Saturday, December 11, 2010

အကြည့်များ


ပန်းတွေ ပွင့်နေတာပဲဖြစ်ဖြစ်၊ ပန်းတွေ ညှိုးနေတာပဲဖြစ်ဖြစ်၊ ကောင်ကင်ယံတစ်ခုလုံး သာယာနေတာပဲဖြစ်ဖြစ်၊ မိုးတိမ်တွေ အုံ့ဆိုင်းနေတာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် အကြည့်များနှင့်သာ မြင်နိုင်လေသည်။ ထိုအကြည့်များကို သင့်နေ့စဉ် ဘ၀များတွင် တွေ့နိုင်သလို သင့်မျက်ဝန်းများတွင်လည်း ထိုအကြည့်များ ရှိနေနိုင်ပါသည်။ အကြည့်များ၏ ရိုက်ခတ်မှုကို သင်ခံရဖူးသလို သင့်မျက်ဝန်းမှ အကြည့်များ၏ ရိုက်ခတ်မှုကိုလည်း အခြားသူများ ခံစားနေရနိုင်ပါသည်။

မိုးလင်းပြီဆိုသည်နှင့် သင့်မျက်ဝန်းကို သင် ဆေးကြောသုတ်သင်လိုက်ပေမယ့် မျက်ဝန်း၏ အနက်ရှိုင်းဆုံး အခန်းကို သင်ဆေးကြောခြင်း ပြုမိပါသလား။ မျက်ဝန်းနှစ်စုံ ပွင့်ပြီဆိုတာနဲ့ သင် တစ်စုံတစ်ရာကို ကြည့်ရတော့မည်။ ထိုအကြည့်များ၏ နက်ရှိုင်းမှု၊ အရေးပါမှုကို သင် စောင့်ကြည့်အကဲဖြတ်ဖူးပါသလား။
နေ့စဉ်နဲ့အမျှ သင်သည် သင့်ပတ်ဝန်းကျင်က လူများကို ကြည့်နေရသည်။ သင့်ပတ်ဝန်းကျင်က အရာဝတ္ထုများကို ကြည့်နေရသည်။ ထိုအကြည့်များဖြင့် သင့်ဘ၀ ရပ်တည်ချက်များ၊ သင့်အနာဂတ်ဘ၀များကို သင်ကိုယ်တိုင် ဖန်တီးနေတယ်ဆိုတာကို သင် စဉ်းစားမိပါသလား။

သင့်နှလုံးသား အတက်အကျ အနိမ့်အမြင့် လှုပ်ရှားမှုများသည် သင့်မျက်ဝန်း အကြည့်များမှ တစ်ဆင့်၊ အဆင့်ဆင့် ပြုပြင်စေခိုင်းနေသည်ကို သင် သတိပြုမိလျှင် အကြည့်များ၏ အရေးပါမှုကို သင် သတိထားနေမိလိမ့်မည်။ “လျှပ်တပြတ်ကြည့်တယ်။ (ဖာသိဖာသာ) နမော်နမဲ့ကြည့်တယ်။ အကြည်ဆိုက်တယ်။ စူးစူးစိုက်စိုက်ကြည့်တယ်။ စောင်းကြည့်တယ်။ ဒဲ့(တည့်တည့်)ကြည့်တယ်။ မကြည်ကြည့် ကြည့်တယ်။ မိုက်ကြည့်ကြည့်တယ်။ တည်တည်ငြိမ်ငြိမ် ကြည့်တယ်။ မြတ်မြတ်နိုးနိုး ကြည့်တယ်။ ခါးခါးသီးသီး ကြည့်တယ်။ ယဉ်ယဉ်ကျေးကျေး ကြည့်တယ်။ မိုက်မိုက်ရိုင်းရိုင်း ကြည့်တယ်။ ….. ကြည့်တယ်။ ….. ကြည့်တယ်”။ သင် ကြည့်နေမိခဲ့သော အကြည့်များ ဖြစ်ပါသည်။ သင် ကြည့်ခဲ့ပါသည်။ သင် ဆက်လက် ကြည့်ရအုံးမည်။ သို့ရာတွင် ထိုအကြည့်များကြောင့် သင့်နှလုံးသားလေး ဖြစ်သို့ ဖြစ်သွားခဲ့သည်ကို သင် သတိပြုမိဖူးပါသလား။

သင့်အနေနှင့် လူတစ်ယောက်ကို ကြည်ကြည်နူးနူး ကြည့်ဖူးမှာဖြစ်သလို ခါးခါးသီးသီးလည်း ကြည့်ဖူးလိမ့်မည်။ ပတ်ဝန်းကျင်အပေါ် သင့်အကြည့်များက တစ်ခါတစ်ရံ စိမ်းကားနေမှာဖြစ်သလို တစ်ခါတစ်ရံ ရင်းနှီးကျွမ်းဝင်နေလိမ့်မည်။ သင့်မျက်ဝန်းများကြောင့် သင့်မျက်နှာ လှပနေတတ်သလို သင့်မျက်ဝန်းများကြောင့်ပဲ ရုပ်ဆိုးအကြည်တန်နေလိမ့်မည်။ အကြည့်များက သင့်မျက်နှာပုံရိပ်၊ သင့်မျက်နှာက အရေးအကြောင်းများကို ဖန်တီးနေသည်။ ထိုမှတစ်ဆင့် သင့်နှလုံးသား၏ မွန်းကြပ်မှု၊ လွတ်လပ်မှု တစ်ခုခုကို ဖြစ်စေလိမ့်မည်။

မည်သို့ပင် အကြည့်များ ကွဲပြားနေပါစေ၊ ယေဘုယျ ခွဲခြားလိုက်လျှင် နှစ်မျိုးသာ ရပါလိမ့်မည်။ အေးချမ်းသောအကြည့်နှင့် ပူလောင်သောအကြည့်။ ဤကဲ့သို့ အကြည့်များ၏ အနှစ်သာရကို သင်ခွဲခြားသိပြီဆိုလျှင် ကိုယ်ကိုယ်တိုင်၏ အကြည့်များကို သင်သတိပြုနေပါလိမ့်မည်။ မိုးလင်းပြီဆိုသည်နှင့် သင့်အခန်းအပေါ်က မျက်နှာကျက်ကို သို့မဟုတ် ခြင်ထောင်မိုးကို သို့မဟုတ် သင့်အိပ်ယာနှင့် အနီးဆုံးတစ်စုံတစ်ရာကို သင်ကြည့်မိလိမ့်မည်။ ထိုသို့ ကြည့်လိုက်သောအခါ ခံစားလိုက်ရသော ခံစားမှုကို သင် ဘယ်နှစ်ကြိမ် သတိပြုကြည့်ရှုဖူးပါသနည်း။

မျက်ဝန်းနှစ်စုံ ပွင့်ပြီဆိုတာနဲ့ သင့်ခေါင်းထဲသို့ မကြာခင် ကြုံတွေရတော့မည့် အခက်အခဲများကိုသာ မြင်ယောင်ပြီး ပစ္စုပ္ပန်တည့်တည့်မှ အကြည့်များ၏ ကျေးဇူးကို သင် ဥပေက္ခာပြုနေမိပါလိမ့်မည်။ သင် မျက်နှာသစ်သောအခါ၊ သင် မနက်စာ စားသောအခါ၊ သင် အိမ်ရှင်မကို သားသမီးများကို နှုတ်ဆက်သောအခါ ……….သင့် အလုပ်ခွင်မှ သူငယ်ချင်းများကို တွေ့သောအခါ …… သင် အလုပ်ဆင်း၍ လုပ်ဖော်ကိုင်ဖက်များကို နှုတ်ဆက်သောအခါ ….. သင် အိမ်ပြန်ရောက်သောအခါ …..သင့် ဇနီးကို တွေ့သောအခါ …. သင် တီဗွီ ကြည့်သောအခါ ….သင် အိပ်ယာဝင်သောအခါ ….နေ့တစ်နေ့၏ နိစ္စဓူဝ ကိစ္စများကို သင့်အကြည့်များဖြင့် လုပ်ဆောင်နေရသည်ဟု ဆိုသောအခါ သင်အနေဖြင့် မထူးဆန်းဟု ဆိုနိုင်ကောင်းသော်လည်း ထိုအကြည့်များနှင့် သင့်စိတ် ဘယ်နှစ်ကြိမ်လောက် အတူရှိခဲ့ဖူးပါသလဲဟု မေးလျှင် သင့်အနေနှင့် ငုတ်တုတ်မေ့သွားနိုင်ပါသည်။

သင် နေ့စဉ်နှင့်အမျှ ကြည့်ခဲ့သော သင့်အကြည့်များနှင့်အတူ “အေးမြခြင်းနှင့် ပူလောင်ခြင်း”နှစ်ခုအနက် ဘယ်အရာဖြင့် ကြည့်နေခဲ့သည်ကို သင် အမှတ်ရပါသလား။ ထိုမေးခွန်းကို သင် နက်နက်နဲနဲ တွေးမိပြီဆိုလျှင် သင့်အကြည့်များနှင့်အတူ သင်ရှိနေသင့်သည်ဟူသော အတွေးတစ်ခု ရကောင်းရသွားပေလိမ့်မည်။

သင့်အကြည့်များနှင့်အတူ ပစ္စုပ္ပန်တည့်တည့်မှာ သင့်စိတ်ကို ထားနိုင်ပြီဆိုလျှင် “အေးမြခြင်းနှင့် ပူလောင်ခြင်း”နှစ်ခုအနက် ဘယ်အရာကို သင် ရွေးချယ်လိမ့်မည်နည်းဟု စဉ်းစားနေတော့မည်မဟုတ်ဟု ယုံကြည်မိသည်။ သင့်အိမ် တံခါးပေါက်ကို စောင့်ဖို့အတွက် ဒရမ်ဝမ် ငှါး၍ရနိုင်သော်လည်း သင့်မျက်လုံးကို စောင့်ကြပ်ဖို့ကား သင့်စိတ်သာလျှင် ရှိပါသည်။

သင့်အနေနှင့် ပုထုဇဉ်လူသားဖြစ်၍ အမြဲထာဝရ စောင့်ကြပ်နိုင်မည် မဟုတ်သော်လည်း ကြည့်ဆဲခဏမှာ သိလိုက်ရခြင်းအတွက် အကျိုးကျေးဇူး မည်မျှ ကြီးမားသည်ကို သင်အနေနှင့် စမ်းသပ်ကြည့်ဖို့ သင့်ကို တိုက်တွန်းချင်ပါသည်။ သင့်မျက်ဝန်းရှေ့က အကြည့်ခံအရာက အေးမြသောအရာဖြစ်နေသော်လည်း သင့်အနေနှင့် သတိမပြုမိလျှင် ထိုအေးမြမှုကို သင်ခံစားရဖို့ မလွယ်ကူပါ။

အေးမြမှုကို ခံစားရသည်ဟုဆိုသော် သတိမပါဘဲ အေးမြမှုကို မည်သို့မျှ မရနိုင်ပါဟု ဆိုလျှင် ငြင်းမည့်သူ ရှိမည် မထင်ပါ။ သတိပြုကြည့်ခြင်း၏ အကျိုးထူးတစ်ခုမှာ သင်ကြည့်သောအရာက ပူလောင်စရာဖြစ်နေသော်လည်း သင်က သတိကလေးဖြင့် ကြည့်နိုင်လျှင် ထိုပူလောင်မှုက သင့်ရင်တွင်းသို့ ရောက်မလာနိုင်သဖြင့် သင့်အနေနှင့် အေးမြမှုကိုသာ ခံစားရပေလိမ့်မည်။

စာစကားဖြင့်ဆိုရလျှင် မေတ္တာကြည့်၊ ကရုဏာကြည့်၊ မုဒိတာကြည့်၊ ဥပေက္ခာကြည့်များ ဖြစ်ဖို့ လိုပါသည်။ လောကစကားဖြင့် ပြောရလျှင် နားလည်မှုဖြင့် ကြည့်ခြင်းဟု ဆိုနိုင်ပါလိမ့်မည်။ ထိုအကြည့် သို့မဟုတ် ထိုနားလည်မှုကို ရဖို့ကလည်း သတိဖြင့် ကြည့်ခြင်းဟူသော နည်းတစ်နည်းသာ ရှိပါသည်။ မြတ်စွာဘုရားရှင်၏ “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာယ ၀ိသုဒ္ဓိယာ = ငြိမ်းချမ်းဖို့အတွက် ဒီ (သတိ) တစ်လမ်းပဲ ရှိတယ်”ဟု မြွတ်ကြားခဲ့ခြင်း ဖြစ်ပါသည်။ ဤစကားက မည်မျှ မှန်ကန်ကြောင်း လူပြောသူပြော များသော်လည်း သင့်အနေဖြင့် လက်တွေ့ သတိမထားသရွေ့တော့ အဓိပ္ပာယ်တစ်စုံတစ်ရာ သိရှိနားလည်ဖို့ ဖြစ်နိုင်လိမ့်အုံးမည် မဟုတ်ပါချေ။ အကြည့်များနှင့်သတိ ယှဉ်တွဲအောင် သာမန်လေးမျှ အားထုတ်နိုင်ပြီဆိုလျှင် ဒီထက် ပိုလွန်သော သတိကျင့်စဉ်များက သင့်ကို စောင့်ကြိုနေလိမ့်အုံးမည်။ မည်သည့်အရာကို ကြည့်ကြည့် ကြည့်စ၊ ကြည့်ဆဲ၊ ကြည့်ဆုံး…သုံးဌာနစလုံး သတိကပ်နေနိုင်ပြီဆိုလျှင် ဘ၀လွတ်မြောက်မှုပန်းတိုင်ဆီ နီးကပ်လာနိုင်ပေလိမ့်မည်။

အခု စာရေးနေစဉ်မှာ ကွန်ပြူတာကို ကြည့်နေပါသည်။ ကွန်ပြူတာထဲမှ စကားလုံးများ ဆင့်ကာဆင့်ကာ ပေါ်နေသည်ကို ကြည့်နေပါသည်။ ထိုစကားလုံးများမှတစ်ဆင့် စာဖတ်သူများကို ကြည့်နေပါသည်။ ထိုအကြည့်များတွင် စာဖတ်သူကို အေးမြစေချင်သောစိတ်ဆန္ဒသာ ပါရှိသဖြင့် အေးအေးမြမြ ခံစားရပါသည်။ 

မိုးလင်းသည်နှင့်တစ်ပြိုင်နက် လောကကြီးကို ချစ်သောမျက်ဝန်းများဖြင့် ထာဝစဉ် ကြည့်ရှုနိုင်သူဖြစ်ဖို့ ဆန္ဒပြုနေရပါသည်။ ကြည့်စ၊ ကြည့်ဆဲ၊ ကြည့်ဆုံး အားလုံးမှာ အသိရှိနေဖို့တော့ ကြိုးစားရပေအုံးမည်။

1 comment:

နုငယ် said...

ဦးကုရေ..
နားလည်မှုနဲ့ အရာရာကြည့်တတ်အောင်
ကြိုးစားပါဦးမယ်...

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails