Saturday, June 19, 2010

ထွက်ပေါက်





ငယ်ငယ်က သီတင်းကျွတ်အခါတိုင်း ၀င်္ကဘာထဲတွင် ပြေးလွှားရင်း ပျော်ရွှင်ခဲ့ဖူးသည်။ ကျောင်းဝင်းအကျယ်ကြီးထဲတွင် ၀င်္ကဘာကို အကြီးကြီး ဆောက်ထားသည်။ ၀င်္ကဘာတိုင်ထိပ်များတွင် ဆီမီးများ ထွန်းညှိကြသည်။ ၀င်္ကဘာသည် ၀င်ပေါက်တစ်ခုသာ ရှိပြီး ထွက်ပေါက်မှာလည်း ထိုဝင်ပေါက်ပင် ဖြစ်သည်။ တောသူတောင်သားလူကြီးများ ၀င်္ကဘာတည်ဆောက်ထားသည်မှာ အံ့သြစရာကောင်းလှသည်။ ၀င်္ကဘာ၏ အလည်ဗဟိုရ်တွင် ဘုရားစင်တည်ဆောက်ပြီး ဘုရားဆင်းတုတော်တစ်ဆူကို ထားရှိပူဇော်ကြသည်။ ၀င်္ကဘာပြုလုပ်ခြင်း၏ ရည်ရွယ်ချက်အတိအကျကို မသိရသော်လည်း ၀င်္ကဘာထဲသို့ လမ်းအသွယ်သွယ်ဖြင့် အလည်က ဘုရားဆင်းတုတော်ဆီ ရောက်အောင်သွားပြီး ပူဇော်ကန်တော့ရသည်မှာ စိတ်လှုပ်ရှားဖွယ်ကောင်းသလို ပျော်စရာလည်း အလွန်ကောင်းပါသည်။

လူ့လောကဖြစ်ရပ်များစွာကိုလည်း ၀င်္ကဘာဖြင့် ခိုင်းနှိုင်းပြောဆိုကြလေသည်။ သံသရာကို ၀င်္ကဘာဖြင့် နှိုင်းကြသည်။ ရှင်းရခက်သော ပြေလည်ဖို့ မလွယ်ကူသော ပြဿနာများကိုလည်း ၀င်္ကဘာဖြင့် နှိုင်းကြသည်။ “မင်းတို့ငါတို့အဖြစ်ကလည်း ၀င်္ကဘာထဲ လမ်းလျှောက်နေရသလိုပါပဲကွာ”စသည်ဖြင့် ပြောကြသည်။ “ဒါလေးကို ဒီလို တွက်လိုက်ရင် လွယ်နေတာပဲ၊ ၀င်္ကဘာမလုပ်ချင်စမ်းပါနဲ့ကွာ”ဟု ပြောလေ့ရှိသော ငယ်ငယ်က ကျောင်းအုပ်ဆရာကြီး ပြောသောစကားကိုလည်း အမှတ်ရသည်။ မည်သို့မျှ ဖြေရှင်း၍ မပြေလည်နိုင်ကြသော ချစ်ရေးချစ်ရာကိစ္စများကိုလည်း “အချစ်ဝင်္ကဘာ”ဟု သုံးနှုန်းကြပြန်သေးသည်။ ချုပ်လိုက်လျှင် ရှင်းရန်ခက်သော ဝေ့လည်ကြောင်ပတ်ဖြစ်နေသော ဆုံးခန်းတိုင်ဖို့ခက်နေသော ပြဿနာအရပ်ရပ် ဖြစ်ရပ်အထွေထွေကို ၀င်္ကဘာဟု တင်စားနိုင်လေသည်။

ဝင်္ကဘာထဲလမ်းလျှောက်လျှင် ဘယ်သို့ ညာသို့ ဝေခွဲမရအောင်ဖြစ်နေသော လမ်းများကို တွေ့ရမည်။ တစ်ခါတစ်ရံ ဘယ်ဘက်ကွေ့ရမည် ထင်ပြီး ကွေ့သွားလိုက်လျှင် မူရင်းလမ်းသို့ နောက်ပြန်ရောက်သွားတတ်သည်။ သံသရာနှင့်ချီပြီးပြောရလျှင် ကျွန်ုပ်တို့ ပုထုဇဉ်အဖြစ်နှင့် သံသရာလည်နေမိပြီဆိုကတည်းက ၀င်္ကဘာလမ်းစထဲသို့ ချဉ်းနင်းခဲ့ပြီ ဖြစ်ပါသည်။ ဤဘ၀အဖြစ်ကိုသာ ရည်ညွှန်းလိုလျှင်လည်း အမိဝမ်းတွင်းမှ လူ့အဖြစ်ကို ရယူပြီးချိန်မှစတင်ပြီး ၀င်္ကဘာထဲသို့ ရောက်ရှိလာခဲ့ကြပြီး ဖြစ်သည်။ သို့ဖြစ်၍ လူ့ဘ၀အဖြစ်သည်ပင် ၀င်္ကဘာဖြစ်လို့ နေရပြန်သည်။ ထို့ထက်ပိုပြီး မိမိတို့ ရင်ဆိုင်နေရသော ဖြစ်ရပ်များ၊ လုပ်ငန်းဆောင်တာများ၊ တိုင်းရေးပြည်ရေး၊ မိသားစုအရေး၊ လူမှုဆက်ဆံရေး၊ နှလုံးသားရေးစသော ဘ၀၏အစိတ်အပိုင်း ဖြစ်ရပ်လေးများအားလုံးကိုလည်း ၀င်္ကဘာနှင့် တင်စားနိုင်မည်ဟု ထင်သည်။ သံသရာဝင်္ကဘာထဲမှ လက်ရှိဘ၀ ၀င်္ကဘာ၊ လက်ရှိဘ၀ ၀င်္ကဘာထဲမှ ကြုံတွေ့နေရသော ဖြစ်ရပ်ဝင်္ကဘာဟု အဆင့်ဆင့် ကြုံတွေ့နေရပေမည်။

ဤသို့ဆိုလျှင် ကျွန်ုပ်တို့အားလုံးသည် ၀င်္ကဘာထဲသို့ ၀င်လာခဲ့ပြီးဖြစ်၍ ရှောင်လွှဲ၍ မရတော့ပါ။ ဆက်လက်လျှောက်လှမ်းကြရတော့မည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ၀င်္ကဘာထဲတွင် တ၀ဲလည်လည်လုပ်ရင်း အားလုံးကို လက်မြှောက်အရှုံးပေးလိုက်နိုင်သည်။ သို့ရာတွင် ကျွန်ုပ်တို့အနေဖြင့် ထွက်ပေါက်ကို မျှော်လင့်လို့ ရနိုင်တော့မည် မဟုတ်ပါ။ ၀င်္ကဘာအတွင်းရောက်နေပြီးဖြစ်၍ “ငါကတော့ မရတော့ဘူး။ နောက်ပဲ ပြန်ဆုတ်တော့မယ်”ဟု ဆိုပြီး နောက်ဆုတ်လျှင်လည်း ထွက်ပေါက်ကို ရောက်ဖို့ လွယ်ကူလိမ့်မည်မဟုတ်ပေ။

ဝင်္ကဘာအတွင်းမှ ရသင့်ယူသင့်သော တန်ဖိုး သို့မဟုတ် ကျေနပ်ဖွယ် အနေအထားကို ရရှိပြီးမှ ထွက်လမ်းကို ဆက်ရှာလျှင် ၀င်္ကဘာထဲ ရောက်လာရခြင်း၏ အကျိုးတရားကို ရယူနိုင်ဖွယ်ရှိသည်။

ရှေးလူကြီးများ တီထွင်ခဲ့သော ၀င်္ကဘာသည် လမ်းပေါင်းများစွာဖြင့် ရှုပ်ထွေးပွေလီနေသော်လည်း ထွက်ပေါက်ကား အသေအချာ ရှိနေပါသည်။ ထို့အတူပင် သံသရာကြီးက မည်မျှရှည်လျားရှုပ်ထွေးနေသော်လည်း ထွက်ပေါက်က ရှိနေပါသည်။ လူ့ဘ၀ကြီးက မည်မျှနက်နဲရှုပ်ထွေးသော်လည်း ထွက်ပေါက်က ရှိနေပါသည်။ ကျွန်ုပ်တို့အနေဖြင့် လက်ရှိကြုံတွေ့နေရသော အခက်အခဲပြဿနာအားလုံးသည်လည်း ရှုပ်ထွေးပြီး လမ်းစပျောက်နေတတ်သည်။ သို့ရာတွင် အားလုံးတွင် ထွက်ပေါက်က ရှိနေပါသည်။

အမှန်အားဖြင့် မည်သည့်နေရာ၊ မည်သည့်အခက်အခဲတွင်မဆို ထွက်ပေါက်ရှိနေသည်ကို လူတိုင်း သိကြပါသည်။ သိသဖြင့်လည်း အဆိုပါ ထွက်ပေါက်သို့ အားထုတ်ပြေးဝင်နေကြသည်။ သို့ရာတွင် ထွက်ပေါက်ကို ပုံသေသတ်မှတ်ထား၍ မရ၊ ထွက်ပေါက်ကို အလွယ်တကူ ရောက်ရှိမည်ဟု အထင်သေးအမြင်သေး မဖြစ်စေရ။ ထွက်ပေါက်ကို အထင်သေးမိသည်နှင့်တစ်ပြိုင်နက် လမ်းစပျောက်ဖို့ အခြေအနေများသည်။ ထွက်ပေါက်မှနေပြီး လွတ်မြောက်ရာ မရောက်မချင်း အချိန်မရွေး အခက်အခဲတွေ့နိုင်သည်ဟု သိရှိထားရမည်။

ထွက်ပေါက်သို့ အမြန်ရောက်ဖို့အတွက် ဆောင်ထားရမည့် လက်နက်မှာ အခြားမဟုတ်၊ မလျှော့သော ဇွဲစိတ်ဓာတ်ပင် ဖြစ်သည်။
မည်သူမဆို တစ်နေရာရာ၌ မွန်းကြပ်ပိတ်လှောင်နေသည်ဟု ခံစားရသောအခါ ထွက်ပေါက်ကို ရှာချင်သည်။ တွေ့ချင်သည်။ နယ်တွင် လူငယ်လေးတစ်ယောက်ရှိသည်။ သူသည် မိဘနှင့်ဖြစ်စေ၊ သူငယ်ချင်းများနှင့်ဖြစ်စေ၊ သူ့ချစ်သူနှင့်ဖြစ်စေ အဆင်မပြေမှုများ ကြုံတွေ့တိုင်း ကိုယ့်ကိုကိုယ် ဆွဲကြိုးချသေဖို့ ကြံစည်တတ်လေသည်။ အကြိမ်များစွာ ကြိုးစားသည်။ သို့ရာတွင် အခုချိန်ထိ အထမမြောက်ခဲ့။ သူ့ကိုယ်သူတော့ ကိုယ့်ကိုကိုယ် သတ်သေခြင်းမှာ သူ့ထွက်ပေါက်ဟု ယူဆထားပုံရသည်။

ထိုလူငယ်လေးလိုပင် လူအများစုသည် ကိုယ့်ကိုကိုယ် သတ်သေသည့်ကိစ္စ မဟုတ်သည့်တိုင် ထွက်ပေါက်ကို အမျိုးမျိုး ဖန်တီးပြီး ရှာကြသည်။ အိမ်က မိန်းမနှင့် အဆင်မပြေလို့ ပြည့်တန်ဆာနှင့် ပျော်သည်။ စိတ်ညစ်လို့ အရက်ကို သောက်သည်။ ဖြစ်ချင်ရာ မဖြစ်လို့ အရက်သမားကြီး ဖြစ်လာခဲ့သည်။ လောကကြီးကို ငြီးငွေ့လို့ ရိပ်သာဝင်သည်။ ဘုန်းကြီးဝတ်သွားသည်။ သီလရှင်ဝတ်သွားသည်။ လောကထဲတွင် မွန်းကြပ်လို့၊ မိသားစုအတွင်း တည်ငြိမ်မှု မရလို့၊ ချစ်သူနှင့် သဘောထား မတိုက်ဆိုင်လို့၊ အကြောင်းပြချက်များစွာဖြင့် ကျွန်ုပ်တို့ ထွက်ပေါက်ကို ရှာနေကြလေသည်။

ဤနေရာတွင် “ထွက်ပေါက်”ဆိုသည်ကို သတိထားကြမိဖို့ ဖြစ်ပါသည်။ ၀င်္ကဘာထဲတွင် ကိုယ်က ထွက်ပေါက်ဟု ထင်ထားခဲ့သော လမ်းများသည် “ပို၍ရှုပ်ထွေးသောလမ်းများ၏ အစ” ဖြစ်နေတတ်သည်။ ဆိုလိုသည်မှာ “ဤမွန်းကြပ်မှု၏ ထွက်ပေါက်သည် ထိုမွန်းကြပ်မှု၏ ၀င်ပေါက်”ဖြစ်နေတတ်သည်။ ချစ်သူရည်းစားနှင့်အဆင်မပြေသဖြင့် အရက်ကို သောက်မိသူသည် အရက်ကျေးကျွန်ဘ၀၏ ၀င်ပေါက်ဖြစ်နေသကဲ့သို့ပင် ဖြစ်ပါသည်။ ထွက်ပေါက်မှားမိပြီဆိုလျှင် “နောက်ဆုတ်ဖို့ ကြိုးစားရင်း ရှေ့တိုးမိ….”ဆိုသကဲ့သို့ ဆက်လက်နစ်မျောသွားတတ်ကြလေသည်။

အမှန်အားဖြင့် ထွက်ပေါက်၏ အဆုံးသည် လွတ်လပ်မှု ဖြစ်နေသင့်သည်ဟု တစ်ထစ်ချ မှတ်ယူထားသင့်သည်။ ထွက်ပေါက်၏ အဆုံးသည် “လွတ်လပ်မှု၊ တည်ငြိမ်မှု၊ အေးချမ်းမှု၊ ဖူလုံမှု”တို့ ဖြစ်နေစေရမည်။ လူ့ဘ၀တည်းဟူသော ပင်မ၀င်ပေါက်ကြီးသို့ ၀င်လာခဲ့ကြပြီးဖြစ်၍ ကျွန်ုပ်တို့အနေဖြင့် ဘ၀၀င်္ကဘာထဲတွင် ၀င်ပေါက်အသေးများ၊ ထွက်ပေါက်အသေးများ များစွာကို ဖြတ်သန်းကြရမည် ဖြစ်သည်။ ထွက်ပေါက်မမှားကြဖို့တော့ လူ၏ ဆင်ခြင်တုံတရား၊ ကိုယ်ကျင့်သိက္ခာ၊ တန်ဖိုးများကို ထိန်းသိမ်းခြင်းနှင့် များစွာ ဆက်စပ်တည်မှီနေပါလိမ့်မည်။

မှန်ကန်တည့်မတ်သော ထွက်ပေါက်ကို အောင်အောင်မြင်မြင် ရောက်ရှိဖို့ဆိုလျှင် မိမိရောက်ရှိနေသော ဘ၀ဖြစ်တည်မှုနှင့် မိမိလျှောက်လှမ်းမိနေသော လမ်းကို သေချာသုံးသပ်ဖို့ လိုပါလိမ့်မည်။ ထွက်ပေါက်များအကြောင်း စဉ်းစားရင်း “ညီငယ်၊ ညီမငယ်များရဲ့….စိတ်ထွက်ပေါက် မမှားကြစေနဲ့”ဟူသော ဆရာတစ်ဦး၏ စကားလေးက ခေါင်းထဲ ရစ်ဝဲလာနေတော့သည်။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails