Tuesday, November 16, 2010

မလေးရှားမှာ ဘေးစကားတွေ ပြောနေတယ် (၃)

တောင်ကုန်းပေါ်က ကျောင်းကြီးက အတော်ဟောင်းနေပြီ။ အသစ်ပြန်လည် ပြုပြင်ထားတာ မရှိဘူး။ ဘုရားကျောင်းနံရံကြီးက အထူကြီး။ အမိုးမရှိတော့ဘူး။ ပေါ်တူဂီစာလား၊ ဒတ်ခ်ျစာလား မသိတဲ့ ကျောက်စာတွေ ရှိတယ်။ ထူးခြားတာကတော့ (ကိုယ့်အတွက်ပေါ့လေ) ဘုရားကျောင်းထဲမှာ ဂစ်တာတစ်လက်နဲ့ သီချင်းဆိုနေတဲ့ သူတစ်ယောက်။ သူက အင်္ဂလိပ်သီချင်းတွေကို ဟန်ပါပါနဲ့ဆိုနေတာ။ အနောက်တိုင်းသားတွေတောင် အငေးသားနဲ့ ၀ိုင်းနားထောင်နေကြတယ်။ သူ့ရှေ့ချထားတဲ့ အင်္ကျီပေါ်မှာ ပိုက်ဆံလေးတွေ ချသွားကြတယ်။ ဘုရားကျောင်းနံရံအထူကြီးတွေကြောင့်လား မသိဘူး။ သူ့အသံက အရမ်းကို ကောင်းနေတယ်။ သီချင်းနှစ်ပုဒ်လောက်ပြီးတဲ့အထိ ရပ်ငေးခဲ့တယ်။ စိတ်ထဲမှာ ထူးအိမ်သင်ကြီးလိုလို (စိတ်ထဲမှာ စွဲမိတဲ့ အနုပညာသည်ဆိုလို့ကလည်း ထူးအိမ်သင်တစ်ယောက်သာ ရှိတာ။ အမှန်တရားဘက်က ရဲရဲဝံ့ဝံ့ ရပ်တည်ရဲတဲ့ အနုပညာသည် ခပ်ရှားရှားထဲက တစ်ယောက်ဖြစ်လို့လည်း ပါတာပေါ့) မြင်ယောင်မိတယ်။

၁၁-နာရီကျော်တော့ ဆွမ်းချိန်ရောက်ပြီမို့ ထမင်းဆိုင် လိုက်ရှာတယ်။ ဘ၀မှာ တစ်ခါမှ မမြင်ခဲ့ဖူးတဲ့ မြင်ကွင်းတစ်ခု တွေ့ခဲ့တယ်။ ထမင်းဆိုင်တွေ ရှေ့မှာ လူတန်းကြီး။ ထမင်းတစ်ခါစားဖို့အရေး တန်းစီစောင့်နေကြတာပေါ့။ ခြေသွက်လက်သွက်ရှိတဲ့ ကိုသူရက ရှေ့သွားပြီး တစ်ဝိုင်းယူလိုက်လို့ တန်းမစီလိုက်ရဘူး။ တရုတ်အစားအစာတွေ စားခဲ့တယ်။ ထမင်းဆိုင်တိုင်းရှေ့မှာ လူတန်းကြီးတွေက ပိုများလာတယ်။ စားပွဲထိုးလေးက မြန်မာ။ နိုင်ငံရပ်ခြားမှာ မြန်မာတွေ ဒီလို လုပ်နေတာတွေ့ရင်ကို စိတ်ထဲမှာ အတော်ဝမ်းနည်းမိတာ။ တို့မြန်မာတွေ။ သာကီမျိုးဟေ့ ဒို့ဗမာတွေ အော်လိုအော်။ ပုဂံမြို့ဟောင်းကြီး ကြည့်ပြီး မာန်တွေ တက်လိုတက်။ ဘယ်လောက်တောင် နောက်ကျကျန်ရစ်နေခဲ့ပြီလဲ။ အော် တို့မြန်မာတွေ ဘယ်တော့များမှ နိုးကြားလာကြမှာလဲ။

ပြီးတာနဲ့ ပေါ်တူဂီသင်္ဘောဟောင်းကြီးကို သွားကြည့်တယ်။ သစ်သားအထူကြီးတွေနဲ့ လုပ်ထားတာ။ လေးထပ်ရှိတယ်။ အခုချိန်ထိ ခိုင်ခန့်နေဆဲပဲ။ သင်္ဘောကြီးဆီ သွားတဲ့လမ်းဘေးမှာ ထိုင်စရာလေးတွေ့လို့ ထိုင်နေတယ်။ ကောင်မလေးနှစ်ယောက်။ ကွက်ကြည့်ကွက်ကြည့် လုပ်နေတယ်။ နှုတ်ဆက်ချင်ပုံ ရပါတယ်။ နှုတ်ဆက်ချင်ရင် လာလိမ့်မယ်ပေါ့။ မရယ်မပြုံးဘဲ နေလိုက်တယ်။ နောက်က ဦးဇင်းတွေနဲ့ အမေကြီးတို့လာမှ ခပ်လှမ်းလှမ်းမှာ စကားပြောနေကြတာ တွေ့ရတယ်။ ဘေးက ဦးဇင်းကလည်း မြန်မာကောင်မလေးတွေ ထင်တယ်။ သွားစကားပြောလိုက်မယ်ဆိုပြီး ထသွားတယ်။ မိနစ် ၂၀-ခန့် ရှိမယ်။ လမ်းသွားလမ်းလာတွေ ကြားမှာ သူတို့က ဒူးတုပ်ပြီး လက်အုပ်လေးတွေ ချီလို့ပေါ့။ သူတို့တွေ စကားပြောနေကြတယ်။ အတော်ဝမ်းသာနေကြတဲ့ပုံပါပဲ။

အတူပါတဲ့ ဦးဇင်းက ပြောတယ်။ သူတို့က အောက်ပိုင်း မအူပင်ဘက်ကတဲ့။ သနားစရာကောင်းပါတယ်ကွာ။ အလုပ်ကလည်း အရမ်းပင်ပန်းတယ်တဲ့။ ပိုက်ဆံလည်း သိပ်မရဘူးတဲ့။ ဘုန်းကြီး မဖူးရတာလည်း ကြာပြီတဲ့။ ကိုယ်တို့ကို တွေ့တော့ အတော်ဝမ်းသာနေကြတာ။ အခု တို့ နှုတ်ဆက်တော့ မျက်ရည်လေးတွေ တစမ်းစမ်းနဲ့။ စိတ်မကောင်းစရာပါပဲကွာ။ အေးပေါ့လေ….. ကိုယ့်နိုင်ငံက မကောင်းတော့လည်း ဒီလိုပဲပေါ့။ သူက ပြောရင်းနဲ့ သက်ပြင်းရှည်ကြီး ချလိုက်သေးတယ်။ (တကယ်တော့ သွားတာ နှုတ်မဆက်တာ၊ သူတို့ကို မြင်ကတည်းက ကိုယ်လည်း သက်ပြင်းချနေမိတာ)။

ကိုယ်က ရှေ့ဆုံးကပေမယ့် နှုတ်မဆက်ဖြစ်တာကလည်း အကြောင်းရှိပါတယ်။ ကိုယ့်သဘာဝကိုက အရင်ဆုံး နှုတ်ဆက်ရတာ သိပ်မလုပ်ချင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်က နှုတ်ဆက်ပြီး တလေးတစား၊ ရင်းရင်းနှီးနှီး စကားပြန်မပြောရင် ကိုယ်က အရမ်းနာကျင်တတ်တယ်။ အရင်က ပြည်ပတွေ့တဲ့ မြန်မာဆိုတော့ ရင်းရင်းနှီးနှီး နှုတ်ဆက်တာပေါ့။ ဒါပေမယ့် မသိချင်ယောင်ဆောင်နေတာ ခံရဖူးတယ်။ အဲဒီနောက်မှာ ကိုယ်ကို လာနှုတ်မဆက်တဲ့ ဒကာ၊ ဒကာမ၊ လူငယ်၊ လူကြီး ဘယ်သူ့ကိုမှ စနှုတ်မဆက်တော့ဘူး။ နောက်ပြီး မလေး၊ စင်္ကာပူမှာက အချို့မြန်မာတွေက သူတို့ကို နှုတ်ဆက်တာနဲ့ အလှူခံမလား၊ အလှူခံဘုန်းကြီးဆိုတဲ့ မျက်လုံးတွေနဲ့ ကြည့်တတ်ကြတယ်။ ဒါမျိုးလည်း ကိုယ်မကြိုက်ဘူး။ သူတို့လေးတွေရဲ့ အလုပ်ကာလတစ်လျှောက် အဆင်ပြေချောမွေ့စွာနဲ့ ပြီးဆုံးသွားကြပါစေလို့တော့ ဆုတောင်းမိပါတယ်။

လမ်းမှာ တိရစ္ဆာန်ရုံတစ်ခုကို ၀င်တယ်။ သိပ်အထူးအဆန်းတွေတော့ မရှိလှဘူး။ မြန်မာနိုင်ငံနဲ့စာရင် ရှိတဲ့သတ္တ၀ါလေးတွေ ၀၀ဖြီးဖြီး ရှိနေကြတာပဲ ထူးပါတယ်။ နေက အရမ်းပူတော့ မောနေကြပြီ။ အမေကြီးဆို မလိုက်နိုင်တော့ဘူး။ ၂-နာရီခန့်လောက် သွားလိုက်တော့ နှံ့သွားတယ်။ ကားပေါ်လည်းရောက်ရော အိပ်ပျော်သွားကြတယ်။ လမ်းမှာ ပိန်ချုံ့နေတဲ့ကားလေးတစ်စီးရယ်၊ ပက်လက်လှန်ပြီး သိကြားမင်းကို မထေမဲ့မြင်ပြုနေတဲ့ ကုန်ကားကြီးတစ်စင်းရယ်၊ အနည်းငယ်ပိန်သွားတဲ့ ကားလေးတစ်စီးရယ် တွေ့လိုက်ရတယ်။ ဘုရားတခဲ့ရတယ်။ အချို့ကားတွေက တစ်နာရီကို ကီလိုမီတာ ၁၆၀-နှုန်း မောင်းကြသတဲ့လေ။ တစ်ခုခုဖြစ်လို့ကတော့ အစအနတောင် ရှာရပါ့မလား။ လမ်းတွေက အရမ်းကောင်းတော့ အရမ်းမောင်းကြတယ်ဆိုပဲ။ မလကာက ပြန်ခဲ့တယ်။ ကျောင်းပြန်ရောက်တော့ နေပူဒဏ်ကြောင့် ထင်တယ်။ ခေါင်းက အတော်လေး ကိုက်နေတယ်။ ဒီလောက်တောင် ခံနိုင်ရည်နည်းရလားဆိုပြီး မကျေနပ်ဘူး။ ဒါနဲ့ ကတ်ပုံးကို ဆန်အိတ်တွေ သွားသယ်မယ်လိုက်မလားဆိုတော့ ကိုယ့်ခေါင်းကို အမြင်ကပ်လို့ ခေါင်းကိုက်ကိုက်နဲ့ လိုက်သွားတယ်။ ညက မောပေမယ့် အတော်နဲ့ မအိပ်ခဲ့ဘူး။ အပြင်မှာ မိုးတွေ ရွာနေသလိုပဲ။

3 comments:

နုငယ် said...

စင်္ကာပူရောက်ရင်ပြောဦးနော်..ဦးကု

buddha said...

၊ စင်္ကာပူမှာက အချို့မြန်မာတွေက သူတို့ကို နှုတ်ဆက်တာနဲ့ အလှူခံမလား၊ အလှူခံဘုန်းကြီးဆိုတဲ့ မျက်လုံးတွေနဲ့ ကြည့်တတ်ကြတယ်။ ဒါမျိုးလည်း ကိုယ်မကြိုက်ဘူး။ ha ha ha :D
that's true...

blackကော်ဖီ said...

လူတိုင်းတော့မဟုတ်ပါဘူးဘုရား... ဘာသာတရားကို ရိုသေကိုင်းရှိုင်းတဲ့ လူငယ်တွေလဲ ရှိပါသေးတယ်... ဒါပေမယ့် စုန်းပြူးတွေလဲ ရှိပါတယ်ဘုရား...

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails