Friday, May 21, 2010

မပြောခင် အရင် စဉ်းစား (အဆက်)

(၂)



နေ့စဉ်လောကတွင်လည်း သူတကာ အထင်ကြီးစေရန်၊ သူများ လေးစားခံရစေရန် စကားတွေ ပြောကြသည်။ စာတွေ ရေးကြသည်။ ကိုယ့်မှာရှိသောဂုဏ်ကို ထုတ်ပြခြင်းသည် သူ့နေရာနှင့်သူ အံဝင်ဂွင်ကျဖြစ်နေလျှင် ဘာမျှ ကိစ္စမရှိ။ ကိုယ့်မှာ မရှိသော အရည်အချင်း၊ ဂုဏ်ပုဒ်များကို ကြွားပြောနေလျှင်ကား တစ်နေရာမဟုတ် တစ်နေရာ ဒုက္ခတွေ့ဖို့ များလေသည်။

ဖြစ်တည်မှု ပဓာန၀ါဒီ ယန်းပေါဆက်၏ ထာဝရကြင်ယာ ဖရန့်ဒီဗူးဗွား၏ ရေပွက်ပမာ ၀တ္ထုတွင် “အမေသည် အများ၏ ချစ်ခင်လေးစားမှုကို အမြဲတစေ အလိုရှိနေခဲ့သည်။ ထိုသို့ အလိုရှိနေခြင်းကပင်လျှင် အများက သူ့ကို အမြင်ကပ်အောင် လုပ်သလို ဖြစ်နေသည် (အတိအကျမဟုတ်)”ဟူသော စကားလေးက မှတ်သားစရာ အလွန်ကောင်းသည်။ နေ့စဉ်ဝန်းကျင်တွင် လူအများက သူ့ကို အထင်ကြီးအောင် အမျိုးမျိုး ကြံဖန်လုပ်ဆောင်နေသူများကို တွေ့နိုင်လေသည်။ သိသာလွန်းသောအခါ အထင်ကြီးမခံရသည့်အပြင် အထင်ပါ အသေးခံရနိုင်လေသည်။ ထိုအဖြစ်အပျက်များက အပြောဖြင့် အထင်ကြီးအောင် လုပ်ခြင်းထက် လက်တွေ့အလုပ်ဖြင့် သက်သေပြခြင်းသာ မှန်ကန်သောနည်းဖြစ်သည်ဟု ပြောပြနေခဲ့သည်။


ထိုအခါ ပါထိကပုတ္တပြောသည့်စကားများကို လိစ္ဆ၀ီမင်းသားသုနက္ခတ်သည် မြတ်စွာဘုရားရှင်အား ပြန်လည် ဖောက်သည်ချလိုက်သည်။ ထိုအခါ မြတ်စွာဘုရားက “သူသာ အဲဒီအယူအဆ၊ အတွေးအမြင်နဲ့ ငါ့ဆီကို လာမယ်ဆိုရင် သူ့ဦးခေါင်း ပြတ်သွားပါလိမ့်မယ်”ဟု မိန့်တော်မူလိုက်သည်။

ထို့နောက် မြတ်စွာဘုရားရှင်သည် “သုနက္ခတ် ဆွမ်းခံလှည့်လည်ပြီးရင် ငါ ပါထိကပုတ္တဆီကို သွားမယ်။ သင့်အနေနဲ့ ငါသွားတဲ့အကြောင်းကို ပြောချင်တဲ့သူတွေ ရှိရင် အကုန်လိုက်ပြောလိုက် (ဂေါတမ မြတ်စွာဘုရားဟာ ပါထိကပုတ္တနဲ့ တန်ခိုင်းပြိုင်ဖို့ သွားပြီလို့ လိုက်ကြေညာလိုက်)”ဟု မိန့်တော်မူပြီး ဆွမ်းခံထွက်ခဲ့သည်။ ပြီးလျှင် ပါထိကပုတ္တရှိရာသို့ ထွက်ခွါခဲ့လေသည်။

သုနက္ခတ်သည် လိစ္ဆ၀ီမင်းသားတို့ထံလည်း သွားရောက်သတင်းပေးခဲ့သည်။ ဝေသာလီမြို့တွင်းရှိ ဂုဏ်သရေရှိလူကြီးအပေါင်းတို့အားလည်း အကြောင်းကြားသည်။ မင်း၊ ပုဏ္ဏား၊ သူဌေး၊ ကျော်ကြားသော သမဏ၊ ဗြဟ္မဏအားလုံးတို့ကိုလည်း သိစေခဲ့သည်။ ထိုအခါ ဝေသာလီမြို့တွင်း၊ မြို့ပြင်ရှိ များစွာသော လူတို့သည် “ဂေါတမနှင့်ပါထိကပုတ္တတို့ တန်ခိုးပြိုင်ကြမယ်တဲ့၊ ငါတို့တော့ ထူးဆန်းအံ့သြဖွယ်ရာတွေ တွေ့ရတော့မှာပဲ”ဟု ပြောဆိုလျှင် ပါထိကပုတ္တရှိရာကျောင်းသို့ အလျင်အမြန် သွားနေခဲ့ကြလေသည်။ စာထဲတွင် ရောက်လာသောပရိသတ်မှာ အရာအထောင်မက များပြားလှသည်ဟု ဆိုသည်။

ထိုကဲ့သို့ အုတ်အုတ်ကျက်ကျက်ဖြင့် ပရိသတ်များ ဆူသံကို ကြားသောအခါ ပါထိကပုတ္တ အကြောင်းစုံကို သိသွားခဲ့သည်။ သူ့ခေါင်းထဲတွင်လည်း “ဂေါတမ တန်ခိုးပြိုင်ဖို့ ငါ့ဆီ ရောက်နေသတဲ့။ ငါ့တပည့် ငါ့ပရိသတ်တွေလည်း တန်ခိုးပြိုင်ပွဲကြည့်ဖို့ ရောက်နေကြပြီတဲ့။ နာမည်ကြီး ပညာရှိ၊ သူဌေးသူကြွယ်တွေလည်း လာကြည့်ကြသတဲ့”ဟု တွေးပြီး ကြောက်ဒူးတုန်နေခဲ့သည်။ သူနေသောကျောင်းဆောင်တွင် မနေရဲတော့သဖြင့် တိန္ဒူကခါဏု ပရိဗိုဇ်၏ ကျောင်းဆောင်သို့ သွားနေခဲ့သည်။

ပရိသတ်က တဖြည်းဖြည်း ပိုပိုများလာသည်။ “တန်ခိုးပြိုင်ပွဲ မစသေးဘူးလား၊ မစသေးဘူးလား”ဟု မေးသူတွေက မေးလာပြီ။ နောက်ပိုင်းတွင် ပြိုင်ပွဲစဖို့ ပရိသတ်က အမျိုးမျိုး ပြောလာကြသည်။ မြတ်စွာဘုရားရှင်ကလည်း အဆင်သင့်စောင့်နေသည်။ နောက်ပိုင်းအချိန်အတော်ကြာအထိ ရောက်မလာသောအခါ ပရိသတ်က ပါထိကပုတ္တကို သွားခေါ်ဖို့ အမျိုးသားတစ်ယောက်ကို ကိုယ်စားလှယ်ခန့်အပ်လိုက်သည်။

“အချင်း ဆရာကြီး ပါထိကပုတ္တ၊ သင်နှင့်တန်ခိုးပြိုင်ဖို့ ဂေါတမဗုဒ္ဓ သင့်ကျောင်းဝင်းထဲ ရောက်နေပါပြီ”

“အေးအေး…လာခဲ့မယ်၊ လာခဲ့မယ်”

ပရိသတ်ကား အုတ်အုတ်ကျက်ကျက် ဖြစ်လာသည်။ စိန်ခေါ်သူက အခုထိ ထွက်မလာသေး။ “ဆရာကြီး ပါထိက…ထွက်လာပါတော့”ဟူသော အသံများကလည်း ဆူညံလာသည်။ ကောင်းကောင်းမွန်မွန်ပြောပြီးတာတောင် ထိုင်ခုံပေါ်က မထနိုင်သေးသော ပါထိကပုတ္တကို ကြည့်ပြီး စိတ်မရှည်တော့သည်နှင့် “ဘယ်လိုလဲ ပါထိက၊ သင့်တင်ပါးကို ထိုင်ခုံနဲ့ သံမှိုရိုက်ထားတာလား၊ ဒီလောက်တောင် ထိုင်ခုံမှာ ကပ်နေရအောင်”ဟု ကိုယ်စားလှယ်အမျိုးသားက ခနဲ့လိုက်သည်။ မည်သို့ပင် ခနဲ့သော်လည်း ပါထိကသည် သူ့စကားနှင့်သူ အကြပ်ရိုက်နေလေပြီ။

အချိန်တွေ နှောင်းသော်လည်း ပါထိကပုတ္တထွက်မလာသောအခါ “ပါထိကတော့ ရှုံးပြီဟေ့။ ကျောင်းထဲကတောင် မထွက်နိုင်ဘူး”ဟု ပြောဆိုကာ စိတ်ပျက်လက်ပျက်ဖြင့် အိမ်ပြန်ဖို့ ပြင်ခဲ့ကြသည်။ ထိုအခါ ပါထိကအား လေးစားကြည်ညိုသူ လိစ္ဆ၀ီအမတ်ကြီးက “အချင်းတို့ စောင့်ကြပါအုံး။ ကျုပ်ပြောလိုက်ရင်တော့ ပါထိက ထွက်လာကောင်း ထွက်လာနိုင်ပါတယ်။ စောင့်ကြပါအုံး”ဟု ပြောလေသည်။

အမတ်ကြီးသည် ပရိသတ်ကြီးအား ပါထိကအား သူ့ဝိတ်ကို အသုံးပြုကာ အပါခေါ်ခဲ့နိုင်လိမ့်မည်ဟု ယုံကြည်ပြီး ပါထိကပုတ္တဆီ သွားခဲ့လေသည်။ “ဆရာကြီးဘုရား…အခု ပရိသတ်တွေလည်း အတော်များနေပါပြီ။ တန်ခိုးပြိုင်ဖို့ အချိန်ကျပါပြီ။ သာမန်ပြည်သူပြည်သားတွေ၊ ကုန်သည်တွေ၊ သူဌေးတွေ၊ မင်းမှုထမ်းတွေ၊ အမတ်ကြီးတွေ၊ မင်းညီမင်းသားများပါ အားလုံး စုံညီရောက်ရှိနေကြပါပြီ။ တန်ခိုးပြဖို့ အချိန်ကောင်းပါပဲ။ ဒီပရိသတ်ရှေ့မှာ ဂေါတမကို အနိုင်ပြိုင်ပြလိုက်ရင် ဆရာကြီးဟာ ဂေါတမထက် သာလွန်ကြောင်း အားလုံး သိသွားကြပါလိမ့်မယ်။ ဆရာကြီး ကြွဖို့ အချိန်တန်ပါပြီ”ဟု ဆိုလေသည်။ သို့ရာတွင် မထူးခြား။ ပါထိကသည် ထိုင်ခုံနှင့် သံမှိုနှက်ထားသလို နေရာမှ မထ။ ဇောချွေးများပင် စီးကျနေခဲ့သည်။

တစ်ဖန် သြဇာအာဏာအတော်ရှိပုံရသော ဒါရုပတ္တိက၏တပည့် ဇာလိယကလည်း သူခေါ်လျှင် ပါမည်ဟူသော ယုံကြည်ချက်ဖြင့် ပါထိကထံ သွားပြီး အပါခေါ်ဖို့ အားထုတ်ခဲ့သည်။ “ငါ့ရှင်ပါထိက..သင့်ကို ခေါ်လို့မရလျှင် မင်းသားတို့အား ပရိသတ်က အရှင့်ကို ကြိုးဖြင့် ဆွဲခေါ်ဖို့ တိုက်တွန်းလျှင် ကြိုးပင်လည်း ပြတ်၊ ကြိုးမပြတ်လျှင်လည်း သင့်ခန္ဓာကိုယ်သာ ပျက်စီးလိမ့်မည်။ ခရီးတစ်ဝက်ပဲ လိုက်ခဲ့ပါ။ တန်ခိုးမပြိုင်ချင်နေပါ။ လိုက်လာလျှင် သင် အနိုင်။ ဂေါတမအရှုံးပဲ”ဟု ပြောခေါ်လည်း မထူးခြားခဲ့။ “လာခဲ့မယ်၊ လာခဲ့မယ်”ဟုသာ ပြောနေရှာလေသည်။

ထိုအခါ စိတ်မရှည်တော့သော ဇာလိယသည် ပါထိက မခံချိမခံသာဖြစ်စေရန် ပုံပြင်တစ်ပုဒ်ကို ပြောပြ၏။

“ပါထိက ရှေးအခါက တောအုပ်တစ်ခုမှာ အားအစွမ်းနဲ့ပြည့်စုံတဲ့ ခြင်္သေ့မင်းတစ်ကောင် ရှိသတတ်။ တစ်နေ့သောအခါ သူသည် ငါသည် တောသတ္တ၀ါအားလုံးကို အစိုးရသော ခြင်္သေ့မင်းဖြစ်၏။ နေ့ခင်းအခါ အေးဆေးသက်သာစွာနေပြီ ညနေချမ်းအခါတွင် မိမိနေရာမှ ထွက်ခွါပြီး ခြင်္သေ့မင်းတို့၏ ဟောက်သံဖြင့် သုံးကြိမ်ဟောက်အံ့။ ပြီးလျှင် နူးညံ့သော အသားတို့ကို စားအံ့။ ပြီးလျှင် မိမိနေရာသို့ ပြန်သွားကာ အေးဆေးစွာဖြင့် နေအံ့ဟု အကြံဖြစ်၏။ ထိုအကြံအတိုင်းပင် ခြင်္သေ့မင်းသည် ပြုမူလုပ်ဆောင်နေခဲ့၏။

ထိုအခါ ခြင်္သေ့မင်းနေရာ အနီးတွင် အလွန်ဝဖြိုးသော မြေခွေးတစ်ကောင်သည် ရှိသတတ်။ သူကလည်း “ခြင်္သေ့မင်းဆိုတာ ဘာကောင်မို့လို့လဲ။ ငါလည်း သူ့လို တောဘုရင်ပဲ။ နေ့ခင်းအခါ ကောင်းကောင်းနေပြီး ညနေခင်းမှာ အပြင်ထွက်ပြီး သုံးကြိမ်ဟောက်မယ်။ ပြီးလျှင် နူးညံ့တဲ့တောကောင်တွေ စားပြီး အေးအေးဆေးဆေး ပြန်နားနေမယ်”ဟု အကြံဖြစ်၏။ ထိုအကြံအတိုင်း လုပ်ဆောင်ဖို့ အားထုတ်သောအခါ မြေခွေးသည် ခြင်္သေ့မင်းကဲ့သို့ ဟောက်သော်လည်း မြေခွေးသံသာ ထွက်၏”ဟူသော ပုံပြင်ကို ပြောပြ၏။

ပြီးလျှင် “ကဲ ပါထိက ပုံပြင်ထဲက ခြင်္သေ့မင်းက ဘယ်သူလဲ။ ကိုယ့်အခြေအနေကို မသိတဲ့ မြေခွေးယုတ်က ဘယ်သူလဲ”ဟု ရင့်ရင့်သီးသီးပင် ပြောလိုက်သည်။ ထိုသို့ပြောလိုက်သော်လည်း မထူးခြား။ “လာခဲ့မယ်၊ လာခဲ့မယ်”ဟုသာ ပြောနေခဲ့သည်။
ဇာလိယသည် ထိုကဲ့သို့ ရင့်ရင့်သီးသီး ပြောသော်လည်း နေရာမှ မရွေ့ဖြစ်နေသော ပါထိကကို ကြည့်ပြီး ဒေါသထွက်လာသည်။

“သူများနောက်လိုက် အချောင်ကပ်ရပ်ပြီး သူများ စားကြွင်းကို လိုက်စားနေတဲ့ မြေခွေးက သူ့ကိုယ်သူ ခြင်္သေ့လို့ ထင်ရုံမကဘူး၊ သားများဘုရင်လို့တောင် ထင်လိုက်သေးတယ်။ ဘယ်လိုပဲထင်ထင် သူကတော့ ခွေးသံလောက်ပဲ အသံထွက်တယ်။ ဘယ်သူက ခွေး၊ ဘယ်သူက ခြင်္သေ့လဲ။ အခုလဲ သူများ စားကြွင်းလေးစားပြီး ကြီးပွားနေတဲ့ သင်က သင့်ကိုယ်သင် ဘုရားလို့ ထင်လိုက်သေးတယ်။ ဘုရားလို့ ထင်ရုံမကဘူး၊ ဂေါတမမြတ်စွာဘုရားသာ ပြနိုင်တဲ့ တန်ခိုးပြာဋိဟာကို ပြအုံးမယ်လို့ ကြွားလိုက်သေးတယ်။ ကဲ…အခု ဂေါတမမြတ်စွာဘုရား ရောက်နေပြီ။ ထွက်ခဲ့လေ။ တန်ခိုးပြလိုက်စမ်းပါ”ဟု မခံချင်အောင် ပြောလိုက်သည်။ သို့ရာတွင် ထူးမခြားခဲ့။ “လာခဲ့မယ်၊ လာခဲ့မယ်”ဟုသာ ကြောက်ကြောက်လန့်လန့် ပြောနေရှာလေသည်။

ဇာလိယလည်း လက်လျှော့ကာ ပရိသတ်ဆီသို့ သွားပြီး “ပရိသတ်အပေါင်းတို့ ကျုပ်အမျိုးမျိုး ပြောခေါ်သော်လည်း ပါထိကပုတ္တသည် နေရာမှပင် မကြွနိုင်။ သူ ရှုံးပြီထင်ပါတယ်”ဟု ပြောလိုက်လေသည်။

ထိုအခါ မြတ်စွာဘုရားရှင်သည် ပရိသတ်အား မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်းတရားများကို ဟောကြားတော်မူသည်။ ပြီးလျှင် အထက် ထန်းပင် ခုနှစ်ဆင့်တိုက်အောင် မီးလျှံများကို ဖြစ်စေပြီး တန်ခိုးပြသည်။ ထန်းခုနှစ်ဆင့်ပြီးလျှင် နောက်ထပ် ထန်းခုနှစ်ဆင့် ထပ်မံဖန်ဆင်းသည်။ မီးလျှံများကိုလည်း ဖန်ဆင်းပြသည်။ အခိုးငွေ့များကိုလည်း ဖန်ဆင်းပြသည်။ ထိုကဲ့သို့ တန်ခိုးပြပြီးနောက် မဟာဝုန်တော ပြာသာဒ်ကျောင်းသို့ တန်ခိုးဖြင့် ကြွရောက်ခဲ့လေသည်။

အတန်ကြာသောအခါ သုနက္ခတ် ရောက်လာသည်။ မြတ်စွာဘုရားရှင်ရှေ့ ရောက်သောအခါ ဘုရားရှင်က “ကဲ သုနက္ခတ် အရင်က သင် ငါ့ကို တန်ခိုးမပြလို့ ပြောခဲ့ဖူးတယ်။ အခု ပြလိုက်တာ တန်ခိုးမဟုတ်လား”

“ဟုတ်ပါတယ်”

“ဒီလိုဆိုရင် ငါ့ကို တန်ခိုးမပြတတ်ဘူးလို့ စွပ်စွဲတာဟာ ဘယ်လောက်တောင် မှားယွင်းနေသလဲ။ ဘယ်လောက်တောင် မိုက်မဲသလဲ။ ကိုယ့်စိတ်ကို ပြန်စစ်စမ်း”ဟု မိန့်တော်မူလိုက်သည်။

ထိုအကြောင်းအရာများကို ဘဂ္ဂ၀ပရိဗိုဇ်နှင့် ပြောဖြစ်ကြသောအခါ “ဘဂ္ဂ၀ရေ…ငရဲသွားရမယ့် ဒီသုနက္ခတ်ကို ငါလည်း တားလို့ မရပါဘူးကွယ်”ဟု မိန့်တော်မူလိုက်ခဲ့လေသည်။

ဤအကြောင်းအရာများ ရေးပြီးလို့ ဇာတ်လမ်းကို ပြန်လည်သုံးသပ်ကြည့်နေစဉ် ရာဇ၀င်ထဲက ပါထိကပုတ္တကြီးက စိတ်အာရုံထဲမှာ ပေါ်လာသည်။ “ဟေ့..ဟေ့…ဘာပဲပြောပြော သေချာစဉ်းစားပြီးမှ ပြော။ ငါ့လို မဖြစ်စေကြနဲ့နော်၊ ငါလည်း လူတွေ အထင်ကြီးမလားလို့ ပြောလိုက်တာ၊ လူကြားထဲ အရှက်ကို ကွဲရော”ဟု အသံသြသြကြီးဖြင့် ပြောကာ ပျောက်ကွယ်သွားခဲ့လေသည်။

2 comments:

mabaydar88 said...

ဦးဇင်းဘုရား..

ရောက်ခဲ့ပါသည်.. စာတိုလေးလည်း ဖတ်ပါသည်..။

ပုထုဇဉ် စိတ်များကို နိုင်သလောက် လျော့အောင် ကျိုးစားကြရမည် ဖြစ်ကြောင်း..။

မဗေဒါ (၈၈)

韋于倫成 said...

不勞而獲的事情,並沒有價值........................................

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails