Tuesday, September 7, 2010

မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ (၆)


အရှင်ကုမာရကဿပ၏ ဥပမာ (၁၁)

ထိုကဲ့သို့ မြို့စားကြီး၏ မထင်မှတ်သောစကားကို ကြားလိုက်ရသောအခါ အရှင်ကုမာရကဿပက အောက်ပါဥပမာဖြင့် ခပ်နာနာ နှိပ်ကွပ်လိုက်သည်။

“မြို့စားကြီး သင် လှည်းသမားနှစ်ဦး ပုံပြင်ကို ကြားဖူးသလား။ လှည်းသမားခေါင်းဆောင်နှစ်ဦး ရှိတယ်။ တစ်ဦးစီမှာ နောက်လိုက်လှည်းသမား ၅၀၀-စီ ရှိကြတယ်။ တစ်ဦးက ဆင်ခြင်ဉာဏ်ရှိတယ်။ ပါးပါးနပ်နပ် လုပ်ဆောင်တတ်တယ်။ အခြားတစ်ဦးကတော့ ဆင်ခြင်ဉာဏ်မရှိဘူး၊ မိုက်မိုက်မဲမဲ လုပ်ဆောင်တတ်တယ်။ တစ်နေ့မှာ တစ်ရက်တည်း ခရီးအတူသွားရဖို့ ဖြစ်လာတယ်။ အဲဒီတော့ ပထမလှည်းသမားက စဉ်းစားတယ်။ “လှည်းအစီး ၁၀၀၀-လုံး ခရီးအတူ သွားလို့တော့ မဖြစ်နိုင်ဘူး။ အစားအသောက်၊ ရေ…စတဲ့ အခက်အခဲတွေ ဖြစ်နိုင်တယ်”ပေါ့။ အဲဒီတော့ သူတို့ နှစ်ဦး ညှိနှိုင်းကြတယ်။ ဘယ်သူအရင် ခရီးထွက်မလဲပေါ့။ အဲဒီတော့ ဆင်ခြင်ဉာဏ်နည်းတဲ့ ဒုတိယလှည်းသမားက “ငါ အရင်သွားရင် သူများ မစားရသေးတဲ့ ဟင်းသီးဟင်းရွက်တွေ စားရမယ်။ ငါတို့ နွားတွေကလည်း သူများနွားတွေ မစားရသေးတဲ့ ကောင်းပေ့ဆိုတဲ့ ဦးဦးဖျားဖျား မြတ်တွေကို စားရမယ်။ မပျက်မစီးဖြစ်နေတဲ့ လမ်းတွေနဲ့လည်း သွားရမယ်။ ဟိုရောက်ရင်လည်း အခြားကုန်သည်တွေ မရှိသေးတဲ့အတွက် ကုန်ပစ္စည်းတွေကို စိတ်ကြိုက်ဈေးခေါ်နိုင်တယ်”လို့ စဉ်းစားပြီး “ကျွန်ုပ်အရင် သွားမယ်”လို့ ပြောလိုက်တယ်။

ဒီတော့ ပထမလှည်းသမားက စိတ်ထဲမှာ အတော်ကျေနပ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတွေးတာက “ဒုတိယအဖွဲ့အနေနဲ့ သွားလို့ရှိရင် ပထမသွားထားတဲ့ လှည်းသမားတွေ ခူးစားထားတဲ့ ဟင်းသီးဟင်းရွက်ပင်တွေက တို့သွားချိန်ရောက်ရင် အညွန့်လေးတွေ ပေါက်နေမယ်။ တို့က ဟင်းသီးဟင်းရွက် အညွန့်လေးတွေသာ စားရမယ်။ ငါတို့ နွားတွေလည်း ပထမနွားတွေ စားထားတဲ့မြတ်ပင်ကပေါက်လာတဲ့ မြတ်နုလေးတွေကို စားရမယ်။ ပထမသွားသူတွေက ရေမရှိတဲ့အရပ်မှာ ရေကန်တွေ တူးထားခဲ့မှာဖြစ်လို့ ရေအတွက် ပူစရာမလိုဘူး။ ပျက်စီးနေတဲ့ လမ်းတွေကို ဖို့သွားကြမယ်၊ ပြင်သွားကြမယ်။ ဒီတော့ လမ်းတွေကလည်း ညီညာနေလိမ့်မယ်။ နောက်ပြီး ကုန်သည်တွေနဲ့ ဈေးစကားပြောရတယ်ဆိုတာ လွယ်တာမဟုတ်ဘူး။ အခုတော့ ပထမလှည်းသမားတွေ ထားသွားခဲ့တဲ့ ဈေးနှုန်းအတိုင်း ငါတို့ ရောင်းနိုင်ကြလိမ့်မယ်”လို့ တွေးထားတာမို့လို့ပါ။

တစ်နေ့တော့ ဆင်ခြင်ဉာဏ်မရှိတဲ့ လှည်းသမားက အရင်ခရီးစသွားတယ်။ ကန္တာရအလယ်ကို ရောက်တော့ ဘီလူးတွေက လှည်းသမားဟန်ဆောင်၊ မိုးရေတွေ စိုရွှဲနေတဲ့ပုံ ဖန်ဆင်းပြီး လှည်းသမားတွေကို ရေတွေ သွန်ပစ်ဖို့ ရှေ့မှာ မိုးတွေ ရွာနေလို့ ရေတွေပေါကြောင်း ဖြားယောင်းကြပါတယ်။ ဆင်ခြင်ဉာဏ်မရှိတဲ့ လှည်းသမားဟာ တပည့်တွေကို ရေတွေသွန်ပစ်ဖို့ ပြောလိုက်ပါတယ်။ ရှေ့ကို သွားရင်းနဲ့ ရေပြတ်လပ်ပြီး ဘီလူးတွေက အလွယ်တကူ စားသောက်လိုက်ကြပါတယ်။

ဒုတိယသွားတဲ့ ဆင်ခြင်ဉာဏ်ရှိတဲ့လှည်းသမားကတော့ ရက်အနည်းငယ် ခွာပြီး နောက်ကနေ ခရီးထွက်ပါတယ်။ ကန္တာရအလယ်ရောက်တော့ ဘီလူးတွေက အထက်ပါနည်းအတိုင်း ဖြားယောင်းကြပါတယ်။ ဒီတော့ လှည်းမှူးက စဉ်းစားပါတယ်။ ကန္တာရအလယ်မှာ မိုးရွာတယ်၊ ရေရှိတယ်ဆိုတာ ဘယ်တုန်းကမှ မကြားခဲ့ဖူးဘူး။ အရိပ်လည်း မထွက်ကြဘူး။ ဧကန္တ ဒီလူတွေဟာ လူစင်စစ်မဟုတ်ဘဲ ဘီလူးတွေပဲ ဖြစ်ရမယ်လို့ ကောက်ချက်ချလိုက်ပါတယ်။ ပြီးတော့ “ရေတွေကို သူ့အမိန့်မရဘဲ သွန်မပစ်ရ”လို့လည်း အမိန့်ထုတ်လိုက်ပါတယ်။ ဒီတော့ တပည့်လှည်းသမားတွေက စောဒက တက်ကြတယ်။ “ရေအိုးတွေ သယ်ပြီး ခရီးသွားရတာ ပင်ပန်းတယ်။ သူတို့ကြည့်ရတာ ရှေ့မှာ တကယ်ပဲ ရေရှိပုံရတယ်။ အ၀တ်တွေကလည်း စိုနေတယ်။ လှည်းဘီးတွေမှာလည်း ရွှံ့တွေ ပေကျံနေတယ်။ ကြာပန်းတွေတောင် ကိုင်လို့။ ဒီတော့ ရေတွေကို သွန်ပစ်သင့်တယ်”လို့ လှည်းမှူးကို ပြောပါတယ်။ ဒီတော့ လှည်းမှူးက အစည်းအဝေးတစ်ခု လုပ်ပါတယ်။

“ကန္တာရအလယ်မှာ မိုးရွာတယ်လို့ ကြားဖူးတဲ့သူ ဘယ်သူ ရှိသလဲ”

“ဘယ်သူမှ မကြားဖူးကြပါ”

“မိုးသက်လေပြင်းအနံ့ကို ဘယ်အရပ်လောက်ကနေ မြင်ရတယ်လို့ ကြားဖူးသလဲ”

“တစ်ယူဇနာလောက်နေ မြင်ရပါတယ်”

“ကဲ အခု မိုးသားတိမ်လိပ်တွေကို ဘယ်သူမြင်ရသလဲ”

“ဘယ်သူမှ မမြင်ပါ”

“နောက်ပြီး လျှပ်စီးလျပ်တာကို ဘယ်အရပ်လောက်ကနေ မြင်ရသလဲ”

“၄ ယူဇနာ၊ ၅ ယူဇနာလောက်နေ မြင်ရပါတယ်”

“အခု လျှပ်စီးလျပ်တာကို မြင်တဲ့သူရှိလား”

“မရှိပါဘူး”

“နောက် မိုးကြိုးပစ်သံကို ဘယ်အရပ်လောက်ကနေ ကြားရတတ်သလဲ”

“၃ ယူဇနာ၊ ၄ ယူဇနာလောက်ကနေ ကြားရတတ်ပါတယ်”

“ကဲ အခု မိုးကြိုးပစ်သံကို ကြားမိတဲ့သူ ဘယ်နှစ်ယောက်ရှိသလဲ”

“တစ်ယောက်မှ မရှိပါ လှည်းမှူးကြီး”

အထက်ပါအတိုင်း ယုတ္တိကျကျ ဉာဏ်ပညာပါပါနဲ့ သုံးသပ်ပြောဆိုပြပြီး ရေတွေကို သွန်မပစ်ဖို့ စည်းရုံးနိုင်ခဲ့တယ်။ ဒီတော့ ဘီလူးတွေ စားတာကို မခံခဲ့ကြရဘူး။

ဒီတော့ မြို့စားကြီး လမ်းမှန်ပေါ်ကို ဉာဏ်ပညာရှိရှိနဲ့ လျှောက်လှမ်းတဲ့သူဟာ သူကိုယ်တိုင်လည်း ချမ်းသာရတယ်၊ သူ့ကို မှီခိုနေတဲ့သူတွေကို ချမ်းသာစေတယ်။ သင်ကတော့ အဆင်ဉာဏ်ကင်းမဲ့ပြီး လမ်းမှားကို ဆက်လျှောက်နေရင် ပထမသွားတဲ့ ဆင်ခြင်မဲ့တဲ့ လှည်းသမားလိုပဲ ဖြစ်တော့မယ်။ သင်ကိုယ်တိုင်အတွက်လည်း မကောင်းဘူး။ သင့်ကို မှီခိုကိုးစားနေသူတွေလည်း မကောင်းဘူး။ အဲဒီတော့ သင့်ရဲ့ မိုက်မဲတဲ့ အယူအဆကြီးတွေကို ပြောင်းလိုက်ပါတော့လား”

ထိုကဲ့သို့ အရှင်ကုမာရကဿပက ခပ်ပြင်းပြင်း စကားလုံးများဖြင့် ပြောလိုက်သော်လည်း မြို့စားကြီးက သူ့အယူအဆကို မပြောင်းနိုင်ကြောင်း၊ အထက်တွင် ဆိုခဲ့သောအကြောင်းပြချက်များဖြင့် ပြန်လည်တုန့်ပြန်ခဲ့သည်။ ဥပမာအသစ်၊ သုတေသနအသစ်များဖြင့် ပြန်လှန်ငြင်းခုံခြင်းကား မပြုလုပ်တော့ပေ။

အရှင်ကုမာရကဿပ၏ ဥပမာ (၁၂)

ထိုကဲ့သို့ ညင်ညင်သာသာဆိုလိုက်၊ ပြင်းပြင်းထန်ထန်ပြောလိုက်ဖြင့် မည်သို့မျှ ပြောမရသောအခါ အရှင်ကုမာရကဿပက ထိုဥပမာများထက် ပိုမိုပြင်းထန်သော ဥပမာဖြင့် ထပ်မံပြောဆိုခဲ့သည်။

“မြို့စားကြီး သင်လုပ်ပုံက မစင်ထုပ်သယ်သူလို ဖြစ်နေပြီ”

“ဘယ်လိုကြောင့် ကျွန်ုပ်က မစင်ထုပ်သယ်သူနဲ့ တူရမှာလဲ”

“ပြောပြမယ် မြို့စားကြီး နားထောင်၊ တစ်ခါက အမျိုးသားတစ်ဦးဟာ ၀က်တွေကို မွေးပြီး စီးပွားလုပ်တယ်။ တစ်နေ့တော့ အခြားမြို့ကို ခရီးသွားတယ်။ တစ်နေရာရောက်တော့ နေရာအနှံ့အပြားမှာ မစင်ခြောက်တွေကို တွေ့ရတယ်။ ဒါနဲ့ ဒီမစင်ခြောက်တွေကို ငါ ၀က်စာလုပ်ရရင်ကောင်းမှာပဲလို့ တွေးပြီး အပေါ်ရုံအ၀တ်ကိုဖြန့်ပြီး မစင်ခြောက်တွေကို သယ်သွားသွားပါတယ်။
တစ်နေရာရောက်တော့ မထင်မှတ်ဘဲ မိုးကြီးသည်းထန်စွာ ရွာချလိုက်ပါတယ်။ ဒီတော့ ထိုအမျိုးသားခေါင်းပေါ်မှာ ရွက်ထားတဲ့ မစင်တွေက အရည်ပျော်ပြီး တစ်ကိုယ်လုံးကို မစင်တွေ ပေလူးကုန်ပါတယ်။ လမ်းမှာတွေ့တဲ့ အခြားသူတွေက -ဒီလူ ရူးများနေရော့သလား၊ မစင်ထုပ်ကြီးကို ညစ်ပတ်ပေရေစွာနဲ့ ထမ်းလာတယ်-လို့ ပြောကြတယ်။ အဲဒီအခါ ထိုအမျိုးသားက - ငါက ရူးနေတာ မဟုတ်ဘူး။ သင်တို့ကသာ ရူးနေတာ။ ငါက ဒီမစင်ခြောက်တွေကို ၀က်စာလုပ်မလို့ သယ်လာတာ-လို့ ပြောပါတယ်။
မြို့စားကြီး သင်ဟာလည်း ဒီအမျိုးသားလိုပဲ။ ကိုယ့်အတွက် ဘာအကျိုးမှ မရှိနိုင်တဲ့ ဒီအယူအဆမှားတွေကို အရှက်မရှိ သယ်လာနေသေးတယ်”ဟု နှိပ်ကွပ်လေသည်။

ထိုဥပမာဖြင့် ပြောသော်လည်း အထက်တွင် ဆိုခဲ့သောအကြောင်းပြချက်များ (သူများတွေ ကဲ့ရဲ့မှာစိုးလို့၊ အရှင့်ကို အရှုံးမပေးချင်လို့ စသည်)ဖြင့် သူ့အယူအဆများကို မပြောင်းနိုင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

အရှင်ကုမာရကဿပ၏ ဥပမာ (၁၃)

အရှင်ကုမာရကဿပသည် နောက်ထပ် ဥပမာတစ်ခုဖြင့် မြို့စားကြီးကို ဆိုပြန်လေသည်။

“မြို့စားကြီး သင်ဟာ မသမာနည်းနဲ့ ကစားတဲ့ ညစ်ပတ်တဲ့ အန်ကစားသမားနဲ့ တူနေပြီ”

“ဘယ်လိုဖြစ်လို့လဲ”

“ပြောပြမယ် နားထောင်၊ တစ်ခါက အန်ကစားပွဲကြီးတစ်ခုရှိတယ်။ အန်ကစားသမားတွေထဲမှာ ကစားသမားတစ်ဦးဟာ ရှုံးနိုင်တဲ့အန်ကို ပါးစပ်ထဲ မျိုမျိုပြီး ကစားတယ်။ အဲဒီလို ညစ်ပတ်ပြီးကစားတော့ သူကချည်းပဲ နိုင်နေတယ်။ ဒါကို ရိပ်မိတဲ့သူတစ်ဦးက သူ ပါးစပ်ထဲမျိုတာကို တွေ့သွားတယ်။ အဲဒီတော့ အန်တွေကို အဆိပ်လိမ်းပြီးတော့ ကစားတယ်။ ဒီအခါမှာ ညစ်ပတ်တဲ့အန်သမားဟာ အန်တွေကို မျိုပြန်တယ်။ ထိုအခါ အဆိပ်သုတ်လိမ်းသူ အန်သမားက - အဆွေ သင်ဟာ ရှုံးမည့်အန်ကို မျိုမျိုပြီး ကစားတယ်။ အဲဒီအန်တွေမှာ အဆိပ်တွေ လိမ်းထားတာကို သင်က မသိဘူး။ ယုတ်မာညစ်ပတ်တဲ့အန်သမား အန်တွေကို မျိုပါအုံး၊ ထပ်ထပ်မျိုပါအုံး၊ သင်ဟာ အဆိပ်ဒဏ်ရာနဲ့ ပြင်းပြင်းထန်ထန် ခံစားရလိမ့်မယ်-လို့ ပြောပါတယ်။

မြို့စားကြီး သင်ဟာလည်း အဲဒီညစ်ပတ်တဲ့ အန်သမားလိုပဲ မကောင်းတဲ့အယူအဆတွေကို မျိုမိနေပြီ။ သင့်အယူအဆတွေကို ပြောင်းလိုက်ပါတော့လား”ဟု တိုက်တွန်းပြန်လေသည်။

ထိုကဲ့သို့ ခပ်နာနာ ခပ်ပြင်းပြင်း ဥပမာများဖြင့် နှိပ်ကွပ်ပါသော်လည်း မြို့စားကြီးမှာ အပြုံးမပျက်။ မပြောင်းလဲနိုင်ကြောင်းသာ ထပ်ပြောဆိုနေခဲ့လေသည်။

ဆက်လက်ဖော်ပြပါမည်....

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails