Sunday, January 31, 2010

ဘာသာပြောင်းတော့မလို့ပါ


နှင်းတွေ ခဲနေတတ်သော မြို့လေးတစ်မြို့။ တိတ်ဆိတ်သော ဆင်ခြေဖုံးမှာ လူငယ်တစ်ယောက်။ ဖွားလျားကျနေသောဆံပင်များက ကုတ်ပိုးအထိ ၀ဲကျနေသည်။ ဤနေ့ဤရက်သည် သူ့အတွက် ရှုပ်ထွေးပွေလီနေသည်ဟု ခံစားခဲ့ရသော နေ့ရက်တို့ကို လွတ်မြောက်ခဲ့လေသည်။ ဆင်ဖြေဖုံးလေးမှတစ်ဆင့် ဘာရယ်မဟုတ် တောတန်းလေးဘက်သို့ လမ်းလျှောက်နေမိခဲ့သည်။ ရည်ရွယ်ချက်က ထူးခြားမှုမရှိ၊ အပျင်းပြေလမ်းလျှောက်ခြင်းမျှသာ။ “သေသောသူ ကြာရင်မေ့”ဆိုသလို စွန့်ခွာမိသောဘာသာတရားကိုရော မေ့လိုက်တတ်ကြသလား။ မဝေခွဲတတ်ပါ။ ဘာပဲဖြစ်ဖြစ် သူကတော့ ဘာသာပြောင်းတော့မည်ဟု ယတိပြတ်ဆုံးဖြတ်ပြီး ဖြစ်လေသည်။

တောစပ်လေးရောက်တော့ တဲလေးတစ်လုံးဟု ယူဆရသည့်နေရာကို မြင်လိုက်ရသည်။ တဲလေးက ၀ါးထရံတွေနှင့်၊ တိုင်ကလည်း ၀ါးလုံးတိုင်လေးလုံးမျှသာ။ အမိုးက ထန်းရွက်တွေနှင့်။ တဲလေး၏ရှေ့မှာ စဉ်းအုံးလေးတစ်လုံး၊ ရေအိုးလေးဖြစ်ပုံရသည်။ တဲလေး၏ပတ်ပတ်လည် သုံးပေခန့်သာ မြတ်ပေါင်းပင်များကို ရှင်းလင်းထားသည်။ လယ်ယာလုပ်မည့်သူများနေဖို့ ဆောက်ထားသည်ဟု မထင်ရ၊ အမြဲနေသည့်တဲလေးတစ်လုံးဟု လူရွယ်ယူဆမိလိုက်ခဲ့သည်။ အနားသို့ ချဉ်းကပ်ကြည့်သောအခါ အထဲတွင် တစ်ယောက်ယောက်ရှိသည်ကို သိခဲ့ရသည်။

လူငယ် တဲလေးရှေ့ ရောက်သည်နှင့် အထဲမှ ချောင်းဟန့်သံတစ်ချက်ကြားရသည်။ ခဏကြာတော့ ထွက်လာသည်။ “အော်….ဘုန်းကြီးတစ်ပါးပါလား” လူရွယ်အံ့အားသင့်သွားသည်။ “အတော်ပဲ ငါမေးချင်တာ မေးပစ်လိုက်မယ်”ဟု စိတ်ထဲမှာ ကြုံးဝါးလိုက်မိသည်။ လူငယ်က ကျောင်းထဲသို့ ၀င်ခွင့်ပြုဖို့၊ စကားအနည်းငယ်ပြောခွင့်ပြုဖို့ ပြောသောအခါ ဘုန်းကြီးက ကျောင်းနဘေး သစ်ပင်ကြီးအောက်သို့ ညွှန်သဖြင့် သစ်ပင်ကြီးအောက် ရောက်သွားခဲ့သည်။

လူငယ်က ပြိုင်ပွဲဝင်ဖို့ အသင့်ဖြစ်နေတဲ့ မြင်းကောင်းမြင်းလှကြီးတစ်ကောင်လို တက်ကြွလန်းဆန်းနေသည်။ ဘုန်းကြီးက အနေကထိုင်လေးကို အသာအယာခင်းလိုက်သည်။ ပြီး အေးဆေးစွာဖြင့် ၀င်ထိုင်လိုက်သည်။ ကျောင်းထဲက ထွက်သောအခါမှစပြီး နေရာပြင်နေသည်အထိ လူငယ်ကို တစ်ချက်ကလေးမှ စောင်းငဲ့မကြည့်။ နေရာခင်းပြီးသောအခါမှသာ လူရွယ်ကို မျက်နှာချင်းဆိုင်လိုက်သည်။ ထိုအကြည့်ထဲတွင် “ကဲ ဘာပြောချင်သလဲ”ဟု ဆိုသည့်သဘောပါ ပါနေသည်ဟု ခံစားမိလိုက်သည်။
“ဘာသာပြောင်းတော့မလို့ပါ”ဟု တုံးတုံးတိတိပဲ ပြောလိုက်သည်။

“အေး…အဲဒါ ဘာဖြစ်လဲ၊ ငါက ဘာပြောရမလဲ” အေးအေးဆေးဆေးပဲ ပြောသည်။ လူရွယ်အံ့အားသင့်သလို ဖြစ်သွားသည်။ ဘာသာတစ်ခုက ဘာသာတစ်ခုကို ပြောင်းတော့မည်ဆိုလျှင် ဘုန်းကြီးတွေက တုန်လှုပ်တတ်ကြသည်ကို တွေ့ဖူးသည်။ “ဒီဘုန်းကြီးက ဘယ်လိုပါလိမ့်”ဟု တွေးနေသည်။

“အဲဒါ ဘုန်းကြီးကို မထင်မှတ်ဘဲ တွေ့လို့ ဘာသာအကြောင်း၊ တရားအကြောင်းအနည်းငယ်ဖြစ်ဖြစ် ဆွေးနွေးမလားလို့ ဒီကို ရောက်လာတာပါ”

“တပည့်တော် တည့်တည့်ပဲ မေးချင်ပါတယ်။ ခရစ်ယာန်ဘာသာနဲ့ ဗုဒ္ဓဘာသာ ဘယ်ဘာသာက ကောင်းသလဲ”။
“အဲဒါ ငါ့ကို လာမမေးနဲ့ကွ”

“ဘာဖြစ်လို့လဲ”

“ပထမ ခရစ်ယာန်တစ်ယောက်ကို သွားမေး၊ ပြီးရင် ဗုဒ္ဓဘာသာတစ်ယောက်ကို သွားမေး၊ ဒါဆို အဖြေကို မင်းသိလိမ့်မယ်ကွ၊ ဒီထက်ပိုသိချင်ရင် ဟိန္ဒူတစ်ယောက်၊ မွတ်စလင်တစ်ယောက်၊ ဆစ်ခ်ဘာသာဝင်တစ်ယောက်၊ ကွန်ဖြူးရှပ်ဘာသာဝင်တစ်ယောက်၊ အဲဒါတွေပါ ဆက်မေးလိုက်၊ ဘယ်ဘာသာကောင်းလဲ သိလိမ့်မယ်”။

“အဲဒါတော့ တပည့်တော်လဲ သိတာပေါ့။ သူတို့ကတော့ သူတို့ဘာသာကောင်းကြောင်းပဲ ပြောမှာပေါ့။ အခု သိချင်တာက ဘယ်လိုပြောရမလဲ ဘယ်ဘက်မှ မလိုက်ဘဲ အဲဒီဘာသာတွေရဲ့ ကျင့်ဝတ်သိက္ခာပိုင်း၊ အကျိုးဖြစ်ထွန်းမှုပိုင်း၊ ခိုင်မာတဲ့ဘ၀ရပ်တည်ရေးအပိုင်း..စတဲ့ ရှုထောင့်တွေအရ ဘယ်သာသာက ကောင်းတယ်ဆိုတာကို ဘေးလူတစ်ယောက်အနေနဲ့ ဖြေပေးဖို့ပါ”

“အေး…မင်းပြောတာ လွယ်တယ်။ မင်းဟာ ဗုဒ္ဓဘာသာဖြစ်တယ်လို့ ခံယူလိုက်ရင် မင်းက ဗုဒ္ဓဘာသာဘက်ကို လိုက်လိုက်တာပဲကွ၊ ကျွန်တော်က ဗုဒ္ဓဘာသာပါ၊ ဒါပေမယ့် ဘာသာစွဲမရှိပါဘူးလို့ ပြောတာ အရူးကွ၊ မသိစိတ်က အဲဒီဘာသာဘက်မှာပဲရှိတယ်” သက်ပြင်းချရင်း ဆက်ပြောသည်။

“အေးးး…အဲဒါ ခက်တာပဲကွ၊ ငါက ဘေးလူမှ မဟုတ်ဘဲ၊ ဘေးလူအနေနဲ့လို့ စကားခံပြီး ငါပြောလိုက်ရင်လဲ သူက ဗုဒ္ဓဘာသာဖြစ်လို့ ပြောတယ်လို့ ပြောမှာပေါ့ကွ၊ ဒီမှာ ဒီမှာ ငါပြောလိုက်မယ် ငါ ငယ်ငယ်က မှတ်ခဲ့ဖူးတဲ့ စကားလေးရှိတယ်ကွ “Beauty is on the eyes of beholder” တဲ့ကွ၊ တစ်စုံတစ်ယောက်ဟာ တစ်စုံတစ်ရာကို စွဲလန်းပြီဆိုပါစို့။ အဲဒီစွဲလန်းစိတ် မကုန်ဆုံးသေးသရွေ့ အဲဒီတစ်စုံတစ်ရာဟာ သူ့အတွက် တန်ဖိုးပဲ၊ မင်းသွားမထိနဲ့၊ ပြဿနာတက်သွားမယ်။ သဘောပေါက်လားကွ၊ ဒါကြောင့်ပေါ့..…ဗုဒ္ဓဘာသာတစ်ယောက်က ခရစ်ယာန်ရဲ့ အားနည်းချက်ကို ပြောတော့မယ်ဆိုရင် “ကျုပ်က ဗုဒ္ဓဘာသာမို့လို့ ပြောတာ မဟုတ်ပါဘူး၊ သူတို့ကျမ်းစာက ဘာမှ လေးစားစရာ မရှိပါဘူးကွာ။ သူတို့ဘုရားကလည်း စစ်ဘီလူးကြီးပါ။ စစ်ဘီလူးဆိုတာမှ ကမ္ဘာမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ စစ်ဘီလူးကြီး။ သူတို့ကျမ်းဟောင်းကို သေချာဖတ်လေ၊ ရက်စက်ကြမ်းကြုတ်တဲ့စစ်ဘီလူးဆိုတာ ပေါ်လွင်လေပဲ။ မယုံရင် တကယ်ဖတ်ကြည့် မြို့ပေါင်းများစွာ၊ ရွာပေါင်းများစွာ၊ လူပေါင်းများစွာ၊ တိရစ္ဆာန်ပေါင်းများစွာကို သတ်ဖြတ်တာ။ ဒို့ဗုဒ္ဓဘာသာအရတော့ သတ်ဖြတ်ခြင်းမှာ ဘက်နှစ်ဘက်ဆိုတာ မရှိဘူး၊ သတ်ဖြတ်ခြင်းမှာ တစ်ခြားအမှတ်တံဆိပ်ဆိုတာ မရှိဘူး။ ဥပမာကွာ ထာဝရက သူ့စကားနားမထောင်သူ လူမျိုးတွေ အခြားဘုရားကိုးကွယ်သူတွေကို သတ်တယ်၊ လုယက်ခိုင်းတယ်၊ သုံ့ပန်းတွေအဖြစ် ဖမ်းခိုင်းတယ်၊ ကောင်းကင်က မီးကျီးမိုးတွေ၊ ပြာပူမိုးတွေ ရွာချစေတယ်၊ ဒါတွေဟာ ဒို့ဗုဒ္ဓဘာသာအလိုအရတော့ ဘယ်လိုမှ နားမလည်နိုင်စရာတွေပဲလေ…….”စသည် စသည် ပြောကြမှာပဲကွ”

ကဲ…ဟုတ်ပြီ…မင်းခရစ်ယာန်တစ်ယောက်ကို သွားမေးရင်လည်း “ကျွန်မက ခရစ်ယာန်မို့လို့ ပြောတာမဟုတ်ပါဘူး။ ဒီရုပ်တုကြီးတွေကို ရှိခိုးနေတာကို နားကိုမလည်ပါဘူး။ ပြီးတော့ သူတို့ဘုရားကလည်း ကယ်တင်ရှင်မဟုတ်ဘူးတဲ့၊ ကျွန်မတို့ဘုရားက အားလုံးကို ကယ်တယ်လေ”စသည် စသည် ပြောပါလိမ့်မယ်။ ဒါ အသေအချာပဲကွ၊ ကျန်တာတွေ ဆက်တွေးပေါ့ကွာ၊ တကယ်တော့ လူဆိုတာ ကိုယ့်ကိုယ်ကို ညာနေတဲ့သူတွေပါကွ”

“ဒါဆို ကိုယ်တော်ကရော ကိုယ့်ကိုယ်ကို ညာနေတာလား”

“ဒါလည်း မင်းအမြင်က မင်းအတွက် အမှန်တရားပေါ့၊ ဒီဘုန်းကြီး ကိုယ့်ကိုယ်ကို ညာနေတာပါလို့ ယူဆရင်ပဲဖြစ်ဖြစ်၊ သူက အမှန်တိုင်း မြင်နေတာပါလို့ ယူဆရင်ပဲဖြစ်ဖြစ် ဘာမှ ကိစ္စမရှိပါဘူး။ မင်းယူဆချက်က ယူဆချက်မျှသာဖြစ်ပြီး ငါ့အမြင်က ငါ့အမြင်ပဲ ဖြစ်နေမှာပဲလေ”

“ဒါနဲ့ ဗုဒ္ဓဘာသာဖြစ်ရတဲ့အတွက် ကျေနပ်လား”

“သိပ်ကျေနပ်တာပေါ့”

“ဘာဖြစ်လို့….”

“ဒါကတော့ ငါ့အမြင်၊ ငါ့ခံစားချက်နဲ့ ငါ့ကျေနပ်မှုပဲလေ။ ငါ့ခံစားချက်က ဘာသာခြားတွေအတွက်တော့ ရှုးမိုက်မှုတစ်ခု ဖြစ်နေမှာပဲလေ”

“ဘာဖြစ်လို့…..”

“ဘာဖြစ်လို့လဲဆိုတော့ အရာရာကို ထာဝရဘုရားက ဖန်ဆင်းပြုမူတယ်၊ ကောင်းတာလုပ်လုပ်၊ ဆိုးတာလုပ်လုပ် သေခါနီးမှာ ဗတ္တိဇံခံလိုက်ရင် ထာဝရကောင်းကင်ဘုံကို ရောက်တယ်၊ ကောင်းတာတွေ ဘယ်လောက်လုပ်လုပ် ထာဝရဘုရားကို လက်မခံရင် ထာဝရငရဲမှာ ခံစားရမယ်၊ ဒီလောက် လူပေါင်းများစွာ သတ်ဖြတ်နေတဲ့ဘုရားကို ၀တ်ပြုကိုးကွယ်တယ်၊ …..ဒါတွေက ငါ့အမြင်အရတော့ ရူးသွပ်မိုက်မဲမှုတွေပဲလေ”

“ခရစ်ယာန်ကျမ်းစာတွေကို သေချာဖတ်ဖူးလား”

“အင်း”

“ဗုဒ္ဓဘာသာကျမ်းစာတွေနဲ့ နှိုင်းယှဉ်ချိန်ထိုးကြည့်ဖူးလား”

“စာဖတ်တယ်ဆိုတာ ချိန်ထိုးနှိုင်းယှဉ်ကြည့်တတ်အောင်လို့ မဟုတ်ဘူးလား”

“ကိုယ်တော်က ဖြေလိုက်ရင် တစ်မျိုးကြီးတွေချည်းပဲ။ တိုက်ရိုက်ဘာဖြစ်လို့ မဖြေရတာလဲ”

“တိုက်ရိုက်ဖြေရင် ငါ့အဖြေဖြစ်သွားမယ်၊ မင်းကိုယ်တိုင်စဉ်းစားပြီး မင်းဖြေရင် မင်းအဖြေပဲဖြစ်မယ်လေ။ လူတစ်ယောက်ဟာ သူများအဖြေတွေထက် ကိုယ့်အဖြေတွေကသာ ဘ၀ကို ပြောင်းလဲစေတတ်တာမဟုတ်လား။ ဗုဒ္ဓဘာသာဆိုတာကိုက ကိုယ့်နှလုံးသား၊ ကိုယ့်ခံစားချက်၊ ကိုယ့်ရွေးချယ်မှု၊ ကိုယ့်အကျိုးရလဒ်တွေကို တာဝန်ယူခိုင်းတာပဲလေ”

ညနေစောင်းတော့ ပုစဉ်းရင်ကွဲအသံတွေက ဆူညံစွာ ပေါ်ထွက်လာခဲ့လေသည်။ လူငယ်တစ်ယောက် အလာတုန်းက တည်ငြိမ်မှုမျိုးထက် များစွာသာလွန်သော တည်ငြိမ်မှုမျိုးဖြင့် ဖြည်းညှင်းစွာ လမ်းလျှောက်လာနေခဲ့သည်။ အမေမွေးတုန်းကတည်းက ဗုဒ္ဓဘာသာ၊ အရွယ်ရောက်တော့ ဖာသိဖာသာ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာကို အားမရလို့ ခရစ်ယာန်တစ်ယောက်လို နေလာခဲ့။ အတည်တကျ ခရစ်ယာန်ဖြစ်ဖို့ လွန်ခဲ့တဲ့ လေးငါးရက်က ဆုံးဖြတ်ခဲ့လေသည်။ ဒီစကားဝိုင်းလေးမဖြစ်ခင်အချိန်အထိ

“ဘာသာပြောင်းတော့မယ်”လို့ ဆုံးဖြတ်ပြီးဖြစ်နေခဲ့သည်။ တောကျောင်းကိုယ်တော်က ဘယ်ဘာသာက ကောင်းတယ်လို့ မပြော၊ သူ့ဘာသာကို ၀င်ပါလို့လည်း မဆွယ်၊ မင်း ဘယ်ဘာသာကနေ ဘယ်ဘာသာကို ပြောင်းမှာလဲလို့တောင် မမေးခဲ့။

လမ်းလျှောက်ရင်း၊ လမ်းလျှောက်ရင်းဖြင့် ကိုယ့်ခြေထောက်ပေါ်မှာ ကိုယ်ရပ်နေတာကို နက်နက်နဲနဲ ခံစားမိလိုက်သည်။ နှလုံးသားတွင် အတ္တာဟိ အတ္တနော နာထော ၀ါဒက နေရာအပြည့်ယူလိုက်သည်ကို ကြည်ဖြူစွာ လက်ခံမိလိုက်ကြောင်း ကြည့်နူးသိဖြင့် ပီတိတွေ ဖြာနေမိခဲ့သည်။

သုံးချက်သိမှာ တတိယာ (၅)





ခန္ဓာကိုယ်ပြင်ပအားဖြင့် နိမိတ်စားရခြင်း၊ အာရုံနိမိတ်အဆုံးအပိုင်းအခြားမရှိ လွှတ်ရခြင်းဟူသော ဗဟိဒ္ဓသုံးချက်ရှုနည်းများကို သိရှိခဲ့ရပြီးဖြစ်သည်။ ယခုအခါ အဇ္ဈတ္တအတွင်းသက်သက်အားဖြင့် သုံးချက်ရပုံ၊ ပဋိဘာဂနိမိတ်သွင်းထုတ်ရပုံကို ပြဆိုပါဦးမည်။

အထက်တွင်ဖော်ပြထားသော နံပါတ် ၃၅-ပုံသည် ယောဂီ၏နိမိတ်ကို အဇ္ဈတ္တဖြစ်သော မိမိ၏၀မ်းခေါင်းအတွင်းသို့ သွင်းရန်ပြသထားခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် အစအလယ်အဆုံးသတ်မှတ်ထားသောလေတို့၏ သက်ချည်တက်ချည်ဖြစ်နေပုံကို ပြသထားခြင်း ဖြစ်ပါသည်။ နံပါတ် ၁၇-တွင်ပြသထားသကဲ့သို့ပင် ဖြစ်သည်။ ဤ၌ ထူးသည်မှာ မှုတ်သောလေနှင့် မိမိ၏ငယ်ထိပ်မှ အတုတ်လက်ညှိုးခန့်၊ အရှည် ၆-တောင်ခန့်မှတ်ပြီး ထုတ်ရမည်။ ပြီးလျှင် အလွန်လင်းအောင် ပြုလုပ်ရမည်။ အကျယ်ချဲ့ပြောရန် လိုတော့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ရှိုက်သောလေနှင့် ၀မ်းဗိုက်အတွင်းသို့ ရှုသွင်းရန်ဖြစ်သောကြောင့် ဖြစ်ပါသည်။

နံပါတ် ၃၆-ပုံကို အသေအချာ စဉ်းစဉ်းစားစား သဘောပေါက်အောင် တရားကွက်ပိုင်အောင် အထပ်ထပ် ဖတ်၊ အထပ်ထပ် ကြံစည်စဉ်းစားဖို့ လိုပါသည်။ သို့မှသာ အခက်အခဲမရှိ ဖြစ်ပါလိမ့်မည်။ အဇ္ဈတ္တသုံးချက်ရှုမှတ်ကြရာတွင် အချို့ယောဂီများမှာ မျက်စိကို အသုံးပြုသဖြင့် အဇ္ဈတ္တမဖြစ်ဘဲ ဗဟိဒ္ဓဖြစ်နေတတ်ကြပါသည်။ အာရုံမှန်မှန်နှင့်အတွင်းဘက်ဖြစ်ရန်ကား နောက်ကျောဘက်မှ ရှုမှတ်က လွယ်လွယ်ကူကူဖြင့် အတွင်းသဘောမှန်ကန်အောင် ရှုမှတ်နိုင်ပေလိမ့်မည်။ သို့အတွက်ကြောင့် ကျောဘက်မှ ရှုမှတ်ပုံကို ပြသထားခြင်း ဖြစ်ပါသည်။ အားထုတ်တိုင်း အားထုတ်တိုင်း မိမိတို့၏ စိတ်ကလေးကို နောက်ကျောဘက်မှသာ စိတ်ကို ထား၍ ရှုမှတ်ကြပါလေ။
အားထုတ်ရှုမှတ်ရပုံမှာ ၃၅-ပုံတွင် ထုတ်လေနှင့်ထုတ်ထားခဲ့ပြီးသော အလင်းနိမိတ်ကို ၃၆-ပုံတွင် ငယ်ထိပ်မှမြားလမ်းအတိုင်း ရှိုက်သောလေနှင့် ရှိုက်လိုက်ရမည်။ ၀င်လေဆုံးသောအခါ ချက်နှင့်တဲ့တဲ့ဖြစ်သော ၀မ်းခေါင်းကြီးထဲတွင် အရောင်များ တလဲ့လဲ့ဖြာထွက်လျှက် သံပရာသီးလုံးခန့်၊ လိမ္မော်သီးလုံးခန့် ပဋိဘာဂနိမိတ်အလုံးကြီး ကွန့်မြူးစမ္ပာယ်နေသည်ကို ထင်ရှားစွာ တွေ့မြင်ရပေလိမ့်မည်။

ထိုကဲ့သို့ အဇ္ဈတ္တသို့ ရှိုက်၍ဆွဲချလိုက်ရာတွင် ၃၅-ပုံအတိုင်း ထုတ်၍ထားသောအလင်းချောင်းသည် ပုတိုလျှက်ဝင်သွားသည်ကို ပုလင်းဖြူဖြူကြီးထဲ ပြဒါးရေများ လောင်းချလိုက်သောအခါ မြင်တွေ့ရသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ ချက်အရပ်တည့်တည့်တွင် အဘယ့်ကြောင့် တည်ရသနည်းဟုဆိုလျှင် ၀င်လေသည် နှာသီးဝမှစပြီး ရင်လယ်ကို ဗဟိုပြုကာ ချက်အရပ်တွင် လေအဆုံးသတ်သောကြောင့် ဖြစ်လေသည်။ အလုံးမှိန်မှိန်နှင့်ရှုလျှင် စိတ်ကြည်လင်မှု မဖြစ်နိုင်သောကြောင့် အလွန်လင်းအောင် အားထုတ်ရပါမည်။

ထှို့နောက် နံပါတ် ၃၆-တွင် ပြခဲ့သည်အတိုင်း ရှုမှတ်ပြီး လေဆုံးရာအရပ် ချက်တည့်တည့်တွင် အလင်းနိမိတ် ထွန်းပနေပုံကို သိခဲ့ရပြီ။ ယခုအခါတွင် အဆိုပါ ချက်အရပ်မှာ တည်နေသောအလင်းနိမိတ်ကို ပြန်ထုတ်ရပုံကို ပြလို၍ နံပါတ် ၃၇၊ ၃၈-ပုံများကို ပြရပြန်လေသည်။ အထူးမှတ်ရန်မှာ ၀င်လေသည် နှာသီးဝအစ၊ ရင်အလယ်၊ ချက်အဆုံး။ တစ်ဖန် ထွက်လေသည် ချက်အစ၊ ရင်အလယ်၊ နှာသီးဝအဆုံးဟု သိထားရမည်။ အတွင်းရှုနည်းဖြင့် ရှုရာတွင် အလင်းနိမိတ်ကို အပြင်ပသို့ မရောက်ရအောင် အထူးဂရုစိုက်ရမည်။ ၃၇-ပုံသည် ထွက်လေ၊ ၀င်လေတို့၏အလယ်ဖြစ်သော ရင်လယ်တွင် ထွန်းပနေပုံကို ပြသထားခြင်းဖြစ်သည်။ ၃၈-ပုံသည် ထွက်လေ၏အဆုံးဖြစ်သော နှာသီးဝတည့်တည့် လည်ချောင်းအခေါင်းတည့်တည့်တွင် ထွန်းပတည်နေပုံကို တွေ့မြင်ရပုံ ဖြစ်ပေသည်။

အချို့က ထိုကဲ့သို့ ရှုမှတ်ရာတွင် ပကတိလေကိုသာ ရှုမှတ်ရမည်ဟု ဆိုတတ်ကြသည်။ အမှန်အားဖြင့် ပကတိလေကို ရှုမှတ်၍ မရ။ လေနှင့်အတူတကွ ဖြစ်ပေါ်လာသော အလင်းပဋိဘာဂနိမိတ်ကိုသာ သုံးချက်ရှု၍ ဖြစ်နိုင်သည်။ ထိုကဲ့သို့ ရှုမှတ်ရာတွင် ….

၁။ အစတစ်ချက်ကိုသာ မြင်သော အာဒိလဒ္ဓပုဂ္ဂိုလ်

၂။ အလယ်တစ်ချက်ကိုသာ မြင်သော မဇ္စျေလဒ္ဓပုဂ္ဂိုလ်

၃။ အဆုံးတစ်ချက်ကိုသာ မြင်သော အန္တောလဒ္ဓပုဂ္ဂိုလ်

၎။ အစ၊ အလယ်၊ အဆုံး သုံးမျိုးလုံးကို မြင်သော တယောလဒ္ဓပုဂ္ဂိုလ်ဟု ပုဂ္ဂိုလ်လေးမျိုး ရှိပါသည်။ ထိုတွင် အစ၊ အလယ်၊ အဆုံး သုံးပါးလုံးကို မြင်သော တယောလဒ္ဓပုဂ္ဂိုလ်ဖြစ်အောင် ပွားများကြရပါမည်။

သုံးချက်သိမှာ တတိယာ (၄)


အထက်တွင် ဖော်ပြထားသော ရုပ်ပုံနံပါတ် ၂၉၊ ၃၀၊ ၃၁-ပုံတို့သည် ရုပ်ပုံနံပါတ် ၂၇၊ ၂၈-ပုံတို့တွင် ထွက်လေနှင့်မှုတ်ထား၊ ချဲ့ကားထားသော တစ်ဘက်နားအပြင်ဘက်ရှိ အလင်းနိမိတ်တုံးကြီးကို ရှုလေ၊ ရှိုက်လေတို့နှင့်ဆွဲယူလိုက်ပြီး ကျန်နားတစ်ဘက်တွင် တည်လာပုံကို ပြဆိုထားခြင်း ဖြစ်ပါသည်။ တစ်ဖန် ထုတ်သောလေနှင့် တစ်ဘက်နား၊ ရှိုက်သောလေနှင့်တစ်ဘက်နားအားဖြင့် ထုတ်ချည်မှုတ်ချည် အပြန်အပြန်အလှန်လှန် တရစပ်ကြိုးစားအားထုတ်ရမည်။ အလင်းနိမိတ်တုံးကြီးသည် လှေများလွန်းထိုးပြေးသွားနေသကဲ့သို့ ပြေးချည်ပြန်ချည် အရောက်တလက်လက်၊ တဖျပ်ဖျပ် တရိပ်ရိပ်၊ ဟိုဘက်ဒီဘက် ကူးသန်းနေပါလိမ့်မည်။

ဥပမာအားဖြင့် ပုခုံးအထက်တွင် ကန့်လန့်ဖြတ် မီးရဲနေသောသံတုံးကြီးနှင့် ဆောင့်နေ တိုက်နေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ တစ်နည်းအားဖြင့် အရောင်လင်းသော တိမ်တိုက်ကြီး တိမ်လုံးကြီး အုပ်ဖုံး၍ အုပ်ဖုံး၍သွားသော လ၀န်းနေ၀န်းကြီးများပမာ မိမိ၏ဦးခေါင်းပေါ်သို့ အလင်းတုံးကြီး အုပ်ဖုံးပြီး ပျောက်၍ပျောက်၍ နေရှာပေလိမ့်မည်။ မီးစကို ကန့်လန့်အနေအထားဖြင့် မြန်မြန်ရမ်းလျှင် မီးတန်းကြီးတစ်ဆက်တည်း မြင်ရထင်ရသကဲ့သို့ နိမိတ်ကြီး ဆက်လာပေလိမ့်မည်။

အကယ်၍ နိမိတ်တုံးကြီး လိုသလောက် အလင်းကို မရလျှင် နေပူပူတွင် မှန်ထောင်ပြီး ကြည့်ပါ။ မကြည့်ရဲလောက်အောင်သောအလင်းကို တွေ့ရပေလိမ့်မည်။ နောက် မျက်စိကိုမှတ်၍ အဆိုပါ အလင်းမျိုး ငါ၏နိမိတ်လင်းစေရမည်ဟု စိတ်ကမှန်း၍ အားထုတ်ပေးရမည်။ အချို့ယောဂီများသည် အားထုတ်ရင်းအားထုတ်ရင်း မှိတ်ထားသောမျက်စိမှ မျက်ရည်များ စီးကျလာတတ်သည်။ အဘယ်ကြောင့်ဟု မေးသောအခါ မိမိအားထုတ်လိုက်သောနိမိတ်က မျက်စိစူးလို့ပါဟု ဖြေတတ်ကြသည်။ အဆိုပါနိမိတ်မျိုးကား အတိုင်းထက်အလွန် လင်းလှပေသည်။
အထက်ပါနည်းအတိုင်း အားထုတ်သောအခါ ရုပ်ပုံနံပါတ် ၂၉၊ ၃၀၊ ၃၁-ပုံများအတိုင်း အလင်းနိမိတ်တန်းကြီး တစ်ဆက်တည်းကဲ့သို့ ဖြစ်လာပေလိမ့်မည်။ အစပထမတွင် ဦးခေါင်းအလယ်၌ ရေးရေးသာမြင်ရသော်လည်း နောက်ပိုင်းတွင် ရုပ်ပုံနံပါတ် ၃၂-အတိုင်း ဦးခေါင်းပြတ်လျှက် ပခုံးနှစ်ဘက်ပေါ်တွင် ဖန်ကြည်မှန်ကြည်တုံးကြီး တင်ထားသကဲ့သို့ ထင်မြင်လာပေလိမ့်မည်။

နောက်တစ်ဖန် အလင်းတုံးကြီးကို ခါးက အထက်ပိုင်း တဲ့တဲ့ချိန်လျှက် တစ်ဖန်ထုတ်လေ၊ ရှူလေတို့နှင့် ဆွဲပြန်တွန်းပြန်သဖြင့် အထက်တွင် ပြထားသည့်အတိုင်း နိမိတ်ဆက်မိသောအခါ တင်ပလ္လင်ခွေအပြတ်ကြီးသာ ကန်တော့လျှက် ထိုတင်ပလ္လင်ခွေ၏အထက်တွင် ဖန်တုံးကြီးတင်ထားသကဲ့သို့ ရုပ်ပုံနံပါတ် ၃၃-အတိုင်း မြင်လာပေလိမ့်မည်။

ထို့နောက် ကျန်အပြတ်ကြီးကို ဆက်လက်တိုက်ဖျက်ပါက နံပါတ် ၃၄-တွင်ပြထားသည့်အတိုင်း တစ်ကိုယ်လုံးပျောက်လျှက် အလင်းတုံးကြီးသာ ကျန်နေပေတော့မည်။ ဤကား ၀ိပဿနာသို့ ဆက်လက်ရှုမှတ်ပွားများလိုသော ယောဂီများအတွက် အလွန်အကျိုးများသော နိမိတ်စားနည်းတို့ ဖြစ်ပါသည်။ ဤနည်းကို အဇ္ဈတ္တံ ၀ါ ဗဟိဒ္ဓါ ၀ါ ကာယေ ကာယာနုပဿီ ဟူသောပါဠိတော်အရ ဗဟိဒ္ဓသုံးချက်ရှုနည်းပင် ဖြစ်ပါသည်။ အဇ္ဈတ္တသုံးချက်ရှုနည်းမှာ နောက်တွင် ထင်ရှားပါလိမ့်မည်။

Sunday, January 17, 2010

ဘက်များ


(၁)
အမြင်ကျယ်လေလေ ဘက်တွေက များလေလေဖြစ်သည်။ သမုတိသစ္စာဖြစ်တဲ့ လောကမှာ ဘယ်အရာဖြစ်ဖြစ် ဘက်က တစ်ခုတည်းရှိမနေ။ အသိပညာနှင့်စဉ်းစားဆင်ခြင်နိုင်စွမ်းများလာသောအခါ အရာရာတွင် ဘက်ပေါင်းစုံရှိနေကြောင်း သိလာတတ်ကြသည်။ ကျွန်ုပ်တို့ ငြင်းကြသည်၊ ခုန်ကြသည်၊ ရန်စောင်ကြသည်၊ ရန်ဖြစ်ကြသည်။ မခေါ်နိုင်မပြောနိုင်တွေ ဖြစ်ကြသည်။ ထိုသို့ဖြစ်သမျှအားလုံးသည် ဘက်အပေါ်တွင် ရှုမြင်နိုင်စွမ်းနည်းပါးမှုကြောင့် ဖြစ်သည်။ “ဒီလူက အတ္တသိပ်အားကြီးတယ်၊ သူ့ဘက် ကိုယ့်ဘက်ကလေးတော့ ကြည့်မှပေါ့”လို့လည်း ပြောတတ်ကြသည်။ “ဟေ့…ကိုယ့်ရှိမှ ကိုယ်စားရတာ၊ ကိုယ့်မရှိရင် ဘယ်သူမှ လာကျွေးနေမှာ မဟုတ်ဘူး”လို့ပြောကာ ဇွတ်လုပ်ကြသူများလည်း ရှိလေသည်။
(၂)
စိတ်ဓာတ်ပိုင်းဆိုင်ရာ အရင့်ကျက်ဆုံး အခြေအနေ သို့မဟုတ် လုံးဝဘက်ပေါင်းစုံမှန်ကန်သောနယ် (ပရမတ်နယ်)သို့ မရောက်သေးသူများသည် လိုသလို ကောက်ချက်ဆွဲ၍မှန်ကန်သည်ဟု ဆိုနိုင်သော သမုတိအမှန်တရားများကို အတ္တများနှင့် ပေါင်းစပ်၍ တိုက်ပွဲဝင်တတ်ကြလေသည်။ “လူသည် လွတ်လပ်သည်၊ သို့ဖြစ်၍ ကိုယ့်ကံကြမ္မာကို ကိုယ်ကိုယ်တိုင် ဖန်တီးနိုင်သည်၊ ကိုယ့်ဖန်တီးမှု၏ အသီးအပွင့်ကိုလည်း ကျေနပ်စွာ လက်ခံနိုင်ရမည်”ဟု ဖြစ်တည်မှုပဓာန၀ါဒက ဆိုသည်။ ယေဘုယျအားဖြင့် ယန်းပေါဆက်ကြီးတို့၏ ဖြစ်တည်မှုပဓာန၀ါဒမှာ ဗုဒ္ဓအမြင်နှင့်ဤနေရာမျှအထိ တူလေသည်။ သို့ရာတွင် ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်းဖန်တီးရမည်ဟူသောအပိုင်းတွင်ကား ဗုဒ္ဓ၀ါဒနှင့် နှိုင်းမရ။ ဗုဒ္ဓ၀ါဒက ကံကို ဖန်တီးရာတွင် ကျင့်ဝတ်၊ စံနှုန်းများစွာဖြင့် ၀န်းရံထားသည်။ လွတ်လပ်တာမှန်သော်လည်း လုပ်ချင်တိုင်း မလုပ်ရ။ လူ့ကျင့်ဝတ်စည်းမျဉ်းများအရ သူ့ဘက်ကိုယ့်ဘက် ငဲ့စောင်း၊ ငဲ့ညှာ ကြည့်ရသည်။ လုပ်သင့်မသင့်၊ ပြောသင့်မသင့်၊ တွေးသင့်မသင့် ကြံဆရသည်။ ပြီးမှ အကောင်အထည်ဖော်ရသည်။ စာအားဖြင့် အတ္တနှင့်ပရဟု သုံးနှုန်းသည်။ ကိုယ့်ဘက်ကိုကား အတ္တဟု သုံးနှုန်းပြီး သူများတွေ၏ဘက်ကိုကား ပရဟု သုံးနှုန်းသည်။

(၃)
“ဓမ္မစေတီဆိုတဲ့ပုဂ္ဂိုလ်က သာသနာဖျက်ပဲ၊ မိစ္ဆာဝါဒကို အသက်သွင်းနေတဲ့ မိစ္ဆာကောင်”။ လူငယ်တစ်ဦးက ပေါက်ကွဲစွာ ဆိုလိုက်သည်။ ဘေးက ကောင်မလေးတစ်ယောက် ရှူးရှူးရှဲရှဲဖြစ်သွားသည်။ “နင်က သူများတွေပြောတိုင်း လိုက်ပြောနေတယ်။ ဆရာတော်ဟောလို့ ဒို့ ဗုဒ္ဓဘာသာစစ်စစ်၊ ဗုဒ္ဓဘာသာမှ ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်ကိုဖြစ်ခဲ့တာ။ ဆရာတော့်တရားတွေသာ မနာခဲ့ရင် ဗုဒ္ဓဘာသာဆိုတာ ဘာမှန်းတောင် သိအုံးမှာ မဟုတ်ဘူး………..ဆရာတော်ဟောတဲ့ ထေရ၀ါဒနဲ့ပတ်သတ်တဲ့တရားတွေကို နင်နာကြည့်စမ်းပါ…….နင် ငရဲကြီးမှာစိုးလို့ပြောတာပါ”။

“အေး…ဟုတ်တယ်ကွ၊ ငါလည်း သူများရေးတာကိုဖတ်ရင်းနဲ့ အဲဒီလိုပဲ ယူဆမိတာ။ ဆရာတော်ရဲ့ အဓိကအယူအဆက ထေရ၀ါဒစစ်သလား၊ မစစ်သလား ငါက ပိဋကတ်တွေ မသိတော့ မပြောနိုင်ဘူး။ ဒါပေမယ့် ဝေဖန်ရေးရေးတဲ့စာတွေကလည်း ဝေဖန်ရေးအဆင့်မရှိဘူးလို့ ငါထင်တယ်။ ဘာလို့လဲဆိုတော့ ပုဂ္ဂိုလ်ရေးတွေ ဆဲသလို ဖြစ်နေတယ်။ ဝေဖန်ရေးစာတွေ ရေးပေးနေတဲ့ ဆရာတော်တွေကိုလည်း ငါ မပြစ်မှားပါဘူး။ ငါ့အမြင်ပြောပြတာ၊ ဥပမာကွာ…ဘယ်တရားတော်မှာ ဘယ်အချက်အလက်တွေက ဘယ်လိုမှားနေတယ်။ ဘယ်တရားတော်ကတော့ လူငယ်တွေ သို့မဟုတ် ပရိသတ်ကို သာသနာစိတ်ဓာတ်တွေ၊ ဘာသာရေးအသိအမြင်တွေ ပေးတယ်၊ ဓမ္မစေတီအနေနဲ့ ဘယ်လိုအယူအဆမျိုးတွေကို မဟောသင့်ဘဲ ဘယ်လိုလေးတွေပဲဟောရင် အရမ်းအကျိုးရှိနိုင်ပါတယ်…စသဖြင့်ပေါ့ကွာ။ အဲဒီလိုလေး ဝေဖန်လိုက်ရင် ဗုဒ္ဓဘာသာလည်း လူကြားလို့ မကောင်းတဲ့အရာတွေ မဖြစ်တော့ဘူးပေါ့။ အခုဟာက ဘုန်းကြီးတွေကလည်း ရန်တွေဖြစ်နေသလိုကြီးပဲကွာ။ အခု ငါပြောတာ သိလို့တတ်လို့ မဟုတ်ပါဘူး၊ ကြားရတာ စိတ်မကောင်းလွန်းလို့ပါ၊ ဘာသာခြားတွေ ဟားတိုက်နေကြတာကို ကြည့်ပြီး စိတ်ကိုမကောင်းဘူး” တတိယလူရွယ်က ပြောသည်။

(၄)
လူဆိုသည်မှာ ထောက်တည်ရာဘက်တစ်ခုခုကိုတော့ စွဲမြဲနေတတ်ကြသည်ဖြစ်ရာ မည်သည့်ဘက်တွင်ဖြစ်နေနေ လူသားတို့၏ လွတ်လပ်မှုစံနှုန်းအရ လေးစားမှုလေးတော့ ပေးရမည်ဖြစ်လေသည်။ ဘက်တစ်ခုခုကို စွဲမြဲနေခြင်းမှာလည်း ကိုယ်ပိုင်လွတ်လပ်ခွင့်သာဖြစ်၍ အပြစ်မဆိုသာ။ အရာရာတွင် “ငါ”ဟု ယဉ်ပါးနေသောသတ္တ၀ါများအတွက် “အတ္တ”နှင့်ပေါင်းဖက်ရပ်တည်နေသည်ကိုလည်း ရန်စောင်နေ၍ ရမည်မဟုတ်။ ကိုယ့်အတ္တနှင့်ကိုယ့်စွဲလမ်းမှုအရ ဘက်တစ်ဘက်ဘက်တွင် ရပ်တည်နိုင်သည်။ အတ္တတွေအားကြီးပြီး “ငါ့ဘက်ကသာ အမှန်တရား၊ ငါ့ဘက်တော်သားသာ အသိဉာဏ်အပြည့်ဝဆုံး၊ တော်တော်တုံးတဲ့ ဟိုဘက်သားတွေဟာ လောကမှာ မရှိသင့်ဘူး”စသောအတွေးများဖြင့် အခြားဘက်တစ်ခုခုကို တိုက်ပွဲဝင်နေလျှင်ကား ရပ်တည်မိသောဘက်က မှန်ကောင်းမှန်နေနိုင်သော်လည်း ဘက်အပေါ်တွင် ရှုမြင်မှုက လူသားဆန်မှုကို အလွဲသုံးစားပြုမူလိုက်ခြင်းဖြစ်သည်ဟု ဆိုရနိုင်လေသည်။

(၅)
“နင်တို့ ဗုဒ္ဓဘာသာတွေ သိပ်သနားစရာ ကောင်းတာပဲနော်”။ “ဟဲ့ ဘာဖြစ်နေလို့တုန်း…၊ နင်က နေရင်းထိုင်ရင်း သနားနေရအောင်”။ “အင်း….ရှင်းရှင်းပြောရရင် ထာဝရကောင်းကင်ဘုံဆိုတာ ရှိသလို ထာဝရငရဲဘုံဆိုတာ ရှိတယ်။ နင်တို့က ထာဝရငရဲမှာ ရောက်ရမှာလေ၊ ဘယ်တော့မှ အဲဒီငရဲက တက်နိုင်တော့မှာ မဟုတ်ဘူး”။
“မင်းတို့ ခရစ်ယာန်တွေ တော်တော်သနားစရာ ကောင်းတာပဲနော်”။ “ဟဲ ဘာဖြစ်နေလို့တုန်း….၊ မင်းက နေရင်းထိုင်ရင်း သနားနေရအောင်”။ “အင်း….ရှင်းရှင်းပြောရရင် ဒီလောကကြီးက ဘယ်သူမှ ဖန်ဆင်းထားတာ မဟုတ်ဘူး၊ သူ့သဘာဝအတိုင်း တည်နေတာ၊ လူဆိုတာလည်း သူ့ကံနဲ့သူ ဖြစ်လာကြတာ၊ အခုတော့ မင်းတို့က လုပ်သမျှဘုရားချည်းပဲဆိုတော့ ရယ်စရာကြီးကွာ၊ ပြီးတော့ မင်းတို့ထာဝရဘုရားက ကျမ်းဟောင်းထဲမှာ ဣသရေလတွေကို ဦးဆောင်ပြီး စစ်ပွဲတွေ အများကြီးတိုက်တယ်ကွာ၊ မင်းသေသေချာချာဖတ်ကြည့်ရင် စစ်ပွဲတောင်မှ ဒီနေ့လို စစ်ပွဲမျိုးမဟုတ်ဘူး၊ တော်တော်ကို ရက်စက်ကြမ်းကြုတ်တဲ့စစ်ပွဲတွေ၊ သူကိုယ်တိုင် ရှေ့ကဦးဆောင်ပြီးကို အပြတ်ချဲတာ၊ သတ်တာမှ လူတင်မဟုတ်ဘူး၊ သိုးတို့၊ နွားပေါက်တို့၊ ဆိတ်တို့စတဲ့ တိရစ္ဆာန်ပေါင်း ငါ့အထင် အနည်းဆုံးတော့ တစ်သိန်းနီးပါးလောက်ရှိမယ်၊ အဲဒါတွေကိုလည်း အမြဲတမ်း စားတယ်တဲ့ကွာ၊ သူများပြောတာ မဟုတ်ဘူးနော်၊ ငါကိုယ်တိုင်ဖတ်တာ၊ အဲဒီလို ဘုရားကို အဟုတ်လုပ်ပြီး ကိုးကွယ်သတဲ့ကွာ။ အဲဒီလို အယူအဆအယုံအကြည်ရှိနေတာကိုက သနားစရာပဲကွာ”။ စသည်ဖြင့်…စသည်ဖြင့် ဘက်များစွာ ရှိနေခဲ့လေသည်။

လူများက ဘာသာရေးကို ငြိမ်းချမ်းရေး၏ လက်နက်အဖြစ် ဆွဲငင်ယူလိုက်သည်။ သူတို့လက်ထဲရောက်သောအခါ အတ္တတန်ဆာ၊ လူသတ်လက်နက်၊ ခိုက်ရန်လက်နက်၊ အငြင်းပွားလက်နက်အဖြစ်သို့ ရောက်မှန်းမသိ ရောက်ခဲ့ရလေသည်။

(၆)
“ဟိုလူကြီးက ပေးတာကမ်းတာ တော်တော်ရက်ရောတာပဲ၊ အမြဲတမ်းပဲ သူများကို ကူညီနေတဲ့သူ”ဟု အနားကဖြတ်လျှောက်သွားသော အသက် ၅၀-ကျော်ခန့် လူကြီးကို ရည်ညွှန်းပြီး လူငယ်တစ်ယောက်က ပြောလိုက်သည်။ “မင်းက ချီးကျူးနေ၊ အဲဒီလူကြီး အကူအညီကောင်းလို့ ဘ၀ပျက်သွားတဲ့ကောင်မလေးတွေ ဘယ်နှယောက်မှန်း မသိဘူး၊ ထွီ..တော်တော်ရွံစရာကောင်းတဲ့လူကြီးပါကွာ”ဟု ပြောလိုက်သံကို တစ်ဆက်တည်း ကြားလိုက်ရပြန်လေသည်။ တစ်ယောက်က လူကြီးဘက်မှ ရပ်တည်လိုက်ပြီး တစ်ယောက်က လူကြီးဘက်ကို ပယ်စွန့်လိုက်သည်ဟု ဆိုနိုင်သည်။ သူတို့မြင်လိုက်သောအရာသည် တစ်ခုတည်းပင်ဖြစ်သော်လည်း ရပ်တည်လိုက်ကြသောဘက်မှာ ကွဲပြားနေတော့သည်။

(၇)
စာစောင်တစ်ခုတွင် ဖတ်ဖူးသည်။ မိသားစုတစ်ခုတွင် သမီးဖြစ်သူက မီးဖိုချောင်အတွင်း စားပွဲပေါ်က ပန်းကန်တစ်ချပ်ကို တိုက်မိပြီး ပြုတ်ကျကွဲသွားစေခဲ့သည်။ ထိုအခါ သူ့အစ်မကို “နင်က ပန်းကန်ကို စာပွဲအစွန်မှာထားတာကိုး၊ ပြုတ်ကျမှာပေါ့၊ ငါ့အပြစ်မဟုတ်ဘူး၊ နင့်အပြစ်”ဟု အပြစ်ဆိုသည်။ တစ်ဖန် အစ်မဖြစ်သူက “အစ်ကိုက စားပွဲပေါ်မှာ သူ့ပစ္စည်းတွေ လာထားလို့ ထားစရာမရှိလို့ အစွန်းမှာ ထားရတာ၊ ဒါကြောင့် ငါ့အပြစ်မဟုတ်ဘူး၊ အစ်ကိုအပြစ်”ဟု လွဲချသည်။ ထိုအခါ အစ်ကိုဖြစ်သူက “ဒါက အမေက ထားခိုင်းလို့ ထားလိုက်တာ၊ ငါထားချင်လို့ ထားတာမဟုတ်ဘူး၊ ဒါကြောင့် အမေ့အပြစ်”ဟု အမေဖြစ်သူကို လက်ညှိုးထိုးသည်။ ထိုအခါ အမေဖြစ်သူက “ဒါ နင့်အဖေ၀ယ်ထားတာချည်းပဲ၊ နင်တို့အဖေကလည်း ကွဲတတ်တဲ့ပစ္စည်းတွေပဲ အများကြီး ၀ယ်နေတာ”ဟု အဖေကို ပုံချသည်။

သူတို့သည် အပြစ်ကို ရှောင်လွှဲလိုသူများ သို့မဟုတ် တာဝန်ယူမှုကို ဘောလီဘောပုတ်တမ်း ကစားနေကြသူများသာ ဖြစ်လေသည်။

ဒုတိယမိသားစုကား ထိုသို့မဟုတ်။ ပန်းကန်ကျကွဲသည်နှင့် သူ့အပြစ်သာဖြစ်ကြောင်း ၀န်ခံသည်။ ထိုအခါ အစ်မဖြစ်သူက “ငါကိုက မလွတ်မလပ်ထားလို့ ပြုတ်ကျရတာ၊ အစ်မအပြစ်ပါကွယ်”ဟု ၀န်ခံသည်။ အစ်ကိုသိသွားသောအခါ အစ်ကိုဖြစ်သူက “ကျွန်တော့်ပစ္စည်းတွေကို စားပွဲပေါ်တင်ထားလို့ ဖြစ်ရတာ၊ ကျွန်တော့်အပြစ်”ဟု ဆိုသည်။ အမေဖြစ်သူကလည်း “ဒီပစ္စည်းတွေကို ငါက ထားခိုင်းတာ၊ ငါ့အပြစ်ပါကွယ်”ဟု ပြောသည်။ အဖေလုပ်သူကလည်း “မင်းတို့အပြစ် တစ်ခုမှ မဟုတ်ပါဘူးကွာ၊ ငါကိုက ကွဲတတ်တဲ့ပစ္စည်းတွေပဲအများကြီး ၀ယ်ထားလို့ပါ”ဟုဆိုပြီး တာဝန်ခံသည်။

မိသားစုနှစ်ခုစလုံးသည် မဇ္ဈိမပဋိပဒါမကျ၊ အစွန်းထွက်နေကြသည်ဟု ထင်သည်။ နေရာတကာတွင် သူမျာကိုချည်း အပြစ်တင်နေ၍ မဖြစ်သလို အမှုကိစ္စတိုင်းတွင် တာဝန်ခံနေ၍လည်း အဓိပ္ပာယ်ရှိနေလိမ့်မည် မဟုတ်ပေ။ အရာရာကို မျက်စိမှိတ်ပြီး တာဝန်ယူနေခြင်းက သင့်တော်မည်မဟုတ်သလို အရာရာကို ခေါင်းရှောင်နေခြင်းကလည်း မိမိကိုယ်ကို တန်ဖိုးမဲ့အောင်လုပ်ရာကျသည်။

(၈)
ဘက်များကိုပြောကြရာတွင် တစ်ခါတစ်ရံ ကိုယ့်ဘက်၊ သူ့ဘက်ဟု သုံးရသကဲ့သို့ ဘက်နှစ်ခုလုံး၏ အပြင်ဘက်တွင် နေရသောအခါလည်း ရှိသည်။ တစ်ခါတစ်ရံ ဖန်တီးမည့်သူက တတိယလူ (Third Person)ဖြစ်နေတတ်ပြန်သည်။ လူဆိုသည်က ခက်သည်။ တတိယလူဆိုသော်လည်း တတိယနေရာတွင် အေးအေးဆေးဆေးမနေတတ်။ အဖြစ်အပျက်နှစ်ခု သို့မဟုတ် မိမိတွေ့မြင်ခံစားရမှုနှစ်ခုတို့တွင် တစ်ခုခုဘက်မှ သွားရောက်နေပေးတတ်သည်။ အမှန်တကယ်က တတိယလူအဖြစ်နှင့် အေးဆေးစွာ နေနိုင်သော်လည်း လူ့သဘာဝအရ မှန်သည်ထင်သည့်ဘက်သို့ ပြေးဝင်နေမိတတ်ကြသည်။ သူခိုဝင်မိသောအရပ်သည် သူ့အတွက် အဓိပ္ပာယ်အရှိဆုံးနှင့် အမှန်ကန်ဆုံး နေရာဖြစ်ပေသည်။ သို့ရာတွင် သူမရွေးချယ်မိသော (ပယ်ထားမိသော)ဘက်သည် သူ့ခံစားမှုအရ သနားစဖွယ်အရပ်တစ်ခု ဖြစ်နေရပေသည်။ ဘက်နှစ်ဘက်စလုံးသည် တစ်ဘက်နှင့်တစ်ဘက် ထိုကဲ့သို့သာ(သာ) မြင်နေတတ်ကြလေသည်။

(၉)
စင်္ကာပူ၏ကောင်းကင်က လူတွေနှင့် ပိုနီးစပ်သည်ဟု ထင်သည်။ ၀ရံတာတွင် ဖျာလေးတစ်ချပ်ခင်းပြီး ကောင်းကင်ကို မော့ကြည့်နေခဲ့သည်။ တိမ်လိပ်ဖြူဖြူကြီးတွေ အလိပ်လိုက် အလိပ်လိုက် ပြေးလွှားနေကြသည်။ အစပထမ စိတ်ထဲတွင် တိမ်ဖြူလိပ်ကြီးများ၏ အထက်ကောင်းကင်ယံက ကြယ်ကလေးများ ပြေးလွှားနေကြသည်ဟု ထင်မြင်မိခဲ့လေသည်။ သေချာကြည့်မှ ကြယ်တွေက မပြေး၊ တိမ်တွေသာ ယောက်ယက်ခတ်ပြေးနေကြသည်ကို တွေ့ခဲ့ရသည်။ ဘ၀တွင် အမှတ်မထင် တွေ့မြင်၊ ကြားသိရသောအရာများတွင်လည်း ထိုကဲ့သို့ အထင်အမြင်လွဲမှုလေးများ ရှိနေနိုင်သည်ဟု တွေးမိသောအခါ စိတ်လေးက အလွန်ကြည်လင်ခဲ့လေသည်။

(၁၀)
ဘက်များအကြောင်းကို တွေးရင်းတွေးရင်းဖြင့် တင်းကျပ်စွာဆုပ်ကိုင်ခဲ့မိသော၊ စွဲလန်းရူးသွပ်ခဲ့သောအရာလေးများသည် ခေါင်းထဲတွင် မပီဝိုးတ၀ါး ပေါ်ထွက်လာခဲ့ကြပြီး ရင်ဘက်ထဲမှ ကျကွဲသံအချို့ကိုလည်း ကျယ်လောင်စွာ ကြားလိုက်မိခဲ့လေသည်။

သုံးချက်သိမှာ တတိယာ (၃)


နိမိတ်စားရပုံ နည်းတစ်နည်းကို ဆက်လက် ပြဆိုပါအုံးမည်။ အလျားကန့်လန့်စားနည်းဟု ခေါ်ပါသည်။ ပြဆိုခဲ့ပြီးသောနည်းမှာ အထက်နှင့်အောက် မုန့်ထောင်းသလို တိုက်ဖျက်ရသောကြောင့် ဒေါင်လိုက်စားနည်းဟု ခေါ်သည်။ အခုစားနည်းမှာ ကန့်လန့်လွှဆွဲသကဲ့သို့သော စားနည်းဖြစ်လေသည်။ ဤမျှသာထူးပါသည်။ အကျိုးသဘောကား အတူတူပင် ဖြစ်ပါသည်။

ဖော်ပြပါ နံပါတ် ၂၇-ပုံသည် ကန့်လန့်နိမိတ်စားရန် နားတစ်ဖက်မှ မှုတ်သောထွက်လေနှင့် နိမိတ်ထုတ်ထားရပုံကို ပြသထားခြင်းဖြစ်ပါသည်။ ထုတ်ပုံမှာ မှုတ်သောလေနှင့် ငါ၏နားတစ်ဖက်မှ အတုတ်လက်ညှိုးခန့်၊ အရှည် ၆-တောင်ခန့် လင်းလင်းနှင့် အဖျားညီညီထုတ်၍ ထားအံ့။ ထိုကဲ့သို့ ထုတ်လိုက်လျှင် ဖန်မီးချောင်းကြီး ခလုတ်ကို ဖွင့်ထားလိုက်သကဲ့သို့ လင်းခနဲ ပေါ်ထွက်လာပေလိမ့်မည်။ ပေါ်သည်ဆိုသော်လည်း ဦးစွာ စိတ်က ညွှတ်၍ ပေါ်ပေးရသည်။ စိတ်မညွှတ်ဘဲ နိမိတ်သက်သက်ကိုသာ အပြေးအပြန်စသည်ဖြင့် နိမိတ်ကစားလျှင် မရနိုင်ဟု အချို့ယောဂီများ ထင်မြင်နေတတ်ကြသည်။

အဓိစိတ္တ၊ စိတ္တ၀ိသုဒ္ဓိတို့၏သဘောကား ပြိုင်ဘက်မရှိသော တန်ခိုးသတ္တိရှိလေသည်။ ဤကဲ့သို့ ဥပစာရနိမိတ်သဘောကို မဆိုထားဘိ။ သာမန်စိတ်သည်ပင် စကြာဝဠာအနန္တကို မျက်တောင်တစ်ခတ်မျှနှင့် လှည့်ပတ်ကြည့်ရှုနိုင်လေသည်။ ဤကဲ့သို့ အဓိစိတ္တအလုပ်မျိုးကို အစိုးရသော ယောဂီအနေဖြင့် အဘယ်မှာ ရှုမှတ်၍ မရဘဲ ရှိနိုင်ပါမည်နည်း။ နေရာတကျ ရှုတတ်ဖို့သာ အရေးကြီးသော အချက်ဖြစ်ပါသည်။

ပုဏ္ဏကဘီလူးမင်း စီးနင်းသော အဿဓိုရ်နတ်မြင်းသည် အလွန်လျင်မြန်စွာ ပြေးသွားနိုင်ပေသည်။ ကောရပ္ပနတ်မင်းအား မြင်း၏အစွမ်းကို ပြ၏။ အဿဓိုရ်နတ်မြင်းတို့၏သဘောသည် အရှိန်ဖြင့်ပြေးသွားရာ၌ မီးစကို ကြိုးချည်၍ အားစိုက်ရမ်းသောအခါ မီးကလာပ်ချင်းဆက်စပ်လျှက် မီးဝိုင်းကြီးဖြစ်နေသည်ဟု ထင်မြင်ရသကဲ့သို့ မြင်းများအတန်းလိုက်ပြေးနေသည်ဟု ထင်မြင်လာရတတ်သည်။ အလွန်လျင်မြန်သော်လည်း အာရုံတစ်ခုနှင့်တစ်ခုပေါ်သို့ ကျော်၍ပြေးလွှားနေသော စိတ်၏လျင်မြန်ခြင်းကိုကား မမှီနိုင်။ လျင်မြန်သောအရာတို့တွင် စိတ်သည် တန်ခိုးအကြီးဆုံးနှင့် အလျင်မြန်ဆုံးဖြစ်ပေသည်။ စိတ်နှင့်တူသောလျင်မြန်ခြင်းဟူ၍ မရှိနိုင်ပေ။

တစ်နည်းအားဖြင့် သင်ဓုန်းဓားသွားတစ်ထောင်တပ်ဆင်ထားသော လျှပ်စစ်စက်ဝိုင်းအတွင်း၌ အရှိန်မပြတ်ဒရစပ်လည်နေစဉ် ဂုမ္ဘာန်နတ်ယောက်သည် ကျွမ်းဘားအကကို ကလျှက် ထိုသင်ဓုန်းဓားသွားတစ်ထောင်ကို လွတ်အောင် ကပြနိုင်၏။ အလွန်လျင်မြန်လှပေသည်။ ထို့ထက် စိတ်၏လျင်မြန်ခြင်းသည် ပို၍ လျင်မြန်သည်။ စိတ်သည်လည်း ထိုစက်ဝိုင်းအတွင်း၌ အလှည့်ခိုင်းလျှင် ဂုမ္ဘာန်နတ်၏ကျွမ်းဘားအကနှင့်သော်လည်းကောင်း၊ သင်ဓုန်းဓားသွားတစ်ထောင်နှင့်လည်းကောင်း ဘာနှင့်မျှ မထိရအောင် ပြေးနိုင်ရှောင်တိမ်းနိုင်သော အစွမ်းသတ္တိရှိပါသည်။


ဤမျှတန်ခိုးကြီးလှသော ယောဂီ၏စိတ်ဖြင့် နံပါတ် ၂၈-ပုံတွင် ပြသထားသော လက်ညှိုးခန့်အကျယ်ချဲ့ရန်၊ နိမိတ်စားရန် ခက်ခဲတော့မည် မဟုတ်ပေ။ ထိုမျှလောက်တန်ခိုးသတ္တိရှိသော သမ္မာသမာဓိစိတ်ရှိပါလျှက် အားထုတ်၍မရဟုဆိုလျှင် ခြောက်လုံးပြူးသေနတ်ကိုင်ထားသူကို သားရေလေးဂွနှင့်လူက ပစ်သတ်၍သေရသောသူဥပမာကဲ့သို့ ထိုယောဂီထက်ညံ့သောသူ ဘယ်မှာရှာ၍ တွေ့ပါတော့အံ့နည်း။

Thursday, January 14, 2010

သုံးချက်သိမှာ တတိယာ (၂)

အထက်တွင် ဖော်ပြခဲ့ပြီးသော နံပါတ် ၁၈-ပုံအတိုင်း အကျယ်ချဲ့ထားပြီးသော နိမိတ်အလင်းကြီးကို ရှိုက်လေနှင့်ဆွဲ၍ချရပုံကို ပြဆိုခဲ့ပေပြီ။ ယခုတစ်ဖန် ထုတ်လေနှင့် သူ့နေရာအထက်သို့ ပြန်ရောက်အောင် ဆွဲယူရပေဦးမည်။ အောက်ဖော်ပြပါ နံပါတ် ၂၂၊ ၂၃၊ ၂၄-ပုံများသည် မိမိအောက်သို့ရောက်နေသော အလင်းတုံးကြီးကို ထုတ်လေဖြင့် အထက်ပြန်ရောက်အောင် တင်ပို့ရပုံကို ပြထားခြင်းဖြစ်သည်။ ယောဂီ၏စိတ်က အလင်းတုံးကြီး ထုတ်လေနှင့်တစ်ကိုက်တည်း ရိပ်ရိပ်ရိပ်ရိပ်နှင့်တက်လာသည်ကို သိရပေလိမ့်မည်။ ထုတ်လေဆုံးလျှင် ၂၄-ပုံအတိုင်း နိမိတ်အလင်းကြီး မိမိ၏ဦးခေါင်းထိပ်သို့ ပြန်ရောက်လာတော့သည်။

ဤကဲ့သို့ ထုတ်လေနှင့်အထက်တက်၊ ရှုလေနှင့်အောက်ပြန်ဆင်းအောင် အားထုတ်ခြင်းအားဖြင့် မြန်မြန်အာရုံပြု၊ မြန်မြန်ရှုရှိုက်ကာ အားထုတ်ရမည်။ နိမိတ်အလင်းကြီးသည် မိမိ၏ကိုယ်ပေါ်၌ဖြတ်လျှက် တက်တုံသက်တုံ (တက်လိုက်ဆင်းလိုက်)ဖြစ်နေသည်ကို တွေ့လာပေလိမ့်မည်။ ကြာသောအခါ အထက် ၆-တောင်၊ အောက် ၆-တောင်အားဖြင့် နိမိတ်ဆက်မိကာ တစ်ဆက်တည်းဆက်နေသည်ဟု ထင်မြင်လာပေလိမ့်မည်။

ထိုအခါ မိမိ၏ခန္ဓာကိုယ်သည် အလင်းနိမိတ်ကြီး၏ အလယ်တွင် တဖြည်းဖြည်း မှေးမှိန်လာရလေသည်။ မှန်တိုင်ကြီး၏ အလယ်တွင်သွင်းထားသော ရွှေဆင်းတုလေးကဲ့သို့ မိမိကိုယ်ကို တွေ့မြင်လာပေလိမ့်မည်။ မီးစတစ်စကို ကိုင်၍ အထက်အောက်မြန်မြန် ရမ်းကြည့်သောအခါ မီးတန်းကြီးတစ်ဆက်တည်းဖြစ်နေသကဲ့သို့ မှုတ်လေထွက်သက်နှင့် အထက်ရောက်၊ ရှုလေ၀င်သက်နှင့်အောက်ရောက်အားဖြင့် ဖော်ပြလတံသော နံပါတ် ၂၅-ပုံအတိုင်း နိမိတ်ချင်းဆက်သွားသည်ကို သတိပြုနိုင်သည်။

အထူးအားဖြင့် နံပါတ် ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ ၂၃၊ ၂၄-ပုံများမှာ ၆-မျိုးခွဲခြားပြီးပြသထားသော်လည်း အခိုက်အတန့်ကလေးအရသာ ဖြစ်ပါသည်။ ရှုလေတစ်ချက်တည်းနှင့် ၁၉၊ ၂၀၊ ၂၁ ပုံများ၊ ထုတ်လေတစ်ချက်တည်းနှင့် ၂၂၊ ၂၃၊ ၂၄-ပုံများ ဖြစ်သွားပေလိမ့်မည်။ အကြိမ်ကြိမ်သဘောပေါက်အောင် စဉ်းစားပြီးမှ ရှုမှတ်လျှင် ပို၍လွယ်ကူပေလိမ့်မည်။ အကျယ်ကို ရှုမှတ်လိုပါက အာနာပါနပါရဂူကျမ်းတွင် ကြည့်ရှုနိုင်ပါသည်။


ပြဆိုပြီးသည့်အတိုင်း အထက်အောင် အလင်းနိမိတ်ချင်း သန္တတိစပ်၍တစ်ချောင်းတည်း၊ တစ်ခုတည်းကဲ့သို့နေသောအခါ ခန္ဓာကိုယ်ပျောက်ကွယ်သွားရသည်ဟု ဆိုရာတွင် နံပါတ် ၂၅-ပုံကဲ့သို့ အလင်းတိုင်ကြီး၏အလယ်တွင် မိမိကိုယ်ကလေးတဖြည်းဖြည်း သေးငယ်သွားပြီး နောက်ဆုံး၌ ရိပ်ခနဲ ပျောက်ကွယ်သွားတတ်ပေသည်။ ထိုသို့ပျောက်ကွယ်ပြီးနောက် နံပါတ် ၂၆-ပုံအတိုင်း တဖျက်ဖျက်ဖြင့် သက်တုံတက်တုံဖြစ်နေသည်ကို တွေ့ရပေလိမ့်မည်။ ထိုသို့တဖြည်းဖြည်း သေးငယ်သွားပြီး ပျောက်ကွယ်သွားသည်ကို အာနာပါနပါရဂူကျမ်းတွင် အကျဉ်းပျောက်ဟူ၍ ပြဆိုထားပေသည်။

အကျဉ်းပျောက်ဟုဆိုသဖြင့် အကျယ်ပျောက်လည်း ရှိရပေမည်။ အကျယ်ပျောက်ဟူသည်မှာ - ပူဖောင်းကို မှုတ်လိုက်သောအခါ ပူဖောင်းသည် တဖြည်းဖြည်းကြီး၍ကြီး၍ နောက်ဆုံးတွင် ပေါက်ကွဲပျောက်ပျက်သွားပေသည်။ ထိုဥပမာကဲ့သို့ပင် တဖြည်းဖြည်း ကြီးလာပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွားရပေသည်။ ထိုကဲ့သို့ ကြီးလာပြီးပျောက်ပျက်သွားခြင်းကို အကျယ်ပျောက်ဟု ဆိုရပေသည်။

အထက်တွင် ဖော်ပြခဲ့သောနည်းများအတိုင်း အားထုတ်ရခြင်းမှာ ရည်ရွယ်ချက်များစွာ ရှိပါသည်။ မိမိအားထုတ်မှုအားကြီးသည်ထက် အားကြီးလာစေနိုင်သည်။ မိမိ၏စိတ်ကို ထိန်းချုပ်နိုင်စွမ်းရှိမရှိကိုလည်း အကဲခတ်နိုင်ပါသည်။ ဤအဆင့်၌ပင် နိမိတ်ကို အဇ္ဈတ္တကာယသို့ သွတ်သွင်းရှုမှတ်သောအခါ တည်ငြိမ်သောသမာဓိရှိမရှိကိုလည်း စမ်းသပ်နိုင်ပါသည်။ ထို့အပြင် ရုပ်နာမ်တို့ကို ၀ိပဿနာဉာဏ်စိုက်၍ ရှုမှတ်လိုက်သောအခါ နာမရူပပရိစ္ဆေဒဉာဏ်မှစ၍ အနုလောမဉာဏ်တိုင်အောင် ရှုနိုင်စွမ်းရှိမရှိတို့ကိုလည်း ခန့်မှန်းသိနိုင်ပါသည်။ ထိုအကျိုးများကို ရည်ရွယ်၍ နိမိတ်စားခြင်းဖြင့် အားထုတ်စေရခြင်း ဖြစ်ပါသည်။

အထူးမှတ်ထားသင့်သည်မှာ အာနာပါနအလုပ်ကို ကျကျနနပြသသူ ဆရာမရှိဘဲ၊ အားထုတ်နည်းပြ ဤကဲ့သို့သောကျမ်းစာများကို မဖတ်ဖူးဘဲ စာတွေ့စိတ်ထင်နှင့် အားထုတ်လျှင် အချိုးကျကျ အဇ္ဈတ္တ၊ ဗဟိဒ္ဓရှုမှတ်နည်းများကို ပွားများအားထုတ်နိုင်လိမ့်မည် မဟုတ်ပေ။ အားမထုတ်ဖူးပါကလည်း ဤကျမ်းတွင် ဖော်ပြထားသောရုပ်ပုံများ၏ သဘောသဘာဝကို သိမြင်နားလည်လိမ့်မည် မဟုတ်သည်မှာ သေချာပါသည်။ ထိုသို့ နားမလည်သည့်အပြင် အကန်းကို အရုပ်ရေးပြသကဲ့သို့သာ ဖြစ်နေပေလိမ့်မည်။ “အလကားဟာတွေပါ”ဟု မပြောကြလျှင် တော်သေး၏ဟု ဆိုရပေမည်။ ကိုယ်တွေ့ဒိဋ္ဌသိရှိကြရအောင် ဆရာနှင့် အမြန်ဆုံး သွားရောက်အားထုတ်ကြည့်စေလိုပါသည်။

Monday, January 11, 2010

သုံးချက်သိမှာ တတိယာ


ယောဂီပုဂ္ဂိုလ်သည် မိမိရရှိခဲ့သော အလင်းနိမိတ်ကို ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်နှံ့စေလျှက် ထွက်လေ၊ ၀င်လေကို ဖြစ်စေ၍ အားထုတ်ရခြင်းသည် တတိယအဆင့် အာနာပါနအားထုတ်နည်းပင် ဖြစ်ပါသည်။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးကလည်း ဤအဆင့်ကို “လုံးစုံလင်းရာ တ-၌သာ”ဟု မိန့်ဆိုတော်မူခဲ့ခြင်း ဖြစ်ပါသည်။

ဖော်ပြပါ ရုပ်ပုံနံပါတ် ၁၇-ပုံတွင် ပြဆိုထားသည့်အတိုင်း ဗဟိဒ္ဓနည်းဖြင့် နိမိတ်စားရပုံကို ပြဆိုပါမည်။ ဤနည်းဖြင့် ခန္ဓာကိုယ်ကို မိမိရရှိခဲ့ပြီးသော အဿာသပဿာသပဋိဘာဂအလင်းနိမိတ်ဖြင့် ကျေသုံးပျောက်ပျက်ခြင်းဖြစ်အောင် စားရခြင်းသည် ငါးဆင့်မြောက်ဝိပဿနာအားထုတ်ရာတွင် အကျိုးကျေးဇူးအလွန်များသည်။ နိမိတ်စားခြင်းသည် ၀ိပဿနာသို့ဆိုက်အောင် အားထုတ်မည့်ယောဂီအတွက် အလွန်ကို အရေးကြီးပါသည်။ မိမိ၏ခန္ဓာကိုယ်တစ်ခုလုံး သုညတသဘောဆိုက်ကာ ကွယ်ပျောက်သွားသည့်တိုင်အောင် နိမိတ်နှင့်တိုက်ဖျက်ပစ်ခြင်းကို နိမိတ်စားသည်ဟု ဆိုရပါသည်။ ထိုနိမိတ်စားခြင်းမှာလည်း ဒေါင်လိုက်စားနည်း၊ အလျားလိုက်ကန့်လန့်စားနည်းဟု နှစ်မျိုးရှိသည်။

နံပါတ် ၁၇-ရုပ်ပုံသည် ဒေါင်လိုက်စားနည်းအစကို ပြသထားခြင်းဖြစ်သည်။ အားထုတ်ရမည့်အစီအစဉ်မှာ နိမိတ်ကို လက်ညှိုးခန့်အတုတ်ကိုဖြစ်စေပြီး မိမိ၏ ငယ်ထိပ်တည့်တည့်မှ အရှည် ၆-တောင်ခန့် မှုတ်လေနှင့်မှုတ်၍ ထုတ်လိုက်ရမည်။ ထွက်လေမဆုံးမီ မိမိ၏ငယ်ထိပ်တည့်တည့်မှ ဖန်မီးချောင်းကြီး ဒေါင်လိုက်စိုက်ထားသကဲ့သို့ တလက်လက်တထိန်ထိန် ထွန်းလင်းတောက်ပနေပေလိမ့်မည်။ အစွမ်းကုန် လင်းပြီး အရောင်များတောက်ပနေပါစေ။ စေ ၈-ချက်ပိုင်လျှင် အလွန်လွယ်ကူပါသည်။


နံပါတ် ၁၈-ရုပ်ပုံသည် နံပါတ် ၁၇-တွင်ပြခဲ့သော လက်ညှိုးခန့်နိမိတ်ကို ရာဝင်အိုးကြီးခန့် (ကြီးစေ အားထုတ်နည်းအတိုင်း) အကြီးချဲ့ရပုံကို ပြသထားခြင်း ဖြစ်ပါသည်။ အကြီးချဲ့ရခြင်း၏ ရည်ရွယ်ချက်မှာ ခန္ဓာကိုယ်ကြီးကို အလင်းနိမိတ်ဖြင့် တိုက်ဖျက်ရာတွင် တစ်ကိုယ်လုံးကို လွယ်လွယ်နှင့် ငုံမိစေရန် ဖြစ်ပါသည်။ အရှည် ၆-တောင်ခန့်သာ ထားရခြင်းမှာလည်း အထက်အောက် ဆွဲချ၊ ဆွဲတင်ပြုလုပ်အားထုတ်သောအခါ ထုတ်လေ၊ မှုတ်လေတို့နှင့် မြန်မြန်ကိုက်မိစေရန် မပင်ပန်းစေရန်သာ ဖြစ်ပါသည်။

နံပါတ် ၁၈-ပုံအတိုင်း ချဲ့ပြီးသောအလင်းနိမိတ်ကြီးသည် မိမိ၏ဦးခေါင်းပေါ်တွင် အလွန်လင်းသောပြာသာဒ်ကြီးကို ရွက်ထားသကဲ့သို့လည်းကောင်း၊ မီးကြည်တိုင်ကြီးကို ရွက်နေရသကဲ့သို့လည်းကောင်း၊ ဦးခေါင်းပေါ်တွင် မီးတိုင်မီးတောင်ကြီး ရှိနေသကဲ့သို့လည်းကောင်း ထင်မြင်ပေလိမ့်မည်။

နံပါတ် ၁၇၊ ၁၈-ပုံများအတိုင်း နိမိတ်ထုတ်ရခြင်း၊ အကျယ်ချဲ့ပေးရခြင်းတို့မှာ ထုတ်လေတစ်မျိုးတည်းနှင့်သာ ထုတ်ရချဲ့ရပေသည်။ ထိုသို့ထုတ်၍ထားသောနိမိတ်ကို အကျယ်ချဲ့ရာ၌လည်း ရာဝင်အိုးခန့်ထုတ်သော နိမိတ်ကြီးတစ်ခုလုံးကို အရောင်အလင်းညီမျှအောင် သတိပြုအားထုတ်ရမည်။ မလင်းသေးလျှင်လည်း လင်းလာအောင် စိတ်ကပြုပြင်ဖန်တီး၍ အားထုတ်နိုင်သည်။ မှိန်မှိန်မှေးမှေးသာဖြစ်နေသေးသော အာရုံနိမိတ်များနှင့် မရှုမှတ်ရ။ လင်းအောင်အားထုတ်ပြီးမှသာ ညွှန်ကြားချက်အတိုင်း အားထုတ်ရမည်။ လိုအပ်သောအတိုင်းအတာရှိမှသာ အောက်ဖော်ပြပါ နံပါတ် ၁၉၊ ၂၀၊ ၂၁-ပုံများအတိုင်း အားထုတ်ရမည်။


အချို့ပရိယတ္တိသမား(စာပေသမား)များက ဤကဲ့သို့ နိမိတ်စားခြင်းသည် ဘုရားမဟော၊ ကျမ်းဂန်တွင် မပြ၊ အပိုအလုပ်များဟု ဆိုကြသည်။ သို့သော်လည်း ဘာဝေတဗ္ဗ၊ သမ္ဗန္ဓာဟာရ၊ ၀ိတက္ကာဟတဟု ကျယ်ဝန်းစွာ ဟောထားသောကြောင့် အပိုအလုပ်မဟုတ်၊ ၀ိပဿနာဉာဏ်အမြင် ကြည်လင်သန့်ရှင်းစေရန်နှင့် အထက်အထက်တက်နိုင်စေရန် ညွန်ပြအားထုတ်စေရခြင်း ဖြစ်ပါသည်။

ဤနိမိတ်စားရခြင်းနှင့် သုံးချက်ရှုရခြင်းတို့သည် သတောဒုက္ကရကာရီအဆင့်ဖြစ်သောကြောင့် သတိကို မြဲမြဲမြံမြံ ခိုင်ခိုင်မတ်မတ်ထားပြီး ငြိုငြင်စွာ အားထုတ်ရပါသည်။ အနီးကပ်ညွှန်ပြသူ ဆရာရှိမှသာ အဓိပ္ပာယ်ရှင်းလင်းလွယ်ကူပြီး အားထုတ်မှ ပို၍အဆင်ပြေနိုင်ပါသည်။ ဤကျမ်းတွင် ပြဆိုပြီး၊ ပြဆိုဆဲ၊ ပြဆိုလတံ့ဖြစ်သော ရုပ်ပုံများအရ လိုက်နာအားထုတ်နေခြင်းသည် ဘာဝနာပွားနေခြင်းပင် ဖြစ်ပါသည်။ အကြိမ်ကြိမ်အထပ်ထပ် အားထုတ်နိုင်လေလေ ဘာဝနာကုသိုလ်ရလေလေ ဖြစ်သည်။ တစ်နည်းအားဖြင့် အဓိစိတ္တမဂ္ဂင်၊ အဓိစိတ္တသိက္ခာအလုပ်ကို ကျင့်ဆောင်နေခြင်းလည်း ဖြစ်ပါသည်။ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိဟူသော မဂ္ဂင် ၆-ပါးကို ထူထောင်နေခြင်းဟုဆိုလည်း မမှားနိုင်ချေ။ ထိုအကျင့်ဖြင့် ယောဂီပုဂ္ဂိုလ်တို့၏သန္တာန်၌ ကုသိုလ်စိတ်တို့သည် လွန်ကြူးကုန်၏။ ထိုကဲ့သို့ လွန်ကဲသော ဘာဝနာကုသိုလ်ရှင်၊ သမာဓိရှင်ဖြစ်နေသော ယောဂီပုဂ္ဂိုလ်သည် စိတ်တန်ခိုးကြီးမားလှရကား မည်ကဲ့သို့ပွားများပွားများ ခဲခဲယဉ်းယဉ်း မရှိနိုင်တော့။ လွယ်လွယ်နှင့်သာ ပြီးမြောက်နိုင်ပေတော့သည်။

သို့ဖြစ်၍ ဖော်ပြပါ ၁၉၊ ၂၀၊ ၂၁-ရုပ်ပုံများအတိုင်း ရှိုက်လေနှင့်နိမိတ်ပါလာပုံ၊ အာရုံညွှတ်၍ရလာပုံများမှာ ၁၇၊ ၁၈-ပုံတို့တွင်ပြထားသည့်အတိုင်း အကြီးချဲ့ပြီးနောက်တစ်ဆက်တည်း ရှိုက်လေနှင့် မိမိအောက်သို့အရောက် ဆွဲပြီး သိမ်းလိုက်ရပုံများ ဖြစ်ပါသည်။ ဆွဲစ၊ ဆွဲလယ်၊ ဆွဲဆုံး၏နောက်တွင် နံပါတ် ၂၁-ပါပုံအတိုင်း အလင်းနိမိတ်က အောက်ကဖြစ်၍ နေပါလိမ့်မည်။

ထိုပုံများအတိုင်း ဆွဲချလိုက်ပြီးသောအခါ မီးလုံးကြီး မိမိ၏ကိုယ်ပေါ်သို့ ကျလာသကဲ့သို့လည်းကောင်း၊ သက်တံ့ကြီးကျလာသကဲ့သို့လည်းကောင်း။ ရေတံခွန်ကြီး ခန္ဓာကိုယ်ပေါ်သို့ ကျလာသကဲ့သို့လည်းကောင်း ထင်မြင်လာတတ်ပါသည်။ နံပါတ် ၂၁-ပုံပါအတိုင်း ဖန်ကြည်မှန်ကြည်တိုင်ကြီး၏အပေါ်တွင် ထိုင်နေရသကဲ့သို့ နိမိတ်၏အပေါ်တွင် ထိုင်နေရပုံကို ထင်မြင်လာပေလိမ့်မည်။

နံပါတ် ၁၈-ပုံအတိုင်း ချဲ့ပြီးသောနိမိတ်ကို ရှိုက်လေနှင့်တစ်ချက်တည်း နံပါတ် ၂၁-ပုံအတိုင်းပြီးသွားအောင် ဆွဲချလိုက်ရပါမည်။ အစတွင် ယောင်ဝါးဝါးဖြစ်နေတတ်ပါသည်။ သို့သော်လည်း သဘောပိုင်သောအခါ မုဆိုးစိုင်သင်ဆိုသကဲ့သို့ အကြိမ်များစွာအားထုတ်ဖန်များပြီး ကမ္မဋ္ဌာန်းပါးဝလာလျှင် အစဉ်ချောကာ အားထုတ်၍ အဆင်ပြေလာပါလိမ့်မည်။

Thursday, January 7, 2010

ဒုမှာ တိုရှည်သိ (၃)


နံပါတ် ၁၅-ပုံသည် အာနာပါနဒုတိယအဆင့် အရှည်၊ အတိုရှုနည်းတွင် အဓိကအချုပ်စခန်း ဖြစ်ပေသည်။ ဤအဆင့်တွင် ယောဂီတိုင်းယောဂီတိုင်း စေ (၈)ချက်ကို ပိုင်ပိုင်နိုင်နိုင် ရှုမှတ်ဖို့ အရေးကြီးပေသည်။ ထိုစေ ၈-ချက်ကို ပိုင်နိုင်စွာ အားထုတ်နိုင်ပါက တတိယအဆင့်သို့ ကူးပြောင်းအားထုတ်သင့်တော့သည်။ မနိုင်မနင်းဖြစ်နေသေးလျှင်ကား မကူးပြောင်းသင့်သေးပါ။ လိုရာခရီးမရောက် ဖြစ်သွားတတ်ပါသည်။ စေ ၈-ချက်ဆိုသည်မှာ -

၁။ ထောင်စေ

၂။ လဲစေ

၃။ ကွေးစေ

၎။ ကောက်စေ

၅။ ကြီးစေ

၆။ ငယ်စေ

၇။ တိုစေ

၈။ ရှည်စေ တို့ဖြစ်ပါသည်။

ထောင်စေဟု ရှုမှတ်လိုက်လျှင် မည်သည့်ဌာနကထုတ်ထုတ် အထက်သို့သာ၍ အဆုံးမရှိ ထောင်နေအောင် အားထုတ်ရမည်။ လဲစေဟု ရှုလိုက်လျှင်လည်း မည်သည့်ဌာနကထုတ်ထုတ် အတန်းလိုက် အဆုံးမရှိလဲနေအောင် အားထုတ်ရမည်။

ကွေးစေဟု ရှုလိုက်လျှင်လည်း ပုံပြအတိုင်း မှုတ်လေနှင့် လခြမ်းသဏ္ဍာန်ကွေးကာ နားတစ်ဖက်မှ နားတစ်ဖက်၊ ပုခုံးတစ်ဖက်မှ ပုခုံးတစ်ဖက်၊ ရင်ဝမှ နောက်ကျော၊ ဒူးတစ်လုံးမှ ဒူးတစ်လုံးအထိ အကျယ်အ၀န်း လိုသလောက်ချဲ့၍ ရောက်အောင်ပို့ရမည်။ တစ်ဖန် ရှိုက်လေနှင့်အကွေးအတိုင်းပြန်၍ နှာခေါင်းဝ သို့မဟုတ် စတင်လွှတ်ရာဌာနသို့ပြန်ရောက်အောင် မြန်မြန်ပြေး မြန်မြန်ပြန်စေရမည်။

ကောက်စေဟု ရှုမှတ်ရာတွင်လည်း အလင်းနိမိတ်ကို လိုသလောက်ကောက်စေလျှက် အပို့အယူလုပ်ကာ အားထုတ်ရသည်။ ဥပမာအားဖြင့် ထုတ်လေနှင့်မန္တလေးတောင်၊ ထိုတောင်မှတစ်ဆင့် ကျိုက်ထီးရိုးဘုရားသို့အရောက် လိုသလိုကောက်စေပြီးလျှင် လေထုတ်၍ပြေးပို့၊ လေရှူ၍ပြန်လာစေအောင် အားထုတ်ရသည်။

(ကြီးစေ၊ ငယ်စေဟု ရှုမှတ်ရာတွင်လည်း မိမိရရှိထားသောအလင်းနိမိတ်ပမာဏကို ကြီးစေ၊ ငယ်စေဟု ရှုမှတ်ရသည်။ တိုစေ၊ ရှည်စေဟု ရှုမှတ်ရာတွင်လည်း အလင်းနိမိတ်ကို တိုစေ၊ ရှည်စေဟု အမျိုးမျိုး ဖန်တီးနိုင်စွမ်းရှိအောင် (မိမိအလိုသို့လိုက်အောင်) အားထုတ်ရသည်။ အကျယ်ကို ဒဿနပါရဂူကျမ်းတွင် လေ့လာနိုင်ပါသည်။ အထူးမှာလိုသည်မှာ ဤအခန်းကို ရှုမှတ်ရာတွင် ဆရာမရှိဘဲ အားထုတ်၍ မလွယ်ကူနိုင်ပေ။ အနီးကပ်ညွှန်ပြသူ ဆရာရှိမှသာ ခရီးရောက်နိုင်ပေသည်။ ထိုအပြင် အားထုတ်ပုံကို တသမတ်တည်း ပုံသေမှတ်ထားရမည်ဟု မဆိုလိုပါ။ စေ ၈-ချက်တွင် မိမိနှစ်သက်သလို၊ မိမိဉာဏ်ရှိသလို ရှုမှတ်နိုင်ကြသည်။ အဓိကရည်ရွယ်ချက်မှာ ရရှိထားသောနိမိတ်ကို ပိုင်ပိုင်နိုင်နိုင် စေစားနိုင်မှုကို စမ်းသပ်ခြင်းပင် ဖြစ်ပါသည်။(တင်ပြသူ)


ဖော်ပြပါ နံပါတ် ၁၆-ပုံကား နောက်တွင် ပြခဲ့ပြီးသည့်ပုံများအတိုင်း အလင်းပဋိဘာဂနိမိတ်ကို အချောင်းလိုက်မလွှတ်တော့ဘဲ ကွမ်းသီးလုံးခန့်၊ သံပရာသီးခန့်၊ ရှောက်သီးခန့်၊ အုံးသီးခန့်၊ တင်းတောင်းခန့်၊ ရာဝင်အိုးခန့်၊ အိမ်ကြီး၊ တောင်လုံးကြီးခန့်….မိမိလိုသလို အကြီးအငယ်ဖန်တီးကာ လွှတ်၍လွှတ်၍ အားထုတ်ရပုံကို ပြသထားခြင်း ဖြစ်ပေသည်။

အလုံးပဋိဘာဂကို လွှတ်ရာတွင် ထုတ်လေနှင့်အပြေး၊ ရှူလေနှင့်အပြန် တစ်ပြိုင်တည်း တစ်ထပ်တည်းဖြစ်အောင် မြန်မြန်အာရုံပြုပြီး အားထုတ်ရသည်။ အရောင်အဆင်းကို အ၀ါ၊ အဖြူ၊ အနီ၊ အပြာစသည်ဖြင့် အမျိုးမျိုး ဥပါဒ်ပေးကာ လွှတ်နိုင်အောင် ကြိုးစားရသည်။ အရေးအကြီးဆုံးမှာ အလင်းနိမိတ်ကို လင်းသထက်လင်းစေဖို့နှင့် အရောင်အမျိုးမျိုး ဥပါဒ်ပေးနိုင်ဖို့သာ ဖြစ်ပါသည်။

တစ်ချို့အရပ်များတွင် ကလေးများသည် စပါးရိတ်သိမ်းချိန်ရောက်လျှင် ပင်လုံးကြီးသောစပါးပင်ကို ညီညီညာညာဖြတ်ပြီး အဖျားတစ်ဖက်တွင် အစိတ်အစိတ် ဖြာပြီးခွဲထားသည်။ ပြီးလျှင် ထိုပင်လုံးထိပ်တွင် ရွှံ့လုံးငယ်လေးကို တင်ပြီး အောက်ပိုင်းအဆစ်မှ ပါးစပ်ဖြင့်မှုတ်ပေးကာ ကစားကြသည်။ ကြူလုံးများဖြင့်လည်း ကစားကြသည်ဖြစ်၍ ကြူလုံးမှုတ်ကစားနည်းဟု ခေါ်သည်။ ထိုသို့မှုတ်ပေးရာတွင် လေအားများလျှင် အဆိုပါ ရွှံ့လုံးလေးမှာ အပေါ်သို့မြင့်မြင့် တက်သည်၊ လေအားလျှော့လိုက်လျှင် ပြန်ပြန်ကျလာသည်။ တစ်နည်းအားဖြင့် ခပ်ပြင်းပြင်းမှုတ်က အပေါ်သို့ မြင့်မြင့်တက်သည်၊ အားနည်းနည်းဖြင့်မှုတ်က အပေါ်သို့ နည်းနည်းသာ တက်သည်။ ထိုသို့ မြင့်ချည်၊ နိမ့်ချည်ဖြစ်နေသကဲ့သို့ အလင်းနိမိတ်ကို မှုတ်လေနှင့် လိုရာအရပ်သို့ရောက်အောင် မြန်မြန်မှုတ်၍ ရှိုက်လေနှင့် ပြန်ယူလိုက်သောအခါ လှစ်ခနဲပြန်ပါလာပြီး နှာခေါင်းသို့ပြန်ဝင်လာသောလေနှင့် တစ်ပြိုင်တည်း၊ တစ်ချိန်တည်း ပြေးအောင်ပြန်အောင် အားထုတ်ရမည်။ သဘောပေါက်အောင် စဉ်းစားပြီး ရှုမှတ်ကြနိုင်ကြပါသည်။

သဘောကိုသိလျှင် မည်သည့်အလုပ်မျှ မခက်ပါ။ မည်သည့်အလုပ်တွင်ဖြစ်စေ သဘောတရားသည် အရေးကြီးပါသည်။ သဘောတရားကို သေချာပိုင်နိုင်ပါက လွယ်လွယ်နှင့်ပြီးနိုင်ကြောင်း သိရသည်။ ဤအလုပ်တွင်လည်း သဘောပိုင်နိုင်ဖို့က အရေးကြီးလှပေသည်။

ဒုတိယအဆင့် ဒုမှာ တိုရှည်သိ ပြီးပြီ။

Tuesday, January 5, 2010

ဒုမှာ တိုရှည်သိ (၂)


အလင်းနိမိတ်ရသည်အထိ အားထုတ်ပြီးသောအခါ ရှေ့ဆက်၍ အားထုတ်ဖွယ်များ ရှိပါသေးသည်။ မည်သည့်အရာမဆို ရအောင်အားထုတ်ဖို့ လိုအပ်သကဲ့သို့ ရပြီးသည်ကို မပျောက်ပျက်အောင် ထိန်းသိမ်းဖို့လည်း လိုအပ်ပါသည်။ မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ဖို့အတွက် နည်းတစ်နည်းသာ ရှိပါသည်။ ၎င်းမှာ အခြားမဟုတ် ဆက်လက်ပြီး ကြိုးစားအားထုတ်ခြင်းပင် ဖြစ်သည်။ အကြိမ်ကြိမ်အထပ်ထပ် အားထုတ်မှု (ဘာဝနာ၊ ဘာဝေတဗ္ဗ၊ ဗဟုလီကတ၊ အနုယုဉ္ဖန္တ)သည်ပင် ရှေ့အမှတ်သတိက နောက်အမှတ်သတိအား (အာသေ၀န၊ ဥပနိဿယ၊ အနန္တရ၊ သမနန္တရ စသောပစ္စည်းများဖြင့်) အဆင့်ဆင့် ကျေးဇူးပြုအားပေးပေလိမ့်မည်။ သို့မှသာ ဘာဝနာသည် (ဗလ၀တရ) အရှိန်ပြင်းပြစွာ အားရှိလာလေတော့သည်။

ထိုသို့ အာနာပါနဘာဝနာအားရှိသည်ထက် အားရှိလာသောအခါ နေတစ်ရာ၊ လတစ်ရာတို့ထက် ပို၍လင်းသော အလင်းနိမိတ်များကို ရလာတတ်ပါသည်။ ထွက်လေ၀င်လေပဋိဘာဂနိမိတ်သို့ သိသိသာသာ သက်ရောက်လာတတ်သည်။ အာရုံနိမိတ်ထင်ရှားစွာ ထင်လာမြင်လာပြီဖြစ်၍ သုံးဆယ့်တစ်ဘုံအတွင်း ထွင်းဖောက်ခါ မြင်နိုင်စွမ်းသော ဒိဗ္ဗစက္ခုတန်ခိုးကို ရရှိနိုင်ပေသည်။

ထိုအခါ မိမိဖူးမြော်လိုသော ဘုရားစေတီအဆူဆူကို စိတ်က ရည်ရွယ်ပြီး နံပါတ် (၁၃)ပုံအတိုင်း ဖူးမြော်နိုင်စွမ်း ရှိလာပေလိမ့်မည်။ လေအာရုံအလင်း ပဋိဘာဂနိမိတ်တန်းကြီးသည် မြင်လိုရာ ဘုရားစသော အရာဝတ္ထုတို့အထိ သွယ်တန်းလျှက် ဆလိုက်မီးမိ၍နေသောလေယာဉ်ပျံကဲ့သို့ အရောင်အလင်းတန်း၏အဆုံးမှာ ထင်ထင်ရှားရှား ပေါ်ထွက်လာပြီး ဖူးတွေ့ရပေလိမ့်မည်။ အထက်ပါပုံသည် ကျိုက်ထီးရိုးဘုရားကို ဖူးမြော်နေပုံဖြစ်ပါသည်။ အခြားသော စေတီပုထိုးများကိုလည်း ရရှိထားသောအလင်းနိမိတ်ဖြင့် သွားရောက်ဖူးမြော်နိုင်ကြလေသည်။ မြန်မာပြည်ရှိ တန်ခိုးကြီးဘုရားစေတီများ၊ အိန္ဒိယရှိ သံဝေဇနိယလေးဌာနစသော အထွတ်အမြတ်နေရာများနှင့် စေတီပုထိုးများ၊ သီရိလင်္ကာရှိ ဗုဒ္ဓမြတ်စွယ်တော်၊ ဗောဓိညောင်ပင်စသော ပူဇော်ထိုက်သောနေရာများ၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ရှိ စူဠာမဏိစေတီ၊ ဒုဿစေတီစသော လူ့ပြည်၊ နတ်ပြည်ဘုရားများကိုလည်း အထက်ပါအတိုင်း ပကတိမျက်စိဖြင့် တွေ့မြင်နေရသကဲ့သို့ ပို့လွှတ်ဖူးမြော်နိုင်စွမ်းရှိလာပေလိမ့်မည်။

ထိုထက်ပို၍ ဘာဝနာအစွမ်းများ ပြည့်စုံလာသောအခါ ရှေးရှေးကမ္ဘာက ပွင့်တော်မူကြကုန်သော ဒီပင်္ကရာ၊ မေဓင်္ကရာ၊ ပဒုမုတ္တရ၊ ၀ိပဿီစသော ဘုရားရှင်များ၏ ဇာတိ၊ စုတိစသော အဖြစ်အပျက်များကိုပင် မြင်လာနိုင်ကြောင်း အဋ္ဌကထာကျမ်းကြီးများ၌ ပြဆိုထားသည်။
နံပါတ် ၁၄-တွင် ပြဆိုထားသည့်အတိုင်းလည်း ခရေပွင့်ပြထားရာ ငယ်ထိပ်၊ ပုခုံးစသော ဌာနများမှလည်းကောင်း၊ ကြွင်းကျန်သောခန္ဓာကိုယ်အစိတ်အပိုင်းများမှလည်းကောင်း အလင်းပဋိဘာဂနိမိတ်တန်းကြီး ပြေးစေပြန်စေရအောင် အားထုတ်ရပါမည်။ အမှန်တကယ် ကြိုးစားမှုရှိပါက အခက်အခဲ များစွာ မတွေ့နိုင်တော့ပေ။ ပါရမီအထူးရှိ၍ ထူးကဲစွာ ကြိုးပမ်းအားထုတ်သောသူတို့မှာ ဗြဟ္မာမင်း၏လက်ညှိုးကဲ့သို့ တစ်ကိုယ်လုံးမှ စကြာဝဠာအနန္တကို ထွင်းဖောက်ပြေးသွားစေနိုင်ပေလိမ့်မည်။



နံပါတ် ၁၄-ရုပ်ပုံ၏ သဘောတရားအထူးမှာ အားထုတ်သူယောဂီသည် “ငါ၏ အလင်းနိမိတ်ကို အကြင်အရပ်သို့ ပြေးစေရောက်စေမည်၊ ထိုအရပ်မှတစ်ဖန်ပြန်လာစေမည်”ဟု ပို့လွှတ်အရပ်ကို သက်မှတ်ပြီး ပို့လွှတ်တိုင်း ပို့လွှတ်တိုင်း ထွက်လေနှင့် တစ်ပြိုင်တည်းဖြစ်စေရသကဲ့သို့ ပြန်လာတိုင်းပြန်လာတိုင်း ၀င်လေနှင့်တစ်ပြိုင်တည်း ဖြစ်စေရမည်။ မိမိစိတ်က မြန်မြန်အာရုံပြုပေးရသည်။

လေထုတ်လေသွင်းကိုလည်း လွှတ်လိုရာအရပ်သို့ စိတ်က ပြောင်းရွှေ့ပြီး ရှူစေ၊ ထုတ်စေရမည်။ ဥပမာအားဖြင့် အလင်းနိမိတ်သည် ဗြဟ္မာ့ပြည်သို့တိုင်အောင် ထုတ်လိုက ထွက်လေသည် ငယ်ထိပ်မှ ထွက်သည်။ ထိုထွက်လေမကုန်ဆုံးမီ ဗြဟ္မာ့ပြည်ကို ကျော်တက်၍သွားသည်ဟု ထွက်လေကို ပြောင်းပေးရမည်။ ၀င်လေနှင့်ပြန်၍ အလင်းတန်းကြီးကို ဆွဲချလိုက်သောအခါမှာလည်း ၀င်လေသည် ငယ်ထိပ်အတိုင်း ပြန်ဝင်သွားသည်၊ ရှူသည်၊ ရှိုက်သည်ဟု ပကတိလေကို စိတ်အမှတ်ကပြောင်းရွှေ့ပေးရမည်။ သို့မှသာ ဘာဝနာပွား၍ ရပေလိမ့်မည်။ ဤအရာ၌ မိဂဇာတ်တော်တွင် ပဲခင်းရှင်၏ ပိုက်ကွန်အတွင်းမှ လွတ်မြောက်၍ လျင်မြန်စွာထပြေးသော သမင်းငယ်ကဲ့သို့ လေရှူ၊ လေမှုတ်၊ လေသွင်း၊ လေထုတ်ကို နားလည်နိုင်ပါသည်။ (အကျယ်ကို ၀ဋ္ဋပါရဂူကျမ်း၊ အာနာပါနပါရဂူကျမ်းများတွင် ကြည့်ရှူနိုင်ပါသည်)။

ဒုတိယအဆင့်ကို အားထုတ်ကြရာတွင် အဿာသပဿာသဟူ၍ ဟောတော်မူသော်လည်း မိမိနှာသီးဝမှ ပကတိနေ့စဉ်ဝင်ထွက်နေသော လေရိုးရိုးကို ဟောတော်မူလိုရင်း မဟုတ်ပေ။ ပဋိဘာဂနိမိတ်ကို ဟောတော်မူသည်ဟု မှတ်ရပါမည်။ (အဿာသပဿာသေ နိဿာယ ဥပ္ပန္နနိမိတ္တမေတ္ထ အဿာသပဿာသသမညမေ၀ ၀ုတ္တံ)။

အထူးသတိပြုရန်မှာ ပထမအဆင့် အားထုတ်စဉ်က ခိုင်ခိုင်မြဲမြဲ စွဲတည်ခဲ့သော နိမိတ်ရှိသောကြောင့် ဤဒုတိယအဆင့်သို့ တိုး၍ လွယ်လွယ်ကူကူ အားထုတ်နိုင်ခြင်းဖြစ်သည်။ အခိုက်အတန့်ပေါ်သော နိမိတ်မျိုးဖြင့် ဤအဆင့်အထိရောက်အောင် အားထုတ်နိုင်လိမ့်မည် မဟုတ်ပေ။ အမျိုးအစားသုံးမျိုးကို မှတ်သားသင့်ပေသည်။ ၎င်းတို့မှာ

၁။ အခိုက်အတန့်သာ နိမိတ်ရတတ်သော ဥပဋ္ဌာနသား၊

၂။ အခိုက်အတန့် နိမိတ် ဥပဋ္ဌာနအဖြစ်မှ စွဲစွဲမြဲမြဲတည်သော အခြေအနေရောက်လျှင် ဥဂ္ဂဟသား၊

၃။ ပထမအဆင့်တွင် ကြိုးစားအားထုတ်သော်လည်း နိမိတ်ကား မရခဲ့။ သို့ရာတွင် မှတ်တိုင်းမှတ်တိုင်း အမှားမရှိ ရေတွက်အားထုတ်နိုင်လျှင် မဏ္ဍလသားတို့ ဖြစ်ပေသည်။

နိမိတ်မရရှိသေးသော်လည်း မဏ္ဍလသားအဆင့်ဖြစ်သောသူကိုလည်း ဒုတိယအဆင့်သို့ ကူးပြောင်းအားထုတ်စေသင့်သည်ဟု ကျေးဇူးရှင်ဆရာတော် မိန့်တော်မူသည်။ ရှေ့တိုးထိုင်၊ နောက်ဆုတ်ထိုင်၊ ငုတ်တုတ်ထိုင် ပုဂ္ဂိုလ်သုံးယောက်စလုံး အပြီးအဆုံးသို့ ရောက်နိုင်ကြမည် မဟုတ်ပေ။ ရှေ့တိုးထိုင်မဏ္ဍလသားသာလျှင် ခရီးလမ်းဆုံး သွားနိုင်ပေမည်။ ငုတ်တုတ်ထိုင်၊ နောက်ဆုတ်ထိုင်တို့ကား ဆက်လက်အားထုတ်နိုင်ကြလိမ့်မည် မဟုတ်ပေ။

(မှတ်ချက်။ ။ အထက်ပါ ရှေ့တိုးထိုင်စသော ပုဂ္ဂိုလ်သုံးမျိုးအကြောင်းကို ဤတွင် ဖတ်ရှုနိုင်သည်။ အထူးပြုရှင်းလင်းထားချက်ကား မဟုတ်ပေ။ အထိုက်အလျှောက် သဘောပေါက်စေပါလိမ့်မည်။)

ထို့အပြင်

၁။ အဿာသပုဂ္ဂိုလ် (ထွက်လေကိုသာ မှတ်နိုင်ပြီး ၀င်လေကို မမှတ်နိုင်သူ)

၂။ ပဿာသပုဂ္ဂိုလ် (၀င်လေကိုသာ မှတ်နိုင်ပြီး ထွက်လေကို မမှတ်နိုင်သူ)

၃။ အဿာသပဿာသပုဂ္ဂိုလ် (ထွက်လေ၊ ၀င်လေနှစ်မျိုးလုံးကို ထင်ရှားပြတ်သားစွာ မှတ်နိုင်သူ)ဟုလည်း သုံးမျိုးသုံးစားရှိလေသည်။ ထိုသုံးမျိုးလုံး အာနာပါနဘာဝနာကို ရနိုင်သည်ဖြစ်၍ ကြိုးစားအားထုတ်ကြရန် တိုက်တွန်းလိုက်ရပါသည်။

Sunday, January 3, 2010

ရိုးသားမှုဖြင့် သမိုင်းတွင်ခြင်း





We must shape our own destiny ဟူသော စကားတစ်ခွန်းရှိပါတယ်။ ကိုယ့်ဘ၀ ကိုယ့်ကြမ္မာကို ကိုယ်ကိုတိုင် ဖန်တီးပုံဖော်ခွင့် ရှိပါတယ်။ ကောင်းတာပဲပုံဖော်ဖော်၊ ဆိုးတာပဲပုံဖော်ဖော် ရလဒ်ကား သေချာနေပြီး ဖြစ်ပါတယ်။ ထိုရလဒ်သည်ပင် ကိုယ့်သမိုင်း ဖြစ်လာပါလိမ့်မယ်။ လူ့ဘ၀ဟူသည် ရေပွက်ပမာတစ်ခဏသာ ဖြစ်ပါတယ်။ တစ်ခဏသာ အချိန်လေးသည်ပင် မိမိနှင့် လောကကြီးတစ်ခုလုံး အတွက် တန်ဖိုးမဖြတ်နိုင်သောအရာများကို လုပ်ဆောင်ဖို့ လုံလောက်သောအချိန်ဖြစ် နေပါတယ်။ တိုတောင်းတဲ့အချိန်လေးနဲ့ ဘ၀သမိုင်းကို အကြီးအကျယ် ရေးထိုးခဲ့သူတွေ ကမ္ဘာမှာ အများကြီး ရှိပါတယ်။ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ အသက် ၃၃-နှစ်သာ ရှင်သန်ခွင့်ရခဲ့ပေမယ့် သူရေးခဲ့သောသမိုင်းကား ယနေ့ထိ ရှင်သန်နေဆဲ၊ ပြိုင်ဘက်ကင်းဆဲပင် ရှိနေပါသေးတယ်။ နောင်အနာဂတ်များစွာထိ သူ့ရေးခဲ့သော သမိုင်းကား ငှါးငှါးစွင့်စွင့် ပွင်းလန်းနေဦးမည်သာ ဖြစ်ပါတယ်။


လူ့ဘ၀ဖြစ်ဖြစ်၊ တိရစ္ဆာန်ဘ၀ပဲဖြစ်ဖြစ်၊ အခြားသက်မဲ့သစ်ပင်စသည်တို့ပဲဖြစ်ဖြစ် ဘယ်အရာမဆို မွေးဖွား ခြင်း၊ ဖြစ်ပေါ်ခြင်းနှင့် သေဆုံးခြင်း၊ ပျက်စီးခြင်းတို့ဖြင့် ပိုင်းခြားကန့်သတ်ခံထားကြရတယ်။ ဒီကန့်သတ်ထား တဲ့ဘောင်နှစ်ခုကြားမှ ဘယ်အရာမှာ ရှောင်နေလို့ မရပါဘူး။

လာခြင်းကောင်းဖို့ လိုအပ်သလို၊ ပြန်ခြင်းကောင်းဖို့လဲ ကောင်းဖို့လဲ လိုအပ်ပါတယ်။ “သင်လာသောအခါ လူအများ ပြုံးပျော်ကြ၍ သင်ပြန်သောအခါ လူအများ ၀မ်းနည်းကြရတဲ့သူမျိုး ဖြစ်ဖို့လိုကြောင်း” မြတ်ဗုဒ္ဓမိန့်တော်မူခဲ့သည်။ မိတ်ဆွေတို့၊ အကျွန်ုပ်တို့ ကိုယ့်အနေအထားကို ပြန်လည်ဆန်းစစ်ကြည့် ကြစေလိုပါတယ်။


နေရာတိုင်းမှာ သစ်ရွက်လေးတွေ၊ ပန်းပွင့်လွှာလေးတွေ ကြွေကျခြောက်နွမ်းနေတာကို တွေ့ဖူးကြပါလိမ့် မယ်။ ထိုသစ်ရွက်လေး၊ ပန်းပွင့်လေးတွေဟာ ပင်စည်ကြီးမှ ပေါက်ဖွားလာခဲ့ကြခြင်း ဖြစ်ပါတယ်။ အလှစိုက်ပျိုးထားသော အပင်က အပွင့်လေးများကို သတိပြုမိချင် ပြုမိနိုင်သော်လည်း တောကြီးမျက်မဲထဲမှ ပန်းပွင့်၊ သစ်ရွက်လေးများဆိုလျှင် ဘယ်သူမှ သတိပြုမိနိုင်လိမ့်မှာ မဟုတ်ပေဘူး။ ထိုသစ်ရွက်ပန်းပွင့်လေး များလို လူမသိသူမသိဖြင့် ရှင်သန်လာခဲ့ရပြီး သူမသိသူမသိဘ၀ဖြင့်ပင် သေဆုံးပျောက်ကွယ်သွားကြသူများ လောကတည်းဟူသော တောကြီးထဲမှာ အများကြီးပါပဲ။ သူတို့ မွေးဖွားလာ၍ ဘာမှ ထူးထူးခြားခြား ဖြစ်မလာသလို သေဆုံးသွား၍လည်း မည်သူမျှ ဂရုစိုက်နေစရာအကြောင်းမရှိချေ။

မိတ်ဆွေတို့၊ အကျွန်ုပ်တို့ စဉ်းစားကြည့်ကြစေချင်ပါတယ်။ လူ့လောကကြီးထဲမှာ အသက်ရှင်ခဲ့ဖူးကြောင်း ဘယ်လိုသက်သေတွေ ထားရစ်ခဲ့ကြမလဲ။ သင်တို့၊ အကျွန်ုပ်တို့ ထားခဲ့တဲ့သက်သေတွေက သင်တို့၊ အကျွန်ုတို့ရဲ့ သမိုင်းဖြစ်နေပါလိမ့်မယ်။ အကျွန်ုပ်တို့ ထားခဲ့တဲ့ သက်သေတွေကို ကြည့်ပြီး အကျွန်ုပ်တို့သမိုင်းကို အကဲဖြတ်ရစ်ကြပါလိမ့်မယ်။ ဒီနေရာမှာ ပြောချင်တာက ဘယ်လိုသက်သေတွေ ထားရစ်ခဲ့သင့်လဲ။

ကောင်းတာတွေ မွန်မြတ်တာတွေ သန့်စင်တာတွေ ထားရစ်ခဲ့မလား၊ ဆိုးတာတွေ အော့ကြောလန်စရာတွေ အော့နှလုံးနာစရာတွေ ထားရစ်ခဲ့မလား။ ဒါကတော့ ကိုယ်တိုင်စဉ်းစားရမယ့် အချက်တွေ ဖြစ်ပါတယ်။


ကောင်းတာဖြင့် သက်သေပြလျှင် သင့်အား လူအများက ချီးမွမ်းထောမနာပြုကြလိမ့်မယ်။ မတွေ့ဖူးသူများ က တသသနဲ့ တွေ့လိုစိတ်များ ဖြစ်ပေါ်နေပါလိမ့်မယ်။ အကယ်၍ ဤကမ္ဘာလောကကို သင်ကျောခိုင်း သွားခဲ့ရလျှင်တောင်မှ သင့်အား ၀မ်းနည်းတသ ဖြစ်နေကြလိမ့်မယ်။ သင့်အား နမူနာအဖြစ်ထားရင်း သင့်နာမည်ကို မျိုးဆက်ပေါင်းများစွာထိ သယ်ဆောင်သွားကြပါလိမ့်မယ်။ အဲဒီအတွက် ဘယ်သူကမှလဲ တားမြစ်လို့ ရလိမ့်မှာ မဟုတ်ပါဘူး။ သင့်နာမည် တိမ်ကောအောင် ဘယ်သူမှ ဖုံးဝှက်လို့ရနိုင်မှာ မဟုတ်ပါဘူး။ သင်သေသွားသော် သင့်ကျဆုံးမှုအတွက် အားလုံးက ၀မ်းနည်းတသဖြစ်နေကြမှာ သေချာပါတယ်။


မကောင်းတာ၊ မရိုးသားတာဖြင့် သင် သက်သေပြခဲ့လျှင်ကော? ဒါလဲ သင့်သမိုင်းဟာ ကျန်ခဲ့ပါလိမ့်မယ်။ ဒါပေမယ့် လူအများဟာ သင့်အား အော့နှလုံးနာကြလိမ့်မယ်။ သင်သေသွား၍ သင့်နာမည် ကျန်ခဲ့နိုင် သော်လည်း သင့်ကဲ့သို့မဖြစ်အောင် အနာဂတ်မျိုးဆက်များကို သတိပေးတားမြစ်ဆုံးမနေကြပါလိမ့်မယ်။ သင်သေသွားသော် သင့်ကျဆုံးမှုအတွက် ၀မ်းမြောက်ဝမ်းသာမဖြစ်ရင်တောင်မှ ၀မ်းနည်းမှုမဖြစ်မှာက သေချာပါတယ်။


အဲဒီပုဂ္ဂိုလ်နှစ်မျိုးကို ဥပမာလေး ပေးလိုက်ချင်ပါတယ်။ ကျွန်တော်တို့အဆောင်မှာ လီဆောင်းဦးဆိုတဲ့ ခွေးမလေး တစ်ကောင်ရှိပါတယ်။ ခွေးလေးကို ငယ်ငယ်ကတည်းက ၀ိုင်းပြီးကျွေးကြ၊ စကြနဲ့ အားလုံးက ချစ်ကြပါတယ်။ ၃-လလောက် ကြာသွားတော့ ခွေးလေးဟာ ဘာမှန်းမသိတဲ့ ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါ တယ်။ အဆောင်အားလုံးဟာ ခွေးမလေးအတွက် ၀မ်းနည်းတသဖြစ်ခဲ့ကြရတယ်။ ခွေးမလေးဟာ အဟိတ်တိရစ္ဆာန်ဘ၀ရောက်ခဲ့ရပေမယ့် လူတိုင်းရဲ့မေတ္တာကို ရသွားခဲ့ပါတယ်။ ပြောရမယ်ဆိုရင် သူဟာ သူ့အတိုင်းအတာနဲ့သူ သမိုင်းကျန်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ သူလာတုန်းက ၀မ်းသာ၊ သူရှိနေတုန်းက ပျော်ရွှင်၊ သူထွက်ခွါသွားတော့ ၀မ်းနည်းကြရပါတယ်။

နောက်တစ်ယောက်ကတော့ သူလာတုန်းကလဲ အော့ကြောလန်၊ သူရှိနေတုန်းမှာလည်း စိတ်ဆင်းရဲ၊ သူထွက်ခွါသွားတော့ စောစောက လီဆောင်းဦးလေး ဆုံးသွားသလောက်တောင် လူတွေ ၀မ်းမနည်းကြပါ ဘူး။ အားလုံး ၀မ်းမြောက်ဝမ်းသာတောင် ဖြစ်ခဲ့ကြရတာ တွေ့ခဲ့ရတယ်။ အဲဒိပုဂ္ဂိုလ်ကတော့ ၀န်ကြီးချုပ် ဆိုသူ လူယုတ်မာ စိုးဝင်း ပဲ ဖြစ်ပါတယ်။ သူသေသွားတဲ့သတင်းကို ကြားရတော့ ကျွန်တော်တို့ အဆောင် မှာ သတိထားကြည့်တော့ လီဆောင်းဦးသေတုန်းကလောက် ၀မ်းမနည်းကြတာတွေ့ရတယ်။ ဒါက ဘာကို ပြနေသလဲဆိုတော့ သမိုင်းတွင်အောင် လုပ်ကြတဲ့နေရာမှာ ရိုးသားမှုရှိဖို့ လိုအပ်တယ်။ ရိုးသားမှုမရှိတဲ့ သမိုင်းဟာ ခွေးတစ်ကောင်ရဲ့ သမိုင်းလောက်တောင် မခန့်ငြားဘူးဆိုတာ ကျွန်တော်ပြောချင်တာပါပဲ။ ခွေးမလေး လီဆောင်းဦးလောက် သမိုင်းမှာ မလှပခဲ့ကြတဲ့ စိုးဝင်းလို လူမျိုး သင်ဖြစ်ချင်ပါသလား။


အလုပ်ရဲ့အတိုင်းအတာ ပမာဏမျှ သင့်သမိုင်း တင်ကျန်နိုင်ပါလိမ့်မယ့်။ အချို့က မိသားစုအတိုင်းအတာ ပမာဏမျှ၊ အချို့က တိုင်းပြည်တစ်ခုလုံးအတိုင်းအတာ၊ အချို့က ကမ္ဘာ့အတိုင်းအတာ…….နာမည်များ ချန်ထားရစ်ခဲ့ကြပါတယ်။ မိသားစုအတိုင်းအတာပမာဏမျှ လုပ်ဆောင်ခဲ့လျှင် သင့်မိသားစုက သင့်အား မျိုးဆက်တစ်ခု၊ သို့မဟုတ် နှစ်ခုစသည်တိုင်အောင် အမှတ်တရရှိနေလိမ့်မယ်။ တိုင်းပြည်တစ်ခုလုံးအတွက် သင်လုပ်ဆောင်လျှင်ကား တစ်တိုင်းပြည်လုံးက သင့်အား အမှတ်ရနေလိမ့်မယ်။ ကမ္ဘာ့အတိုင်းအတာထိ ကျယ်ပြန့်အောင် စွမ်းဆောင်ခဲ့လျှင်ကား ကမ္ဘာ့သမိုင်းမှာ သင့်အမည် ထည့်သွင်းခံထားရလိမ့်မယ်။ သင့်နာမည်သည် သင်ထားခဲ့သော အခြေအနေများအတိုင်း ကောင်းရင်ကောင်းသလို၊ ဆိုးရင်ဆိုးသလို နှစ်ပေါင်းများစွာ တည်ရှိနေလိမ့်မယ်။ ဒါဟာ သမိုင်းရဲ့ နိယာမတရားတစ်ခုဖြစ်ပါတယ်။


ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနေ၀င်း၊ ဦးစောမောင်၊ ဦးသန်းရွှေ၊ သခင်ကိုယ်တော်မှိုင်း၊ သိန်းဖေမြင့်၊ သခင်သန်းထွန်း၊ သခင်စိုး၊ ……..မြန်မာ့ လွတ်လပ်ရေးသမိုင်းမှာ ကျန်ခဲ့တဲ့နာမည်တွေ အများကြီးပါပဲ။ ဒါပေမယ့် နာမည်တွေ ကျန်ခဲ့ပုံချင်းကတော့ အများကြီး ကွာခြားလှပါတယ်။ အချို့နာမည်များသည် အော့နှလုံးနာစရာများ၊ နာကျည်းစရာများ၊ အရှက်ရစရာအဖြစ်များရဲ့ သင်္ကေတဖြစ်ပြီး အချို့နာမည်များကတော့ ဂုဏ်ယူစရာ၊ ၀င့်ကြွားစရာ၊ အားကျစရာများရဲ့ သင်္ကေတဖြစ်နေပါတယ်။


ဦးနေ၀င်းလိုပဲ နောင်အနာဂတ်သမိုင်းမှာ ထင်ကျန်ရစ်မယ့်သူတွေ အများကြီးပါပဲ။ ဒါပေမယ့် သူတို့ရဲ့ သမိုင်းစာမျက်နှာများကို လှန်ကြည့်မိလျှင် မြန်မာနိုင်ငံသားတိုင်း အရှက်ရစရာ ဖြစ်နေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ တိုင်းပြည်အတွက် ရိုးသားစွာ အလုပ်မလုပ်ကြလို့ပဲ ဖြစ်ပါတယ်။ တိုင်း ပြည်ကို လိမ်တယ်။ ညာတယ်။ ဖြီးတယ်။ ကွေ့တယ်။ ကောက်တယ်။ ညစ်ပတ်တယ်။ ယုတ်မာတယ်။ နောင်အနာဂတ်မျိုးဆက်ဟာ နေ၀င်းနဲ့ အပေါင်းအပါတွေရဲ့ မျက်နှာကို ကြည့်ရတာထက် ခွေးသေကောင် ပုပ်ကို ကြည့်ရတာဟာ ကံကောင်းတယ်လို့ ဆိုကြပါလိမ့်မယ်။ ဒါဟာ သူတို့ရေးခဲ့တဲ့၊ သူတို့ရေးနေတဲ့ သူတို့ရဲ့သမိုင်းပဲ ဖြစ်ပါတယ်။


ဗိုလ်ချုပ်အသံကြားလျှင် ကြက်သီးမွေးညှင်းထရတယ်။ အားကျမိတယ်။ လွမ်းဆွတ်မိတယ်။ တမ်းတမိတယ်။ မျက်ရည်ဝဲမိတယ်။ ကြည်ညိုမိတယ်။ ဗိုလ်ချုပ်ပုံရိပ်တွေကြည့်ရတာ ကုသိုလ်တွေ တိုးပွားရတယ်။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်ဆိုတာ ရိုးသားမှုရဲ့ပုံရိပ်ဖြစ်နေလို့ပါပဲ။ ရိုးသားမှုနဲ့သမိုင်းကို ရေးခဲ့ကြ သူတိုင်းဟာ ဒီလိုပါပဲ သူတို့သမိုင်းစာမျက်နှာများဟာ လှပကျက်သရေရှိနေပါလိမ့်မယ်။

မိတ်ဆွေတို့ ဘယ်လိုသဘောရလဲ? ဘယ်လို သမိုင်းများ ရေးခဲ့ကြမလဲ။ ဗိုလ်ချုပ်လောက် ကြီးကျယ်အောင် မရေးနိုင်လျှင်တောင်မှ နေ၀င်းတို့လို သမိုင်းမျိုး မရေးဖြစ်ဖို့ အရေးကြီးသည်ဟု ယူဆပါတယ်။

ရည်ညွှန်းချက်…..ယခင်က တင်ဆက်ဖူးသောဆောင်းပါးအဟောင်းကို လွတ်လပ်ရေးနေ့အမှတ်တရအဖြစ် ပြန်လည်တင်ပြထားခြင်း ဖြစ်ပါတယ်။ ရိုးသားမှုဖြင့် သမိုင်းတွင်ရစ်ခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များအား ဤဆောင်းပါးဖြင့် ဂုဏ်ပြုအပ်ပါတယ်။

စင်္ကာပူက ရင်ခုန်သံများနှင့် ဦးညွှတ်အလေးပြုမိသော စကားတစ်ခွန်း



စကားဆိုတာ နေ့တိုင်းပြောနေရတာဖြစ်လို့ နေ့တိုင်းကြားနေရတယ်။ ကောင်းတဲ့စကား၊ မကောင်းတဲ့စကား။ ပြောနေရသလို ကြားလည်းကြားနေရတာပဲ။ တစ်ခါတစ်လေ ပုံမှန်လည်ပတ်မှုအတိုင်း ဘာမှမထူးဆန်းသလို တစ်ခါတစ်လေတော့လည်း ထူးဆန်းတယ်။ အများအားဖြင့်တော့ ထူးထူးဆန်းဆန်း သို့မဟုတ် မှတ်သားဖွယ်ရာစကားဆိုတာ နေ့စဉ်ကြားရဖို့ မလွယ်ဘူး။

စင်္ကာပူရဲ့ မနက်ခင်းက အေးမြသာယာနေတယ်။ ကျောင်းရှေ့က လမ်းမပေါ်က ကားသံများနဲ့ ပတ်ဝန်းကျင်တရုတ်ကျောင်းက ဘုရားစာရွတ်သံများမှလွဲပြီး ဘာဆူဆူညံညံမှ မရှိ။ ပကတိအေးချမ်းနေပါတယ်။ သင်္ကန်းများရုံပြီး ဆွမ်းစားပင့်သူကို စောင့်ဆိုင်းနေခဲ့တယ်။ ထိုစဉ် “တပည့်တော်တို့ ကျောင်းနားရောက်နေပါပြီ”ဆိုပြီး ဆွမ်းစားပင့်သူက ဖုန်းဆက်အသိပေးပါတယ်။ “ဦးသုတရေ..ဆင်းခဲ့တော့ အားလုံးအဆင့်သင့်ဖြစ်နေပြီ”လို့ လှမ်းအော်မှ အပေါ်က သံဃာတွေ ကြွလာပြီး လာပင့်တဲ့ကားနဲ့ ဆွမ်းစားအိမ်ကို ဆက်သွားခဲ့ကြတယ်။

ရှေ့ခန်းက ဆရာတော်၊ နောက်က ဦးသုတအပါအ၀င် သုံးပါး။ ကားလေးက ညီညာပြန့်ပြူးတဲ့လမ်းမကြီးထက်မှာ အလျင်အမြန် ရွေ့လျားနေခဲ့တယ်။ ကားထဲမှာလည်း ဆရာတော်က စကားတစ်ခွန်းမှ မဟ၍ ဘယ်သူမှ စကားမစရဲ။ တိတ်ဆိတ်နေတယ်။ ဆရာတော်ကလည်း တရားနှလုံးသွင်းနေသည်လား မပြောတတ်။ မျက်လုံစုံမှိတ်ပြီး လိုက်ပါတယ်။

“နောက်က ဦးဇင်းတို့က ဘယ်ကကြွလာတာလဲဘုရား”။ ကားသမားက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တယ်။ “ဦးဇင်းကတော့ မြန်မာနိုင်ငံက ကြွလာတာပါ”။ “အော်…ဦးဇင်းက သီရိလင်္ကာမှာ စာသင်ပြီး ကြွလာတာ”။ “ဒါနဲ့ဘုရား…ဟို ဦးသန်းရွှေ လာတော့ ဦးဇင်းတို့ အဲဒီမှာ ရှိမှာပေါ့”။ “မရှိဘူးဗျ”။ “ဦးဇင်းက မလေးရှားမှာ ရောက်နေခဲ့တာလေ”။ ဦးသုတ ဆရာတော်ဘက်ကို တစ်ချက်လှည့်ကြည့်လိုက်တော့ ဖျက်ခနဲ့ ခေါင်းထောင်ပြီး ဆရာတော်မျက်လုံး ဆက်ခနဲဖွင့်လိုက်တာကို သတိပြုမိခဲ့တယ်။ ဒါပေမယ့် တိတ်ဆိတ်နေဆဲ။

“အေးဗျာ….ကျုပ်တို့ ရှုံးတယ်ဗျာ။ ရှုံးတာမှ ဂိုးပြတ်ကို ရှုံးခဲ့တာပါ။ ၁၅၀+၈၀ တဲ့ဗျာ။ ခြေလည်းရှုံး ဂိုးလည်းရှုံးဆိုတာ ဒီပွဲကို ပြောတာဗျ။ ဒီရှုံးပွဲကတော့ မြန်မာ့သမိုင်းမှာ ဘယ်လိုမှ ဖျောက်လို့ ရတော့မှာ မဟုတ်ဘူး”။ ဦးဓမ္မ ရင်ထဲက ခံစားချက်တွေကို ဖွင့်အံပြနေပါတယ်။ ဘယ်သူမှ စကားမဆက်ကြ။ ဆရာတော်အခြေအနေကို ကြည့်ပြီး သူကပဲ ဆက်ပြောနေပါတယ်။ “ဦးဇင်းဖြင့်ဗျာ…ခုချိန်ထိ အဲဒီအကြောင်းတွေးရင်း ရင်ထဲမှာ လှိုက်နေအောင် ခံစားနေရဆဲပဲ။ စက်တင်ဘာရဲ့ အငွေ့အသက်တွေ၊ စက်တင်ဘာမှာ ငိုကြွေးခဲ့ရတဲ့ မျက်ဝန်းတွေ၊ လမ်းမပေါ်မှာ ကျနေခဲ့တဲ့ သံဃာတော်၊ ပြည်သူများရဲ့ သွေးတွေ၊ ချွေးတွေ၊ မကောင်းဆိုးဝါးကမ္ဘာမှာ ရောက်နေရသလို ဖြစ်နေရတဲ့ ပြည်သူတွေ၊ အိုဗျာ….တွေးမိတိုင်း အသဲနာပါတယ်”။ ဆရာတော်ဆီက ဘာသံမှ ထွက်မလာ၍ ဦးဓမ္မလဲ စကားကို ဖြတ်လိုက်တယ်။

ကားကလေးက တိတ်ဆိတ်စွာနဲ့ ဆက်လက်ပြေးနေဆဲ။ ဦးဓမ္မကတော့ စကားဖြတ်လိုက်ရပေမယ့် သူ့အတွေးက မပြတ်။ သူ့စိတ်အလျဉ်က အမိမြန်မာပြည်သို့ ရောက်နေခဲ့တယ်။ ဆင်းရဲကျပ်တည်းစွာ (ရှင်းရှင်းပြောရရင် လူလိုသူလို မနေရဘဲ) အသက်ဆက်နေရတဲ့ ကျေးလတ်ကပြည်သူတွေ၊ အသက်က ၁၄-နှစ်၊ အလုပ်အကိုင်က လယ်ထွန်၊ သစ်ခုတ်နေရတဲ့ လူငယ်လေးများ၊ အသက်က ၁၀-နှစ်၊ လဘက်ရည်ဆိုင်မှာ ကြမ်းကြမ်းတမ်းတမ်း ဘ၀ကို ရုန်းကန်နေရတဲ့ ညှိုးညှိုးရော်ရော်မျက်ဝန်းလေးများ၊ နေတဲ့အိမ်ကို အလကားမတ်တင်းနဲ့ သိမ်းသွားလို့ နေစရာအိမ်ပျောက်သွားရှာတဲ့ ဆွေးမြေ့ယိုင်နဲ့စွာ တုန်ခါနေတဲ့ ရင်ခုန်သံများ……အများကြီး….အများကြီး…..အတွေးတန်းထဲမှာ မျောနေခဲ့တယ်။ ကားကလေးက တိတ်ဆိတ်စွာ ပြေးလွှားနေဆဲ။

“တပည့်တော် ဂန္ဓာရုံကိစ္စ အရှင်ဘုရားတို့ သိပြီးဖြစ်မှာပေါ့။ လူညီချက်ကတော့ လက်လန်တယ်”။ ဦးစရိယက ဒုတိယမ္ပိ တိတ်ဆိတ်နေမှုကို ဖြိုခွင်းလိုက်ပြန်တယ်။ “အရှင်ဘုရား..လုပ်ပါအုံး။ တပည့်တော်တို့ သိရအောင် ဆိုပါအုံးဘုရား”။ ဦးသုတက စကားကမ်းလိုက်တယ်။ “ပြောရရင်တော့ အရှည်ကြီးပဲ။ အစဉ်တော့ ကျချင်မှ ကျမယ်။ တပည့်တော်ကိုယ်တိုင် ပါခဲ့တဲ့ပွဲဆိုတော့ အားလုံးကတော့ အမှန်တွေချည်းပဲ။ သံဃာ ၅၀၀-လောက်ရှိတာ ကိုယ်တော်ရာ ဘယ်လိုမှ ရှောင်လို့မရတဲ့ ဘုန်းကြီးနှစ်ပါးပဲ တက်တယ်။ အဲဒီကောင်တွေ ဆွမ်းကပ်မယ်လည်းဆိုရော ကျောင်းထဲမှာ ဟိုနားကျိတ်ကျိတ်၊ ဒီနားကျိတ်ကျိတ်နဲ့ တီးတိုးစကားတွေ ပြောနေခဲ့ကြတယ်။ ပြောနေတဲ့စကားတွေရဲ့ အဓိကစကားကတော့ ဒို့ မတက်သင့်ဘူးဆိုတာပဲ။ ဒါနဲ့ တပည့်တော်တို့လည်း အေး…ဟုတ်ပြီကွာ။ မတတ်ကြတော့ဘူးပေါ့။ ကျောင်းဝေယျာဝစ္စ၊ စာဝါကိစ္စ အားလုံးက ပုံမှန်ပဲ။ ဒီလိုနဲ့ ၁၁-နာရီထိုးလာခဲ့တယ်။ ဆွမ်းကျောင်းက တုန်းမောင်းခေါက်လိုက်တယ်။

သံဃာတော်တွေအားလုံးက တိတ်ဆိတ်စွာ၊ ငြိမ်သက်စွာ။ (ဂန္ဓာရုံထုံးစံအတိုင်း) စီတန်းညီညာစွာ မှောက်ထားတဲ့ သပိတ်စင်ပေါ်က သပိတ်တွေကလည်း ငြိမ်သက်စွာ။ တိတ်ဆိတ်စွာပေါ့။ တော်တော်အားရစရာကောင်းပါတယ် ကိုယ်တော်ရာ။ ဦးဇင်းတို့ သီဟိုဠ်က ကျက်သရေတုံးတဲ့ အဖြစ်အပျက်နဲ့တော့ ကွာပါ့”။ ဦးစရိယက သူ့အတွေ့အကြုံများကိုပြောရင်း ဘေးက ဦးသုတကို ခနဲ့သလိုလို နောက်သလိုလိုနဲ့ ဆက်ပြောနေခဲ့တယ်။
“အဲဒီမှာ ကိုယ်တော်ရေ…ဖြစ်ချင်တော့ ဆရာတော်ကလည်း အပြင်ဆွမ်းစားကြွသွားတာလေ။ …..အဆောင်က ဘုန်းကြီးလဲ ပါသွားတာ။ အဲဒီအဆောင်က သံဃာပေါက်စလေးတွေပဲ ရှိတာ။ ဒါနဲ့ သူတို့ကို ပြောဖို့တာဝန်ရှိတဲ့ဘုန်းကြီးက ဆွမ်းစားမသွားရင် ကျောင်းထုတ်မယ်ဘာညာနဲ့ဆိုတော့ ကိုယ်တော်လေးတွေက သပိတ်ကိုလှန်၊ သင်္ကန်းကို သပ်ရပ်စွာ၊ အနေကထိုင်လေးကို ပုခုံးပေါ်တင်…ညီညာစွာ ကျောင်းဆောင်ထဲက ထွက်လိုက်ကြတယ်။ ဒါနဲပဲ ကျန်တဲ့အဆောင်က သံဃာတွေက ဟ…ဘာလဲ အားလုံးက ညီနေကြတာ၊ သပိတ်မှောက်နေကြတာ၊ ဒီကိုယ်တော်တွေက ဘာလဲပေါ့။ ဒါနဲ့ လှမ်းအော်ပြောကြတယ်။ တစ်ခွန်းစ နှစ်ခွန်းစနဲ့ လှမ်းပြောတဲ့အသံတွေက ဆူညံသွားတော့တယ်။ ခံစားချက်ပြင်းတဲ့ ကိုယ်တော်တစ်ပါးနှစ်ပါးက စစ်သားတွေလာကြမ်းရင် ပြန်ခြိမ်းခြောက်ဖို့ဆိုပြီး ယူထားတဲ့ ခဲနဲ့လှမ်းပေါက်ပါလေရော။

ကိုယ်တော်တစ်ပါးကလည်း ဘာမပြောညာမပြောနဲ့ သူ့ဘေးမှာ ခဲမရှိတော့ ရှိတဲ့ဘေးနားက သပိတ်နဲ့ လှမ်းပေါက်လိုက်သေးတယ်။ ဒါနဲ့ပဲ ဆွမ်းကျောင်းကြွနေတဲ့ ကိုယ်တော်လေးတွေလဲ သူ့အဆောင်သူ ပြန်သွားခဲ့တယ်။ ခြုံကြည့်ရင် ပက်ပက်စက်စက် အောင်မြင်ခဲ့တဲ့ပွဲပဲ ကိုယ်တော်ရေ…။ ဒါက ဂန္ဓာရုံရဲ့ သမိုင်းမှာ ဘယ်လိုဖျောက်ဖျောက် မပျောက်တော့မယ့် သမိုင်းပဲ”။ ဦးစရိယက ဂုဏ်ယူစွာနဲ့ စကားကို ဆ-က်နေခဲ့တယ်။
“နောက် ၁၅-မိနစ်ဆို ရောက်တော့မယ်ဘုရား”။ ကားဆရာက လှမ်းပြောလိုက်တယ်။ ဘာမဆိုင်ညာမဆိုင် ဆရာတော် စကားတစ်ခွန်းမှ မဟတာကို ဦးသုတ စဉ်းစားနေခဲ့တယ်။ “ဟာ..ကိုယ်တော့် ကိုယ်တွေ့က ပြီးပြီလား။ ဒီမှာ နားထောင်လို့ကောင်းတုန်း ရှိသေးတယ်”။ ဦးဓမ္မက အသံမြှင့်ပြီး တိုက်တွန်းသံကြားလိုက်ရတယ်။ “ဒါပါပဲ ကိုယ်တော်ရာ…သမိုင်းဖြစ်စဉ်တစ်ရပ်အနေနဲ့ ဂုဏ်ယူစရာ ကောင်းပေမယ့် အယုတ်တမာကောင်တွေရဲ့ လူမဆန်မှုကြောင့် လက်တွေ့ စတေးသွားရတဲ့ ကိုယ်တော်လေးတွေလဲ ရှိခဲ့သပေါ့”။ “ဘယ်လို ဘယ်လို စတေးသွားရတာလဲ”။ “ဟာ ကိုယ်တော်ကလည်း စကားကို ဆုံးအောင်နားမထောင်ဘူး။ ဆက်ပြောမှာပေါ့။ သက်ပြင်းချစရာကောင်းတဲ့အကြောင်းအရာမို့ သက်ပြင်းချခွင့်လေးတော့ ပေးပါအုံး”။

“ကဲ…ဟုတ်ပါပြီဗျာ၊ ချ..ချ…ချ”။ “ဒီလိုနဲ့ ကိုယ်တော်ရေ…ဆွမ်းစားမတတ်တဲ့ ကိုယ်တော်တွေကို ဖမ်းဆိုပြီး အထက်က အမိန့်ချသတဲ့။ အဲဒီတော့ ပြောမှာပေါ့။ ဆွမ်းကျောင်းက အကုန်မတတ်တာ၊ ဘယ်လိုလုပ်မလဲပေါ့။ ဒါဆိုရင် ခေါင်းဆောင်တွေကို ဖမ်းပေါ့။ ခေါင်းဆောင်ဆိုတာကလည်း ကိုယ်တော်ရာ…ဒီကောင်တွေ ဦးနှောက်မရှိဘဲ ထင်ရာစိုင်းပြီး အမည်တပ်လို့သာပါ။ တကယ်တော့တပည့်တော် သိပါတယ်။ ခေါင်းဆောင်ဆိုတာ မပါပါဘူး။ အားလုံးနီးပါးက သူ့အသိစိတ်နဲ့သူ မတတ်ဘဲ နေခဲ့ကြတာ။ အဲဒါကတော့ တပည့်တော်ပြောရဲတယ်။ ဒါနဲ့ပဲ စစ်တပ်က ထုံးစံအတိုင်းပဲ အထက်လူကြီး မျက်နှာသာရအောင် သူတို့ဖာသာသူတို့ သံဃာစာရင်းကြည့်ပြီး အပါးသုံးဆယ်လောက်ကို ခေါင်းဆောင်ဆိုပြီး ရွေးလိုက်ကြတာပဲ။ အဲဒီတုန်းက ၂၆-ပါးလား မသိဘူး။ ထောင်ချခံခဲ့ရတယ်။ တော်တော် ခံစားရတယ် ဦးဇင်းရာ။ ဆွမ်းစားမတက်လို့ ထောင်နှစ်ရှည်ချခံရတာ ဒီနိုင်ငံနဲ့ ဒီအစိုးရပဲ ရှိမှာ”။

“ဟိုးရှေ့ အချွန်အတက်ကြီးနဲ့ တိုက်ဆိုရင် တပည့်တော်တို့အိမ်ရောက်ပြီဘုရား။ ဒါနဲ့ ဆရာတော်လည်း သီရိလင်္ကာက ကြွလာတာ မဟုတ်လားဘုရား”။ လမ်းတစ်လျှောက်လုံး တိတ်ဆိတ်စွာ လိုက်ပါလာခဲ့သော ဆရာတော်ကို ဒကာတော်က စကားကမ်းလိုက်သည်။ “အေး…ဟုတ်တယ်”။ “ဦးသန်းရွှေလာတုန်းက ဆရာတော်လည်း ရှိခဲ့တယ်ပေါ့”။ “အေး..ရှိတာပေါ့”။ “အေးနော်…ဆရာတော် တက်စားတဲ့ ကိုယ်တော်လေးတွေလည်း အပြစ်တော့ မဆိုသာပါဘူး။ သူတို့လည်း ဒီအစိုးရကို အားမပေးသင့်ဘူးဆိုတဲ့ အသိစိတ်တော့ ရှိကြလောက်ပါတယ်။ သူတို့ခမျာ ကျောင်းစရိတ် သုံးစရာ မရှိလို့ ဖြစ်မှာပါ”။

တစ်လမ်းလုံး နောက်ကပြောနေခဲ့တဲ့စကားတွေကနေ ခံစားချက်တွေ ကူးစက်သွားခဲ့လို့လား မပြောတတ်။ ဆရာတော်ဆီက ထွက်ကျလာတဲ့ တစ်ခွန်းတည်းသောစကားကတော့ ဦးသုတအတွက် တစ်သက်စာ မမေ့တောမှာ သေချာတယ်။

“ထောက်ပံ့တဲ့ စပွန်ဆာမရှိဘဲ သီဟိုဠ်ကို ဘယ်သူတောင်းစားမှ ပညာသွားမသင်ဘူး။ ဒကာရဲ့”

မှတ်ချက်။ ။ ပြောခဲ့သောစကားများက အမှန်အကန်ဖြစ်ပြီး အစီအစဉ်တင်ပြပုံမှာ ဖန်တီးထားပါတယ်။

Friday, January 1, 2010

ဒုမှာ တို-ရှည်သိ

အာနာပါန(ထွက်လေ၊ ၀င်လေ)နည်းကို ရှေ့အခန်းတွင် ပြဆိုပြီးသည့်အတိုင်း ရှုမှတ်အားထုတ်ပြီး ဥဂ္ဂဟနိမိတ်စွဲထင်ရရှိခဲ့သည်။ ထိုအချိန်မှစ၍ ယောဂီပုဂ္ဂိုလ်သည် နှာသီးဝက ထွက်နေ၀င်နေသည့် လေအာရုံရိုးရိုးကိုလွှတ်ကာ (လေအာရုံရိုးရိုးကို မရှုမှတ်တော့ဘဲ) နိမိတ်ကိုသာ စိတ်မှတ်လျှက် (နိမိတ်ကိုသာ အဓိက ကမ္မဋ္ဌာန်းအာရုံအဖြစ်ထားလျှက်) အထက်အဆင့်စသည်သို့ ကူးပြောင်းသင့်ကြောင်း အဋ္ဌကထာကြီးများတွင် မိန့်ဆိုထားသည်။ ထို့ကြောင့် ဤအခန်းတွင် ဒီဃ၊ ရသ (အတိုအရှည်)ရှုနည်းများကို ပြဆိုပါတော့မည်။
အရှည်ရှုနည်းအရ နိမိတ်တန်းဟူသော လေအာရုံကို ရှည်ရှည်ထုတ်၊ ရှည်ရှည်ရှူ၊ သို့မဟုတ် ပြင်းပြင်းမှုတ်၊ ပြင်းပြင်းရှိုက်ရမည်။ လေအာရုံကို တိုတိုထုတ်၊ တိုတိုရှူ၊ သို့မဟုတ် သာသာမှုတ်၊ သာသာရှိုက်ရမည်။ ထိုကဲ့သို့ အတို၊ အရှည်အားဖြင့် ရှူရှိုက်နေသော နိမိတ်ဟူသောလေအာရုံတန်းကို အမှတ်သတိထားပြီး ရှုမှတ်ပွားများ အားထုတ်နေခြင်းကိုပင် တို၊ ရှည်ရှုနည်း(ဒုမှာ တိုရှည်သိ)ဟု ခေါ်ပေသည်။



ဤရုပ်ပုံနံပါတ် ၁၀-တွင် လေနိမိတ်၏ အတိုအရှည်ရှုမှတ်နေပုံကို မြားပြထားသည်။ နှလုံးသွင်းရှုမှတ်ပုံကား မိမိရရှိစွဲမြဲစွာ ထင်မြင်နေသော လေနိမိတ်အာရုံတန်းကို လက်လေးသစ်ခန့် ရှည်ရှည်ထုတ်မည်၊ ပြန်၍ရှိုက်မည်ဟု ရှုမှတ်ရမည်။ ထိုမှတစ်ဆင့် တစ်ထွာခန့်၊ တစ်ပေခန့်၊ တစ်တောင်ခန့်၊ နှစ်တောင်ခန့်၊ သုံးတောင်ခန့် စသည်အားဖြင့် ရှည်ရှည်ထုတ်မည်၊ ပြန်၍ရှိုက်မည်ဟု တစ်ဆင့်ပြီးတစ်ဆင့် ပွားများအားထုတ်ရပါမည်။ ဤအဆင့်သည် မိမိ၏စိတ်ကို သတိပြုပြီး အာရုံကို ထင်ရှားပြတ်သားစေလျှက် ပြဓာန်းထားရသောကြောင့် သတုပ္ပဋ္ဌာနကာရီအဆင့်ဟု အဋ္ဌကထာ၌ ပြဆိုထားသည်။ သို့ဖြစ်၍ မိမိ၏စိတ်ကို ပြောင်းရွှေ့ပေးရခြင်း ဖြစ်သည်။
အားထုတ်ပုံ ထင်ရှားအောင် ဆိုပါအုံးမည်။ လေနိမိတ်တန်း တစ်တောင်ခန့် ရှေ့သို့ ထွက်စေဟု စိတ်ဖြင့် ထွက်လေကို ထုတ်လိုက်သောအခါ လက်နှိပ်ဓာတ်မီးခလုပ်ကို နှိပ်လိုက်ဘိသကဲ့သို့ ထင်းခနဲ့လင်းခနဲ အလင်းတစ်တောင်ခန့် ပြေးထွက်စေရမည်။ တစ်ဖန် မိမိစိတ်ဖြင့် ထိုအလင်းတန်း ပြန်ဝင်လာစေဟု စိတ်ကို ထိုအာရုံနှင့် တစ်ကိုက်တည်းလှစ်ခနဲ ပြန်ဝင်လာစေလျှက် အားထုတ်ရမည်။
နိမိတ်အာရုံတန်းကို တစ်တောင်ခန့်ရှေ့သို့ ထွက်စေဟု နှာသီးဝမှ ထုတ်လေနှင့်မှုတ်လိုက်သောအခါ ဖန်ချောင်းကြီးကို သွင်းလိုက်ထုတ်လိုက် လုပ်နေသကဲ့သို့ အလင်းတန်းကြီး ထွက်လိုက်ဝင်လိုက် လုပ်နေသည်ဟု ထင်မြင်လာတတ်ပါသည်။



ပြဆိုခဲ့ပြီးသော နိမိတ်ရအာနာပါနယောဂီသည် နံပါတ် ၁၁-ပုံမှာကဲ့သို့ တစ်တောင်၊ တစ်လံ စသည် ပို့လွှတ်၍ ရှုမှတ်ရာတွင် ယောဂီလေးမျိုး ကွဲပြားသွားတတ်ပါသည်။ ၎င်းတို့မှာ
၁။ နိမိတ်ကြောင်း၏ အစ၌သာ ထင်မြင်(ထင်ရှား)၍ အလယ်၊ အဆုံးတို့၌ မထင်မြင်သူ (အာဒိလဒ္ဓပုဂ္ဂိုလ်)
၂။ နိမိတ်ကြောင်း၏ အလယ်၌သာ ထင်မြင်(ထင်ရှား)၍ အစ၊ အဆုံးတို့၌ မထင်မြင်သူ (မဇ္စျေလဒ္ဓပုဂ္ဂိုလ်)
၃။ နိမိတ်ကြောင်း၏ အဆုံး၌သာ ထင်မြင်(ထင်ရှား)၍ အစ၊ အလယ်တို့၌ မထင်မြင်သူ (အန္တောလဒ္ဓပုဂ္ဂိုလ်)
၎။ နိမိတ်ကြောင်း၏ အစ၊ အလယ်၊ အဆုံး သုံးဌာနလုံး၌ ထင်မြင်သူ (တယောလဒ္ဓပုဂ္ဂိုလ်) တို့ဖြစ်ပါသည်။ ထိုလေးပါးတို့တွင် နံပါတ်လေးဖြစ်သော တယောလဒ္ဓဖြစ်အောင် အားထုတ်နိုင်သူဖြစ်မှသာ အထက်အထက် အဆင့်တို့သို့ ကူးပြောင်းရှုမှတ်သွားနိုင်လေသည်။
ထိုကဲ့သို့ အစ၊ အလယ်၊ အဆုံး သုံးပါးလုံးတို့ကို ထင်ထင်ရှားရှား ရှုမှတ်နိုင်သော တယောလဒ္ဓပုဂ္ဂိုလ်သည် မိမိပို့လွှတ်လိုက်သော နိမိတ်တန်းကြောင်းမှာ အရင်းအဖျား တညီတညာတည်းရှိလျှက် မီးရထားခေါင်းသင်္ဘောဦးဖျားက အဝေးကြည့် ဆလိုက်မီးတန်း လင်းနေသကဲ့သို့လည်းကောင်း၊ အလွန်အားကောင်းသော လက်နှိပ်ဓာတ်မီးကို ဖွင့်လိုက်သကဲ့သို့လည်းကောင်း၊ ရန်သူ၏လေယာဉ်ပျံကို ထိုး၍ရှာသော ဆလိုက်မီးတန်းကြီးကဲ့သို့လည်းကောင်း ကြည်လင်ပြတ်သားသော နိမိတ်မျိုး ဖြစ်လေတော့သည်။ ဤကဲ့သို့ ပွားများအားထုတ်ရကြောင်းကို “ဣတိ ဗဟိဒ္ဓါ ၀ါ ကာယေ ကာယာနုပဿီ ၀ိဟရတိ”ဟူ၍ ဟောတော်မူထားသည်။



ဤရုပ်ပုံနံပါတ် ၁၂-တွင်လည်း အစ၊ အဆုံးတို့၌ မထင်မြင်၊ အလယ်၌သာ ထင်မြင်သော ယောဂီပုဂ္ဂိုလ်မျိုးကို ပြသထားခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ဖြစ်နေလျှင် အစ၊ အလယ်၊ အဆုံးသုံးပါးလုံးကို ထင်မြင်အောင်အားထုတ်နိုင်သော တယောလဒ္ဓပုဂ္ဂိုလ်ဖြစ်အောင် အားထုတ်ဖို့ တိုက်တွန်းလိုပါသည်။ အစ၊ အလယ်၊ အဆုံးသုံးပါးလုံး၌ ထင်မြင်ပြီး ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားဖြစ်မှသာ အာနာပါနဘာဝနာ၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး ဘာဝနာဗလ(ဘာဝနာအား)ဖြစ်နိုင်လေသည်။
ထိုကဲ့သို့ ဘာဝနာအားရှိလာသောအခါ အထက်တွင်ပြဆိုခဲ့သော ဆလိုက်မီးတန်းစသော ဥပမာများကဲ့သို့ ထင်မြင်လာပေလိမ့်မည်။ ထိုသို့ နိမိတ်လွှတ်ရာ၊ သိမ်းရာတို့၌ လိုရင်းပဓာနအချက်ကား မြန်မြန်နှင့်လင်းလင်းပြေးစေ၊ ပြန်စေနိုင်ခြင်း၊ ကြီးလိုသမျှ ကြီးစေပြီး ငယ်လိုသမျှ ငယ်စေနိုင်ခြင်း၊ အ၀ါရောင်ဖြစ်စေ၊ ပြာစေ၊ နီစေ၊ စိမ်းစေ၊ ဖြူစေစသော အရောင်အနုအရင့် စသည်အားဖြင့် ယောဂီ၏စိတ်ကြိုက် လိုက်ပါစေခြင်းတို့ပင် ဖြစ်ပါသည်။
ထိုကဲ့သို့ ခန္ဓာကိုယ်ပြင်ပ (ဗဟိဒ္ဓ)သက်သက် ထွက်လေ၀င်လေတို့ကို ပွားများအားထုတ်ရခြင်းသည် ရှေ့တွင်အဓိကအာရုံဖြစ်လတံ့သော ပဋိဘာဂထင်လာစေရန်အတွက် ဖြစ်ပါသည်။ အကယ်၍ လေနိမိတ်ကား ပြေးစေ၊ ပြန်စေအောင် ပြုနိုင်ပါ၏။ အလင်းသဘောမရနိုင်ဘဲ ရှိပါမူ မိမိစိတ်ဖြင့် ဓာတ်မီးချောင်းကြီး မိမိ၏နှာခေါင်းဝမှ ထွက်ရမည်၊ ၀င်ရမည်ဟု စိတ်ဖြင့် ဥပါဒ်၍ (ဖန်ဆင်း၍) အားထုတ်ရမည်။ အချိန်အတိုင်းအတာတစ်ခုထိ အားထုတ်ပြီးသောအခါ အမှန်တကယ် လင်းထိန်နေသော ပဋိဘာဂနိမိတ်အလင်းတန်းကြီး ထင်ရှားဖြစ်ပေါ်၍ လာပေလိမ့်မည်။ နေမွန်းတည့်အချိန်တွင် ထွက်ပေါ်နေသော စူးရှနေသော နေမင်းကြီး၏အလင်းရောင်ကဲ့သို့ မိမိ၏ အလင်းနိမိတ်ကို လင်းထိန်နေအောင် စိတ်ကပြုပြင်ဖန်ဆင်း၍ ဆထက်ထမ်းပိုး ကြိုးစားအားထုတ်ကြရပါမည်။

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails