Wednesday, December 8, 2010

မလေးရှားမှာ ဘေးစကားတွေ ပြောနေတယ် (၄)

ဦးဇင်း မနက်ဖြန် အားလားဘုရား။ အားပါတယ်။ အားရင်လေ တပည့်တော်တို့ဆီကို အလည်လိုက်ခဲ့ပါလား။ တပည့်တော်တို့ လာပင့်မယ်လေ။ နောက်တစ်နေ့ မနက်ခင်းမှာပဲ နယ်ကနေ အလုပ်လာလုပ်တဲ့ ကောင်လေးတွေ လာကြိုတယ်။ သူတို့ဆီမှာ တစ်ညလောက်နေပါဆိုတော့ နေလိုက်တယ်။ နီးနီးကပ်ကပ်နေကြည့်မှ တို့ ရွှေမြန်မာတွေရဲ့ ဘ၀က မလွယ်ပါလားဆိုတာ သိရတယ်။ ပတ်စပို့နဲ့ တရားဝင်အလုပ်လုပ်သူရော၊ တရားဝင် မဟုတ်သူတွေပါ အကုန်လုံးက မလေးရှားရဲတွေရဲ့ ရန်ကနေ မလွတ်နိုင်ကြဘူး။ တရားဝင်အလုပ်လုပ်သူတွေတောင်မှ အမျိုးမျိုး ခြိမ်းခြောက်ပြီး တစ်နည်းနည်းနဲ့ ပိုက်ဆံရအောင် တောင်းတတ်ကြတယ်။ အခုဆို စက်ရုံတွေကလည်း မြန်မာဆို ပိုကြိုက်ကြတယ်တဲ့။ ဒါကတော့ အားလုံးသိပြီးသားပါ။ မြန်မာဆိုတာ ခိုင်းကောင်းတယ်လေ။ အသင့်အတင့်လေး ရရင် ပြီးရော။ “ကိုယ့်မြန်မာမှာ ဒီလောက်လစာလေးကို တစ်နှစ်လုံး ရှာရတာဆိုတော့ မထူးပါဘူး၊ မြန်မာမှာနဲ့စာရင်တော့ ကောင်းပါတယ်”။ ဒါမျိုးလေးတွေ ပြောနေကျပဲ မဟုတ်လား။

မြန်မာဆိုတာ ခေါင်းဆောင်သာ မလုပ်တတ်တာ။ အထက်လူကြီးခိုင်းရင် တာဝန်ဆိုပြီး နင်းကန် ကုန်းရုန်းတတ်ကြတယ်မလား။ မြန်မာမှာပဲ ကြည့်လေ။ ဘယ်ခေါင်းဆောင်မှ ကြာရှည်စာရိတ္တကောင်းသွားတယ်ဆိုတာ မရှိဘူး။ ရှိတယ်ဆိုလည်း နည်းနည်းလေးရယ်။ ပထမပေါ်ထွက်လာခါစတော့ တကယ့်ခေါင်းဆောင်ကြီးတွေပါပဲ။ နောက်ပိုင်းတော့ ရာထူး၊ အာဏာတွေ လုရင်း တိုင်းပြည်ကို ဖျက်ဆီးသွားကြတာပါပဲ။ ဥပမာအနေနဲ့ မြန်မာ့သမိုင်းမှာ အများကြီး လေ့လာနိုင်ပါတယ်။ တစ်ခုထုတ်ပြရရင်တော့ ဦးသိမ်းမောင်ကြီးပေါ့လေ။ သူက မြန်မာ့လွတ်လပ်ရေးနဲ့ ဗုဒ္ဓသာသနာအတွက် အတိုင်းအတာတစ်ခုအထိ ကြိုးပမ်းလုပ်ဆောင်ခဲ့သူပါပဲ။ ဒါပေမယ့် နောက်ပိုင်း အာဏာလုရင်းနဲ့ နာမည်ဆိုးကျန်သွားခဲ့တာပဲ။ ရွှေတိဂုံစတဲ့ ဘုရားစေတီတော်ရင်ပြင်တွေမှာ မျက်နှာဖြူတွေ ဖိနပ်မစီးဖို့ တိုက်ပွဲဝင်တဲ့ထဲမှာ ရှေ့ဆုံးက ပါခဲ့တာပဲ။ ဒါနဲ့ပဲ သူ့ကို ပြည်သူတွေက ချစ်စနိုးနဲ့ “ဖိနပ်သိမ်းမောင်”လို့တောင် အမည်ပေးလိုက်ကြသတဲ့။

နောက် ဗိုလ်နေ၀င်း။ သူကလည်း ရဲဘော်သုံးကျိပ်ဝင်ပဲ မဟုတ်လား။ ရဲဘော်သုံးကျိပ်ဆိုတာ နိုင်ငံအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ပေးခဲ့ကြသူတွေပဲ မဟုတ်လား။ ဒါပေမယ့် အာဏာကို မက်မောပြီး ဗိုလ်ကျစိုးမိုး သွားခဲ့တာပဲ မဟုတ်လား။ တိုင်းပြည်ကို ဖျက်ဆီးသွားတာပဲ မဟုတ်လား။ ဒါက ဘာကို ပြနေသလဲဆိုတော့ မြန်မာတွေဟာ ခေါင်းဆောင်မလုပ်တတ်ဘူး။ ဒါပေမယ့် အချို့ မြင့်မြတ်တဲ့ ခေါင်းဆောင်တွေလဲ ရှိခဲ့တာပဲ မဟုတ်လား။ ရှိတာတော့ အများကြီးပေါ့။ ဥပမာအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းပေါ့။ သူဟာ ခေါင်းဆောင်ပီသတယ်ဆိုတဲ့ စကားထက်ကို ပိုလွန်တဲ့ ဂုဏ်ဒြဗ်တွေ ရှိနေတယ်။ သူလို ခေါင်းဆောင်မျိုးဟာ ရှာမှရှားတဲ့ အာဇာနည်ပဲ။ ဘုရားလောင်းစိတ်ဓာတ်မျိုးရှိသူလို့ပဲ ဆိုလိုက်ချင်ရဲ့။

ခေါင်းဆောင်ကောင်းဆိုတာ အာဏာနဲ့စည်းစိမ်ကို မက်မောသူ မဟုတ်ဘူး။ အလုပ်လုပ်ဖို့သာ မက်မောနေသူဖြစ်တယ်။ အခု လက်ရှိ အမေစု။ သူသာ အနိုင်ကျင့်မယ်၊ စိတ်ရိုင်းဝင်မယ်ဆိုရင် ဒီအာဏာရှင်တွေ နေစရာတောင် ရမှာ မဟုတ်တော့ဘူး။ သူ့စိတ်ထဲမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ လွတ်လပ်မှုသာ ရှေ့တန်းတင်ထားတယ်။ ပြည်သူတွေဟာ သူခိုင်းရင် ဘာမဆို လုပ်မယ်ဆိုတဲ့အနေအထားပဲ။ ဒါပေမယ့် သူဟာ ပြည်သူတွေဆီက အများကြီး မတောင်းဆိုဘူး၊ ပြည်သူတွေအတွက် ပေးဆပ်နေလိုသူသာ ဖြစ်တယ်။ ထားပါတော့။ ပြောချင်တာက မြန်မာတွေရဲ့ ခေါင်းဆောင်မှုစိတ်ဓာတ်ဟာ အတ္တတွေ များလွန်းတယ်။

မြန်မာတွေရဲ့ ဦးဆောင်မှုအကြောင်း စိတ်ကူးနေတုန်းမှာပဲ မေးခွန်းတစ်ခု မေးလာတယ်။ ဦးဇင်း လူထွက်အုံးမှာလား။ အင်း … ခုချိန်ထိတော့ စိတ်ကူး မရှိပါဘူးဗျာ။ ခုချိန် စိတ်ကူးမရှိသေးဘူးဆိုတော့ နောက်ကျရင် ရှိလာမှာပေါ့လေ။ အဲ့လိုလည်း မဟုတ်ပါဘူး။ ဘယ်အရာမှ အတည်အမြဲ မရှိဘူး မဟုတ်လား။ မင်းတို့ကို ပြောရအုံးမယ်။ လူတွေလေ။ ပွင့်ပွင့်လင်းလင်း စိတ်ထဲရှိတာ ပြောတဲ့ဘုန်းကြီးဆို လူတွေက သိပ်အထင်မကြီးတတ်ကြဘူး။ လူထွက်အုံးမလားဆို မထွက်ဘူး။ သာသနာ့အကျိုးကို ထမ်းဆောင်ချင်လို့ ၀တ်လာတာ ဘာညာနဲ့ အထင်ကြီးအောင် ဟိတ်ကြီးဟန်ကြီး လုပ်သူဆို အတော်ထင်ကြီးကြတာပါပဲလား။ ဒါက ဒို့မြန်မာတွေရဲ့ အားနည်းချက်ပဲ။ လူများ ကိုးကွယ်ရင် လိုက်ကိုးကွယ်။ သူများ ဆည်းကပ်ပြီဆို လိုက်ဆည်းကပ်။ ကိုယ်ပိုင်ဉာဏ်နဲ့ ဘာမှ စဉ်းစားမှု မရှိဘူး။ သမိုင်းမှာပဲ ကြည့်လေ။ ကိုးကွယ်သူများတဲ့ ကိုးကွယ်ခံပုဂ္ဂိုလ်တွေဟာ နောက်ပိုင်းမှာ မဟုတ်တာတွေ ဘူးပေါ်သလို ပေါ်ကုန်ကြတာပဲ မဟုတ်လား။ အားလုံးတော့ မဟုတ်ဘူးပေါ့။

စကားကောင်းနေတုန်း “ဦးဇင်း … ဒါက ဦးဇင်းထွက်၊ ၇-၀ါရမှ ထွက်လိုက်တာ”လို့ မိတ်ဆက်တယ်။ ဘာကြောင့် လူထွက်လိုက်တာလဲ။ တပည့်တော်ကတော့ တပည့်တော်နေတဲ့ ကျောင်းက ကုသိုလ်မရလို့ ဦးဇင်းရဲ့။ ကိုယ်က ကောင်းကောင်းမနေနိုင်တော့ ဘုန်းကြီးဘ၀ဆိုတာကို ကြောက်လာတာ။ အခုဟာက တပည့်တော်နေတဲ့ကျောင်းက ဘာပရိယတ်၊ ဘာပဋိပတ်မှ မလုပ်ကြဘူး။ ………။ …….။ (ထားခဲ့သော ၀ါကျများသည် -လူအလုပ်တွေ အကုန်လုပ်နေကြတာ-ဟူသော အဓိပ္ပာယ်ကို ဆောင်သည်)။ တပည့်တော်ကတော့ စာသင်တိုက်တွေ၊ တရားစခန်းတွေ ဖွင့်ပေးနေတဲ့ ကျောင်းတွေနဲ့ ပရဟိတကျောင်းတွေလောက်ပဲ အထင်ကြီးတယ်။ ကျန်တဲ့ကျောင်းတွေတော့ …………။ ဒါကြောင့် တပည့်တော် ထွက်ခဲ့တာ။

ဟုတ်တယ်။ ငါ့လူ မဆိုးဘူး။ အဲဒီလို တွေးတတ်တယ်။ အခု ဒို့ဆီမှာက ပရိယတ်၊ ပဋိပတ်အလုပ်ဆိုတာကို ထည့်မထွက်ကြဘူး။ ဘုန်းကြီးမြင်ရင် အထင်ကြီး၊ အထင်ကြီးစရာ တကယ်မတွေ့၊ မကြည်ညိုစရာ စိတ်ဆိုးတွေကိုတွေ့တော့မှ “ဟာ ဘုန်းကြီးတွေ အလကားပါကွာ၊ ငါလှူလိုက်ရတာ အလကားဖြစ်ကုန်ပြီ”နဲ့ သာသနာမကောင်းကြောင်း လိုက်ပြော။ တကယ်ဆိုရင် အစကတည်းက အရင်းအနှီးဆိုတဲ့ အလှူတွေကို လုပ်တော့မယ်ဆိုရင် သေသေချာချာ စဉ်းစားသင့်တယ်။ စီစစ်သင့်တယ်။ အခုတော့ ဘာမှ မစဉ်းစားဘဲ၊ မဟုတ်တာတွေဖြစ်တော့ ကိုယ့်အပြစ်ကို မမြင်။ သာသနာတစ်ခုလုံး မကောင်းတော့သလို ပြော။ တော်တော် အသုံးမကျတဲ့ လူမျိုးပါကွာ။

ငါ့လူတို့ တွေ့မိကြမယ် ထင်တယ်။ အင်တာနက်သုံးသူတွေဆို ပိုသိမယ်။ ဥရောပနိုင်ငံတစ်ခုမှာ နော်ဝေလား၊ ဆွီဒင်လား မသိဘူး။ ဘုန်းကြီးကျောင်းဆောက်ချင်လို့ ဆိုပြီး မရှိမဲ့ရှိမဲ့လေးတွေ ငွေစုကြ။ နောက်ဆုံးတော့ သူတို့ ရည်မှန်းထားတဲ့ ဘုန်းကြီးက ရှိတဲ့ ငွေကို အကုန်မ-ပြေး(ယူပြေး)သွား။ အဲဒီတော့မှ ဘုန်းကြီးတွေ မကောင်းကြောင်း ၀က်ဘဆိုက်တွေမှာ လိုက်ရေး။ ဖတ်ရတာ စိတ်မချမ်းမြေ့စရာပါပဲ။ တကယ်ဆိုရင် ဒီလောက် ကြီးကျယ်တဲ့ အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် ဒို့မြန်မာတွေအနေနဲ့ စနစ်တကျ အဖွဲ့လေးဖွဲ့ပြီး တစ်ဦးတစ်ယောက်တည်းကြောင့် ပျက်စီးမသွားရအောင် အရင် စီမံသင့်တာပေါ့။ အခုတော့ ကိုယ်ရည်ရွယ်တဲ့ဘုန်းကြီးက ဘာမှန်းမသိ၊ ညာမှန်းမသိ။ စာရိတ္တ ကောင်းမှန်းမသိ၊ ဆိုးမှန်းမသိ။ သင်္ကန်းဝတ်ထားတာတစ်ခုနဲ့ အကုန်ပစ်ယုံ။ ဖွတ်ထွက်လို့ တောင်ပို့မှန်းသိတော့မှ အရူးမီးဝိုင်းတွေ ဖြစ်။ မဆိုင်တာတွေ ဆက်ပြောကြ။ ဒီတော့ ဘာဖြစ်သလဲ ကိုယ့်လူ့အဖွဲ့အစည်းတစ်ခုလုံး စိတ်မချမ်းမသာ ဖြစ်ရတယ်ပေါ့ကွာ။

“ဦးဇင်း န၀ကမ္မပါဘုရား”။ “ဘယ်လောက်လဲ”။ “၅၀-ပါ ဦးဇင်း”။ “မင်း လခ ဘယ်လောက်လဲ”။ “တပည့်တော် တစ်နေ့ကို သုံးဆယ်ပါ၊ အသုံးစရိတ်တွေ ဘာတွေ နှုတ်လိုက်တော့ တစ်နေ့ကို ၂၀-လောက်လို့ပဲ ပြောရမယ် ထင်တယ်”။ အေး…အခု ဦးဇင်း အခုလို ဘာကြောင့်မေးတယ်ဆိုတာ သိလား။ ဒို့ မြန်မာတွေ အလှူအတန်း မလုပ်တတ်လို့။ အလှူအတန်းလုပ်တယ်ဆိုတာ စိတ်ချမ်းသာချင်လို့။ ကြွားချင်ဝါချင်လို့ မဟုတ်ဘူး။ အဲဒါလေးကို အရင် သိထားဖို့၊ သဘောထားတတ်ဖို့ လိုတယ်။ ဥပမာ ဒို့အရပ်တွေမှာဆို ပိုက်ဆံအလုံအလောက်မရှိဘဲ လယ်တွေယာတွေတောင် ပေါင်၊ ရောင်းလုပ်ပြီး လှူကြတယ်။ အလှူလည်းပြီးရော အကြွေးတွေ လည်ပင်းနစ်လို့။ ဘာစိတ်ချမ်းသာစရာမှ မရှိဘူး။ အလှူလုပ်တုန်းကတော့ အပေါင်းအသင်းတွေက ချကွာ။ ဘာလေး ကျွေးလိုက်၊ ညာလေး ကျွေးလိုက်၊ လုပ်မနေနဲ့ ချကွာလို့ ပြောလိုက်တာနဲ့ အကုန်လိုက်လုပ်ပစ်တော့တာ။ ကိုယ်လှူလိုက်တဲ့အလှူက သာသနာအတွက် ဘယ်လောက် အကျိုးကျေးဇူး ဖြစ်သွားသလဲ။ လိုအပ်နေသူအတွက် ဘယ်လောက် ၀မ်းမြောက်စရာတွေ ဖြစ်သွားလဲ။ ဒါတွေကို စဉ်းစားပြီး လှူတဲ့သူက နည်းတယ်။

အလှူမတတ်ရင် ငတ်တယ်ကွ သိလား။ ဒါကြောင့် ပီနန်းဆရာတော်ဘုရားကြီးက အမိန့်ရှိတယ်လေ။ “ဘုန်းကြီးတွေ ဟောဟောနေကြတာပဲ။ သံဃေ ဒိန္နံ မဟပ္ဖလံ= သံဃာကို လှူရင် အကျိုးကြီးတယ်တဲ့။ သံဃာလှူလို့ အကျိုးကြီးကြကြေးဆိုရင် ဒို့ မြန်မာတွေ ဘယ်မှာ ဆင်းရဲတော့မလဲ။ အခုတော့ မွဲလိုက်ကြတာ ဖွတ်ဖွတ်ကို ကြေလို့”တဲ့။ သံဃာဆိုတာကို နည်းနည်းချဲ့ကြည့်ဖို့ လိုတယ်။ သံဃာဆိုတာ အသင်းအဖွဲ့၊ အစုပဲ။ ဘုရားရှင်လက်ထက်ကတော့ သံဃာ့အဖွဲ့အစည်းကြီးက ဒီနေ့ခေတ် သံဃအဖွဲ့အစည်းနဲ့ မတူတော့ဘူးလေ။ ဒါကိုလည်း ကြည့်ရတယ်။ ပြောစရာတော့ အများကြီးပဲ။ အကျဉ်းချုံးပြောရရင် ကိုယ့်အလှူကို လက်ခံမယ့်သူကို ဆန်းစစ်ရတယ်။ ကိုယ်လှူမယ့်အဖွဲ့အစည်းကို ဆန်းစစ်ရတယ်။

တစ်ခါတလေ တွေ့နေရတာပဲ။ ဘာအတိုင်းအဆမှ မရှိဘဲ လှူဒါန်းနေကြသူတွေလေ။ ဘုရားရှင်က ဥစ္စာပစ္စည်းကို လေးဖို့ ခွဲပြီး သုံးရမယ်တဲ့။ တစ်ရက်က ဦးဇင်း တရုတ်တွေကို ဒါဟောတာ။ သူတို့က ပြောတယ်။ ငါတို့ ဘုရားက ဒီလောက်တောင် အသေးစိတ် ညွှန်ကြားခဲ့သလား၊ ငါတို့ မကြားဖူးဘူးတဲ့။ သူတို့ အတော်ဝမ်းသာသွားကြတယ်။ ကိုယ့်ဝင်ငွေကို နေ့စဉ်သုံးဖို့ တစ်စု၊ နေ့စဉ် စီးပွားရေးအတွက် တစ်စု၊ အလှူလုပ်ဖို့ (ဘုန်းကြီးကို ပေးမှ မဟုတ်ဘူး၊ လိုအပ်တဲ့နေရာတွေကို ကူညီလှူဒါန်းတာလည်း ပါတယ်) တစ်စု၊ အကြောင်းရှိရင် သုံးဖို့ တစ်စုဆိုပြီး လေးစု ခွဲရမယ်တဲ့။ စဉ်းစားကြည့်စမ်း။ ဘယ်လောက် စနစ်ကျလဲလို့။ ကိုယ့်ဟာကို စဉ်းစားကြပေါ့။
အခုတော့ ဒို့မြန်မာတွေက စနစ်မကျဘူး။ အလှူအတန်းတွေ နင်းကန်လုပ်နေသူတွေကိုလည်း အခြေအနေကို ကြည့်ပြီးမှ ပြော။ အချို့က မြှောက်ပေးကြတယ်။ တော်တော် အလှူအတန်း ရက်ရောတဲ့ကောင်ဆိုပြီးတော့လေ။ သူများလည်း သွားမမြှောက်နဲ့။ ကိုယ်တိုင် လှူပြီဆိုရင်လည်း စောစောက မြတ်စွာဘုရား ညွှန်ကြားခဲ့တဲ့ လေးဖို့ကို စဉ်းစား။ ခြွင်းချက်တွေတော့ ရှိနေအုံးမှာပေါ့။ ဒါတွေတော့ ပြောဖို့ အချိန်မရဘူး။ 

ဆရာကြီး လုပ်ချင်လို့ ဒါတွေ ပြောနေတာ မဟုတ်ပါဘူးကွာ။ ဒို့မြန်မာတွေ စနစ်မကျတာတွေ များလွန်းလို့၊ အခုဆို ငါ့လူတို့ လူငယ်တွေအနေနဲ့ အလုပ်ကို ကြိုးစား၊ ပိုက်ဆံကို စု၊ စုနိုင်မှ ငြိမ်းချမ်းမယ်ဆိုတယ် မလားကွ။ အခုဆို ရည်ရွယ်ချက်ပျောက်ပြီး ပြည်ပမှာ ပျက်စီးနေတဲ့ ဒို့မြန်မာတွေ တွေ့ရတာ စိတ်မကောင်းလွန်းလို့ ပြောလိုက်ရတာပါ။

1 comment:

char said...

great article ....tks u so much for the knowledge.

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails