Friday, November 12, 2010

မလေးရှားမှာ ဘေးစကားတွေ ပြောနေတယ် (၂)

သာသနာ့အောင်စည်ကျောင်း။ ဘလက်ကောင်းမှာ ရှိတယ်။ သီရိလင်္ကာမှာ စာသင်သွားခဲ့တဲ့၊ သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ (MSMA) ဥက္ကဋ္ဌဟောင်းတစ်ပါးလည်းဖြစ်တဲ့ ဦးသြဘာသ ဦးစီးတည်ထောင်ထားတာ ဖြစ်တယ်။ သိတဲ့အတိုင်း မလေးရှားဆိုတော့ ကျောင်း, ကန်, ဘုရားရယ်လို့တော့ မဆိုသာဘူးပေါ့။ တိုက်ခန်းကတော့ အထိုက်အလျောက် ကျယ်ဝန်းပါတယ်။ လင်္ကာက မဟာမကုဋာရာမမြန်မာကျောင်းလိုတော့ အေးချမ်းတဲ့လေထု၊ သန့်ရှင်းလတ်ဆတ်တဲ့ ရနံ့တွေတော့ မရနိုင်ဘူးပေါ့။ ပန်ကာတွေ တ၀ှီးဝှီး လည်ပတ်မောင်နှင်နေကြတာကိုက မွန်းကြပ်လှတယ်။ ဦးဇင်း ပျင်းနေပြီလား။ မပျင်းပါဘူးဗျာ။ နည်းနည်းပါးပါးပါ။ တောင်မြောက်ထွေရာလေးပါး ပြောနေတဲ့အသံတွေကို နားထောင်နေတယ်။ ဘာမှတော့ ၀င်မပြောဖြစ်ဘူး။

မလေးရှားမှာ တက္ကစီပေါ်မှာ၊ ဘတ်စကားပေါ်မှာ၊ လမ်းပေါ်မှာ ဓားပြတိုက်တာတွေ အလွန် တိုးပွားနေတယ်ဆိုပဲ။ လူတွေများတဲ့ ဘတ်စ်ကားပေါ်တောင် အနီးကပ် ဓားကပ်ပြီး တိုက်တယ်ဆိုပဲ။ ဓားပြတိုက်တာ ဘယ်လူမျိုးတွေ များလဲလို့ မေးကြည့်တော့ အိန္ဒိယနဲ့မလေးတွေ များသတဲ့။ မြန်မာမ လေးတွေ အဓမ္မကျင့်ခံရတဲ့ သတင်းတွေကလည်း ရှိ။ ရွှေမြန်မာတွေ အသတ်ခံရတဲ့ သတင်း။ အနိုင်ကျင့်ခံရတဲ့ သတင်း။ မြို့လည်ခေါင်ကြီးမှာ ဓားပြတိုက်ခံရတဲ့ သတင်း။ အေးဂျင့်က ကလိမ်ကကျစ်လုပ်လို့ ဒုက္ခရောက်နေသူတွေရဲ့ သတင်း။ ကိုရွှေတွေ အပျော်လွန်လို့ ကုမရရောဂါနဲ့ သေဆုံးသွားတဲ့ သတင်း။ အောက်ကျနောက်ကျ အလုပ်တွေ အခိုင်းခံနေရတဲ့ သတင်း။ မြန်မာအချင်းချင်း ခေါင်းပုံဖြတ် လိမ်လည်နေကြတဲ့ သတင်း။ လမ်းမပေါ်က ဆပ်ပြာတစ်ခဲ ကောက်ရတဲ့သတင်း။ ဆွဲကြိုးလုယူ ခံလိုက်ရတဲ့ သတင်း။ ဆိုင်ရှင်က အကြွေပြန်မအမ်းလို့ စိတ်ညစ်နေကြတဲ့ သတင်း။

ရွေးကောက်ပွဲ မသမာမှုတွေရှိလို့ စိတ်ပျက်နေကြတဲ့ သတင်း။ တစ်နိုင်ငံလုံး သဘောကျလှပါတယ်လို့ ပြောသူ တော်တော်ရှာရခက်ပေမယ့် ကြံဖွတ်ပါတီ အနိုင်ရနေတယ်ဆိုတဲ့ သတင်း။ ရေအေးစက်ပျက်သွားလို့ ရေသောက်ရတာ အရသာမရှိဘူးဆိုတဲ့ သတင်း။ ဂိရိမုန်တိုင်းကြောင့် သောက်ရေသန့်ပြတ်လပ်နေတယ်ဆိုတဲ့ သတင်း။ ဘာအကြောင်းပြချက်မှ မရှိဘဲ ကောင်မလေးက ခွဲခွာသွားတယ်ဆိုတဲ့ သတင်း။ မြန်မာမှာ သားမယားတွေရှိနေပေမယ့် မလေးမှာ အသစ်ကောင်မလေးတွေနဲ့ နေထိုင်နေတယ်ဆိုတဲ့ သတင်း။ မြန်မာက အတော်အသင့် ချမ်းသာသူများက ဒုက္ခသည်မဟုတ်ဘဲ ဒုက္ခသည်ကဒ်ကို ရယူပြီး တတိယနိုင်ငံသို့ သွားနေကြတယ်ဆိုတဲ့ သတင်း။ ဟတ်ထိတဲ့ သတင်း။ ဟတ်မထိတဲ့ သတင်း။ သတင်း…သတင်း…သတင်း…အောင်မလေးဗျလို့ အော်ရလောက်တဲ့ သတင်းတွေ။ ပိုက်ဆံသာ ချမ်းသာလို့ကတော့ ကတ်တီးယားစိန်တိုက်ကြီးကို မ၀ယ်ချင်ဘူး … ကိုရွှေမြန်မာတွေ ခံစားနေရတဲ့သတင်းတွေကို အကုန်ဝယ်ပစ်ချင်တယ်။ ရောက်ရောက်ချင်း သတင်းတွေက ပုခုံးပေါ် ပိကျလာခဲ့တယ်။

မနက်ဖြန် တို့ မလကာကို သွားကြမယ်။ ကားနှစ်စီးနဲ့။ အော် … မလကာဆိုတာ ကိုယ်လာတုန်းက လေယာဉ်အတူစီးခဲ့တဲ့ တရုတ်ဒကာနေတဲ့ မြို့ပဲ။ သူ့လိပ်စာကဒ်ပျောက်သွားတော့ ဘာမှ လုပ်မရဘူး။ ရောက်ရောက်ချင်းကြီးဆိုတော့ လိုက်မယ်လို့ မပြောလိုက်ဘူး။ ည အိပ်ယာဝင်တော့ မနက်ဖြန် မလကာကို လိုက်သွားပါလား။ ကားလည်း ချောင်တယ်တဲ့။ အော် … ကားချောင်ရင်တော့ လိုက်ခဲ့မယ်ဆိုပြီး ပြောလိုက်တယ်။ ဦးဇင်းငါးပါးနဲ့ ကိုမိုးကြီးတို့ ဇနီးမောင်နှံ။ ကိုသူရတို့ ဇနီးမောင်နှံ၊ မြန်မာနိုင်ငံက အဖွားတစ်ယောက်။ ပြေပြစ်နေတဲ့ လမ်းမပေါ်မှာ ကားလေးက ငြိမ့်နေတယ်။ ခရီးသွားထားတဲ့ အရှိန်နဲ့ ကားပေါ်ရောက်တာနဲ့ ခေါင်းကလေးညိတ်ရင်း အိပ်ပျော်သွားတယ်။ ၁-နာရီခွဲခန့်လား။ ၂-နာရီလောက်လား သေချာမသိတဲ့အချိန်မှာ မလကာကို ရောက်ခဲ့တယ်။ ပြတိုက်ထဲဝင် (ဘာပြတိုက်လဲဆိုတာတော့ ကင်မရာထဲ ကြည့်မှ သိတော့မယ်)ကြည့်။ ခေတ်ဟောင်းက မလေးရှား ယဉ်ကျေးမှုတွေ။ ကိုလိုနီခေတ်။ ဒတ်ခ်ျ၊ ပေါ်တူဂီ၊ အင်္ဂလိပ်ခေတ်က အခြေအနေတွေကို တင်ပြထားတယ်။ အချို့သမိုင်းတွေကို ကိုသူရဇနီး ဆာဘားသူလေးက မပီကလာပီကလာနဲ့ ရှင်းပြတယ်။ အစကတော့ မြန်မာတိုင်းရင်းသူလေးလို့ ထင်နေတာ။ ခေတ်ဟောင်းတေးသီချင်းတွေ ဆိုနေတဲ့ပြကွက်နားရောက်တော့ “ဦးဇင်း သီချင်း လုပ်နေကြတာ ကြည့်ပါအုံး”တဲ့။ “ဗျာ..ဘာတဲ့…သီချင်းဆိုနေကြတာ ပြောစမ်းပါ”ဆိုမှ ဇာတိမှန် ပေါ်တော့တယ်။ မြန်မာစကားပရိယာယ်တွေ မသိရှာသေးဘူးလေ။

ကျွန်းသစ်လို့ ထင်ရတဲ့ သစ်ပြားအခင်းကြီးတွေနေရာရောက်တော့ “ဟိုတုန်းက ဒို့ရွာက အိမ်တွေမှာ ဒီလို သစ်ပြားအခင်းကြီးတွေနဲ့”လို့ အတူပါသူ နောင်တော်ကြီး ဦးစန္ဒောက ပြောတယ်။ ဟုတ်ပ။ တို့ရွာမှာလည်း ဟိုတုန်းက သစ်သားအိမ်ကြီးတွေနဲ့လေ။ အိမ်တိုင်ကြီးတွေဆို လုံးပတ်အကြီးကြီးတွေ။ အိမ်ဆောက်ချင်ရင် ရွာ့တောင်ဘက် တောထဲသွားခုတ်လှဲလိုက်ရုံပဲ။ အခုတော့ …. အခုတော့ ….။ ပဲခူးရိုးမတောင်တန်းကြီးတောင် သွေ့ခြောက်နွမ်းကြေလို့။ ကျောကုန်းမှာ ဒဏ်ရာဗရဗွနဲ့။ အမေ့ကို လွမ်းလိုက်တာ။ အမေနဲ့သာဆို ပဲခူးရိုးမတောင်တန်းကြီး ပြန်လည်စိမ်းလန်းလာကောင်းရဲ့။ အချိန်တွေကို ထိတ်လန့်လာမိတယ်။

ဟေ့ … ခဏနေကြအုံး။ အဖွားက မောလို့တဲ့။ အသက်က ၇၂-နှစ်ဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့။ ကျန်တဲ့လူမပြောနဲ့။ ကိုယ်တောင် သုံးဆယ်မရှိသေးဘူး။ နည်းနည်းမောချင်တယ်။ ဟိုယခင် အသက် ၂၀-၀န်းကျင်အရွယ်နဲ့တော့ မတူတော့တာ သေချာတယ်။ စစ်သားမဟုတ်လို့ စစ်မတိုက်ရပေမယ့် အခြားအတွေးအခေါ်၊ အယူအဆတိုက်ပွဲတွေ အမြဲတိုက်နေချင်တဲ့စိတ်လည်း အားနည်းနေတယ်။ ဘ၀ကို အေးအေးဆေးဆေး ဖြတ်သန်းလိုစိတ်တွေပဲ လွှမ်းမိုးနေတယ်။ ဒါပေမယ့် မတရားတာမြင်ရင် ကြည့်မနေချင်ဘူး။ အမြဲတမ်း တရားဘက်ကနေ ရပ်ချင်တယ်။ ဘောလုံးပွဲကြည့်ရင်တောင် ကိုယ်အားပေးတဲ့အသင်းက မမျှမတ ကစားရင် ချက်ချင်းဘက်ပြောင်းပြီး အားပေးတယ်။ ဒီစိတ်နဲ့ပဲ ဘ၀မှာ အတိုက်အခံတွေ ပေါ်လာတယ်။ ခပ်ညံ့ညံ့လူတွေရဲ့ အမုန်းကို ခံရတယ်။ ဒါကြောင့်ပဲ သစ္စာနီရဲ့ “ခပ်ညံ့ညံ့လူများ မုန်းတီးမှုကို ကျွန်တော်ကြိုက်၏”ဆိုတဲ့စကားကို သဘောခွေ့သွားခဲ့တာ။

“အမေ ဒီနားက အရိပ်ထဲမှာ နေခဲ့မယ်။ သားတို့ပဲ သွားကြတော့လေ” (သူက သူ့ကိုယ်သူ အမေလို့ပဲ သုံးနှုန်းပြောဆိုတယ်။ ဦးဇင်းတွေကိုလည်း သားလို့ပဲ ခေါ်တယ်)။ ဟုတ်ပါပြီ။ အဲဒီတောင်ပေါ်က ချာပ်ခ်ျကျောင်း (ခရစ်ယာန်ဘုရားရှိခိုးကျောင်း)ကို သွားကြည့်ကြမယ်။ ပြန်လာရင် အမေ့ကို ပြန်ခေါ်မယ်နော်။ တောင်ကုန်းလေးပေါ် တက်လိုက်ကြတယ်။ တောင်ကုန်းတက်ရာလမ်းဘေးမှာ ပန်းချီကားရေးသူတွေ၊ ကလေးအရုပ်ရောင်းသူတွေ၊ ၀ီစီရောင်းသူတွေ….ရှိတယ်။ ပန်းချီဆွဲနေတဲ့ အဘိုးကြီး နားရောက်တော့ ….. hay…I know you are all Burmese. Military Junta…hahaha Military Junta … very bad… very terrible… I know Daw Aung San Su Kyi… she is a very wonderful woman….she is now in prison… I m very sorry….လို့ လှမ်းအော်နေတယ်။ ရင်ထဲမှာ လှိုက်ဖိုလာတယ်။ အမေရယ် …. လောကမှာ သစ္စာတရားတွေ ခါးသက်နေတာ ဘယ်လောက်တောင် ကြာနေပြီလဲ။
  
ချာခ်ျကျောင်းအဟောင်းကြီးထဲမှာ
ဆက်ပါအုံးမည်....

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails