Sunday, May 30, 2010

ဖြည့်တွေး၊ ဖြည့်မြင်၊ ဖြည့်ပြော (အဆက်)


ပရိဗိုဇ်များ ထင်ထားကြသည်မှာ ဂေါတမသည် ဗဟုသုတကြွယ်ဝသူမဟုတ်၊ သူဟောတဲ့တရားလောက်သာ သိသူဟုသာ နားလည်ထားကြသည်။ ယခု မြတ်စွာဘုရားက “သင်တို့ရဲ့ ဇိဂုစ္ဆေ၀ါဒနဲ့ဆိုင်တဲ့ ပြဿနာကို မေးစမ်းပါ”ဟု ရဲရဲဝံ့ဝံ့ ဆိုလိုက်သောအခါ မထင်မှတ်သောစကားဖြစ်၍ အံ့သြသွားကြခြင်း ဖြစ်သည်။

မိမိတို့ ပတ်ဝန်းကျင် အသေးအဖွဲကိစ္စလေးများတွင်လည်း ဤသို့ ကြုံဖူးကြပါလိမ့်မည်။ ပိဋကတ်လောက်သာ တတ်သိလိမ့်မည်ဟု ထင်ထားသော ဆရာတော်ကြီးက သိပ္ပံပညာအကြောင်းကို ခရေစေ့တွင်းကျ ရှင်းပြနိုင်ခြင်း၊ လူ့လောကတွင် ဖြတ်သန်းကျင်လည်နေသူက ပိဋကတ်အကြောင်းအရာများကို တတ်သိနားလည်နေခြင်း စသော မထင်မှတ်သော ဘ၀အခြေအနေနှင့် သူတို့၏ စွမ်းဆောင်နိုင်မှုများကို လက်တွေ့တွေ့ရသောအခါ အံ့သြချီးကျူးတတ်ကြပေမည်။ “ဒီကောင်ကတော့၊ ဒီလူကတော့ ၊ ဒီကိုယ်တော်ကတော့ အံ့သြလောက်ပါတယ်။ စွယ်စုံပဲဟေ့”ဟူသော စကားမှာလည်း အလားတူဖြစ်ရပ်များကို တွေ့ကြုံလိုက်ရခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပါလိမ့်မည်။


ထို့နောက် နိဂြောဓပရိဗိုဇ်သည် “အရှင်ဂေါတမ…ကျွန်ုပ်တို့ဟာ တပေါဇိဂုစ္ဆေ၀ါဒကို ကျင့်သုံးနေခြင်း ဖြစ်ပါတယ်။ အဲဒီ ၀ါဒရဲ့ ဖြူစင်ကြောင်းတရားနဲ့ ညစ်ညူးကြောင်းတရားတွေကို သိပါသလား”

ထိုအခါ မြတ်စွာဘုရားရှင်သည် တပေါဇိဂုစ္ဆေ၀ါဒသမားများပင်လျှင် အကုန်အစင် မသိနိုင်ကောင်းသော များစွာသော အကျင့်တို့ကို ထုတ်ဖော်ပြောပြလိုက်သည်။

“နိဂြောဓ….တပေါဇိဂုစ္ဆေ၀ါဒသမားတို့သည် အ၀တ်မ၀တ်ဘဲ ကျင့်၏။ အစာအငတ်ခံကျင့်၏။ တစ်အိမ်သာ ဆွမ်းခံပြီး တစ်လုတ်သာ စား၏။ နှစ်အိမ်သာ ဆွမ်းခံပြီး နှစ်လုတ်သာ စား၏။ …..။ ခုနှစ်အိမ်သာ ဆွမ်းခံပြီး ခုနှစ်လုတ်သာ စား၏။ …………ဤကဲ့သို့ အမျိုးမျိုး အဖုံဖုံ ကျင့်ကြံအားထုတ်နေကြ၏။

အချို့မှာ ဟင်းသီးဟင်းရွက်ကိုသာ စား၏။ ……။ အချို့က မြတ်သစ်ရွက်များကို စား၏။ ရသမျှသော သစ်ဥသစ်ဖုများကိုသာ စား၏။ ………။

အချို့မှာ မတ်တပ်ရပ်လျှက်သာ တရားကျင့်၏။ …….။ လျှော်ချည်အ၀တ်ကိုသာ ၀တ်၏။ တစ်ဖက်သာ စောင်းလျှက်အိပ်၏။ ဆူးပေါ်၌သာ အိပ်၏။ ပျဉ်ပြားပေါ်၌သာ အိပ်၏။ ……။

အချို့မှာ မစင်ကိုသာ စား၍ ကျင့်၏။ ……..။ ညနေတိုင်း ရေငုပ်သောအကျင့်လည်း ကျင့်၏။ …..”
စသော တပေါဇိဂုစ္ဆေ၀ါဒ အကျင့်ပေါင်းမျိုးစုံကို ထုတ်ဖော်ပြောပြလိုက်သည်။ အစက “ရဟန်းဂေါတမသည် ကိုယ့်အကျင့်လောက်သာ သိတယ်။ ငါတို့ ကျင့်နေတဲ့အကျင့်မျိုးစုံကို သိသူမဟုတ်၊ လူတောတိုးရဲသူ မဟုတ်၊ ဗဟုသုတမကြွယ်”ဟု ထင်ထားကြသော ပရိဗိုဇ်တို့မှာ အံ့သြလျှက်သာ ရှိနေတော့သည်။

“ကဲ…နိဂြောဓ…ဒီအကျင့်တွေဟာ ကိလေသာကုန်ကြောင်းအတွက် စင်ကြယ်မှုရှိလား၊ မရှိဘူးလား”

“ရဟန်းဂေါတမ…. ဒီအကျင့်တွေဟာ အရမ်းကို စင်ကြယ်ပါတယ်။ မစင်ကြယ်မှု တစ်ခုမျှ မရှိပါဘူး”

“ဟုတ်တယ်….နိဂြောဓ၊ ဒီအကျင့်တွေက စင်ကြယ်ပါတယ်”

သန္ဓာနသူဌေးလည်း အံ့သြသွားသည်။ “ဒီပရိဗိုဇ်တွေရဲ့ အကျင့်တွေကိုများ ဒို့ဘုရားက စင်ကြယ်တယ်တဲ့”ဟုလည်း တွေးနေခဲ့သည်။ သူတို့ ကျင့်နေသောအကျင့်တွေကို ဂေါတမဘုရားကတောင် ထောက်ခံမှုပေးလိုက်ခြင်းကြောင့် နိဂြောဓပရိဗိုဇ်နှင့် တပည့်ပရိဗိုဇ်ပရိသတ်တွေလည်း အံ့သြ၀မ်းသာသွားသည်။ သို့ရာတွင် မြတ်စွာဘုရားရှင်၏ စကားများက ဤနေရာတွင် မရပ်ခဲ့။ ဆက်ပြောလိုက်သည်။

“ဟုတ်တယ်…နိဂြောဓ၊ တပအကျင့်တွေက တကယ်တော့ စင်ကြယ်ပါတယ်၊ ဒါပေမယ့်….”

“ဒါပေမယ့်…ဘာဖြစ်လဲ”

“အကျင့်တွေက ဖြူစင်ပေမယ့် အဲဒီဖြူစင်တဲ့အကျင့်တွေမှာပဲ ညစ်ညူးကြောင်းတရားတွေ ရှိနေတာကို ငါ ပြောပြမယ်”

“ဘယ်လို….”

“ဖြူစင်နေတဲ့ တပအကျင့်တွေမှာပဲ ညစ်ညူးကြောင်းတွေက ရှိနေတယ် နိဂြောဓ။ အဲဒီ ညစ်ညူးကြောင်းတွေကိုလည်း ငါပြောပြမယ်”
“တပေါဇိဂုစ္ဆေ၀ါဒသမားအချို့ဟာ အထက်ပါ အကျင့်မျိုးစုံထဲက အနည်းဆုံး တစ်ခုခုကို ကျင့်ကြတယ်။ ကျင့်ပြီးတော့ အဲဒီအကျင့်နဲ့ သူတို့ကိုယ်သူတို့ ဟုတ်လှပြီဆိုပြီး ကျေနပ်တင်းတိမ်နေကြတယ်လေ။ အဲဒါဟာ ဒီဝါဒကို ညစ်ညူးစေတာပဲ”

“အချို့ကတော့ အဲဒီအကျင့်တွေကို ကျင့်ပြီး သူတစ်ပါးတွေကို ရှုတ်ချနေကြတယ်လေ။ အဲဒါဟာလည်း ဒီဝါဒကို ညစ်ညူးစေတာပဲ”

“အချို့ကတော့ မာန်မာနတွေနဲ့ ယဇ်မူးသွားနေကြတယ်။ အချို့ကတော့ လာဘ်လာဘရဖို့အတွက်ပဲ အားထုတ်နေကြတယ်။ အဲဒီလာဘ်လာဘတွေနဲ့ ကျေနပ်နေကြတယ်။ အချို့ကတော့ ရလာတဲ့ လာဘ်တွေနဲ့ မာန်မောက်ပြီး သူတစ်ပါးတွေကို တိုက်ခိုက်နေကြတယ်။ အချို့ကတော့ ကိုယ်မကြိုက်တဲ့အစာကို ကြိုက်ပေမယ့် စွန့်ပစ်ပြီး ကိုယ်ကြိုက်တဲ့အစာတွေကိုတော့ ဘာဆင်ခြင်မှုမှမပါဘဲ စားသုံးနေကြတယ်။ အချို့ကျတော့လည်း “ငါ ဒီအကျင့်ကို ကျင့်လိုက်ရင် မင်း၊ မှူးမတ်၊ သူဌေးတွေ ငါ့ကို ကိုးကွယ်ကြလိမ့်မယ်”ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင့်နေကြတယ်။ အချို့ကျတော့လည်း “ငါတို့ကမှ ခြိုးခြံချွေတာပြီး ကျင့်နေသေးတယ်။ ဟိုလူတွေကတော့ ရှိသမျှအစာကို အကုန်စားပြီးနေကြတယ်”လို့ ကဲ့ရဲ့နေကြတယ်။ အချို့ကျတော့လည်း “ငါတို့ ခြိုးခြံပြီး ကျင့်နေတာကိုတော့ လူတွေက ကိုးကွယ်ရကောင်းမှန်း မသိကြဘူး။ အစားမျိုးစုံစားပြီး ကျင့်နေသူတွေကိုတော့ ကိုးကွယ်ဆည်းကပ်နေကြတယ်”လို့ ခံစားပြီး မနာလို ၀န်တိုစိတ်တွေ ဖြစ်နေကြတယ်။ …………………………”

“နိဂြောဓ……..နောက်ပြီးတော့ အချို့က ကျင့်တော့ ကျင့်ကြပါရဲ့။ ကျင့်ပြီးတော့ သူတစ်ပါးတွေရဲ့ ဂုဏ်တွေကို အပုတ်ချ ပြောနေကြတယ်။ မနာလို ၀န်တိုစိတ်တွေပဲ ပွားနေကြတယ်။ ဂုဏ်တုဂုဏ်ပြိုင်တွေပဲ လုပ်နေကြတယ်။ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး လုပ်ကြတယ်။ ဥပမာ လူမမြင်ရာအရပ်မှာတော့ တရားမကျင့်ကြဘူး။ လူမြင်ရာမှာတော့ တရားကျင့်သလိုလို ဘာလိုလို လုပ်ကြတယ်။ အချို့ကတော့ ဒီအကျင့်တွေနဲ့ လူတွေကို လိမ်ညာစားသောက်တယ်။ လှည့်ဖြားတယ်။ ဒီအကျင့်တွေနဲ့ စိတ်တွေက ခက်ထန်နေကြတယ်။ ဒီအကျင့်တွေနဲ့ပဲ အယူအဆတွေက မှားယွင်းကုန်ကြပြန်တယ်။ …………………………………. နိဂြောဓ….ဒါတွေဟာ သင်တို့ တပေါဇိဂုစ္ဆေ၀ါဒရဲ့ ညစ်ညူးကြောင်း တရားတွေပဲ”လို့ ငါဆိုတယ်”

“ကဲ နိဂြောဓ….. ငါ အထက်က ပြောခဲ့တာတွေဟာ သင်တို့ဝါဒရဲ့ ညစ်ညူးကြောင်းတွေ ဟုတ်သလား၊ မဟုတ်ဘူးလား၊၊ ပြောပါအုံး”

“ဟုတ်ပါတယ်၊ ဒါတွေကိုမှ ညစ်ညူးကြောင်းလို့ မဆိုရင် လောကမှာ ဒီထက် ညစ်ညူးစေတဲ့ ဘာရှိအုံးမှာလဲ။ ဒါတွေကတော့ ဟုတ်ပါပြီ။ စင်ကြယ်ကြောင်းတွေကရော ဘာတွေလဲ။ ဆိုပါအုံး”

“အထက်မှာ ဆိုခဲ့တဲ့အကျင့်တွေကို မကောင်းတဲ့စိတ်ထားတွေ မပါဝင်စေဘဲ၊ သူတစ်ပါးကို မပုတ်ခတ်ဘဲ၊ လူကြွားချင်ရုံသက်သက် မဟုတ်ဘဲ၊ ရိုးရိုးသားသား ကျင့်နေပြီဆိုရင် ဒါကောင်းတာပဲ၊ ဒါတွေဟာ စင်ကြယ်ကြောင်းတွေပဲပေါ့ နိဂြောဓ”

“ဒါဆို ကျွန်ုပ်တို့အကျင့်တွေကို စင်ကြယ်တယ်၊ မြင့်မြတ်တယ်လို့ သင် ဆိုတယ်ပေါ့။ သင်လက်ခံတယ်ပေါ့”

“လက်ခံတာပေါ့ နိဂြောဓ၊ သင်တို့ အဲဒီလိုသာ စိတ်ထားကောင်းကောင်းနဲ့ ရိုးရိုးသားသား ကျင့်တယ်ဆိုရင် ဖြူစင်တဲ့အကျင့်တွေပါပဲ။ ဒါပေမယ့်…..”

“ဒါပေမယ့် ဘာဖြစ်လဲ” စိတ်မရှည်ချင်သဖြင့် စကားဖြတ်မေးလိုက်သည်။

“ဒါပေမယ့် ဒီ သင်တို့အကျင့်တွေက အထွတ်အထိပ်အဆင့်ကို မရောက်သေးဘူး၊ တကယ့်အနှစ်သာရလည်း မဟုတ်သေးဘူး၊ အခွံအပွေးအဆင့်ပဲ ရှိသေးတယ် နိဂြောဓ”

(မှတ်ချက်….ဤနေရာတွင် မြတ်စွာဘုရားက ကျယ်ကျယ်ဝန်းဝန်း အသေးစိတ်ရှင်းပြသည်။ ကျယ်ဝန်းလှမည်စိုး၍ အနည်းငယ်မျှသာ နားလည်ရုံ ပြဆိုလိုက်ခြင်း ဖြစ်ပါသည်။)

ထိုကဲ့သို့ မြတ်စွာဘုရားရှင်က သူတို့အကျင့်ကို ဖြူစင်သည်ဟု ဆိုလိုက်သောအခါ နိဂြောဓနှင့်ပရိဗိုဇ်များမှာ ၀မ်းသာသွားခဲ့ကြသည်။
“ကဲ ဒါဆိုရင်လည်း အနှစ်သာရအဆင့်ရောက်အောင် ဆိုပါအုံး”

“နိဂြောဓ သင်က အဆင့်ကို ကျော်သွားပြီကိုး၊ ဘယ်လို ဆက်ကျင့်ရမလဲဆိုတာ ငါ ဆက်ပြောမယ်”

“ဟုတ်ပါပြီ၊ အခေါက်အဆင့်ကို ဘယ်လို ရောက်အောင် လုပ်ရမလဲ”

“ပထမ အပွေးအဆင့်တုန်းက အကျင့်တွေကို စောင့်စည်းခြင်း လေးမျိုးနဲ့ ကျင့်ရမယ်။ သတ္တ၀ါတွေအသက်ကို မသတ်ဘဲ၊ မသတ်ခိုင်းဘဲ၊ သတ်တာကိုလည်း မကြိုက်ဘဲ (၁)၊ သူတစ်ပါးမပေးတဲ့ပစ္စည်းဥစ္စာကို မယူဘဲ၊ မယူခိုင်းဘဲ၊ အဲဒီလို ယူတာကိုလည်း မကြိုက်ဘဲ (၂)၊ မဟုတ်မမှန် လိမ်ညာစကား မပြောဘဲ၊ မပြောစေဘဲ၊ ပြောတာကိုလည်း မကြိုက်ဘဲ (၃)၊ ကာမဂုဏ်မလိုက်စားဘဲ၊ မလိုက်စားစေဘဲ၊ လိုက်စားနေတာကိုလည်း မကြိုက်ဘဲ (၄) ကျင့်ကြံအားထုတ်ရမယ်”

“အဲဒီလို အားထုတ်ပြီးတဲ့အခါ သူ့မှာ လက္ခဏာတွေ ပြလာလိမ့်မယ်”

“ဘယ်လို လက္ခဏာတွေများလဲ”

“ပြတတ်တဲ့လက္ခဏာတွေကတော့ သီလတွေ စောင့်ထိန်းရတာ ပျော်လာတယ်၊ လူ့ဘ၀ကို ပြန်မသွားချင်တော့ဘူး (လူမထွက်ချင်တော့ဘူး)၊ တစ်ယောက်ထဲ အေးအေးဆေးဆေးနေရတာ ကြည်နူးလာတယ်၊ အမြဲတမ်း တောအရပ်၊ တောင်အရပ်မှာပဲ နေလိုစိတ်တွေ ဖြစ်လာတယ်။ ဒါတွေက ပြတတ်တဲ့လက္ခဏာတွေပါပဲ”

“ဒါတွေက အခေါက်အဆင့်ရောက်နေပြီပေါ့”

“မဟုတ်သေးဘူး နိဂြောဓ၊ အခေါက်အဆင့်က မပြီးသေးဘူး၊ အဲဒီလို တရားကျင့်ချင်စိတ်တွေ ဖြစ်ပြီး ဆိတ်ငြိမ်တဲ့ တောတောင်အရပ်ကို သွား၊ ပြီးတော့ မက်မက်မောမော တွယ်တာခြင်း(၁)၊ မလိုမုန်းထားခြင်း (၂)၊ တွေတွေဝေေ၀ ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်နေခြင်း သို့မဟုတ် မတက်မကြွ ဖြစ်နေခြင်း (၃)၊ စိတ်ပျံ့လွင့်ခြင်း (၄)၊ နောင်တတစ်ဖန် ပူပန်ခြင်း (၅)၊ သံသယများခြင်း (၆)ဆိုတဲ့ အညစ်အကြေးတွေကို ပယ်နိုင်တဲ့အဆင့်အထိ ကျင့်ကြံပွားများရမယ်”

“ဒါတွေကို ပယ်ပြီးရင် မိမိရဲ့ စိတ်ခန္ဓာကို မေတ္တာတရား၊ ကရုဏာတရား၊ မုဒိတာတရား၊ ဥပေက္ခာတရားတွေနဲ့ ထုံလွှမ်းနေအောင် ကျင့်ရမယ်”

“ဒါဆိုရင် ကျွန်ုပ်တို့ရဲ့ ၀ါဒဟာ တကယ့်ကို ဖြူစင်သွားပြီ၊ စင်ကြယ်သွားပြီ၊ အနှစ်သာရကို ရောက်သွားပြီပေါ့”

“လိုသေးတယ်၊ လိုသေးတယ် နိဂြောဓ၊ ဒီလို ကျင့်လိုက်တာတောင် အနှစ်သာရကို မရောက်သေးဘူး၊ အခေါက်အဆင့်ပဲ ရှိသေးတယ်”

“ဒါဆိုရင် ဘာတွေကို ဘယ်လို ဆက်ကျင့်ရအုံးမှာလဲ”

“အထက်မှာ ပြောခဲ့သလို ကျင့်ပြီးတော့ ရှေ့က ဖြစ်ခဲ့တဲ့ တစ်ဘ၀၊ နှစ်ဘ၀မှ ဘ၀ပေါင်း ထောင်သောင်းများစွာထိ မှတ်မိနိုင်စွမ်းရှိအောင် အားထုတ်ရမယ် နိဂြောဓ”

“ဒါဆိုရင် အထွတ်အထိပ်၊ အနှစ်သာရ ရောက်ပြီပေါ့”

“မရောက်သေးဘူး နိဂြောဓ၊ ဒီအဆင့်က အကာအဆင့်ပဲ ရှိသေးတယ်”

“ဟုတ်ပါပြီ ဂေါတမ၊ ဒါဆိုရင် အနှစ်သာရရောက်အောင် ဆက်ပြောပါအုံး”

“အဲဒီလို အဆင့်ဆင့် အားထုတ်ရင်း ပုဗ္ဗေနိဝါသာနုဿတိဉာဏ် (ရှေ့ဘ၀ပေါင်းများစွာကို အမှတ်ရနိုင်သောဉာဏ်)ကို ရရှိပြီးနောက် နတ်မျက်စိကဲ့သို့ ထွင်းဖောက်သိမြင်နိုင်သော ဒိဗ္ဗစက္ခုဉာဏ်၊ သတ္တ၀ါတို့၏ ဣနြေ္ဒ အနုအရင့်၊ အကျင့်စရိုက်တွေကို သိမြင်နိုင်သော ဣန္ဒြိယပရောပရိယတ္တိဉာဏ်၊ သူတစ်ပါးတို့၏ စိတ်အကြံကို သိနိုင်သော စေတောပရိယဉာဏ်စသော ထူးမြတ်သောဉာဏ်အဆင့်ဆင့်ကို ရရှိအောင် အားထုတ်နိုင်လျှင် အထွတ်အထိပ်သို့ ရောက်ပါပြီ၊ အနှစ်သာရသို့ ရောက်ပါပြီ၊ ထိုအဆင့်ကို ရောက်ပါမှ သင်တို့၏ ၀ါဒ၊ အကျင့်သည် အမှန်တကယ် စင်ကြယ်ခြင်းသို့ ရောက်ပြီလို့ ဆိုနိုင်ပါတယ်”

“နိဂြောဓ…….. ဒါဆိုရင် သင်တို့ရဲ့ တပေါဇိဂုစ္ဆေ၀ါဒဟာ စင်ကြယ်သလား၊ မစင်ကြယ်ဘူးလား”

“ဂေါတမ….အဲဒီလို ဖြစ်ရင်တော့ အလွန်ကို စင်ကြယ်ပါတယ်၊ အနှစ်သာရသို့လည်း ရောက်ပါတယ်”

“နိဂြောဓ…. ငါဟာ ဒီနည်းလမ်း။ ဒီအကျင့်အားဖြင့်သာလျှင် ငါ့တပည့်တွေကို တရားထူးရအောင် လုပ်တာ။ ငါ့တပည့်တွေကလည်း ဒီလိုနည်းနဲ့ တရားထူးရပြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြတာ။ ဒါကို သင်သိချင်နေတာ မဟုတ်လား”

မြတ်စွာဘုရားရှင်၏ စကားဆုံးသောအခါ “ငါတို့ဆရာအပါအ၀င် ငါတို့အားလုံးဟာ အနှစ်သာရပြည့်ဝသော တရားကို လက်လွှတ်ဆုံးရှုံးခဲ့ကြပြီ”ဟု ၀မ်းပန်းတနည်းဖြင့် အော်ဟစ်ပြောဆိုခဲ့ကြလေသည်။

ဆက်လက်ဖော်ပြပါမည် .............

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails