Monday, June 7, 2010

ဂုဏ်နှင့်လူ


လူတိုင်းလူတိုင်း မွေးကတည်းက မြင့်မြတ်လာသူဟူ၍ မရှိ။ မြင့်မြတ်စေသော အလုပ်များကို လုပ်ခြင်းအားဖြင့်သာလျှင် မြင့်မြတ်သူများ ဖြစ်လာကြပေသည်။ ထို့အတူပင် သူရဲကောင်းအားလုံးသည်လည် အမိဝမ်းမှ ထွက်လာစဉ်ကတည်းက သူရဲကောင်းဟူ၍ မွေးလာခဲ့သည်မဟုတ်။ သူရဲကောင်းဖြစ်သော အလုပ်များကို လုပ်ဆောင်ခဲ့၍သာ သူရဲကောင်းများအဖြစ် ဂုဏ်ပြုခံရခြင်း ဖြစ်လေသည်။

ကိုယ်ကိုယ်တိုင်က မည်သည့်အလုပ်ကြီးအကိုင်ကြီးကိုမျှ မလုပ်လိုက်ရသေးသော်လည်း မွေးဖွားကြီးပျင်းလာရသောနေရာဒေသ၊ ပတ်ဝန်းကျင်ကြောင့် ဂုဏ်တက်နေရခြင်းများလည်း ရှိသည်။ လူ့လောကဆိုသည်မှာလည်း လူကို ချမ်းသာကြွယ်ဝမှုဟူသော အပေါ်ယံ အမြင်ဖြင့် ယေဘုယျ အကဲခတ်တတ်ကြသည်ဖြစ်ရာ ချမ်းသာသောနိုင်ငံတွင် မွေးဖွားသူက မည်သည့်ထူးခြားမှုမျှ ရှိမနေသော်လည်း အထင်ကြီးခံနေရတတ်သည်။ ဆင်းရဲသားနိုင်ငံတွင် မွေးဖွားသူသည် စိတ်ပိုင်းဆိုင်ရာ မည်မျှပင် မြင့်မြတ်နေသော်လည်း အထင်သေးခံရချင် ခံရနေတတ်သည်။


ထို့အတူပင် ချမ်းသာသည့်အသိုင်းအ၀ိုင်းတွင် မွေးဖွားလာရသူသည်လည်း မွေးကတည်းက ဂုဏ်ရှိသယောင် ဆက်ဆံခံရတတ်သည်။ ဆင်းရဲသည့်အသိုင်းအ၀ိုင်းမှ လူကိုကား စိတ်ဓာတ်မွန်မြတ်နေစေကာမူ မွေးကတည်းက အနှိမ်ခံနေရတတ်သည်။ ဤသည်မှာ လူ့လောက၏ သဘာဝဟု ဆိုရနိုင်သည်။

အချို့လူများသည် ဆင်းဆင်းရဲရဲ မိသားစုမှ မွေးလာရသည်။ ဘ၀ကို ဆင်းဆင်းရဲရဲ ဖြတ်သန်းရသည်။ လူ့လောက၏ အဖိအနှိပ်အထုအထောင်းအမျိုးမျိုးကို ခံစားခဲ့ရသည်။ သို့ရာတွင် သူ၏ စိတ်ဓာတ်ကို အဖြူစင်၊ အမြင့်မြတ်ဆုံးဖြစ်အောင် ပျိုးထောင်ပြီး မြင့်မားသောဘ၀အခြေအနေကို ရရှိအောင် ကြိုးစားပြသည်။ ထိုအခြေအနေရောက်မှသာ လူအများက မြင်လာတတ်သည်။ အချို့မှာ ငယ်ငယ်က ချမ်းချမ်းသာသာ ကြီးပြင်းခဲ့ရသော်လည်း ပို၍ ချမ်းသာသည့်အခြေအနေနှင့် စိတ်ပိုင်းဆိုင်ရာ ပို၍ မြင့်မြတ်သောအခြေအနေသို့ မတက်လှမ်းနိုင်ကြဘဲ တဖြည်းဖြည်း ဆုတ်ယုတ်စေခဲ့ကြသည်။ ဆိုလိုသည်မှာ လူတိုင်းလူတိုင်းတွင် အရာရာကို ဖန်ဆင်းနိုင်သော စွမ်းအင်များ ရှိနေသည်။ ဆင်းရဲအောင်လုပ်မလား၊ ချမ်းသာအောင်လုပ်မလား၊ ယုတ်ညံ့အောင်လုပ်မလား၊ မြင့်မြတ်အောင်လုပ်မလား….အရာအားလုံးကို လုပ်ဆောင်ဖို့ လူတို့မှာ အခွင့်အရေးအပြည့်အ၀ ရှိနေသည်။ တစ်နည်းအားဖြင့် ဆင်းရဲ၊ ချမ်းသာ၊ မြင့်မြတ်၊ ယုတ်ညံ့….အရည်အသွေးအားလုံးသည် လူတို့၏ လက်ထဲတွင်သာ ရှိသည်။ အခြားတန်ခိုးရှင်တို့နှင့် သက်ဆိုင်ခြင်း မရှိ။

ဤနေရာတွင် “အလားအလာ”သဘောကို ထည့်တွက်ဖို့တော့ လိုပါလိမ့်မည်။ ချမ်းသာသည့်မိဘများ ရှိနေသည့်သားသမီးသည် ချမ်းသာဖို့ အလားအလာ အများဆုံးဖြစ်နေမည်။ ဆင်းရဲသည့် မိသားစုတွင် မွေးလာသူသည် ဆင်းရဲဖို့ အလားအလာ အများဆုံး ဖြစ်နေမည်။ ပညာတတ်အသိုင်းအ၀ိုင်းတွင် မွေးလာသူသည် ပညာတတ်ဖြစ်ဖို့ အလားအလာပိုကောင်းသည်။ “မုဆိုးနားနီး၊ မုဆိုး၊ တံငါနားနီး၊ တံငါ”ဆိုသော စကားပုံအတိုင်းပင် ဖြစ်ပါသည်။ သို့ရာတွင် ဖြစ်နိုင်သည့်အလားအလာမျှသာ ရှိသည်။ မိမိကိုယ်တိုင် ကြိုးစားအားထုတ်မှု၊ စိတ်ဓာတ်ကောင်းများကို ပြုစုပျိုးထောင်မှုမရှိလျှင်ကား မည်သည့်ဂုဏ်အရည်အချင်းကိုမျှ ရလာလိမ့်မည် မဟုတ်ချေ။ သို့ဖြစ်၍ ခြုံကြည့်လျှင် လူ၏ ကိုယ်တိုင်လုပ်ဆောင်မှုကသာ လူကို ဂုဏ်ရှိအောင်၊ ဂုဏ်မဲ့အောင် ပြုလုပ်နိုင်သည်ဆိုသော အဖြေမှာ ထင်ရှားသည်။

မြတ်စွာဘုရားရှင်လက်ထက်က ဇာတ်စနစ်မှာ အကြီးအကျယ် ထွန်းကားသည်။ အိန္ဒိယတွင် ယနေ့အချိန်အထိ ထွန်းကားနေဆဲဟု သိရသည်။ ဗြဟ္မဏ၀ါဒ ကြီးစိုးလာခြင်းနှင့်အတူ ဇာတ်စနစ် ထွန်းကားလာခဲ့ခြင်း ဖြစ်သည်။ ဇာတ်လေးမျိုးရှိသည်။ ၎င်းတို့မှာ - ပုဏ္ဏားမျိုး၊ မင်းမျိုး၊ ကုန်သည်မျိုးနှင့် သူဆင်းရဲမျိုးဟူ၍ ဖြစ်သည်။ ဗြဟ္မဏ၀ါဒကျမ်းဂန်များ အလိုအရ ပုဏ္ဏားမျိုးသည် ဗြဟ္မာမင်း၏ အာခံတွင်းမှ မွေးဖွားလာသည်။ မင်းမျိုးတို့သည် ရင်ချိုင့်မှ မွေးဖွားလာသည်။ ကုန်သည်မျိုးသည် ချက်မှ ဖွားသည်။ သူဆင်းရဲမျိုးသည် ဒူးခေါင်းမှ ဖွားမြင်လာသည်ဟု ဆိုကြသည်။

မြတ်စွာဘုရားရှင် ပွင့်လာသောအခါ သူတို့အမြင်တွင် လူတန်းစားတစ်ရပ် ပေါ်လာသကဲ့သို့ ဖြစ်ခဲ့သည်။ မြတ်စွာဘုရားရှင်သည် ဇာတ်စနစ်ကို လုံးဝထည့်တွက်ခြင်း မပြုဘဲ မည်သည့်ဇာတ်စနစ်ကမဆို ဘုရားသာသနာအတွင်း ၀င်ရောက်လာလျှင် သာကီဝင်မင်းသားဘုရားသားတော်ဟူသော အမည်ကို ရနိုင်သည်ဟု မိန့်တော်မူထားသောကြောင့် ဖြစ်သည်။ ဘုရားရှင်၏သာသနာ ခေါင်းထောင်လာသောအခါ နှိပ်ကွပ်လိုသဖြင့် ဘုရားရှင်နှင့် ရဟန်းတော်များကို “ဗြဟ္မာ၏ ခြေဖမိုးမှ မွေးလာသူများ”ဟု သတ်မှတ်ထားကြလေသည်။

မည်သို့ပင် နှိပ်ကွပ်ထားသည်ဖြစ်စေ မြတ်စွာဘုရားရှင်၏ ကျော်ကြားမှုနှင့် ရဟန်းတော်များ၏ ဂုဏ်သတင်းများမှာ မည်သို့မျှ တားဆီးမရ။ သာသနာတော်မှာ တဖြည်းဖြည်း ပိုပို စည်ကားလာခဲ့သည်။ မင်းညီမင်းသားများ၊ သူဌေးကုန်သည်များ၊ ဆင်းရဲသားများ….လူတန်းစားမျိုးစုံ ၀င်ရောက်လာပြီး မြတ်စွာဘုရားရှင်၏ သားတော်အဖြစ် ခံယူနေခဲ့ကြသည်။ ထိုအထဲတွင် ထိုခေတ်က ကြီးကျယ်သော၊ တပည့်တပန်း များစွာဖြင့် ကျော်ကြားသော ပုဏ္ဏားကြီးများလည်း ပါဝင်လာကြသည်။

ထိုအထဲတွင် ၀ါသေဋ္ဌပုဏ္ဏားကြီးနှင့် ဘာရဒွါဇပုဏ္ဏားကြီးတို့လည်း အပါအ၀င် ဖြစ်ခဲ့သည်။ သူတို့သည် မြတ်စွာဘုရားကို ဥပသကာအဖြစ် ကြည်ညိုရုံဖြင့် အားမရနိုင်ကြဘဲ ဘုရားသာသနာတွင် ရဟန်းအဖြစ်ကို ရယူလိုခဲ့ကြသည်။ ထို့ကြောင့် မြတ်စွာဘုရားရှင်က ပဏာမခွင့်ပြုသည့်အနေဖြင့် ကိုရင်ဝတ်ခွင့် ပြုလိုက်သည်။ တစ်နေ့သောအခါ ကိုရင်ကြီးနှစ်ပါး တိုင်ပင်ကြသည်။

“ငါ့ရှင် ဘာရဒွါဇ၊ မြတ်စွာဘုရား စင်္ကြံကြွနေတယ်၊ ဒို့ သွားပြီး စကားပြောကြရအောင်”

“ကောင်းတာပေါ့၊ သွားစို့လေ”

မြတ်စွာဘုရားရှင်ရှေ့ရောက်သောအခါ ဘုရားရှင်က

“သင်တို့နှစ်ယောက်က ပုဏ္ဏားတွေအဖြစ်ကနေ ဘုရားသာသနာ ၀င်လာကြတာနော်၊ သင်တို့ အခုလို ၀င်လာတော့ ပုဏ္ဏားတွေက သင်တို့ကို မဆဲကြဘူးလား”

ဟု မေးလိုက်သည်။

“ဆဲတာပေါ့ဘုရား”

“ဘယ်လိုတွေများ ပြောပြီး ဆဲကြတာလဲ”

“ဆဲတာကတော့ စုံနေတာပဲဘုရား”
(စာတွင် - အလိုအားလျှော်စွာ ပြည့်စုံ စေ့စပ်သော ဆဲရေးခြင်းမျိုးဖြင့် ဆဲသည် - ဆိုထားသည်)။

“ဘယ်လိုတွေ ပြောပြီး ဆဲတာလဲ၊ ပြောပါအုံး”

“လောကမှာ ပုဏ္ဏားတွေပဲ ဖြူစင်တာ၊ ကျန်တဲ့အမျိုးတွေက ယုတ်ညံ့တယ်၊ (ပုဏ္ဏားမျိုးတွေပဲ အသားဖြူတာ၊ ကျန်တဲ့အမျိုးတွေက အသားမည်းတယ်၊)။ သင်တို့ဟာ ဗြဟ္မာမင်းရဲ့ အာခံတွင်းကနေ မွေးဖွားလာတဲ့ မြင့်မြတ်သူ၊ စင်ကြယ်သူများ ဖြစ်တယ်၊ ဟို သင်တို့ ဆရာတင်ထားတဲ့ ကတုံးတွေက ဗြဟ္မာမင်းရဲ့ ခြေဖမိုးကနေ မွေးလာကြတဲ့ လူယုတ်တွေပဲ။ ဒီတော့ သင်တို့ စဉ်းစားကြည့်စမ်း၊ မြင့်မြတ်သူတွေက ယုတ်နိမ့်သူတွေထံမှာ တပည့်ခံနေတယ်။ ဘယ်လောက် သဘာဝမကျသလဲ - လို့ ပြောပြီး တပည့်တော်တို့ကို ဆဲကြပါတယ်ဘုရား”

“အေးပေါ့လေ…သင်တို့ ကိုယ်တိုင် စဉ်းစားကြည့်ကြပေါ့၊ သင်တို့ ပုဏ္ဏားတွေရဲ့ ကြင်ယာဇနီးမယားတွေ ရာသီမလာကြဘူးလား”

“လာကြပါတယ်ဘုရား”

“ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးပြီး နို့တိုက်တာကော တွေ့ဖူးကြဘူးလား”

“တွေ့ဖူးပါတယ်ဘုရား”

“အေး…ဒီလို သဘာဝအတိုင်း ကိုယ်ဝန်ဆောင်ပြီး ဒီ အင်္ဂါဇာတ်ကနေ ထွက်လာကြတာ သိရဲ့သားနဲ့၊ လူတန်းစားတွေ ခွဲခြားပြီး အာခံတွင်းက မွေးတာ၊ ရင်ချိုင့်က မွေးတာ၊ ချက်က မွေးတာ၊ ဒူးခေါင်းက မွေးတာ၊ ခြေဖမိုးက မွေးတာဆိုပြီး ပြောနေကြတယ်။ ဘယ်လောက် သဘာဝမကျလိုက်သလဲ”

“သင်တို့ လက်ရှိ လူ့လောကကို သေချာပြန်ကြည့်လိုက်စမ်းပါ………….။
လောကမှာ အခြေခံအားဖြင့် မလုပ်သင့်မလုပ်ထိုက်တဲ့ အရာတွေ ရှိတယ်…
-သူတစ်ပါးအသက်သတ်ခြင်း
-သူတစ်ပါးဥစ္စာကို ခိုးယူခြင်း
-သူတစ်ပါးသားမယားကို ပြုကျင့်မှားခြင်း
-လိမ်ညာပြောခြင်း
-ကြမ်းကြမ်းတမ်းတမ်းပြောခြင်း
-အရေမရအဖတ်မရတွေ ပြောခြင်း
-ဂုံးချောဂုံးတိုက်ခြင်း
-သူတစ်ပါးဥစ္စာကို မတရားသိမ်းပိုက်လိုခြင်း
-အတွေးအခေါ်အယူအဆမှားယွင်းခြင်း တို့ဖြစ်တယ်။

ဆင်းရဲသားကလည်း သူ့အသက် သတ်တယ်၊ ခိုးတယ်၊ ကြာခိုတယ်၊ မုသားပြောတယ်၊ …………။ အဲဒီလိုပဲ သူဌေးလည်း လုပ်တယ်၊ မင်းတွေလည်း လုပ်တယ်၊ ပုဏ္ဏားတွေလည်း လုပ်တယ်။

ဒီ မကောင်းတဲ့ အရာတွေကို ဆင်းရဲသားလည်း လုပ်တာပဲ၊ သူဌေးလည်း လုပ်တာပဲ၊ မင်းတွေလည်း လုပ်တာပဲ၊ ပုဏ္ဏားတွေကတော့ မလုပ်ဘူးလား၊ လုပ်တာပါပဲ။ ဒီတော့ မကောင်းတဲ့လုပ်ရပ်တွေဟာ လူတန်းစားပေါင်းစုံမှာ ရှိနေတာပဲလေ။

အဲဒီမကောင်းတဲ့အရာတွေနဲ့ ဆန့်ကျင်ဘက် ကောင်းတဲ့အရာတွေလည်း လောကမှာ ရှိတယ်။ သူ့အသက် မသတ်ခြင်း၊ သမ္မာအာဇီဝဖြင့် အသက်မွေးခြင်း၊ တစ်လင်တစ်မယားစနစ်၊ မှန်ကန်စွာပြောဆိုခြင်း…..စတဲ့ ကောင်းတဲ့အရာတွေဟာ ဆင်းရဲသားတစ်ယောက်မှာလည်း ရှိနိုင်တယ်။ သူဌေးမှာလည်း ရှိနိုင်တယ်။ မင်းတွေမှာလည်း ရှိနိုင်တယ်။ ပုဏ္ဏားတွေမှာလည်း ရှိနိုင်တာပဲလေ။

အဲဒီတော့ သူတော်ကောင်း ဆင်းရဲသား၊ သူယုတ်မာ ဆင်းရဲသားဆိုပြီး နှစ်မျိုး ရှိလိမ့်မယ်။ အဲဒီလိုပဲ သူတော်ကောင်း သူဌေး၊ သူယုတ်မာ သူဌေး၊ သူတော်ကောင်း မင်း၊ သူယုတ်မာ မင်းဆိုပြီး ရှိလိမ့်မယ်။ ဒီလိုပဲပေါ့ ပုဏ္ဏားတွေမှာလည်း ကောင်းမှု၊ မကောင်းမှုအလိုက် သူတော်ကောင်းပုဏ္ဏား၊ သူယုတ်မာပုဏ္ဏားလို့ ရှိနိုင်တာပဲ မဟုတ်လား”

“ဒီတော့ သူတော်ကောင်း သို့မဟုတ် သူယုတ်မာဆိုတာကို ဘယ်လို ပေတံနဲ့ တိုင်းတာမလဲ။ လုပ်ရပ်တွေ ကောင်းမွန်မှန်ကန်မှု ရှိမရှိဆိုတာနဲ့ပဲ တိုင်းတာရမယ်။ တစ်နည်းအားဖြင့် တရားနဲ့ပဲ တိုင်းတာရမယ်။ လူတစ်ယောက်ကို အကဲဖြတ်ချင်ရင် - ဒီလူ တရားဘယ်လောက် ပြည့်ဝနေသလဲ - ဆိုတဲ့ပေတံနဲ့ တိုင်းတာရမယ်။”

“ငါဟာ ဖြည့်သင့်ဖြည့်ထိုက်တဲ့တရားကို ဖြည့်ပြီးသွားလို့ လောကမှာ ငါဟာ အမြတ်ဆုံးပဲ။ ဒါဟာ ရမ်းသမ်းမှန်းဆပြီး ပြောတာ မဟုတ်ဘူး။ တရားပေတံနဲ့ပဲ တိုင်းတာပြီး ပြောတာဖြစ်တယ်”

“သင်တို့ ပသေနဒီကောသလမင်းကြီးကို သိတယ်မလား။ သူ့သြဇာအာဏာဟာ သာကီဝင်မင်းတွေထက် အဆပေါင်းများစွာ သာတယ်။ သာကီဝင်မင်းတွေဟာ ပသေနဒီကောသလမင်းကို ရှိခိုးကြရတယ်။ အရိုအသေပေးကြရတယ်။ ခရီးဦးကြိုပြုရတယ်။ ဒါပေမယ့် သာကီဝင်မင်းတွေ ရှိခိုးရတဲ့ ပသေနဒီကောသလမင်းက သာကီဝင်မင်းသားက ဖြစ်လာတဲ့ ငါဘုရားကို ရှိခိုးတယ်၊ အရိုအသေပေးတယ်၊ ခရီးဦးကြိုပြုတယ်။ အဲဒါ ဘာကြောင့်လဲ။ တရားကြောင့်ပေါ့။ ဒါကြောင့် လောကမှာ အမြတ်ဆုံးက တရားပဲ”

စသည်ဖြင့် အကျယ်တ၀င့် ဟောကြားတော်မူခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀-ကျော်က လူ့တန်ဖိုးကို အကဲဖြတ်နည်းဖြင့် ယနေ့ ခေတ်ကို စောင်းငဲ့ကြည့်နေခဲ့မိသည်။ အမျိုးဇာတ်အရ တန်ဖိုးဖြတ်မှု (ကမ္ဘာအ၀န်းအတိုင်းအတာအရ) မရှိတော့သော်လည်း အပြင်ပန်း အဆောင်အယောင်ကို ကြည့်ပြီး ဂုဏ်သရေရှိမရှိကို အကဲဖြတ်နေကြလေသည်။ စည်းစိမ်ဥစ္စာကြွယ်ဝမှုရှိမရှိဖြင့် လူ၏ ဂုဏ်ကို တိုင်းတာနေခဲ့ကြသည်။ မမြင်နိုင်သော ရင်တွင်းဖြစ် အရည်အချင်းများနှင့် စွမ်းရည်များကို ကြည့်ပြီး သုံးသပ်မှုကား နည်းပါးသည်။ ဤသည်ပင် မပြောင်းလဲသော လူသားတို့၏ သဘာဝပင် ဖြစ်ဟန်ရှိလေသည်။

လူသားတို့၏ မြင့်မြတ်မှုနှင့် ယုတ်ညံ့မှုတို့ကို ဖြစ်စေသော အရာများကို အာရုံပြုရင်း မိမိ၏ ရင်တွင်းကိုလည်း ထွင်းဖောက်ဝင်ရောက်ကြည့်မိသည်။ မည်သည့်တရားများက မည်မျှ ကိန်းဝပ်နေသနည်း။ တစ်ချက်ကလေး စောင်းငဲ့ကြည့်မိရုံနှင့် အကြာကြီး အမောဖောက်နေခဲ့လေသည်။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails