Monday, June 28, 2010

ဘ၀နှင့် အရိပ်များ



အရိပ်တွေ..။ အရိပ်တွေ ပြေးနေကြသည်။ အရိပ်တွေ တိမ်လိပ်တွေလို ပြေးနေကြသည်။ အရိပ်တွေက ခဏ ခဏ တက်လာလိုက်၊ ပြေးသွားလိုက်၊ ပျောက်ကွယ်သွားလိုက်၊ ပြေးနေကြသည်။ လောကထဲမှာ ပြေးလွှားနေ ကြသော လူတွေကလည်း အချိန်၏ဖြစ်စဉ်ထဲတွင် တိမ်တွေလို ပြေးလွှားနေကြလေသည်။

ပြေးလွှားနေသော တိမ်တိုက်များထဲတွင် ချစ်လှစွာသော မေမေလည်း ပါသည်။ လေးစားရသော ဖေဖေလည်း ပါသည်။ နွေးထွေးသော မိသားစုလေးလည်း ပါသည်။ တိမ်တိုက်တွေထဲမှ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသော လှောင်ပြုံးပြုံးလေးတွေလည်း ပါနိုင်သည်။ လက်ခုပ်သံသံအချို့လည်း ပါသည်။ ဖြစ်နိုင်လျှင် အတိတ်မေ့လိုက် ချင်သည်။ ဖြစ်နိုင်လျှင် မေ့နေသော အတိတ်များကို ပြန်လည် ခလုတ်တိုက်ချင်သည်။

သောကများဖြင့် ပြည့်နှက်နေသောအခါ တိမ်တိုက်များသည် မည်းမှောင်နေတတ်ပြီး မေတ္တာတရားဖြင့် ပြည့်နှက်ပြီး ကြည်နူးဖွယ်ရာများ ပိုင်ဆိုင်နေသောအခါ တိမ်တိုက်များသည် ဖြူစင်တက်ကြွနေတတ် လေသည်။ ဘ၀မှာ သင်ဟာ ခဏတာ ပျော်ရွှင်ခဲ့ဖူးတယ်ဆိုရင် ထိုအရသာမျိုးကို ဘယ်နှစ်ကြိမ်လောက် အားရပါးရ ပိုင်ဆိုင်ခဲ့ဖူးပါသနည်း။

“စိတ်ဓာတ်တွေ ကျတယ်၊ စိတ်ညစ်တယ်”လို့ ငြီးညူခဲ့ဖူးမယ်ဆိုရင် ခဏတာလေးကို အကြာကြီး သင်ထင်နေ ခဲ့ဖူးလိမ့်မည်။ ထိုကဲ့သို့သော ခံစားချက်မျိုးကို ဘ၀လို့ သင် အဓိပ္ပာယ်ဖွင့်ဆိုချင်ပါသလား။ ဘယ်လိုပဲဖြစ်ဖြစ် ပျော်ရွှင်နေရင် သင်ဟာ ဘ၀ဆိုတာ လန်းလန်းဆန်းဆန်း ဖြစ်နေတယ်လို့ သင် ထင်မည်။ ၀မ်းနည်းဖွယ်များဖြင့် ပြည့်နှက်နေသောအခါ သင်ဟာ ဘ၀ဖြစ်တည်မှုကို ပြဿနာရှာကောင်း ရှာမည်။ ဤခံစားချက် သည်ပင် ဘ၀ဖြစ်သည်ဟု ထင်ပြီး ထိုဘ၀သည်ပင် သင်၏ ထင်မြင်ချက်တစ်ခုသာ ဖြစ်နေပေလိမ့်မည်။

“ဘ၀ဟူသည် နှုတ်ယူလို့လည်း မရ၊ ပေါင်းထည့်လို့လည်း မရသောအရာ ဖြစ်သည်”ဟု စာရေးဆရာတစ်ဦးက ပြောဖူးသည်။ သူ့စကားအရဆိုလျှင် ဘ၀ဟူသည်မှာ ပြဓာန်းခံအရာတစ်ခုသာ ဖြစ်နေသည်။ Passive Type သဘောသာ ဖြစ်နေသည်။ အချို့ကတော့ “ဘ၀ဆိုတာ တိုက်ပွဲ - Life is struggle”လို့ ဆိုတတ်ကြပြန်သည်။ ဤသဘောအတိုင်းဆိုလျှင် ဘ၀ဟူသည် ပြဓာန်းခံအရာ မဟုတ်တော့။ အရာရာကို ကိုယ်ကိုယ်တိုင် ဖန်တီးနိုင်သော အရာဖြစ်လာသည်။ Active Type သဘောရှိသည်။ ပြဓာန်းခံအယူအဆသမားများက ဘ၀ကို တစ်စုံတစ်ရာထံ ၀ကွက်အပ်ထားသည်။ လုပ်နိုင်သမျှ လုပ်မည်၊ မရလျှင်လည်း ထိုတစ်စုံတစ်ရာ၏ သဘော သာဖြစ်သည်ဟု လက်ခံသည်။

“ဘ၀ဆိုတာ ကိုယ့်လက်ထဲက ကိုယ်တိုင်ဖန်တီးနိုင်သော အရာတစ်ခု ဖြစ်တယ်”ဟု ယူဆသူများက ဘ၀ကို ကိုယ်လိုချင်သလို ဆွဲခေါ်သည်။ ဖြစ်စေချင်သလို ဖန်တီးသည်။ “ဘ၀ဆိုတာ ကိုယ့်လက်ထဲက ကိုယ်ဖန်တီး သလို ရတဲ့အရာ ဖြစ်တယ်”ဟု ခံယူထားသူသည် လွတ်လပ်သည်။ အမှီအခို ကင်းသည်။ သို့ရာတွင် တာဝန်ပိုကြီးသည်။ လုပ်လိုက်သမျှအရာများ အဆင်ပြေနေလျှင် ကိစ္စမရှိ။ အဆင်မပြေခဲ့လျှင် အပြစ်တင်စရာ ဘုရားသခင်က သူ့အနားမှာ မရှိ။ မပိုင်နိုင်လျှင် ပို၍ ခံစားရဖို့သာ ရှိလေသည်။ မည်သို့သော အတွေးအမြင် များကို ကိုင်စွဲပြီး ဘ၀အပေါ် သဘောထားထား အားလုံးသည် သူတို့ဘ၀များ၏ အရိပ်များပင် ဖြစ်နေပါသည်။

တစ်နေ့က အွန်လိုင်းမှာ ကိုယ့်ကို တစ်ခါမှ စပြီး နှုတ်မဆက်ဖူးသော ကောင်မလေးတစ်ယောက်က “ဦးဇင်းနဲ့ စကားပြောချင်လို့”ဟု ဆိုလာသည်။ သူသည် ခရစ်ယာန်မလေးတစ်ယောက်ဖြစ်သည်။ သူသည် အသိုင်း အ၀ိုင်းလည်း ကောင်းသည်။ ရုပ်လည်း ချောသည်။ ငယ်လည်း ငယ်သည်။ သို့ပေငြား သူမသည် လောကမှာ ကြာကြာမနေနိုင်သောရောဂါသည် ဗုဒ္ဓဘာသာအမျိုးသားတစ်ယောက် (ဦးဇင်းနှင့် ညီအစ်ကိုလို ချစ်ရသူ)နှင့် ချစ်သူဖြစ်ခဲ့သည်။

သူတို့တွေ တွဲသွားတွဲလာ ဖြစ်နေစဉ်က “ဦးကု… တပည့်တော်တို့ လက်ထပ်တော့မယ်”ဟု ဆိုလာသောအခါ အံ့သြခဲ့ရသည်။ “အစ်ကို ဟိုအကြောင်း သူ့ကို ပြောလိုက်ပြီးပြီလား”ဟု မေးသောအခါ “ပြောပြီးတာ ကြာပြီ၊ သူမက နောက်မဆုတ်ဘူး”ဟု ပြောသည်။ ကာယကံရှင်များကိုယ်တိုင် မည်သို့ ခံစားရမည်မသိ၊ အံ့သြစိတ် ရော၊ ၀မ်းသာစိတ်ရော ရောရောပြွမ်းပြွမ်း ဖြစ်နေခဲ့ရသည်။

ထိုအခါက အချစ်ဆိုတာကို တွေးနေခဲ့ဖူးသည်။ ချမ်းမြေ့ဆရာတော်ကြီး အထက်ပိုင်း ကလေးမြို့နယ်တွင် ခရစ်ယာန်ဆရာတော်များက ကြီးမှူးကျင်းပသော တရားပွဲတွင် ဆရာတော့်ကို “အချစ်ဆိုတာ ဘာလဲ”ဆိုသော မေးခွန်း အမေးခံခဲ့ရ၍ တဝေါဝေါ ရယ်ခဲ့ကြရသည်ဟု ဆိုသည်။ တကယ်တော့ အချစ်ဟူသည် မည်သူဖြစ်ဖြစ် ချစ်ဖူးသည်ဖြစ်စေ၊ မချစ်ဖူးသည်ဖြစ်စေ အဓိပ္ပာယ်တော့ နားလည်နေသင့်သောအရာ ဖြစ်သည်ဟု ထင်သည်။ အမှန်ဆိုရလျှင် အချစ်ကို နားမလည်သူသည် ဘ၀ကို နားမလည်သူသာ ဖြစ်ပေလိမ့်မည်။ အဘယ့်ကြောင့် ဆိုသော် ဘ၀ဟူသည် အချစ်တို့နှင့် ပေါင်းစပ်တည်ရှိနေသောကြောင့်ပင် ဖြစ်ပါသည်။

ကိုရီးယားဇာတ်လမ်းတွဲတွေ ကြည့်စဉ်က သူတို့အချစ်ကို တင်စားနေကြသည်မှာ ပိုသည်ဟု ထင်သည်။ ထိုအထင်ကို ထိုခရစ်ယာန်မလေးက ဖျက်ဆီးပစ်လိုက်သည်။ အချစ်ဟူသည် သိက္ခာရှိသော၊ ကျက်သရေ ရှိသော၊ ချစ်စရာကောင်းသော အရာတစ်ခုဖြစ်သည်ဟု မြင်လာသည်။ သေရမည့်ရောဂါရှိသူအနေဖြင့် ချစ်သူ တစ်ယောက် ဒါမှမဟုတ် အိမ်ထောင်ဘက်တစ်ယောက်ကို မည်သို့ မျှော်လင့်နိုင်ပါမည်နည်း။ မည်သည့် ဆင်ခြင်တုံတရားကမှ မျက်နှာသာပေးဖွယ်မရှိသောအရာကို အချစ်က ဖန်တီးပြသည်။ သိက္ခာရှိ သော၊ ချစ်စရာကောင်းသော အချစ်ကို ပြသခဲ့သော ချစ်သူများသည်လည်း ဘ၀ပုံရိပ်များကို တစ်နည်းတစ်ဖုံ တန်ဖိုးရှိ နေစေခဲ့သည်။

သူမသည် အစ်ကို့ကို ချစ်လို့ လက်ထပ်ခဲ့သော်လည်း ဘုရားစင်ကို ကြည့်မရ။ ဘုရာစင်ရှေ့ကို ဘယ်တော့မှ မသွား။ အိမ်ကို သွားလည်တိုင်း အတွေ့မခံ။ အစ်ကို့ကို လက်ထပ်နိုင်လို့ သူ့အချစ်ကို အံ့သြကြောင်း လေးစား ကြောင်းတွေ ပြောချင်သည်။ “မင်းတို့ သမ္မာကျမ်းစာက လောကလူသားတွေအတွက် ကောင်းရာမွန်ရာ ကျမ်းတစ်ဆူအဖြစ် ရှိနေကြောင်းကိုလည်း သူမကို ပြောပြချင်သည်”။ အိမ်ရှေ့ခန်းတွင် ဘုရားအကြောင်း၊ တရားအကြောင်းပြောနေစဉ် သူမသည် တစ်ဖက်အခန်းထဲတွင် နားကို ပိတ်ပြီး နေလေ့ရှိသည်ဟု ဆိုသည်။ “ဘုရားသခင် အမျက်ထွက်မှာ စိုးလို့”ဟု အစ်ကိုက တစ်ဆင့် ပြောပြသည်။ သူမသည် ထာဝရဘုရားသခင်၏ မေတ္တာနှင့် အမျက်တော်ကြားတွင် ဗျာများနေသူတစ်ယောက် ဖြစ်နေသည်ဟု ထင်သည်။ ကြုံကြိုက်လို့ ဗုဒ္ဓဘာသာအကြောင်း ပြောလျှင် “တော်ပါတော့၊ တော်ပါတော့”ဟု နားပိတ်ပြီး အော်သည်။

နောက်ပိုင်းတွင် “နင့်ကို ဗုဒ္ဓဘာသာအကြောင်း မဟောပါဘူးကွ၊ သမ္မာတရားပဲ ဟောပါ့မယ်၊ ငါနဲ့ လာစကား ပြောပါအုံး”လို့ အတင်းခေါ်ရာကနေ စကားတွေ ပြောဖြစ်လာခဲ့သည်။ သမ္မာကျမ်းစာ၏ ကောင်းရာမွန်ရာ အချက်များကိုသာ သူမကို ပြောပြသည်။ သို့ရာတွင် မခေါ်ဘဲနဲ့ မလာတတ်။ နောက်ပိုင်း ခေါ်ရဖန်များသောအခါ သူမနှင့် စကားအဆက်အသွယ် ပြတ်ခဲ့သည်။ မပြောဖြစ်ခဲ့တော့။ နောက်ပိုင်း သိရတာက သူ့ကို အုပ်ထိန်းသော ခရစ်ယာန်ဘုန်းကြီးက ဗုဒ္ဓဘာသာဘုန်းကြီးတွေနှင့် မလိုအပ်ဘဲ စကားမပြောရဟု ပြောထား ကြောင်း သိရသည်။

“ဦးဇင်းနဲ့ စကားပြောချင်လို့”ဆိုပြီး ဂျီတော့ခ်ကနေ ခေါ်တော့ “နင် ဘုရား(ချာခ်ျ)ကျောင်းကော တက်ဖြစ်လား၊ ကျမ်းစာတွေကော ရွတ်ဖြစ်လား၊ ချာခ်ျကျောင်းမှာ သီချင်းတွေကော သွားဆိုဖြစ်သေးလား”လို့ မေးတော့ သူမက ရယ်နေခဲ့သည်။ “ဘာလို့ ရယ်နေတာလဲ”ဆိုတော့ “အဲဒါတွေ မလုပ်တော့ဘူး၊ ချာပ်တော့ တက်ဖြစ်ပါ တယ်”လို့ ဆိုသည်။ “ခရစ်ယာန်တစ်ယောက်ဟာ ချာခ်ျကျောင်းတက်ရမယ်၊ သမ္မာတရားကို နာရမယ်၊ ဒါတွေက ခရစ်ယာန်တစ်ယောက်အတွက် လုပ်သင့်လုပ်ထိုက်တဲ့အရာတွေပဲ”လို့ ပြောလိုက်ခဲ့သည်။ “ဒါဆိုရင် ဘုရားရှိခိုးတာ၊ ပုတီးစိပ်တာ၊ တရားထိုင်တာတွေကရော ဗုဒ္ဓဘာသာအတွက် လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေလား”လို့ သူမက ပြန်မေးတော့ “ဟုတ်တာပေါ့”လို့ ဖြေခဲ့သည်။ “ဒါဆိုရင် ဗုဒ္ဓဘာသာတစ်ယောက် လုပ်သင့်လုပ်ထိုက်တာတွေကို ကျွန်တော် လုပ်နေပြီ”လို့ သူမက ပြောလိုက်တော့ အံ့သြသွားခဲ့ရသည်။ “ဒါဆိုရင် နင် နားနှစ်ဖက်ကို လက်နဲ့ အုပ်ထားသေးလား”ဆိုတော့ “No, Never”လို့ ဖြေသည်။

ပြဓာန်းခံဝါဒမှ ကိုယ့်အားကိုယ်ကိုးဝါဒ ပြောင်းလာသူ သူမအတွက် ၀မ်းသာရပါသည်။ ထိုနေ့က သူမအရိပ်အောက်တွင် အေးမြနေခဲ့သည်ကို အမှတ်ရသည်။ ဘ၀ကို ကိုယ်တိုင်ဖန်တီးပြီး ကိုယ့်အရိပ် အောက် ကိုယ်ဖာသာ လျှောက်လှမ်းရသည် ဆိုသော်လည်း ဆက်နွယ်နေသော ပြင်ပအရိပ်များ အောက်တွင်လည်း အေးမြဖို့ အခွင့်အရေး ရှိနေသည်မှာ ဘ၀၏ ဆုလာဒ်တစ်ခုပင် ဖြစ်သည်ဟု ထင်ပါသည်။

တစ်နေ့က ရန်ကုန်က ညီငယ်တစ်ယောက်က ဂျီတော်ခ်ကနေ “ဦးဇင်း သူဇာ လက်ထပ်သွားပြီ”လို့ ဆိုသည်။ “မင်းနဲ့ မဟုတ်ဘူးလား”ဆိုတော့ “အခြားတစ်ယောက်နဲ့”လို့ ပြောသည်။ နယ်က ပြောင်းလာပြီးကတည်းက သူတို့ ချစ်သူတွေ ဖြစ်နေကြသည်။ တစ်နှစ်လောက်ကြာသောအခါ “တပည့်တော်တို့က နောက်နှစ်ကျရင် လက်ထပ်မှာ၊ ဒါကြောင့် အတူတူ နေနေကြတာ”လို့ ပြောသည်။ လစ်ဗင်းတူဂဲသား၊ ဘာတတ်နိုင်မည်နည်း။ ထိုအရာအားလုံးကို သိထားတော့ “သူဇာ လက်ထပ်သွားပြီ”လို့ ဆိုသောအခါ အံ့သြသည်။ ညီငယ်က သူ့ထက်သာတဲ့ သူတစ်ယောက် (ရုပ်လည်း သာတယ်၊ အထူးသဖြင့် ပိုက်ဆံ ချမ်းသာတယ်)ကို လက်ထပ် သွားပြီ ဆိုသောအခါ မင်သက်ခဲ့ရပြန်သည်။ သူဇာ၏ သူငယ်ချင်းကို မေးကြည့်သောအခါ “ဦးဇင်းရယ်… သူဇာက မောင်ဇော်ကို ဘယ်ရွေးမလဲ၊ အခု လက်ထပ်တဲ့သူက အစစအရာရာ သာတယ်လေ”လို့ ပြောလိုက် တော့ ပိုလို့ အံ့သြရပြန်သည်။

ဆရာနန္ဒာသိန်းဇံ၏ “ပြောရင်းပြောနေမည့် ချစ်ခြင်းမေတ္တာ” စာအုပ်ထဲက ကြက်ဖပုံပြင်ကို သွားသတိရသည်။ ကြက်ဖနှစ်ကောင်သည် သူ့အုပ်စုနှင့်သူ မင်းမူနေကြသည်။ နှစ်ကောင်လုံးတွင် ကြက်မများစွာ ရှိသည်။ တစ်နေ့ ထိုကြက်ဖနှစ်ကောင် တိုက်ခိုက်ကြသည်။ ကြက်မများက ဘေးကနေ ၀ိုင်းကြည့်နေကြသည်။ တစ်ကောင်က သွေးသံရဲရဲဖြင့် ထွက်ပြေးသွားသောအခါ နှစ်ဖက်အုပ်စုမှ ကြက်မများသည် အနိုင်ရသူ ကြက်ဖ နောက်သို့သာ လိုက်သွားကြသည်။

အနောက်တိုင်းစာပေတွင် Consequentialism and Non Consequentialism လို့ ၀ါဒ နှစ်ခု ရှိသည်။ စီးပွားရေးတွင် အထူးသဖြင့် သုံးသည်ဟု ထင်သည်။ ကိုယ်ကျိုးမျှော်ဝါဒနှင့် သူ့အကျိုးကြည့်ဝါဒဟု ဆရာတစ်ဦးက ဘာသာပြန်သည်။ အချစ်ဆိုသည်မှာ ကိုယ်ကျိုးမျှော်ဝါဒလား၊ သူ့အကျိုးကြည့်ဝါဒလား။ အမှန်အားဖြင့် အချစ်ဆိုသည်မှာ လိုချင်မှု၊ တပ်မက်မှုများ၏ အမည်သာ ဖြစ်သည်။ သို့ရာတွင် ထိုအချစ်ကို ကိုင်စွဲထားသောသူများမှာ အခြားမဟုတ်၊ လူသားများ ဖြစ်သည်။ လူသားများသည် သူတို့ကိုယ်သူတို့ သက်ရှိ များတွင် အသိဉာဏ်အရှိဆုံး၊ အမြင့်မြတ်ဆုံးဟု သဘောထားသည်။ ထိုသဘောထားနှင့် ကိုက်ညီအောင် လူသားတွင် သိက္ခာတရားရှိသည်။ တန်ဖိုးတွေ ရှိသည်။ အချစ်ကို ထိုတန်ဖိုးများ၊ ထိုသိက္ခာတရားများနှင့် သဟဇာတဖြစ်အောင် ပေါင်းစပ်ပစ်ဖို့ လိုသည်။

တန်ဖိုးသိက္ခာမရှိသော ချစ်ခြင်းတရားသည် တိရစ္ဆာန်တို့၏ အချစ်နှင့် ဘာများ ထူးခြားနေမည်နည်း။

တိရစ္ဆာန်များက အချစ်ကို ရယူလိုမှု၊ ပိုင်ဆိုင်မှု၊ တပ်မက်မှုတစ်ခုတည်းအဖြစ်သာ သဘောထားကြသည်။

လူသားက ထို့ထက် နည်းနည်းတော့ ပိုသင့်သည်။

သို့မှသာ လူသား၏ ပုံရိပ်က ကျက်သရေ ရှိနေမည်။ အဓိပ္ပာယ်ရှိနေမည်။ တန်ဖိုးရှိနေမည်။

ဘ၀မှာ မည်သို့သော ပုံရိပ်တွေ လွှမ်းမိုးနေပါသလဲ။ ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်မှု၊ ရယူမှုတစ်ခုအဖြစ်သာ သဘောထားခဲ့ပါသလား။ သို့မဟုတ် လူသားတစ်ယောက်၏ တန်ဖိုး၊ ဂုဏ်သိက္ခာများနှင့် ပေါင်းစပ်ဖန်တီးခဲ့ပါသလား။ ထိုပုံရိပ်များသည် ဘ၀၏ ၀မ်းနည်းခြင်း၊ ၀မ်းသာခြင်းကို အဆုံးအဖြတ်ပေးမည်။ ကိုယ်တိုင် ဖန်တီး လိုက်သော ထိုအရိပ်အောက်တွင် တစ်သက်လုံးနေရမည်ဖြစ်ပါ၍ ကိုယ့်ရင်ဘတ်ကို ကိုယ်တိုင် အနုစိတ်လိုက် ဖို့ လိုသည်။ ဆန်းစစ်နေမိဖို့ လိုသည်။ ဆန်းစစ်ပြီးပြီလား။

ဘာပဲဖြစ်ဖြစ် လာရောက်ခိုလှုံသူများကို အေးမြစေသော အရိပ်ဖြစ်အောင် ကြိုးစားချင်ပါသည်။ မိဘ၊ ဆရာ၊ သူငယ်ချင်းတို့၏ အေးမြသောအရိပ်အောက်တွင်လည်း ခိုလှုံချင်ပါသည်။ သူ့အရိပ်၊ ကိုယ့်အရိပ် အပြန်အလှန် ဆက်စပ်နေသော လောကတွင် မိမိကိုယ်တိုင်၏ အရိပ်တွေ ပိုမိုအေးမြအောင် ကြိုးစားဖို့တော့ အရင်ဆုံး ကြိုးစားရပေအုံးမည်။

……………………………………………….
ထို ………ကဲ့ ………... သို့
အရိပ်များ ပြေးလွှားနေခဲ့ကြလေသည်။
……………………………………………………..။

(မှတ်ချက် ….. ခေါင်းစဉ်၏ ကျယ်ဝန်းမှုကို အမီမလိုက်နိုင်ခဲ့ပါ။ အထိုက်အလျောက်တော့ ဘ၀နှင့်အရိပ်များကို မီးမောင်းထိုးပြနိုင်ခဲ့လိမ့်မည်ဟု ထင်သည်)

4 comments:

哲維維 said...

在莫非定律中有項笨蛋定律:「一個組織中的笨蛋,恆大於等於三分之二。」......................................................................

အရှင်ဝိသာရဒ(ရမ္မာဝတီ) said...

လေးစားချီးကျူးပါတယ်ဘုရား။

宛真宛真 said...

一個人的價值,應該看他貢獻了什麼,而不是他取得了什麼....................................................................

waihnaugnlwin said...

အရင်ကဒီနေရာလေးကို မလာခဲ့မိတဲ့အချိန်တွေကိုတောင် နှမြောမိပါတယ်။ စာတစ်ပုဒ်ကိုဖတ်လိုက်မိတိုင်း တပည့်တော်ရဲ့စိတ်တွေကျွံဝင်သွားတော့တာပါပဲဘုရား။ တဂိုးက “အချစ်ဆိုတာ ၀န်ထမ်းခြင်း“လို့ပြောဖူးတယ်ဘုရား။ ဦးဇင်းရဲ့ဆောင်းပါးကိုဖတ်လိုက်ရတော့ ဟိုအရင်ကအချစ်အတွက်နာကျင်ခဲ့ရတဲ့ နေ့ရက်တွေပျောက်ဆုံးခဲ့ရပါတယ်ဘုရား။ မချစ်တတ်သော်လည်း အချစ်ကိုတော့နားလည်ရမယ်-ဆိုတဲ့စကားလေးကိုလည်း နှစ်သက်မိပါတယ်ဘုရား။ ဆောင်းပါးတစ်ခုလုံးမှာ ဘက်ပေါင်းစုံကနေရှာဖွေတင်ပြထားတော့ အပြစ်ဆိုစရာမရှိ နတ်မိမယ်အလားခံစားရပါတယ်ဘုရား။ လေးစားပါတယ်ဘုရား။

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails