Wednesday, July 7, 2010

စာအုပ်များနှင့် ခရီးသွားခြင်း



စာတွေ ဖတ်ရင်း တစ်ခါတစ်ရံ အတွေးလေးများ ဖြာထွက်လာတတ်သည်။ စာရေးဆရာကြီးတစ်ဦးက ပြောဖူးသည်။ “စာရေးချင်လျှင် စာဖတ်”ဟူ၍။ စာမဖတ်ရတာ ကြာသောအခါ လေးလံလာတတ်သည်။ ခေါင်း မကြည်သလိုလို၊ စိတ်မကြည်သလိုလို၊ တစ်ခုခု လိုနေသလိုလို ခံစားရတတ်သည်။ တစ်ခါတစ်ရံ (မဖတ်ဖြစ် သော်လည်း) စာအုပ်လေးကိုဖြစ်ဖြစ် ကောက်ကိုင်လိုက်ရမှ နေသာထိုင်သာ ရှိသည်။ ထိုအကျင့်ကြောင့်လား မသိ၊ ကဗျာဆရာကြီးများ ကဗျာမရေးတာကြာလျှင် ကဗျာဆာတတ်သလို ထမင်းဆာခြင်း၊ ရေဆာခြင်းကဲ့သို့ စာကို ခဏခဏ ဆာလောင်သည်။

တစ်ခါတစ်ရံ စာအုပ်တစ်အုပ်ကို ဖတ်လိုက်ရသော်လည်း (ထိုစာအုပ်က ကောင်းနေစေကာမူ) အရသာမတွေ့ ဖြစ်နေတတ်ပြန်သည်။ အာသာမပြေ ဖြစ်နေတတ်သည်။ ဘာကြောင့်လဲ….၊ ကိုယ့်ကိုကိုယ် ပြန်လည် ဆန်းစစ် ကြည့်သည်။ ကော်ဖီသောက်ချင်လို့ သောက်လိုက်ကာမှ ကော်ဖီကြောင့် မကျေမနပ် ဖြစ်နေတတ်သည်။ ဘာကြောင့်လဲ…၊ ကိုယ်သောက်ချင်သည်က စူပါကော်ဖီမစ်၊ သောက်လိုက်ရသည်က ဘတ်တီကော်ဖီမစ်ဖြစ် နေသောကြောင့် ဖြစ်လေသည်။ ထိုကဲ့သို့ပင် ကိုယ်ဆာလောင်နေသော စာအမျိုးအစားနှင့် ကိုယ်ဖတ်လိုက် ရသော စာအမျိုးအစား မကိုက်ညီလျှင် အလိုမကျ၊ အာသာမပြေ ဖြစ်နေတတ်ပြန်သည်။

စာတွေ ဘယ်လောက်ဖတ်ဖတ် တစ်ခါတစ်ရံမှာတော့ မြသန်းတင့်တို့၏ ဘာသာပြန်လေးတွေ ဖတ်ရမှ အားရှိပြန် သည်။ တစ်ခါတစ်ရံမှာတော့ ဖေမြင့်တို့လို စိတ်ခွန်အားဖြစ်စေသော မြှောက်လုံးလေးများ ဖတ်ရမှ အဆာပြေ သည်။ တစ်ခါတစ်ရံကျတော့လည်း ဘုရားဟောလေး ဖတ်ရမှ စိတ်ကြည်နူးရပြန်သည်။ တစ်ခါတစ်ရံတော့ ကျမ်းမြတ်ကိုအန်၊ တစ်ခါတစ်ရံတော့ သမ္မာကျမ်းစာ…..။ စိတ်၏ တိမ်းညွတ်မှုမှာ အကဲဖြတ်ဖို့ ခက်ခဲလှ၏။

ငယ်ဘ၀ကို ပြန်လည်ငဲ့စောင်းကြည့်လျှင် စာအုပ်များက နေရာအတော်ယူထားခဲ့သည်ကို တွေ့ရသည်။ စာအုပ် များနှင့် ပတ်သက်ခဲ့ပုံများကို အတွေးရသလို ရေးပြသွားချင်ပါသည်။ ဘယ်ဘ၀အခြေအနေက တွန်းပို့လိုက်သည် မသိ၊ ငယ်ငယ်က တောင်ငူမြို့၊ ၀ိသုဒ္ဓါရုံမြို့ထောင့်မှာ စာပေများ သင်ခွင့်ရသည်။ မြို့ကို ရောက်ပြီဆိုကတည်းက ဥပုသ်နေ့ ကျောင်းပိတ်ရက်များတွင် မြို့ထဲရောက်သည့်အခါတိုင်း စာအုပ်ဆိုင်များကို အထူးသဖြင့် ရောက်ခဲ့ သည်။ ယခုအခါ စာအုပ်ဆိုင်ထဲတွင် စာအုပ်များကို လှန်လှောနေတတ်သော ကိုရင်ပေါက်စအရွယ် ကိုယ့်ကို ကိုယ် ပြန်လည်မြင်ယောင်သောအခါ ဂုဏ်ယူနေမိတတ်သည်။ အမှန်အားဖြင့် စာသင်တိုက်များသည် ကျောင်း စာမှလွဲ၍ အခြားစာအုပ်များ ဖတ်ရှုခြင်းကို အားမပေးကြ။ အချို့ကျောင်းတိုက်များတွင် တင်းတင်းကြပ်ကြပ်ပင် ထားမြစ်ထားကြသေးသည်။

ထိုစဉ်အခါက ကိုရင်ဘ၀ဆိုသော်လည်း စာဖတ်ရသည်ကို အတော်ခုံမင်ခဲ့သည်။ သို့ရာတွင် စာကို စနစ်တကျ ဖတ်တတ်အောင် လမ်းညွှန်ပေးတတ်သူ မရှိခဲ့ခြင်းအတွက် စိတ်မကောင်းတော့ ဖြစ်မိသည်။ “ဒီအရွယ်မှာ ဘယ်စာအုပ်မျိုးကို ဖတ်ရတယ်၊ ဒီစာအုပ်လေးတွေက မင်းတို့အရွယ်နဲ့ သင့်တော်တယ်၊ ဘယ်စာအုပ်မျိုးကို စပြီးဖတ်၊ ဒါတွေကတော့ ကောင်းတယ်၊ ဒါပေမယ့် အခု မဖတ်နဲ့အုံး၊ ဒီစာအုပ်ကို ဖတ်ပြီးမှ အဲဒီစာအုပ်ကို ဖတ်….”စသည်ဖြင့် နည်းပေးလမ်းပြ ရှိခဲ့လျှင် ပိုမိုထိရောက်နိုင်ခဲ့ပေမည်။ စာသင်တိုက်ဟူသည်မှာ စာဖတ်ဖို့ အားပေးသောနေရာများ မဟုတ်ဘဲ ကြက်တူရွေးစာသင်သလို စာကျက်ဖို့သာ တိုက်တွန်းသောနေရာများဟုဆို လျှင် အများစုဖြစ်၍ မှန်သည်ဟု ဆိုနိုင်ပေလိမ့်မည်။

ကိုရင်ငယ်ငယ်ဘ၀က စာအုပ်ဆိုင်ရောက်တိုင်း ၀ယ်ယူဖတ်ဖြစ်ခဲ့သော စာများမှာ အများအားဖြင့် အားကစားဂျာ နယ်များက အဓိက ဖြစ်သည်။ ထိုစဉ်အခါက အခုခေတ်လို အားကစားဂျာနယ်များ များများစားစား မရှိ။ အင်အား ဂျာနယ်နှင့် တံခွန်တို့သာ ရှိသည်။ (မနှံ့စပ်တာလည်း ဖြစ်ကောင်းဖြစ်မည်)။ ပိုပြီး ထူးခြားသည်မှာ အားကစား အကြောင်းများမှာလည်း ပြည်တွင်းအားကစားအကြောင်းသာ အများဆုံး ပါသည်ဟု ထင်သည်။ ဒီနေ့ခေတ် ဂျာနယ်များမှာ မြန်မာ့အားကစားအကြောင်းက သိပ်ပြီး နေရာ မယူကြတော့။ ပြည်ပအားကစားအကြောင်းသာ ပါရှိလေသည်။ မှတ်မှတ်ရရ တံခွန်ဂျာနယ်တွင် အမြဲလိုလို ပါတတ်သော ကာယဗလစာမျက်နှာကို တော်တော် သဘောကျခဲ့ဖူးသည်။

ထိုစဉ်က အရာရာကို စူးစမ်းချင်သည့်အလေ့လေးကလည်း ဖွံ့ဖြိုးစဖြစ်ရာ ပီမိုးနင်း၏ အချစ်အကြောင်းနှင့် ကြီးပွားရေးစာအုပ်လေးများကလည်း အတော်ဆွဲဆောင်ခဲ့သည်။ ဒုတိယအဖတ်ဖြစ်ဆုံး စာအုပ်များမှာ ချစ်စံဝင်း ၏ စာအုပ်များ ဖြစ်သည်။ အခုအခါတွင်တော့ ဆရာချစ်စံဝင်း၏ စာအုပ်များမှာ ခံတွင်းမတွေ့နိုင် ဖြစ်နေရပြန် လေသည်။ နောက် သဘောကျခဲ့သော စာရေးဆရာမှာ ချစ်နိုင် (စိတ်ပညာ)ဖြစ်သည်။ သူ၏ “ချစ်လို့ ပြောတာ မှတ်ပါ”ဆိုသော စာအုပ်လေးမှာ ယခုအချိန်ထိ ပြန်လည်တမ်းတမိနေဆဲပင် ဖြစ်သည်။ သို့ရာတွင် စာအုပ်များ တော်တော်တန်တန် ဖတ်ရှုမိလာသောအခါ သူနဲ့လည်း လမ်းခွဲမှန်းမသိ လမ်းခွဲခဲ့ပြန်လေသည်။

နောက်ပြီး ဖေမြင့်စာအုပ်များသည်လည်း အတော်ခံတွင်း တွေ့ခဲ့သည်။ စိတ်ညစ်လာသောအခါ သူ့စာအုပ်များ ဖတ်လျှင် လူက ပြန်လည်လန်းဆန်းလာသည်။ အားတက်လာသည်။ ပတ်ဝန်းကျင်ကို အကောင်းမြင်လာတတ် သည်။ ဘ၀ကို ရဲရဲတင်းတင်း ဖြတ်သန်းနိုင်ဖို့ အားအင်တွေ ပေးတတ်သည်။ “မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား” ဆိုသောစာအုပ်မှာ လူငယ်တွေ အများဆုံး ဖတ်သင့်သောစာအုပ်ဖြစ်လို့ အတော်များများ ၀ယ်ပြီး လက်ဆောင် ပေးခဲ့ဖူးသည်။

ကိုယ်ကြိုက်သောစာအုပ်ကို လက်ဆောင်ဝယ်ပေးတတ်သည်မှာလည်း ကိုယ့်ဝါသနာတစ်ခုပင် ဖြစ်သည်။ ထိုစဉ်ကတော့ ကိုယ်ကြိုက်ပေမယ့်၊ သူက ကြိုက်မလား၊ မကြိုက်လားဆိုတာ သေချာမစဉ်းစားမိခဲ့ပါ။ ကိုယ်က ပေးချင်တာပဲ၊ ကိုယ်ခံစားသလို သူခံစားစေချင်တာပဲ၊ ကိုယ်သိသလို သူ့ကို သိစေချင်တာပဲ ရှိသည်။ ဘုန်းကြီး တွေမှာ အများဆုံး ဖြစ်တတ်သော စေတနာဟန်ဆောင်ထားသော အတ္တကလေးက ကိုရင်ဘ၀ကတည်းက ကိန်းဝပ်နေခဲ့ဖူးသည်။ ဘုန်းကြီးအများစုမှာ ကိုယ့်ဒကာ၊ ဒကာမများနှင့် တပည့်များကို ကိုယ်သိသလို ကိုယ်နား လည်သလို သိစေချင်နေကြသည်၊ ခံစားစေချင်နေကြသည်။ ထိုစိတ်ဆန္ဒအတိုင်း အတင်းအကျပ် လုပ်ခိုင်းတတ် သည်။

ငယ်ရွယ်သောကိုရင်ကလေးတစ်ပါးအတွက် အသက် ၅၀-အရွယ်ဘုန်းကြီးတစ်ပါး သိသလို၊ နားလည်သလို မည်ကဲ့သို့ ဖြစ်နိုင်ပါအံ့နည်း။ လူ့ဘ၀လူ့လောကတွင် နေထိုင်ရသော ဒကာ သို့မဟုတ် ဒကာမတစ်ဦးအတွက် ပိဋကတ်တွေ ကျွမ်းကျင်လှသော သူ့လိုဘုန်းကြီးတစ်ပါး နားလည်ခံစားသလို မည်ကဲ့သို့ ခံစားနားလည်နိုင် ပါမည်နည်း။ ထိုအချက်ကို ဘုန်းကြီးအများစုက မစဉ်းစားကြပါ။ ထိုသို့ မစဉ်းစားသည့်အတွက် ကိုယ်ထင်တိုင်း တပည့်လေးက ဖြစ်မလာသောအခါ အကြမ်းပတမ်း ရိုက်နှက်လေတော့သည်။ ဆူပူကြိမ်းမောင်းလေတော့သည်။

ဆက်လက်ဖော်ပြပါမည်......

2 comments:

吳婷婷 said...

It takes all kinds to make a world.............................................................

သဒ္ဓါလှိုင်း said...

အရှင်ဘုရား..။
နေကောင်းပါလားဘုရား..။
အချိန်ပေးပြီးစာလာဖတ်တာကျေးဇူးပါဘုရား..။

ရိုသေလေးစားစွာဖြင့်
သဒ္ဓါ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails