Saturday, July 31, 2010

လူသား၊ နှုန်းစံများနှင့် တာဝန်


ဗုဒ္ဓစာပေများတွင် လူကို “မနုဿ”ဟု အသုံးများသည်။ မနုဿ-ဟူသော ပါဠိကို ပါဠိဆရာများက အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ထိုဖွင့်ဆိုချက်များအရ “အကောင်း၊ အဆိုးကို သိတတ်နားလည်တတ်သောကြောင့် လူ၊ တဖြည်းဖြည်း တိုးတက်နေသော စိတ်ဓာတ်ရှိသောကြောင့် လူ…”စသည်ဖြင့် အမျိုးမျိုး တွေ့ရသည်။ သို့ဖြစ်၍ “လူဆိုသည်မှာ လုပ်သင့်၊ မလုပ်သင့်၊ ပြောသင့်၊ မပြောသင့်၊ ကြံစည်သင့်၊ မကြံစည်သင့်…စသည်တို့ကို သိနားလည်ပြီး မိမိတို့၏ စိတ်ကို အမြင့်မြတ်ဆုံးအခြေအနေရောက်အောင် ပြုတတ်သူများ”ဟု ဆိုနိုင်လိမ့်မည်ဟု ထင်သည်။

ဖန်ဆင်းရှင်ဝါဒများက လူကို ဘုရားသခင်များက ဖန်တီးသည်ဟု ဆိုသည်။ ခရစ်ယာန်အဆိုအရ လူ (အမျိုးသား)သည် ထာဝရဘုရားအကူအညီဖြင့် မြေကြီးက ဖြစ်လာသည်။ လူ (အမျိုးသမီး)က အမျိုးသား၏ နံရိုးတစ်ချောင်းမှ ဖြစ်လာသည်။ အစ္စလာဟ်ဘာသာအလိုအရလည်း ထိုအဆိုနှင့် တူသလောက်ပင် ဖြစ်သည်။ အခြားသော ဖန်ဆင်းရှင်ဝါဒများသည်လည်း ဤနည်းနှင်နှင် ယူဆပြောဟောကြပေသည်။ ရုပ်ဝါဒသမားများကမူ လူသည် မည်သူဖန်ဆင်း၍ ဖြစ်လာသည်လည်း မဟုတ်၊ လူတွင် မမြင်နိုင်သောအကြောင်းတရား ဘာမှ မရှိ။ လက်တွေ့မျက်တွေ့ မိဘနှစ်ပါးတို့ စပ်ယှက်မှုကြောင့် လူဖြစ်လာသည်ဟု ဆိုကြသည်။

ဗုဒ္ဓ၀ါဒက ဖန်ဆင်းမှုအယူအဆကို လုံးဝပယ်သည်။ ရုပ်ဝါဒအဆိုကို တစိတ်တဒေသအားဖြင့် လက်ခံသည်။ ဗုဒ္ဓ၀ါဒအရ လူတစ်ယောက်ဖြစ်လာဖို့အတွက်…
၁။ မိဘဖြစ်မည့်သူနှစ်ဦး ကာမစပ်ယှက်ခြင်း၊
၂။ မိခင်ဖြစ်မည့်သူ ဥတုလာပြီးစ ဖြစ်ခြင်း၊
၃။ ပဋိသန္ဓေနေမည့်သူက အဆင်သင့်ဖြစ်ခြင်း ဟူသော အကြောင်းသုံးချက် ပြည့်စုံဖို့ လိုသည်။ (မဟာတဏှာသင်္ခယသုတ်) ဗုဒ္ဓဘာသာတစ်ဦးဖြစ်နေ၍လား မသိ၊ အလွန်သဘာဝကျသော အဆိုတစ်ခုဟု ယူဆမိသည်။ ဟုတ်ပါပြီ။ မည်သို့သောအကြောင်းနှင့်ဖြစ်နေပါစေ.. သေချာသည်က ယခု ကျွန်ုပ်တို့ လူဖြစ်လာကြပေပြီ။

လူဆိုသည်မှာ သက်မဲ့အရာဝတ္ထုများကဲ့သို့ မဟုတ်၊ သူ့တွင် ခံစားတတ်သော၊ တွေးကြံတတ်သော၊ ဆုံးဖြတ်တတ်သော စိတ်..ဆိုသောအရာ ပါရှိသည်။ စိတ်ဟူသည် ပြောလိုက်သည်က တစ်လုံးတည်းဖြစ်သော်လည်း ဗီဇနှင့် ပတ်ဝန်းကျင်ကိုလိုက်၍ အမျိုးမျိုး ကွဲပြားသည်။ စိတ်ကွဲပြားသဖြင့် ခံစားချက်တွေ ကွဲပြားသွားသည်။ ခံစားချက်များ ကွဲပြားသွားသဖြင့် ခံယူချက်တွေ ကွဲပြားသွားသည်။ ခံယူချက်တွေ ကွဲပြားသွားသဖြင့် ပြုမှုလုပ်ဆောင်ချက်တွေ ကွဲပြားသွားသည်။ ပြုမူလုပ်ဆောင်ချက်များ ကွဲပြားသွားသဖြင့် ပန်းတိုင်များ သို့မဟုတ် ဆိုက်ရောက်ရာ ဘ၀အခြေအနေများလည်း ကွဲပြားသွားလေတော့သည်။

ထိုထို ကွဲပြားချက်များရှိနေလင့်ကစား လူသည် တစ်ဦးနှင့်တစ်ဦး ကင်းကင်းကွာကွာ မနေတတ်ကြ။ အခြေခံအားဖြင့် ပေါင်းစည်းညီညွတ်စွာ နေလိုကြသည်။ တစ်ဦးနှင့်တစ်ဦး ပုံစံအမျိုးမျိုးဖြင့် ပေါင်းသင်းဆက်ဆံကြသည်။ မတူညီသောစိတ်၊ ကွဲပြားသောခံစားချက်နှင့် ခြားနားသောပန်းတိုင်တို့အကြား ညီညွတ်စွာပေါင်းစည်းရေးအတွက် တာဝန်များ ချမှတ်လိုက်ကြသည်။

“ဒါက မင်းတာဝန်၊ ဒါက ငါ့တာဝန်၊ ဒါက ဆရာ့တာဝန်၊ ဒါက တပည့်တာဝန်၊ ဒါက မိဘတာဝန်၊ ဒါက သားသမီးတာဝန်၊ ဒါက လင့်တာဝန်၊ ဒါက မယားတာဝန်၊ ဒါက ဆရာ့ (ကြည်ညိုခံဆရာ) တာဝန်၊ ဒါက ဒကာ့တာဝန်…..”

လူဆိုသည်မှာ မွေးလာပြီဆိုကတည်းက သားသမီးဟူ၍ ဖြစ်လာသဖြင့် သားသမီးတာဝန်က ပါလာသည်။ သားသမီးမှသည် တပည့်ဖြစ်လာမည်၊ တပည့်တာဝန်။ ထိုမှ ဆရာဖြစ်လာမည်၊ ဆရာ့တာဝန်။ ထိုမှ မိဘဖြစ်လာမည်၊ မိဘတာဝန်။ ထိုမှ ဒကာဖြစ်လာမည်၊ ဒကာ့တာဝန်။ ဆိုတော့…. တာဝန်နှင့်လူသားကို မည်သူက ခွဲခြားပေးနိုင်ပါမည်လဲ။ မည်သည့်တန်ခိုးရှင်ကမှ ခွဲခြားပစ်၍ မရ။ တာဝန်နှင့်လူသားသည် ခေါင်းနှင့်ပန်းပမာ တပူးတွဲတွဲ ဖြစ်တည်နေရလေသည်။

တာဝန်နှင့်လူသား ခွဲခြားမရတာတော့ ဟုတ်ပါပြီ။ “တာဝန်ဆိုတာ ဘာလဲ”။ တာဝန်ဆိုသည်ကို မည်သူက ပညတ်ပေးသနည်း။ သတ်မှတ်ပေးသနည်း။ မည်သူသတ်မှတ်ပေးသော တာဝန်ကသာ တကယ်ထမ်းဆောင်ရမည့်တာဝန်ဖြစ်ပြီး မည်သူသတ်မှတ်ပေးသောတာဝန်က မထမ်းဆောင်သင့်သောတာဝန် ဖြစ်နေသနည်း။ ဥပမာအားဖြင့် လူ့တာဝန်။ လူသားတစ်ယောက်အနေဖြင့် မည်သို့သောတာဝန်တွေကို ထမ်းဆောင်မှ လူ့တာဝန်ကျေပွန်သည်ဟု ဆိုနိုင်မည်နည်း။ ဥပမာ မိဘနှစ်ပါး။ မည်သို့သောတာဝန်များကို ကျေပွန်မှ မိဘတာဝန်ကျေပွန်မည်နည်း။

တစ်ဖန် စဉ်းစားစရာ ရှိသည်မှာ… တာဝန်ဟူသည် အရှိတရားလော သို့မဟုတ် ဖန်တီးထည့်သွင်းထားရသော ပညတ်တရားတစ်ခုလော။ ဥပမာအားဖြင့် ဗုဒ္ဓဘာသာက သိင်္ဂါလောဝါဒစသောာ သုတ်တို့ဖြင့် မကောင်းမြစ်တား၊ ကောင်းရာညွှန်လစ်…စသော မိဘတာဝန်များကို ဖော်ပြပေးသည်။ ထိုသို့ မြတ်စွာဘုရားက သတ်မှတ်ပေးသဖြင့် မိဘများတွင် တာဝန်ရှိလာသလော။ သို့မဟုတ် မြတ်စွာဘုရားဟောသည်ဖြစ်စေ၊ မဟောသည်ဖြစ်စေ… ထိုတရားငါးပါးကိုသည် မဖြစ်မနေ ထမ်းဆောင်သင့်သောတာဝန်များ ဖြစ်သလော။ အမြင်အမျိုးတော့ ဖြစ်နေပါလိမ့်မည်။

ခရစ်ယာန်ကလည်း ခရစ်တော်ညွှန်ပြသော မိဘတာဝန်၊ အစ္စလာဟ်ဘာသာကလည်း မိုဟာမက်ဟောကြားသော မိဘတာဝန်၊ ကွန်ဖြူးရှပ်ဘာသာကလည်း ကွန်ဖြူးရှပ်ညွှန်ပြသော မိဘတာဝန်။ ဘာသာမဲ့ကလည်း သူကိုယ်တိုင် သတ်မှတ်ထားတဲ့ မိဘတာဝန်…..။ အသီးအသီး ပညတ်ထားကြလိမ့်မည်။ သို့ဆိုလျှင် တာဝန်ဟူသည် အရှိတရားမဟုတ်။ သတ်မှတ်ပညတ်ထားချက်တစ်ခုသာ ဖြစ်သည်ဟု ဆိုရပေမည်။

သို့ရာတွင် ဤနေရာတွင် တာဝန်များကို မည်သို့သောစံနှုန်းများဖြင့် သတ်မှတ်ထားကြသနည်း။ ဒဿနပညာရှင်များက တာဝန်များသတ်မှတ်မှုတွင် အကြောင်းတရားအခြေခံနှစ်ရပ်ကို ဆွဲထုတ်ပြသည်။
၁။ အပြုအမူတစ်ခု၏ အကျိုးဆက်ကို ကြည့်ခြင်း၊
၂။ အခြားစံနှုန်းတစ်ခုခုကို ကြည့်ခြင်း။
တာဝန်တွေကို အဘယ့်ကြောင့် ပညတ်ပေးထားသနည်း။ လောကကောင်းကျိုး၊ ပတ်ဝန်းကျင်ကောင်းကျိုး၊ မိမိကောင်းကျိုးဟူသော အကျိုးဆက်များကို ကြည့်၍ သတ်မှတ်ပေးထားသည်ဟု ဆိုသည်။ နောက်တစ်မျိုးက အကျိုးဆက်ကို ပဓာနမထား။ လက်ရှိအခြေအနေနှင့်အချိန်အခါကို မိမိဉာဏ်ဖြင့် စဉ်းစားဆင်ခြင်သည်။ “ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်။ ဒါကိုလုပ်မှ ဒီကိစ္စက ပြီးမြောက်မယ်”စသည်ဖြင့် မိမိယူဆသတ်မှတ်ထားချက်အရ တာဝန်တွေကို ပညတ်လိုက်သည်။

လူနာငါးယောက်နှင့် ဒေါက်တာတစ်ဦးကို ဥပမာအဖြစ် ပြသည်။ ဆေးခန်းတစ်ခုတွင် လူနာငါးယောက်ရောက်လာသည်ဆိုပါစို့။ ငါးယောက်တွင် လေးယောက်က ကျောက်ကပ်၊ နှလုံးစသည့် အစားထိုးကုသမှုများ ပြုလုပ်ဖို့ လိုအပ်နေသည်။ တစ်ယောက်ကတော့ ဒဏ်ရာအနာတရ အကြီးအကျယ်မဖြစ်၊ အကောင်းပကတိနီးပါး ဖြစ်သည်။ ဆရာဝန်၏တာဝန်သည် တတ်နိုင်သမျှ လူနာများကို အသက်ရှင်အောင် ကုသပေးဖို့ ဖြစ်သည်။ ဤကိစ္စတွင် ဆရာဝန်အနေဖြင့် သက်သာနေသူ၏ ကျောက်ကပ်၊ နှလုံးစသည်တို့ဖြင့် လူနာလေးယောက်တို့၏ အသက်ကို ကယ်တင်နိုင်သည်။ သို့ဖြစ်၍ “လေးယောက်ကို အသေခံမလား၊ သက်သာနေသူကို အသေခံမလား”ဆိုသော ပြဿနာဝင်လာသည်။ အခြားနည်းလမ်းက ရွေးစရာမရှိ။ သက်သာနေသူကို အသက်ရှင်ခွင့်ပေးလိုက်လျှင် ကျန်လေးယောက်က သေမည်။ လေးယောက်နှင့်တစ်ယောက် သို့မဟုတ် အသက်လေးချောင်းနှင့် အသက်တစ်ချောင်း….မည်သည်ကို ရွေးရပါအံ့နည်း။

နံပါတ် ၁-အကျိုးဆက်ကိုသာ ကြည့်သူက လူလေးယောက်၏ အသက်သည် လူတစ်ယောက်၏အသက်ထက် ပိုတန်ဖိုးကြီးသည်။ သို့မဟုတ် အသက်လေးချောင်းသည် အသက်တစ်ချောင်းထက် ပို၍ လူ့လောကအကျိုးကို သယ်ပိုးနိုင်သည်။ လူတစ်ယောက်၏လုပ်နိုင်စွမ်းအားနှင့် အကျိုးစီးပွားထက် လူလေးယောက်၏ လုပ်ဆောင်နိုင်စွမ်းနှင့် အကျိုးစီးပွားက ပို၍ သာလွန်သည်။ ထို့ကြောင့် လေးယောက်ကို အသက်ရှင်အောင်ကုသပြီး တစ်ယောက်ကိုတော့ အဆုံးရှုံးခံလိုက်ဖို့ ပြောလိုက်မှာ သေချာသည်။

နံပါတ် ၂- အခြားစံနှုန်းတစ်ခုခုကို မူတည်ပြီး လုပ်ဆောင်ချက်ကို ဆုံးဖြတ်သူကတော့ ဤအမြင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ အသက်ရှင်ခွင့်ရှိနေသောလူတွင် လူသားတစ်ယောက်၏ ကိုယ်ပိုင်အခွင့်အရေး ရှိနေသည်။ သူသည် ကံကောင်းထောက်မစွာဖြင့် ဒဏ်ရာ အကြီးအကျယ်မရခဲ့။ လူလေးယောက်၏စွမ်းအားလောက် ကြီးမားမှုမရှိနိုင်သော်လည်း သူ့တွင် ကိုယ်ပိုင်အသက်ရှင်ခွင့်က ရှိနေသည်။ ဆရာဝန်သည် အထက်ပါ အချက် ၂-ချက်အနက် မည်သည့်အချက်ဖြင့် ဆုံးဖြတ်မည်နည်း။

အကျိုးဆက်ကိုသာ ကြည့်ပါက လေးယောက်ကို အသက်ရှင်စေပြီး တစ်ယောက်ကို လက်လွှတ်ပစ်လိုက်မိမည်ဖြစ်သည်။ သို့ရာတွင် အမှတ် ၂-အချက်ဖြင့် စဉ်းစားလိုက်ပြန်လျှင် ဆရာဝန်တစ်ယောက်၏ တာဝန်၊ အကျင့်…စသည့် စံနှုန်းများက သူ့ကို တိုက်ခိုက်ကြတော့မည်။ လောကပြဿနာများတွင်လည်း ထိုကဲ့သို့ ဘေးကျပ်နံကျပ်ဖြစ်စေသော ကိစ္စရပ်များစွာ ရှိလေသည်။
ဆရာဝန်၏ ကိုယ်ကျင့်နှင့်တာဝန်ကို မည်ကဲ့သို့ သတ်မှတ်ပေးမည်နည်း။ သူလေးစားအားကျရာ၊ သူတိမ်းညွတ်ရာ ပတ်ဝန်းကျင်လွှမ်းမိုးမှုများ၊ သူကိုးကွယ်ရာ ဘာသာတရား…..စသော အရာများက သတ်မှတ်ပြဓာန်းပေးလိမ့်မည်ဖြစ်သည်။ သို့ဖြစ်၍ တာဝန်နှင့်လူ၏ ပြုမှုချက်ဆိုင်ရာ ကိုယ်ကျင့်တရားက တရားသေမပြောနိုင်သော ပညတ်တရားတစ်ခုသာ ဖြစ်နေပြန်ပါသည်။ ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများအပေါ်မူတည်၍ လူတို့၏ တာဝန်သတ်မှတ်ချက်များကလည်း ကွဲပြားနေပါလိမ့်မည် ဖြစ်လေသည်။ သို့ဆိုလျှင် လူတို့၏ တာဝန်ဆိုသည်ကို မည်သို့ ပုံသေကားချမှတ်ယူနိုင်သော စံတစ်ခုမျှ မရှိတော့ပြီလော။

ပြင်သစ်နိုင်ငံကို ဂျာမန်က အသဲအသန် ထိုးစစ်ဆင်နေချိန်က ဖြစ်ပျက်ခဲ့သော အကြောင်းလေးကလည်း စဉ်းစားစရာတစ်ခု ဖြစ်သည်။ ထိုစဉ်က လူငယ်တိုင်း လက်နက်ကိုင်ပြီး စစ်ထဲဝင်သည်။ တိုင်းပြည်ကို ကာကွယ်ရန်အတွက် လူတိုင်းစစ်မြေပြင်သို့ သွားရောက်ကြသည်။ သို့ရာတွင် လူငယ်တစ်ယောက်က စစ်ထဲဝင်ပြီး စစ်မြေပြင်သို့ သွားသင့်၊ မသင့် အကြီးအကျယ် ဆုံးဖြတ်ရခက်နေသည်။ အဘယ့်ကြောင့်ဆိုသော် သူ့တွင် ရောဂါအသဲအသန်ဖြစ်နေသော မိခင်အိုကြီးက ရှိနေသည်။ ပြုစုမည့်သူက မရှိ။ သူသာ စစ်မြေပြင်သွားပြီး မိခင်အိုကြီးကို မပြုစုလျှင် မိခင်အိုကြီးခမျာ သေဖို့သာ ရှိလေသည်။ တစ်ဖက်တွင် သူ့လိုပဲ လူငယ်တွေက အကြောင်းပြချက်တွေ အမျိုးမျိုးပေးပြီး စစ်ထဲမသွားကြလျှင် အမိနိုင်ငံတော်ကြီးမှာ တိုင်းတစ်ပါးလက်အောက်တွင် ကျရှုံးရပေတော့မည်။ မိဘအပေါ်ပြုစုရမည့် သားသမီးတာဝန်နှင့် တိုင်းသူပြည်သားတိုင်း ပြုသင့်သော တိုင်းပြည်တာဝန်။ မည်သည်ကို ရွေးရပါအံ့နည်း။

ဗုဒ္ဓမြတ်စွာနှင့်သူတော်စင်တို့ လမ်းညွှန်ချက်များအရ ပေးအပ်လာသော တာဝန်အသီးသီးနှင့် မိမိသူတစ်ပါးချမ်းသာခြင်းဟူသော အကျိုးဆက်တို့ကို မိမိအသိဉာဏ်ဖြင့် နှိုင်းယှဉ်ရင်း လူသားပီသအောင် တစ်ဆင့်ချင်း တိုးပွားအောင် အားထုတ်နိုင်လျှင် ကွဲပြားနေသောစံနှုန်းများကို ဂရုမစိုက်ဘဲ ဆက်လက်လျှောက်လှမ်းသွားနိုင်မည်ဟု ထင်မြင်နေမိသည်။ ကိုယ်ရွေးလိုက်သော စံနှုန်းများနှင့် တာဝန်များအတွက် နောင်တမရဖို့တော့ လိုအပ်နေပါလိမ့်အုံးမည်။

အထက်ပါအကြောင်းများကို သူငယ်ချင်းကို ပြောပြတော့ သူငယ်ချင်းက “တာဝန်နဲ့ပတ်သက်ပြီး ပြတ်သားတဲ့ အမြင်တွေ မပါဘူး”ဟု ဆိုသည်။ မိမိကလည်း “တာဝန်ဆိုတာ နေထိုင်ရာဝန်းကျင်နဲ့ ကြိုတင်သိရှိမှုများအရ ကွဲပြားနေတတ်ပုံကို မီးမောင်းထိုးပြချင်ရုံသက်သက်ပါ။ မြင်ချင်သလို မြင်၊ တွေးချင်သလို တွေးလို့ ရတာပေါ့”ဟု ပြန်ပြောလိုက်ရပါသည်။ ဘာပဲဖြစ်ဖြစ် တာဝန်ဆိုင်ရာ အမြင်တွေကတော့ ရှုပ်ထွေးစွာ ကွဲပြားနေပါလိမ့်အုံးမည်။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails