Wednesday, August 25, 2010

မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ (၃)



အရှင်ကုမာရကဿပ၏ ဥပမာ (၃)

“ကဲ…မြို့စားကြီး ဒီလိုဆိုရင် သင့်ကို ဥပမာတစ်ခု ပြောမယ်၊ ပညာရှိဆိုတာ ဥပမာတွေနဲ့ပြောတဲ့စကားကို သဘောပေါက်ကြတယ်”
ဤတွင် “ပညာရှိဆိုတာ ဥပမာတွေနဲ့ပြောတဲ့စကားကို သဘောပေါက်ကြတယ်”ဟူသော စကားကို သတိပြုစေချင်ပါသည်။ ရှေ့က ဥပမာပေးတော့မည့်အခါမျိုးတွင် ဤစကားရပ်မပါခဲ့ပါ။ တစ်နည်းအားဖြင့် အနည်းငယ် မခံချင်အောင် ထည့်လိုက်သောစကားဖြစ်သည်ဟု ထင်သည်။

“အမိန့်ရှိပါ”

“ယောက်ျားတစ်ယောက်ဟာ မစင်တွင်းထဲကို ကျသွားခဲ့တယ် ဆိုပါစို့။ သူ့ကို မစင်တွင်းကနေ ထုတ်ပြီး အကြိမ်ကြိမ် အထပ်ထပ် ရေချိုးပေးမယ်။ အမွှေးနံ့သာတွေနဲ့ လိမ်းကျံပေးမယ်။ ၀တ်ကောင်းစားလှတွေ ဆင်ယင်ပေးမယ်။ ပြီးတာနဲ့ ပြသာဒ်ကြီးအထက်မှာ စားကောင်းသောက်ဖွယ်တွေ၊ လောကီစည်းစိမ်တွေ ခံစားဖို့ အဆင်သင့်လုပ်ထားတဲ့ဆီကို ခေါ်သွားပြီး ကာမဂုဏ်တွေ ခံစားစေမယ်။ အဲဒီအချိန်မှာ အဲဒီယောက်ျားဟာ မစင်တွင်းကို ပြန်သွားလိုတဲ့ စိတ်ဆန္ဒ ရှိအုံးမလား”

“မစင်တွင်းဆိုတာ ညစ်ပတ်စုတ်ပဲ့တဲ့နေရာပဲ။ အခုနေနေရတာက စင်ကြယ်သန့်ရှင်းပြီး ခံစားစရာ ကာမဂုဏ်အာရုံတွေ ပြည့်နေတဲ့နေရာဖြစ်တော့ မစင်တွင်း ပြန်သွားချင်တဲ့စိတ် ဘယ်လိုလုပ် ရှိတော့မလဲ”

“ဟုတ်တယ်၊ မြို့စားကြီး..ဒီဥပမာလိုပဲ ကောင်းရာကောင်းကျိုးတွေ လုပ်ဆောင်ပြီး နတ်ပြည်ရောက်သွားတဲ့သူဆိုတာလည်း ဒီလိုပဲပေါ့။ လူ့အဖြစ်ဆိုတာ နတ်တွေအတွက်တော့ ရွံရှာဖွယ်ဖြစ်တယ်၊ ညစ်ညမ်းတယ်။ ဒါကြောင့် နတ်ပြည်ကနေ သင့်ဆီလာပြီး ဘယ်လိုလုပ် ပြန်လာပြောချင်စိတ် ရှိပါတော့မလဲ၊ ဒါကြောင့် သင့်အယူအဆကို ပြောင်းလိုက်ပါတော့။ တမလွန်ဘ၀ရှိတယ်လို့ ယုံကြည်လိုက်စမ်းပါ”
“တမလွန်ဘ၀ရှိတယ်လို့ မယုံကြည်နိုင်ပါ။ ကျွန်ုပ်မှာ အကြောင်းပြစရာ သုတေသနလုပ်ထားတာတွေ ရှိပါသေးတယ်”

မြို့စားကြီး၏ သုတေသန (၃)

ဤနေရာတွင် ပြောကြားသော မြို့စားကြီး၏စကားမှာ ရှေ့တွင် ဆိုခဲ့သောစကားနှင့် သိပ်မထူးခြားလှပါ။ ရှေ့စကားရပ်တွင် ကောင်းမှုကုသိုလ်များ လုပ်ဆောင်ပြီး သေသူသည် နတ်ပြည်သို့ ရောက်နိုင်သည်ဟု ဆိုသော်လည်း သူနတ်ပြည်ရောက်ကြောင်း သတင်းစကား ပြန်မပြောလာသည်ကို ပြောခဲ့သည်။ ဤတွင်ကား ကောင်းမှုကုသိုလ်များ လုပ်လျှင် အချို့ရဟန်းများက တာဝတိံသာနတ်ပြည်သို့ ရောက်သည်ဟု ဆိုသည်။ နတ်ပြည်ဟူသော သာမညစကားရပ်နှင့် တာဝတိံသာဟူသော ၀ိသေသစကားရပ်သာ ကွာခြားပါသည်။ ထုံးစံအတိုင်း ထို့ကြောင့် တမလွန်ဘ၀မရှိဟု ယူဆကြောင်း အရှင်ကုမာရကဿပကို ပြောခဲ့သည်။

အရှင်ကုမာရကဿပ၏ ဥပမာ (၄)

ယင်းသို့ ပြောကြားချက်ကို အရှင်ကုမာရကဿပက အောက်ပါအတိုင်း ဆက်လက်ရှင်းပြသည်။ ဆွေးနွေးချက်များက တဖြည်းဖြည်း လေးလေးနက်နက် ဖြစ်လာခဲ့သည်။

“မြို့စားကြီး… ဒီလိုဆိုရင် သင်နားလည်အောင် ပြောပြမယ်။ တာဝတိံသာနတ်ပြည်အကြောင်းကို သင် ဘယ်လောက် သိသလဲ”

“မသိပါဘူး”

“သင် မသိရင် ပြောပြမယ်။ တာဝတိံသာနတ်ပြည်ဆိုတာ အဲဒီမှာ ၁-ရက်က လူ့ပြည်သက်တမ်းနဲ့ဆိုရင် နှစ် ၁၀၀-ရှိတယ်။ အဲဒီတော့ တာဝတိံသာကို ရောက်သွားတဲ့သူဟာ ငါတော့ ၂-ရက်၊ ၃-ရက်လောက် နတ်စည်းစိမ်ခံစားလိုက်အုံးမယ်။ ပြီးမှ လူ့ပြည်က ပါယာသိမြို့စားကြီးဆီ သွားပြီး အကြောင်းကြားလိုက်မယ်လို့ စိတ်ကူးပြီး ၂-ရက်၊ ၃-ရက် စည်းစိမ်ခံစားပြီး သင့်ဆီ လာပြောလို့ ဖြစ်ပါ့မလား”

“မဖြစ်ပါဘူး။ သူ ၁-ရက်လောက် နတ်စည်းစိမ်ခံစားလိုက်ရင် ကျွန်ုပ်က သေလွန်ပြီး ဖြစ်နေပါလိမ့်မယ်”

“ဒီလို သိရင် တမလွန်ဘ၀မရှိဆိုတဲ့ အယူအဆကို စွန့်လွှတ်လိုက်ပါတော့”

“မစွန့်လွှတ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရှင်က တာဝတိံသာနတ်တွေရဲ့ ၁-ရက်က လူ့ပြည်သက်တမ်းနဲ့ နှစ် ၁၀၀-ရှိတယ်လို့ ပြောနေတယ်။ အဲဒါလို ရှိတယ်လို့ ဘယ်သူက ပြောတာလဲ။ သူများပြောတိုင်း မယုံတတ်ပါ။ လက်တွေ့ဖြစ်မှသာ ယုံပါမယ်”

အရှင်ကုမာရကဿပ၏ ဥပမာ (၅)

“အော် သင်က လက်တွေ့ပြမှ လက်တွေ့သိမှသာ အရှိတရားကို လက်ခံမယ်ဆိုတဲ့သဘောလား”

“ဟုတ်ပါတယ်… ကျွန်ုပ်က ကိုယ်တိုင် ယုံကြည်နိုင်လောက်တဲ့ အတွေ့အကြုံမျိုးရှိမှ လက်ခံတတ်ပါတယ်”

“ဒါဆိုရင် သင့်ကို ဥပမာတစ်ခု ပြောပြမယ်။ အမိဝမ်းထဲမှာကတည်းက ကန်းနေတဲ့ သူတစ်ယောက်ရှိတယ်ဆိုပါစို့။ သူဟာ လောကကြီးထဲရောက်လာတော့ အဖြူ၊ အနီ၊ အစိမ်း…စသည်ကို ဘာမှန်း မသိနိုင်တော့ဘူး။ မြင်နိုင်စွမ်းကလည်း သူ့မှာ မရှိဘူး။ တစ်နေ့တော့ တစ်ယောက်ယောက် ဒါက အနီရောင်၊ ဒါက အပြာရောင်လို့ လာပြောမယ်။ အဲဒီအချိန်မှာ သူက အနီဆိုတာ မရှိပါဘူး၊ အပြာဆိုတာ မရှိပါဘူးလို့ ပြောမယ်။ သင်လက်ခံမလား”

“လက်မခံပါဘူး။ အနီ..အပြာအရောင်တွေဟာ တကယ်ရှိနေတာပဲ”

“အေး…ဒီလိုဆိုရင် သင်ဟာ ၀မ်းတွင်းကန်းပဲ။ သင်ဟာ သင့်မျက်စိနဲ့ မမြင်ရတိုင်း မရှိဘူးလို့ ပြောနေတယ်။ ဒါဟာ ၀မ်းတွင်းကန်းသူနဲ့ ဘာမှ မထူးခြားဘူး။ နတ်ပြည်ဗြဟ္မာ့ပြည်ဆိုတာတွေဟာ မံသစက္ခုဆိုတဲ့ သာမန်မျက်စိနဲ့ မြင်ရတာတွေ မဟုတ်ဘူး။ ထိုက်သင့်တဲ့ အကျင့်တွေကို ကျင့်ပြီး ဒိဗ္ဗစက္ခုလို့ဆိုတဲ့ အရာအားလုံးကို အတားအဆီးမရှိ မြင်နိုင်တဲ့ မျက်စိနဲ့မှသာ တွေ့မြင်နိုင်တာ ဖြစ်တယ်။ သင်ဟာ ၀မ်းတွင်းကန်းလို မပြောပါနဲ့လား။ သင့်အယူအဆကို ပြောင်းလိုက်ပါတော့”

တမလွန်ဘ၀ပြဿနာစကားဝိုင်းက အနည်းငယ် ပြင်းပြင်းထန်ထန် ဖြစ်လာခဲ့သည်။ အရှင်ကုမာရကဿပကလည်း စကားလုံးခပ်ပြင်းပြင်းများဖြင့် ဥပမာများ တန်ဆာဆင်ကာ ပြောသည်။ မြို့စားကြီးကလည်း အားမနာတမ်း တုန့်ပြန်ပြောဆိုသည်။ အရှင်ကုမာရက အထက်ပါအတိုင်း ပြောကြားသည့်အခါ မြို့စားကြီးက အောက်ပါအတိုင်း ဆက်လက် ချေပသည်။

မြို့စားကြီး၏ ချေပချက်

“အရှင်က ဒီလိုပြောရင် ကျွန်ုပ်ကလည်း ပြောစရာ ရှိပါတယ်။ အရှင်တို့ ရဟန်းတွေ အကျင့်သီလတွေကို စောင့်ထိန်းကြတယ်။ ကောင်းမှုတွေ အများကြီး ပြုကြတယ်။ သေလို့ ရှိရင် ဒီဘ၀ထက် အစစအရာရာ သာလွန်တဲ့ နတ်ပြည်ဗြဟ္မာ့ပြည်ကို ရောက်နိုင်တယ်ပေါ့။ အဲဒီလို ရောက်ပြီး နတ်စည်းစိမ်ဗြဟ္မာမင်းစည်းစိမ်တွေ ခံစားလို့ ရတယ်ပေါ့။ ဒီလို ပိုမိုကောင်းမြတ်တဲ့ နတ်စည်းစိမ်ဗြဟ္မာ့စည်းစိမ်တွေ ခံစားရမယ်မှန်း ကျိန်းသေ သိတယ်ဆိုရင် ကိုယ့်ကိုကိုယ် သတ်သေလိုက်ကြပါလား။ အရှင်တို့ ဒီလောက် သေချာနေမှတော့ လူ့ဘ၀ရဲ့ ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားနေရတာတွေကို စွန့်လိုက်ကြပါလား၊ မသေချာလို့ ကိုယ်ကိုကိုယ် သတ်မသေရဲကြတာပေါ့။ ကိုယ့်ကိုကိုယ် သတ်သေတယ်ဆိုတာ လွယ်လွယ်လေးပါ။ အဆိပ်သောက်ပြီးလည်း သေနိုင်တယ်။ ဓားနဲ့ကိုယ့်ကိုကိုယ် ခုတ်ပြီးတော့လည်း သေနိုင်တယ်၊ ကြိုးဆွဲချပြီးလည်း သေနိုင်တယ်။ ချောက်ကမ်းပါးကနေ ခုန်ချပြီးတော့လည်း သေနိုင်တာပဲ။ အခု အရှင်တို့ သမဏတွေထဲက ဘယ်သူတွေ အဲဒီလို သတ်မသေကြတာလဲ။ နတ်ပြည်ဗြဟ္မာ့ပြည်ရောက် မရောက် သေသေချာချာ မသိလို့သာ မသေကြတာပေါ့။ ဒါကြောင့်ပဲ ကျွန်ုပ်က တမလွန်ဘ၀ဆိုတာ မရှိဘူးလို့ ယုံကြည်နေတာပါ”

မြို့စားကြီး၏ ဤသို့သော ပြောဆိုချက်နှင့် ခပ်ဆင်ဆင် စကားမျိုးကို ရှရှားစာရေးဆရာကြီး လီယိုတော်လ်စတွိုင်းလ်ကလည်း ပြောဆိုဖူးလေသည်။ သူက “ဂေါတမဗုဒ္ဓဟာ လောကကြီးဟာ ဒုက္ခသစ္စာအတုံးအခဲကြီးလို့လည်း ပြောသေးတယ်။ ကိုယ့်ကိုကိုယ်ကျတော့ သတ်မသေဘူး”ဟု ဆိုသည်။ သူ့စကားအတိုင်းပင် တော်လ်စတွိုင်းသည် နောင်အခါ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့လေသည်။

အရှင်ကုမာရကဿပ၏ ဥပမာ (၆)

“သင်က ဒီပြောတော့ ဥပမာတစ်ခု ထပ်ပြောရတာပေါ့။ ယောက်ျားတစ်ဦးမှာ မယား ၂-ယောက်ရှိတယ်။ မယားတစ်ယောက်မှာက ၁၀-နှစ်၊ ၁၂-နှစ်အရွယ် သားတစ်ယောက်ရှိတယ်။ နောက်မယားတစ်ယောက်မှာက ကိုယ်ဝန်လွယ်ထားရတယ်။ တစ်နေ့မှာ သားလေးက အမွေပေးဖို့ ပြောလာတယ်။ သားလေးကို အမွေပေးလိုက်ရင် ကိုယ်ဝန်သည်မိခင်မှာ ဘာခံစားခွင့်မှ မရှိတော့ဘူး။ သားရဲ့ မိခင်တစ်ယောက်ပဲ ခံစားခွင့်ရှိတယ်။ အဲဒီတော့ ကိုယ်ဝန်သည်မိခင်က -သူ ကလေးမွေးပြီးတဲ့အထိ စောင့်ပါအုံး၊ သားလေးမွေးရင် အမွေကို တစ်ယောက်တစ်ဝက်စီ ခွဲယူရမယ်။ သမီးမွေးခဲ့ရင် သားလေးရဲ့ အခိုင်းအစေအဖြစ် ပေးမယ်-လို့ ဆိုပါတယ်။ ဒါပေမယ့် သားဖြစ်သူက အမွေကို အခုပဲ ပေးဖို့ အတင်းပြောနေတယ်။ ဒါနဲ့ ကိုယ်ဝန်သည်မိခင်ဟာ ဓားနဲ့မိမိဗိုက်ကို ခွဲပြီးတော့ သားလေးလား၊ သမီးလေးလား ကြည့်တယ်။ ဒါပေမယ့် မွေးဖွားချိန်ကို မစောင့်နိုင်ဘဲ ဒီလိုလုပ်လိုက်တော့ ဒီဓားဒဏ်ရာနဲ့ပဲ သေဆုံးသွားရတယ်”

“တော်တော်အသိဉာဏ်မရှိတဲ့ အမျိုးသမီးလို့ ဆိုရမှာပေါ့”

“ဟုတ်တယ်။ အသိဉာဏ်မရှိတဲ့ အမျိုးသမီးပဲ။ ဒါပေမယ့် ငါတို့ ရဟန်းတွေဟာ နောက်ဘ၀မှာ ဒီထက်ပိုမိုကောင်းမွန်တဲ့အခြေအနေရှိနေတာကို သိပေမယ့် အချိန်အခါကို သိလို့ ကိုယ့်ကိုကိုယ် သတ်မသေကြဘူး။ မိမိတို့ ရရှိထားတဲ့ အသိဉာဏ်ပညာနဲ့ လူ့လောကကောင်းကျိုးတွေ အများကြီး သယ်ပိုးပေးတယ်။ အချိန်အခါစေ့လို့ (သေချိန်တန်လို့) သေရတဲ့အခြေအနေ၊ အချိန်အခါအထိ စောင့်ကြတယ်။ ဒါကြောင့် သတ်မသေကြတာပါ။ အခုတော့ သင်က အချိန်မစေ့သေးဘဲ ဗိုက်ခွဲတဲ့ အမျိုးသမီးလိုပဲ မိုက်မဲတဲ့အတွေးမျိုးကို တွေးနေတယ်။ မြို့စားကြီး သင့်အယူအဆကို ပြောင်းလိုက်ပါတော့”

အရှင်ကုမာရကဿပက ထိုကဲ့သို့ ပြောသော်လည်း မြို့စားကြီး ပါယာသိမှာ နည်းနည်းမှ ဖြုံပုံမရဘဲ သူစမ်းသပ်ခဲ့သော သုတေသနများကို ဆက်လက်ပြောကြားခဲ့လေသည်။

ဆက်လက်ဖော်ပြပါမည်.....

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails