတွေလည်း ရှိနေတတ်ပါတယ်။ ဆိုတော့ ကျွန်တော်တို့ဟာ ပုထုဇဉ်လူသားများသာ ဖြစ်တဲ့အတွက် လုပ်လိုက်တဲ့လုပ်ရပ်တိုင်းဟာ ကောင်းကျိုးချည်းသာ ဖြစ်ရမယ်လို့ အာမမခံနိုင်ကြပါဘူး။ များသောအားဖြင့်တော့ လောက၊ မိမိနဲ့ သူတစ်ပါးသုံးမျိုးထဲက တစ်စုံတစ်ရာအတွက်သာ အကျိုးဖြစ်ထွန်းပြီး တစ်စုံတစ်ရာအတွက် နစ်နာစေတဲ့အလုပ်တွေကို လုပ်ဖြစ်နေကြတာ များပါတယ်။ အဲဒီလို အဖြစ်အပျက်တွေနဲ့ေ၀၀ါးလာတဲ့အခါ လူသားဟာ အကြောင်းပြချက်တစ်ခု ထုတ်လာတယ်။ “ကိုယ့်သမိုင်း ကိုယ်ရေးတာပါကွာ”တဲ့။

ဘယ်အရာမဆို ကျွန်တော်တို့အနေနဲ့ လုပ်ချင်တဲ့အရာနဲ့ လုပ်သင့်တဲ့အရာလို့ ခံစားနားလည်မိရင် ကျွန်တော်တို့ နောက်မဆုတ်သင့်တော့ဘူး။ ကိုယ့်မှာရှိတဲ့အစွမ်းအစနဲ့ ချိန်ညှိဖို့တော့ လိုအပ်တယ်။ “လူအများစုဟာ ကိုယ့်မှာရှိခြင်းအပေါ်မှာ အာရုံစိုက်ရမယ့်အစား လိုချင်တဲ့အပေါ်မှာပဲ အာရုံစိုက်နေကြတယ်”လို ဒေါ်ခင်စောတင့် ပြောတဲ့စကားကလည်း မှတ်သားစရာပါ။ ဆိုတော့ ကိုယ်လုပ်နိုင်စွမ်းရှိခြင်း၊ လုပ်ချင်သောဆန္ဒနဲ့ လုပ်သင့်သောအရာတို့ ပေါင်းဆုံမိလျှင် အကြောက်တရား၊ အရွံ့တရားတို့ရဲ့ နှောက်ယှက်ဟန့်တားမှုကို ကျွန်တော်တို့ ဂရုမစိုက်သင့်တောဘူးလို့ ထင်ပါတယ်။

ဟုတ်ပါတယ်။ ဘယ်အလုပ်ဖြစ်ဖြစ် လုပ်ပြီးရင် နောင်တကင်းကင်း လိပ်ပြာသန့်သန့်နဲ့ ဘ၀ကို ဆက်လက်ချီတက်နိုင်ဖို့ ဖြစ်စေအောင် အားထုတ်သင့်တယ်လို့ ထင်ပါတယ်။
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails