Sunday, September 26, 2010

အလှဓမ္မ၊ စက်တင်ဘာနဲ့ နောက်ဆက်တွဲများ




မြက်ခင်းပြင်များဟာ စိမ်းလန်းမှုရှိမနေရင် ရင်အေးစရာမရှိဘူး။ မြစ်တွေဟာ ပုံမှန်စီးဆင်းမှုမရှိရင် မလှဘူး။ ငှက်တွေမှာ အတောင်ပံမဲ့နေရင် အဓိပ္ပာယ်မရှိဘူး။ လူမှာ လူ့တန်ဖိုးမဲ့နေရင် လူရယ်လို့ ခေါ်ဖို့မလွယ်။ တန်ဖိုးက ဘာလဲ။ ဓမ္မ…။ ဟုတ်တယ်။ ဓမ္မ။

ဘာလဲ ဓမ္မဆိုတာ။ နက်နဲတဲ့ ဓမ္မတွေအကြောင်း ပြောဖို့ မဟုတ်ဘူး။ ဒီနေရာမှာ ပြောချင်တဲ့ ဓမ္မက လူတွေမှာ ရှိသင့်ရှိထိုက်တဲ့ ဓမ္မ။ ဒေသတစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ ဓမ္မ။ ဒီဓမ္မတွေ ဆိတ်သုဉ်းနေရင် အဲဒီအရပ်ဒေသဟာ အလှတရားတွေ ဆိတ်သုဉ်းတဲ့ ဒေသတစ်ခု ဖြစ်လာလိမ့်မယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေရဲ့ဘ၀ဟာ မြင့်မြတ်တဲ့ ဗုဒ္ဓသာသနာသာ မရှိဘူးဆိုရင် ဘာအလှတရားမှ မရှိတဲ့ဒေသကြီးတစ်ခု ဖြစ်နေလိမ့်မယ်။ သဘာဝမြေပြင်က အလှတရားတွေ ဆိတ်သုဉ်းနေတော့ ဘေးနိုင်ငံတွေအမြင်မှာ မြင့်မြတ်တဲ့ ဗုဒ္ဓသာသနာအတွက်လဲ မေးခွန်းတွေ ထုတ်လာကြတော့တယ်။ ဗုဒ္ဓသာသနာက ကောင်းတယ်ဆိုရင် ဗုဒ္ဓသာသနာထွန်းကားတဲ့ နိုင်ငံတွေမှာ ဘာကြောင့် လူသားရဲ့တန်ဖိုးတွေ ဆုတ်ယုတ်နေရသလဲ။

မြန်မာ…။ ကျွန်တော်တို့ မြန်မာ။ ခင်ဗျားတို့ မြန်မာ။ အလှတရားတွေ ဆိတ်သုဉ်းနေတာ ကြာခဲ့ပြီ။ အလှတရားအတွက် တိုက်ပွဲဝင်ခဲ့ကြတာတွေလဲ ကြာခဲ့ပြီ။ အလှတရားအတွက် တိုက်ပွဲဝင်နေသူ သူရဲကောင်းများ မကောင်းဆိုးဝါးတွေရဲ့ လက်ထဲမှာ ရေတိမ်နစ်ခဲ့ကြတာလဲ များခဲ့ပြီ။ ယခု အချိန်အထိ လှနေသူတွေဟာ အယုတ်တမာတွေရဲ့လက်ထဲမှာ ပြုသမျှ နုခံနေကြရတယ်။ မကောင်းဆိုးဝါးတွေ အမိမြန်မာမှာ ရမ်းရမ်းကားကား ကျင်လည်နေခဲ့တာ ကြာလှပြီ။ ဗုဒ္ဓသာသနာရဲ့ အနိစ္စတရားကလဲ သူတို့နဲ့ကျမှ ကြာလွန်းတယ်။ ဟုတ်တယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အရှုံးမပေးခဲ့ဘူး။ တိုက်ခိုက်နေဆဲ။ အသက်တွေ သွေးတွေ ချွေးတွေ ပေးဆပ်ခဲ့တယ်။ ပေးဆပ်နေဆဲ။ ပေးအပ်နေဆဲ။ ဒီထဲမှာ စက်တင်ဘာဆိုတာ အာဏာရှုးတွေကို တော်လှန်ခဲ့တဲ့ နေ့ပဲ။ ဒီစက်တင်ဘာမှာပဲ နိုင်ငံတော်ရဲ့ရတနာ ကျောင်းသားတွေ အာဏာရူးတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုမှာ အသက်ဇီဝိန်ကြွေခဲ့ရတယ်။ ဒီစက်တင်ဘာမှာပဲ တစ်နိုင်ငံလုံးက ကိုးကွယ်တဲ့ သာသနာ့ဝန်ထမ်းရဟန်းတော်တွေ ရက်စက်စွာ နှိမ်နင်းခံခဲ့ရတယ်။ သူပုန်စခန်းဝင်စီးသလို ကျောင်းတိုက်တွေကို ၀င်စီးနင်းခံခဲ့ရတယ်။

ကိုယ်အမြတ်တနိုးထားတဲ့အရာကို ဖျက်ဆီးခံရသူတွေဟာ နာကျင်ခံခက်သလိုမျိုး ကိုယ်ကိုးကွယ်တဲ့ ရဟန်းတော်တွေကို ခေါင်းကိုရိုက်၊ ဖိနပ်နဲ့ကန်၊ သေနတ်နဲ့ပစ်လုပ်တာကို မြင်ရတဲ့ ပြည်သူတွေဟာ ရင်နာနာနဲ့ ကြည့်နေခဲ့ရတာ။ အာဏာရှင်တွေရဲ့ လူမဆန်စွာ ရက်စက်မှုတွေနဲ့ ရင်ထဲမှာတော့ နာလို့ပေါ့။ ကျင်လို့ပေါ့။ ဗလောင်ဆူလို့ပေါ့။ ကမ္ဘာပျက်ခဲ့တဲ့ `လ´လေ။

ဇာတ်လမ်းက ဒီလိုနဲ့ ပြီးသွားရော့လားဗျာ။ မထင်နဲ့။ လုံးဝမထင်လိုက်နဲ့။ ဘယ်တော့မှ မပြီးဘူး။ ရွှေတိဂုံပေါ်ကို ဖိနပ်စီးပြီးတက်ခဲ့တဲ့ အနောက်တိုင်းသားတွေကို ပြည်သူတွေ အမျက်ထွက်ခဲ့သလိုမျိုး၊ ဘုန်းကြီးခေါင်းကို ဂျပန်တွေ ဖိနပ်နဲ့ကန်တာကို တွေ့လိုက်ရတဲ့ ပြည်သူတွေ အမျက်ထွက်ခဲ့သလိုမျိုး၊ ဆရာတော်ဦးဥတ္တမကို အင်္ဂလိပ်တွေ ဖမ်းလို့ ပြည်သူတွေ ဒေါသထွက်ခဲ့သလိုမျိုး၊ ဆရာတော်ဦးဝိစာရ ထောင်ထဲမှာ အစာအငတ်ခံ ပျံလွန်တော်မူတုန်းက ပြည်သူတွေ နာကျင်ခဲ့သလိုမျိုး၊ ……..မျိုး၊ …….မျိုး၊ ကမ္ဘာကြေပေမယ့် ဥဒါန်းကြေနိုင်ရိုးလား။ ခံစားခဲ့ရတဲ့ ပြည်သူတွေ၊ နာကျင်ခံခက်ဖြစ်ခဲ့ရတဲ့ ပြည်သူတွေရဲ့ ရင်ဘက်တွေဟာ ဟောင်းလောင်းကြီး ပွင့်နေဆဲ။ ကမ္ဘာမကြေ ဥဒါန်းတွေဟာ စစ်အာဏာရူးတွေဆီ မုန်တိုင်းတွေလို တိုးဝင်တိုက်ဖျက်ကြတော့မယ်။ ဒါကြောင့် ပြောလိုက်မယ်။ ဇာတ်လမ်းက ဒီလိုနဲ့ ပြီးရော့လားလို့။ စက်တင်ဘာက ဇာတ်ရှိန်မြင့်လာတယ်။

စက်တင်ဘာက ဘာအကျိုးအမြတ်ရခဲ့သလဲတဲ့။ စက်တင်ဘာဆိုတာ အလှဓမ္မတွေ ဆိတ်သုဉ်းခဲ့လို့ ပေါ်ပေါက်ခဲ့တာ။ စက်တင်ဘာကြောင့်ရလာတဲ့ အကျိုးတရားတွေထဲမှာ `ပန်းတိုင်´ဆိုတာ မပါသေးလို့ အကျိုးတရားမှာ တောင်ပံတွေ မစုံသေးဘူး။ ဒါပေမယ့် ပြောနိုင်တာက အာဏာရူးတွေဟာ စက်ဆုပ်ရွံရှာဖွယ် သရဲသဘက်တွေနဲ့မခြား အော့ကြောလန်စရာကောင်းခဲ့တယ်ဆိုတာ လူတိုင်း သိသွားခဲ့တယ်။ အာဏာရူးတွေရဲ့ ခွေးခေါင်းကြီး ရုပ်လုံးပေါ်ထွက်လာခဲ့တယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဘုရားတွေတည်၊ ကျောင်းတွေဆောက်ပြိး ကိုယ့်ကိုယ်ကို ဘာသာသာသနာကို နှစ်နှစ်ကာကာ သက်ဝင်သူတွေပါလို့ဆိုနေတဲ့ အာဏာရူးကြီးတွေဟာ သူတို့ရဲ့ အာဏာကို ထိပါးလာရင် ကျွန်တော်တို့ ကိုးကွယ်တဲ့ ဂေါတမမြတ်ဗုဒ္ဓကိုတောင် ချနင်းဖို့ ၀န်မလေးတဲ့ စိတ်ဓာတ်ရှိသူများဆိုတာ ထင်ရှားသိသာခဲ့တယ်။ ဒါတွေကို အကျိုးအမြတ်တွေလို့ ဆိုမလား။ ပန်းတိုင်မပါသေးတဲ့ ဒီအကျိုးအမြတ်တွေကို ကျွန်တော် စိတ်မ၀င်စားနိုင်သေးဘူး။

ဘာပဲဖြစ်ဖြစ် ၈၈-က ပြီးသွားခဲ့ပြီဖြစ်သလို စက်တင်ဘာကလဲ ပြီးသွားခဲ့ပြီ။ ဒါပေမယ့် တိုက်ပွဲကတော့ မပြီးသေးဘူး မဟုတ်လား။ မပြီးသေးတဲ့ တိုက်ပွဲတွေထဲမှာ အောက်မေ့အမှတ်ရခြင်းအခမ်းအနားတွေနဲ့ တာဝန်ကျေပြီလို့ မထင်လိုက်ကြဖို့လဲ လိုတယ်လေ။ ယူစရာရှိတာတွေကို ယူ၊ ထားခဲ့စရာတွေကို ထားခဲ့၊ ရှေ့ဆက်ရမှာတွေကို စဉ်းစား။ `လမ်းကား အများကြီးရှိ၏၊ သို့သော် ပန်းတိုင်ကား တစ်ခုသာတည်း´ဆိုတဲ့ တာအိုဝါဒရဲ့ နာမည်ကြီးစာသားလေးလို လမ်းအများကြီးထဲက ကျွန်တော်တို့ဟာ အသက်ဇီဝန်မကြွေသရွေ့ အာဏာရှင်များ ကျဆုံးစေနိုင်မယ့် တိုက်ပွဲတွေ တိုက်နေကြရပါလိမ့်မယ်။

စက်တင်ဘာက ထိုးပြလိုက်တဲ့ ဆလိုက်တွေထဲမှာ အာဏာရူးတွေရဲ့ မကောင်းဆိုးဝါး ပုံရိပ်တွေကို ကျွန်တော်တို့ သိမြင်တယ်လို့ဆိုရင် ကျွန်တော်တို့ချစ်တဲ့ တိုင်းပြည်အတွက် ဘာလုပ်ရမယ်ဆိုတာ ကျွန်တော်တို့ နားလည်ရမယ်လေ။ မဟုတ်ဘူးလား။ ။

လွင်ပြင်ရိုင်း

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails