Tuesday, August 17, 2010

မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ



အမှာစကား အနည်းငယ်….

ပိဋကတ်ကျမ်းစာများကို အခုလို ဟန်ဖြင့် ရေးသားနေခြင်းနှင့် ပတ်သက်ပြီး ကြားရသောအသံလေးများအတွက် စကားအနည်းငယ် ပြောကြားလိုပါသည်။ အခုဆိုရင် ပိဋကတ်ထဲမှ စာရေးသူအကြိုက်လည်းဖြစ်၊ အားလုံးအတွက်လည်း မှတ်သားစရာ၊ သင်္ခန်းစာယူစရာဖြစ်သော သုတ်(၀တ္ထု)အချို့ကို အများနားလည်လွယ်အောင်နှင့် သင်္ခန်းစာယူစရာဖြစ်အောင် ခံစားရေးဖွဲ့လာသည်မှာ အတော်များပါပြီ။ အချို့ဝတ္ထုများက ဆောင်းပါးတစ်ပုဒ်စာနှင့် အဆင်ပြေသော်လည်း အချို့ဝတ္ထုများက အခန်းဆက်နှင့်ရေးမှ ခြုံမိနိုင်ပါသည်။

“ဘုရားဟောပါဠိတော်များကို ဘာသာပြန်ထားသော မြန်မာပြန်ကျမ်းစာများ ရှိပြီးပြီပဲ။ ဒါမျိုးလိုသေးလို့လား”ဟု မေးစရာရှိပါသည်။ “လိုအပ်ပါတယ်”ဟုသာ မြင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ပါဠိတော်ဘာသာပြန်များသည် (မြန်မာလို ရေးထားတာဖြစ်ပေသော်လည်း) စာရေးသူလို ရဟန်းတစ်ပါးတောင် နားမလည်နိုင်သောနေရာများစွာ ရှိပါသည်။ “ဘာဆိုလိုတာလဲ။ ဘာပြောချင်တာလဲ” မသိသောနေရာများ အများကြီး ရှိနေသည်ကို မြန်မာပြန်များ ဖတ်သူတိုင်း သိပါသည်။ ထိုသို့သော နေရာများတွင် မူရင်းပါဠိတော်နှင့် တိုက်ဆိုင်ဖတ်ရှုရသည်။ မူရင်းပါဠိတော်နှင့် မရသေးလျှင် အဋ္ဌကထာကို လှန်ရပါသည်။ ထိုကဲ့သို့ ဖတ်ပါမှ အဓိပ္ပာယ်က ပေါ်လွင်ပါသည်။

တစ်ဖန် ဘုရားဟောကျမ်းစာများကို အများနားလည်အောင် လုပ်ရသောအလုပ်ကလည်း မလွယ်ကူလှပါ။ အကျယ်ကြီးဖြစ်နေသည်ကို ချုံးရသည့်အတွက် လိုရင်းဆိုလိုချက်များ ကျန်ခဲ့တတ်ခြင်း၊ ဆိုလိုချက်များ ပြုတ်နေခဲ့ခြင်းမျိုးများလည်း ဖြစ်တတ်ပါသည်။ တစ်ဖန် ခေတ်ဝေါဟာရ၊ ခေတ်အသုံးအနှုန်းဖြင့် ဖလှယ်တဲ့နေရာမှာလည်း သတိထားရပါသည်။

မည်သည့်နေရာမျိုးတွင်ဖြစ်စေ တိုက်ရိုက်ဖလှယ်ခြင်းနှင့် သွယ်ဝိုက်အနက်ကို ယူ၍ ဖလှယ်ခြင်း (၂) မျိုး ရှိပါသည်။ အချို့နေရာတွင် တိုက်ရိုက်ဖလှယ်မှ အဆင်ပြေနိုင်သော်လည်း အချို့နေရာများတွင် သွယ်ဝိုက်ပြီး ဆိုလိုချက်ပေါက်အောင်၊ အများနားလည်အောင်၊ ရသမြောက်အောင် ဖလှယ်ပစ်ရတာမျိုးများလည်း ရှိပါသည်။ ဆာအက်ဒွင်အာနိုး(Sir Edwin Arnold) ရေးထားသော “အာရှတိုက်ရဲ့ အလင်းရောင် (Light Of Asia)”စာအုပ်တွင် ဒုတိယဖလှယ်နည်းဖြစ်သော သွယ်ဝိုက်အဓိပ္ပာယ် သို့မဟုတ် ဂယက်အနက်ကို ယူပြီး သုံးနှုန်းထားသည်များကို နေရာများစွာတွင် တွေ့ရမည်ဖြစ်သည်။ တစ်ချို့ဝါကျများသည် ဘုရားရှင် တိုက်ရိုက်ဟောထားသည်များ မဟုတ်ကြပါ။ ဤသို့ ရေးထားသည်ကိုပဲ “ဘုရားက ဘယ်နေရာမှာမှ ဒီလို ဟောထားတာ မရှိပါဘူး”ဟု သွားပြောနေရင် ပြောသူဟာ ဗဟုသုတမရှိလို့ပဲ ဖြစ်ပါလိမ့်မည်။

ဆိုလိုသည်မှာ အခု ဤစာကို ရေးသူသည် အချို့နေရာများတွင် တိုက်ရိုက်မပြော၊ မဟောသော်လည်း ပြောထားသကဲ့သို့ တင်ပြထားပါသည်။ ပို့စ်မော်ဒန်ကဗျာတွေအကြောင်း အငြင်းပွားကြစဉ်က ဆရာဒဂုန်တာရာ၏ လူသိများသော စကားတစ်ခွန်း ရှိပါသည်။ “ကာရံမဲ့ချင်မဲ့ပါစေ၊ အဘိဓမ္မာ မမဲ့စေနဲ့”ဟူ၍။ “အနှစ်သာရကို စာဖတ်သူ ထိတွေ့နိုင်ဖို့က လိုရင်း”ဟု ခံယူထားပါကြောင်း။ ဗုဒ္ဓ၀ါဒအမှန်နှင့် ဆန့်ကျင်နေသည့် အပြောအဆို၊ အယူအဆများ ပါနေသည်ဟု ယူဆပြီး အကြံပြုဝေဖန်လာလျှင် ၀မ်းမြောက်စွာ ခံယူပါမည့်အကြောင်း ပြောကြားလိုက်ပါသည်။)

သေတဗျမြို့လေးမှာ အုတ်အုတ်ကျက်ကျက်

ကောသလတိုင်းက သေတဗျမြို့ငယ်လေးတွင် လူတွေ အုတ်အုတ်ကျက်ကျက် ဖြစ်နေကြသည်။ ဟိုနား စုစု၊ ဒီနား စုစုဖြင့် တစ်နေရာရာသို့ သွားဖို့ ပြင်နေကြဟန်ရှိသည်။ အချို့က ငါးယောက်တစ်ဖွဲ့၊ အချို့က ဆယ်ယောက်အဖွဲ့၊ အချို့က မိသားစုအလိုက်၊ အချို့မှာတော့ တစ်ယောက်တည်း၊ တစ်နေရာသို့ ဆူဆူညံညံ သွားနေကြလေသည်။ အချိုက ပန်း၊ ဆီမီးထုတ်တွေ ကိုင်ဆောင်ထားသည်။ အချို့က မိမိတို့ အသုံးအဆောင်များကို ကိုင်ဆောင်လျှက် သွားနေကြလေသည်။ သေတဗျမြို့ဆိုသည်မှာ ကောသလတိုင်း၏အရှင်သခင် ပသေနဒီကောသလမင်းကြီးက ပါယာသိအား အပိုင်စားပေးထားသော မြို့ငယ်တစ်ခု ဖြစ်သည်။

အိန္ဒိယသည် ထိုခေတ်အခါက အယူအဆအမျိုးမျိုး၊ အတွေးအခေါ်အမျိုးမျိုးကို မိမိတို့ ထင်မြင်ယူဆသည့်အတိုင်း လှည့်လည်ဟောပြောနေကြသူ ဆရာကြီးများ များစွာရှိကြလေသည်။ မိမိတို့၏ အတွေးအခေါ်၊ အယူအဆများကို လွတ်လပ်စွာ ပြောဟောစည်းရုံးနိုင်ခွင့် အပြည့်အ၀ရှိသော ဒေသကြီး ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ နာမည်ကြီးလာလျှင် စောင့်ကြည့်လေ့လာသူများလည်း ပေါများသည်။ ဆရာကြီးတစ်ယောက် မိမိတို့နေထိုင်ရာ မြို့၊ ရွာအနီးရောက်လာပြီဆိုလျှင် သွားရောက် အကဲဖြတ်တတ်ကြသည်။ သို့ဖြစ်၍ အခုလည်း အရှင်ကုမာရကဿပ သေတဗျမြို့ကို ရောက်နေပြီဟု ကြားသိရသောကြောင့် ဆူဆူညံညံ အုတ်အုတ်ကျက်ကျက် သွားရောက်တွေ့ဖို့ ပြင်ဆင်နေကြခြင်း ဖြစ်ပေသည်။
ထိုအချိန်သည် ပါယာသိမြို့စားကြီးအတွက် စည်းစိမ်ခံစားနေချိန် ဖြစ်သည်။

“အမတ်ကြီး… ဆူဆူညံညံနဲ့ ဘာဖြစ်နေတာလဲ”

“မှန်လှပါ… အရှင်ကုမာရကဿပ ဆိုတဲ့ ရဟန်းတစ်ပါးဟာ နောက်လိုက်နောက်ပါတွေနဲ့ မြို့နားကို ရောက်နေပါတယ်။ သူ့ဆီကို သွားနေကြတာပါ”

“ဟေ… ဒီရဟန်းတွေက နောက်ဘ၀ရှိတယ်၊ ဘာညာနဲ့ မဟုတ်မတရားတွေ လျှောက်ဟောနေကြတာ မဟုတ်လား၊ ဒီလို လက်တွေ့ပြလို့လည်း မရ၊ အဓိပ္ပာယ်လည်းမရှိတဲ့တရားတွေ ဟောနေသူတွေကို ဘာဖြစ်လို့များ အလုပ်ရှုပ်ခံ သွားတွေ့နေကြတာလဲ၊ ကဲ ကဲ… ဒီရဟန်းတော့ ငါနဲ့ တွေ့တော့မှာပဲ။ အမတ်ကြီး… အဲဒီကိုယ်တော်ဆီ သွားနေတဲ့သူတွေကို ပြောလိုက်”

“မှန်ပါ့”

“သင်တို့ မတွေ့ခင် အဲဒီရဟန်းကို ငါ အရင်တွေ့မယ်၊ ငါတွေ့ပြီးမှ တွေ့ကြလို့၊ ငါတို့ ဆွေးနွေးတာကို စောင့်နေကြပါလို့ ပြောလိုက်”

“မှန်ပါ”

အမတ်ကြီးလည်း မြင်းစီးပြီး လူစုလူဝေးများသို့ သွားရောက်ပြောကြားခဲ့လေသည်။ မြို့သူမြို့သားတို့မှာ အံ့သြကုန်သည်။ အမှန်အားဖြင့် သူတို့ မြို့စားကြီးမှာ ရှေ့ဘ၀၊ နောက်ဘ၀များကို ယုံကြည်သူမဟုတ်။ အယူအဆရေးရာများကို ပြောဆိုဆွေးနွေးကြလျှင်လည်း အတော်လက်ပေါက်ကပ်သူတစ်ယောက်ဟု သိထားကြသည်။ သူနှင့်ဆွေးနွေးသူများမှာ အများအားဖြင့် လန့်ပြေးရသည်က များလေသည်။ ပညာလည်း တတ်သည်။ အတွေးအခေါ်ကလည်း ကောင်းသည်။ စကားပြောကလည်း ထူးချွန်သည်။ သူ့ကိုဘက်ပြိုင်ပြီး ယှဉ်ပြိုင်ဆွေးနွေးနိုင်သူဟု မကြားဖူးချေ။ အခု မြို့စားကြီး အရှင်ကုမာရကဿပဆီ သွားမည်ဟု ကြားသိရသောအခါ စိတ်ဝင်တစား ဖြစ်ကုန်ကြသည်။

သူနှင့်တွေ့ရမည့် အရှင်ကုမာရကဿပကလည်း ခေသူ မဟုတ်ပါ။ ဗဟုသုတ ကြွယ်သည်။ အပြောကောင်းသည်။ စကားပြောသည့်အခါတိုင်း ဥပမာဥပမေယျများဖြင့် တစ်ဖက်လူ ကျအောင် ပြောနိုင်စွမ်းရှိသည်။ တစ်ဖန် နယ်တကာသို့ လှည့်လည်သာသနာပြုနေသူတစ်ဦး ဖြစ်သည်နှင့်အညီ ကျမ်းဂန်ဗဟုသုတ၊ ဒေသန္တရဗဟုသုတနှင့် အယူအဆရေးရာတိုက်ပွဲများကို အကြိမ်ကြိမ် နွှဲခဲ့ဖူးသော အတွေ့အကြုံရင် ရဟန်းတစ်ပါး ဖြစ်ပါသည်။

သေတဗျမြို့သူမြို့သားများ ပွဲကြီးပွဲကောင်း ကြည့်ရတော့မည်။ တမလွန်ဘ၀မရှိ၊ အကောင်းအဆိုး သတ်မှတ်ထားချက်များသည် အဓိပ္ပာယ်မရှိဟု ယုံကြည်သူ မြို့စားကြီးနှင့် ၃၁-ဘုံရှိကြောင်း ယုံကြည်သူ အရှင်ကုမာရကဿပတို့ စကားနိုင်လုပွဲကြီး၊ အယူအဆရေးရာပြိုင်ပွဲကြီး ဖြစ်တော့မည်ဆိုတာကို တွက်ဆမိသော မြို့သူမြို့သားများမှာ အတွေးကိုယ်စီ၊ ခန့်မှန်းချက်ကိုယ်စီဖြင့် ပြောဆိုငြင်းခုံနေကြလေသည်။ အစက အရှင်ကုမာရကဿပကို ကြည်ညိုသူတို့သာ အုတ်အုတ်ကျက်ကျက် ဖြစ်နေခဲ့သော်လည်း အခုအခါမှာတော့ မြို့စားကြီး၏ အယူအဆ၀ါဒကို ကြိုက်နှစ်သက်သူများလည်း အရှင်ကုမာရကဿပရှိရာသို့ ဦးတည်နေခဲ့ကြလေသည်။ သေတဗျမြို့လေးသည် တစ်ခဏအတွင်းမှာ ဖုန်တစ်ထောင်းထောင်း ထနေခဲ့လေသည်။ ထိုနေ့က ရာသီဥတု သာသာယာယာ ရှိလှသည်။

ပညာရှင်နှစ်ဦး တွေ့ဆုံခြင်း

ရဟန်းတစ်ပါးက သူ့ဆရာကို ပြောနေသည်။
“ဆရာအရှင် ကုမာရကဿပ… ပါယာသိမြို့စားကြီးက အရှင်နဲ့ တရားဆွေးနွေးလိုပါသတဲ့”

“ကောင်းပြီလေ”

မြို့စားကြီးနှင့် အရှင်ကုမာရကဿပတို့က အနည်းငယ်မြင့်သော နေရာများတွင် အသီးသီး နေရာယူထားကြသည်။ အရှင်ကုမာရကဿပ၏ တပည့် ၅၀၀ တို့က ဆရာအရှင်၏ နောက်တွင် ငြိမ်ငြိမ်ဆိတ်ဆိတ် နေနေကြသည်။ အရှင်၏ရှေ့တွင် ပါယာသိမြို့စားကြီး နေရာယူထားသည်။ သူ၏ ဘေးဘက်ဝဲယာတွင် သူ၏ နောက်လိုက်တပည့်များ၊ အစောင့်အရှောက်များ၊ ထို့နောက်တွင် ကျေးကျွန်များ။ ထို့နောက်တွင် မြို့သူမြို့သားများ။ အသီးသီး နေရာယူထားကြသည်။

မြို့စားကြီးနှင့်အရှင်တို့မှာ ၀မ်းမြောက်ဖွယ်စကားများ ပြောကြသည်။ ယနေ့ခေတ် လူကို တွေ့သည်နှင့် “နေကောင်းလား၊ မတွေ့ရတာ ကြာပြီ၊ စားရသောက်ရ အဆင်ပြေလား”စသည် မေးသကဲ့သို့ပင် ဖြစ်ပါသည်။ ထိုသို့ ပြောပြီးသောအခါ မြို့စားကြီးနှင့်အရှင်တို့သည် အယူဝါဒဆိုင်ရာများကို စတင် ပြောခဲ့ကြသည်။

“ပါယာသိ… သင်က ဘယ်လို အယူဝါဒ ရှိသလဲ”

“ကျွန်ုပ် အယူဝါဒမှာ နောက်ဘ၀ဆိုတာ မရှိဘူး။ သတ္တ၀ါသေရင် ပြန်ဖြစ်တယ်ဆိုတာ မရှိဘူး။ အကောင်း၊ အဆိုးကံတွေရဲ့ အကျိုးဆိုတာလည်း မရှိဘူး”

“အော်… ဒီလို အယူအဆမျိုး သင့်မှာ ရှိသလား။ ဒီလို အယူအဆမျိုး ရှိသူတွေကို တစ်ခါမှ မတွေ့ဖူးဘူး။ ကြားလည်း မကြားဖူးဘူး။ ဘာဖြစ်လို့ ဒီလို ယူဆရတာလဲ”

ဤနေရာတွင် “ဒီလို အယူအဆမျိုး ရှိသူတွေကို တစ်ခါမှ မတွေ့ဖူးဘူး။ ကြားလည်း မကြားဖူးဘူး”ဟုဆိုသော စကားမှာ အနည်းငယ် ထူးဆန်းနေသည်ဟု ထင်သည်။ အရှင်ကုမာရကဿပခေတ်က ထိုကဲ့သို့ ယူဆသူများ များစွာရှိကြောင်း ပိဋကတ်စာပေလာ အဖြစ်အပျက်များအရ သိရပါသည်။ သို့ဖြစ်၍ “မမြင်ဖူးဘူး၊ မကြားဖူးဘူး”ဟု အဘယ့်ကြောင့် ပြောသနည်းဆိုသည်ကို နားမလည်နိုင်ခဲ့ပါ။

ပါယာသိမြို့စားကြီးက ဆက်ပြောသည်။
“မရှိလို့ မရှိဘူးလို့ ယူဆတာပေါ့။ ဘယ်အရာပဲဖြစ်ဖြစ် အာရုံငါးပါး (အမှန်က ပသာဒငါးခု = စက္ခု (မျက်စိ)၊ သောတ (နား)၊ ဃာန (နှာခေါင်း)၊ ဇိဝှါ (လျှာ)၊ ကာယ (ခန္ဓာကိုယ်))နဲ့ ထိတွေ့လို့ ရတဲ့ အရာတွေကိုပဲ အရှိတရားအဖြစ် ကျွန်ုပ် ယူဆပါတယ်။ အာရုံငါးပါးနဲ့ ထိတွေ့လို့ မရတဲ့ အတိတ်ဘ၀၊ အနာဂတ်ဘ၀နဲ့ နတ်ပြည်ဗြဟ္မာ့ပြည်တွေဟာ စိတ်ကူးထဲမှာပဲ ရှိတာပါ။ ဒါကြောင့် ဒီလို ယူရတာပါ”

ဆက်လက်ဖော်ပြသွားပါမည်.....
ဇာတ်လမ်းက အခုမှ စတာ..:) :)

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails