Tuesday, October 12, 2010

ဗြဟ္မယာန ရှင်းလင်းချက်


အမှာစကား....

ကိုနေမျိုးက ဦးဇင်းဆိုက်မှာ ဒီလို ကွန်မန့်ပေးသွားတယ်။ ကိုနေမျိုးကို ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုနေမျိုး အဲဒီလို ရေးသွားတော့ ဦးဇင်းမှာ အဲဒီဟောကြားချက်တွေကို အသေးစိတ် ပြန်ဖတ်ဖြစ်သွားတယ်။ နောက်ပြီး ဗုဒ္ဓဘာသာဝင်တွေ သိသင့်တယ်လို့ ယူဆမိတဲ့အရာအချို့ကိုလည်း သိခွင့်ရသွားတယ်။ ဦးဇင်း အခုတင်ပြသွားတာတွေက ကိုနေမျိုးကို ပြောတယ်ဆိုတာထက် အဲဒီလို တစ်ပိုင်းတစ်စလေးတွေနဲ့ တောင်ပြောမြောက်ပြော ပြောနေကြသူတွေကို ဦးတည်ပါတယ်။ ဦးဇင်းက အခြားဘာသာအကြောင်း ပြောခဲ့ရင်တောင် သူတို့ ကျမ်းဂန်မှာ အသေအချာ ပြထားတာတွေကိုပဲ ပြောလေ့ရှိပါတယ်။ ထင်ရာမြင်ရာတွေနဲ့ ပုတ်ခတ်ပြောရတာ မကြိုက်ပါဘူး။ အခု ကိုနေမျိုး ထားခဲ့တဲ့ မက်ဆေ့တွေကို ရှင်းလင်းတဲ့အနေနဲ့ ပို့စ်တစ်ခု ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ အခြားဘာသာကို ထိခိုက်စေတဲ့ သဘောမျိုး အလျဉ်း မရှိပါကြောင်း..........

ကိုနေမျိုးက မြတ်စွာဘုရားရှင် ဟောကြားထားတဲ့ ကျမ်းဂန် လေးမျိုး ထုတ်ပြသွားတယ်။ အဲဒါတွေက
၁။ ဒီဃနိကာယ်
၂။ မဇ္ဈိမနိကာယ်
၃။ သံယုတ္တနိကာယ် နဲ့
၎။ ဣတိဝုတ်ပါဠိတော် တို့ ဖြစ်တယ်။ အဲဒီလေးမျိုးထဲမှာ “ဗုဒ္ဓ၀ါဒဟာ ဗြဟ္မယာနဖြစ်တယ်”ဆိုနိုင်တဲ့ ကောက်ချက်ချနိုင်တဲ့ အနေအထားမျိုး မရှိပါဘူး။ မရှိတာကို အရှိလုပ်ပြီး လေ့လာသူတွေ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်တာဟာ အောက်တန်းကျတဲ့ စိတ်ဓာတ်ပါ။ ပညာရှင်လို့ မဆိုနိုင်ပါဘူး။ ကိုနေမျိုး ရေးသွားတဲ့ ဘာသာပြန်တွေဟာ ဘယ်သူဘယ်ဝါ ပြန်ထားတယ်ဆိုတော့ မသိပါဘူး။ ဒီနေရာမှာ ပြောစရာရှိတာက အဲဒီလို ဟောထားတာ မရှိဘူးလားဆိုတော့ ရှိပါတယ်။ ဒါပေမယ့် အဲဒီလောက်လေး အဓိပ္ပာယ်ယူပြီး ပြန်ထားတာ၊ ထုတ်နုတ်ထားတာက မရိုးသားတာပါ။

စကားစပ်လို့ တစ်နေ့က မွတ်စလင်ပါမောက္ခတစ်ယောက်ပြောသွားတဲ့ ဟောပြောပွဲတစ်ခု ကြည့်လိုက်ရတယ်။ သူက တမန်တော် မိုဟာမက် ပေါ်ပေါက်မယ့်အကြောင်း ဂေါတမမြတ်စွာဘုရားကိုယ်တိုင် ဟောထားတယ်လို့ ဟောပြောနေပါတယ်။ တမန်တော် မိုဟာမက်ဟာ ဘုရားဟော ပိဋကတ်တွေထဲက စကြ၀တေးမင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ပရိသတ်များစွာရှေ့မှာ ကျမ်းကိုးကျမ်းကားတွေနဲ့ ခပ်တည်တည် ဟောနေတာပါ။ ဗုဒ္ဓကျမ်းဂန် ဘယ်စာအုပ်၊ စာမျက်နှာဘယ်လောက်မှာ စသည်ဖြင့် အတိအကျကြီးကို ဆော်နေတာပါ။ အောက်က မသိတဲ့ပရိသတ်တွေကတော့ အဟုတ်ကြီး ထင်ကောင်းထင်နေပါလိမ့်မယ်။ ဦးဇင်းကတော့ ရယ်ရလွန်းလို့ ပြီးအောင် ကြည့်လိုက်ပါတယ်။ ဟုတ်တာ တစ်ခုမှမှ မပါတာ။

ကဲ…အခု ကိုနေမျိုး တင်ပြသွားတဲ့ ကျမ်းဂန် လေးခုကို မူရင်းနဲ့ဆိုင်ပြီး ပြောပါ့မယ်။

၁။ ဒီဃနိကာယ်မှာ ပါတဲ့အကြောင်းကို ရှင်းပါမယ်။ ကိုနေမျိုး ကိုးကားသွားတဲ့အရာတွေကို ချုပ်လိုက်ရင် “I teach the way to the union with Brahman, I know the way to the supreme union with Brahman, and the path and means leading to Brahman, whereby the world of Brahman may be gained.”ပါပဲ။ “ငါဘုရားဟာ ဖန်ဆင်းရှင် ဗြဟ္မာကြီးနဲ့ ပေါင်းစည်းရေးနည်းလမ်းကို ဟောကြားတယ်၊ နည်းလမ်းကို သိတယ်၊ အဲဒီနည်းနဲ့သွားရင် ဗြဟ္မာ့ပြည်ကို ရောက်နိုင်တယ်”

ဒီကိုးကားချက်လောက်လေးကို ကြည့်လိုက်ရင် ဗုဒ္ဓ၀ါဒဟာ ဗြဟ္မယာန-ဗြဟ္မာ့ပြည်ရောက်ရေး လမ်းစဉ်ဖြစ်တယ်လို့ ဆိုနိုင်စရာ ရှိပါတယ်။ ဒီတော့ အဲဒီစကားပေါ်ထွက်လာခြင်းရဲ့မူလဇာတ်လမ်းကို သိဖို့လိုတယ်။
ဇာတ်လမ်းအကျဉ်းက

ဝါသေဋ္ဌနဲ့ ဘာရဒွါဇဆိုတဲ့ ပုဏ္ဏားနှစ်ယောက် အငြင်းအခုန် ဖြစ်နေကြတယ်။ ၀ါသေဋ္ဌက ဖန်ဆင်းရှင် ဗြဟ္မာကြီးနဲ့ ပေါင်းစည်းရေးအတွက် ပေါက္ခရသာတိရဲ့ လမ်းစဉ်က ကောင်းတယ်လို့ ဆိုတယ်။ ဘာရဒွါဇကတော့ တာရုက္ခရဲ့ လမ်းစဉ်က မှန်တယ်လို့ ဆိုတယ်။ သူတို့ အငြင်းပွားနေတဲ့ကာလမှာ ဘုရားရှင် အဲဒီဒေသကို ရောက်လာတယ်။ ဘုရားရှင်နဲ့ ဆွေးနွေးကြတယ်။

ဘုရားရှင်က သင်တို့ပြောနေတဲ့ ပုဏ္ဏားကြီးတွေဟာ ဗြဟ္မာကို ကိုယ်တိုင် မြင်ဖူးတယ်လို့ ပြောတာ ကြားဖူးလားလို့ မေးတယ်။ မကြားဖူးကြကြောင်း ဖြေတယ်။ ဒါဆိုရင် သင်တို့တွေဟာလေ ကိုယ်တိုင်လည်း မမြင်ဖူး၊ ဆရာ့ဆရာအစဉ်အဆက်တွေလည်း မကြားဖူးတဲ့၊ မမြင်ဖူးတဲ့ ဒီဖန်ဆင်းရှင်ဗြဟ္မာကြီးကို ယုံကြည်နေကြတာ ပြောဆိုနေကြတာဟာဖြင့် သူကန်းတွေလိုပါပဲလား။ သူကန်းတောင် ရိုးရိုးသူကန်းတွေ မဟုတ်ဘူး။ သူကန်းအစဉ်အတန်းကြီးပဲ။ ရှေ့က အကန်းကလည်း ဘာမှ မသိ၊ ဘာမှ မမြင်ဘဲ လျှောက်ပြော၊ နောက်က အကန်း…..ဟိုးနောက်ကလည်း အကန်း….အကန်းတွေ တစ်ယောက်ပြီး တစ်ယောက်ပြောနေတာကို အကန်းတွေက လိုက်ယုံနေကြပါလား။ သင်တို့ဟာ အဲဒီသူကန်းတွေလိုပါပဲလား။

(ဤနေရာမျှဖြင့် မြတ်စွာဘုရား ဆက်ဟောမည့် ဗြဟ္မာ့ပြည်ရောက်ရေး လမ်းစဉ်ဟာ အခြား ဖန်ဆင်းရှင် ဗြဟ္မာကြီး သို့မဟုတ် အခြားဖန်ဆင်းရှင်တစ်ဦးဦးနဲ့ လုံးဝ လုံးဝ သက်ဆိုင်ခြင်း မရှိတော့ကြောင်း သိထားနိုင်ပါပြီ။ ကိုနေမျိုး ပြောတဲ့ Abraham ဆို ဝေးပြီပေါ့။)

ဘုရားရှင်က ဒီလိုပြောလိုက်တော့ သူတို့က ပြန်မေးတယ်။ “အရှင်ဘုရားကကော ဗြဟ္မာ့ပြည်ရောက်ရေး လမ်းစဉ်ကို သိပါသလား”တဲ့။ အဲဒီလို မေးလို့ ဘုရားရှင်က ဗြဟ္မ၀ိဟာရတရားလေးပါးကို ဟောလိုက်တာ။ ဗြဟ္မ၀ိဟာရ ဆိုတဲ့ စကားလေးကိုလည်း ခဏရပ် စဉ်းစားစေချင်တယ်။ ဗြဟ္မ + ၀ိဟာရ။ ဗုဒ္ဓဘာသာ ထုတ်ပြထားတဲ့ ၃၁-ဘုံမှာ ဗြဟ္မာ့ဘုံ ၂၀ ရှိပါတယ်။ သူတို့ ဘယ်လိုနေတယ်….စသည်တော့ ရှည်မှာစိုးလို့ မပြောတော့ပါဘူး။

ပြောချင်တာက သူတို့ဟာ မေတ္တာ၊ ကရုဏာ၊ မုဒိတာနဲ့ ဥပေက္ခာဆိုတဲ့ တရားတွေနဲ့ ငြိမ်းအေးစွာ နေထိုင်ကြတယ်။ အဲဒါကို တင်စားပြီးတော့ “အေးအေးချမ်းချမ်း နေထိုင်ကြတဲ့ ဗြဟ္မာကြီးတွေလို အေးအေးချမ်းချမ်း နေထိုင်ခြင်း (ဗြဟ္မ၀ိဟာရ)”လို့ တင်စားလိုက်တာ။

သင်တို့အနေနဲ့ နောက်ဘ၀မှာ ဗြဟ္မာ့ပြည်ကို ရောက်ချင်သလား၊ ဗြဟ္မာကြီးတွေနဲ့ ပေါင်းစည်းချင်သလား။ ဒီလိုဆိုရင် မေတ္တာ၊ ကရုဏာ၊ မုဒိတာနဲ့ ဥပေက္ခာဆိုတဲ့ အေးချမ်းရေးစိတ်ဓာတ်များနဲ့ နေကြပါတဲ့။ ဒီလေးပါးနဲ့နေခြင်းဟာ ငါဟောတဲ့ ဗြဟ္မာ့ပြည်ရောက်ရေး၊ ဗြဟ္မာကြီးတွေနဲ့ ပေါင်းစည်းရေးတရားတော်ပါပဲတဲ့။ မှတ်ထားရမှာ “ဒါဟာ (မေတ္တာ၊ ကရုဏာ၊ မုဒိတာနဲ့ ဥပက္ခောဆိုတဲ့ လောကငြိမ်းချမ်းရေးတရားများကို ကျင့်သုံးလိုက်နာခြင်းဟာ) ငါ ဟောတဲ့ ဗြဟ္မာ့ပြည်ရောက်ရေး လမ်းစဉ်ဖြစ်တယ်။ ဗုဒ္ဓ၀ါဒတစ်ခုလုံးသည် ဗြဟ္မပြည်ရောက်ရေးဝါဒမျှသာ မဟုတ်ဘူး”ဆိုတာပါပဲ။ သုတ်ကတော့ အရှည်ကြီးပါပဲ။ ဒါပေမယ့် ဒီလောက်ဆိုရင် ကိုနေမျိုး ယူဆထားတဲ့ တင်ပြထားတဲ့အရာဟာ ဘယ်လောက်တောင် မပြည့်မစုံ ဖြစ်နေသလဲဆိုတာ သဘောပေါက်လောက်ပြီလို့ ယူဆပါတယ်။

အထက်ပါသဘောတရားကို နားလည်သဘောပေါက်ပြီဆိုရင် ကျန်တဲ့ အကိုးအကားတွေကိုလည်း နားလည်နိုင်ပါတယ်။ ဒီနေရာမှာ သံယုတ္တနိကာယ်မှာ လာတဲ့ ဟောကြားချက်ကိုတော့ အနည်းငယ် ပြောပါအုံးမယ်။

(၂) သံယုတ္တနိကာယ်မှာ “တမေနံ ဇနော ဒိသွာ ဧဝမာဟ – ‘ဗြဟ္မံ ဝတ, ဘော, ယာနံ! ဗြဟ္မယာနရူပံ ဝတ, ဘော’တိ!! သက္ကာ နု ခေါ, ဘန္တေ, ဣမသ္မိံ ဓမ္မဝိနယေ ဗြဟ္မယာနံ ပညာပေတု’’န္တိ?။ ‘‘သက္ကာ, အာနန္ဒာ’’တိ ဘဂဝါ အဝေါစ – ‘‘ဣမေဿဝ ခေါ ဧတံ, အာနန္ဒ, အရိယဿ အဋ္ဌင်္ဂိကဿ မဂ္ဂဿ အဓိဝစနံ – ‘ဗြဟ္မယာနံ’ ဣတိပိ, ‘ဓမ္မယာနံ’ ဣတိပိ, ‘အနုတ္တရော သင်္ဂါမဝိဇယော’ ဣတိပီ’’တိ”လို့ ဟောပါတယ်။

အဓိပ္ပာယ်အကျဉ်းက “အရှင်ဘုရား လူတွေဟာ - ယာဉ်က ကောင်းလိုက်တာ၊ (ဗြဟ္မာမင်းရဲ့ ယာဉ်နဲ့ တူလိုက်တာ)-လို့ (ဇာဏုေဿာဏိပုဏ္ဏားရဲ့ယာဉ်ကို) ပြောနေကြပါတယ်။ တပည့်တော်တို့ သာသနာမှာကော မြတ်သောယာဉ် (ဗြဟ္မာမင်းရဲ့ယာဉ်နဲ့တူတဲ့ ယာဉ်) ရှိပါသလား -လို့ လျှောက်တော့ -ရှိတာပေါ့ အာနန္ဒာရဲ့…ငါဟောတဲ့ မဂ္ဂင်ရှစ်ပါးလမ်းစဉ်လို့ဆိုတဲ့ ယာဉ်ဟာ မြတ်သောယာဉ် (ဗြဟ္မယာန)ပေါ့”လို့ အဓိပ္ပာယ်ရပါတယ်။ ဒီတော့ ဒီမှာဟောတဲ့ ဗြဟ္မယာန ဆိုတာဟာ ကိုနေမျိုးပြောတဲ့ ဖန်ဆင်းရှင် ထာဝရယာဉ်၊ ဗြဟ္မာကြီးရဲ့ ယာဉ် သို့မဟုတ် ထာဝရလမ်းစဉ်၊ ထာဝရယာဉ်မဟုတ်ဘူး။ မဂ္ဂင်ရှစ်ပါးအကျင့် လမ်းစဉ်ဆိုတဲ့ မြင့်မြတ်တဲ့ လမ်းစဉ်ဖြစ်တယ်ဆိုတာ နားလည်လောက်ပါပြီ။

အထက်ပါ ဟောကြားချက် ဖြစ်လာတဲ့ ဇာတ်လမ်းလေးကို သိလိုသူတွေအတွက် ပြောပါအုံးမယ်။ မြတ်စွာဘုရားရှင် သာဝတ္ထိမြို့မှာ သီတင်းသုံးစဉ်က ဇာဏုေဿာဏိပုဏ္ဏားကြီးဆိုတာ ရှိတယ်။ တစ်နေ့တော့ သူဟာ အ၀တ်ဖြူကို ၀တ်၊ အဖြူရောင် ယာဉ်ကို စီး၊ ထီးအဖြူကိုဆောင်း၊ ဖိနပ်အဖြူကို စီး၊ ယပ်တောင်အဖြူကို ကိုင်….အားလုံး အဖြူရောင် အသုံးအဆောင်တွေနဲ့ မြို့ထဲက ထွက်ခွါတယ်။ မြို့သားတွေက မြင်တော့ “ဟေးးး ပုဏ္ဏားကြီးစီးတဲ့ ယာဉ်က မိုက်လိုက်တာ၊ ဗြဟ္မာမင်းကြီး စီးတဲ့ ယာဉ်ကြီးကျနေတာပဲဟေ့ (ဗြဟ္မာမင်းကြီး စီးတဲ့ယာဉ်ကို သူတို့ တွေ့ဖူးတာတော့ မဟုတ်ပါဘူး။ တင်စားပြီး ပြောကြတာ၊ နတ်သမီးမမြင်ဖူးဘဲ လှလိုက်တာ နတ်သမီးလေးကျနေတာပဲလို့ ပြောသလိုပေါ့)”လို့ ပြောနေကြတယ်။

ဒီအသံကို ဆွမ်းခံကြွရင်း အရှင်အာနန္ဒာက ကြားတော့ မြတ်စွာဘုရားကို ပြန်လျှောက်တယ်။ “အရှင်ဘုရား မြို့ထဲမှာ လူတွေဟာ …….ဗြဟ္မယာနဆိုပြီး ချီးမွမ်းနေကြတယ်။ တပည့်တော်တို့ သာသနာမှာ ဗြဟ္မယာန (ဖြူစင်သောလမ်းစဉ်၊ ဖန်ဆင်းရှင် သို့မဟုတ် ဗြဟ္မာမင်းရဲ့ လမ်းစဉ် မဟုတ်) မရှိဘူးလား”လို့ မေးတယ်။ ဒီတော့ မြတ်စွာဘုရားက “ရှိတယ်။ ငါဟောတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်တရား လမ်းစဉ်ဟာ ဖြူစင်သော မြင့်မြတ်သော ဗြဟ္မယာနပါပဲ”လို့ ဟောလိုက်ပါတယ်။

ဇာတ်လမ်းအကျဉ်းက ဒါပါပဲ။ ဖန်ဆင်းရှင်လမ်းစဉ်၊ ဗြဟ္မာမင်းလမ်းစဉ်ဆိုတဲ့ ဗြဟ္မယာနမျိုး မဟုတ်ပါဘူး။

ဒီနေရာမှာ ဦးဇင်းတို့ မြတ်စွာဘုရားရှင်ရဲ့ သူ့ခေတ်အိန္ဒိယဝေါဟာရတွေအပေါ်မှာ ရှုမြင်ချက်၊ သဘောထားကို အနည်းအကျဉ်း ပြောချင်ပါတယ်။ အိန္ဒိယမှာ အဲဒီခေတ်က “ဗြဟ္မ”ဆိုတဲ့ ဝေါဟာရကို “ဗြဟ္မာကြီး”လို့ပဲ သဘောထားတယ်။ လက်ခံတယ်။ ဘုရားရှင် ဒီဝေါဟာရကို ကိုယ်ပိုင်အဓိပ္ပာယ်ဖွင့်ပြီး ပြောတဲ့ဟောတဲ့အထဲမှာ ထည့်သွင်းအသုံးပြုတယ်။ အခြားဝေါဟာရတွေလည်း ဒီလိုပဲ။ ဥပမာ လူတစ်ယောက် “အရှင်ဂေါတမ … သင်ဟာ သတ်ဖြတ်ညှင်းဆဲသူလား”လို့ မေးရင် “အေး … ဟုတ်တယ်၊ ငါဟာ သတ်ဖြတ်ညှင်းဆဲသူပဲလို့ ဖြေတယ်။ ဒါပေမယ့် သင် ယူဆတဲ့ သတ်ဖြတ်ညှင်းဆဲသူတော့ မဟုတ်ဘူး၊ ငါက ကိလေသာအညစ်အကြေးတွေကို သတ်ဖြတ်ညှင်းဆဲသူ ဖြစ်တယ်”လို့ ဖြေလိမ့်မယ်။ တစ်ယောက်က “အရှင်ဂေါတမ သင်ဟာ လောင်ကျွမ်းစေတတ်သူလား”လို့ မေးခဲ့ရင် “အေး … ဟုတ်တယ်၊ ငါဟာ လောင်ကျွမ်းစေတတ်သူပဲ၊ ဒါပေမယ့် ငါက ကိလေသာတွေကို လောင်ကျွမ်းစေသူသာ ဖြစ်တယ်”လို့ ဖြေလိမ့်မယ်။ လေ့လာချင်ရင် ပါရာဇိကဏ်၊ ဝေရဉ္ဇကဏ္ဍမှာ ကြည့်နိုင်ပါတယ်။ အခု ဒီနေရာမှာလည်း ဗြဟ္မ၊ ဗြဟ္မဏလို့ ဆိုတဲ့ သူ့ခေတ်အခါက တွင်ကျယ်တဲ့ ဝေါဟာရတွေကို ကိုယ်ပိုင်အဓိပ္ပာယ်ဖွင့်ပြီး လက်ခံယူဆ၊ ဟောပြောတော်မူခဲ့တယ်။ ဗုဒ္ဓ၀ါဒဟာ ဗြဟ္မ၀ါဒ၊ ဗြဟ္မာလမ်းစဉ် သို့မဟုတ် ထာဝရဖန်ဆင်းရှင်လမ်းစဉ် မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း နားလည်နိုင်ပါတယ်။

နောက်ပြီး ကိုနေမျိုး ပြောသွားတဲ့ အကြောင်းအရာထဲက ဘုရားရှင် အရင်က မိန်းမယူခဲ့တာကို ပြောချင်တယ်။ ဦးဇင်းတို့က မိန်းမတန်းလန်းကြီးနဲ့ ဘုရားရှင်ကို ကိုးကွယ်တာ မဟုတ်ပါဘူး။ အခြားသူတွေကို သတ်ဖြတ်ညှင်းဆဲပြီး လက်နက်ကိုင်နေတဲ့ ဘုရားရှင်ကို ကိုးကွယ်တာ မဟုတ်ပါဘူး။ နောက်ပြီး ဦးဇင်းတို့ဟာ ကာမဂုဏ်မျိုးစုံ ခံစားနေတဲ့ သိဒ္ဓတ္ထကို ကိုးကွယ်နေကြတာလည်း မဟုတ်ပါဘူး။ ကိလေသာအားလုံးကို အကြွင်းမဲ့ ပယ်သတ်ပြီး အေးချမ်းတည်ငြိမ်သော၊ မြင့်မြတ်သော၊ အကြမ်းမဖက်သောလမ်းစဉ်အားဖြင့် ဘ၀နေနည်းကို လမ်းပြတော်မူသော ဘုရားရှင်ကို ကိုးကွယ်ကြတာပါ။

ဘုရားဖြစ်ပြီးတဲ့နောက်မှာ ဘယ်လောက်တောင် အေးချမ်းသလဲ၊ ငြိမ်းချမ်းသလဲဆိုတာကို လေ့လာကြည့်ပါ။ အချို့ဘာသာရေးခေါင်းဆောင်တွေ၊ ဖန်ဆင်းရှင်ဘုရားတွေဆိုရင် လက်နက်ကိုင်ကြတယ်။ စစ်တိုက်ကြတယ်။ (သူများ ဘာသာကို ပုတ်ခတ်ချင်လို့ ပြောတာ မဟုတ်ပါ။ မြတ်စွာဘုရားရှင် အဲဒီလိုတွေ မသတ်ဖြတ်၊ မညှင်းဆဲဘူးဆိုတာကို ပြောချင်တာပါ။) ဂေါတမမြတ်စွာဘုရားဟာ ဘာလက်နက်မှ ကိုင်ဆောင်သူ မဟုတ်ဘူး။ ဘယ်သောအခါမှလည်း အကြမ်းမဖက်ခဲ့ဘူး။ ဦးဇင်းတို့ဟာ ဒီလို ကိုယ်တိုင်လည်း ငြိမ်းချမ်းတည်ငြိမ်၊ သူတစ်ပါးကိုလည်း အေးချမ်းမှုတွေရအောင် လမ်းပြပေးတော်မူသော ဘုရားရှင်ကို ကိုးကွယ်ကြတာပါ။

နောက်ပြီး ကိုနေမျိုး ပြောသွားတဲ့ အသောက မင်းတရားကြီးအကြောင်းကို ပြောချင်တယ်။ အသောကဟာ ဗုဒ္ဓဘာသာမဖြစ်ခင်က ရက်စက်ကြမ်းကြုတ်တဲ့ ဘုရင်ဖြစ်တယ်။ ဗုဒ္ဓဘာသာဖြစ်ပြီးတဲ့နောက်မှာတော့ သူ့ဘ၀ဟာ လုံးဝခြားနားသွားခဲ့တယ်။ မြင့်မြတ်တဲ့ဘုရင်တစ်ပါး ဖြစ်လာခဲ့တယ်။ မဟုတ်မတရား၊ အရူးချီးပန်း၊ ကိုယ်ကိုယ်တိုင် ဘာမှ မသိတဲ့ သမိုင်းတွေနဲ့ လူတွေကို လှည့်စားချင်တဲ့သူတွေဟာ အောက်တန်းကျပါတယ်။ အသောကဟာ ရဟန်းတွေကို မသတ်ပါဘူး။ ကိုနေမျိုး ပြေသလို သူ့အလိုဆန္ဒအတိုင်း (သူ့စိတ်တိုင်းကျ) သာသနာကို ပြုစုခဲ့တာ မဟုတ်ပါဘူး။ သာသနာအစစ်၊ တရားတော်အစစ်များ အလိုအတိုင်း သာသနာပြုလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တာပါ။

အသောကမင်းဟာ ဗုဒ္ဓဘာသာဖြစ်ပြီးမှ ကြမ်းတမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေသေးလား၊ မလုပ်ဆောင်တော့ဘူးလားဆိုတာကို သိချင်ရင်တော့ အသောက ကျောက်စာတွေကို လေ့လာကြစေချင်တယ်။ မြန်မာလို ရေးထားတာတွေလည်း ရှိပါတယ်။ သူဟာ မြင့်မြတ်တဲ့ဘုရင်တစ်ပါးလို့ ဆိုနိုင်တဲ့စကားထက်ပိုတဲ့ ဂုဏ်တွေရှိပါတယ်။ ဒါတွေက သူ့ကျောက်စာတွေကို လေ့လာမှ သိနိုင်တာပါ။

အဲဒီထဲက တစ်ခုကို ပြောရရင် ဒီနေ့ခေတ်အထိ လူတွေ အမြင်မကျယ်နိုင်ကြသေးတဲ့ ဘာသာအချင်းချင်း ပုတ်ခတ်ပြောဆိုမှု၊ ခွဲခြားမှုတွေကိုတောင် သူက လမ်းညွှန်ခဲ့ပါသေးတယ်။ သူ့တိုင်းပြည်မှာရှိတဲ့ ဘာသာတရားအားလုံးကို ပြုစုထောက်ပံ့ကြဖို့၊ ပစ်မထားဖို့ မိန့်ကြားပြီး သက်ဆိုင်ရာ ၀န်ကြီးတွေကို တာဝန်ပေးထားပါတယ်။ ဒီလို လေးစားစရာကောင်းတဲ့ စိတ်နေသဘောထားတွေကို အများကြီး လေ့လာနိုင်ပါတယ်။

နောက်ပြီးတော့ အသောကဟာ ဗုဒ္ဓဘာသာကျင့်စဉ်တရားတွေ သူသိသလို အများသိစေဖို့ ကမ္ဘာအနှံ့အပြားကို သာသနာပြုတွေ စေလွှတ်ခဲ့တယ်။ သာသနာပြုတွေဟာ ဘယ်စစ်တပ်ကိုမှ ခေါ်မသွားဘူး။ ဘာလူအင်းအားမှလည်း မပါဘူး။ ဘာလက်နက်မှလည်း ယူမသွားကြဘူး။ သူတို့မှာ ပါသွားတာက ကျမ်းစာများသာ ဖြစ်တယ်။

ကဲ…ဒီတော့

ဦးဇင်းပြောချင်တာက မဟုတ်မတရား၊ အရူးချီးပန်း သူများကို နှိပ်ကွပ်ချင်တာနဲ့ လိုရာဆွဲရေးထားတဲ့၊ သုံးသပ်ထားတဲ့ ရေးသားချက်တွေကို သူတစ်ပါးဘာသာကို ပုတ်ခတ်ဝေဖန်ဖို့ အသုံးမချကြပါနဲ့။ တကယ့်ကို ဘာသာတရားတွေကို လေးစားသလား။ လေ့လာကြပါ။ ပြည့်ပြည့်စုံစုံ လေ့လာကြပါ။ “ဧဟိ ပဿိကော”ဆိုတာ “လာလှည့်၊ ကြည့်လှည်၊ အားထုတ်ကြည့်လှည့်”လို့ လက်ယပ်ခေါ်နေတာပါ။ ဗြဟ္မယာန၊ ဗြဟ္မ ဆိုတဲ့ စကားတွေဟာ ကိုနေမျိုး ပြောတဲ့ Abraham ဆိုတဲ့ ဝေါဟာရနဲ့ မိုးကောင်းကင်နဲ့ မြေကြီးလို ကွာဟနေပါတယ်။ ဘာမှ မဆိုင်ပါဘူး။ ဝေါဟာရအနေနဲ့ ဆင်းသက်မှုချင်း တူကောင်းတူနိုင်ပါတယ်။ အနှစ်သာရ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်အားဖြင့် လုံးဝ မတူတော့ဘူးဆိုတာကို သိလောက်ပြီ ထင်ပါတယ်။

3 comments:

ဒေါင်းမင်း said...

ကောင်းလိုက်တာ။ရှင်းလိုက်တာ၊ဦးဇင်းဘုရား။
တပည့်တော်ဒါတွေကိုသိပေမယ့်ဦးဇင်းလိုမရှင်းတက်ဘူး။
အခုဦးဇင်းရှင်းပြလိုက်တော့..အဖြူပေါ်စွန်းနေတဲ့
အမဲစက်ကလေးပျောက်သွားပါတယ်။
သာဓု၊သာဓု၊သာဓု၊

Rain said...

သာဓု သာဓု သာဓု ပါဘုရား။

နုငယ် said...

သိပ်တန်ဖိုးရှိတဲ့စာပါ ဦးဇင်း..သာဓု..သာဓု..သာဓု ပါဦးဇင်း..း)

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails