Wednesday, June 16, 2010

ချီးမွမ်းခြင်းအလှ (အဆက်)



မိမိတို့ဝန်းကျင်မှ မိသားစုလေးများတွင်လည်း ထိုသို့သော အဖြစ်အပျက်လေးများ မကြာခဏ တွေ့နေရတတ်သည်။ မိသားစုများတွင် ကလန့်လေးများ၊ လူဆိုးလေးများ တွေ့ရတတ်သည်။ ထိုလူဆိုးလေးများမှာ တစ်စုံတစ်ခုသော အမှားကြောင့် မိဘနှင့် ညီအစ်ကိုမောင်နှမတို့၏ မေတ္တာမဖက် အေးစက်စက် ဆက်ဆံရေးကြောင့် ဖြစ်နေတတ်သည်က များလေသည်။ တစ်နှစ်က အလွန်ရင်းနှီးသော အိမ်တစ်အိမ်သို့ အလည်ရောက်ခဲ့သည်။ အမေဖြစ်သူက မျက်နှာခပ်ညှိုးညှိုးဖြင့် ဘေးတွင် ထိုင်နေသော သူ၏ သားလတ်ကို ကြည့်ရင်း “ဦးကုရေ … ဟိုအလတ်ကောင်ကို ဆုံးမသွားပါအုံး၊ ပြောမရဆိုမရ၊ တော်တော်ကို ဆိုးနေတယ်၊ အိမ်မှာ သူ့ကြောင့် စိတ်ဆင်းရဲနေကြရတယ်၊ ဟို သူ့ညီနဲ့ဆို တစ်ခြားစီပဲ၊ တပည့်တော် မွေးတဲ့အထဲမှာ သူကတော့ ဂြိုဟ်ပါပဲ ဦးဇင်းရယ်”ဟု တိုင်တန်းနေခဲ့သည်။

ထိုကလေးနှင့်ပတ်သက်ပြီး အသိတရားများ များစွာ ရခဲ့ဖူးသည်။ သူသည် မိသားစုတွင် လူထူးကလေးဖြစ်သည်။ သူ့ဗီဇအရ သူတို့ထင်သလို လူဆိုးလေးမဟုတ်။ သူတို့ဖြစ်စေချင်သလို မဖြစ်သော လူငယ်လေးတစ်ယောက်မျှသာ ဖြစ်နေလေသည်။ သူသည် သူများသဘောကျအောင်လည်း မလုပ်တတ်။ သူ့ဗီဇအတိုင်း အေးအေးဆေးဆေး နေသည်။ အခြားညီအစ်ကိုမောင်နှမများနှင့် ပုံစံချင်း မတူ။ ထိုကဲ့သို့ အေးဆေးစွာ နေထိုင်တတ်သောအလေ့အကျင့်ကို မိဘများနှင့်အခြားမိသားစုဝင်များက အကောင်းမမြင်။ အလေးမထားခဲ့ကြ။ သူ့အပြုအမူများကို မကြာခဏ လှောင်ပြောင်သည်။ တစ်ခါတစ်ရံ ကဲ့ရဲ့သည်။ တဖြည်းဖြည်းနှင့် သူသည် မိသားစုတွင် တစ်မျိုးတစ်ဘာသာ ဖြစ်လာခဲ့လေသည်။

လူငယ်သဘာဝသည် ပတ်ဝန်းကျင် အထူးသဖြင့် မိဘများ၏ နွေးထွေးသော နားလည်မှုတို့ဖြင့် ၀န်းရံမှသာ ဘ၀ခရီးကို ပုံမှန်ရှေ့ဆက် ချီတက်နိုင်သည်။ ထိုအရာကို နားလည်ထားမှ မိဘတို့က သူ၏ ပုဂ္ဂလိကဗီဇ သို့မဟုတ် သူတန်ဖိုးထားသောအရာတို့ကို အရောင်တင်ပေးရင်း ပြုစုပျိုးထောင်နိုင်စွမ်း ရှိလာမည် ဖြစ်သည်။

အခါခပ်သိမ်း ချီးမွမ်းနေရမည်လား။ ထိုသို့လည်း မဟုတ်ပါ။ ချီးမွမ်းမှုတွင် သဘာဝစည်း သို့မဟုတ် ဘောင်ကလေးများတော့ ရှိရသည်။ ဒီဂရီ ရှိရသည်။ နည်းနည်းတော်သော ကလေးကို နည်းနည်းသာ ချီးမွမ်းစကား ပြောရသည်။ များများတော်သောကလေးကို များများ ချီးမွမ်းပေးရသည်။ အချိန်အခါနှင့်နေရာဒေသကိုကြည့်ပြီး ချီးမွမ်းခြင်းအားဆေးကို ပေးရလေသည်။ ဆေးများတွင် တန်ဆေးလွန်ဘေးရှိသကဲ့သို့ သားသမီး၊ သို့မဟုတ် တပည့် သို့မဟုတ် ချီးမွမ်းခံပုဂ္ဂိုလ်အတွက် ချီးမွမ်းစကားတွင်လည်း တန်ဆေးလွန်ဘေး ရှိနေတတ်ပြန်သည်။

သူငယ်ချင်းတစ်ယောက်က ပြောဖူးသည်။ သူ့ကို အမြဲချီးမွမ်းပြီး အားပေးစကားပြောတတ်သော သူငယ်ချင်းကို အရမ်းသတိရကြောင်း ပြောသည်။ တစ်နေ့ သူတို့ ပြန်ဆုံတွေ့ပြီး သွားအတူ လာအတူ ပြန်နေခွင့်ရသောအခါ ထိုသူငယ်ချင်းက သူ့ကို ချီးမွမ်းစကား မပြောတော့သဖြင့် သူ့မှာ နေမထိ ထိုင်မသာ ဖြစ်ခဲ့ကြောင်း ပြောပြနေခဲ့သည်။ နောက်ပိုင်း လုပ်နေကျအလုပ်များကို ဆက်မလုပ်ချင်တော့သည်အထိ ဖြစ်လာခဲ့သည်ဟု ဆိုသည်။

အခြားသူငယ်တစ်ယောက်က ပြောပုံက တစ်မျိုးဖြစ်သည်။ သူသည် သူ့သူငယ်ချင်းကို သိပ်ချစ်ကြောင်း၊ သူငယ်ချင်း၏ လုပ်ရပ်များကို အမြဲတစေ အားပေးချီးမွမ်းခဲ့ကြောင်း ပြောပြသည်။ သို့ရာတွင် အခုအခါတွင် အဆိုပါ အချစ်ဆုံးသူငယ်ချင်းနှင့် အဆက်အသွယ်ဖြတ်လိုက်ပြီဖြစ်ကြောင်း ရင်ဖွင့်သည်။ အကြောင်းကတော့ အဆိုပါ သူငယ်ချင်းသည် သူ့ချီးမွမ်းစကားများဖြင့် ဘ၀င်မြင့်ပြီး သူ့ကိုပင် မထေမဲ့မြင်ပြုနေခဲ့သည်ဟု ဆိုသည်။

လူတော်တစ်ယောက်ကို တွေ့ဖူးသည်။ သူသည် အလုပ်တော်တော်များတွင် ကျွမ်းကျင်မှုရှိသည်။ လုပ်နိုင်ကိုင်နိုင်စွမ်း ရှိသည်။ ၀မ်းနည်းဖွယ်ကောင်းသည်မှာ သူသည် လူတစ်ဦး၏ ခိုင်းဖက် ဖြစ်နေသည်။ သူ့ကို အမြဲချီးမွမ်းပြီး လိုချင်သလို အခိုင်းခံနေရသည်။ သူကတော့ ထိုသူ၏ ချီးမွမ်းစကားများထဲတွင် နစ်မျောပြီး ခိုင်းသမျှကို လုပ်ပေးနေမိသည်။ ရလာနိုင်သောအကျိုးဟူသမျှကို အမြဲချီးမွမ်းသူက အမြဲရယူပြီး သူသည် အခိုင်းအစေတစ်ယောက်သာသာ ဖြစ်နေခဲ့သည်။

သို့ဖြစ်၍ ချီးမွမ်းခြင်းတွင် “ဒါပေမယ့်”ဆိုသောဝေါဟာရ မရှိသော်လည်း နေရာမကျလျှင်ကား ဆိုက်အက်ဖက်(ဆိုးကျိုး)များစွာ ရှိနေလေသည်။ ချီးမွမ်းခြင်းတွင် သူ့အကျိုးအကြောင်းနှင့်သူ ရှိနေသင့်သည်။ အချို့က ချီးမွမ်းတတ်သည်။ သို့ရာတွင် သေသေချာချာ မသိဘဲ ချီးမွမ်းခြင်း ဖြစ်နေတတ်သည်။ သူ့စိတ်ထဲတွင် သူချီးမွမ်းသူကို တကယ်တမ်း အထင်ကြီးပုံ မရှိသော်လည်း လူကြားထဲတွင် အတင်းကာရော (ဟုတ်တာရော မဟုတ်တာရော) ချီးမွမ်းနေတတ်သည်။ ထိုသို့ချီးမွမ်းခြင်းမှာ ကောင်းသည်ဟု ထင်ရသော်လည်း မဟုတ်သောဂုဏ်ဒြဗ်များ ဖြစ်နေ၍ သိသူများအတွက် ဟာသဖြစ်နေတတ်ပြန်သည်။

ရုရှားဝတ္ထုတိုတစ်ပုဒ် ဖတ်ဖူးသည်။ ထိုဝတ္ထုထဲတွင် လင်ယောက်ျားဖြစ်သူက သူ့အမျိုးသမီးကို ညအိပ်ယာဝင်ခါနီးတိုင်း “မင်းက အရမ်းချစ်စရာကောင်းတယ်၊ မင်းကို ငါ ချစ်တယ်”ဟု ပြောပြီး အိပ်ယာဝင်လေ့ရှိသည်။ အခြေအနေအရ နောက်ပိုင်း စီးပွားတိုးတက်ပြီး အလုပ်များလာသောအခါ အိပ်ယာဝင်နောက်ကျခြင်း၊ ပင်ပန်းခြင်းတို့ကြောင့် ပုံမှန်ပြောနေကျစကားလေးကို မပြောဖြစ်ခဲ့ကြတော့ဟု ဆိုသည်။ ထို့အပြင် လုပ်ငန်းက ကြီးကျယ်လာသဖြင့် လူအမျိုးမျိုးနှင့် ပုံစံအမျိုးမျိုး ဆက်ဆံလာရသည်။ ထိုဆက်ဆံမှုများထဲမှ မိန်းမလှလေးများနှင့် ဆက်ဆံမှုကို အမျိုးသမီးသဘာဝ မနာလို ဖြစ်လာခဲ့သည်။

ညစဉ်ပြောနေကျစကားများ မကြားရခြင်းနှင့် ထိုမနာလိုစိတ်တို့ ပေါင်းဖက်မိသောအခါ မပြေလည်မှုများက အေးချမ်းသောမိသားစုလေးထဲသို့ တရကြမ်း ၀င်လာခဲ့တော့သည်။ တစ်ဖက်က ဂုဏ်သိက္ခာ၊ တစ်ဖက်က မနာလိုမှု ဘက်နှစ်ဘက် အားပြိုင်ရင်း အဆိုပါ မိသားစုလေး ပြိုကွဲခဲ့ရသည်။

တစ်ခါတစ်ရံ ချီးမွမ်းစကားသည် ဘိန်းနှင့်များ တူလေရော့သလားဟု စဉ်းစားမိသည်။ လူတိုင်း ကြုံတွေ့ဖူးပါလိမ့်မည်။ အမြဲတမ်း ချီးမွမ်းစကားပြောလေ့ရှိသော မိဘထံမှ ချီးမွမ်းစကားများ မကြားရတော့သောအခါ၊ ဆရာသမားထံမှ ချီးမွမ်းစကားများ ဆိတ်သုဉ်းနေသောအခါ၊ လင်ယောက်ျား သို့မဟုတ် ဇနီးမယားထံမှ ပုံမှန်ပြောနေကျ ချီးမွမ်းစကားလေးများ မကြားရကြာသောအခါ၊ ကိုယ်ချစ်ရသူထံမှ ချီးမွမ်းစကားလေးများ မရတော့သောအခါ……… လူတိုင်း တစ်နည်းတစ်ဖုံ ခံစားတတ်ကြရသည်။ ခံစားကြရဖူးလိမ့်မည် ထင်သည်။

ချီးမွမ်းခြင်းကို ကောက်ချက်ချမိသောအခါ ချီးမွမ်းခံသူဘက်မှ ချီးမွမ်းမှုကို လိုချင်လို့လုပ်တာဟူသော စိတ်မျိုး မထားရှိမှ အရေးရှိက ဖြေဆေးရှိမည်။ ချီးမွမ်းသူဘက်မှ အကျိုးသင့်အကြောင်းသင့် ချီးမွမ်းဖို့နှင့် ဖြူစင်သောနှလုံးသားမှ ချီးမွမ်းစကားများဖြစ်ဖို့ လိုသည်။ တစ်နည်းအားဖြင့် မသိမမြင်ဘဲ ရမ်းသမ်းချီးမွမ်းခြင်းနှင့် စိတ်မပါသော်လည်း အကျိုးလို၍ ချီးမွမ်းခြင်းဟူသော အစွန်းနှစ်ပါးကို မငြိဖို့ လိုသည်။

ချီးမွမ်းခြင်းနှင့်ပတ်သက်၍ သမ္ပသာဒနီယသုတ်တွင် အရှင်သာရိပုတ္တရာနှင့် မြတ်စွာဘုရားရှင်တို့ ပြောဆိုကြပုံမှာ အတုယူစရာ ကောင်းလှသည်။ အရှင်သာရိပုတ္တရာသည်

“အရှင်ဘုရားဟာ ကြီးကျယ်မြင့်မြတ်ဆုံးပါပဲ။ အရှင်ဘုရားထက် ပိုပြီး ကြီးကျယ်မြင့်မြတ်သူ လောကမှာ တစ်ဦးမှ မရှိပါ”
ဟု မြတ်စွာဘုရားကို ချီးကျူးသည်။ ထိုအခါ မြတ်စွာဘုရားက

“သာရိပုတ္တရာ… သင်က အတိအကျကြီး ပြောနေပါလား။ ဘုရားရှင်ရဲ့ စိတ်တော်ကို သင်က အတိအကျ သိလို့လား။ ဘုရားရှင်ရဲ့ စိတ်ကို အကဲဖြတ်ဖို့ သင့်မှာ အစွမ်းအစ ဘယ်လောက်ရှိလို့လဲ”

“မြတ်စွာဘုရား…. တပည့်တော်မှာ အဲဒီလို အစွမ်းအစ မရှိပါဘူး”

“ဒါဆို အဲဒီလို အတိအကျ မသိဘဲ ဘာဖြစ်လို့ ဒီလို အတိအကျကြီး ချီးမွမ်းရတာလဲ။ ချီးမွမ်းတယ်ဆိုတာ အကျိုးအကြောင်းသင့်လျော်မှ ဖြစ်မယ်။ ရမ်းသမ်းပြီး ကိုယ်ကြိုက်သလို မချီးမွမ်းသင့်ဘူး။ ဘုရားဆိုတာ တစ်ဆူတည်းရှိတာ မဟုတ်ဘူး။ ရှေးကလည်း ပွင့်ပြီးတဲ့ ဘုရားရှင်တွေ ရှိခဲ့ဖူးတယ်။ နောက်နောင်အခါမှာလည်း ဘုရားတွေ ပွင့်ကြအုံးမယ်”

“မှန်ပါ့ဘုရား…. တပည့်တော်ဟာ ဘုရားရှင်တွေရဲ့ စိတ်ကို အကဲဖြတ်နိုင်တဲ့ စွမ်းရည်မရှိပါဘူး။ ဒါပေမယ့် အရှင်ဘုရားဟောတဲ့ တရားတွေ၊ အရှင်ဘုရားရဲ့ ပြုမှုပြောဆိုပုံတွေ၊ တွေးခေါ်ကြံဆပုံတွေ၊ အရှင့်ကြောင့် သတ္တ၀ါတွေ အေးချမ်းသွားကြတာတွေ….ဒါတွေကို ကြည့်ပြီးတော့ - အရှင်ဘုရားကို လောကမှာ အမြင့်မြတ်ဆုံး၊ အကြီးကျယ်ဆုံးလို့ ချီးမွမ်းမိတာပါဘုရား”
ဟု ပြန်လည်လျှောက်ထားခဲ့သည်။

ဤသုတ်တော်တွင် အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားရှင်အား ကြည်ညိုရခြင်းအကြောင်းရင်းနှင့် ချီးမွမ်းရခြင်းအကြောင်းများစွာကို အကျယ်တ၀င့် ရှင်းလင်းသွားခဲ့သည်။ (ဤနေရာတွင် အကျယ်ချဲ့ မရေးတော့ပါ။ ချီးမွမ်းခြင်းနှင့် သက်ဆိုင်သမျှကိုသာ ထုတ်ယူထားသည်။) ချီးမွမ်းမှုများတွင် မြတ်စွာဘုရားရှင်လို အဘက်ဘက်က ချီးမွမ်းဖွယ်အကောင်းဆုံးသူတောင်မှ ချီးမွမ်းစကားကို အကျိုးအကြောင်း မသိဘဲ လက်မခံလိုသည်ကို တွေ့ရသည်မှာ အံ့သြဖွယ်ကောင်းသလို ကြည်ညိုဖွယ်လည်း အတိဖြစ်နေခဲ့သည်။

“ဆောင်းပါးကို အဆုံးသတ်မယ်”ဟု ကြံလိုက်သောအခါ မိမိအား ချီးမွမ်းကြသူ၊ ကဲ့ရဲ့ကြသူများနှင့် ချီးမွမ်းစကား၊ ကဲ့ရဲ့စကားလေးများကို မှတ်မိသမျှ ပြေးမြင်နေမိခဲ့သည်။ ဘာမှန်းညာမှန်း မသိဘဲ ချီးမွမ်းကြသူများလည်း ရှိနေခဲ့သလို ဘာမှန်းညာမှန်း မသိဘဲ ကဲ့ရဲ့နေတတ်ကြသူများလည်း ခေါင်းထဲတွင် ပေါ်လာနေခဲ့သည်။

ဘ၀ခရီးလျှောက်လှမ်းနေကြသူအားလုံးအလယ်တွင် အားပေးမှုဆန်သော၊ လေးစားမှုဆန်သော၊ ချစ်ခင်မှုဆန်သော ချီးမွမ်းမှုလေးများက အလှပဆုံး အရှိတရားလေးအဖြစ် နက်နက်နဲနဲ လက်ခံယုံကြည်နေမိခဲ့လေသည်။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails