Wednesday, December 29, 2010

အရည်အချင်းနဲ့ ယုံကြည်မှု




မေဂျီခေတ်ရဲ့ အစောပိုင်းကာလတွေမှာ အောာင်မြင်ကျော်ကြားတဲ့ နပန်းသမားတစ်ယောက် ရှိခဲ့တယ်။ သူ့နာမည်က လှိုင်းလုံးကြီး “အိုနမိ”လို့ ခေါ်တယ်။ အိုနမိဟာ အလွန်ကို သန်မာထွားကြိုင်းတယ်။ နပန်းသတ်ပွဲပညာကို ကောင်းကောင်းကြီး နားလည်သဘောပေါက်တယ်။ သူဟာ နပန်းလေ့ကျင့်တဲ့နေရာမှာ အလွန်ကြိုးစားသူတစ်ယောက်ဖြစ်တယ်။ အဲဒီအခါမျိုးတွေဆို သူ့ဆရာကိုတောင် အနိုင်ရတယ်။ ဒါပေမယ့် ခက်တာက လူရှေ့သူရှေ့မှာဆို မစွံတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက အလွန်ရှက်တတ်တယ်လေ။ လူရှေ့သူရှေ့ဆို သူ့တပည့်တွေက ကိုင်ပေါက်တာတောင် ခံရတယ်။

တစ်နေ့တော့ အိုနမိဟာ ဇင်းမာစတာတစ်ဦးထံ အကူအညီသွားတောင်းဖို့ စိတ်ကူးရတယ်။ နေရာအတည်တကျ မနေတဲ့ ဟကုဇု (Hakuju)လို့ခေါ်တဲ့ ဇင်းမာစကာတစ်ယောက် အနီးအနားက ကျောင်းသေးသေးလေးမှာ ရောက်လာတယ်။ ဒါနဲ့ အိုနမိလည်း သူ့ဆီကို သွားပြီး သူ့မှာ ကြီးမားတဲ့ ပြဿနာကြုံနေရကြောင်း ပြောပြလိုက်တယ်။

ဟကုဇုက “လှိုင်းလုံးကြီးဆိုတာ မင်းနာမည်နော်၊ ဒီလိုဆို ဒီည ဒီကျောင်းမှာ နေပါ၊ မင်းကိုယ်မင်း လှိုင်းလုံးကြီးလို့ စိတ်ကူးထားပါ၊ မင်းကိုယ်မင်းလည်း အလွန်(ရှက်)ကြောက်တတ်တဲ့ နပန်းသမားမဟုတ်တော့ဘူးလို့လည်း နှလုံးသွင်းပါ။ အိုနမိဆိုတဲ့ လှိုင်းလုံးကြီးဟာ သူ့ရှေ့မှာ ရောက်လာတဲ့အရာမှန်သမျှကို တိုက်ခိုက်သယ်ဆောင်သွားတယ်၊ သူ့လမ်းကြောင်းပေါ်ရောက်လာတဲ့အရာမှန်သမျှကို ၀ါးမျိုသွားတယ်လို့လည်း စိတ်ကူးပါ၊ ကဲ … အခု ငါပြောတဲ့အတိုင်း လုပ်ပါ၊ ဒီလိုဆို မင်းဟာ ဒီမြေမှာ အကြီးကျယ်ဆုံး နပန်းသမားတစ်ယောက် ဖြစ်လာပါလိမ့်မယ်”လို့ အကြံပေးပြီး အနားယူသွားတယ်။

အိုနမိဟာ သူ့ကိုယ်သူ လှိုင်းလုံးကြီးတွေလို သဘောထားဖို့ တရားထိုင်လိုက်တယ်။ ပထမတော့ အမျိုးမျိုး တွေးဖြစ်နေတယ်။ (လှိုင်းလုံးကြီးအဖြစ် အာရုံစုလို့ မရဘူး။) တဖြည်းဖြည်းနဲ့မှ သူ့ကိုယ်သူ လှိုင်းလုံးကြီးအဖြစ် စိတ်ကူးထဲမှာ ပြောင်းလဲပစ်လို့ ပိုပိုပြီး ရလာတယ်။ ညဥ့်နက်လာလေလေ လှိုင်းလုံးကြီးက ကြီးလာလေလေ။ လှိုင်းလုံးကြီးက ပန်းအိုးထဲမှ ပန်းတွေကို လွင့်သွားစေတယ်။ နောက်ဆုံး ဘုရားခန်းက ဘုရားဆင်းတုကိုတောင် ရေလွှမ်းသွားတယ်။ အရုဏ်မတက်ခင်လေးမှာ ကျောင်းလေးဟာ အကုန်ပျက်စီးသွားခဲ့တယ်။ ကျောင်းလေးနေရာမှာ အပြောကျယ်လှတဲ့ ပင်လယ်လှိုင်းတွေ အတက်အကျ ဖြစ်နေတာပဲ ကျန်တော့တယ်။

မနက်မိုးလင်းတော့ ဇင်းမာစတာကြီးဟာ သူတရားထိုင်နေတာကို တွေ့ပြီး ခပ်ဆဆလေး ပြုံးလိုက်တယ်။ နပန်းသမားရဲ့ ပုခုံးကိုလည်း ညင်ညင်သာသာ ပုတ်လိုက်တယ်။ ပြီးမှ “ကဲ … အခု မင်းကို ဘယ်အရာကမှ နှောက်ယှက်လို့ မရတော့ဘူး၊ မင်းဟာ လှိုင်းလုံးကြီးဖြစ်တယ်၊ မင်းရှေ့ရောက်လာတဲ့အရာမှန်သမျှကို ဖြိုလှဲပစ်တော့မယ်”လို့ ပြောလိုက်တယ်။ အဲဒီနေ့မှာပဲ အိုနမိဟာ နပန်းပွဲတစ်ခုကို ၀င်ပြိုင်ပြီး အနိုင်ရခဲ့တယ်။ အဲဒီနောက်ပိုင်း ဂျပန်နိုင်ငံမှာ အိုနမိကို နိုင်အောင်တိုက်နိုင်တဲ့သူ ဘယ်သူမှ မရှိတော့ဘူး။

(၂)

လင်္ကာက စကားဝိုင်းလေးက မလေးရှားရောက်တော့ ရပ်သွားတယ်။ အခုတော့ မလေးရှားမှာ ဒီအကြောင်းလေး စပ်ပြီး လူငယ်လေးတွေကို ပြောဖြစ်တယ်။ ဒီပုံပြင်လေးကို ပြောပြတော့ သူတို့ကလည်း စိတ်ဝင်တစား ဆွေးနွေးခဲ့ကြတယ်။

(၃)

“နည်းနည်းတော့ အလှမ်းဝေးသလိုပဲ၊ ဒါပေမယ့် ဒါက ယုံကြည်မှုသာရှိရင် အရာရာကို စွမ်းနိုင်တယ်ဆိုတာကို မီးမောင်းထိုးပြနေသလိုပဲ”လို့ တစ်ယောက်က ဆိုသည်။ အခြားသူများကလည်း ခေါင်းတညိမ့်ညိမ့်နဲ့ သဘောတူကြပုံရပါတယ်။ “ဟုတ်တယ်၊ ကိုယ့်လူပြောတာ မှန်တယ်။ ကိုယ်လည်း ဒီလိုပဲ ယူဆမိတာပဲ။ ဟိုနေ့က မြန်မာအသင်းကန်တဲ့ ဘောလုံးပွဲ တွေ့တယ်မလား။ မြန်မာအသင်းကစားသွားတာ။ ဘေားလုံးအနှုတ်အသိမ်းတွေက အရင်ကထက်တော့ နည်းနည်းသာလာသလိုပဲ။ ဒါပေမယ့် ဘာဗျူဟာမှ ကောင်းကောင်းမရှိဘူး။ နောက်ပြီး နိုင်ကို နိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ခိုင်မာမှု မရှိဘူး။ ဒါက အရေးကြီးတာပဲ။ နောက်ဆုံး ဖိလစ်ပိုင်နဲ့ကန်တဲ့ပွဲဆို ယုံကြည်ချက်နဲ့ပေါင်းပြီး ကြိုးစားကြရင် နိုင်မှာပဲ။ စင်္ကာပူနဲ့ပွဲလည်း ဘာထူးလဲ။ ဒီနှစ်စင်္ကာပူဟာ ဘာမှ ခြေစွမ်းရှိတာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့စိတ်ထဲမှာ သိမ်ငယ်နေကြသလိုပဲ။ ဘာသတ္တိမှ မရှိဘူး။ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ဇွဲနပဲ မရှိကြဘူး။ ဒါကြောင့်အရှက်တကွဲ ရှုံးနိမ့်ခဲ့ကြတယ်လို့ ထင်တယ်။ ဒီဝတ္ထုထဲမှာလည်း နပန်းသမားကြီးဟာ အစွမ်းအစရှိတယ်၊ ဒါပေမယ့် ကိုယ့်ကိုကိုယ် ယုံကြည်မှု ပျောက်ဆုံးနေတယ်။ နောက်ဆုံး ယုံကြည်ချက် ရှိသွားတာနဲ့ သူ့အစွမ်းအစတွေက ပေါ်ထွက်လာတာပဲ မဟုတ်လား”

(၄)

“ကိုယ့်လူတို့ ပြောမှ ဒို့ အတန်းထဲက ကောင်မလေးတစ်ယောက်ကို သတိရမိတယ်။ သူက မြန်မာကနေ လာတာ။ သူ့အရည်အချင်းက အရမ်းတော်တယ်။ ဒါပေမယ့် အတန်းထဲရောက်တာနဲ့ ရှက်ကိုးရှက်ကန်း ဖြစ်နေတာ။ သူ့မှာရှိတဲ့ အရည်အချင်းတွေကို ထုတ်မပြနိုင်ဘူး။ ဒါက သူ့မှာ ယုံကြည်ချက်လေးတစ်ခု ချို့တဲ့နေလို့ပဲ ဖြစ်ရမယ်”လို့ သူတွေ့ကြုံရသော ကောင်မလေးအကြောင်းကို ပြောပြနေခဲ့တယ်။ “မင်းပြောတာ ဟုတ်တယ်။ ဒို့တွေ နေ့စဉ်တွေ့နေရတာပဲလေ။ လူတော်အချို့ဟာ လူကြားထဲမှာ ရှက်တတ်တာနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတာနဲ့ တော်ပေမယ့် ကျော်သူ ဖြစ်မလာကြဘူး။ အချို့ဆိုရင် သိပ်ပြီး တော်တာတတ်တာ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတာနဲ့ လုပ်ရဲကိုင်ရဲရှိတော့ ရှေ့တန်းကို ရောက်သွားကြတာ။ တကယ် တော်ဖို့တတ်ဖို့လည်း လိုအပ်သလို သတ္တိရှိရှိ၊ ယုံကြည်မှုရှိရှိနဲ့ ထုတ်ဖော်ပြောဆိုနိုင်ဖို့လည်း အရမ်းလိုတယ်”လို့ တစ်ယောက်က ထောက်ခံပေးနေတယ်။

(၅)

သူတို့စကား ဆုံးသွားသောအခါ ကိုယ်က ဇာတ်လမ်းထဲက နပန်းသမားကြီးအဖြစ်ကို ပြန်ကောက်ပြီး အမြင်လေးတွေ ချပြမိခဲ့တယ်။ ဗုဒ္ဓဘာသာအရဆိုလျှင် နပန်းသမားကြီးဟာ သမထလမ်းစဉ်နဲ့ သူ့ရဲ့ ကြောက်စိတ်၊ ရှက်စိတ်ကို အနိုင်ယူလိုက်တာပဲ။ ကုစားလိုက်တာပဲ။ အရာရာမှာ စိတ်ဆောင်ရင် အောင်နိုင်တယ်လို့ ဆိုတယ် မဟုတ်လား။ အဲဒီမှာ ဒို့အနေနဲ့ သတိထားသင့်တာက အရည်အချင်းနဲ့ အဲဒီအရည်အချင်းကို လက်တွေ့ကျကျ အသုံးချတတ်ဖို့ပဲ။ အရည်အချင်းတွေတော့ ရှိပါရဲ့၊ လူကြားထဲမှာ အများသိအောင် ထုတ်ဖော်ဖို့ ယုံကြည်မှုမရှိဘူးဆိုရင် အလကားပဲ။

ထိုစကားဝိုင်းလေးအဆုံးမှာ လူငယ်များအနေဖြင့် ပထမဦးဆုံး ကိုယ်ကိုယ်တိုင် အရည်အချင်း ပြည့်ဝအောင် အားထုတ်သင့်ကြောင်း၊ ပြီးလျှင် ကိုယ်ဆည်းပူးဖြည့်တင်းထားတဲ့ အရည်အချင်းကို လောကကောင်းကျိုးအတွက် ရဲရဲဝံ့ဝံ့ ယုံယုံကြည်ကြည် အသုံးချလုပ်ဆောင်ဖို့လိုကြောင်း တိုက်တွန်းစကားလေး ပြောခဲ့မိပါတယ်။

1 comment:

char said...

u zin, i've read this article.Thanks for sharing knowiedge..!

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails