Friday, February 12, 2010

အယုဒ္ဓယမှာ ဦးအောင်ဇေယျကို ပွေ့ဖက်ဖို့ တွန့်ဆုတ်နေခဲ့သည်

ဘန်ကောက်အပူချိန်က ရွှေဘိုလိုပဲ ပူလောင်သည်။ အခုချိန်မှာတော့ ရွှေဘိုက ဆောင်းတွင်းဖြစ်၍ အေးကောင်းအေးနေလိမ့်မည်။ ဘန်ကောက်ကတော့ ဆောင်းတွင်းကို လက်မခံ။ ပူနေဆဲ၊ လောင်နေဆဲ။

ပြေလွင်နေသော လမ်းမကြီးပေါ်တွင် ကားလေးက လှစ်ခနဲ လှစ်ခနဲ ပြေးနေခဲ့သည်။ သူကတော့ ကားကလေးပြေးနေသည်ဟု မသိ၊ သူ့စိတ်တွေ ပြေးနေသည်ဟုသာ ခံစားနေမိသည်။ စကားတွေလည်း မပြောဖြစ်ခဲ့၊ တိတ်ဆိတ်စွာ လိုက်ပါနေခဲ့သည်။ ညက အိပ်ရေးပျက်ထားတော့ ကားပေါ်ရောက်လျှင် အိပ်လိုက်မည်ဟု အားခဲထားသော်လည်း အိပ်မပျော်ခဲ့၊ အတိတ်က တုတ်တစ်ဖက်၊ ဓားတစ်ဖက်အရိပ်တွေနှင့် လွှမ်းလို့လာနေခဲ့သည်။ ဖုံးလွှမ်းထားသော သူ့ပေါင်မှာ ထိုးကွင်းနေတောင် ထလာသလို ခံစားလိုက်ရခဲ့သည်။

“ထိုင်းတွေက မြန်မာတွေကို စိတ်နာလို့ ဒီမြို့ကို ဒီအတိုင်း မပြင်ဘဲ ထားလိုက်ကြတာလေ”တဲ့။ ရှေ့ခန်းက ရောက်ဖူးတဲ့သူငယ်ချင်းက ပြောနေသည်။ ဘန်ကောက်ကနေ ၂-နာရီကျော် ၃-နာရီလောက်အကြာတွင် ရှေးဟောင်းဘုရားစေတီပုထိုးကိုများကို တွေ့ရခြင်းအားဖြင့် ရှေးဟောင်းသမိုင်းဝင် အယုဒ္ဓယမြို့သို့ ချင်းနင်းလာခဲ့ပြီကို သိလိုက်ရသည်။ “ဒို့မြန်မာတွေက ဒီမြို့ထိလာပြီး တိုက်ခိုက်ကြတာလေ၊ ထိုင်းတွေကို ၀ါးရင်းတုတ်နဲ့ထု၊ ကလေးတွေကို ဆုံထဲထည့်ပြီး ထောင်းခဲ့ကြတာ”၊ သူငယ်ချင်းက သူ့ဘေးက ကလေးကို ရှင်းပြနေသည်။

သူသည် သမိုင်းကို မသိပါ။ သို့ရာတွင် ကြားရသည့်သမိုင်းတွေကတော့ မကောင်းပါ။ အမှန်တကယ်ပဲ အယုဒ္ဓယသမိုင်းကို သိချင်နေပါသည်။ တကယ်ပဲ ရက်စက်ခဲ့ကြလေသလား။ ဦးအောင်ဇေယျဆိုလျှင် ထိုင်းပြည်သူများက အလွန်မုန်းတီးစက်ဆုပ်ခဲ့ကြသည်။ ယနေ့အချိန်အထိလည်း ဦးအောင်ဇေယျနှင့်ဆက်စပ်ပြီး မြန်မာတွေကို အလွန်မုန်းနေသည်။

“ပုဂံအကြောင်းပြောရင် တုတ်ထမ်း၊ ဓားထမ်းပြီး ပြောရတယ်”ဟု ကြားဖူးခဲ့သည်။ ယခု စဉ်းစားနေမိသည်မှာ မည်သည့်သမိုင်းကြောင်းကိုပဲ ပြောပြော အမျိုးသားရေးကိုရှေ့တန်းတင်ထားသော သမိုင်းမှန်သမျှတွင် တုတ်တွေ၊ ဓားတွေများရှိနေမလားဟု တွေးနေမိသည်။ မျိုးချစ်စိတ်ကို အခြေခံသော သမိုင်းနောက်ခံများတွင် နဖူးကြောအတွန့်လေးများ ထင်ရှားနေသည်။ အံကြိတ်သံလေးများရှိနေသည်။ လူမျိုးရေးနှင့်ပတ်သက်သောသမိုင်းတွင် တောက်ခေါက်သံ ကျယ်လောင်သည်။

သမိုင်းများသည် တစ်ခါတစ်ရံတွင် လူကို လက်မထောင်စေသကဲ့သို့ တစ်ခါတစ်ရံတွင် တံတွေးခွက်ထဲတွင် ပက်လက်မျောစေလေသည်။ “သမိုင်းထဲက ဇာတ်ကောင်များသည် လက်နှစ်ဖက်ကို ရတတ်သည်”ဟု စကားတစ်ခွန်းကို ကြားဖူးသည်။ လက်တစ်ဖက်က ကောင်းချီးပေးမှုဖြစ်ပြီး တစ်ဖက်က ကျိန်ဆဲသံများဖြစ်သည်။ ဦးအောင်ဇေယျသည် မြန်မာတို့၏ ကောင်းချီးပေးမှုကို ရသည်နှင့်တစ်ပြိုင်နက် ထိုင်းတို့၏ ကျိန်ဆဲသံများကိုလည်း တစ်ချိန်တည်း ရနေခဲ့လေသည်။

သမိုင်းကို ခေတ်နှင့်ပိုင်းခြား၍ နားလည်ရမည်ဟု နားလည်ထားသည်။ ရှေးပဝေသဏီက အဖြစ်အပျက်များကို သင်္ခန်းစားအဖြစ်သာ ရှုမြင်သင့်ပြီး အငြင်းပွားဖွယ်ရာ၊ ခိုက်ရန်ပွားဖွယ်ရာများအဖြစ် မမြင်သင့်တော့ဟု နားလည်ထားသည်။ မြန်မာတို့၏ ကိုလိုနီဘ၀များသည် သမိုင်းစာမျက်နှာများအရ ခက်ခဲကြမ်းတမ်းလွန်းလှသည်။ ဂျပန်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ပေါ်တူဂီ….အားလုံး၏ နှိပ်စက်အနိုင်ကျင့်မှုကို ခံခဲ့ရသည်။ အတိတ်တွေက အတိတ်တွေမှာ သူတို့သဘာဝအတိုင်း အိပ်စက်အနားယူခဲ့ကြပြီ ဖြစ်ပါသည်။ ဒါကိုသဘောမပေါက်လျှင် ခံစားရဖို့သာ၊ ခံပြင်းမှုများနှင့် နာကျည်းနေရဖို့သာ များလေသည်။

သူ မြန်မာမှာ ရှိစဉ်က မွန်လူငယ်တစ်ယောက်ထံမှ စကားတစ်ခွန်း ကြားခဲ့ဖူးသည်။ “အောင်ဇေယျအကြောင်း ငါကြားကို မကြားချင်ဘူး၊ ဒီကောင့်ကြောင့် ငါတို့ မွန်ထီးနန်းကျဆုံးရတာ၊ အပြစ်မဲ့ ဟံသာဝတီဟာ သူ့လက်ထက်မှာ ပြာပုံဘ၀ရောက်ခဲ့ရတယ်”။ သမိုင်းကြောင်းအချက်အလက်များအရ ဦးအောင်ဇေယျ၏ အုပ်ချုပ်ပုံသည် ကြမ်းတမ်းတင်းကျပ်ခဲ့သည်ဟု ယူဆစရာရှိပါသည်။ မွန်လူမျိုးများစွာကို သတ်ဖြတ်ခဲ့သော ဦးအောင်ဇေယျကို ဖူးဖူးမှုတ်နေကြခြင်းသည် မွန်လူမျိုးများကို ရန်စနေသလို ဖြစ်နေသည်ဟု ပြောကြသည်။

ထိုင်းဘုရင် ဆူရိယာမာရင်က မြန်မာစစ်သည်များကို ဆက်မတိုက်တော့ဖို့ပြောကြားပြီး အညံ့ခံပါ့မည်ဟု သ၀ဏ်လွှာပါးလိုက်သည်။ အဆိုပါ ကမ်းလှမ်းချက်ကို မြန်မာစစ်ဗိုလ်များက ပယ်ချပြီး တွေ့ရာကြုံရာမီးရှို့ဖျက်ဆီးပြီး အယုဒ္ဓယကို သိမ်းယူခဲ့ကြလေသည်။ ဤအချက်သည် ထိုင်းလူမျိုးများကို ယနေ့အချိန်အထိ ရင်နာစေခဲ့သည်။ အမှန်ဆိုလျှင် အယုဒ္ဓယကို ဦးအောင်ဇေယျတိုက်နိုင်ခဲ့သည်မဟုတ်၊ သူ့သားနှင့် စစ်ဗိုလ်များသာ ဖြစ်ပါသည်။ အယုဒ္ဓယတိုက်ဖို့အသွား လမ်းခုလတ်မှာ ရာသီဥတုကြမ်းလွန်းပြီး ကျဆုံးခဲ့ပြီး ဖြစ်လေသည်။ ထိုအချိန်ကာလမှစပြီး ထိုင်းနိုင်ငံ၏ထီးနန်းစိုက်ရာအယုဒ္ဓယကို ဘန်ကောက်သို့ ပြောင်းရွှေ့ခဲ့ရသည်။

သမိုင်းမှာ မွန်လူမျိုးများကိုသာ မဟုတ်ပါ၊ ရခိုင်လူမျိုးဘုရင်များဟာလည်း အင်းဝဘုရင်များ၏လက်အောက် ရောက်ခဲ့ရပါသည်။ မဟာမြတ်မုနိဘုရားကြီးသည်ပင် ရခိုင်ပြည်နယ်က ပင့်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ ရခိုင်ဘုရင်ကို နိုင်အောင်တိုက်ခဲ့သည့် ဘိုးတော်ဘုရား၏သားတော်ကို နောက်ပိုင်းရာဇ၀င်ဆရာများက “ရခိုင်နိုင်မင်း”ဟု နာမည်ပေးကြသည်။ သူ့စိတ်ထဲ ဘ၀င်မကျလှပါ။

သမိုင်းဆရာတစ်ယောက်သည် သမိုင်းကြောင်းတစ်ခုကို ရေးချင်လျှင် ကိုယ့်ရင်ဘက်တစ်ခုတည်းကို ကိုယ်စားမပြုဘဲ ရင်ဘက်များစွာကို ကိုယ်စားပြုဖို့ လိုအပ်လေသည်။

တစ်ဖန် သမိုင်းကို ရှုမြင်ရာတွင် ကိုယ်ပိုင်အသိစိတ်ဓာတ်လေးသာ အဓိကကျသည်ဟု ယူဆသည်။ အားကောင်းသူက အားနည်းသူကို အနိုင်လိုက်တိုက်နေခဲ့သည်မှာ ရှေးဧကရာဇ်ဘုရင်များ၏ သဘာဝသာဖြစ်သည်ဟု ခံယူနေပါသည်။ “အားကောင်းသူသည် သူရဲကောင်းဖြစ်ပြီး အားနည်းသူသည် ရှုံးနိမ့်သူဖြစ်သည်”ဟူသော ဒဿနမှာ အဆိုပါခေတ်၏ ပြယုဂ်တစ်ခုဟု နားလည်လျှင် အတိတ်သည် တိတ်ဆိတ်အေးချမ်းသောအသွင်ကို ဆောင်နိုင်စရာရှိပါသည်။

မည်သို့ဆိုစေ အယုဒ္ဓယသို့ တစ်ခေါက်ရောက်ခဲ့သည်။ ရှေးခေတ်စေတီပုထိုးများကို စိတ်ဝင်တစား ကြည့်ရှုခဲ့သည်။ ဘုရားဈေးက စာအုပ်ဆိုင်များတွင် အယုဒ္ဓယသမိုင်းစာအုပ်များကို လိုက်လံကြည့်ရှုမွှေနှောက်သည်။ သေသေချာချာမဖတ်မိ၍လား မသိ၊ မြန်မာနှင့်ဆက်စပ်သော သမိုင်းကြောင်းတစ်စက်ကလေးမှ မတွေ့ခဲ့၊ အားလုံးကို ထိမ်ချန်ထားကြလေသည်။ အယုဒ္ဓယခေတ်နိုင်ငံခြားဘုရင်များနှင့်ဆက်ဆံရေးအကြောင်း စာအုပ်တွင်သော်မှ မြန်မာ့အကြောင်း မပါ။ အမည်ကင်းမဲ့သော ခံစားချက်များနှင့် ရင်ဘတ်တစ်ခုလုံး မွန်းကြပ်နေခဲ့ပါသည်။

အယုဒ္ဓယကို လည်ပတ်ရသည်မှာ ဆွေးဆွေးမြေ့မြေ့ ဖြစ်လွန်းသည်။ စိတ်က ပစ္စုပ္ပန်ကို နည်းနည်းမှ ရှုမရ၊ အတိတ်သို့သာ ပြေးဝင်နေသည်။ ရန်ကုန်မြို့က ဗိုလ်ချုပ်အောင်ဆန်းအိမ်ရှေ့နားသွားလျှင် စိတ်ထဲမှ ဗိုလ်ချုပ်အောင်ဆန်းကို ၀မ်းပမ်းတသာ ပွေ့ဖက်မိစမြဲ၊ အခု အယုဒ္ဓယမှာ ဦးအောင်ဇေယျကို ပွေ့ဖက်ဖို့ တွန့်ဆုတ်နေခဲ့သည်။

အယုဒ္ဓယအမှတ်တရဓာတ်ပုံများ
နန်းတော်ဝင်းထဲမှာ

ရှင်သီဝလိလည်း ခါးစည်းကြီးနဲ့
ဆင်းတုကို ရွှေစများဖြင့် ညစ်ပတ်အောင် လုပ်နေကြတယ်
မြန်မာတွေလို ညစ်တီးညစ်ပတ် ရွှေချတတ်ကြသည်
ပုဂံကို လွမ်းမိသေးသည်
ရှည်လျားလှသောကျောင်းတော်ရာကြီး
အုတ်ကျိုးအုတ်ပဲ့များသာ ကျန်ခဲ့တယ်
ဝက်မဟာထက်ကျောင်းတော်ရာဝင်းထဲမှာ
စေတီပုထိုးများကြားက ရှေးဟောင်းမှန်ကူ

Wednesday, February 10, 2010

မြန်မာတို့ မှီခိုရာဒေသတစ်ခုသို့

မြန်မာတို့ မှီခိုကျက်စားရာဒေသတစ်ခုသို့ ရောက်သွားခဲ့တယ်။ အဲဒီလို ခေါင်းစဉ်တပ်လိုက်လို့ လူချမ်းသာဒီမိုကရေစီတိုက်ပွဲဝင်သူရဲကောင်းကြီးတွေကတော့ “ငါတို့ကို နှိမ်တယ်”လို့ ဆိုနေကြပါလိမ့်မယ်။ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်သူတွေထဲမှာ ပုံစံက အမျိုးမျိုးရှိတယ်လေ။ ဒီမိုကရေစီဆိုတာကို တဖွဖွရေရွတ်နေကြတဲ့ ဒီမိုကရေစီတိုက်ပွဲဝင်၊ လွတ်မြောက်နယ်မြေက ရဲဘော်ကြီးတွေကတော့ အမှန်တရားအတွက်တိုက်ပွဲဝင်ဖို့ထောက်ပံ့ထားတဲ့ ဒေါ်လာတွေနဲ့ ပျော်ကြမော်ကြပေါ့။ ဒါပေမယ့် လွတ်မြောက်နယ်မြေက ဖော်ပြစရာစကားလုံးမရှိလောက်အောင် ဆင်းရဲစွာ အသက်မွေးနေရတဲ့သူတွေကလည်း ဒုနဲ့ဒေးပါပဲ။ ဒီအမှိုက်ပုံကြီးထဲမှာ မြန်မာတွေ အယောက် ၁၀၀-လောက်ဟာ ဒုက္ခတွေ လှလှကြီးခံစားနေကြရတယ်။ ဒီမိုကရေစီတိုက်ပွဲဝင်ဆိုသူကြီးတွေကတော့ ပရောဂျက်တွေအမျိုးမျိုးရေး၊ ပိုက်ဆံကို ပုံစံမျိုးစုံနဲ့တောင်း၊ အကြောင်းပြတာက ပရဟိတအတွက်၊ သုံးလိုက်တဲ့ငွေကြေးတွေကတော့ သူတို့ ဗိုက်ထဲသာ။ ဒုက္ခရောက်နေသူတွေကို ကူညီဖို့ ဝေလာဝေး။ ခေါင်းပုံဖြတ်နေကြတယ်။ ခေါင်းတွေကို အပုံလိုက်ဖြတ်နေကြတယ်။ ဒီလို ရမ်းပစ်လိုက်လို့ စိတ်ဆိုးချင်လည်း ဆိုးကြ။ အများစုက ဒီအတိုင်းပဲဆိုတာ လက်ခံရင် ဖင်ပိတ်မငြင်းကြနဲ့။ ဆက်လက်ပြီး စားကြ၊ သောက်ကြ၊ ပျော်ပါးကြစေသတည်း။




























ဒီဓာတ်ပုံလေးတွေကို ကြည့်မိကြသူတွေထဲက စေတနာရှင်လေးတွေရှိရင် မဲဆောက်က အမှိုက်ပုံကြီးက နိမ့်ကျနေတဲ့ မြန်မာတွေအပါအ၀င် အမျိုးမျိုး ခေါင်းပုံဖြတ်ခံရလို့ ဆင်းရဲဒုက္ခရောက်နေတဲ့သူတွေကို ကူညီပေးကြဖို့ပါ။

Sunday, February 7, 2010

ထွေရာလေးပါးအတွေးများ

ရင်ဘက်ထဲက ဆလိုက်မီးများ

စာမရေးဖြစ်တာလည်း ကြာလှပေါ့။ စိတ်ကူးထဲမှာ ရေးဖို့တေးထားတာလေးတွေကလည်း မရေးတာကြာတဲ့အခါ အစရှာလို့ မရတတ်တော့ဘူး။ ရေးချင်တဲ့အဟောင်းလေးတွေ ပျောက်သွားတဲ့အခါ ရေးချင်တဲ့အသစ်တွေလည်း ရှိလာပေါ့။ ဒါပေမယ့် မရေးဖြစ်ပြန်တော့ အဟောင်းဖြစ်ပြီး မေ့သွား။ ဒီလိုနဲ့ပဲ အကောင်အထည်မဖော်ဖြစ်တဲ့ စိတ်ကူးလေးတွေက အရာမထင်ဘဲ ပျောက်ပျက်ကုန်ကြတယ်။

ဖြစ်တည်မှုပဓာန၀ါဒကို အစပြုပေးခဲ့သူလို့ ဆိုကြတဲ့ ဖရက်ဒရစ်နစ်ရှေးဆိုတဲ့ ဂျာမန်အတွေးအခေါ်ပညာရှင်ကြီးကတော့ ခေါင်းထဲမှာ ရေးစရာပေါ်လာရင် သန်းခေါင်ကျော်နေလျှင် ဂရုမစိုက်၊ အချိန်မရွေးထရေးတတ်သည်ဟု ကြားဖူးတယ်။ ကျွန်ုပ်တို့အားလုံး လေးစားကြရတဲ့ လယ်တီဆရာတော်ဘုရားကြီးဆိုရင်လည်း ဒီလိုပဲတဲ့။ တစ်ခါတစ်လေ ရေချိုးနေတုန်းတန်းလန်းကြီး အတွေးပေါ်လာလို့ စာရေးတာ ရေလဲသင်းပိုင်ချောက်သွားတဲ့အထိ ရေးတာတဲ့။ ကျွန်ုပ်ကတော့ အဲဒီလောက်ထိ ဇွဲမရှိခဲ့လေဘူး။ ဒီကြားထဲ ကန္နီဖောင်ဒေးရှင်းမှာ ရေးတင်နေတဲ့ စာအုပ်ကလည်း ရှာမတွေ့ဆိုတော့ ဘာမှမတတ်နိုင်ဘူး။ ဒီအတိုင်းထားလိုက်ရတယ်။

ခရီးသွားရင်းဆိုတော့ တစ်ခါတစ်လေ စိတ်က အရမ်းတက်ကြွနေသလောက် တစ်ခါတစ်လေတော့လည်း ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိ။ ကြည်နူးစရာမြင်ကွင်းတွေနဲ့ ကြည်နူးခဲ့ရသလို အမြင်မသင့်တာတွေနဲ့လည်း ညစ်ညူးရပါတယ်။ လောကဓမ္မတာဆိုပေမယ့် အကောင်း၊ အဆိုးလောကဓံတွေကြားမှာ ဘယ်တိမ်းညာရှောင်နဲ့ အလုပ်တော့ ရှုပ်ခဲ့ရတာပဲလေ။ စာရေးပြီဆိုကတည်းက စာဖတ်သူကို တစ်ခုခု ပေးဖို့ရေးကြတာချည်းပဲ။ “ငါဖန်တီးထားတဲ့ဘလော့၊ ငါရေးချင်ရာရေးမယ်၊ ဖတ်ချင်တဲ့သူဖတ်၊ မဖတ်ချင်တဲ့သူနေ”ဆိုပြီး ရေးချင်တာ ရေးတင်လို့လည်း ဖြစ်တာပဲ။ ဒါပေမယ့် အဲ့ဒီလိုကြီး မလုပ်ချင်ဘူး။ တစ်ခုခုလေးတော့ ရသွားစေချင်တယ်။ ဘာတစ်ခုမှ မပေးတဲ့စာဆိုရင် ဘာတစ်လုံးမှ မရေးချင်ဘူး။ သုတတစ်ခုမှ မရခဲ့ဘူးဆိုရင်တောင် အနည်းဆုံး ရသလေးတော့ ရသွားစေရမယ်ပေါ့။

ဇန်န၀ါရီလ၊ ၂၅-ရက်နေ့က ဘန်ကောက်ကို ခရီးထွက်ခဲ့တယ်။ ဒုတိယအကြိမ်မြောက်ပေါ့။ သုဝဏ္ဏဘူမိလေဆိပ်ကြီးကို ဆင်းတာနဲ့ ရွှေမြန်မာတွေ ရေရွတ်နေကြစကားတွေကို ကြားရတော့တာပဲ။ ကိုယ့်နိုင်ငံအစိုးရကို ဆဲလိုက်၊ သူများတွေ ကြီးပွားနေတာတွေကို တမ်းတလိုက်၊ လူ့အခွင့်အရေးနဲ့ အာဏာရှင်စနစ်တွေကို ဝေဖန်လိုက်။ ဒါတွေက ဆယ်စုနှစ်ပေါင်းများစွာ အာခေါင်တွေ ခြောက်ကပ်နေအောင် ပြောနေကြရလွန်းလို့ ကျွန်ုပ်အတွက်တော့ ရိုးအီလို့ နေခဲ့ပါပြီ။ အာဏာရှင်တွေ ပြုမူနေတာတွေကလည်း ပုံပြင်ဟောင်းတွေဖြစ်သလို အတိုက်အခံတွေ ပြောနေလုပ်နေကြတာကလည်း ပုံပြင်ဟောင်းတွေပဲ ဖြစ်နေခဲ့တယ်။ ပုံပြင်အဟောင်းတွေနဲ့ နားငြီးလွန်းလို့ အချို့တံခါးတွေ ပိတ်ထားခဲ့ပါတယ်။

စင်္ကာပူရောက်တော့ စင်္ကာပူကို အားကျရသလို ဘန်ကောက်ရောက်တော့လည်း ဘန်ကောက်ကို အားကျရတာပဲ။ ဒီအကြောင်းကို သူငယ်ချင်းကို ပြောပြတော့ မယုံမရှိနဲ့ လာအိုသွားရင်တောင် မင်းအားကျနေလိမ့်မယ်တဲ့။ မြန်မာ့အလင်းဆောင်းပါးရှင်ကတော့ အမေကျော် ဒွေးတော်လွမ်းလို့ ဆိုပါတယ်။ အစိုးရမတည်ငြိမ်လို့ မြို့လည်ခေါင်မှာ ညစ်ညစ်ပတ်ပတ်တွေ ပေါလာတာကလွဲရင် လမ်းတွေ လုပ်ထားပုံက အံ့သြစရာကောင်းလှတယ်။ စင်္ကာပူထက်ကို တံတားတွေက စည်ကားလွန်းတယ်။

ကမ္ဘာ့ဒုတိယအရှည်ဆုံးတံတားကြီးကဆို ရင်သပ်ရှုမောစရာ ကောင်းပါတယ်။ ဘန်ကောက်ကနေ ဘန်းပခေါင်ထိ ၅၄ ကီလိုမီတာရှည်လျားပါတယ်။ ပတ္တရား(ဖတ်တရား)ကို သွားတဲ့ခရီးမှာ မြေပြင်ပေါ်ကသွားရခရီးက တိုတိုလေးပါ။ တံတားကြီးပေါ်ကပဲ အများဆုံး ဖြတ်သွားရပါတယ်။
ဖတ်တရားမြို့က အတော်သာယာပါတယ်။ ဘုန်းကြီးတွေနဲ့ သိပ်အပ်စပ်တဲ့မြို့တော့ မဟုတ်ရှာပါဘူး။ ပြည့်တန်ဆာလုပ်ငန်းကို အကြီးအကျယ် ပေါ်ပေါ်ထင်ထင် လုပ်ကြတဲ့မြို့ဖြစ်လို့ပါပဲ။ စိတ်ထဲရှိတဲ့အတိုင်း ကြဲလို့ ရတဲ့မြို့လို့ဆိုပါတယ်။ ညပိုင်းမှာ ကားလေးနဲ့ မြို့ထဲလည်တော့ မျက်လုံးပြူးကျယ်ပြီး ပါးစပ်တွေအဟောင်းသားဖြစ်ခဲ့တယ်။ တစ်စုတစ်စုကို အယောက်သုံးဆယ်၊ လေးဆယ်စသည်ဖြင့် စုရုံးနေကြတယ်။

ဖတ်တရားကမ်းခြေလမ်းကလေးအတိုင်း မောင်းထွက်ခဲ့တော့ ကားထဲက မီးကို ပိတ်ပြီး တိတ်တိတ်လေးနေပြီး လိုက်ခဲ့ကြဖို့ သူငယ်ချင်းက ပြောတယ်။ ဘာကြောင့်လဲဆိုတော့ ဘုန်းကြီးမြင်ရင် “လန့်ပြေးကြတတ်”လို့ပါတဲ့။ လမ်းဘေးမှာတွေ့ရတဲ့ အများစုကတော့ အနောက်သားတွေ များပါတယ်။ အနောက်သားတွေ ပျော်တဲ့မြို့လို့ ဆိုပါတယ်။ ထိုင်းကားသမားက ထိုင်းလိုပြောနေပါတယ်။ ထိုင်းစကားနားလည်တဲ့သူငယ်ချင်းကို မေးကြည့်တော့ ကားလမ်းညာဘက်ခြမ်းက ဈေးပေါတဲ့သူတွေ၊ ဘယ်ဘက်ခြမ်းက ဈေးကြီးတယ်တဲ့။ “အော်၊ အော်”လို့ အာမေဋိတ်ပြုခဲ့ပါတယ်။

မနက်မနက်စောစော ဆွမ်းခံကြွရင် ဒီအလုပ်လုပ်စားသူ မိန်းကလေးတွေက အမြဲတမ်းလိုလို ဆွမ်း၊ ငွေကြေးစသည်ကို လောင်းလှူလေ့ရှိတယ်တဲ့။ အတော်များများက ထောင်ချောက်ထဲက ကျားသစ်မလေးတွေလိုပဲလို့ သူငယ်ချင်းက ပြောပါတယ်။ ဘယ်မိန်းကလေးမှ ဒီလိုအလုပ်မျိုးမှာ ပျော်ပိုက်ကြပါ့မလဲ။

တောင်ပေါ်ကနေ မြို့အလှမီးရောင်တွေ ကြည့်ရှုပြီးလို့ ပြန်ကြမယ်ဆိုတော့ “………မရှိတဲ့ လမ်းကနေ ပြန်ကြစို့ရယ်”ဆိုပြီး ဟိုက်ဝေးလမ်းကနေ ပတ်ပြန်ခဲ့ကြတယ်။ ကိုယ့်စိတ်ကို ပြန်စစ်ကြည့်တော့ တရုတ်က ရဟန်းနှစ်ပါးဇာတ်လမ်းလေးကို သတိတွေ ရနေမိပါတယ်။

တစ်နေ့ ရဟန်းနှစ်ပါး ခရီးထွက်ကြတယ်တဲ့။ ချောင်းတစ်ခုကို ဖြတ်ရမယ်ဆိုတော့ မိုးတွေရွာလို့ ချောင်းရေတွေ ကြီးနေတယ်တဲ့။ ဒါပေမယ့် ချောင်းရေက ရဟန်းနှစ်ပါးအတွက်တော့ တစ်ဖက်ကမ်းကို ကူးမြောက်လို့ ရနိုင်တဲ့အနေအထားဖြစ်ပါတယ်။ သူတို့ ကူးကြမယ်ဆိုတော့ ကမ်းစပ်မှာ မိန်းကလေးတစ်ယောက်က ချောင်းကူးဖို့ လုပ်နေတယ်။ ဒါပေမယ့် ရေကြီးနေတော့ မကူးရဲဘူး။ ဒါနဲ့ ရဟန်းနှစ်ပါးကို အကူအညီတောင်းတယ်တဲ့။ တစ်ပါးက ၀ိနည်းကို တသဝေမတိမ်း လိုက်နာသူဆိုတော့ “ရဟန်းဆိုတာ မိန်းကလေးကို မထိကောင်းဘူး၊ ဒါကြောင့် မင်းကို ငါမကယ်နိုင်ဘူး”ဆိုပြီး ဥပေက္ခာပြုလိုက်တယ်။ နောက်တစ်ပါးကတော့ အဲဒီလို မဟုတ်ဘူး။ ပြောပြောဆိုဆို မိမိမှာပါလာတဲ့ သပိတ်နဲ့အသုံးအဆောင်နည်းနည်းပါတဲ့ အိတ်လေးကို နောက်ကျောမှာ အသေအချာ ချည်ထားလိုက်တယ်။ ပြီး မိန်းကလေးကို ကောက်ပွေ့လိုက်တယ်။ တစ်ဖက်ကမ်းကို ပို့ပေးလိုက်ပြီး ရဟန်းနှစ်ပါး ခရီးအတူဆက်ခဲ့ကြတယ်။

မိန်းကလေးကို ကယ်လိုက်တဲ့ ရဟန်းက ပုံမှန်ပါပဲ။ မိန်းကလေးနဲ့ မတွေ့ခင်ကလည်း ဒီစိတ်ပဲ၊ တွေ့ပြီး မိန်းကလေးကို ကောက်ပွေ့ပြီး တစ်ဖက်ကမ်းကို ပို့ပေးပြီးတော့လည်း ဒီစိတ်ပဲ။ သူ့စိတ်က ပကတိအတိုင်းသာ။ ဒီလို ခရီးဆက်ပြီး ကျောင်းကို ရောက်လာခဲ့ကြတယ်။

ကျောင်းကိုရောက်တော့ ၀ိနည်းလေးစားတယ်ဆိုတဲ့ကိုယ်တော်က မနေနိုင်တော့ဘူး။ စကားစလိုက်တယ်။ “အရှင်ဘုရား ၀ိနည်းမလေးစားဘူး၊ မလုပ်သင့်တာကို လုပ်ခဲ့တယ်”
“ဘာ…အရှင်ဘုရား၊ ဘာဖြစ်လို့လဲ”
“အခုမှ မသိချင်ယောင်ဆောင်မနေနဲ့၊ အရှင်ဘုရား မိန်းကလေးကို ပွေ့ခဲ့တယ်မလား”
ဒီတော့မှ အလွန်မှတ်သားစရာကောင်းတဲ့ စကားလေးထွက်လာခဲ့တယ်။
“အော်…အရှင်ဘုရားနှယ်၊ ဖြစ်မှဖြစ်ရလေ၊ တပည့်တော်က မိန်းကလေးကို ဟိုဘက်ကမ်းကနေ ဒီဘက်ကမ်းအထိပဲ ပွေ့ပြီး အကူအညီပေးခဲ့တာ။ အရှင်ဘုရားက အခုထိ ပွေ့ထားဆဲပါလား”

ကျွန်ုပ်လည်း အာရုံတွေကို ဘယ်ကနေ ဘယ်အထိ ပွေ့ဖက်ထားမိလဲ ဆန်းစစ်နေမိပါတယ်။ ဖတ်တရားမြို့ရဲ့ အမှောင်ကတော့ အလင်းရောင်တွေ များလွန်းလို့ မသိသာလှပါ။ ရင်ထဲမှာတော့ ဘယ်လောက်များများ လင်းပြီး ဘယ်လောက်များများ မှောင်နေကြပါလိမ့်။

ကျောင်းပြန်ရောက်တော့ ကြောင်တွေရဲ့ စူးစူးဝါးဝါးအော်သံကို ကြားလိုက်ခဲ့ရတယ်။ အမှောင်တွေ လင်းသွားရအောင် ပိတ်ထားမိတဲ့ ခလုတ်လေးတွေကို ဖွင့်လိုက်အုံးမှ….။
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails