Wednesday, May 26, 2010

ဖြည့်တွေး၊ ဖြည့်မြင်၊ ဖြည့်ပြော


ကုဒုမ္ဗရိကသုတ်ကို ဖတ်ပြီး အဆိုးမြင်အတွေးနှင့် အကောင်းမြင်အတွေးတို့အကြောင်းကို စဉ်းစားမိပါသည်။ ထိုအရာနှင့်တစ်ဆက်တည်း အဖျက်စိတ် (Distractive Attitude) နှင့် အပြုစိတ် (Constructive Attitude)တို့လည်း ခေါင်းထဲဝင်လာသည်။ အကောင်းမြင်စိတ်ဆိုသည်မှာ အရာရာကို အကောင်းချည်းမြင်နေသော အကောင်းမြင်စိတ်မျိုး မဟုတ်။ “ဘာပဲဖြစ်ဖြစ် အကောင်းချည်းပဲ”ဟု ထင်မြင်သောစိတ်မျိုးမဟုတ်။ ဆိုးနေသော၊ အဖျက်သို့ ဦးတည်နေသော စိတ်ဓာတ်မျိုးကို အကောင်းသို့ ဦးတည်စေအောင် ဖြည့်ပေးသော (ဖြည့်တွေးပေးသော)စိတ်ဓာတ်မျိုးဟု ယူဆသည်။ လူဆိုသည်မှာ စရိုက်အမျိုးမျိုးဖြင့် ရှင်သန်ပွားစည်းနေသည့်အလျောက် အပြုအမူ၊ အတွေးအခေါ်တို့မှာ တစ်ဦးနှင့်တစ်ဦး ကွဲပြားနေမည်။

ကွဲပြားနေသော အပြုအမူ၊ အတွေးအခေါ်တို့ကို တူညီအောင်၊ မိမိအယူအဆ၊ အတွေးအခေါ်တို့နှင့် ကိုက်ညီအောင် လိုက်ညှိနေဖို့ မလိုအပ်။ လိုအပ်သည်မှာ နားလည်ပေးဖို့နှင့် ဖြည့်စွက်ပေးဖို့ပင် ဖြစ်သည်။ မတူသောအယူအဆများကို လိုက်ညှိနေခြင်းသည် ကွဲပြားနေသော လူ့သဘာဝကို ဖီဆန်ရာ ကျနေသည်။ ကုဒုမ္ဗရသုတ်မှာရှိသော ရောင်စုံအလင်းတန်းများအနက် အထက်ပါ အလင်းက ပိုကဲနေသည်ဟု သဘောပေါက်မိသည်။


မြတ်စွာဘုရားရှင်သည် သူ့ခေတ်သူ့အခါက အိန္ဒိယတွင် အောင်မြင်သော တရားဟောဆရာ ဖြစ်ခဲ့သည်။ သူနှင့်စကားပြောလိုက်လျှင် သူနှင့်အယူဝါဒ တူမသွားသည့်တိုင် ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့သည်သာ များလေသည်။ အချို့ သူနှင့်အပြိုင်အဆိုင် ဟောပြောနေသူများကဆိုလျှင် “ဂေါတမဟာ မျက်လှည့်ပညာနဲ့ လူတွေကို ဆွဲဆောင်စည်းရုံးနေတယ်”ဟုပင် ယိုးစွပ်ကြသည်။

မြတ်စွာဘုရားသည် မျက်လှည့်ပြသလို ဟောပြောတတ်သည်မှာလည်း အမှန်တကယ်ပင် ဖြစ်ပါသည်။ မြတ်စွာဘုရားကို “သူ ဘာပြီးရင် ဘာပြောတော့မယ်”ဟု ကြိုတင်ခန့်မှန်းလို့ မရ။ မြတ်စွာဘုရား ပြောသောစကားများမှာ သူတို့ ကြိုတင်မှန်းထားသည့်အတိုင်း ဖြစ်မလာသည်သာ များလေသည်။ ထို့ကြောင့်ပင် မြတ်စွာဘုရားကို လှည့်စားပြီး လူတွေကို စည်းရုံးနေတယ်ဟု စွပ်စွဲကြခြင်းဖြစ်သည်။

မြတ်စွာဘုရား အောင်မြင်ခဲ့သည်မှာ အခြားကြောင့် မဟုတ်။ အကောင်းမြင်စိတ်ထားဖြင့် လိုအပ်နေသော ကွက်လပ်လေးများကို မှန်မှန်ကန်ကန် ဖြည့်စွက်တတ်သောကြောင့် ဖြစ်သည်ဟု ယုံကြည်မိသည်။ အခြားနေရာများစွာတွင် မဆိုထားဘိ။ ဤကုဒုမ္ဗရိကသုတ်တစ်ခုတည်းတွင်ပင် မြတ်စွာဘုရားရှင်၏ စိတ်ဓာတ်မှာ ဦးညွှတ်အလေးပြုဖွယ်ကောင်းလှသည်။ သူတစ်ပါးကို မစွပ်စွဲ၊ မပုတ်ခတ်ဘဲ မိမိဖြစ်စေလိုသည်များကို အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ်ဖြင့် ရဲရဲဝံ့ဝံ့ ပြောသွားခဲ့သည်။

ညနေ နေ၀င်ရီတရော အခါတွင် ဖြစ်သည်။ နိဂြောဓပရိဗိုဇ်သည် တပည့်သုံးထောင်ကို ဦးဆောင်လျှက် တရားဆွေးနွေးနေသည်။ သူသည် ထိုခေတ်အခါက နှယ်နှယ်ရရ ပုဂ္ဂိုလ်မဟုတ်။ ဥဒုမ္ဗရိကမိဖုရားကပင် ကြည်ညိုလေးစားရသူ ဖြစ်သည်။ ကြည်ညိုလွန်း၍ မိဖုရားက ဥယျာဉ်တစ်ခု ဖန်တီးပေးပြီး ကျောင်းဆောက်လှူဒါန်းထားသည်။ ထိုကျောင်းဝင်းကြီးအတွင်းတွင် တပည့်သုံးထောင်ကျော်ဖြင့် တရားအကျင့်များကို ဆွေးနွေးကျင့်ကြံနေကြလေသည်။

ထိုနေ့က တရားဆွေးနွေးခါနီး လူစုနေချိန်ဖြစ်၍ ဆူဆူညံညံ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ နိဂြောဓပရိဗိုဇ်က အမြင့်ပလ္လင်ထက်တွင် မိန့်မိန့်ကြီး ထိုင်နေသည်။ တပည့်ပရိသတ်များကလည်း တစ်ယောက်တစ်မျိုးဖြင့် အမျိုးမျိုး ပြောဆိုနေကြလေသည်။ သူတို့ပြောသောစကားများတွင် လက်ရှိမင်း၊ မှူးမတ်များအကြောင်း၊ မိဖုရားအကြောင်း၊ လက်ရှိတိုက်နေသော စစ်ပွဲများအကြောင်း၊ တိုင်းပြည်စီးပွားရေးအကြောင်း၊ အမျိုးသမီးများအကြောင်း၊ စစ်လက်နက်ပစ္စည်းများအကြောင်း၊ စကြာဝဠာအကြောင်း…စသော အကြောင်းအရာမျိုးစုံကို ဆွေးနွေးပြောဆိုနေခဲ့ကြလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားရှင်အား ကြည်ညိုလေးစားသော သန္ဓာနသူဌေးသည် ညနေစောင်း၍ အလုပ်ပြီးသောအခါ မြတ်စွာဘုရားထံ သွားရောက်ဖူးမြော်ရန် အိမ်မှ ထွက်ခဲ့သည်။ လမ်းခုလတ်ရောက်မှ “ဘုရားဆီသွားဖို့ စောပါသေးတယ်။ ဆရာကြီးနိဂြောဓပရိဗိုဇ်ဆီ ခဏ၀င်အုံးမှ”ဟု ကြံပြီး ပရိဗိုဇ်များ ဆွေးနွေးရာနေရာသို့ ရောက်ခဲ့လေသည်။

သန္ဓာနသူဌေးကျောင်းပေါက်ဝရောက်သောအခါ ပလ္လင်ပေါ်က နိဂြောဓပရိဗိုဇ်က လှမ်းမြင်လိုက်သော်လည်း တပည့်များက မမြင်လိုက်ကြရသဖြင့် ဆူဆူညံညံ စကားများ ဆက်လက်ပြောဆိုနေခဲ့ကြသည်။ ထိုအခါ ဆရာကြီးနိဂြောဓက “တပည့်တို့..တပည့်တို့…မဆူကြနဲ့။ ဟိုမှာ သန္ဓာနသူဌေးကြီး လာနေတယ်။ ဒီသူဌေးက ဂေါတမကို ကြည်ညိုလေးစားနေတဲ့ တပည့်ကြီး။ ဂေါတမက တိတ်တိတ်ဆိတ်ဆိတ်နေတာကို အားပေးတယ်။ နှစ်သက်တယ်။ ဆိုတော့ သူ့တပည့် ဒီသူဌေးကလည်း တိတ်တိတ်ဆိတ်ဆိတ်နေတာကို သဘောကျမှာပဲ”ဟု တပည့်ပရိဗိုဇ်များကို သတိပေးလိုက်သည်။ သို့ရာတွင် အဆိုပါ သတိပေးစကားက နောက်ကျသွားခဲ့ပြီ။ သန္ဓာနသူဌေးသည် သူတို့ ဆူဆူညံညံပြောနေကြသည်ကို ကြားခဲ့လိုက်သည်။

စည်းဝေးရာသို့ ရောက်သောအခါ ပျူပျူငှါငှါ ဧည့်ခံစကားပြောကြသည်။ ပြီးလျှင် သန္ဓာနသူဌေးသည် ပုထုဇဉ်ပီပီ ပရိဗိုဇ်တို့၏ အမူအရာနှင့် ပြောဆိုသောစကားများကို ဝေဖန်လိုစိတ်ဖြစ်ခဲ့သည်။ “ပရိဗိုဇ်တို့…အရှင်တို့ဟာ ဂေါတမမြတ်စွာဘုရားနဲ့ တစ်ခြားစီပဲနော်။ မြတ်စွာဘုရားက အေးချမ်းတိတ်ဆိတ်စွာ နေလေ့ရှိတယ်။ အကျိုးရှိတဲ့စကားတွေပဲ ပြောတတ်တယ်။ အရှင်တို့ကတော့ ဘာမှ အကျိုးမရှိတဲ့စကားတွေကို ဆူဆူညံညံနဲ့ ပြောနေကြတယ်နော်”ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ နိဂြောဓကလည်း မကျေမနပ် ဖြစ်သွားပုံရသည်။ သူ့ခေတ်အခါက လူအများလေးစားရသော ဆရာကြီးတစ်ဆူဖြစ်သည့်အတိုင်း ချက်ချင်းပင် ပြန်ပြောလိုက်သည်။

“သူဌေး သင်က ဂေါတမကိုများ အထင်ကြီးနေသေးတယ်။ ဂေါတမက ဘယ်သူနဲ့ စကားရည်လုပွဲ ဆင်နွှဲဖူးလို့လဲ။ ဘယ်သူနဲ့မှ စကားပြိုင်ပွဲ မကျင်းပဖူးပါဘူး။ တောကျောင်းမှာ တစ်ယောက်တည်းပဲ နေတာပါ။ တကယ်တော့ သင်ပြောတဲ့ ဂေါတမဟာ နကန်းမ (မျက်စိကန်းသော နွားမ)တစ်ကောင်လိုပါပဲကွာ။ ဘာဖြစ်လို့လဲဆိုတော့ မျက်စိမမြင်တဲ့ နွားမဟာ တစ်ခြားနွားတွေနဲ့ မရောနှောဘဲ သီးသန့်နေရာစားကျက်မှာပဲ ကျက်စားတယ်လေ။ အဲဒီလိုပဲ ဂေါတမဟာ လူသူမနီးတဲ့ သီးသန့်တောအရပ်မှာပဲ နေတယ်မဟုတ်လား။ သီးသီးသန့်သန့် အေးအေးဆေးဆေး တောထဲမှာ နေလို့ သူ့ပညာတွေကလည်း အစွမ်းမထက်တော့ဘူး။ တကယ်တော့ သင့်ဆရာ ဂေါတမက လူတောတိုးရဲတာ မဟုတ်ဘူး။ သတ္တိရှိရင် ငါ့ပရိသတ်ထဲ လာကြည့်ပါလား။ ပြဿနာတစ်ချက်တည်းနဲ့ ကျွမ်းပြန်သွားလိမ့်မယ်”

ဟု ပယ်ပယ်နှယ်နှယ်ကြီး ပြောလိုက်လေသည်။

ထိုသို့ အခြေအတင် စကားပြောနေကြစဉ်က မြတ်စွာဘုရားသည် အေးချမ်းတိတ်ဆိတ်သော သုမာဂဓာမည်သော ရေကန်ကမ်းစပ်တွင် စင်္ကြံကြွနေခဲ့သည်။ နတ်မျက်စိနှင့်တူသော ဒိဗ္ဗသောတအဘိဉာဏ်ဖြင့် ထိုစကားများကို ကြားနေခဲ့သည်။ နိဂြောဓပရိဗိုဇ်လည်း မြတ်စွာဘုရား စင်္ကြံကြွနေသည်ကို တွေ့မြင်သွားရာ “တပည့်တို့ …တပည့်တို့…ဂေါတမ သုမာဂဓာရေကန်နား ရောက်နေတယ်။ တိတ်တိတ်နေကြ။ သူက တိတ်ဆိတ်တာကို သဘောကျတယ်။ ငါတို့ တိတ်ဆိတ်နေလျှင် ဒီစကားဝိုင်းကို ရောက်လာချင် ရောက်လာလိမ့်မယ်”ဟု ပြောလိုက်သည်။ ဤစကားကို ကြည့်ခြင်းအားဖြင့် နိဂြောဓပရိဗိုဇ်အနေဖြင့် ကိုယ့်ကိုကိုယ် ယုံကြည့်မှုအပြည့်ရှိသူဟု ယူဆရသည်။

သူထင်ထားသည့်အတိုင်း မြတ်စွာဘုရားရှင်သည် နိဂြောဓပရိဗိုဇ်နှင့်သန္ဓာနသူဌေးတို့၏ စကားဝိုင်းသို့ ကြွရောက်လာခဲ့သည်။ အပြန်အလှန် နှုတ်ဆက်စကား ပြောပြီးသောအခါ “သင်တို့ ဘာတွေများ ပြောနေကြပါလိမ့်”ဟု စကားစလိုက်သည်။ နိဂြောဓက အကြောင်းစုံကို ပြန်ပြောပြလိုက်သည်။

“ကဲ သင်မေးချင်တဲ့ မေးခွန်းက ဘာလဲ။ မေးနိုင်ပါတယ်”ဟု မြတ်စွာဘုရားက လမ်းဖွင့်ပေးလိုက်သည်။

“သင်ဟောတဲ့တရားနဲ့ သင့်တပည့်တွေ ရဟန္တာဖြစ်သွားကြတယ်လို့ ပြောတယ်။ သင့်တပည့်တွေကလည်း သူတို့ကိုယ်သူတို့ ရဟန္တာလို့ ၀န်ခံကြတယ်။ သင်ဆုံးမဟောကြားတယ်ဆိုတဲ့ အဲဒီတရားက ဘာတွေများလဲ”

နိဂြောဓပရိဗိုဇ်၏ အကြံက မြတ်စွာဘုရားရှင်၏ အဖြေမှ စကားများစွာ ဖြာထွက်လာမည်။ ထိုထွက်ပေါ်လာသောစကားစများကို အကျကောက်ပြီး ကတ်သီးကတ်သတ် လိုက်လံမေးခွန်းထုတ်ဖို့ ဖြစ်ပုံရသည်။ သို့ရာတွင် မြတ်စွာဘုရားရှင်၏ စကားကို ပြန်ကြားရသောအခါ အံ့အားသင့်သွားသည်။ ဤနေရာတွင် “အဘယ့်ကြောင့် မြတ်စွာဘုရားရှင် အောင်မြင်ကျော်ကြားခဲ့သနည်း”ဆိုသော မေးခွန်း၏အဖြေကို ခြေရာကောက်ကြည့်နိုင်သည်ဟု ထင်သည်။

“နိဂြောဓ…ပြဿနာမေးမယ်ဆိုလို့ ဘာများလဲလို့။ သင်က ငါ့အယူအဆ၊ ငါဟောတဲ့တရားကို လာမေးနေတာကိုး”

“ဟုတ်ပါတယ်။ သင့်တရားကို သိချင်လို့ မေးတာပါ”

“နိဂြောဓ…သင့်အယူအဆတွေနဲ့ ငါ့အယူအဆက မတူဘူး။ သင်ကြိုက်တဲ့တရား၊ သင်နှစ်သက်တဲ့တရား၊ သင်သဘောကျတဲ့တရားနဲ့ ငါ့အကြိုက်၊ ငါသဘောကျတဲ့တရားကလည်း မတူဘူး။ ပြီးတော့ သင်ကျင့်နေတာနဲ့ ငါကျင့်နေတာကလည်း မတူဘူး။ နောက်ပြီး သင့်ဆရာတွေနဲ့ ငါနဲ့ကလည်း မတူဘူးလေ။”

“ဟုတ်ပါတယ်….မတူပါဘူး။ အဲဒီတော့”

“အဲဒီတော့ ငါဟောတဲ့ အရိယာအကြောင်း၊ မဂ်အကြောင်း၊ ဖိုလ်အကြောင်းတွေကို သင့်အနေနဲ့ နားလည်ဖို့ မလွယ်ပါဘူးလေ”

“ဆိုတော့…..”

“ဆိုတော့ သင့်အနေနဲ့ ငါဟောတဲ့တရားနဲ့ဆိုင်တဲ့ ပြဿနာကို မမေးဘဲ သင့်ဆရာနဲ့ သင်တို့ကျင့်နေတဲ့ တပေါဇိဂုစ္ဆေ၀ါဒနဲ့ သက်ဆိုင်တဲ့ ပြဿနာကို မေးပါလား”

(တပေါဇိဂုစ္ဆေ၀ါဒ = ကိလေသာကုန်ခမ်းအောင်၊ ကိလေသာကို ငြီးငွေ့အောင် အ၀တ်မ၀တ်ဘဲ နေခြင်း၊ အစာအငတ်ခံကျင့်ခြင်း၊ မတ်တပ်ရပ်လျှက်သာ အားထုတ်ခြင်း…စသော အကျင့်များ)

မြတ်စွာဘုရားရှင်၏ ထိုစကားကို ကြားသောအခါ ပရိဗိုဇ်များနှင့် သန္ဓာနသူဌေးပါ မျက်လုံးပြူးသွားသည်။ အံ့သြလွန်း၍ “ဟာ..တော်လိုက်တာ။ အံ့သြစရာကောင်းလိုက်တာ။ ကိုယ့်ဝါဒအကြောင်းကို ပြဿနာမထုတ်ခိုင်းဘဲ သူများဝါဒက ပြဿနာကို မေးဖို့ စိန်ခေါ်ရဲတယ်။ တစ်ခါမှကို မကြံဖူးဘူးဟေ့”ဟု ပရိဗိုဇ်ပရိသတ်ထဲမှ ထပြီး အာမေဋိတ်ပြုမိလိုက်ကြသည်။

ဆက်လက်ဖော်ပြပါမည်..........

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails