Sunday, October 17, 2010

နောက်ဆုံး နှုတ်ဆက်စကား



(၁)

ရှေးအခါက တန်ဇန် (Tanzan)လို့ ခေါ်တဲ့ ဇင်ဘုန်းကြီးတစ်ပါးရှိတယ်။ သူက သူ့ဘ၀ရဲ့ နောက်ဆုံးနေ့မှာ (ကွယ်လွန်ခါနီးမှာ) ပို့စ်ကဒ်ပေါင်း ၆၀-ကို ရေးတယ်။ သူ့နားမှာနေတဲ့ တပည့်ဖြစ်သူကို ဒီပို့စ်ကဒ်တွေ စာတိုက်ကနေ ပို့ဖို့ မှာပြီး ကွယ်လွန်သွားခဲ့တယ်။

“ဒီလောကကြီးထဲကနေ
ငါ ထွက်ခွာရတော့မယ်၊
ဒါဟာ ငါ့ရဲ့ နောက်ဆုံး ကြေညာချက် ဖြစ်တယ်၊
တန်ဇန်၊ ဇူလိုင် ၂၇-ရက်၊ ၁၈၉၂”လို့
ပို့စ်ကဒ်တွေမှာ ရေးထားတယ်။

(၂)

ဇင်ဝတ္ထုလေးတွေက တစ်ခါတစ်ရံ ရိုးရှင်းပြီး အဓိပ္ပာယ် နက်နဲတယ်။ တစ်ခါတစ်ရံ ရှုပ်ထွေးပြီး အဓိပ္ပာယ်က ပေါ့သလို ထင်ရတယ်။ အထက်ပါ အကြောင်းအရာလေးကို ဖတ်ကြည့်တော့ သာမန်ဖတ်ကြည့်ရင် ဘာမှ မဟုတ်သလိုလေးပါပဲ။ ဒါပေမယ့် ဘာသာရေးရှုထောင့်အရ အလွန်တရာ လေးနက်တဲ့ အဓိပ္ပာယ်တွေ ပါတယ်။ ဇင်ဝတ္ထုလေးတွေရဲ့ ချစ်စရာကောင်းတဲ့ အချက်လေးတစ်ခုကတော့ ကောက်ချက်ချခြင်းတာဝန်ကို စာဖတ်သူကို ပေးထားတာပါပဲ။ စာဖတ်သူကို တွေးဖို့၊ ကောက်ချက်ချဖို့ တာဝန်ပေးထားတော့လည်း တွေးကြ၊ ကောက်ချက်ချကြတာပေါ့။ အခုတော့ သီဟိုဠ်ရာသီဥတုက သာယာနေပြန်တယ်။ ၀ါကျွတ်တော့မယ်ဆိုတော့ သူငယ်ချင်းတွေ လှုပ်လှုပ်ရှား ဖြစ်နေတယ်။ အချို့ကလည်း စာမေးပွဲနဲ့ ခေါင်းစားနေကြတယ်။ အချို့ စာမေးပွဲမရှိတဲ့ သူငယ်ချင်းတွေကတော့ ခရီးသွားဖို့ ပြင်ဆင်နေကြတယ်။ နှုတ်ဆက်စကားများ ဝေဆာနေတဲ့ အချိန်ပါပဲ။

(၃)

သူငယ်ချင်းတွေ စုံပြီဆိုတာနဲ့ အထက်ပါ ဇင်ဝတ္ထုလေးကို ဖတ်ကြတယ်။ “ဘာကြီးလဲဟ၊ ဘာအဓိပ္ပာယ်လဲ၊ ဆွေးနွေးစရာ စဉ်းစားစရာ သိပ်မရှိဘူး ထင်ပါတယ်”လို့ ပြောနေကြတယ်။ တစ်ယောက်က ဘာမပြောညာမပြော ထ,ရယ်လိုက်တယ်။ “ဘာဖြစ်လို့ ရယ်တာလဲ”ဆိုတော့ “ဘာပြောရမှန်း မသိလို့ ရယ်တာ”ဆိုမှ ထပ်ရယ်လိုက်ရသေးတယ်။

တစ်ယောက်ကတော့ “မဟုတ်သေးဘူး၊ ဒီစာပုဒ်လေးမှာ နက်နဲ့တဲ့ အဓိပ္ပာယ်အချို့ ကွယ်ဝှက်နေတာ ရှိကို ရှိရမယ်၊ ဒီလောကကြီးကနေ ထွက်ခွါရတော့မယ် ဆိုတာကတော့ သိပ်ပြောစရာ ရှိမယ်လို့ မထင်ဘူး၊ ပြောစရာရှိတာက ‘ဒါဟာ ငါ့ရဲ့ နောက်ဆုံး ကြေညာချက်ပဲ’ဆိုတာပဲ။ အဲဒီမှာ ‘နောက်ဆုံး’ဆိုတာက အရေးကြီးတယ်၊ ဘယ်လို နောက်ဆုံးလဲ၊ ဒီဘ၀အတွက် နောက်ဆုံးလား၊ သံသရာမှာ နောက်ထပ် မဖြစ်တော့လို့ ခန္ဓာဇာတ်သိမ်းသွားတဲ့၊ သံသရာဇာတ်သိမ်းသွားတဲ့ နောက်ဆုံးလား”လို့ ပြောရင်းတွေး၊ တွေးရင် ပြောနေတယ်။

(၄)

အဲဒီတော့မှ တစ်ယောက်က “ဟာ … ဟုတ်လိုက်လေ၊ ငါ အဲဒါကို လုံးဝမတွေးမိဘူး၊ ဘ၀တစ်ခုရဲ့ အဆုံး၊ သံသရာကျင်လည်မှုရဲ့ အဆုံး၊ ဒီဇာတ်လမ်းလေးထဲမှာတော့ ဒီဇင်ဘုန်းကြီးက သံသရာဝဋ်ဆင်းရဲတွေရဲ့ အဆုံးကို ရည်ညွှန်းသွားတာဖြစ်မယ်လို့ ငါထင်တယ်”လို့ ပြောနေတယ်။

(၅)

တစ်ယောက်က ဘာမပြော ညာမပြောနဲ့ ကဗျာတစ်ပုဒ်ကို ကောက်ရွတ်နေတယ်။
“ကိုယ်သေရင် မငိုနဲ့ ပါးစိုရုံ ရှိမှာပေါ့။
သပိတ်မသွတ်နဲ့ လွတ်ပြီးသား ကျွတ်ပြီးသား။
ထမင်းမထုပ်နဲ့ သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။
အိုးမခွဲနဲ့ အိုးမလို ဘာကိုမှ ကိုယ်မစွဲဘူး။
အပွင့်အခက် ယူမသွားနဲ့ ပြန်လိုက်ရမယ့်အစား မဟုတ်ဘူး။
ရက်လည်၊ လလည်၊ နှစ်လည် ဘာကိုမှ မလည်နဲ့
သံသရာကြီးမှာ လည်ခဲ့သူ။
ကိုယ်သေရင် မငိုနဲ့ ကြိုကြိုပြီး သေထားသူ။
“ဘုရားရှင်ရဲ့ ဂုဏ်တော်”ကို မြတ်နိုးပူဇော်ရင်း
အကြိမ်ကြိမ် အသေရင်းထားသမို့ မရဏမင်းဆီ ပျော်ပျော်သွားမှာ။
ပြီးတော့ ဆက်ပြောပါရစေ…
သာသနာ၊ စာပေ၊ ပရဟိတ လုပ်လက်စတွေကို ဆက်လုပ်ဖို့
ဟောဒီ ချစ်ရတဲ့ မိခင်မြေကို ပြန်လာခဲ့မယ် မုချ။
ဒီတော့ ကိုယ်သေရင် မငိုနဲ့ ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ။
လူသာဆုံးတာ ကျန်တာ မရှုံးဘူး
မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။

ကိုယ့်လူတို့လည်း သိမှာပါ။ ဒါ ဆရာကြီး ဦးမိုးဟိန်းရဲ့ ကဗျာလေ။ …… ကိုယ့်လူတို့တော့ ဘယ်လို ထင်သလဲ မသိဘူး။ ဒီကဗျာလေးက ဆရာကြီးရဲ့ နောက်ဆုံးမှာတမ်းစကားပဲ။ ပြန်လာခဲ့မှာဆိုတော့ ဆရာကြီးမှာ သံသရာရဲ့အဆုံးဆိုတာတော့ မရှိသေးဘူး။ ဒီဘ၀ အဆုံးသတ်ပဲ ရှိသေးတာ။ ဒီနိုင်ငံကို ပြန်လာအုံးမယ်တဲ့။ သူ့စကားသူ့လေသံကို ကြည့်ရတာ တရားဓမ္မအသံတွေက လွှမ်းခြုံနေတယ်။ သူ့နှလုံးသားရဲ့ ဖြူစင်မြင့်မြတ်မှုကိုလည်း တွေ့ရတယ်။ ရတနာသုံးပါးအပေါ် ယုံကြည်စွဲမြဲတဲ့ သေချာမှုတွေလည်း ပြည့်နေတယ်။ ဆရာကြီး မကွယ်လွန်ခင်က အပြင်မှာ တွေ့ဖူးတယ်။ ဆရာကြီးက တည်ငြိမ်တယ်ဆိုတဲ့စကားထက်ကို တည်ငြိမ်တယ်။ သူ့ဥပဓိကို ကြည့်တာနဲ့ လေးစားသွားရတယ်။ ဆိုလိုတာကတော့ ဆရာကြီး နှုတ်ဆက်သွားပုံလေးဟာ အားကျစရာ သိပ်ကောင်းနေတယ်ဆိုတာပါပဲ။

(၆)

တစ်ယောက်ကလည်း နောက်ဆုံးဆိုတဲ့ စကားလေးကို ဇာတ်တော်ထဲက ဇာတ်ကောင်တွေ၊ ကမ္ဘာ့သမိုင်းက ပုဂ္ဂိုလ်ကြီးတွေနဲ့ တွဲစပ်ပြီး ပြောနေတယ်။ လူတစ်ယောက်ရဲ့ ဘ၀အဆုံးသတ်လေးတွေ ကွာခြားကြပုံ၊ တချို့က အများကို စိတ်ဆင်းရဲစရာများ ပေးပြီးမှ လူ့ဘ၀ကနေ ထွက်ခွါသွားကြပုံ၊ အချို့က ကြည်နူးစရာစိတ်ဓာတ်စွမ်းအင်လေးများ ပေးပြီးမှ လူ့ဘ၀ကို ခွဲခွါသွားကြပုံ…စတဲ့ ဘ၀အဆုံးသတ်ပုံလေးများကို စိတ်ဝင်စားဖွယ် ပြောပြနေတယ်။ “မင်းတို့ကြည့်လေ… မြတ်စွာဘုရားရှင်ရဲ့ ဘ၀အဆုံးသတ်လေးကို၊ အပ္ပမာဒေန သမ္ပာဒေထ တဲ့။ မမေ့ကြပါနဲ့တဲ့။ ဘ၀သံသရာကနေ ခွဲခွါတာတောင်မှ သူ့အတွက်ဆိုတဲ့ စိတ်က အဓိကပြမသွားဘူး။ အများအတွက် သတိပေးသွားတယ်၊ ငါတို့တွေကော သေခါနီးရင် လူ့ဘ၀ကြီးကို ဘယ်လို ထားရစ်ခဲ့ကြမလဲ။ ကိုယ့်အတွက် သိမ်းပိုက်စရာရှိတာတွေ သိမ်းပိုက်ပြီး ခွဲခွါကြမလား၊ အများအတွက် အကျိုးပြုစိတ်ဓာတ်တွေ အမွေပေးခဲ့မလား”။ သူက ပြောရင်းနဲ့ ဧရာမညောင်ပင်ကြီးကို ငေးကြည့်နေခဲ့တယ်။

(၇)

“ငါကတော့ ပါရဂူစာအုပ်ထဲက ထင်တယ်။ စတိုရီလေးတစ်ခု၊ တစ်ခါက မင်းကြီးတစ်ပါးဟာ မသေခင်မှာ မှာခဲ့တယ်။ သူသေရင် လက်နှစ်ဖက်ကို အခေါင်းအပြင်ဘက်ကို ထုတ်ထားပါတဲ့။ လက်တစ်ဖက်ကို အဖြူရောင်ဆေးသုတ်ပြီး တစ်ဖက်ကိုတော့ အနက်ရောင်ဆေး သုတ်ပါတဲ့။ သူပေးချင်တဲ့ မက်ဆေ့က - လူဆိုတာ သေပြီဆိုတာနဲ့ အရာအားလုံးကို ထားရစ်ခဲ့ရမှာ၊ ဘာမှ တမလွန်ကို ယူသွားလို့ မရဘူး၊ ဒါပေမယ့် မယူချင်သည်ဖြစ်စေ၊ ယူချင်သည်ဖြစ်စေ ပါလာမယ့် အရာနှစ်ခုတော့ ရှိနေတယ်၊ အဲဒါတွေကတော့ ကုသိုလ်ဆိုတဲ့ အဖြူနဲ့ အကုသိုလ်ဆိုတဲ့ အမည်းပဲ။ သူက အဲဒီအဓိပ္ပာယ်ကို လူတွေ သိမြင်စေချင်လို့ အဲဒီလို ခိုင်းတာပါတဲ့။

(၈)

“အခု ကိုယ့်လူတို့ ပြောနေတာတွေက ကိုယ့်အတွက်တော့ မှတ်သားစရာတွေချည်းပါပဲ။ ပြောသွားတဲ့သူတွေအားလုံးလိုလိုက ခွဲခွါခါနီးမှာ နောက်ဆုံးနှုတ်ဆက်စကားတွေ ပြောသွားနိုင်ကြတယ်။ အခု ကိုယ် စဉ်းစားမိနေတာက နောက်ဆုံးနှုတ်ဆက်စကားလေးတောင် ပြောမသွားနိုင်ကြတဲ့သူတွေပဲ။ လောကမှာ နှုတ်မဆက်ဘဲ ထွက်ခွါသွားလိုက်ရတဲ့သူတွေလည်း မနည်းဘူးကွ၊ ငါတို့ကိုယ်တိုင်ကကော ….၊ လောကကြီးကို ကျောခိုင်းကြတဲ့အခါ နှုတ်ဆက်နိုင်ကြပါအုံးမလား။ ဟိုနေ့က မြန်မာနိုင်ငံက ကိုယ့်ဆီကို ဖုန်းလာတယ်။ ကိုယ့်စိတ်တွေ မယုံကြည်နိုင်အောင် ဖြစ်ရတယ်။ ကိုယ့်ညီအရင်းလို ချစ်ရတဲ့ ၁၈-နှစ်အရွယ် ကျောင်းသားလေး ကားအက်ဆီးဒင့်နဲ့ ဆုံးသွားတယ်တဲ့။ ပိုပြီး စိတ်မကောင်းစရာက သူက နောက် ၅-ရက်လောက်ဆိုရင် သာသနာ့ဘောင်ကို ခဏ၀င်မှာတဲ့။ ကဲ … သူဟာ လောကကြီးကို ခွဲခွါသွားရတယ်။ မမျှော်လင့်နဲ့ပေါ့။ သူချစ်တဲ့လောကကြီးကို သူ ဘာ နှုတ်ဆက်စကားတွေ ပြောသွားနိုင်ခဲ့သလဲ။ ဒီတော့ ကိုယ် တစ်ခု သံဝေဂ ရမိတာက ကိုယ်တို့ အသက်ရှင်နေသေးတာ သေချာနေတဲ့အချိန်လေးမှာ ကောင်းတဲ့အလုပ်လေးတွေနဲ့ စွမ်းနိုင်သလောက် ပေးဆပ်နေသင့်တယ်ဆိုတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ နှုတ်မဆက်ဘဲ ခွဲခွါလိုက်ရတာဟာ ကျန်တဲ့သူအတွက်ကော ထွက်ခွါသူအတွက်ပါ သိပ်မနိပ်လှဘူး”။ ပြောရင်းနဲ့ သူ့မျက်နှာမှာ ၀မ်းနည်းမှု ပုံရိပ်လေးတွေ သန်းလာနေတာ သတိထားမိတယ်။

(၉)

စကားဝိုင်းလေး မပြီးခင်မှာ မြို့ထဲကို သွားစရာရှိတာနဲ့ စကားဝိုင်းလေးကနေ ခွဲခဲ့တယ်။ သူငယ်ချင်းတွေကို ထားရစ်ခဲ့ရတယ်။ တစ်နေ့ လောကကြီးကနေ အပြီးအပိုင် ခွဲခွါရတဲ့အခါမှာကော….၊ ဒီလောက်ထိ လွယ်လွယ်လေး ရှိနေပါ့မလား။ ကောင်းသောခွဲခွါခြင်းလေးဖြစ်အောင် မခွဲခွါခင် အချိန်လေးတွေမှာ ကိုယ့်ပတ်ဝန်းကျင်အတွက် ကောင်းတာလေးတွေ လုပ်ထားအုံးမှ….။ ခွဲခွါခြင်းဆိုတာ ဒီဆောင်းပါးလေးအဆုံးမှာတောင် ဖြစ်ချင်ဖြစ်သွားမှာ…..။ မဖြစ်နိုင်ဘူး ထင်လို့လား ….။

1 comment:

mabaydar88 said...

ဘုန်းဘုန်း

ဖတ်လို့ကောင်းပါတယ်.. မသွားမီ ဘာတွေ ယူသွားမလဲ ဆိုတာ ကိုယ့်ဘာသာပဲ ဆုံးဖြတ် လုပ်ဆောင် ရမယ်မလား.. အင်း အဖြူရောင်ဘက်က လက်မှာ ပိုများချင်ပါတယ်..။

မရောက်တာ ကြာသွားပြီး ဘုန်းဘုန်း..။ ဆရာကြီး မိုးဟိန်းရေးထားတာလေးလည်း ကောင်းတယ် .. သဘောတွေ့တယ်.. အဲလို တည်ငြိမ်တဲ့ စိတ်ထား.. အဆင်သင့်စိတ်ထားကို အများကြီး အများကြီး တည်ဆောက်ရပါအုံးမယ် ဘုန်းဘုန်း..။

ှုမြို့ထဲသွားဖို့ နှုတ်ဆက်တဲ့ ဘုန်းဘုန်း သက်ရှိဆဲပဲမလား.. မဖြစ်လောက်သေးပါဘူး..ဘုရား.. ။

မဗေဒါ (၈၈)

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails